no

Font
Theme

အပိုင်း ၅၅ (ကျွန်တော်ကပဲ မြှူဆွယ်ကြည့်ရမလား)

သေတ္တာထဲတွင် ထည့်ထားသည့် နားကပ်ကို ကြည့်နေစဉ်မှာပင် လန့်သွားသဖြင့် မော့ကြည့်လိုက်မိသည်။

နားရွက်ဖျားသို့ တစ်ဖန်ထပ်၍ နူးညံ့သော အနမ်းတစ်ခု လာရောက်ထိတွေ့ပြန်၏။

ကျွန်မ ဆံပင်များကိုလွှတ်ပြီး အဖုံးကို ပိတ်လိုက်သည်။

တစ်ဖက်လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ဆိုဗီရ်ရှုက ကျွန်မ၏ နှုတ်ခမ်းပေါ်သို့ သူ၏ နှုတ်ခမ်းများကို ခပ်ဖွဖွ လာရောက်ဖိကပ်လေ၏။

သို့သော် ထိုအနမ်းကို တုံ့ပြန်မည့်အစား ကျွန်မက နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ သေတ္တာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အနောက်သို့ ဆုတ်လိုက်သည်။

ဆိုဗီရ်ရှုက အနည်းငယ် အံ့အားသင့်သွားသည့် မျက်နှာထားဖြင့် ရှိနေရာမှ ကျွန်မနှင့် မျက်လုံးချင်းဆုံမိတော့ အိုးတိုးအမ်းတမ်း ပြုံးပြကာ ကျွန်မထံသို့ လက်ကို ဂရုတစိုက် ကမ်းပေးလာ၏။

“·······”

ကျွန်မ ဆိုဗီရ်ရှု၏ ရှည်သွယ်သော လက်ချောင်းများကို စိုက်ကြည့်နေမိရာမှ ခေါင်းခါလိုက်သည်။

“ဧကရီ။”

ဆိုဗီရ်ရှုက ကျွန်မကို စိုက်ကြည့်ရင်း ခေါ်ခဲ့သော်လည်း ကျွန်မကမူ ခေါင်းကိုသာ ထပ်ခါတလဲလဲ ခါယမ်းနေမိ၏။

သူ ဘာကြောင့် ရုတ်တရက် နမ်းရန်ကြိုးစားနေမှန်း မသိသော်လည်း ယခုအချိန်တွင်မူ ကျွန်မ မလုပ်ချင်ပေ။

တစ်လကျော်လောက် ရက်ရှ်တာနှင့် အတူရှိနေခဲ့မည်ကို။

အခြားတစ်ယောက်ကို နမ်းခဲ့သည့် နှုတ်ခမ်းများဖြင့် ကျွန်မကို လာနမ်းရန် ကြိုးစားနေခြင်းက စိတ်ပျက်စရာကောင်းလှသည်။

“....ကောင်းပြီလေ။”

ဆိုဗီရ်ရှုက အိုးတိုးအမ်းတမ်းဖြင့် လက်ကို ပြန်ချလိုက်သည်။

တဒင်္ဂတော့ အခန်းထဲတွင် အနေခက်စရာ တိတ်ဆိတ်မှုက လွှမ်းမိုးသွား၏။

ဆိုဗီရ်ရှုက မတ်တတ်ရပ်လျက် စောစောက ကျွန်မ ထိုင်နေခဲ့သည့် လက်တင်ကုလားထိုင်ကိုသာ စိုက်ကြည့်နေပြီး ကျွန်မကမူ ငွေရောင်သေတ္တာလေးကို ကိုင်ထားရင်း တောင့်တောင့်ကြီး ဖြစ်နေခဲ့သည်။

အတော်ကြာမှသာ တစ်ဝက်ပွင့်နေသော သေတ္တာထဲမှ တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ထွက်ပေါ်နေဆဲဖြစ်သော ဂီတသံစဉ်ကို သတိထားမိတော့၏။

သေတ္တာအဖုံးကို အသာလေး ဖိလိုက်မှသာ ဂီတသံက ရပ်တန့်သွားသည်။

ဆိုဗီရ်ရှုက လက်တင်ကုလားထိုင်မှ အကြည့်လွှဲကာ သေတ္တာကို ကြည့်လိုက်ပြီးနောက် ကျွန်မကို တစ်ဖန် ပြန်ကြည့်လာ၏။

“ဧကရီက………တစ်ခါတလေကျရင် အိမ်ထောင်ဖက်ဆိုတာထက် လုပ်ဖော်ကိုင်ဖက်နဲ့ ပိုတူနေသလိုပဲ။”

“အိမ်ထောင်ဖက်ဆိုတာ ဘဝခရီးလမ်းကို အတူတူလျှောက်လှမ်းရမဲ့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်နေလို့ပါ။”

“အိမ်ထောင်ဖက်နဲ့ လုပ်ဖော်ကိုင်ဖက်က အတူတူပဲဆိုရင် မဖြစ်မနေ လက်ထပ်နေစရာ လိုအပ်သေးလို့လား။”

ဆိုဗီရ်ရှုက သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပင်ပန်းနေပြီဟုပြောကာ အပြင်သို့ ထွက်သွားခဲ့သည်။

ဒေါက်ခနဲ တံခါးပိတ်သံ ထွက်ပေါ်လာ၏။

ကျွန်မ မျက်လုံးကို မှိတ်ထားရင်း အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်သည်။

ခဏအကြာတွင် တံခါးပြန်ပွင့်လာသည့်အသံ ကြားလိုက်ရပြန်၏။

မျက်လုံးဖွင့်ကြည့်လိုက်တော့ နယ်စားကတော် ဂျူဘယ်ရ်က အနောက်ကို လှည့်ကြည့်ရင်း ဝင်လာနေသည်။

လင်ပန်းထဲတွင် ယိုသုတ်ထားသည့် ပေါင်မုန့်ကင်နှင့် ဖျော်ရည်ကို ယူဆောင်လာသော နယ်စားကတော်က တစ်ခုခုကို မသင်္ကာသလိုမျက်နှာဖြင့် အနောက်ကို အကြိမ်ကြိမ် လှည့်ကြည့်နေရာမှ ကျွန်မအနား ရောက်လာတော့ မေးခွန်းထုတ်လေ၏။

“ဧကရီ အရှင်မ၊ အရှင်ဧကရာဇ်နဲ့ ရန်ဖြစ်ခဲ့ကြလို့လားရှင့်။”

လာသည့်လမ်း၌ ဆိုဗီရ်ရှုနှင့် ဆုံခဲ့ပုံပင်။

“အရှင်ဧကရာဇ်က ဖျားချင်နေသလိုပဲမို့လို့ နန်းတွင်းသမားတော်ကို လွှတ်ပေးဖို့ လုပ်လိုက်ပါဦး။”

ကျွန်မက အဖြေမပေးဘဲ အခြားကိစ္စကိုသာ ညွှန်ကြားလိုက်ပြီး သူ့ထံမှ ပန်းကန်ကို လှမ်းယူလိုက်သည်။

“ကျွန်မ တစ်ယောက်တည်း အေးအေးဆေးဆေး စားချင်လို့၊ အဆင်ပြေမလား။ နယ်စားကတော် ဂျူဘယ်ရ်။”

~~~~

တစ်ယောက်တည်း အထီးကျန်စွာ ကျန်ရစ်ခဲ့သည့် အခန်းထဲတွင်။

​စားပွဲပေါ်၌ ပန်းကန်များကို ချထားလျက် ကျွန်မ စက်ရုပ်တစ်ရုပ်အလား လက်နှင့် ပါးစပ်ကို လှုပ်ရှားနေမိသည်။

​ပေါင်မုန့်က အပြင်သား ကြွပ်ကြွပ်လေးနှင့် အတွင်းသားက နူးညံ့နေပြီး၊ စတော်ဘယ်ရီယိုကလည်း အနံ့မွှေးမွှေးလေးနှင့် သကြားခဲလေးလို ချိုမြိန်လှ၏။

​စပျစ်စိမ်းဖျော်ရည်ကလည်း အလားတူပင် အေးမြလန်းဆန်းစေသော်လည်း ယင်း၏ အရသာကို ကျွန်မ အပြည့်အဝ မခံစားနိုင်ခဲ့ပေ။

​ရင်ထဲတွင် တစ်ဆို့နေပြီး စိတ်ကလည်း ဟာတာတာနှင့် လွင့်မျောနေ၍ ဖြစ်မည်ထင်သည်။ ကျွန်မ စားသောက်​​နေခြင်း ဟုတ်၊ မဟုတ်ကိုပင် တစ်ချက်တစ်ချက် ဝေခွဲမရဖြစ်မိ၏။

​နောက်ဆုံးတွင် ပေါင်မုန့်တစ်ဝက်လောက် စားပြီးသည့်နောက် ဆက်စား၍ မရတော့ဘူးဟု ဆုံးဖြတ်လိုက်သည်။

​ဤအတိုင်း ဆက်စားနေလျှင် အစာမကြေဖြစ်ရုံသာရှိမည်ဖြစ်ရာ ခက်ရင်းကို ချလိုက်၏။

​သို့သော်လည်း ပါးစပ်ဆေးသည့်အနေဖြင့် ဖျော်ရည်ကို တစ်ငုံသောက်နေစဉ် ပြတင်းပေါက်နားတွင် ရင်းနှီးနေသည့် ငှက်တစ်ကောင်ကို တွေ့လိုက်ရသည်။

​ရွှေရောင်တောင်ပံ၊ ခရမ်းရောင်မျက်ဝန်း၊ ကြီးမားသည့် ကိုယ်ထည်နှင့် ခံ့ညားသည့် နှုတ်သီး...။

​“ကွီးန်လား။”

​ကွီးန်နဲ့တူလိုက်တာ။

​ဒါပေမဲ့ ဒီနေရာမှာ ကွီးန် ရှိနေစရာ အကြောင်းမရှိဘူး မဟုတ်လား။

​သံသယဖြစ်မိသော်လည်း ကျွန်မ၏ ခြေလှမ်းများက ပြတင်းပေါက်ဆီသို့ အလိုလို ဦးတည်သွားမိ၏။

​ပြတင်းပေါက်ကို ဖွင့်လိုက်သည်နှင့် ငှက်ကြီးက ဝဲကာယမ်းကာဖြင့် အထဲသို့ ဝင်လာသည်။

​“ကွီးန်။”

​တကယ်ပင် ကွီးန် ဖြစ်နေ၏။

​ထိုမျှမကသေးဘဲ ဘာဖြစ်လာခဲ့သည်မသိ၊ သူ့မျက်ဝန်းလေးများက စိုစွတ်နေလေသည်။

​“ကွီးန်၊ ဒီအထိ ရောက်လာတာလား။ ငါ့ကို လာရှာတာလား။”

​ကွီးန်က ခေါင်းညိတ်ပြကာ အတောင်ပံနှစ်ဖက်ကို အကျယ်ကြီးဖြန့်ပြီး ကျွန်မကို ပွေ့ဖက်ပေးခဲ့သည်။

​“ကွီးန်။”

​ကြည့်ရသည်မှာ ကျွန်မကို နှစ်သိမ့်ပေးလိုသည့် ပုံစံပင်။

​မည်မျှပင် ကြီးမားသည့် ငှက်ဖြစ်ပါစေ လူထက်တော့ မကြီးနိုင်သဖြင့် ကွီးန်၏ တောင်ပံများက ကျွန်မကို လုံးဝလုံအောင် မဖုံးအုပ်နိုင်ခဲ့ပေ။

​သို့သော်လည်း တောင်ပံများကို အစွမ်းကုန်ဖြန့်ပြီး ကျွန်မကို ထွေးပွေ့ရန် ကြိုးစားနေသည့် သူ၏ အပြုအမူနှင့် မေးစေ့နားတွင် လာထိနေသော နူးညံ့လှသည့် အမွေးလေးများကြောင့် ရင်ထဲတွင် ဖိုလှိုက်သွားရသည်။

​သူ့နဖူးလေးကို နမ်းလိုက်တော့ ထုံးစံအတိုင်း တောင့်တောင့်ကြီး ဖြစ်သွားသော်လည်း တောင်ပံများကိုမူ ပြန်မသိမ်းခဲ့ပေ။

​တကယ်ပဲ ကျွန်မကို နှစ်သိမ့်ပေးနေခြင်းလား။

​တိရစ္ဆာန်များက လူ့စိတ်ကို ဗီဇအရ သိကြသည်ဟု အဆိုရှိ၏။

​ကြည့်ရသလောက် ကွီးန်လည်း ယခု ကျွန်မ ခံစားနေရသည်များကိုသိ၍ ဤကဲ့သို့ လုပ်ပေးနေခြင်း ဖြစ်ပေလိမ့်မည်။

​ကျွန်မ ကွီးန်၏ ရင်ခွင်ထဲမှ ထွက်ပြီးနောက် သူ့ကို ပေါင်ပေါ်တင်ကာ ပြန်လည်ထွေးပွေ့ထားလိုက်သည်။

​“ငါတော့ ငါတို့ ကွီးန်သာ မရှိရင် အခု နေရှင်နိုင်တော့မှာ မဟုတ်ဘူးထင်တယ်။”

​-...

​“ကွီးန် အနောက်ဘုရင့်တိုင်းပြည်ကို ပြန်သွားရင် ဘယ်လိုလုပ်ရမလဲ။”

​-.....

​“လိုက်ခဲ့ရမလား။”

​ကွီးန်က အသည်းအသန် ခေါင်းညိတ်ပြသဖြင့် ကျွန်မထံမှ ရယ်သံလေး ထွက်လာခဲ့သည်။

​“တော်ဝင်မင်းသား ဟိုင်န်ရီက နင့်လို ချစ်စရာကောင်းတဲ့ ကလေးကို ဘယ်ကနေများ ခေါ်လာတာပါလိမ့်။”

​ပိုပြီးချစ်စရာကောင်းအောင် လုပ်ပြချင်၍ပဲလားမသိ၊ စကားအဆုံးတွင် ကွီးန်က ခြေချောင်းလေးများကို ဆန့်ထုတ်လိုက်ပြီး မျက်လုံးလေးများကို ဝိုင်းစက်နေအောင်ဖွင့်ကာ ကျွန်မကို မော့ကြည့်လာသည်။

​“ငါလည်း ကွီးန်နဲ့ အမျိုးအစားတူတဲ့ ငှက်တစ်ကောင်လောက် ရှာမွေးရမလား။”

​-....

​“ကွီးန်၊ ညီလေးတစ်ကောင် ရလာရင် ကွီးန်က ချစ်ပေးမှာလား။”

​ဤတစ်ကြိမ်တွင်တော့ ကွီးန်က အကြောက်အကန် ခေါင်းခါပြသဖြင့် ကျွန်မလည်း ဗိုက်နှိပ်ကာ အော်ရယ်မိတော့သည်။

​ထိုစဉ်မှာပင်။

​“ဧကရီ အရှင်မ။”

​နယ်စားကတော် ဂျူဘယ်ရ်က ဧည့်ခန်းထဲသို့ အလောတကြီး ပြေးဝင်လာသည်။

​နယ်စားကတော် ဂျူဘယ်ရ်က ကျွန်မရင်ခွင်ထဲမှ ကွီးန်ကို မြင်ပြီး အံ့အားသင့်ကာ တုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင် ထိုသို့လုပ်နေရမည့် အချိန်မဟုတ်ကြောင်း သတိရသွားဟန်ဖြင့် ခေါင်းကို ခါယမ်းကာ ပြောလာ၏။

​“ဧကရီ အရှင်မ။ အရှင်ဧကရာဇ် သတိလစ် လဲကျသွားပါတယ်။”

​ဘာ။

​“အရှင်ဧကရာဇ် အခု ဘယ်မှာလဲ။”

​“အနီးအနားက အခန်းလွတ်တစ်ခုဆီ ပို့ထားပြီး သမားတော်ကိုလည်း ခေါ်ထားပါတယ်။ ပြီးတော့....”

​“မြို့တော်ကို လူလွှတ်ပြီး နန်းတွင်းသမားတော်ကြီးကိုပါ ခေါ်ခိုင်းလိုက်ပါ။ ဧကန္တများဆိုတာ မသိနိုင်တာမို့လို့။”

​ကျွန်မ အလောတကြီး ထရပ်ကာ ကွီးန်ကို ပြတင်းပေါက်ဘောင်ပေါ်သို့ ချပေးလိုက်သည်။

​ကွီးန်က မသွားချင်သည့်အလား ကြည့်နေသော်လည်း ယခုအချိန်တွင် ကွီးန်နှင့် ဆော့ကစားပေးနေ၍ မရပေ။

​“လိမ္မာတယ်နော်။ နင့်သခင်ဆီကို ပြန်သွားတော့ ကွီးန်။ အာ၊ မဟုတ်သေးဘူး။ နယ်စားကတော် ဂျူဘယ်ရ်။”

​“ဟုတ်ကဲ့ပါ၊ ဧကရီအရှင်မ။”

​“ကွီးန်ကို သောက်စရာ ရေလေးဘာလေး ပေးလိုက်ပါဦး။ အဝေးကြီးကနေ ပျံလာရတာဆိုတော့လေ။”

​“ဟုတ်ကဲ့။”

​“ကွီးန်။ ရေသောက်ပြီး နားပြီးမှ ပြန်တော့။ သိတယ်နော်။”

​ကွီးန်၏ နဖူးလေးကို နမ်းပေးလိုက်ပြီးနောက် ကျွန်မ အမြန်ပင် အပြင်သို့ ထွက်လာခဲ့တော့သည်။

~~~~

“ဘယ်လိုလဲ၊ စဉ်းစားပြီးပြီလား။”

ရက်ရှ်တာက ကုလားထိုင်ပေါ်တွင် ကျုံ့ကျုံ့လေးထိုင်နေသည့်အတိုင်း ဗိုင်းကောင့် လိုတဲရှုကို စိုက်ကြည့်နေ၏။

မနေ့ညကမူ အချိန်နှောင်းနေပြီဟူသော အကြောင်းပြချက်ဖြင့် ဗိုင်းကောင့် လိုတဲရှုကို ပြန်လွှတ်နိုင်ခဲ့သော်လည်း အေးအေးဆေးဆေး ပြန်သွားပြီဟု ထင်မှတ်ထားခဲ့သည့် ဗိုင်းကောင့် လိုတဲရှုက မနက်မိုးလင်းသည်နှင့်တစ်ပြိုင်နက် ပြန်လည်ရောက်ရှိလာကာ ရက်ရှ်တာကို ထိတ်လန့်စေခဲ့သည်။

“ဘာကို စဉ်းစားရမှာလဲ။"

“ငါနဲ့ တစ်လှေတည်းစီးဖို့ကိစ္စလေ။”

မည်သို့ပင်ဖြစ်စေ ဒီအတိုင်း ပြန်သွားမည့်အစီအစဉ်မရှိကြောင်း ပြသသည့်နေအလား ဗိုင်းကောင့် လိုတဲရှုက အေးအေးလူလူ မေးလာသည်။

သူ ကော်ဖီသောက်နေစဉ်အတွင်း ရက်ရှ်တာတစ်ယောက် ကော်ဖီခွက်ကို ရိုက်ချပစ်လိုသည့် စိတ်ဆန္ဒကို ထိန်းချုပ်ထားရင်း လက်ချောင်းလေးများကို ဟိုကိုင်ဒီကိုင် လုပ်နေမိ၏။

“ဒီရက်ပိုင်း မှူးမတ်တွေ နင့်ဘက်ကို ပြန်ကပ်ဖို့ ကြိုးစားနေကြတယ်လို့ ကြားထားတာကို။ ဒါတွေအားလုံးက ငါ့ကျေးဇူးကြောင့်ဆိုတာ မသိဘူးလား။”

“အဲ့ဒါက ဘာလို့ ရှင့်ကျေးဇူးဖြစ်ရမှာလဲ။ မြို့စားမင်း အယ်ရ်ဂီရဲ့ ကျေးဇူးကြောင့်ပါ။”

“မြို့စားမင်း အယ်ရ်ဂီ နင့်ဘက်မှာ ရှိနေပေးတာကရော ငါ့ကြောင့်ပဲ မဟုတ်ဘူးလား။”

ထိုသို့သော အရှက်မရှိသည့် အဖြေကြောင့် ရက်ရှ်တာလည်း ဟားတိုက်ရယ်မိတော့သည်။

သို့သော် ဗိုင်းကောင့် လိုတဲရှုကမူ ဂရုမစိုက်ဘဲ ‘ဟင်း’ ဟု အသံပြုကာ လက်နှစ်ဖက်ကို စုလိုက်ပြီးနောက် မေးစေ့ကို လက်ပေါ်တင်လျက် ပြုံးနေ၏။

“လောလောဆယ် အခု ငွေနည်းနည်း လိုနေတယ်။”

ငွေပေးရမယ်တဲ့လား။

ရဲရဲတင်းတင်း တောင်းဆိုလာမှုကြောင့် ရက်ရှ်တာလည်း အံ့အားသင့်ကာ ရယ်မိပြန်သည်။

ဤသို့ ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း ယခုကဲ့သို့ စောစောစီးစီး ရောက်လာပြီး ငွေအရင်တောင်းလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။

‘ဘယ်လိုများ တကယ်ပဲ ဒီလိုလူမျိုး ရှိနေနိုင်ရတာလဲ။’

ရက်ရှ်တာကား ယခင်ကတည်းက ဗိုင်းကောင့် လိုတဲရှုကို မုန်းတီးခဲ့သူဖြစ်သော်လည်း ယခုအခါတွင် သူက ပို၍ပင် ဆိုးဝါးလာပေပြီ။

ယခင်ကလည်း သူ့ကို မုန်းခဲ့သည်မှာ အမှန်ပင်။

သို့သော် ထိုစဉ်က ဗိုင်းကောင့် လိုတဲရှုမှာ အာဏာနှင့် လုပ်ပိုင်ခွင့်ရှိသူဖြစ်ပြီး မိမိတွင်မူ ဘာမှမရှိခဲ့။

မုန်းတီးမှုကို ကြောက်ရွံ့မှုအောက်တွင် မြှုပ်နှံထားနိုင်ခဲ့သည်။

သို့သော် ယခုအခါတွင် ဗိုင်းကောင့် လိုတဲရှုအပေါ်ရှိနေသော ကြောက်ရွံ့မှုများ ကင်းစင်သွားသည်နှင့်အမျှ ကြောက်ရွံ့မှုအောက်တွင် ပျောက်ကွယ်နေခဲ့သော မုန်းတီးမှုများက ဖြည်းဖြည်းချင်း ပြန်လည်ထင်ရှားလာတော့၏။

ယခုကဲ့သို့ပင်။

“ရှင်၊ ရက်ရှ်တာကို ကူညီပေးမယ်လို့ ပြောခဲ့ပြီးတော့။”

ရက်ရှ်တာက အော်ဟစ်ချင်စိတ်ကို ထိန်းချုပ်ရင်း အေးစက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ ဘာအကူအညီမှလည်း မပေးရသေးဘဲနဲ့ ငွေအရင်တောင်းတယ်တဲ့လား။”

“ပါတီတိုင်းကို မဖိတ်ဘဲနဲ့ လိုက်သွားပြီး နင်မျက်နှာပွင့်ရအောင် လုပ်ပေးခဲ့တာကရော အကူအညီ မဟုတ်ဘူးလား။”

“မြို့စားမင်း အယ်ရ်ဂီ ပေါ်မလာခင်အထိတော့ ရှင့်ဆီကနေ ဘာအကူအညီမှ မရခဲ့ပါဘူး။”

ရက်ရှ်တာက အေးစက်စွာ ပြောလိုက်ပြီးနောက် ချက်ချင်းပင် စကားထပ်ဖြည့်လိုက်သည်။

“ဧကန္တများဆိုပြီး ကြိုပြောထားတာဆိုပေမဲ့။ မြို့စားမင်း အယ်ရ်ဂီက ကျွန်မကို ကျွန်ဖြစ်ခဲ့တာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဂရုမစိုက်တာမို့လို့ အဲ့ဒီကိစ္စနဲ့ အကျပ်ကိုင်ဖို့တော့ မစဉ်းစားပါနဲ့။”

“အဲ့ဒီလူက အဲ့ဒီလို ပြောတာလား။ သူက အဲ့ဒါတွေကို ဂရုမစိုက်ဘူးလို့လေ။”

“ဟုတ်တယ်။”

ကျွတ်စ်ဟု ဗိုင်းကောင့် လိုတဲရှုက စုတ်တစ်ချက်သပ်ကာ ကုလားထိုင်နောက်မှီပေါ်သို့ ကိုယ်ကို ပစ်မှီလိုက်သည်။

“အခုအထိလည်း အဲ့ဒီလိုစကားတွေကို ယုံနေတုန်းပဲလား။ တကယ့် အရိုးခံအတိုင်း ရှိနေသေးတာပဲ၊ ရက်ရှ်တာ။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment