အပိုင်း ၁၁၉ (မတင်မကျ ရဲဘော်ရဲဘက်စိတ်)
ခရစ္စတာက ရဲတင်းလှသော စကားကြောင့် အိုးတိုးအမ်းတမ်းဖြစ်ကာ ကျွန်မဘက်သို့ မသိမသာ ခိုးကြည့်လာသည်။
မိမိပါးစပ်ဖြင့် ပြန်လည်ပြင်ဆင်ပေးလိုက်ပါက ဆူပူကြိမ်းမောင်းသလို ဖြစ်သွားမည်ဖြစ်၍၊ ကျွန်မ၏ သရုပ်မှန်ကို နန်းတွင်းအမှုထမ်းကိုယ်တိုင် ရိပ်မိသွားစေရန် ဖန်တီးလိုသည့်ပုံစံဖြစ်သော်လည်း……ဖြစ်ချင်တော့ ထိုနန်းတွင်းအမှုထမ်းက အကဲခတ် အလွန်ညံ့ဖျင်းလှသည်။
နန်းတွင်းအမှုထမ်းက လုံးဝနားမလည်ဘဲ ထို ‘စစ်မှန်သော မိဖုရားအား ချီးမွမ်းခန်းဖွင့်မှု’ ကို ဆက်လက်ပြောဆိုနေသဖြင့် ခရစ္စတာက ယခုတစ်ကြိမ်တွင်မူ ကျွန်မရှိရာဘက်သို့ မျှော်လင့်တကြီး ကြည့်လာ၏။
ကျွန်မကိုယ်တိုင် ရှေ့ထွက်၍ အမှန်တရားကို အသိပေးစေချင်သည့်ပုံပင်။
ခရစ္စတာကို အားနာမိသော်လည်း…… ကျွန်မ ရှေ့မထွက်ခဲ့။
ထိုအစား၊ နန်းတွင်းအမှုထမ်း၏ အပြုအမူကို အသာလေး စောင့်ကြည့်နေခဲ့သည်။
စောစောက စိုးရိမ်ပူပန်ခဲ့ရသည့် ကိစ္စ။
အသက်အရွယ်ချင်း သိပ်မကွာခြားလှသော မိဖုရားနှစ်ပါး။
ဤအချက်အပေါ် နန်းတွင်းအမှုထမ်းများ၏ ပကတိ သဘောထားကို မြင်တွေ့ချင်သောကြောင့်ပင်။
သဘာဝကျစွာ အာဏာလွှဲပြောင်းမှု မလုပ်ဆောင်နိုင်ခဲ့သဖြင့် လက်တွေ့တွင် မိဖုရားနှစ်ပါး ရှိနေသလို ဖြစ်နေသော နန်းတော်။
တစ်ဦးက ယခု မိဖုရားမဟုတ်တော့သော်လည်း လွန်ခဲ့သောနှစ်အထိ မိဖုရားဖြစ်ခဲ့ပြီး၊ မိဖုရားမဟုတ်တော့သည့် နောက်ပိုင်းတွင်လည်း ဆက်တိုက်ပင် မိဖုရားကဲ့သို့ တာဝန်ယူဆောင်ရွက်ခဲ့သည်။
မိတ်ဆွေ၊ မိသားစုနှင့် ထောက်ခံသူများအားလုံးကလည်း ဤနေရာ၌ပင် ရှိနေကြ၏။
ထို့အပြင် နန်းတွင်းအမှုထမ်းအများစုကိုလည်း သူကိုယ်တိုင် ခန့်အပ်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဆန့်ကျင်ဘက်အနေဖြင့် အခြားတစ်ဦးကမူ မိဖုရားဖြစ်လာခဲ့သော်လည်း တိုင်းတစ်ပါးသူဖြစ်သည့်အပြင်၊ မိသားစု၊ မိတ်ဆွေနှင့် ထောက်ခံသူများအားလုံးကလည်း အခြားတိုင်းပြည်၌သာ ရှိနေကြသည်။
အနောက်ဘုရင့်တိုင်းပြည်၏ နန်းတွင်းအမှုထမ်းများနှင့် မည်သို့မျှ မပတ်သက်ချေ။
နန်းတွင်းအမှုထမ်းများက မည်သူ့အပေါ် သံယောဇဉ်ပိုရှိမည်ဆိုသည်မှာ ထင်ရှားလှသော်လည်း၊ ထိုအရာကို ကျွန်မ၏ မျက်စိဖြင့် သေသေချာချာ အတည်ပြုချင်၏။
ထို့နောက်တွင်လည်း အခြားသော နန်းတွင်းအမှုထမ်းများနှင့် ထပ်မံဆုံတွေ့ခဲ့ရကာ ဆင်တူသောအခြေအနေမျိုးများ ဆက်တိုက်ဖြစ်ပွားခဲ့သော်လည်း၊ ကျွန်မကမူ အဆုံးအထိ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးသာ နေခဲ့သည်။
“ဟို……တအား စိတ်မခုဖို့ မျှော်လင့်ပါတယ်။”
သီးသန့်နန်းဆောင်သို့ ရောက်လုနီးနီးအချိန်တွင်၊ ခရစ္စတာက အတော်လေး စိတ်မသက်မသာဖြစ်နေပုံရကာ ကျွန်မကို အားနာတကြီး ပြောလာသည်။
သူက ဖြူဖျော့နေသော နှုတ်ခမ်းအစုံဖြင့် ဝမ်းနည်းရိပ်သမ်းနေသော အပြုံးမျိုး ပြုံးခဲ့၏။
“ကျွန်မနဲ့ တအားရင်းနှီးနေကြလို့ အခုလို လုပ်မိကြတာဆိုပေမဲ့ လူကောင်းတွေပါ။ အခုတော့ ကျွန်မရဲ့ အခြေအနေကို သနားပြီး ဒီလိုလုပ်နေကြပေမဲ့ မကြာခင် လေဒီ နာဗီရယ်နောက်ကို လိုက်ကြမှာပါပဲ။”
“ဟုတ်ကဲ့……”
ကျွန်မလည်း တအား ဝတ်ကျေတမ်းကျေ မဆန်စေရန် အနည်းငယ် နှေးကွေးစွာ ပြန်ဖြေလိုက်သည်။
သို့သော်လည်း သူ့စကားကိုမူ လုံးဝ သဘောမတူပေ။
ယခုအထိ လာခဲ့သည့် လမ်းတစ်လျှောက်လုံးတွင် ဆုံတွေ့ခဲ့ရသော နန်းတွင်းအမှုထမ်းအများစုက ခရစ္စတာကို ဆက်တိုက်ပင် မိဖုရားဟု ခေါ်ဆိုကာ မြှောက်ပင့်ပေးနေကြသည်။
ကျွန်မက တိုင်းတစ်ပါးသူဖြစ်သည့်အပြင် ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြီးပြီးချင်း နောက်အိမ်ထောင်ပြုလိုက်သည့် မိန်းမလည်ဖြစ်ပြီး၊ အင်အားကြီး အရှေ့အင်ပါယာမှ လာသူဖြစ်၍ စိတ်ကြီးဝင်နေလိမ့်မည်ဟူသော စကားများကိုလည်း ကြားခဲ့ရသေး၏။
နောက်ပြီး ဘာတဲ့။
အာ။
ကြိုတင်ပြီး ဦးအောင်ထိန်းချုပ်တာမျိုး လုပ်ထားရမယ်တဲ့လား။
မြင်းရထားပေါ်မှ ကျွန်မ ဆင်းလာသည်ကို လာရောက်ကြည့်ရှုခဲ့ကြသော နန်းတွင်းအမှုထမ်းအချို့က ပြုံးရွှင်စွာဖြင့် ချဉ်းကပ်လာခဲ့ကြပြီးမှ၊ ခရစ္စတာ၏ အနောက်တွင် ရပ်နေသော ကျွန်မကို မြင်လိုက်ရသည်နှင့် လန့်ဖျပ်ကာ ပါးစပ်ပိတ်သွားခဲ့ကြသော်လည်း……
‘ငါမရှိတဲ့ နေရာမျိုးမှာဆိုရင်တော့ ဆင်တူတဲ့ စကားမျိုးတွေ ပြောကြမှာပဲ။’
ကျိန်းသေပေါက် သူတို့က ခရစ္စတာအတွက်မူ လူကောင်းများ ဖြစ်ကြပေလိမ့်မည်။
သူ မိဖုရားမဟုတ်တော့သည့်နောက်တွင်ပင် အနား၌ရှိနေပေးကာ ခွန်အားပေးနေကြသည့် လူကောင်းများ။
သို့သော်လည်း ထိုလူများက ကျွန်မအတွက် လူကောင်းများ ဖြစ်နိုင်ပါ့မည်လား။
“……”
“လေဒီ နာဗီရယ်။”
သို့သော် ယခုကဲ့သို့သော အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောဆိုနိုင်ခဲ့ခြင်းက၊ ရက်ရှ်တာ ပထမဆုံး ဤနေရာသို့ ရောက်ရှိလာစဉ်က ကိစ္စရပ်များကို ပြန်လည်အမှတ်ရမိစေသောကြောင့်……
ကျိန်းသေပေါက် ကျွန်မနှင့် ခရစ္စတာ၏ အခြေအနေချင်းက မတူညီချေ။
ခရစ္စတာက ဟိုင်န်ရီ၏ မရီးဖြစ်ပြီး ဇနီးမဟုတ်သောကြောင့်ပင်။
သို့သော်လည်း မိမိ၏နေရာက အသစ်ရောက်လာသော လူတစ်ယောက်ကြောင့် ယိမ်းယိုင်သွားရသည်ဟူသော အချက်တွင်မူ ဆင်တူသော ခံစားချက်မျိုး ရှိနေမည်ဟု ထင်မိ၏။
ခရစ္စတာက ကျွန်မ မျက်နှာချင်းဆိုင်လျက် ပြုံးပြလိုက်တော့မှ စိတ်အေးသွားပုံရကာ၊ သီးသန့်နန်းဆောင်သို့ ရောက်ရှိသည်နှင့် ပေါ့ပါးသော ခြေလှမ်းများဖြင့် ချဉ်းကပ်သွားပြီး တံခါးကို ဖွင့်ပေးခဲ့သည်။
“ဒီနေရာပါ။”
ကျွန်မလည်း ရှုပ်ထွေးနေသော စိတ်အခြေအနေကို အစွမ်းကုန် ဖုံးကွယ်ထားရင်း သူ့နောက်မှ လိုက်ပါဝင်ရောက်သွားခဲ့သည်။
ခရစ္စတာက ဂုဏ်ယူဝင့်ကြွားသော အသံဖြင့် မေးမြန်းလာ၏။
“လှတယ်မဟုတ်လား။”
“……ဟုတ်ပါရဲ့။”
သီးသန့်နန်းဆောင်က တကယ် လှပလွန်းပေသည်။
ခန်းမဆောင်ထဲသို့ နူးညံ့လှသော နေရောင်ခြည်များက ကွဲကြေနေသလို စီးဝင်ဖြာကျနေကာ၊ အနည်းငယ် အစီအစဉ်မကျစွာ ချထားသည့် ပရိဘောဂများကလည်း ရှေးဟောင်းစတိုင်လ်ဖြင့် ခန့်ညားထည်ဝါလှ၏။
နည်းနည်းတော့……
အရှေ့အင်ပါယာ၏ ခရစ္စတယ်ဟောက်စ်နှင့် အတော်လေး ဆင်တူနေသဖြင့် အနည်းငယ် အံ့ဩမှင်တက်သွားရသော်လည်း။
‘အရင်တုန်းက ခရစ္စတယ်ဟောက်စ်ကို ပုံတူကူးပြီး ဆောက်ထားတဲ့ အဆောက်အအုံတွေ တိုင်းတစ်ပါးမှာ အများကြီးရှိတယ်လို့ နတ်ရွာစံဧကရီက ပြောခဲ့ပေမဲ့။ အဲ့ဒီထဲက တစ်ခုများလား……’
သို့သော်လည်း ကျွန်မက ဤအကြောင်းအရာကို ထုတ်ဖော်ပြောဆိုလိုက်ပါက အရှေ့အင်ပါယာမှ လာပြီး စိတ်ကြီးဝင်နေသည်ဟူ၍လည်းကောင်း၊ ထိုကဲ့သို့သော အလားတူပုံစံမျိုးဖြင့် အပြစ်ရှာခံရရန် လွယ်ကူပေလိမ့်မည်။
ထိုအကြောင်းအရာကို မပြောဘဲနေတာပေါ့ဟု တွေးလိုက်ပြီးနောက်၊ ကျွန်မ လှပါတယ်ဟူသော စကားကိုသာ ထပ်တလဲလဲ ပြောနေလိုက်သည်။
သို့သော်လည်း အခန်းအားလုံးကို မိတ်ဆက်ပေးပြီးသွားသည့်တိုင်အောင် ခရစ္စတာက အပြင်သို့ ထွက်မသွားဘဲ ချီတုံချတုံဖြစ်နေ၏။
ဘာဖြစ်လို့လဲဟု ကြည့်လိုက်တော့၊ သူက လက်နှစ်ဖက်ကို ယှက်ထားရင်း သတိထားပြီး ပါးစပ်ဖွင့်လာသည်။
“ဒီလို စကားမျိုးကို မကြိုက်တာလည်း ဖြစ်နိုင်ပေမဲ့……အရေထူထူနဲ့ပဲ ပြောပြရမယ် ထင်လို့ပါ။ ဟို…… လေဒီ နာဗီရယ်။ အကူအညီတောင်းချင်တာ ရှိပါတယ်။”
“ဘာများပါလဲ။”
“ဒီမှာ အလုပ်ခန့်ထားတဲ့ လူတွေ၊ နန်းတွင်းအမှုထမ်းတွေအားလုံးက အငြိမ်းစားယူရမဲ့ အသက်အရွယ်ဖြစ်ဖို့ အဝေးကြီး လိုပါသေးတယ်။”
“....”
“ကျွန်မကိုယ်တိုင် ခန့်အပ်ထားခဲ့တဲ့ လူတွေမို့လို့ပါ။”
သက်ပြင်းတစ်ချက် ချလိုက်သော ခရစ္စတာက သမင်မလေးလို မျက်ဝန်းအစုံဖြင့် ကျွန်မကို စိုက်ကြည့်ရင်း အကူအညီတောင်းလာသည်။
“စောစောက ပြောခဲ့သလို၊ အားလုံးက လူကောင်းတွေချည်းပါပဲ။ လေဒီ နာဗီရယ်အတွက်လည်း ခွန်အားဖြစ်စေနိုင်ပြီး၊ အလုပ်လည်း ကောင်းကောင်းလုပ်နိုင်သလို၊ တာဝန်ကျေပွန်ကြပါတယ်။”
“……”
“အဆင်ပြေမယ်ဆိုရင် လေဒီ နာဗီရယ်အနေနဲ့ နန်းတွင်းအမှုထမ်းတွေကို မလဲဘဲ ဒီအတိုင်း ထားပေးစေချင်ပါတယ်။”
ကျွန်မလည်း အလွန်အမင်း တောင့်တင်းနေသော မျက်နှာထားမျိုး မဖြစ်စေရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ခက်ခဲလှသည်။
သူ ယခုကဲ့သို့သော အကူအညီမျိုးတောင်းခံရသည့် စိတ်ကိုမူ နားလည်နိုင်၏။
ထီးနန်းအရိုက်အရာ အပြောင်းအလဲရှိပါက လူအင်အား အပြောင်းအလဲများ အကြီးအကျယ်ဖြစ်ပေါ်တတ်ပေသည်။
မိမိက ရွေးချယ်ခဲ့သည်ဟူသော အကြောင်းရင်းကြောင့် တစ်ပါတည်း အလုပ်ထုတ်ခံရမည့်သူများကို သနားစရာကောင်းသည်ဟု ထင်မြင်မိ၍ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း လက်ခံရန် ခက်ခဲလှသော အကူအညီတောင်းခံမှုပင်။
နန်းတွင်းအမှုထမ်းများက စကားအတိုင်း နန်းတော်ထဲတွင် အတူတူ ရှင်သန်နေထိုင်ကြမည့်သူများဖြစ်ရာ၊ ယခု အားလုံးက ခရစ္စတာ၏ လူများ ဖြစ်မနေပေဘူးလား။
ကျွန်မ၏ လူများနှင့် ဖြည့်ဆည်းထားခဲ့သည့်တိုင်အောင် ကျွန်မ၏ လုပ်ဆောင်ချက်အားလုံး ရက်ရှ်တာထံသို့ ပျံ့နှံ့သွားခဲ့ဖူး၏။
ကျွန်မလူ မဟုတ်သူများနှင့် ပြည့်နှက်နေသည့် နန်းတော်ထဲတွင် ရှင်သန်နေထိုင်သွားရမည်တဲ့လား။
မိဖုရားတစ်ပါးအနေဖြင့် နေရာရရှိရန် နေနေသာ၊ လာခဲ့သည့် လမ်းတစ်လျှောက်လုံးတွင် မြင်တွေ့ခဲ့ရသလို အပြုအမူ တစ်ခုစီတိုင်းက ကျိန်းသေပေါက် အတင်းအဖျင်းပြောစရာ ဖြစ်လာပေလိမ့်မည်။
သို့သော် သူ၏စိုးရိမ်ပူပန်မှုကို နားမလည်နိုင်သည်လည်း မဟုတ်သဖြင့်၊ ကျွန်မ ခေတ္တ စဉ်းစားပြီးနောက် မိမိဘာသာ သင့်တော်မည့် စည်းမျဉ်းတစ်ခုကို ကမ်းလှမ်းလိုက်သည်။
“ကျွန်မနဲ့ ပတ်သက်မှုမရှိတဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေကိုတော့ ဒီအတိုင်း ထားပေးပါ့မယ်။”
“ပတ်သက်မှုမရှိတဲ့နေရာဆိုတာက……”
“မကြာခဏ ဆုံတွေ့ရမဲ့နေရာမျိုးမှာ အလုပ်လုပ်နေတဲ့သူတွေကိုတော့ ဒီအတိုင်း ဆက်သုံးဖို့ ခက်ပါတယ်။ အလုပ်မထုတ်ရင်တောင် တာဝန်ကျတဲ့ နေရာကိုတော့ ပြောင်းပစ်ရပါလိမ့်မယ်။”
ခရစ္စတာ၏ မျက်နှာထားက မှောင်မိုက်သွားတော့သည်။
မိဖုရား မကြာခဏ အဝင်အထွက်ရှိသော နေရာများတွင် အလုပ်လုပ်နေသောသူများက၊ သဘာဝကျစွာပင် သူနှင့်လည်း ပို၍ ရင်းနှီးကျွမ်းဝင်မှု ရှိကြပေလိမ့်မည်။
ထိုအကြောင်းရင်းကြောင့်ဖြစ်မည်လား။
သို့သော်လည်း ခရစ္စတာက ကျွန်မကို ထပ်မံ၍ အကူအညီမတောင်းတော့ဘဲ “အဲ့ဒီလိုကိုး” ဟု ဆိုကာ ပြုံးရင်း ခေါင်းညိတ်ပြလာ၏။
“ကျွန်မဘက်က တရားလွန် အကူအညီတောင်းမိသွားတဲ့ပုံပဲ။ တောင်းပန်ပါတယ်။”
~~~~
“အရှင်မိဖုရား။ အရှေ့အင်ပါယာရဲ့ ဧကရီက ဘယ်လိုပုံစံမျိုးရှိလဲရှင့်။”
ခရစ္စတာ မိမိ၏အခန်းသို့ ပြန်လည်ရောက်ရှိလာသည်နှင့်၊ အုပ်စုလိုက် စုဝေး၍ စောင့်ဆိုင်းနေခဲ့ကြသော ရံရွေတော်များက ချဉ်းကပ်လာကာ မိဖုရား နာဗီရယ်အကြောင်း မေးမြန်းလာခဲ့ကြသည်။
သူတို့က ခရစ္စတာ မိဖုရားဖြစ်စဉ်ကတည်းက အတူတူရှိနေခဲ့ကြသော ရံရွေတော်များဖြစ်ရာ၊ ခရစ္စတာအတွက် သူငယ်ချင်းဖြစ်သလို ညီအစ်မလို ဖြစ်တည်မှုများပင်။
ခရစ္စတာက ခါးသီးစွာပြုံးရင်း ခေါင်းခါခဲ့သည်။
“အခုကတည်းက ကျွန်မကို ကြိုတင်ပြီး ထိန်းချုပ်ဖို့ ကြံစည်နေတဲ့ ပုံစံမျိုးပါပဲ။”
“နေပါဦး၊ အရှင်မိဖုရားက ဘာလုပ်မိလို့လဲ။”
“အဲ့ဒီလိုဖြစ်ရုံအပြင် မရှိဘူးပေါ့။ နန်းတွင်းအမှုထမ်းတွေက ကျွန်မကို အရှင်မိဖုရားလို့ ခေါ်နေတာ ဘေးကနေ ကြားသွားတာကိုး။”
“ဘေးကနေလားရှင့်။ ဘေးမှာရှိနေတာတောင် နန်းတွင်းအမှုထမ်းတွေက အဲ့ဒီလို လုပ်ခဲ့ကြတာလား။”
“ကိုယ့်ကိုယ်ကိုယ် မိဖုရားဖြစ်ကြောင်း မပြောဘဲ စောင့်ကြည့်နေခဲ့တာမို့လို့……”
ခရစ္စတာ၏ စကားကြောင့် ရံရွေတော်များက စုတ်တစ်ချက်သပ်လိုက်ကြသည်။
“အင်မတန် ဉာဏ်ကောင်းတာကိုး။ အခုကတည်းက ဖယ်ရှားပစ်ရမဲ့ လူတွေကို ရွေးချယ်နေတာ ထင်ပါရဲ့။”
ခရစ္စတာက သက်ပြင်းတစ်ချက်ချရင်း ကုလားထိုင်ပေါ်တွင် ထိုင်လိုက်၏။
“အရှင်မိဖုရား၊ အခုကတည်းက အညံ့ခံလို့မဖြစ်ဘူးနော်။”
“အစကတည်းက ကြိုတင်ပြီး အသာစီးရအောင် လုပ်ထားမှဖြစ်မှာပါ။”
အမြင့်ဆုံးသောနေရာ၌ ရှိစဉ်ကတည်းက အတူတူ ဖြတ်သန်းလာခဲ့ကြသော ရံရွေတော်များက ဒေါသထွက်လျက် တရစပ် ပြောဆိုနေခဲ့ကြသော်လည်း၊ ခရစ္စတာက ခေါင်းကိုခါယမ်းရင်း တီးတိုးရေရွတ်လိုက်၏။
“ကျွန်မက အခု မိဖုရားလည်း မဟုတ်တော့တာကို၊ ဘယ်လိုလုပ်ပြီး အာဏာလု ပြိုင်ဆိုင်နိုင်မှာလဲ……”
ခရစ္စတာက လစ်ဟာနေသော စိတ်အခြေအနေကြောင့် သနားစရာကောင်းလောက်အောင် ပြုံးလိုက်မိသည်။
ဖြစ်ချင်ဖြစ် အခြားသော မှူးမတ်အနွယ်တော်မိသားစုမှ သမီးပျိုတစ်ဦးသာ မိဖုရားနေရာသို့ တက်လှမ်းလာခဲ့မည်ဆိုလျှင် စိတ်ထဲတွင် ပို၍ သက်သာနိုင်မည်လား။
လွန်ခဲ့သော ရက်ပိုင်းကအထိ မိမိနှင့် ထူးမခြားနား အခြေအနေမျိုး ရှိနေခဲ့သော လူတစ်ယောက်သာ။
ကောလာဟလများကို ကြားရရင်း သောကကို ထပ်တူစာနာပေးနိုင်သည်ဟု ခံစားခဲ့ရဖူးသည်။
ထိုပုဂ္ဂိုလ် သနားစရာကောင်းသော အခြေအနေမှ လွတ်မြောက်ရန်အတွက် ယူဆောင်သွားခဲ့သည်က မိမိ၏နေရာ ဖြစ်နေသည်ဟူသောအချက်မှာ၊ တကယ်ပင် ဆန်းကြယ်ပြီး မကျေနပ်စရာကောင်းလှ၏။
ထို့အပြင် နောက်အိမ်ထောင်ပြုခဲ့သော အဖော်ကလည်း……
“အဲ့ဒီမိန်းမကလည်း ဧကရီနေရာကနေ နှင်ထုတ်ခံရပြီးပြီးချင်း မိဖုရားနေရာကို အရယူခဲ့တာပဲမဟုတ်ပါလား။”
“အရှင်မိဖုရားလည်း မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။”
“လေဒီ ခရစ္စတာလည်း တခြားဘုရင်တစ်ပါးနဲ့ ပြန်ထိမ်းမြားလို့ မရဘူးလားရှင့်။”
ရံရွေတော်များက နှစ်သိမ့်စကားများ ဆက်တိုက်ပြောခဲ့ကြသော်လည်း ကြီးမားသော သက်ရောက်မှုမျိုးတော့ မရှိခဲ့ချေ။
~~~~
နာဗီရယ်နှင့် ခရစ္စတာတို့က အချင်းချင်း၏ အခြေအနေကို နားလည်နေကြသည့်တိုင် နောက်ဆုတ်ပေး၍မရသော အနေအထားကြောင့် စိတ်ရှုပ်ထွေးနေကြစဉ်။
ဟိုင်န်ရီက မှူးမတ်အရာရှိများနှင့် နန်းတွင်းအမှုထမ်းများကို ခေါ်ယူစုဝေးစေပြီးနောက်၊ မိမိကိုယ်တိုင် တစ်ဦးတည်း အရှေ့အင်ပါယာသို့ သွားရောက်ခဲ့ခြင်းက သတိလက်လွတ် လုပ်ရပ်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။
သို့သော်လည်း ယင်းက နာဗီရယ်ခေါ်၍ သွားခဲ့ခြင်းမျိုးမဟုတ်ဘဲ မိမိတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း အလေးပေးပြောဆိုရင်း သတိပေးခဲ့၏။
“အဲ့ဒီပုဂ္ဂိုလ်က ကျုပ် အမြဲတမ်း လေးစားကိုးကွယ်ပြီး မြတ်နိုးခဲ့ရတဲ့ ပုဂ္ဂိုလ်ပဲ။ ဧကရီအနေနဲ့ ထူးချွန်ထက်မြက်တဲ့ စွမ်းရည်ကို လေးစားလို့ အခက်အခဲတွေကြားကနေ တကူးတက ခေါ်ဆောင်လာခဲ့တာကို၊ ရောက်ရောက်ခြင်း ဘာလဲ……မောင်မင်းတို့က အဲ့ဒီပုဂ္ဂိုလ်ကို ယူနီကွန်းများ မှတ်နေတာလား။”
ပြန်လည်ထိမ်းမြားလာခဲ့သော မိဖုရားကို လာရောက်ကြည့်ရှုခဲ့ကြသော မှူးမတ်အရာရှိများက ချောင်းဟန့်ရင်း အကြည့်လွှဲလိုက်ကြသည်။
ဟိုးအဝေးကြီးမှ ကောလာဟလအဖြစ်သာ ကြားဖူးခဲ့သော ဧကရီက၊ သူတို့၏ အပျော်အပါးမက်ကာ လေလွင့်နေတတ်သောအရှင်သခင်နှင့် ပြန်လည်ထိမ်းမြားပြီး ရောက်ရှိလာခြင်းက ထူးဆန်းအံ့ဩစရာ ကောင်းနေသဖြင့် စိတ်လွတ်ကိုယ်လွတ် ငေးမောကြည့်ရှုမိခဲ့ကြခြင်းပင်။
ချေပပြောဆိုစရာ ဆင်ခြေမရှိခဲ့ချေ။
“အရှေ့အင်ပါယာရဲ့ ဧကရီက ရုတ်တရက်ကြီး မိဖုရားအဖြစ် ပေါ်လာပြီး၊ အဲ့ဒီဖြစ်စဉ်အတွင်းမှာ ဘာတစ်ခွန်းမှ အသိပေးခြင်းမျိုး မရှိခဲ့ပါဘူး။ အခုအထိ လူတွေက လေဒီ ခရစ္စတာကို မိဖုရားအဖြစ် သတ်မှတ်နေကြဆဲဖြစ်လို့၊ ရုတ်တရက်ကြီး တိုင်းတစ်ပါးက ဧကရီကို မိဖုရားအဖြစ် ဆက်ဆံဖို့ဆိုတာ သဘာဝကျကျပဲ ခက်ခဲလှပါတယ်။”
မိဖုရားဟောင်း ခရစ္စတာ၏ ဝမ်းကွဲဖြစ်သူ မားကီးစ် ကက်ထရွန်တစ်ဦးတည်းသာ ထိုမျှလောက် ချေပပြောဆိုနိုင်ခဲ့သော်လည်း၊ ဟိုင်န်ရီက လက်ညှိုးဖြင့် သူ့နှလုံးရှိရာသို့ ချိန်ရွယ်ကာ ပြောဆိုလိုက်သော စကားကြောင့် ပါးစပ်ပိတ်သွားခဲ့ရသည်။
“ကျုပ်ကတော့ နောက်နေ့ အဲ့ဒီနေရာမှာ တခြားလူတစ်ယောက် ရှိနေခဲ့ရင်တောင် အခုလိုမျိုး ဆက်ဆံပေးနိုင်တာကို။”
~~~~
ခရစ္စတာ ထွက်ခွာသွားပြီးနောက်၊ တစ်ယောက်တည်း စားပွဲခုံတွင်ထိုင်ရင်း အတွေးအမျိုးမျိုး တွေးနေခဲ့သည့် အချိန်တွင်။
ပြတင်းပေါက်ကို တောက်တောက်နှင့် ခေါက်သည့်အသံ ကြားလိုက်ရ၏။
ပြတင်းပေါက်နားသို့ ချဉ်းကပ်သွားပြီး တံခါးကို ဖွင့်လိုက်တော့ ဟိုင်န်ရီက ရတနာပန်းစည်းကြီးကို ကိုင်ဆောင်လျက် ရပ်နေသည်။
ပန်းစည်းကိုတော့ ကြားဖူးပေမဲ့ ရတနာပန်းစည်းတဲ့လား……
“ဒါက ဘာများလဲ။”
အံ့ဩမှင်တက်စွာ မေးလိုက်တော့မှ၊ သူက ယခင်ကလည်း တစ်ကြိမ် ကြားဖူးခဲ့သော ရှင်းပြချက်ကို ထပ်မံပြောဆိုလာခဲ့သည်။
“အနောက်ဘုရင့်တိုင်းပြည်က ရတနာထွက်ရှိတဲ့ တိုင်းပြည်ဖြစ်သလို၊ ကျောက်တွင်းတွေက တော်ဝင်မိသားစု ပိုင်ဆိုင်တာမို့လို့ပါ။ ရတနာတွေ အများကြီး ရှိပါတယ်။”
“……”
“ရတနာ မကြိုက်ဘူးလားဗျ။”
“အဲ့ဒါတော့ မဟုတ်ပေမဲ့……”
အရင်တစ်ခါ ကိတ်မုန့်ထဲမှာ ရတနာတွေ ထည့်ထားခဲ့တာကလည်း အဲ့ဒီလိုပဲ။
ဧကန္တ ရတနာတွေကို ဟိုနေရာဒီနေရာ ကြဲပက်တတ်တာက ဟိုင်န်ရီရဲ့ဝါသနာများလား။
မည်သို့ပင်ဖြစ်စေ မျှော်လင့်မထားသော အချိန်မျိုးတွင် ယခုကဲ့သို့သော အရာကို ကမ်းလှမ်းလာသဖြင့် လက်ခံရန် မျက်နှာပူစရာပင်။
ပန်းစည်းသာဆိုလျှင် ပေါ့ပေါ့ပါးပါး စိတ်အခြေအနေမျိုးဖြင့် လက်ခံမိမည်ဖြစ်သော်လည်း။
တွန့်ဆုတ်နေမိရာ၊ သူက စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလာ၏။
“အခုအထိ ဝန်ထုပ်ဝန်ပိုးဖြစ်နေတုန်းပဲလားဗျ။”
“ပန်းစည်းသာဆိုရင် ပိုကောင်းမှာပါ။”
ကျွန်မ အိုးတိုးအမ်းတမ်းပြုံးရင်း ပြောလိုက်တော့မှ၊ ဟိုင်န်ရီက လက်ညှိုးဖြင့် ရတနာပန်းစည်းကြားထဲတွင် ညှပ်ထည့်ထားသော နီမြန်းပြီး သေးငယ်လှသည့် ပန်းပွင့်အချို့ကို ညွှန်ပြရင်း အခိုင်အမာ ပြောဆိုလာ၏။
“ဒီမှာ ပန်းလည်း ပါပါတယ်။ ပန်းလည်း ပါနေတာမို့လို့ ပန်းစည်းပဲပေါ့။”
ထိုစကားကြောင့် ရယ်လိုက်မိတော့မှ၊ ဟိုင်န်ရီက သူဘာသာ စဉ်းစားကြည့်လျှင်ပင် မျက်နှာပူစရာ ကောင်းနေ၍လားမသိ ရှက်ကိုးရှက်ကန်းဖြင့် ပါးကိုကုတ်ခြစ်ရင်း ပြောလာသည်။
“ကျွန်တော်တို့က အခု ဇနီးမောင်နှံတွေဖြစ်နေကြပြီပဲ၊ ကွီးန်။ လက်ခံပေးပါ။”
ရတနာပန်းစည်းကို လက်ခံလိုက်တော့မှ သူ့မျက်နှာက ချက်ချင်းပင် လင်းလက်တောက်ပသွားတော့သည်။
လက်ဆောင်ကို လက်ခံပေးလိုက်ရုံမျှဖြင့် ထိုမျှအထိ ပျော်ရွှင်သွားရသတဲ့လား…….
ထိုအမူအရာက ချစ်စရာကောင်းလှသဖြင့်၊ ကျွန်မ သူ့ကို အထဲသို့ ဝင်လာရန်ပြောရင်း အနောက်သို့ ဆုတ်ခွာလိုက်မိသည်။
တံခါးဖွင့်ပေးရန် ရည်ရွယ်ချက်ဖြင့်။
သို့သော်လည်း မမျှော်လင့်ဘဲ၊ ဟိုင်န်ရီက ကျွန်မ အနောက်သို့ ဆုတ်ခွာသွားသည်နှင့်တစ်ပြိုင်နက် ပြတင်းပေါက်ကို ဝှစ်ခနဲ ကျော်ဖြတ်ကာ အထဲသို့ ဝင်ရောက်လာ၏။
“ဟိုင်န်ရီ။”
တံခါးကိုထားပြီး ဘာဖြစ်လို့ ပြတင်းပေါက်ကနေ ဝင်လာတာလဲဟု မျက်ခုံးပင့်ကာ စိုက်ကြည့်မိတော့မှ၊ သူက ‘အာ’ ဟူသော မျက်နှာထားဖြင့် တီးတိုးရေရွတ်ခဲ့သည်။
“အကျင့်က……”
“ပုံမှန်အချိန်တွေမှာလည်း ပြတင်းပေါက်ကနေ မကြာမကြာ သွားလာတတ်တဲ့ ပုံပဲနော်။”
ဟိုင်န်ရီ၏ မျက်ဝန်းအစုံက ဘယ်ပြန်ညာပြန် ဂနာမငြိမ်လှုပ်ရှားနေသည်ကို ကြည့်ရုံဖြင့် ထိုသို့ဖြစ်မည့်ပုံပင်။
ဘုရင်တစ်ပါး လုပ်ဆောင်ရမည့် အပြုအမူမျိုး မဟုတ်သော်လည်း ဆက်လက်မေးမြန်းနေပါက သူ မျက်နှာပူသွားရလိမ့်မည်ဖြစ်၍၊ ကျွန်မ ထပ်မံအပြစ်မရှာတော့ဘဲ အဆင်ပြေအောင် စကားလမ်းကြောင်း လွှဲလိုက်မိသည်။
“အစည်းအဝေးရှိတယ်ဆိုပြီးတော့။”
ဟိုင်န်ရီက ကျွန်မ လွှဲပေးလိုက်သော စကားလမ်းကြောင်းအတိုင်း အလျင်အမြန် လိုက်ပါလာသည်။
“တစ်ခုခုကို တိုင်ပင်ဆွေးနွေးဖို့အတွက် လုပ်ခဲ့တဲ့ အစည်းအဝေးမျိုး မဟုတ်လို့ ချက်ချင်း ပြီးသွားတာပါ။”
“အကြာကြီး နေရာကနေ ခွာလာခဲ့တာကို။ အလုပ်မှာ ပြဿနာ တစ်ခုခုမရှိဘူးလား။”
“ကျွန်တော် ပျောက်သွားတာက အကြီးဆုံးပြဿနာ ဖြစ်ခဲ့တာပေါ့။”
ဟိုင်န်ရီက နောက်ရွှတ်ရွှတ်သဘောဖြင့် ပြန်လည်ဖြေကြားခဲ့သော်လည်း၊ မကြာမီမှာပင် တည်ကြည်သော မျက်နှာထားသို့ ပြောင်းလဲကာ စကားဆက်ခဲ့သည်။
“စောစောကတော့ ရှေ့မထွက်ပါနဲ့ဆိုပြီး ပြောခဲ့လို့ ငြိမ်ငြိမ်လေး နေခဲ့ရပေမဲ့…… ကွီးန်။ ကျွန်တော်ကတော့ ခင်ဗျားက ကျွန်တော့်ဇနီးဖြစ်ပြီး၊ ဒီနေရာရဲ့ မိဖုရားဖြစ်တဲ့အကြောင်း အားလုံးကို သေသေချာချာ သိစေချင်တာပါ။”
ယူနီးမ် ကျွန်မအပေါ် ရိုင်းပျစွာ ဆက်ဆံခဲ့စဉ်က တားခဲ့သောကိစ္စကို ပြောနေခြင်း ဖြစ်ပေလိမ့်မည်။
ကျွန်မ ခေါင်းခါလိုက်၏။
“အားလုံး သိပြီးသားပါပဲ။”
“သိရင် အပြုအမူက ပါလာရမှာလေ။ အဲ့ဒါက မဖြစ်နိုင်ဘူးဆိုရင်တော့၊ ပိုပြီး သေသေချာချာသိအောင် လုပ်ရမှာပေါ့။”
“ဟိုင်န်ရီ။ အဲ့ဒါက ကူညီပေးရမဲ့ ကိစ္စမျိုး ရှိသလို၊ ကျွန်မကိုယ်တိုင် လုပ်မှဖြစ်မဲ့ ကိစ္စမျိုးလည်း ရှိတယ်လေ။”
ကျွန်မ ရတနာပန်းစည်းကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီးနောက် သူ့လက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။
“ကျေးဇူးတင်ပေမဲ့ ဧကရာဇ်ဖြစ်တဲ့ ဆိုဗီရ်ရှုတောင် ရက်ရှ်တာရဲ့ နာမည်ဂုဏ်သတင်းကို ထိန်းချုပ်နိုင်ခဲ့တာမဟုတ်ဘူး။ ဒါက ကျွန်မကိုယ်တိုင် တိုက်ရိုက်လုပ်မှဖြစ်မှာ။”
“……”
ဟိုင်န်ရီက နှုတ်ခမ်းကို လှုပ်ရှားခဲ့သော်လည်း၊ နောက်ဆုံးတွင် အားမပါသော အသံဖြင့် သဘောတူရုံအပြင်မရှိခဲ့။
“မတတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော့်ဘက်က အကူအညီဖြစ်ပေးနိုင်မဲ့ ကိစ္စမျိုး ရှိမယ်ဆိုရင် အကုန် ပြောပြပေးရမယ်နော်။”
“ကျေးဇူးတင်ပါတယ်။ မဟုတ်တောင် လိုအပ်တာ ရှိနေတာ။”
“ချက်ချင်း ပြောလာတာပဲ။”
အကူအညီတောင်းမှုကို လက်ခံရင်း ဟိုင်န်ရီ၏ မျက်နှာက လင်းလက်တောက်ပသွားကာ မြန်မြန်ပြောပြပါဦးဟူသော ပုံစံမျိုးဖြင့် နူးညံ့စွာ ကျွန်မကို စိုက်ကြည့်လာ၏။
~~~~
“ဆာ ယူနီးမ်ရဲ့ အစ်မကို ရံရွေတော်အဖြစ် စေလွှတ်ပေးဖို့ ပြောခဲ့တယ်ပေါ့လေ။”
အစည်းအဝေး ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် သီးသန့်နန်းဆောင်သို့ သွားရောက်ခဲ့သော ဟိုင်န်ရီ ပြောပြလာသည့် စကားကြောင့်၊ မက်ကန်နာ မျက်လုံးအဝိုင်းသား ဖြစ်သွားရတော့သည်။
လွန်ခဲ့သော နာရီပိုင်းကတင်၊ ကိုယ်ရံတော်တပ်မှူး ယူနီးမ်က နာဗီရယ်အပေါ် မည်သို့ ဆက်ဆံခဲ့ကြောင်း သူကိုယ်တိုင်လည်း ထပ်တူထပ်မျှ မြင်တွေ့ခဲ့ရသောကြောင့်ပင်။
သို့သော်လည်း ‘မိဖုရား၏ ရံရွေတော်’ ဟူသော ဂုဏ်သရေရှိလှသည့် နေရာသို့ သူ့အစ်မကို စေလွှတ်ပေးရန် တောင်းဆိုခဲ့သည်တဲ့လား။
“ယာယီသဘောပဲ။ အရှေ့အင်ပါယာမှာ ရှင်မရဲ့ နဂိုရံရွေတော်ဖြစ်ခဲ့တဲ့ လူနှစ်ယောက်က ဒီမှာလည်း ရံရွေတော်အဖြစ် လုပ်ဆောင်ပေးဖို့ သဘောတူထားခဲ့ကြပေမဲ့၊ အခုအထိ ရောက်မလာသေးလို့။”
“မဟုတ်ဘူးလေ၊ ဘယ်လောက်ပဲ အဲ့ဒီလိုဖြစ်ဖြစ်……”
အလကားနေရင်း တစ်ယောက်တည်း ဒေါသထွက်နေမိသော မက်ကန်နာ မျက်မှောင်ကြုတ်လိုက်မိသည်။
မြားအပစ်ခံရသည့်အထိ စောင့်ရှောက်ရင်း မြားနတ်မောင်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ရာ၊ မည်သို့ပင်ဖြစ်စေ မက်ကန်နာကမူ နာဗီရယ်၏ဘက်၌ ရှိနေရုံအပြင်မရှိခဲ့။
“ပြီးတော့၊ ဆာ ယူနီးမ်ကလည်း လွန်လွန်းပါတယ်။ နေပါဦး၊ အရှေ့အင်ပါယာမှာ ရှိနေခဲ့တဲ့ အရှင်မိဖုရားက အရှင်မင်းကြီးကို ဘယ်လိုနည်းလမ်းနဲ့ ဆွဲဆောင်ခေါ်ထုတ်သွားနိုင်မှာမို့လို့ အရှင်မင်းကြီး အဲ့ဒီတိုင်းပြည်မှာ အချုပ်ခံခဲ့ရတာကို အရှင်မိဖုရားရဲ့ အပြစ်လို ပြောနေရတာလဲ။ အရှင်မင်းကြီးက အရှင်မင်းကြီးရဲ့ တောင်ပံနဲ့ ပျံသွားခဲ့တာပဲမဟုတ်လား။”
ဟုတ်တာပေါ့၊ ဟုတ်တာပေါ့ဟု သဘောတူရင်း ခေါင်းညိတ်ပြနေခဲ့သည့် ဟိုင်န်ရီက၊ ဗြုန်းခနဲ အလန့်တကြား မေးလာသည်။
“ဒါနဲ့ အစ်ကိုကြီး ခိုရှာရ်ကိုရော မတွေ့မိပါလား။”
ဟိုင်န်ရီ ရက်ပိုင်းမျှ အတူတူ ဖြတ်သန်းရင်း မြင်တွေ့ခဲ့ရသော ခိုရ်ရှာက သံယောဇဉ်အလွန်ကြီးမားလှသည့်အပြင် ညီမဖြစ်သူ၏ ကိစ္စဆိုလျှင် ဘာမှဂရုမစိုက်ဘဲ ရှေ့ထွက်တတ်သော အစ်ကိုပင်။
ထိုစရိုက်အတိုင်းဆိုလျှင် ညီမဖြစ်သူ ရောက်လာသည်နှင့်တစ်ပြိုင်နက် အရင်ဆုံး ပြေးလာရမည်ဖြစ်သော်လည်း။
ယခုအချိန်အထိတိုင်အောင် အရိပ်အယောင်မမြင်ရသဖြင့် ထူးဆန်းနေ၏။
“သီးသန့်နန်းဆောင်ကိုလည်း ရောက်မလာတဲ့ပုံကို။”
“အာအာ။ အခု အစွမ်းကုန် ရှောင်ကွင်းပြီး သွားလာနေတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း အနီးအနား တစ်ဝိုက်မှာတော့ ရှိနေမှာပါ။”
“ရှောင်ကွင်းနေတယ်ပေါ့လေ။ ဘာဖြစ်လို့လဲ။”
“သူ အခု ရှေ့ထွက်လိုက်ရင် အရှင်မိဖုရားအတွက် အနှောင့်အယှက် ဖြစ်သွားရမလားဆိုပြီး စိုးရိမ်လို့ပါ……”
ဟိုင်န်ရီက မျက်ခုံးပင့်လိုက်ပြီးမှ စိတ်မကောင်းစွာ စုတ်တစ်ချက်သပ်လိုက်သည်။
မက်ကန်နာက ပခုံးတွန့်ပြခဲ့၏။
“တကယ်တော့ အဲ့ဒါက ဟုတ်တော့လည်းဟုတ်ပါတယ်။ ဆာ ခိုရှာရ်က နည်းနည်း၊ နာမည်ဆိုးက ကြီးလွန်းတာမို့လို့ပါ။”
“……အစ်ကိုကြီးကို ခိုင်းစားရသလို ဖြစ်နေလို့ အားနာမိပေမဲ့၊ နာမည်ဂုဏ်သတင်းကို ပြောင်းလဲပေးနိုင်မဲ့ အလုပ်မျိုး တာဝန်ပေးရမယ်ထင်တယ်။”
“နောင်ရေးကို စဉ်းစားမယ်ဆိုရင်တော့ အဲ့ဒါက ပိုကောင်းပါလိမ့်မယ်။”
ဟိုင်န်ရီက ခေါင်းညိတ်ပြလိုက်ပြီးနောက် စားပွဲဆီသို့ ချဉ်းကပ်သွားခဲ့သည်။
သူ၏ စားပွဲခုံပေါ်တွင်မူ နေရာမှ ခွာသွားခဲ့စဉ်အတွင်း စုပုံနေခဲ့သော စာရွက်စာတမ်းများက တောင်လိုပုံနေပေပြီ။
ဟိုင်န်ရီက စားပွဲအရှေ့တွင် ထိုင်လိုက်ရင်း အင်္ကျီလက်အနားစကို ပင့်တင်ကာ ပြောလိုက်၏။
“အာ၊ ပြီးတော့ မင်္ဂလာပွဲကိုတော့ အမြန်ဆုံး ပြင်ဆင်ကြတာပေါ့။”
ထို့နောက် မင်အိုးအဖုံးကို ဖွင့်လိုက်သော သူက၊ မင်တံကို ထုတ်ယူကာ အဖျားကို မည်းမှောင်နေသော မင်ရည်ထဲသို့ နှစ်စိမ်ရင်း “ဟင်” ဟု မက်ကန်နာကို စိုက်ကြည့်ပြီး မေးမြန်းခဲ့သည်။
“မင်္ဂလာပွဲ ပြင်ဆင်မှုက၊ ငါလုပ်ရမှာ မဟုတ်ဘူးလေ။”
မက်ကန်နာကလည်း သူ့ကို စိုက်ကြည့်နေ၏။
“ဟုတ်ကဲ့။ ပုံမှန်အားဖြင့်တော့…… အရှင်မိဖုရားက လုပ်တာပေါ့။”
ပုံမှန်အားဖြင့် အိမ်ရှေ့စံဘဝတွင် အိမ်ရှေ့စံကြင်ရာတော်ကို တင်မြှောက်ကြခြင်းဖြစ်ရာ၊ တော်ဝင်မိသားစု၏ အရိုက်အရာအမြင့်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည့် မိဖုရားက မင်္ဂလာပွဲကို တာဝန်ယူ၍ ပြင်ဆင်ပေးတတ်သည်။
ဟိုင်န်ရီနှင့် မက်ကန်နာ၏ မျက်နှာထားက နှစ်ဦးစလုံး ဆင်တူစွာပင် မတင်မကျ ဖြစ်သွားတော့၏။
ထို ‘ပုံမှန်’ ဆိုသော သာဓကက ယခုအခြေအနေနှင့် အလွန် ကွဲပြားခြားနားနေသောကြောင့်ပင်။
ခရစ္စတာက ယခု မိဖုရား မဟုတ်တော့ဘဲ၊ နာဗီရယ်က မိဖုရားဖြစ်နေပေပြီ။
ကျိန်းသေပေါက်၊ လောလောဆယ်တွင် အရိုက်အရာ နေရာမရှိသည့်တိုင် မိဖုရားဟောင်းဖြစ်သော ခရစ္စတာ မင်္ဂလာပွဲကို ပြင်ဆင်ပေးခြင်းက အကောင်းဆုံးပုံစံ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ထိုအရာက နာဗီရယ်အတွက်မူ ဖြစ်မလာသင့်သော ကိစ္စရပ်ပင်။
နိုင်ငံတော်အဆင့်မင်္ဂလာပွဲကို ပြင်ဆင်ရန်အတွက် ရက်သတ္တပတ်ပေါင်းများစွာ နန်းတွင်းအမှုထမ်းများကို ကွပ်ကဲပြီး စီမံခန့်ခွဲရမည်ဖြစ်ရာ။
ဤဖြစ်စဉ်ကို ဖြတ်သန်းသွားရင်း၊ ခရစ္စတာ၏ နေရာက ပို၍ ခိုင်မာသွားနိုင်သောကြောင့်ပင်။
ထိုသို့ဆိုတိုင်း နာဗီရယ်ကိုယ်တိုင် မိမိ၏မင်္ဂလာပွဲကို တာဝန်ယူပြင်ဆင်ခိုင်းရန်ကလည်း၊ လူမှုရေးအသိုင်းအဝိုင်းကို စိတ်ကြိုက် ကိုက်ခဲဝါးမျိုကြစမ်းဟု နာဗီရယ်ကို ချပေးလိုက်ခြင်းနှင့် မခြားလှချေ။
ခမ်းနားထည်ဝါစွာ ပြင်ဆင်ပါက ဖြုန်းတီးသည်ဟုဆိုကာ အပြစ်ရှာကြမည်ဖြစ်ပြီး။
ရိုးရှင်းစွာ ပြင်ဆင်ပါက အနောက်ဘုရင့်တိုင်းပြည်ကို အထင်သေးသည်ဟုဆိုကာ အပြစ်ရှာကြမည်ဖြစ်သောကြောင့်ပင်။
မက်ကန်နာက စိုးရိမ်ပူပန်စွာဖြင့် မေးလာသည်။
“ဘယ်လိုလုပ်ကြမလဲဗျ။”
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၂၈ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။