no

Font
Theme

အပိုင်း ၅၁ (မငိုပါနဲ့ ကွီးန်)

မွေးနေ့မတိုင်မီ ငါးရက်အလိုကတည်းက ဆွေမျိုးသားချင်းများထံမှ လက်ဆောင်များ စတင်ရောက်ရှိလာသည်။

နဂိုကပင် ကျွန်မတို့မိသားစုက လက်ညှိုးထိုးမလွဲ ချမ်းသာကြွယ်ဝသော်လည်း ဧကရီဖြစ်လာပြီးသည့်နောက်တွင်မူ ယခင်ထက်ပို၍ ကြွယ်ဝသောဘဝကို ပိုင်ဆိုင်ခဲ့ရ၏။

ကျိန်းသေပေါက် ကျွန်မပိုင်ဆိုင်သော ငွေကြေးပမာဏ၏ အ​များစုကို လူမှုအကျိုးပြုလုပ်ငန်းများနှင့် တိုင်းပြည်ထောက်ပံ့​ရေးများအတွက် အသုံးပြုသော်လည်း အနည်းဆုံး မိမိလိုချင်သောအရာကို မဝယ်နိုင်လောက်သည်အထိတော့ မဟုတ်သေးပေ။

ဤအခြေအနေကို သိကြ၍ပေပဲလားမသိ။

လူတို့ ကျွန်မထံ ပေးပို့လာသော မွေးနေ့လက်ဆောင်များတွင် တန်ဖိုးထက် အဓိပ္ပာယ်လေးနက်သော အရာများက ပို၍များနေခဲ့သည်။

ယင်းတို့အနက် အထူးသဖြင့် အမေပို့လိုက်သော ပစ္စည်းကမူ……

“မြို့စားကတော်ကြီးက ဧကရီအရှင်မအတွက် တော်တော်လေး ရတက်မအေးဖြစ်နေတဲ့ပုံပဲရှင့်။”

နယ်စားကတော် အယ်လီဇာက ရယ်ချင်စိတ်ကို အောင့်ထားရင်း ပြောလာသဖြင့် ကျွန်မလည်း အိုးတိုးအမ်းတမ်း ပြုံးလိုက်မိကာ စာအုပ်ကို လှန်ကြည့်လိုက်သည်။

အမေပို့လိုက်သော အရာမှာ ‘La Toin’ ဟုခေါ်သော မဂ္ဂဇင်းတိုက်မှ ခြောက်လတစ်ကြိမ် ထုတ်ဝေသည့် စာအုပ်ပင်။

ခေတ်အဆက်ဆက် နာမည်အကြီးဆုံး ပြဇာတ်သရုပ်ဆောင်များ၏ ပုံတူပန်းချီကားများကို ထည့်သွင်းထားသော စာအုပ်ဖြစ်၏။

အမေက ယင်းတို့အနက် အမျိုးသားသရုပ်ဆောင်များသာ ပါဝင်သည့်စာအုပ်ကို တကူးတက ပို့လိုက်ခြင်းမှာ အဓိပ္ပာယ်က ရှင်းလင်းသိသာလှပေသည်။

ဆိုဗီရ်ရှုကြောင့် စိတ်အထိခိုက်မခံဘဲ အခြားအမျိုးသားတစ်ယောက်ကို ချစ်သူအဖြစ်ထားကာ စိတ်ဖြေဖျောက်လိုက်ရန် အဓိပ္ပာယ်ပင်။

မှူးမတ်အနွယ်တော်များအနက် သရုပ်ဆောင်များကို ချစ်သူအဖြစ် ထားရှိသူများလည်း အများအပြားရှိသည် မဟုတ်ပါလား။

“အလို... ဒီလူက တော်တော်ကြည့်ကောင်းတာပဲ။ ဒီလူကိုလည်း ကြည့်ပါဦး၊ ဧကရီအရှင်မ။ အမလေး... ပုခုံးကျယ်ကြီးကို ကြည့်ပါဦး။”

“အဲ့ဒီလူထက် ဒီဘက်ကလူက ပိုမကြည့်ကောင်းဘူးလား။ အဲ့ဒီလူက နာမည်သိပ်မကောင်းဘူးလေ။”

“နာမည်မကောင်းဘူးဆိုတာ ဘာကိုပြောတာလဲ။”

“သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ အကြိုက်က တော်တော်လေး ထူးဆန်းတယ်လို့ ကြားဖူးပါတယ်။ ဟိုလေ... ဘယ်သူပါလိမ့်... အဟမ်း။ အမည်မဖော်လိုတဲ့ ဘယ်ရွန်ကတော်တစ်ယောက်များတော့ အဲ့ဒီမင်းသားနဲ့အတူ မီးနဲ့ကစားဖို့လုပ်ခဲ့ပေမဲ့ တကယ်ကြီး မီးဟုန်းဟုန်းတောက်ပြီး လောင်တော့မလို ဖြစ်ခဲ့ရလို့ ရွံရှာသွားတယ်တဲ့လေ။”

“ရှင်...”

………လက်ဆောင်ကို ကျွန်မထက် ရံရွေတော်များက ပိုပြီးသဘောကျနေသည့်ပုံပင်။

အဖေကမူ ခေတ်အမီဆုံးဖြစ်အောင် ချုပ်လုပ်ထားသည့် ဂါဝန်တစ်ထည်ကို ပို့ပေးခဲ့ပြီး၊ ယင်းအပြင် တိုင်းတစ်ပါးမှ မှာယူထားသော ရှားပါးစာအုပ်များ၊ အထည်အလိပ်များနှင့် ကျောက်မျက်ရတနာများစွာလည်း ပါဝင်ပေသည်။

အမည်မဖော်ဘဲ ပေးပို့လာသော ‘အချစ်ဆေး’ ကိုမူ...... စိတ်ထဲ မတင်မကျဖြစ်နေ၍ မသုံးဘဲ ထားလိုက်တော့မည်။

~~~~

နောက်ဆုံးတော့ မွေးနေ့မတိုင်မီ နှစ်ရက်အလိုသို့ ရောက်ရှိလာချေပြီ။

လက်ဆောင်အတော်များများလည်း ရောက်ရှိလာပြီးဖြစ်ရာ မနက်ဖြန် မနက်စောစောတွင် သီးသန့်နန်းဆောင်သို့ ထွက်ခွာရန် စီစဉ်ထားသည်။

ကျွန်မ သီးသန့်နန်းဆောင်၌ နှစ်ရက်တာပတ်လုံး ဖတ်ရှုရန် စာအုပ်များကို ထုပ်ပိုးနေရင်း ခုတင်ပေါ်တွင် စာအုပ်မျိုးစုံကို ခေတ္တဖြန့်ခင်းထားလိုက်သည်။

ဤစာအုပ်များအနက်မှ နှစ်အုပ်ခန့်သာ ယူသွားပြီး ဖတ်ရပေမည်။

သို့သော် သီးသန့်နန်းဆောင်သို့ ယူသွားမည့်စာအုပ်ကို ရွေးချယ်နေစဉ် တဖတ်ဖတ်နှင့် တောင်ပံခတ်သံကို ကြားလိုက်ရ၏။

ကွီးန်ပဲနေမှာ။

ကျွန်မ စာအုပ်ကို အမြန်ပိတ်လိုက်ပြီး ဟရုံသာ ဟထားသည့် ပြတင်းပေါက်ကို ပိုကျယ်အောင် ဖွင့်ပေးလိုက်သည်။

ထင်ထားသည့်အတိုင်း တောင်ပံခတ်သံပေးခဲ့သူမှာ ကွီးန်ပင်။

သို့သော် ကွီးန်က ပုံမှန်နှင့်မတူစွာ အခန်းထဲသို့ အလွယ်တကူ မဝင်နိုင်ဘဲဖြစ်နေ၏။

သူ့ခေါင်းလုံးလုံးလေးက ပြတင်းပေါက်ဘောင်အစွန်းတွင် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်။

ဘာဖြစ်လို့ပါလိမ့်ဟုတွေးကာ ခေါင်းပြူကြည့်လိုက်တော့ ကွီးန်က ကြီးမားသော သေတ္တာတစ်ခုကို သူ့ခြေသည်းများဖြင့် မြဲမြံစွာကုပ်ထားကြောင်း တွေ့လိုက်ရ၏။

“ကွီးန်။”

အလန့်တကြား လက်ကမ်းပေးလိုက်ရာ ကွီးန်က သေတ္တာတွင် ချည်ထားသော ကြိုးကို ကျွန်မထံအပ်ပြီး အခန်းထဲသို့ အမြန်ဝင်လာခဲ့သည်။

အင်မတန် ပင်ပန်းသွားပုံရသော ကွီးန်က ပုံမှန်နှင့်မတူဘဲ ခုတင်ပေါ်တွင် ချက်ချင်းပင် လှဲချလိုက်ကာ အသက်ကို ပြင်းပြင်းရှူသွင်းနေ၏။

“ဒါကြီးကို တစ်ယောက်တည်း သယ်လာတာလား။”

ကွီးန် ယူလာသော သေတ္တာကို ကျွန်မ မ,ကြည့်လိုက်သည်။

ကျွန်မလက်ဖြင့် မကြည့်လျှင်ပင် အတော်လေးလံနေသည်ကို။

ကွီးန်က ဤအရာကို သယ်လာသည်ဟု တွေးလိုက်တော့ မယုံနိုင်စရာပင်။

ငှက်အကြီးစားလို့ပဲပြောပြော ငှက်က ငှက်ပဲကို။

ကွီးန်က သူ့ခေါင်းလေးကိုထောင်ကာ ခွန်အားမရှိသလို ခေါင်းညိတ်ပြပြီးနောက် ပြန်လှဲချသွားပြန်သည်။

“တော်ဝင်မင်းသား ဟိုင်န်ရီက မထင်ရပေမဲ့ ရက်စက်ချက်က တရားလွန်တာပဲ။ ကိုယ်တိုင်လာတာဖြစ်ဖြစ်၊ တခြားလူကို ခိုင်းတာဖြစ်ဖြစ် လုပ်လို့ရရဲ့သားနဲ့ နင့်ကိုမှ ဒီလောက်အလေးကြီး သယ်ခိုင်းရတယ်လို့။”

-...

“ဘာလို့ ခေါင်းခါပြနေတာလဲ။ တော်ဝင်မင်းသား ဟိုင်န်ရီ ခိုင်းလိုက်တာမဟုတ်ဘူးလား။”

-....

“ငါက တော်ဝင်မင်းသား ဟိုင်န်ရီအကြောင်း မကောင်းပြောတာကို မကြိုက်လို့လား။”

ခေါင်းညိတ်တာပဲ။

“လိမ္မာအောင်နေ...... အေးအေးဆေးဆေးနဲ့။”

ထနိုင်လောက်သည့် ခွန်အားမရှိသဖြင့် ကွီးန်က လှဲလျက်သားအတိုင်း တောင်ပံများကိုသာ တဖတ်ဖတ်ခတ်နေ၏။

တင်ပါးလေးကို ပုတ်ပေးလိုက်တော့ သူက လန့်သွားကာ တောင်ပံများကို ပို၍အသံကျယ်ကျယ်ခတ်လိုက်သော်လည်း အားမရှိသဖြင့် ထိုမျှသာ လှုပ်ရှားနိုင်ရှာသည်။

ကျွန်မ ကွီးန်အနားတွင် ထိုင်လိုက်ပြီး ပေါင်ပေါ်သို့ သေတ္တာကို တင်လိုက်၏။

ဘာမို့လို့များ ကွီးန်ကို သယ်ခိုင်းရတာပါလိမ့်။

“အာ...”

ကိတ်မုန့်အကြီးကြီးတစ်လုံး ဖြစ်နေသည်။

သေတ္တာအဖုံးအတွင်းဘက်တွင် စာတစ်စောင်ပါသဖြင့် ဖြန့်ဖတ်ကြည့်လိုက်ရာ ဟိုင်န်ရီကိုယ်တိုင် ပြုလုပ်ထားသည့် ကိတ်မုန့်ဖြစ်ကြောင်း အရိပ်အမြွက် ရေးသားထား၏။

- ကျွန်တော်က အချက်အပြုတ်အထိ တော်နေတဲ့ပုံပါပဲ။ တစ်ယောက်ယောက်က ချီးကျူးပေးရင် ကောင်းမှာကို။

ကွီးန်က အသာလေးထလာကာ ကျွန်မအနားသို့ တရွေ့ရွေ့လာပြီး ယှဉ်ထိုင်၍ ကျွန်မ၏ မျက်နှာရိပ်မျက်နှာကဲကို အသာလေး အကဲခတ်နေသည်။

ကျွန်မလည်း လက်တစ်ဖက်က ကွီးန်၏ ပုခုံးကို ဖက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကိတ်မုန့်ပေါ်မှ ခရင်မ်အဖြူလေးကို အသာတို့ကာ မြည်းကြည့်လိုက်၏။

ပေါ့ပေါ့ပါးပါးနှင့် ချိုမြိန်သော အရသာကို ခံစားလိုက်ရသည်။

အီဆိမ့်ခြင်းမရှိဘဲ လတ်ဆတ်သန့်ရှင်းသော ခရင်မ်အရသာပင်။

“ခရင်မ်ပါ ကိုယ်တိုင်လုပ်ထားတာလား။”

-....

“စားလို့ကောင်းတယ်။”

ကျွန်မ ပြုံးလျက် ရေရွတ်လိုက်တော့ ကွီးန်က အမြီးလေးကို လှုပ်ယမ်းကာ ကျွန်မ၏ လက်မောင်းကို သူ့ခေါင်းလေးဖြင့် ပွတ်သပ်လာသည်။

“လေးမှာပဲကို။ သယ်လာပေးလို့ ကျေးဇူးပဲ၊ ကွီးန်။”

-ဂူ

“တော်ဝင်မင်းသား ဟိုင်န်ရီကိုတော့ ငါ သီးသန့် ကျေးဇူးတင်စကား ပြောလိုက်မယ်။”

-ဂူ

“နင့်သခင်က တကယ့်ကို လူကောင်းတစ်ယောက်ပဲ။”

-...

“ဟားဟား။ ဘာလို့ နင်က ရှက်နေရတာလဲ။”

ကိတ်မုန့်ကို ဘေးသို့ချလိုက်ပြီးနောက် ကွီးန်ကို ပေါင်ပေါ်တင်ကာ နဖူးလေးကို တရွှတ်ရွှတ် နမ်းပေးလိုက်ရာ ကွီးန်ခမျာ ကျောက်ရုပ်ပမာ လုံးဝ တောင့်ခဲသွားတော့သည်။

ထိုတုံ့ပြန်မှုလေးက ချစ်ဖို့ကောင်းနေသဖြင့် နေရာအနှံ့ ထပ်မံနမ်းရှိုက်ပြီးမှ ကိတ်မုန့်ကို စားပွဲဆီသို့ ပြန်ယူသွားကာ ပန်းကန်ထဲသို့ တစ်ဖဲ့ ပိုင်းထည့်လိုက်၏။

သို့သော် လက်ဆောင်က တစ်ခုတည်းမဟုတ်၊ ဟင့်အင်း...အများကြီး ကျန်နေသေးသည်။

“အာ…”

အလိုလိုပင် အံ့ဩတကြီးရေရွတ်သံ ထွက်သွားသည်။

ကိတ်မုန့်အတွင်းပိုင်းရှိ နူးညံ့သော ပေါင်မုန့်သားများကြားတွင် ရတနာများ မြှုပ်နှံထား၏။

တစ်ခုကို အသာထုတ်ပြီး စစ်ဆေးကြည့်လိုက်တော့ အပြာရောင်တောက်နေသော စိန်တစ်လုံးပင်။

ကွီးန်က ကျွန်မ၏ခြေထောက်ကို သူ့ခြေသည်းလေးဖြင့် ခပ်ဖွဖွ တွန်းခဲ့သည်။

လှည့်ကြည့်လိုက်တော့ ကျွန်မ၏ တုံ့ပြန်မှုကို စိုးရိမ်နေသည့်အလား လေးနက်သော အကြည့်များဖြင့် သူ၏ ခရမ်းရောင်မျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေ၏။

ထိုမျက်ဝန်းများက အလွန်ပင် လေးနက်လှသဖြင့် ကျွန်မလည်း မရည်ရွယ်ဘဲ အမှန်အတိုင်း ဖြေလိုက်မိသည်။

“နည်းနည်းတော့……ဝန်လေးရတာကို။”

-....

တိုင်းတစ်ပါး သံတမန်အဖွဲ့မှ ပေးပို့သည့် လက်ဆောင်သာဆိုလျှင် ဤထက် ပို၍တန်ဖိုးကြီးသည်များလည်း ရှိတတ်သဖြင့် အဆင်ပြေသော်လည်း။

တော်ဝင်မင်းသား ဟိုင်န်ရီက သူငယ်ချင်းအနေနှင့်ပေးသည့် လက်ဆောင်မဟုတ်ပါလား။

ကျိန်းသေပေါက် တော်ဝင်မင်းသား ဟိုင်န်ရီအဖို့ စိန်အနည်းငယ် ပေးလိုက်ရရုံဖြင့် ထိခိုက်မည့် စည်းစိမ်မျိုးမဟုတ်သော်လည်း…

မည်သို့ပင်ဆိုစေ တစ်မျိုးကြီးဖြစ်နေသဖြင့် စိန်ကို စားပွဲပေါ်တွင် တင်ထားပြီး ဘေးကို ကြည့်လိုက်ရာ ကျွန်မ အလွန်ပင် လန့်သွားကာ ကွီးန်ကို ဆွဲပွေ့လိုက်မိသည်။

“ကွီးန်၊ ဘာလို့ ငိုနေတာလဲ။”

~~~~

ကွီးန်က ငှက်ချေးပမာ မျက်ရည်များ ဖွေးဖွေးလှုပ်ကျအောင် ငိုကြွေးပြီး ပျံသန်းသွားခဲ့သဖြင့် နောက်ဆုံးတွင် ကျွန်မကိုယ်တိုင် တောင်နန်းဆောင်သို့သွားရန် ဆုံးဖြတ်လိုက်သည်။

'သွားပြီး အကြာကြီးမနေရင်တော့ အဆင်ပြေမှာပါ။'

ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင်မင်းသား ဟိုင်န်ရီကို ကိတ်မုန့်နှင့် လက်ဆောင်အတွက် ကျေးဇူးတင်စကား ပြောချင်သလို......

အားလုံးထက် ကွီးန် ဘာကြောင့် ငိုသလဲဆိုသည်ကို မသိရသဖြင့် စိတ်ပူမိခြင်းကြောင့်လည်းပါ၏။

"ဘုရားရေ... ဧကရီအရှင်မ နာဗီရယ်။"

တော်ဝင်မင်းသား ဟိုင်န်ရီ တည်းခိုရာ အဆောင်ရှေ့တွင် သူ သီးသန့်ခေါ်ဆောင်လာသော အနောက်ဘုရင့်တိုင်းပြည်မှ ကိုယ်ရံတော်စစ်သည်များ ကင်းစောင့်နေကြပြီး ထိုသူတို့အနက်မှ အပြာရောင်ဆံပင်နှင့် စစ်သည်တော်က ကျွန်မကို မြင်သည်နှင့် လိုသည်ထက်ပို၍ အံ့အားသင့်ကာ ပြေးလာခဲ့သည်။

သူက ကျွန်မ ဘယ်သူမှန်း သိပြီးသားပုံစံမျိုးဖြစ်ကာ ထိုထက်ပို၍ တစ်ခုခုကို သိထားသည့် အရိပ်အယောင်ကိုလည်း တွေ့ရ၏။

ကျွန်မ၏ ရံရွေတော်များက တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ကျွန်မ စာပေးစာယူလုပ်နေသည်ကို သိကြသလို၊ တော်ဝင်မင်းသားဘက်တွင်လည်း ကျွန်မအကြောင်း သိထားသူ ရှိနေမည်သာ။

သို့သော်လည်း မင်းသား၏ လူယုံဖြစ်သဖြင့် ပါးစပ်ကို ထိန်းသိမ်းတတ်လိမ့်မည်ဟု ယူဆကာ ကျွန်မ အသာအယာပြုံးရင်း မေးလိုက်၏။

"တော်ဝင်မင်းသား ဟိုင်န်ရီကို ပြောစရာရှိလို့ လာခဲ့တာပါ။ အထဲမှာ ရှိနေလား။"

"ဟုတ်ကဲ့၊ လာတာ အတော်ပါပဲခင်ဗျာ။ မဟုတ်တောင် ငိုယိုပြီး အထဲဝင်သွားလို့ စိတ်ပူနေခဲ့တာပါ။"

"......တော်ဝင်မင်းသားက ငိုပြီးရောက်လာတယ်လား။"

"ခင်ဗျာ... အာ၊ မဟုတ်ပါဘူး၊ အရှင်မင်းသား မဟုတ်ပါဘူး၊ ငှက်။ ငှက်ပါ။ အရှင်မင်းသားမွေးထားတဲ့ အဲ့ဒီ စိတ်ကြီးတဲ့ငှက်က ငိုပြီးရောက်လာတာလို့ ပြောတာပါ။"

အပြာရောင်ဆံပင်နှင့် စစ်သည်တော်က ငိုသည်မှာ တော်ဝင်မင်းသား လုံးဝမဟုတ်ပါဘူးဟု အသည်းအသန် ထပ်ဖြည့်ပြောပြီးနောက် စေ့စေ့ပိတ်ထားသော အခန်းတံခါးကို အလျင်အမြန်ခေါက်ကာ အထဲသို့ အော်ပြောခဲ့သည်။

"အရှင်မင်းသား။ ဧကရီ အရှင်မ ကြွချီလာပါတယ်။"

သုံးစက္ကန့်ခန့် ကြာသွားပြီးနောက်တွင်။

အထဲမှ ဆူညံသံတစ်ခု ကြားလိုက်ရသလိုရှိရာမှ ရုတ်တရက် ငြိမ်ကျသွားသည်။

ပရိဘောဂတွေ လဲကျသွားတဲ့အသံနဲ့.... ခပ်ဆင်ဆင်ပဲလား။

အဆင်ပြေရဲ့လားဟူသော အကြည့်ဖြင့် အပြာရောင်ဆံပင်နှင့် စစ်သည်တော်ကို ကြည့်လိုက်မိသော်လည်း သူကမူ အခန်းထဲမှ ထွက်လာသည့် ထိုဆူညံသံကြီးကိုပင် ဘာမှမဖြစ်သလို တည်ငြိမ်နေ၏။

ခေတ္တအကြာတွင် အထဲမှ ဝင်လာ၍ရကြောင်း အချက်ပြသဖြင့် စစ်သည်တော်က တံခါးဖွင့်ပေးခဲ့သည်။

"ကျေးဇူးပဲ။"

ဘာအသံပါလိမ့်ဟု သိချင်စိတ်ဖြင့် ကျွန်မ အခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားလိုက်သည်။

တော်ဝင်မင်းသား ဟိုင်န်ရီ၏ အခန်းက ကျိန်းသေပေါက် နန်းတော်ဝင်းတစ်ခုတည်းအတွင်း၌ ရှိနေသော်လည်း မသိမသာ စိမ်းသက်သော ခံစားချက်ကိုပေးနေ၏။

တော်ဝင်မင်းသား ဟိုင်န်ရီ သုံးနေကျ ရနံ့မျိုး ရနေသလို၊ ဟိုနားဒီနားတွင်လည်း တွေ့ရခဲသောပစ္စည်းများ ရှိနေသည်။

အခန်းအလယ်တွင် ရပ်နေသော တော်ဝင်မင်းသား ဟိုင်န်ရီက စိမ်းသက်သော ထိုနေရာလေးထဲတွင် အကျွမ်းတဝင်အရှိဆုံး လူတစ်ယောက်ပင်။

"တောင်းပန်ပါတယ်။ တခြားကိစ္စလေး ရှိနေလို့ပါ......"

ကျွန်မ အခန်းထဲကို အမြန်ဝေ့ကြည့်ပြီး သူ့ကို စိုက်ကြည့်လိုက်တော့ တော်ဝင်မင်းသားက ပြုံးလျက် အနားသို့ တိုးလာကာ ကျွန်မ၏ လက်ဖမိုးပေါ်ကို သဘာဝကျကျ နမ်းပြီးမှ နောက်ဆုတ်သွားခဲ့သည်။

'တခြားကိစ္စ' ဆိုတာ ရေချိုးနေတာကို ပြောတာများလား။

အဝတ်အစားကို အလျင်အမြန် ဝတ်ထားသည့် အရိပ်အယောင်များကို မြင်နေရ၏။

အမြဲတမ်း တွန့်ရာကြေရာမရှိ သပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်သော တော်ဝင်မင်းသားက ယနေ့မှ အဝတ်အစားများ ဟိုနားတစ်ကွက် ဒီနားတစ်ကွက် ကြေမွနေရုံသာမက ကြယ်သီးများပင် အကုန်မတပ်ရသေးပေ။

ပွင့်ဟနေသော ကြယ်သီးကြားမှ သူ၏အသားစကို မြင်နေရသည်။

အလယ်လောက်မှ ပွင့်နေခြင်းဆိုလျှင် ရှက်စရာကောင်းသော်လည်း ချက်ချင်း ထောက်ပြပေးမိပေမည်။

အပေါ်ပိုင်းက ပွင့်နေတော့ ထောက်ပြရန်လည်း အနည်းငယ် ခက်နေ၏။

အချို့လူများက တမင်တကာ ထိုကဲ့သို့ ကြယ်သီးဖြုတ်ပြီး ဝတ်တတ်ကြသည်လည်း ရှိသောကြောင့်ပင်။

မသိချင်ယောင်ဆောင်ပေးရမည်လား၊ ထောက်ပြပေးရမလားဟု ဝေခွဲမရဖြစ်နေသဖြင့် ကျွန်မ တော်ဝင်မင်းသား၏ မျက်နှာဆီသို့သာ အကြည့်ကို ပို့ထားလိုက်သည်။

သို့သော် မျက်နှာချင်းဆိုင်ရသည်မှာလည်း အားနာစရာကောင်းနေသည်က အတူတူသာ။

သူ၏ မျက်ဝန်းအိမ်များက နီမြန်းနေကာ မျက်တောင်များမှာလည်း စိုစွတ်နေသောကြောင့်ပင်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment