no

Font
Theme

အပိုင်း ၂၈ (ဒီလိုမျိုး လိုက်ရှာနေဆဲပါ)

"ဘာဖြစ်လို့ ကျုပ်ကို လှည့်စားရတာလဲ။ ကျုပ် ကျိန်းသေပေါက် ပြောခဲ့ရဲ့သားနဲ့။ တကယ် အရေးကြီးတဲ့လူကို ရှာနေတာပါလို့။"

ရောက်ရောက်ချင်း တော်ဝင်မင်းသား ဟိုင်န်ရီ၏ အသံကို ကြားလိုက်ရပြီး အခြေအနေကို ချက်ချင်းနားလည်လိုက်သည်။

အလိမ်အညာဖြစ်ကြောင်း အဖော်ခံလိုက်ရပုံပင်။

အစေခံမိန်းကလေးက မျက်နှာအရဲသားဖြင့် စကားပြောရန် နှုတ်ခမ်းကို ဟလိုက်သော်လည်း သေချာပြန်မဖြေနိုင်ခဲ့။

"တကယ် တရားလွန်တာပဲ။"

အစေခံမိန်းကလေး၏ အဖြေကို အသာလေး စောင့်နေခဲ့သော တော်ဝင်မင်းသား ဟိုင်န်ရီက ခပ်သဲ့သဲ့ သက်ပြင်းချလိုက်သည်။

"အရှေ့အင်ပါယာမှာ အစေခံက တော်ဝင်မိသားစုကိုလည်း လှည့်စားတာပဲလား။ နေပါဦး၊ ဂုဏ်ရှိန်အဆင့်အတန်းကို ခဏဖယ်ထားရင်တောင် ဒါက တကယ် ဆိုးဝါးတဲ့လုပ်ရပ်ပဲ မဟုတ်ဘူးလား။"

သူ့ဘာသာ ရေရွတ်နေသည်လား၊ ကဲ့ရဲ့နေသည်လား မသဲကွဲသော စကားကြောင့် အရှေ့အင်ပါယာမှ မှူးမတ်အချို့က ဒေါသတကြီးဖြင့် အစေခံမိန်းကလေးကို စိုက်ကြည့်ကြလေတော့သည်။

"တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတာကို ဘယ်လိုများ..."

တစ်စုံတစ်ယောက်က တမင်ကြားစေလိုဟန်ဖြင့် အသံထွက်ကာ ရေရွတ်လိုက်သည်။

အစေခံမိန်းကလေး၏ မျက်နှာလည်း ပို၍ပင် နီရဲလာတော့၏။

"ဘယ်လိုဖြစ်ကုန်တာလဲ။"

ဘေးတွင်ရပ်နေသော မှူးမတ်အနွယ်တော်တစ်ဦးအား အသေးစိတ် အခြေအနေကို မေးလိုက်ရာ သူက အသံကိုနှိမ့်၍ ရှင်းပြပေးခဲ့သည်။

"အတိအကျ ဘယ်လိုဖြစ်သွားမှန်းတော့ မသိပါဘူး။ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးပဲ စကားပြောနေကြတယ်လို့ ထင်ခဲ့တာပါ။ နောက်မှ ကြည့်တော့ တော်ဝင်မင်းသားက အဲ့ဒီ အစေခံမိန်းကလေးကို မေးမြန်းနေတာ တွေ့ရပါတယ်။"

သူက ခေတ္တ စဉ်းစားဟန်ပြုပြီးမှ ထပ်ဖြည့်ပြောခဲ့သည်။

"စာပါအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောသံတွေ ထွက်လာတာကိုကြည့်ရင် အစေခံမိန်းကလေးက စာပါအကြောင်းအရာကို တစ်မျိုးတစ်ဖုံ သိထားပုံရပါတယ်။"

"အဲ့ဒီလိုလား၊ ပြောပြပေးလို့ ကျေးဇူးပါပဲ။"

မှူးမတ်အနွယ်တော် အမျိုးသမီးက တောင်ဝင်မင်းသား ဟိုင်န်ရီနှင့် အစေခံမိန်းကလေးတို့ဘက်သို့ ပြန်ပြီးအာရုံစိုက်လိုက်သည်။

ကျွန်မ တစ်ချက်လေး တွေးလိုက်မိ၏။

တော်ဝင်မင်းသား ဟိုင်န်ရီသာ ထိုအစေခံမိန်းကလေးအပေါ် ရိုင်းပျသော အပြုအမူတစ်ခုခု လုပ်ရန်ကြံလာလျှင် ကျွန်မ ဝင်ရောက်တားဆီးပေးခြင်းက မှန်ကန်ပေလိမ့်မည်။

သို့သော် အစေခံမိန်းကလေးက တော်ဝင်မင်းသား ဟိုင်န်ရီအပေါ် တစ်ခုခု အမှားလုပ်ထားသည်ဆိုပါက သူ၏ သခင်မ ရက်ရှ်တာကသာ ရှေ့ထွက်ဖြေရှင်းသင့်ပေသည်။

ရက်ရှ်တာအနေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ အစေခံမိန်းကလေးကို ခိုင်း၍ဖြစ်စေ တောင်းပန်ခိုင်းသင့်၏။

အစေခံမိန်းကလေးကလည်း ထိုကဲ့သို့ အလားတူ တွေးနေဟန်ပင်။

တုန်ရီနေသော ကိုယ်ဖြင့် ရက်ရှ်တာကို ခိုးကြည့်နေသည်။

သို့သော် မလှမ်းမကမ်းတွင် ရပ်နေသည့် ရက်ရှ်တာက အံ့အားသင့်နေသည့် အမူအရာကိုသာ ပြုနေကာ အခြေအနေကို ဝင်ရောက်ထိန်းချုပ်ရန် စိတ်ကူးမရှိပုံပင်။ ကျွန်မလည်း အကျပ်ရိုက်ရတော့သည်။

နောက်ဆုံး ကြည့်မနေနိုင်တော့သဖြင့် ကြားဝင်ရန် ပြင်လိုက်ချိန်တွင်...

အစေခံမိန်းကလေးက 'တကယ်တော့...' ဟု အစချီ၍ ပြောရန်ပြင်လိုက်သော်လည်း ရုတ်တရက် တော်ဝင်မင်းသား ဟိုင်န်ရီက သူ့စကားကို ပစ်ပယ်ကာ ကိုယ်တိုင် စကားစပြောလာခဲ့သည်။

"ကျုပ်အထင်၊ လေဒီက ကျုပ်ကို လုံးဝကြီး လိမ်ခဲ့တာတော့ မဟုတ်လောက်ဘူး။ ဟုတ်တယ်မဟုတ်လား။"

"ရှင်..."

"ကျုပ် ပထမက လုံးဝ အလှည့်စားခံလိုက်ရတယ်လေ။ ကျုပ်က မိုက်မဲလို့ အလှည့်စားခံရတာ မဟုတ်ဘူး ထင်တာပဲ။ ကျိန်းသေပေါက် အစပိုင်းမှာ ယုံချင်စရာပဲမို့လို့။ ကျုပ် တကယ်ရေးခဲ့တဲ့ စာရဲ့ အကြောင်းအရာကိုလည်း သိနေတာဆိုတော့။"

တော်ဝင်မင်းသား ဟိုင်န်ရီ၏ အသံက တိုးညင်းသော်လည်း နားထဲတန်းဝင်လာသည်။

ကျွန်မတစ်ယောက်တည်းသာ ထိုသို့ခံစားရခြင်း မဟုတ်သည့်အလား အားလုံးက အံ့အားသင့်နေသော အမူအရာများဖြစ်နေကြ၏။

ဘာပဲဖြစ်ဖြစ် အဲ့ဒီအစေခံမိန်းကလေးက။ ထင်တဲ့အတိုင်း တကယ် ဘာမှမသိဘဲ လိမ်ခဲ့တာတော့ မဟုတ်ဘူးကိုး...

ရက်ရှ်တာပါ ပါဝင်ပတ်သက်နေခြင်း ရှိ၊ မရှိကိုတော့ မသိသော်လည်း အနည်းဆုံး ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကတော့ ဤအစေခံမိန်းကလေး၏ လိမ်ညာမှုကို အကူအညီပေးခဲ့သည်မှာ ကျိန်းသေပေ​သည်။

"ကျုပ်ကတော့ ဒီလို တွေးတယ်။ လေဒီက ကျုပ်ရဲ့ စာဖလှယ်ဖော် မဟုတ်ပေမဲ့ စာဖလှယ်ဖော်နဲ့ သိကျွမ်းနေတာ။ ဒါမှမဟုတ်... နောက်ထပ် ကြားခံတစ်ဆင့်ကနေ သိခဲ့တာ။ အဲ့ဒီလိုမဟုတ်လား။"

"အဲ့ဒါက... အဲ့ဒီတော့လေ... "

"လေဒီရဲ့ သခင်မက ဘယ်သူလဲ။"

တော်ဝင်မင်းသား ဟိုင်န်ရီက ခပ်ရေးရေး ပြုံးလိုက်သည်။

"ဧကန္တ လေဒီရဲ့ သခင်မက ကျုပ်ရှာနေတဲ့သူ ဖြစ်နေမလား။ ကျုပ်နဲ့ အပြန်အလှန် စာဖလှယ်ခဲ့တဲ့သူ။"

လုံးဝလွဲတဲ့ ကောက်ချက်အမှားကြီးပါလား...။

စိတ်ထဲမှ စုတ်သပ်လိုက်မိသော်လည်း ထူးဆန်းသည့် ခံစားချက်တစ်ခု ဝင်လာသည်။

သူ၏ ထင်မြင်ချက်ကို အခိုင်အမာ ချပြနေသော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်လုံးများကတော့ အင်မတန် အေးစက်နေပုံပင်။

'ဒီအတိုင်း စိတ်ဆိုးနေလို့ ဒီလိုမျက်နှာထားမျိုး ဖြစ်နေတာများလား။'

တစ်ချက်တွေးတောနေစဉ်။

ဤတစ်ကြိမ်တွင်တော့ ထင်မှတ်မထားဘဲ ယခုအချိန်အထိ အသာလေးနေနေခဲ့သည့် ရက်ရှ်တာက သက်ပြင်းချကာ အရှေ့ထွက်လာခဲ့သည်။

"တော်ဝင်မင်းသား ဟိုင်န်ရီကို စာအပြန်အလှန် ဖလှယ်နေတုန်းကတော့ စနောက်တတ်တဲ့ ပုဂ္ဂိုလ်ပဲလို့ ထင်ထားခဲ့တာ။ ထင်မထားလောက်အောင် ထက်မြက်တာပဲ။"

ရက်ရှ်တာက အရှေ့ထွက်လာရုံတင်မကပေ။

ဟိုင်န်ရီ၏ စာဖလှယ်ဖော်မှာ သူပဲဖြစ်ကြောင်း အရိပ်အမြွက်ဖြင့် ပြောခဲ့သည်။

လူတို့လည်း တစ်ဦးကိုတစ်ဦး လှမ်းကြည့်ကာ တီးတိုးပြောဆိုကုန်ကြ၏။

တော်ဝင်မင်းသား ဟိုင်န်ရီက မျက်ခုံးပင့်ကာ ရက်ရှ်တာကို ကြည့်လိုက်ပြီးမှ အပြုံးလေးဖြင့် မေးလိုက်သည်။

"လေဒီ ရက်ရှ်တာ၊ ကျွန်တော် ရှာနေတဲ့ စာပေးစာယူ သူငယ်ချင်းလိုမျိုး စကားပြောနေတာပဲ။"

"ဟုတ်ပါတယ်၊ တော်ဝင်မင်းသား ဟိုင်န်ရီ ရှာနေတဲ့သူက ရက်ရှ်တာပါ။"

ဘာရယ်။

ရက်ရှ်တာနဲ့ အစေခံမိန်းကလေးတို့ ဇာတ်တိုက်ထားကြတာလား။

အစကတည်းက ဒီလို အစီအစဉ်ကို...ဟင့်အင်း၊ အဲ့ဒီလိုမဟုတ်တဲ့ပုံပဲ။

ရက်ရှ်တာ၏ အစေခံမိန်းကလေးက အံ့အားသင့်နေသော မျက်လုံးများဖြင့် ရက်ရှ်တာကို ကြည့်နေပုံထောက်လျှင်။

တော်ဝင်မင်းသား ဟိုင်န်ရီက ဘာတွေးနေမှန်း မသိနိုင်သော မျက်နှာဖြင့် ရက်ရှ်တာကို အကဲခတ်သလိုကြည့်ပြီး မေးခဲ့သည်။

"ဒါနဲ့ ဘာလို့ ကိုယ်တိုင် ထွက်မလာဘဲ အစေခံမိန်းကလေးကို လွှတ်လိုက်ရတာလဲဗျ။"

"ရက်ရှ်တာက အရှင်ဧကရာဇ်ရဲ့ မိန်းကလေး မဟုတ်လားရှင့်။ ကျိန်းသေပေါက် ကျွန်မတို့နှစ်ယောက်က ရိုးရိုးသားသား သူငယ်ချင်းတွေပဲဆိုပေမဲ့ အရှင်ဧကရာဇ်များ စိတ်အနှောင့်အယှက် ဖြစ်သွားမလား စိုးရိမ်မိလို့ပါ။"

“……”

"ဒီအတောအတွင်း ခင်မင်ခဲ့တာကို ထောက်ထားပြီးတော့ပဲဖြစ်ဖြစ် စိတ်ခုမသွားဖို့ မျှော်လင့်မိပါတယ်။"

ရက်ရှ်တာက သတိထားပြီး ပြောနေရင်း မျက်လုံးကို ဝိုင်းနေအောင် ပြူးလိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက ခေါင်းကိုငဲ့စောင်းလိုက်သည်။

အချိန်ရပ်တန့်သွားသည့်အလား သူက ရက်ရှ်တာကို စိုက်ကြည့်နေ၏။

ထိုသို့နေရာမှ ရုတ်တရက် ရယ်ချလိုက်သည်။

ရက်ရှ်တာလည်း ဆတ်ခနဲတုန်သွားတော့၏။

ထိုသို့ဖြစ်သွားသည်မှာလည်း သဘာဝကျပေသည်။

တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်နှာထားက ရက်ရှ်တာ၏ အလိမ်အညာကို သိနှင့်ပြီးသည့်အလား ရယ်စရာကောင်းလွန်း၍ သေတော့မလိုမျက်နှာထားမျိုး ဖြစ်နေသောကြောင့်ပင်။

'ရက်ရှ်တာက အတုမှန်းသိနေလို့ ငါ့မျက်လုံးထဲမှာပဲ ဒီလို မြင်နေရတာများလားတော့ မသိပေမဲ့...'

"တော်ဝင်မင်းသား ဟိုင်န်ရီပြောပါတယ်။ အဲ့ဒီစကားတွေကို အလိမ်အညာမှန်း သိနေတဲ့ပုံစံမျိုး ပေါ်မနေဘူးလားရှင့်။"

'မဟုတ်ဘူးကိုး။'

လော်ရာ ကျွန်မနားထဲကပ်ပြီး တီးတိုးပြောလာသည်ကို ကြားလိုက်ရတော့ ကျွန်မအမြင်မှာသာ ဤကဲ့သို့ မြင်နေရခြင်းမဟုတ်ကြောင်း သိလိုက်ရတော့သည်။

သို့ရာတွင် အထင်မှားခဲ့ခြင်းပဲလား။

စောစောက ရက်ရှ်တာကို လှောင်ပြောင်သည့် မျက်နှာထားဖြင့် ကြည့်နေခဲ့သော တော်ဝင်မင်းသား ဟိုင်န်ရီက သက်သေပြပါဟူသည့် စကားမျိုးမပါဘဲ ခပ်ရေးရေးပြုံးရင်း ပြောခဲ့သည်။

"အဲ့ဒီလိုကိုး။ လုံးဝ စိတ်မခုပါဘူးဗျ။ ဒါပေမဲ့ ဒီတစ်ခါလည်း အတုဖြစ်နေရင် ဘယ်လိုလုပ်မလဲလို့တော့ တွေးမိတာပေါ့။"

"တွေးလို့ပြီးသွားပြီလားဟင်။ အတည်ပြုချင်တယ်ဆိုရင်လည်း ဘယ်လောက်ပဲ အတည်ပြုပြု ရပါတယ်။ ရက်ရှ်တာကတော့ ယုံကြည်မှုရှိတယ်ရှင့်။"

"မဟုတ်တာ။ ရပါတယ်ဗျ။ လေဒီ ရက်ရှ်တာက ဒီလိုကိစ္စမျိုးကို လိမ်ညာတတ်ရိုးလားဗျာ။"

"ဒါပေါ့ရှင်။"

ရက်ရှ်တာက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သောအခါ ဟိုင်န်ရီ၏ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်က ကွေးညွှတ်၍ ပင့်တက်သွားတော့သည်။

"ဒီတစ်ခါတော့ တကယ် အမှန်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ လေဒီ ရက်ရှ်တာ။ ဒုတိယအကြိမ် အလှည့်စားခံရရင် ပိုပြီးဒေါသထွက်ရမှာမို့လို့ပါ။"

သူ့အကြည့်က ပထမဆုံး လိမ်ညာခဲ့သည့် အစေခံမိန်းကလေးဆီသို့ ရွေ့သွားသည်။

စောစောက ချစ်ခင်ကြင်နာသော မျက်နှာထားက လုံးဝပျောက်ကွယ်သွား၏။

အေးစက်သော အကြည့်ကြောင့် အစေခံမိန်းကလေးလည်း ခေါင်းငုံ့သွားခဲ့သည်။

"ရာရာစစ လေဒီ ရက်ရှ်တာလို အယောင်ဆောင်ခဲ့တဲ့သူဆိုတော့ အပြစ်ပေးကို ကိုယ့်ဘာသာ ကြည့်ကြပ်ပေးမယ်မဟုတ်လားဗျ။"

တော်ဝင်မင်းသား ဟိုင်န်ရီ ရက်ရှ်တာအနားသို့ကပ်ပြီး မေးလိုက်သည်ကို ရက်ရှ်တာက ခေါင်းညိတ်လိုက်တော့ သူက ခါးပြန်မတ်ပြီး ထိုနေရာမှ ထွက်ခွာသွားလေသည်။

~~~~

"အမလေးနော်၊ အဲ့ဒီလို မြေခွေးမျိုးလည်း ရှိသေးတာလား။"

အနောက်နန်းဆောင်သို့ ရောက်လျှင်ရောက်ချင်း ရံရွေတော်များက ဒေါသတကြီး အော်ဟစ်ကြလေသည်။

"ဧကရီအရှင်မ၊ အဲ့ဒီ အောက်တန်းစား စိတ်ရှိသလို ထင်ရာစိုင်းနေတာကို ဒီအတိုင်းပဲ လွှတ်ထားတော့မလို့လားရှင့်။"

"အရှင်ဧကရာဇ်ရဲ့ ချစ်သူဖြစ်နေတာတောင် လိမ်ညာပြီး တခြားတိုင်းပြည်က မင်းသားနဲ့ ခင်မင်ဖို့ ကြိုးစားသတဲ့လား။"

"မျက်နှာပြောင်တိုက်လွန်းပါတယ်။"

ပုံမှန်ဆိုလျှင် ဂုဏ်သိက္ခာကို ထိန်းလေ့ရှိသည့် နယ်စားကတော်ကြီး အယ်လီဇာပါ ယခုတော့ အတော်လေး ဒေါသထွက်နေပုံပင်။ မျက်နှာက အပူဓာတ်ကို ယပ်တောင်ဖြင့် လျင်မြန်စွာ ခတ်နေလေ၏။

"တော်ဝင်မင်းသားက ရက်ရှ်တာကို အတုမှန်း သိနေတာမို့လို့ တအား စိတ်လှုပ်ရှားနေစရာ မလိုပါဘူး။"

ဤအတိုင်းထားမည်ဆိုလျှင် အုပ်စုလိုက် သတိလစ်သွားမလား မသိရသဖြင့် နောက်ဆုံးတွင် သူတို့ကို စိတ်ငြိမ်သွားစေမည့် စကားကို ပြောလိုက်ရသည်။

ရံရွေတော်များက အံ့သြတကြီးမျက်နှာထားနှင့် ကျွန်မကို ကြည့်လာကြ၏။

ဘာကြောင့်များ ထိုမျှအထိ ဘာသိဘာသာ တွေးရသလဲဟူသော အတွေးက သူတို့ မျက်နှာပေါ်တွင် အတိုင်းသား ပေါ်လွင်နေသည်။

လော်ရာက စိတ်လှုပ်ရှားလွန်း၍ နှာခေါင်းမှ လေပူများပါ မှုတ်ထုတ်ရင်း အော်ပြောလေ၏။

"အစပိုင်းမှာတော့ နည်းနည်း မသင်္ကာတဲ့ အရိပ်အယောင်ပြနေပေမဲ့ နောက်တော့ ချက်ချင်း ယုံသွားတာပဲမဟုတ်လားရှင့်။ ဒီလောက်အထိ မှင်သေသေ နေပြနိုင်တော့ လုံးဝ လှည့်စားခံလိုက်ရတာ သေချာပါတယ်။"

ကျန်ရံရွေတော်တစ်ဦးကလည်း မကျေမနပ်ဖြစ်နေသော အသံဖြင့် ဖြည့်စွက်ပြောခဲ့သည်။

"ဘယ်ပြောနိုင်မလဲ။ ရက်ရှ်တာက ဘာပဲဖြစ်ဖြစ် ရုပ်ကလေးလှတော့ ဒီအတိုင်း အလှည့်စားခံလိုက်တာ ဖြစ်မလားဆိုတာ။"

"ရက်ရှ်တာက အစစ်အမှန်ပဲလို့ တွေးခဲ့မယ်ဆိုရင် ချက်ချင်းကြီး ဘယ်ယုံသွားပါ့မလဲ။"

ကျွန်မ၏အတွေးကို ရှင်းပြပေးလိုက်တော့မှ ရံရွေတော်များက 'အဲ့ဒီလိုလား' ဟူသော ပုံစံမျိုးဖြင့် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

"အဲ့ဒီစကားအတိုင်းဆို ဧကရီအရှင်မက တော်ဝင်မင်းသား ဟိုင်န်ရီီကို အဲ့ဒီမိန်းမရဲ့ အလိမ်အညာမှာ တမင်တကာ အလှည့်စားခံချင်ယောင်ဆောင်နေတယ်လို့ ယူဆတယ်ဆိုတဲ့သဘောလားရှင့်။"

"အဲ့ဒီလို ဖြစ်နိုင်ခြေက မြင့်မယ်ထင်တယ်။ တစ်ခါ အလှည့်စားခံထားရတဲ့ ကိစ္စကို အဲ့ဒီပုံစံအတိုင်း နှစ်ခါတိတိ အလှည့်စားခံရတယ်ဆိုတာက ထူးဆန်းလို့လေ။ ဒါပေမဲ့ ထူးဆန်းတာက..."

ဘာလို့ မဖြစ်မနေ အဲ့ဒီလိုလုပ်တာဖြစ်မလဲ။

ရံရွေတော်တွေရဲ့ ထင်မြင်ချက်အတိုင်း ရက်ရှ်တာကို သဘောကျလို့ အတုအယောင် ဖြစ်နေလည်း ကိစ္စမရှိဘူးဆိုပြီး ယူဆလိုက်တာများလား။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment