no

Font
Theme

အပိုင်း ၄၇ (လူမှုရေးအသိုင်းအဝိုင်း၏ အရိုး)

“ဘာလို့ ခေါ်တာလဲ။”

ဟိုင်န်ရီက အေးစက်သောလေသံဖြင့် မေးလိုက်ရာ ရက်ရှ်တာ၏ မျက်ခုံးအစုံက ကိုင်းကျသွားသည်။

သနားစဖွယ် မျက်နှာထားမျိုးပင်။

“ကျွန်မကို ပြောစရာစကား မရှိဘူးလားဟင်။”

အသံကလည်း အားကိုးရာမဲ့နေသည့်နှယ်။

ဧကရာဇ် ဆိုဗီရ်ရှု ရက်ရှ်တာကို ဘာကြောင့် ဤမျှအထိ တမ်းတမ်းစွဲ ချစ်မြတ်နိုးသွားရမှန်း မက်ကန်နာ နားလည်လိုက်သလိုပင်။

ရက်ရှ်တာတွင် မြင်ရသူတိုင်း၏ရင်ကို ထိခတ်စေနိုင်သည့် ဘာမှန်းမသိရသော သနားချင့်စဖွယ် အငွေ့အသက်များ ရှိနေ၏။

“မရှိပါဘူး။”

သို့သော် ဟိုင်န်ရီကမူ မည်သည့်ခံစားချက်မျှမရှိသော လေသံဖြင့် ပြန်ဖြေခဲ့သည်။

မက်ကန်နာ စိတ်ထဲမှ စုတ်သပ်မိသွား၏။

‘ဘယ်လောက်ပဲ လူမှုရေးအသိုင်းအဝိုင်းမှာ နာမည်ပျက်နေပါစေ၊ ဧကရာဇ် ဆိုဗီရ်ရှု အရမ်းမျက်နှာသာပေးထားတဲ့လူကို။ ကွယ်ရာမှာ ဘာပြောပြော ကိစ္စမရှိပေမဲ့ အရှေ့မှာတော့ မျက်နှာထားလေး နည်းနည်းလောက် ထိန်းမှပေါ့...’

သို့သော် မက်ကန်နာ၏ အတွေးနှင့်ဆန့်ကျင်စွာ ဟိုင်န်ရီက ပို၍ပင် ခက်ခက်ထန်ထန် မေးခဲ့သည်။

“လေဒီကမှ ကျွန်တော့်ကို ပြောစရာစကားမရှိဘူးလား။ ရှိလောက်မယ်ထင်တယ်။”

ရုတ်တရက် ရက်ရှ်တာ၏ ဝိုင်းစက်သော မျက်ဝန်းအစုံက တုန်ယင်သွားကာ မျက်ရည်များ ဝဲတက်လာသည်။

မက်ကန်နာက လာတော့မယ်ဟု ကြိုတွေးလိုက်မိ၏။

ဟိုင်န်ရီက မျက်နှာထားအပေါ်လိုက်ပြီး ပေါ့ပေါ့ပါးပါးနှင့် နူးညံ့သောအသွင် ရှိတတ်သလို၊ အေးစက်ပြီး ကြောက်စရာကောင်းသည့် အသွင်သို့လည်း ပြောင်းလဲသွားတတ်သည်။

ယခုက ဒုတိယပုံစံမျိုးပင်။

ထို့အပြင် လေသံကပါ အေးစက်ခက်ထန်နေသဖြင့် စိတ်နုပုံရသော ရက်ရှ်တာတစ်ယောက် ငိုချတော့မည်ထင်သည်။

“အရှင်မင်းသားက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ပုဂ္ဂိုလ်ပါ။”

သို့သော် ရက်ရှ်တာ၏ နှုတ်ဖျားမှ ထွက်လာသော စကားလုံးများက မက်ကန်နာ ထင်မှတ်ထားသည့် အမျိုးအစား မဟုတ်ခဲ့ပေ။

မက်ကန်နာက ‘ဟင်’ ဟူသော မျက်နှာထားဖြင့် ရက်ရှ်တာကို ကြည့်လိုက်သည်။

ရက်ရှ်တာက နက်မှောင်သော မျက်လုံးများတွင် မျက်ရည်အဝိုင်းသားဖြင့် ဟိုင်န်ရီကို မော့ကြည့်နေ၏။

ထိုမျက်နှာထက်တွင် ကြောက်ရွံ့သည့်အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။

ဟင့်အင်း၊ အားကျအတုယူနေသည့် မျက်နှာထားမျိုးပင်။

ဒီလောက် အေးစက်နေတဲ့ မျက်နှာထားရဲ့ ဘယ်အပိုင်းကိုကြည့်ပြီး အဲ့ဒီလို တုံ့ပြန်ရတာပါလိမ့်......

မက်ကန်နာ အံ့ဩလွန်း၍ မျက်ခုံးများပင် ကျုံ့သွားရသည်။

ဟိုင်န်ရီကိုယ်တိုင်လည်း ထင်မှတ်မထား၍ပဲလားမသိ၊ မျက်မှောင်ကြုတ်ထားလျက်ရှိနေ၏။

ရက်ရှ်တာက လက်တစ်ဖက်ဖြင့် မျက်လုံးအိမ်ကို ကြမ်းတမ်းစွာ ပွတ်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြုံးခဲ့သည်။

“တောင်းပန်ပါတယ်။ ရက်ရှ်တာ ရုတ်တရက်ကြီး ငိုလိုက်တော့ လန့်သွားတယ်မဟုတ်လား။”

“...”

“ရက်ရှ်တာက ကျွန်ပြေးဆိုတဲ့ ကောလာဟလတွေ ပြန့်သွားပြီးကတည်းက လူတွေအားလုံး ရက်ရှ်တာ့အပေါ် ကြောက်စရာကောင်းအောင် ဆက်ဆံလာကြတာပါ။ အရင်ကတော့ သဘောကောင်းခဲ့ကြပေမဲ့ အခုတော့ အကုန်လုံးက ရယ်ပြီး လှောင်ပြောင်နေကြပါပြီ။”

အင်္ကျီလက်အနားစဖြင့် မျက်ရည်အားလုံးကို ဖိသုတ်လိုက်သော ရက်ရှ်တာက လက်ကို ပြန်ချလိုက်သည်နှင့် တစ်ပြိုင်နက် ထပ်မံ၍ ငိုပြန်သည်။

“ဒါပေမဲ့ အရင်လိုပဲ ဆက်ဆံပေးတာက တော်ဝင်မင်းသား ဟိုင်န်ရီတစ်ယောက်ပဲရှိတာမို့လို့...ကျိန်းသေပေါက် ကျွန်မတို့က ဆက်ဆံရေးကောင်းခဲ့တာမျိုး မဟုတ်ပေမဲ့၊ အဲ့ဒီလိုဆိုရင်တောင် တကယ်ကို ပီတိဖြစ်ရလို့ပါ...”

ကာကွယ်ပေးလိုစိတ်ကို နှိုးဆွနေသည့် အသွင်အပြင်က မျက်ရည်များ ကျလာသည့်အခါ ပို၍ပင် တောက်ပလာသည်။

မက်ကန်နာ စိတ်ထဲမှ စုတ်သပ်မိပြန်၏။

အရှေ့မှာ ဘာတွေ ဘယ်လောက်တောင် လှည့်စားခံထားလို့များ ငါတို့ရဲ့ အေးစက်တဲ့ အရှင်မင်းသားရှေ့မှာ ဝမ်းသာလွန်းလို့ဆိုပြီး ငိုနေရတာပါလိမ့်။

မှူးမတ်အချင်းချင်းဆိုလျှင် နူးညံ့ပျူငှာတတ်ကြသော်လည်း အဆင့်အတန်းမတူသည့်သူများရှေ့တွင် တခြားလူ ဖြစ်သွားတတ်ကြသူများရှိ၏။

ကြည့်ရသည်မှာ ထိုသို့သောလူများက ရက်ရှ်တာကို မညှာမတာ ပုတ်ခတ်စော်ကားခဲ့ကြခြင်းလည်း ဖြစ်နိုင်သည်။

“အဲ့ဒီလိုလား။”

သို့သော် ထိုကဲ့သို့ သနားစဖွယ် ပုံစံမျိုးရှေ့၌ပင် ဟိုင်န်ရီ၏ အသံက တည်ငြိမ်နေ၏။

အတိအကျပြောရလျှင် ဘာမှဂရုမစိုက်သည့်ပုံစံမျိုးပင်။

လက်ကောက်ဝတ်မှ နာရီကို တစ်ချက်ကြည့်လိုက်သော ဟိုင်န်ရီက “ဒါဆို ခွင့်ပြုပါဦး” ဟု တစ်ခွန်းတည်းပြောကာ အရှေ့သို့ လျှောက်သွားသည်။

မက်ကန်နာလည်း မဆီမဆိုင် ကိုယ့်ဘာသာ အားနာသလိုဖြစ်လာသဖြင့် ရက်ရှ်တာကို အိုးတိုးအမ်းတမ်း ပြုံးပြပြီးနောက် ဟိုင်န်ရီနောက်သို့ လိုက်သွား၏။

ရက်ရှ်တာကို လုံးဝ မမြင်ရတော့သည့်အခါမှ မက်ကန်နာက လေသံတိုးတိုးဖြင့် အပြစ်တင်စကားဆိုခဲ့သည်။

“အရှင်မင်းသား။ သနားစရာ အခြေအနေရောက်နေတဲ့သူကို ဒီလောက်အထိ အေးစက်ပြရတာ နည်းနည်းတော့ မလွန်ဘူးလားဗျာ။”

“ငါ့ကို လှည့်စားဖို့လုပ်ခဲ့တဲ့သူအပေါ် နွေးနွေးထွေးထွေး ဆက်ဆံနေရမှာလား။ ငါ့ကို လူလိမ်ဖြစ်အောင် လုပ်ခဲ့တဲ့သူကိုလေ။”

“အဲ့ဒါက... ဟုတ်သားပဲ။ စဉ်းစားကြည့်မှ အဲ့ဒီလိုကိစ္စမျိုးလည်း ရှိခဲ့သေးတာကိုး။”

ဒါကလည်း ပါရမီတစ်မျိုးပဲလား။

ကျိန်းသေပေါက် ဟိုင်န်ရီထံမှ ကြားခဲ့ရစဉ်က ဒေါသထွက်ခဲ့သော်လည်း အရှေ့တွင် ဝမ်းနည်းပန်းနည်း ငိုနေသည်ကို မြင်ရတော့ တဒင်္ဂ မေ့သွားခဲ့သည်။

မက်ကန်နာ ဇဝေဇဝါဖြစ်နေစဉ် ဟိုင်န်ရီက တောင်နန်းဆောင်ဘက်သို့လှည့်ရင်း ညည်းတွားလိုက်၏။

“အဲ့ဒါထက်၊ အယ်ရ်ဂီက ဘယ်တော့မှ လာမှာလဲ။ စာကို သေသေချာချာ ပို့ခဲ့ရဲ့လား။”

“သေသေချာချာ ပို့ခဲ့ပါတယ်။ ဒါနဲ့ လော့ဒ် အယ်ရ်ဂီကို ဘာဖြစ်လို့ ရုတ်တရက်ကြီး ခေါ်ရတာလဲဗျ။”

~~~~

နှစ်သစ်ကူးပွဲတော်၏ အငွေ့အသက်များက တစ်ရက်ထက်တစ်ရက် တဖြည်းဖြည်း လျော့ပါးသွားကာ နန်းတော်အတွင်းမှ အရာရှိများသည်လည်း ပျင်းရိငြီးငွေ့ဖွယ် အခြေအနေမှ နိုးထလာပြီး တက်ကြွစွာ ပြန်လည်လှုပ်ရှားလာကြသည်။

နောက်ထပ် ရက်ပိုင်းလောက်ကြာလျှင် ပုံမှန်နေ့စဉ်ဘဝသို့ လုံးဝ ပြန်ရောက်သွားတော့မည့်ပုံပင်။

ကျွန်မ ပင်မနန်းဆောင်သို့သွားကာ လုပ်ငန်းဆောင်တာများကို စစ်ဆေးပြီးနောက် နိုင်ငံခြားရေးဝန်ကြီးထံသို့ သွားရောက်၍ လွီပ်(ထ်)နှင့်ပတ်သက်သော ကိစ္စရပ်များကို အကြံဉာဏ်တောင်းခံခဲ့သည်။

သို့သော် စကားပြောနေရင်း အတန်ကြာချိန်တွင်။

ထင်မှတ်မထားဘဲ ဘလူး ဘိုဟဲယန်း၏ တော်ဝင်မိသားစုဝင်ဖြစ်သူ မြို့စား အယ်ရ်ဂီ ကလိုဒီယာ နန်းတော်သို့ ရောက်ရှိလာသည်ဟူသော သတင်းကို ကြားလိုက်ရသည်။

“မြို့စား အယ်ရ်ဂီ ကလိုဒီယာ ဟုတ်လား။”

ကျွန်မ ကြောင်အမ်းအမ်းဖြစ်သွားပြီး နိုင်ငံခြားရေးဝန်ကြီးကို ကြည့်လိုက်မိသည်။

နိုင်ငံခြားရေးဝန်ကြီးကလည်း သူကိုယ်တိုင် သိရှိထားခြင်းမရှိသောကြောင့်ပဲလားမသိ ခေါင်းခါပြခဲ့၏။

“သံတမန်အနေနဲ့ လာတာလား။”

“မဟုတ်ပါဘူး။ အလည်အပတ်ခရီးအဖြစ် ရောက်လာတာလို့ ပြောပါတယ်။”

နှစ်သစ်ကူးပွဲတော်အပြီး တစ်လမှ နှစ်လခန့်အထိမှာ တိုင်းတစ်ပါးမှ ဧည့်သည်တော်များ လာရောက်လေ့မရှိသည့် အချိန်ကာလပင်။

နှစ်သစ်ကူးပွဲတော်အပြီး ဖြစ်သောကြောင့် ထူးခြားသည့် ပွဲလမ်းသဘင်လည်း မရှိသလို၊ နှစ်သစ်ကူးပွဲတော်တုန်းကလည်း ဤနေရာတွင် လာရောက်တည်းခိုသွားခဲ့ကြပြီးဖြစ်၍ ထပ်မံလာရောက်ရန် မလိုအပ်သောကြောင့်ဖြစ်၏။

သို့သော် အလုပ်များနေသည်ဟူသော အကြောင်းပြချက်ဖြင့် နှစ်သစ်ကူးပွဲတော်တက်ရောက်ရန် ငြင်းဆိုခဲ့သည့် မြို့စား အယ်ရ်ဂီ ကလိုဒီယာက ဘာကြောင့် ယခုလိုအချိန်မျိုးတွင် ရုတ်တရက် ရောက်လာရသနည်း။

‘အာ။ ဧကန္တ တော်ဝင်မင်းသား ဟိုင်န်ရီကို လာတွေ့တာများလား။’

မြို့စား အယ်ရ်ဂီ ကလိုဒီယာက တော်ဝင်မင်းသား ဟိုင်န်ရီ၏ ရင်းနှီးသော သူငယ်ချင်းအဖြစ် ကျော်ကြားသူတစ်ဦးပင်။

ဆိုရလျှင်.....လူရှုပ်လူပွေ သူငယ်ချင်း။

နားမလည်နိုင်ဖြစ်မိသော်လည်း လာရောက်လည်ပတ်ခြင်းနှင့် တည်းခိုခြင်းကို ခွင့်ပြုသည့် စာရွက်စာတမ်းများပေါ်တွင် လက်မှတ်ရေးထိုးပေးပြီးနောက် ကျွန်မလည်း လုပ်လက်စအလုပ်များကို ဆက်လုပ်နေခဲ့သည်။

မြို့စား အယ်ရ်ဂီ၏ အမည်ကို တစ်ဖန်ပြန်ကြားရသည်မှာ ရံရွေတော်များနှင့်အတူ ညစာစားနေသည့် အချိန်၌ဖြစ်၏။

“ဧကရီအရှင်မ၊ ကြားပြီးပြီလားရှင့်။ ဒီနေ့ မြို့စား အယ်ရ်ဂီ ကလိုဒီယာ နန်းတော်ထဲကို ရောက်လာတာလေ...”

“ဧကရီအရှင်မကတော့ ကျိန်းသေပေါက် သိထားမှာပေါ့ လော်ရာရယ်။”

“အာ။ ဟုတ်သားပဲ။ ဒါဆို ဒါကိုရော သိလားဟင်။ မြို့စား အယ်ရ်ဂီက ဒီနေ့ တစ်နေ့လုံး ဘယ်သူနဲ့အတူ ရှိနေခဲ့လဲဆိုတာလေ။”

ကျွန်မက ဓားဖြင့် ဟင်းရွက်သုပ်ကို လှီးဖြတ်ရင်း မေးလိုက်သည်။

“တော်ဝင်မင်းသား ဟိုင်န်ရီလား။”

လော်ရာက “မဟုတ်ပါဘူး” ဟုဆိုကာ နှာခေါင်းမှ လေကို ပြင်းပြင်းမှုတ်ထုတ်လိုက်သည်။

“ဟို ကျွန်,မလေ၊ ရက်ရှ်တာ။”

အာ... ရက်ရှ်တာ။

“ထင်မထားဘူး။”

တော်ဝင်မင်းသား ဟိုင်န်ရီ၏ အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် ကျော်ကြားသောကြောင့် တော်ဝင်မင်းသား ဟိုင်န်ရီနှင့်သာ အချိန်ဖြုန်းမည်ဟု ထင်ထားခဲ့ခြင်းပင်။

လော်ရာက စိတ်တိုနေသည့်အလား ဘုဆတ်ဆတ် ပြောလာ၏။

“တွေ့ရုံတင် မဟုတ်ဘူး၊ နှစ်ယောက်သား တစ်နေ့လုံးကို တစ်ပူးတွဲတွဲ လျှောက်သွားနေကြတာတဲ့။ ကြည့်ရတာ အရမ်းကို ခင်မင်နေကြတဲ့ပုံပါပဲ။”

ဘေးမှ အခွင့်အရေးကိုစောင့်နေသည့် အခြားရံရွေတော်တစ်ဦးကလည်း မြန်မြန်ပင် လော်ရာ့စကားကို ဆက်ခဲ့သည်။

“အဲ့ဒါတင် မဟုတ်သေးပါဘူး။ တစ်ရက်အတွင်း ဘယ်လောက်တောင် ရင်းနှီးသွားကြလဲဆိုတာ ဟိုးလေးတကျော်ပါပဲ။”

အဲ့ဒါက အဲ့လောက်အထိ ဟိုးလေးတကျော် ဖြစ်စရာကိစ္စလား။

ကျွန်မက နားမလည်သလို ကြည့်လိုက်တော့ သူက ခေါင်းတခါခါနှင့် စုတ်သပ်ခဲ့သည်။

“မြို့စား အယ်ရ်ဂီနဲ့ ရက်ရှ်တာတို့ ဘေးချင်းယှဉ်ပြီး လမ်းလျှောက်နေတုန်း မှူးမတ်တစ်ယောက်နဲ့ ဆုံခဲ့တာလေ။ အဲ့ဒီမှူးမတ်က လေဒီ ရက်ရှ်တာကို ကျွန်ပြေးမှန်း သိရဲ့သားနဲ့ အတူသွားလာနေတာလားဆိုပြီး လှောင်ပြောင်လိုက်တဲ့ပုံပါပဲ။ အဲ့ဒါကို မြို့စား အယ်ရ်ဂီက စကားတောင် မဆုံးသေးဘူး၊ ချက်ချင်းပဲ အဲ့ဒီလူကို လက်သီးနဲ့ ထိုးလိုက်တာတဲ့ရှင်။”

~~~~

ရက်ရှ်တာ၏ အခန်းနှင့်ကပ်လျက်ရှိသော ဧည့်ခန်းစားပွဲပေါ်တွင် နူးညံ့ပျော့ပျောင်းပြီး အရောင်အသွေးစုံလင်သည့် ကိတ်မုန့်မျိုးစုံကို ပြင်ဆင်ထားသည်။

ပန်းရောင်ဖျော့ဖျော့ စတော်ဘယ်ရီကိတ်၊ အဝါရောင် ငှက်ပျောခရင်မ်ကိတ်၊ သခွားမွှေးအရသာကိတ် အစရှိသဖြင့်...

ရက်ရှ်တာ၏ အကြိုက်နှင့်အညီ ပြင်ဆင်ထားသော ဤမုန့်များက ဧကရာဇ်၏ သီးသန့်စားဖိုမှူး ဖန်တီးထားခြင်းဖြစ်ပြီး အဆင်းရော အရသာပါ ပြည့်စုံလွန်းလှသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ဤအစားအစာများကို ထုံးစံအတိုင်း ရက်ရှ်တာအတွက် ပြင်ဆင်ထားခြင်း မဟုတ်ပေ။

“ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်၊ မြို့စားမင်း။”

ရက်ရှ်တာက ရွှန်းရွှန်းစားစားပြုံးရင်း မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မြို့စား အယ်ရ်ဂီကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

သူ့အဖို့ မြို့စား အယ်ရ်ဂီကို ကျေးဇူးတင်ရမည်မှာ အမှန်ပင်။

ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာကို ကျွန်ပြေးဖြစ်ကြောင်း ဖွင့်ချလိုက်ပြီးနောက် တစ်ရက်အတွင်းမှာပင် သူ၏စကားကို ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း လူတို့ကမူ အလွယ်တကူ မယုံကြည်ခဲ့ကြပေ။

စိုးရိမ်ခဲ့သည့်အတိုင်း ရက်ရှ်တာက မှူးမတ်အနွယ်တော်များကြားတွင် ချက်ချင်းပင် အပယ်ခံဖြစ်လာခဲ့သည်။

သူ့ထံသို့ အမြဲမပြတ် လာရောက်တတ်သော မှူးမတ်များအနွယ်တော်တို့၏ ခြေသံများလည်း ပြတ်တောက်သွားပြီး နေ့စဉ် ဝင်လာတတ်သော လက်ဆောင်များသည်လည်း ပျောက်ကွယ်သွားတော့၏။

သို့သော် အဆိုးဆုံးမှာ တစ်ခါတစ်ရံ ဆုံမိတတ်သော မှူးမတ်အနွယ်တော်များ၏ မသိမသာအကဲခတ်သည့် အကြည့်များပင်။

အချို့မှူးမတ်များက အထင်အမြင်သေးခြင်း၊ အချို့က စပ်စုလိုခြင်း၊ အချို့က သနားခြင်းနှင့် အချို့ကမူ အောက်တန်းကျသော စိတ်ဝင်စားမှုများကို ပြသခဲ့ကြသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ပေါ်လာသည့် မြို့စား အယ်ရ်ဂီကမူ လုံးဝ ကွဲပြားနေ၏။

သူက နှစ်သစ်ကူးပွဲတော်မှ မှူးမတ်အနွယ်တော်များကဲ့သို့ပင် ရက်ရှ်တာ့အပေါ် နူးညံ့ပျူငှာစွာ ဆက်ဆံပေးခဲ့သည်။

အစပိုင်းတွင် မိမိအကြောင်း ကောလာဟလများကို မသိသေးသောကြောင့်ဟုသာ ထင်ခဲ့မိ၏။

သို့သော် မြို့စား အယ်ရ်ဂီက ကောလာဟလများကို ကြားပြီးသည့်နောက်တွင်လည်း ဂရုမစိုက်ခဲ့ပေ။

ထို့အပြင် သူအား လှောင်ပြောင်ခဲ့သော မှူးမတ်ကို မဆိုင်းမတွ လက်သီးဖြင့်ပင် ထိုးလိုက်သေး၏။

တော်ဝင်မိသားစုဝင်ဖြစ်သည့်အပြင် မြို့စားတစ်ဦးလည်းဖြစ်ကာ အမျိုးသမီးထု၏ ချစ်ခင်နှစ်သက်ခြင်းကို တစ်ခဲနက်ရရှိထားသည့် လူချောလူလှ အမျိုးသားက သူ့အတွက် နောက်မတွန့်ဘဲ လက်သီးဖြင့် လွှဲထိုးလိုက်သည့်ပုံရိပ်မှာ ရက်ရှ်တာအဖို့ တကယ်ပင် ရင်ထဲအထိ ထိခတ်ဝမ်းသာစရာ ဖြစ်ခဲ့ရသည်။

ထို့ကြောင့်ပင် သူ့ကို တိုက်ရိုက်ဖိတ်ကြားကာ မိမိနှစ်သက်သော အစားအစာများကို ပြင်ဆင်၍ ဧည့်ခံကျွေးမွေးမိခြင်းပင်။

“ကျေးဇူးတင်စရာလား၊ ရိုင်းစိုင်းတဲ့လူအပေါ် ထိုက်သင့်သလို တုံ့ပြန်လိုက်ရုံပဲကို။”

“ဒါပေမဲ့လည်းလေ။ ခုနက ကြားခဲ့တဲ့အတိုင်း ရက်ရှ်တာနဲ့ပတ်သက်ပြီး မကောင်းတဲ့စကားတွေ ပြန့်နေတာမို့လို့... အဲ့ဒီကိစ္စကြောင့် တစ်ချိန်လုံး စိတ်ညစ်နေခဲ့ရတာပါ။ ကျိန်းသေပေါက် ကောလာဟလတွေက အလိမ်အညာတွေပါနော်။”

“အမြဲတမ်း ဒီလိုမျိုးတွေ ဖြစ်တတ်တာလား။”

“အဲ့ဒါက...”

“မင်းက ရှက်ရမဲ့ကိစ္စ မဟုတ်ဘူး။ ရှက်ရမဲ့သူတွေက အဲ့ဒီလို ရိုင်းစိုင်းတဲ့လူတွေပဲ။”

“...”

“ဒီလိုကိစ္စတွေ ခဏခဏ ကြုံနေရတာကိုး။”

မယုံနိုင်စရာဖြစ်သည့်အလား စုတ်သပ်လိုက်သော မြို့စား အယ်ရ်ဂီက လက်တစ်ဖက်ကို ထိုင်ခုံလက်တန်းပေါ်တွင် တင်ထားရင်း လေသံတိုးတိုးဖြင့် ဆဲရေးခဲ့သည်။

“သောက်​ကျိုးနည်းကောင်တွေ။ လူကိုရှေ့မှာထားပြီး တကျွန်ကျွန်နဲ့။ တကယ်ပဲ ကျွန်ဇာစ်မြစ်ဖြစ်နေတော့ရော ဘာဖြစ်သေးလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီကောင်တွေကို နည်းနည်းလောက်ထပ်ပြီး အမှုန့်ကြိတ်ပစ်ခဲ့ရမှာ။”

“နယ်စားမင်း။ စကားတွေက ကြောက်စရာကောင်းနေပါပြီ...”

“နဂိုက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့ လာခဲ့တာကို။ မင်းကို အရင်တွေ့လိုက်ရလို့ တော်သေးတာပေါ့။ ငါသာ အဲ့ဒီမှာ မရှိရင် မင်းလည်း အဲ့ဒီလို လူရမ်းကားတွေကို သေသေချာချာတောင် ပြန်ပြောနိုင်မှာ မဟုတ်ဘူး။”

သူငယ်ချင်းကောင်ကတော့ အခုလောက်ဆို ငါမလာလို့ သောင်းကျန်းနေလောက်ပြီဆိုပေမဲ့ပေါ့...။

ထိုသို့ ထပ်ပြောလိုက်သည့် မြို့စား အယ်ရ်ဂီက နောက်ကျမှ သူငယ်ချင်းကို သတိရသွား၍လားမသိ အိုးတိုးအမ်းတမ်းဖြင့် မျက်ခွံကို ပွတ်သပ်ခဲ့သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment