no

Font
Theme

အပိုင်း ၄၆ (မပြောင်းလဲသောလူ)

တော်ဝင်မင်းသား ဟိုင်န်ရီနှင့် လမ်းခွဲပြီးနောက် ကျွန်မ စာကြည့်တိုက်သို့ဝင်ကာ ဟွာတိုက်ကြီး၊ လွီပ်(ထ်)တို့နှင့် ပတ်သက်သည့် စာအုပ်အားလုံးကို ရှာဖွေကြည့်မိသည်။

ခါ့ဖ်မန်း မင်းသားကြီးက စိတ်ကူးယဉ်ဝတ္ထုဟု ဝေဖန်ခဲ့သော်လည်း လွီပ်(ထ်)အကြောင်း ရေးသားထားသည့် စာအုပ်များအနက် အကျော်ကြားဆုံးဖြစ်သော 'ခရီးသွားမှတ်တမ်း' ကိုလည်း ယူလာခဲ့၏။

သူက မည်သည့်အကြောင်းရင်းကြောင့် ကျွန်မကို အကြံပြုခဲ့မှန်း မသိသော်လည်း နိုင်ငံတကာဆက်ဆံရေးတွင် ပါဝင်ရနိုင်ခြေရှိသဖြင့် အခြေခံဗဟုသုတများကိုတော့ လေ့လာထားရပေမည်။

'ဒီထက်ပိုပြီး အသေးစိတ် မှတ်တမ်းတင်ထားတဲ့ စာအုပ်ရှိရင် ကောင်းမှာပဲ……'

ထိုင်ခုံရှည်ပေါ်တွင်ထိုင်ရင်း ခရီးသွားမှတ်တမ်းနှင့် အခြားစာအုပ်များကို နှိုင်းယှဉ်ကာ လုပ်ကြံချက်နှင့် အမှန်တရားကို ခွဲခြမ်းစိတ်ဖြာနေချိန်တွင်။

ပြတင်းပေါက်အပြင်ဘက်မှ နှုတ်သီးဖြင့် တတောက်တောက်ခေါက်သံကို ကြားလိုက်ရ၏။

ကွီးန်ပင်။

ပြတင်းပေါက်ကို မြန်မြန်ဖွင့်ပေးလိုက်သည်နှင့် ကွီးန်က လုပ်လီလုပ်လဲ့ဖြင့် ပြတင်းပေါက်ဘောင်ပေါ်တွင်ထိုင်ကာ တောင်ပံနှစ်ဖက်ကို ကြွားသလိုလို ဖြန့်ပြခဲ့သည်။

ဘာဖြစ်တာပါလိမ့်ဟု ကြည့်လိုက်တော့ လည်ပင်းတွင် လက်ကိုင်ပဝါလေး စည်းနှောင်ထားသည်ကို တွေ့လိုက်ရ၏။

အဲ့ဒီလိုဆိုမှ ဒီလက်ကိုင်ပဝါက...

"တော်ဝင်မင်းသား ဟိုင်န်ရီ ချည်ပေးလိုက်တာလား။"

ကျွန်မ၏ လက်ကိုင်ပဝါပင်။

ပြုံးလျက်မေးလိုက်တော့ ကွီးန်က ခေါင်းကလေးကို ငဲ့စောင်းခဲ့သည်။

ဟုတ်ပါရဲ့။ တော်ဝင်မင်းသား ဟိုင်န်ရီကလွဲလို့ ဘယ်သူကများ ပေးရဦးမှာလဲ။

ကွီးန်ကို လက်တစ်ဖက်ဖြင့် ပွေ့ချီကာ နှုတ်သီးလေးကို လက်ချောင်းဖြင့် အသာအယာပွတ်ပေးပြီးနောက် ခြေထောက်ကို စစ်ဆေးကြည့်လိုက်၏။

သီးသန့်စာတို ချည်တွဲလျက် ပါမလာပေ။

"လာကြွားတာလား။"

မဟုတ်ရင် လက်ကိုင်ပဝါ ပြန်ပေးဖို့ လာတာများလား။

သိချင်၍ မေးလိုက်သော်လည်း ကွီးန်က ပြန်မဖြေနိုင်ခဲ့။

သူက လှပသော ခရမ်းရောင်မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ကျွန်မကိုသာ ငေးကြည့်နေသဖြင့် ချစ်စရာကောင်းလွန်း၍ သူ၏ခေါင်းပေါ်ကို အကြိမ်ကြိမ် အနမ်းပေးလိုက်မိသည်။

"ငါတို့ ကွီးန်က တကယ်လှတာပဲ။ လည်ပင်းမှာ လက်ကိုင်ပဝါလေး စည်းထားတော့ တအားပိုလှသွားတယ်။"

-ဂူ

ကွီးန်က လက်ကိုင်ပဝါကို အတော်လေး သဘောကျနေပုံရသဖြင့် ကျွန်မလည်း မဖြုတ်ရက်ဘဲ ကျောပြင်လေးကိုသာ ပွတ်သပ်ပေးနေမိသည်။

ထိုသို့လုပ်နေစဉ် ကွီးန်ထံမှ ရနံ့ကောင်းလေးတစ်ခု ရလာ၏။

ဘာအနံ့ပါလိမ့်။

ကွီးန်၏ ပခုံးသားကြားတွင် နှာခေါင်းအပ်ကာ အနံ့ခံကြည့်လိုက်မိသည်။

-....

ကတိုးရနံ့……

တော်ဝင်မင်းသား ဟိုင်န်ရီထံမှ အမြဲတမ်း သင်းပျံ့စွာ ရတတ်သည့် ထိုရနံ့ပင်။

လက်ကိုင်ပဝါကို လျှော်ပြီးသွားတော့ သူ့ရေမွှေး ဆွတ်ထားပေးတာများလား။

"နင့်ဆီက တော်ဝင်မင်းသား ဟိုင်န်ရီရဲ့အနံ့ထွက်နေတယ်၊ ကွီးန်။"

သို့သော် တော်ဝင်မင်းသား ဟိုင်န်ရီမဟုတ်ဘဲ ကြီးမားသော ငှက်ဆီမှ ယခုလိုရနံ့မျိုး ထွက်နေခြင်းမှာ တစ်မျိုးလေး ချစ်စရာကောင်းနေပြန်သဖြင့် ကွီးန်၏ နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်မိသည်။

ကျွန်မ နားနားကပ်ပြောလိုက်တော့ ကွီးန်က အင်မတန် လန့်သွားပုံရကာ တောင်ပံများကို တဖတ်ဖတ်ခတ်လေ၏။

ထို့နောက် တောင်ပံဖြင့် သူ၏နှုတ်သီးကို ကာလိုက်ကာ မျက်လုံးလေးအဝိုင်းသား ဖြစ်သွားတော့သည်။

"ကွီးန်။"

ဘယ်သူကြည့်ကြည့် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားသလို ရှက်ကိုးရှက်ကန်းဖြစ်နေသည့် ပုံစံမျိုးဖြစ်နေသဖြင့် သဘောကျကာ ခေါ်လိုက်မိတော့ ကွီးန်က တဆတ်ဆတ်တုန်သွားရာမှ တလှုပ်လှုပ်ဖြင့် ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့သည်။

"သွားတော့မလို့လား။"

ထိုပုံစံကလည်း ချစ်စရာကောင်းနေပြန်သဖြင့် ပျံထွက်မသွားခင် ပြန်လည်ပွေ့ချီပြီး ရင်ခွင်ထဲထည့်ကာ မေးလိုက်တော့ ကွီးန်က ရေခဲလို တောင့်တောင့်ကြီး ဖြစ်နေရာမှ ခေါင်းလေး ခါယမ်းပြလေ၏။

~~~~

“အမှတ်တမဲ့နဲ့ အရိုင်းဆန်ဆန်စကားတွေ ခဏခဏ ပြောတတ်တာပဲ……”

အခန်းထဲသို့ ပြန်ရောက်လာသည့် ဟိုင်န်ရီက တီးတိုးရေရွတ်ရင်း လည်ပင်းတွင် တင်းကျပ်စွာ စည်းနှောင်ထားသော လက်ကိုင်ပဝါကို အသာအယာ ဖြေလျှော့လိုက်သည်။

သူ့မျက်နှာတစ်ခုလုံး ယခုအထိ အရှိန်မသေသေးဘဲ ပူထူနေဆဲပင်။

“ငါ့ရဲ့ ရနံ့တဲ့လား.....”

ဟိုင်န်ရီက လက်ကိုင်ပဝါကို နှာခေါင်းနားတေ့ကာ အနံ့ခံကြည့်မိသည်။

လျှော်ဖွပ်ပြီးနောက် သူအနှစ်သက်ဆုံး ရေမွှေးကို ဆွတ်ထားခဲ့သည်မှာ အမှန်ပင်။

ဤသည်က သူအမြဲဆွတ်နေကျ ရနံ့မှန်း ဧကရီက ချက်ချင်း မှတ်မိသွားလေသလား။

ဟိုင်န်ရီတစ်ယောက် မျက်နှာတစ်ခုလုံး ရဲတက်လာကာ ထိုင်ချလိုက်မိ၏။

ငှက်ကိုသာ ရည်ရွယ်ပြီး ပြောလိုက်ခြင်းဖြစ်ကြောင်း သိနေသော်လည်း ယခုအထိ နှလုံးသားကို တစ်စုံတစ်ခုနှင့် အချက်ပေါင်းများစွာ ထိုးနှက်ခံထားရသလိုပင်။

ဧကရီ တိုးတိုးလေး ကပ်ပြောခဲ့သည့် သူ၏နားရွက်ဖျားလေးကလည်း လေပြည်အေးလေး တိုက်ခတ်ကျီစယ်နေသည့်အလား ယခုအထိ ယားကျိကျိဖြစ်နေ၏။

ထိုသို့ ရှက်သွေးဖြာကာ ရင်ခုန်နေရသည့် ခံစားချက်လေးကို ဖျက်ဆီးလိုက်သူက မက်ကန်နာပင်။

“ဝတ်လစ်စားလစ်နဲ့ ဘာလို့ အဲ့ဒီလိုကြီး နေနေတာလဲဗျ။ ရှက်စရာကောင်းနေပါပြီ။”

ဟိုင်န်ရီက စိုက်ကြည့်လိုက်သော်လည်း သူ၏ အတွင်းရေးမှူး၊ စစ်သည်တော်၊ ဝမ်းကွဲညီအစ်ကိုနှင့် သူငယ်ချင်းလည်းဖြစ်သည့် မက်ကန်နာကတော့ မမှုပေ။

“အလိုလေး ကြည့်ရဆိုးလိုက်တာဗျာ။ အောက်ပိုင်းလေးဖြစ်ဖြစ် ဖုံးထားပါဦး။ အမြင်မတော်လို့ပါ။”

မက်ကန်နာက ဗီရိုဆီသို့သွားကာ သက်သောင့်သက်သာရှိမည့် အဝတ်အစားများကို ထုတ်ယူလာခဲ့သည်။ ဟိုင်န်ရီက စုတ်တစ်ချက်သပ်ရင်း ထရပ်ကာ လက်ကမ်းလိုက်၏။

သို့သော် မက်ကန်နာက အဝတ်အစား ဝတ်ခိုင်းရန် ယူလာပေးပြီးမှ အဝတ်ကို မပေးဘဲ မေးခွန်းကိုသာ အရင်မေးလာသည်။

“အရှင်မင်းသား။ လည်ပင်းမှာ လက်ကိုင်ပဝါလေး လှလှပပ စည်းပြီး သွားတွေ့ခဲ့တဲ့သူက ဧကရီအရှင်မ နာဗီရယ်လားဗျ။”

“အဝတ်ပေးမှာသာ ပေးစမ်းပါ။”

ဟိုင်န်ရီက အဝတ်ကို လှမ်းယူဝတ်ရင်း ‘အဲ့ဒါကို မင်းက ဘာကိစ္စ မေးနေရတာလဲ’ ဟူသည့် အကြည့်မျိုးဖြင့် မက်ကန်နာကို ကြည့်လိုက်သည်။

သို့သော် မက်ကန်နာက မျက်တောင်မခတ်တမ်း စိုက်ကြည့်နေဆဲဖြစ်သဖြင့် မလုံမလဲဖြစ်ကာ ပြီးစလွယ်သာ ပြန်ဖြေပေးလိုက်ရ၏။

“မပြောတတ်ဘူးလေ။”

ထို့နောက် ချက်ချင်းပင် အပြင်သို့ ထွက်လာခဲ့သည်။

မျက်နှာပေါ်တွင် တရှိန်းရှိန်းတက်လာသည့် အပူရှိန်ကို ညနေခင်း လေနုအေးဖြင့် အအေးခံချင်သောကြောင့်ပင်။

သို့သော် မက်ကန်နာက သူ့အနောက်မှ ထက်ကြပ်မကွာလိုက်ရင်း ထပ်မေးလာပြန်သည်။

“အရှင်မင်းသား။ အမှန်အတိုင်းပြောပေးပါ။ စာပေးစာယူလုပ်နေတဲ့သူက ဧကရီအရှင်မ နာဗီရယ်လားဗျ။”

ဟိုင်န်ရီက အစပိုင်းတွင် ဂရုမစိုက်ဘဲ လမ်းလျှောက်နေခဲ့သော်လည်း မက်ကန်နာက တတွတ်တွတ် နားပူနားဆာလုပ်နေသဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မင်းနဲ့ ဘာဆိုင်လို့လဲ။ အဲ့ဒီပါးစပ်ကို ပိတ်ထားစမ်းပါ။ ဒီမှာ အမှတ်တရကောင်းလေးတွေ ပြန်တွေးနေတာကို လာလာနှောင့်ယှက်နေတယ်။”

“အခု လက်ရှိအခြေအနေက မျက်စိရှေ့တင် ရှိနေတာကို အမှတ်တရတွေက အရေးကြီးလို့လားဗျ။ ကျွန်တော်နဲ့ မဆိုင်ဘူးလို့ ဘယ်လိုများ ပြောနိုင်ရတာပါလဲ၊ အရှင်မင်းသားရဲ့။ အရှင်မင်းသားက စာဖလှယ်ဖော်ကို တအားတွေ သဘောကျနေတာမဟုတ်ဘူးလား။”

“...”

“ကျွန်တော်က အရှင်မင်းသား အတည်သဘောနဲ့ ချစ်သူရည်းစားထားတာကို သဘောတူပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက အင်အားကြီးတိုင်းပြည်ရဲ့ ဧကရီဖြစ်နေရင်တော့ ဇာတ်လမ်းက တစ်မျိုးဖြစ်သွားပြီလေ………”

“....”

“အင်အားကြီးတိုင်းပြည် မဟုတ်ရင်တောင် သူများတိုင်းပြည်ရဲ့ ဧကရီကတော့ လုံးဝမဖြစ်သင့်ပါဘူး။ အရှင်မင်းသားက အရှေ့အင်ပါယာနဲ့ အရှုပ်အထွေးကိစ္စတွေမှာ ဝင်ပတ်သက်ချင်လို့လားဗျ။”

မက်ကန်နာက တကယ် စိုးရိမ်နေသည့်ပုံစံဖြင့် ငိုမဲ့မဲ့မျက်နှာထားမျိုး ဖြစ်နေသည်။

တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ဧကရီ နာဗီရယ်။

အဆုံးသတ်က သိသာနေသည့် ပတ်သက်မှုပင်။

ဧကရာဇ် ဆိုဗီရ်ရှုက ရက်ရှ်တာအပေါ် အင်မတန် စွဲလမ်းမြတ်နိုးကာ ချစ်သူအဖြစ် ထားခဲ့သည်ဆိုဦးတော့ နိုင်ငံတကာမှ ချီးမွမ်းခြင်းခံနေရသည့် ဧကရီကို ပထုတ်ပြီး ကျွန်ပြေးဘဝမှလာသည့် ချစ်သူကို ဧကရီတင်မြှောက်မည့် အရူးအလုပ်မျိုး လုပ်စရာအကြောင်းမရှိပေ။

ဧကရီ နာဗီရယ်ဘက်ကလည်း ဧကရာဇ် ဆိုဗီရ်ရှုကို အရင်စ၍ ကွာရှင်းခွင့်တောင်းဆိုနိုင်မည်မဟုတ်။

အကယ်၍ ဧကရာဇ် ဆိုဗီရ်ရှုက ဧကရီ နာဗီရယ်ကို နန်းချလိုက်သည်ဆိုဦးတော့ သူက တိုင်းတစ်ပါးမှ တော်ဝင်မင်းသားနှင့် နောက်အိမ်ထောင်ထူထောင်စရာ အကြောင်းမရှိဘူး မဟုတ်ပါလော။

“အဲ့ဒီလို မဟုတ်ပါဘူးဆို အလကား မဟုတ်ကဟုတ်ကတွေ လျှောက်တွေးနေပြန်ပြီ။”

“တကယ်ပါနော်။ ယုံလိုက်လို့ရတယ်မဟုတ်လားဗျ။”

“...”

“ဘာလို့ ပြန်မပြောရတာလဲဗျ၊ ဟင်။”

ဟိုင်န်ရီနောက်သို့ တကောက်ကောက်လိုက်ကာ မေးမြန်းနေသည့် မက်ကန်နာတစ်ယောက် ရုတ်တရက် ရပ်တန့်သွားပြီးမှ သတိထားကာ မေးလာသည်။

“အဲ့ဒီလိုဆိုမှ ကျွန်တော်လည်း တကယ့် အရေးကြီးဆုံးကို မမေးရသေးဘူးပဲ၊ အရှင်မင်းသားရဲ့။ အဲ့ဒီခံစားချက်က နှစ်ဦးနှစ်ဖက်စလုံး ထပ်တူညီရဲ့လားဗျ။”

တော်ဝင်မင်းသား ဟိုင်န်ရီလည်း စိတ်ပေါက်ပေါက်နှင့် ပြန်ဖြေရန် ပြင်လိုက်ပြီးမှ တစ်ချက်တုံ့ဆိုင်းသွားကာ လက်ကာပြလိုက်သည်။

စိတ်ကုန်နေသည့် မျက်နှာထားမှာ အတူတူပင်ဖြစ်သော်လည်း စောစောကနှင့်တော့ အငွေ့အသက်ချင်း ကွာခြားနေ၏။

ထို့အပြင် လက်က မက်ကန်နာဘက်သို့ ညွှန်ပြနေသော်လည်း အကြည့်ကမူ အခြားတစ်နေရာသို့ ရောက်နေလေသည်။

မက်ကန်နာလည်း ပူညံပူညံလုပ်နေခြင်းကို ရပ်လိုက်ကာ တော်ဝင်မင်းသား ဟိုင်န်ရီ ကြည့်နေသည့်ဘက်သို့ လှည့်ကြည့်လိုက်မိ၏။

ကျောက်စရစ်ဖြူခင်းထားသော လမ်းလေးပေါ်တွင် ခရမ်းနုရောင် ထီးကလေးဆောင်းထားသည့် အမျိုးသမီးတစ်ဦး လျှောက်လာနေသည်။

ဧကရာဇ် ဆိုဗီရ်ရှု၏ ချစ်သူ ရက်ရှ်တာပင်။

မက်ကန်နာလည်း ပါးစပ်ပိတ်လိုက်မိ၏။

အရှေ့အင်ပါယာ ဧကရာဇ်၏ အချစ်ကို တစ်ဦးတည်း သိမ်းပိုက်ထားကာ လူမှုရေးလောကတွင် ကြယ်တစ်ပွင့်အဖြစ် ထွန်းတောက်ခဲ့သည့် သူက ရက်ပိုင်းအတွင်းမှာပင် လုံးဝ နွမ်းလျသွားလေသည်။

အခြားနန်းဆောင်များတွင်တော့ မသိသော်လည်း ဧည့်သည်တော်များ တည်းခိုရာ တောင်နန်းဆောင်တွင် ရှိနေလျှင် ရက်ရှ်တာနှင့် ပတ်သက်သည့် အကြောင်းအရာများကို အမြဲကြားနေရတတ်၏။

အများစုက ကျွန်ပြေးဖြစ်ကြောင်း လုံးဝဖုံးကွယ်ထားခဲ့သည့်အပေါ် ရက်ရှ်တာကို လှောင်ပြောင်နေကြခြင်းပင်။

ဗိုင်းကောင့် လိုတဲရှုတစ်ယောက် ရက်ရှ်တာက ကျွန်ပြေးမဟုတ်ကြောင်းနှင့် သူ လူမှားသွားခြင်းဖြစ်ကြောင်း လိုက်လံပြောဆိုပြီး အခြေအနေကို ပြန်ပြင်ရန် ကြိုးစားနေသော်လည်း ထိုစကားကို ယုံကြည်သူဟူ၍ တစ်ဦးမှ မရှိခဲ့ပေ။

ထိုအကြောင်းကြောင့်ပဲလားမသိ။

ချစ်စရာကောင်းပြီး တောက်ပခဲ့သော ရက်ရှ်တာက လုံးဝ စိတ်ဓာတ်ကျနေသည့်ပုံစံမျိုး ဖြစ်နေလေသည်။

မက်ကန်နာလည်း ဟိုင်န်ရီ၏ မျက်နှာရိပ်မျက်နှာကဲကို ခိုးကြည့်လိုက်မိ၏။

ကျွန်ပြေးကိစ္စကို အသာထားလျှင်ပင် တော်ဝင်မင်းသား ဟိုင်န်ရီက ရက်ရှ်တာနှင့် ပြဿနာတက်ထားသည့် အခြေအနေဖြစ်နေသည်။

ဟိုင်န်ရီ စကားနာထိုးပြီဆိုလျှင် မည်မျှအထိ ပြင်းထန်တတ်ကြောင်း သိထားသဖြင့် တော်ဝင်မင်းသား မည်သို့တုံ့ပြန်မည်ကို မက်ကန်နာ စိုးရိမ်မိနေခြင်းပင်။

တော်သေးသည်ဟု ပြောရမလား၊ ကံဆိုးသည်ဟု ပြောရမလားမသိ၊ ဟိုင်န်ရီက ရက်ရှ်တာကို လုံးဝ မမြင်လိုက်သည့်အလား ဘာစကားမှမပြောဘဲ ဖြတ်ကျော်သွားခဲ့သည်။

'တော်သေးတယ်လို့ပဲ မှတ်လိုက်ရအောင်။'

မက်ကန်နာတစ်ယောက် အမြန်ပင် ဟိုင်န်ရီနောက်သို့ လိုက်သွားခဲ့သည်။

သို့သော် ဖြတ်လျှောက်သွားတော့မည့် ဟိုင်န်ရီကို လှမ်းဆွဲခဲ့သူက ရက်ရှ်တာပင်။

“အရှင်မင်းသား။”

သက်ပြင်းတစ်ချက်ချလိုက်သည့် မက်ကန်နာလည်း မကြားချင်ယောင်ဆောင်ပြီး လျှောက်သွားခဲ့သည့် ဟိုင်န်ရီ၏ ခါးမှအဝတ်စကို အသာဆွဲလိုက်မိ၏။

ဟိုင်န်ရီ မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည့်အချိန်တွင် ရက်ရှ်တာက အနားသို့ ရောက်ရှိလာတော့သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment