no

Font
Theme

အပိုင်း ၂၉ (ဟိုင်န်ရီ၏ ဒေါသ)

နေ့တိုင်းလိုလို ရောက်လာတတ်သော ကွီးန် ရောက်မလာတော့သည်မှာ ယခုဆိုလျှင် နှစ်ရက်ရှိပေပြီ။

စဉ်းစားကြည့်လိုက်တော့ ရက်ရှ်တာ၏ အစေခံမိန်းကလေး ကျွန်မအယောင်ဆောင်ကာ ဝင်ရောက်စွက်ဖက်သည့် နောက်ပိုင်းမှစ၍ အဆက်အသွယ်ပြတ်သွားခဲ့ခြင်းပင်။ ရက်ရှ်တာ၏ အစေခံမိန်းကလေးအကြောင်း မကြားမီ နာရီပိုင်းအလိုအထိ ကွီးန်က ကျွန်မ အခန်းထဲတွင် ဆော့ကစားသွားခဲ့သည်ကို...

ချစ်စဖွယ် ပွေ့ဖက်ခံထားရသည့်အတိုင်း 'ဂူဂူ ဂူဂူ' ဟူ၍ တေးသီနေသော ပုံရိပ်လေးကို ပြန်တွေးမိတော့ အကြောင်းမဲ့ နှမြောစိတ်ဖြစ်ပေါ်လာ၏။ နယ်စားကတော်ကြီး အယ်လီဇာ ပြောဖူးသည့်အတိုင်း ငှက်တစ်ကောင်လောက် မွေးကြည့်ရမလား။

'……ဟင့်အင်း။ ဘယ်ငှက်မှ ကွီးန်နဲ့ တူနိုင်မှာမဟုတ်တော့ အချည်းနှီးပဲဖြစ်မှာပေါ့။'

"ကွီးန်ကြောင့် အဲ့ဒီလိုဖြစ်နေတာလားရှင့်။"

ကျွန်မ ပြတင်းပေါက်ဘက်ကို မကြာခဏ ကြည့်နေသည်ကိုမြင်တော့ နယ်စားကတော်ကြီး အယ်လီဇာက ကျွန်မစိတ်ကို ရိပ်မိသည့်အလား မေးလာသည်။

ကျွန်မက ခပ်အမ်းအမ်းပြုံးလိုက်ပြီး မည်သို့မှ မတုံ့ပြန်ခဲ့။

ယခုအချိန်တွင် ကွီးန်ကို တွေ့ချင်သည်ဟု ပြောလိုက်ခြင်းက တော်ဝင်မင်းသား ဟိုင်န်ရီကို တွေ့ချင်သည်ဟု ပြောလိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်မိသောကြောင့် ဂရုစိုက်နေမိ၏။

နယ်စားကတော် အယ်လီဇာက အတင်းအကျပ် ပြန်မဖြေခိုင်းဘဲ အဝတ်ဘီရိုထဲမှ ပန်းရောင်ဖျော့ဖျော့ ဂါဝန်တစ်ထည်ကို ထုတ်ယူလာခဲ့သည်။

စကတ်အောက်နားက ဖောင်းကားမနေဘဲ သပ်သပ်ရပ်ရပ်လေး ပြေကျသွားသည့် ပုံစံဖြစ်ပြီး သုံးရက်ဆက်တိုက် ဝတ်ခဲ့သည့် ဂါဝန်များလောက် ထည်မနေပေ။

"ဒီနေ့ ဧကရီ အရှင်မက ပါတီတက်မှာမဟုတ်ဘူးဆိုတော့ ပိုပြီးတင့်တယ်ကြော့ရှင်းတဲ့ပုံစံမျိုး ပြင်ဆင်ပေးပါ့မယ်။"

နောက်နေ့က နှစ်သစ်ကူးပွဲတော်၏ နောက်ဆုံးနေ့ဖြစ်ကာ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအနက်မှ အထူးတလည် အရေးကြီးသူများနှင့်သာ အထူးညစာစားပွဲကို ကျင်းပလေ့ရှိသည်။

သို့သော် အထူးညစာစားပွဲတွင် ပါဝင်သူများက နှစ်စဉ်နှစ်တိုင်း ပြောင်းလဲတတ်သည်ဖြစ်ရာ ပုံမှန်အားဖြင့် မျက်နှာချင်း သိကျွမ်းစေရန်အတွက် ညစာစားပွဲမတိုင်ခင် တစ်ရက်တွင်ပါ အတူတကွ စားသောက်လေ့ရှိကြပြီး နယ်စားကတော်ကြီး အယ်လီဇာ ပြောနေသည်မှာ ထိုအကြောင်းပင်။ လူနည်းစုသာ စုဝေး၍ စားသောက်သည့် ညစာစားပွဲသို့ ဂါဝန်ဖားဖားကြီး ဝတ်သွားပါက ရယ်စရာကောင်းနေလိမ့်မည် မဟုတ်ပါလား။

"အမြဲတမ်း ကျေးဇူးတင်ပါတယ်။"

"ကျွန်မကသာ ဂုဏ်ယူဝမ်းမြောက်ရမှာပါရှင်။"

နယ်စားကတော်ကြီး အယ်လီဇာ၏ ကျေးဇူးကြောင့် ဖရိုဖရဲဖြစ်နေသော ကျွန်မ၏ ဆံပင်များက လှိုင်းတွန့်ကဲ့သို့ ကောက်ကောက်ကွေးကွေး ပုံစံသို့ ပြောင်းလဲသွားကာ ဖြူဖျော့နေသော အသားအရေသည်လည်း နှင်းဆီသွေး သမ်းလာတော့သည်။

ကျွန်မက သူ၏ အကူအညီဖြင့် ဂါဝန်ကို ဝတ်ဆင်ကာ မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် စစ်ဆေးပြီးနောက် ခေတ္တမျှ အချိန်ယူ၍ ပင်မနန်းဆောင်သို့ သွားခဲ့၏။ ပွဲတော်ရက်ဖြစ်သဖြင့် ရုံးတက်သူများ မရှိသော်လည်း ကျွန်မ သီးသန့်စစ်ဆေးလိုသည့် စာရွက်စာတမ်းများ ရှိနေသည်။

ပုံမှန် ကျွန်မ အသုံးပြုနေကျ ရုံးခန်းသို့သွားပြီးနောက် အထူးညစာစားပွဲသို့ ဖိတ်ကြားထားသူများ၏ အချက်အလက်များကို လိုက်ဖတ်ကြည့်ခဲ့၏။

ချောမွေ့စွာ စကားပြောဆိုနိုင်ရန်အတွက် တိုင်းတစ်ပါးမှ ဧည့်သည်တော်များဖြစ်ပါက ထိုတိုင်းပြည်၏ ယဉ်ကျေးမှုနှင့် မဆီလျော်သော စကားမှားကို မပြောမိစေရန် သေချာစစ်ဆေးထားရပေမည်။

"……"

ယခု အထူးညစာစားပွဲတွင် အာရုံစိုက်အခံရဆုံး ပုဂ္ဂိုလ်များမှာ တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ခါ့ဖ်မန်း မင်းသားကြီးတို့ ဖြစ်လေမလား။

တော်ဝင်မင်းသား ဟိုင်န်ရီကတော့ နဂိုကတည်းက ကောလာဟလ အမျိုးမျိုး ထွက်နေသူဖြစ်၍ ကိစ္စမရှိသော်လည်း...

'ပြောဆိုဆက်ဆံရတာတော့ ခါ့ဖ်မန်း မင်းသားကြီးဘက်ကို ပိုသတိထားရမယ်ထင်တယ်...'

ခါ့ဖ်မန်း မင်းသားကြီးမှာ အခြား တိုက်ကြီးမှ ရောက်လာသည့် တစ်ဦးတည်းသော ဧည့်သည်တော်ပင်။ သူက 'လွီပ်(ထ်)' အမည်ရှိ ကန္တာရတိုင်းပြည်၏ မင်းသားကြီးဖြစ်သော်လည်း အမှန်တော့ ယခုတစ်ကြိမ် ဖိတ်ကြားခံရခြင်းမှာ ကန္တာရတိုင်းပြည်၏ မင်းသားကြီးအနေဖြင့်မဟုတ်ဘဲ မှော်ပညာ အကယ်ဒမီမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိခဲ့သော တိုင်းတစ်ပါးသား ကျောင်းသားဖြစ်နေသောကြောင့်ဖြစ်သည်။

တိုက်ကြီးများအကြားတွင် အဆက်အသွယ် များများစားစားမရှိဘဲ အဆက်အသွယ် ရှိသည်ဆိုလျှင်ပင် ကုန်သည်များသာ အများစု သွားလာလေ့ရှိ၏။

လွီပ်(ထ်) တိုင်းပြည်၏ နန်းတွင်း ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ ဘာတစ်ခုမှ မသိရသဖြင့် အခက်တွေ့နေရသည်။

တစ်ခုတည်းသော ကိုးကားရာ စာအုပ်မှာ စွန့်စားခန်းထွက်သူတစ်ဦး ကန္တာရတိုင်းပြည်သို့ သွားရောက်ပြီးနောက် ရေးသားခဲ့သည့် <စူးစမ်းလေ့လာရေး မှတ်တမ်း> ဖြစ်သော်လည်း ခါ့ဖ်မန်း မင်းသားကြီးက ထိုစာအုပ်ကို ဖတ်ပြီးနောက် ပြုံးရယ်၍ စိတ်ကူးယဉ်ဝတ္ထုဟု ပြောခဲ့သည်ဟု ကြားသိခဲ့ရ၏။ လက်တွေ့အခြေအနေနှင့် လုံးဝ ကွဲပြားသည်ဟု ဆိုလိုခြင်းဖြစ်ပေလိမ့်မည်။

'နှစ်ပေါင်းအတော်ကြာ တိုင်းတစ်ပါးမှာ ပညာသင်ခဲ့တာပဲဆိုတော့ ငါတို့ပုံစံအတိုင်း ဧည့်ခံရုံအပြင် မရှိတော့ဘူးပေါ့...'

အချိန်အတန်ကြာအောင် စုံစမ်းလေ့လာမှုများ ပြုလုပ်ပြီး စကားပြောဆိုရာတွင် သတိထားရမည့် အချက်များကို လေ့လာပြီးသည့်နောက်တွင် ညစာစားချိန် ရောက်လုနီးပါး ဖြစ်နေပေပြီ။

ရုံးခန်းအပြင်ဘက်သို့ ထွက်လာတော့ နယ်စားကတော် အယ်လီဇာနှင့် ဆာ အာရ်တီနာတို့က စိုးရိမ်တကြီး ရပ်နေကြရာမှ "ဧကရီ အရှင်မ" ဟု ခေါ်ခဲ့ကြသည်။

"ဝင်လာရမလားလို့ စဉ်းစားနေခဲ့တာပါ။"

“အချိန်ကို ဆက်တိုက် စစ်ကြည့်နေပါတယ်ရှင်။”

တစ်ကြိမ်ထပ်ပြီး အပြင်ပန်းအသွင်အပြင်ကို စစ်ဆေးရန် နယ်စားကတော်ကြီး အယ်လီဇာ၏ တိုက်တွန်းမှုကြောင့် ကျွန်မလည်း အခန်းကို ပြန်သွားပြီး ဆံပင်နှင့် မိတ်ကပ်ကို အမြန်ပြင်ဆင်ကာ အရှေ့နန်းဆောင်သို့ လာခဲ့သည်။

“မမ။”

စားသောက်ခန်းမထဲ ဝင်လိုက်သည်နှင့် အရင်ရောက်နှင့်နေသည့် ရက်ရှ်တာကို ပထမဆုံး မြင်လိုက်ရ၏။

အံ့သြပြီး ကြည့်နေစဉ်မှာပင် ရက်ရှ်တာက သူ့ပါးစပ်သူ တဖပ်ဖပ်ပုတ်ကာ 'ဧကရီ အရှင်မ' ဟုခေါ်ပြီး လှိုက်လှိုက်လှဲလှဲ ပြုံးပြလာသည်။

ကျွန်မ မျက်နှာမဲ့မိတော့မလိုဖြစ်သွား၏။

မနက်ဖြန် ဖိတ်ကြားထားသည့် ဧည့်သည်တော် အယောက်နှစ်ဆယ်ထဲတွင် ရက်ရှ်တာ ပါလေသလား။

မပါပေ။ ကျွန်မ စောစောလေးကတင် စစ်ဆေးခဲ့သည့် ထိုနာမည်စာရင်းပဲကို။

သို့ဆိုလျှင် ဆိုဗီရ်ရှုက သူ့ကို ဒီအတိုင်း ခေါ်လာခြင်း ဖြစ်ရပေမည်။ အထူးဧည့်ခံပွဲကတော့ ဖိတ်စာမပါလျှင် လုံးဝ ဝင်ခွင့်မရှိသော်လည်း ထိုမတိုင်ခင် အကြိုညစာစားပွဲကမူ အထူးဧည့်ခံပွဲသို့ တက်ရောက်ခွင့်မရသူများလည်း တစ်ခါတစ်ရံ ဖိတ်ကြားခံရခြင်းမျိုး ရှိတတ်သောကြောင့်ပင်။

နောက်ကျမှ တော်ဝင်မင်းသား ဟိုင်န်ရီ၊ ဆိုဗီရ်ရှုနှင့် မင်းသမီး စီယာ့ဇ်တို့ကို မြင်လိုက်ရသည်။

မင်းသမီး ဆီယာ့ဇ်က ကျွန်မဘက်သို့ လှည့်ကာ 'သူက ဘာလို့ အဲ့ဒီလိုဖြစ်နေတာလဲ' ဟုမေးနေသလို ပုံစံမျိုးဖြင့် မျက်လုံးပြူးပြလာ၏။

ကျွန်မလည်း ခေါင်းခါပြကာ ကိုယ့်နေရာကိုယ် သွားထိုင်လိုက်သည်။ တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မကို မျက်လုံးဖြင့် နှုတ်ဆက်လာတော့ ကျွန်မလည်း ခေါင်းလေးအသာညိတ်ပြီး နှုတ်ဆက်လိုက်၏။

မင်းသမီး စီယာ့ဇ်က အခြေအနေကိုကြည့်ပြီး ကျွန်မဘေးမှ နေရာသို့ လှစ်ခနဲ ရွှေ့လာသည်။

ထို့နောက် အစေခံတစ်ယောက်က ကျွန်မရှေ့တွင် ရေထည့်ပေးပြီး ထွက်သွားသည်အထိ စောင့်နေကာ လေသံတိုးတိုးလေးဖြင့် တီးတိုးပြောလာ၏။

“စောစောလေးကအထိ အခြေအနေက ပြင်းထန်နေခဲ့တာပါ။”

ကျွန်မ တစ်ယောက်တည်းသာ ကြားနိုင်သည့် အသံသေးသေးလေးပင်။

“ဘယ်လိုဖြစ်ခဲ့လို့လဲရှင့်။”

ကျွန်မလည်း အသံကိုနှိမ့်ပြီး မေးလိုက်တော့ သူက တော်ဝင်မင်းသား ဟိုင်န်ရီကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ကာ ကိုယ်ကို တစ်ဝက်လောက်ကိုင်းပြီး ကျွန်မနားနား ကပ်ပြောခဲ့သည်။

“တော်ဝင်မင်းသား ဟိုင်န်ရီကို မိန်းမလိုက်စားသူဆိုပြီး ပြောကြတာ တကယ်ပဲထင်တယ်ရှင်။ အရှင်ဧကရာဇ်အရှေ့မှာ လေဒီ ရက်ရှ်တာကို ချစ်ချစ်ခင်ခင် ဆက်ဆံနေလိုက်တာများ ကျွန်မဆို လူသား ခရင်မ်ပါ့ဖ်များလားတောင် ထင်မိပါတယ်ဆို။”

“ဖူး။”

သူ၏ တင်စားဖော်ပြပုံကြောင့် တစ်ချက် သီးသွားတော့သည်။

ချောင်းဆိုးနေသော ကျွန်မကိုကြည့်ပြီး မင်းသမီး စီယာ့ဇ်က တခစ်ခစ်ရယ်ရင်း ထူးဆန်းသည့်မျက်နှာထားမျိုး လုပ်လေ၏။

တော်ဝင်မင်းသား ဟိုင်န်ရီ၊ ရက်ရှ်တာနှင့် ဆိုဗီရ်ရှုတို့၏ အကြည့်များက တစ်ပြိုင်နက်တည်း ကျွန်မဆီသို့ ရောက်လာသဖြင့် ကျွန်မလည်း ချက်ချင်း မျက်နှာထားကို ပြန်တည်ပြီး လက်ကိုင်ပဝါနှင့် ပါးစပ်ကို အုပ်လိုက်သည်။

ထိုသို့ဆို၍ ကြည့်လိုက်မှ အနေအထားက ထူးဆန်းနေ၏။

တော်ဝင်မင်းသား ဟိုင်န်ရီက အမြဲတမ်း ခန့်မှန်း၍မရသူဖြစ်သဖြင့် ထားလိုက်ဦးတော့။

ဆိုဗီရ်ရှုက ပုံမှန်ထက်ပိုပြီး စူးရှခက်ထန်သော လေသံနှင့် အခြေအနေမျိုး ဖြစ်နေခဲ့သည်။ သူက ရံဖန်ရံခါ ရက်ရှ်တာနှင့် တော်ဝင်မင်းသား ဟိုင်န်ရီကို တစ်လှည့်စီကြည့်ကာ စနည်းနာနေသည်ကို မြင်လိုက်ရ၏။

ရက်ရှ်တာကား... ရက်ရှ်တာကမူ ဤအခြေအနေကို ဒီအတိုင်း ဘဝင်ကျနေပုံပင်။

ပုံမှန်ထက် ပါးကလေးများရဲနေသည့် သူက ဆိုဗီရ်ရှုနှင့် တော်ဝင်မင်းသား ဟိုင်န်ရီတို့ကို တစ်လှည့်စီ ဂရုစိုက်ပေးနေရသဖြင့် အာရုံမရသည့်ပုံပေါ်နေသည်။

'အစကတည်းက တော်ဝင်မင်းသား ဟိုင်န်ရီနဲ့ ရက်ရှ်တာသာ ဆုံတွေ့ခဲ့ကြရင် အခြေအနေက ပိုကောင်းသွားလောက်မလား....'

ရုတ်တရက်ပေါ်လာသည့် အတွေးကြောင့် တစ်ချက်ကလေး ရင်ထဲတွင် စူးခနဲ နာကျင်သွားရသည်။

သို့ရာတွင် ခဏနေတော့ မဟုတ်ပါဘူးလေဟု တွေးလိုက်မိ၏။

ရက်ရှ်တာ မဟုတ်ခဲ့လျှင်ပင် ဆိုဗီရ်ရှုက တစ်ချိန်ချိန်တွင် အခြားတစ်ယောက်ကို ချစ်သူအဖြစ် ခေါ်လာမည်သာ။

“ထူးဆန်းတယ်ရှင့်။ စောစောကတော့ တော်ဝင်မင်းသား ဟိုင်န်ရီက လေဒီ ရက်ရှ်တာကို ပေါ်တင် ချိုချိုသာသာ ဆက်ဆံခဲ့တာကို။ အခုတော့ မဟုတ်တော့ပြန်ဘူးပဲ။”

မင်းသမီး စီယာ့ဇ်က တစ်ခါထပ်ပြီး တီးတိုးပြောလာသော်လည်း ကျွန်မကတော့ ဤတစ်ကြိမ်တွင် သူတို့ဘက်သို့ လှည့်မကြည့်ဖြစ်တော့။

မကြာမီ ညစာစားပွဲသို့ ဖိတ်ကြားထားသူများ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသဖြင့် နေရာများက ချက်ချင်းဆိုသလို ပြည့်သွားတော့သည်။

စောင့်ဆိုင်းနေကြသည့် အစေခံများက အစားအသောက်များ စတင်ချပေးကြ၏။ ခနစ်ရှ်၊ ဝိုင်နွေး၊ လတ်ဆတ်သော တရုတ်နံနံ၊ အာလူးနှင့် တွဲဖက်ထားသည့် ဆယ်လ်မွန်ငါးဟင်း၊ စပျစ်ဝိုင်တွင် ပြုတ်ထားသော ကြက်သား အစရှိသည်တို့ကို လှပစွာ ပြင်ဆင်တည်ခင်းထားလေသည်။

သို့သော် အားလုံး သုံးဆောင်နေကြစဉ်မှာပင်...

ကျွီခနဲ မြည်သံတစ်ခု ထွက်ပေါ်လာသည်။

စားသောက်ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

အလန့်တကြား ကြည့်လိုက်တော့ ဆိုဗီရ်ရှုက တော်ဝင်မင်းသား ဟိုင်န်ရီကို စိုက်ကြည့်နေကာ ရွှေဖြင့်ပြုလုပ်ထားသော ခွက်တစ်ခွက်က ပန်းကန်ပေါ်တွင် မှောက်လျက်သား လဲကျနေလေသည်။

လူတိုင်း အသက်အောင့်ကာ သူတို့နှစ်ဦးကို စူးစိုက်ကြည့်နေကြ၏။

“ရိုင်းလှချည်လား၊ တော်ဝင်မင်းသား ဟိုင်န်ရီ။”

“ရိုင်းတယ်တဲ့လားဗျ။ ဘာကို ရိုင်းတယ်လို့ ပြောနေတာပါလဲ။ ကျွန်တော်နဲ့ စာပေးစာယူလုပ်ဖူးပါတယ်ဆိုတဲ့သူက စာပါအကြောင်းအရာတွေကို ထူးဆန်းတဲ့နည်းနဲ့ နားလည်နေလို့ ဒီအချက်ကို ထောက်ပြတာ ရိုင်းသွားတယ်လို့ ပြောချင်တာလားဗျ။ လေဒီ ရက်ရှ်တာက ကျွန်တော့်ကို လှည့်စားသည်ဖြစ်စေ၊ မလှည့်စားသည်ဖြစ်စေ သည်းခံနေပြီး နောက်မှပဲ တိုးတိုးတိတ်တိတ်လေး ပြောပြပေးမှ မရိုင်းဘူးလို့ ခေါ်တာလား။”

“တော်ဝင်မင်းသား ဟိုင်န်ရီ။ စကားပြော ဆင်ခြင်ဖို့ ပြောထားတယ်နော်။”

“စကားပြောက အရှင်ဧကရာဇ်ရဲ့ ချစ်သူကိုသာ ဆင်ခြင်ဖို့ပြောလိုက်ပါ။”

“...”

“တော်တော့်ကို စိတ်ပျက်မိပါတယ်။ အစေခံလည်း ဒီလိုပဲ၊ သခင်ဖြစ်တဲ့ လေဒီ ရက်ရှ်တာလည်း ဒီလိုပဲ။ အနောက် ဘုရင့်တိုင်းပြည်ကို အလေးမထားတာလား၊ ကျွန်တော့်ကို အလေးမထားတာလား၊ ကတိကဝတ်ကို အလေးမထားတာလားဗျ။”

ရက်ရှ်တာက စာပါအကြောင်းအရာများကို သေချာနားမလည်၍ ဤကိစ္စနှင့် ပတ်သက်ပြီး နှစ်ဦးသား စကားများရန်ဖြစ်ကြပုံပင်။

ရက်ရှ်တာက မျက်လုံးအဝိုင်းသားနှင့် ကြည့်နေကာ တော်ဝင်မင်းသား ဟိုင်န်ရီကတော့ ထိုင်ခုံနောက်မှီကို မှီလိုက်ရင်း ဆိုဗီရ်ရှုကို အေးစက်စက် အကြည့်များနှင့် စူးစူးစိုက်စိုက် ကြည့်နေလေ၏။

“အာ။ ဒါမှမဟုတ်...အရှင်ဧကရာဇ်က လေဒီ ရက်ရှ်တာကို ခိုင်းခဲ့တာများလား။ ကျွန်တော့်ကို အသုံးချတာဖြစ်ဖြစ် လုပ်ဆိုပြီးတော့လေ။”

“တော်ဝင်မင်းသား ဟိုင်န်ရီ။”

ဆိုဗီရ်ရှု၏ မျက်နှာပေါ်တွ ဒေါသရိပ်များ ဖြတ်ပြေးသွားသော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီကတော့ ဘာကိုမှ ဂရုမစိုက်သည့်ပုံစံဖြင့် နေနေလေသည်။

“ရက်ရှ်တာ ကျိန်းသေပေါက် ပြောခဲ့ပြီးသားပဲကို။ တစ်ချက်လေး ရောထွေးသွားတာပါလို့။ စာပါအကြောင်းအရာဆိုတာမျိုးက အဲ့ဒီလို ရောထွေးသွားနိုင်တာလည်း ရှိတယ်မဟုတ်လား။”

“ဟိုင်န်ရီကလည်း ကျိန်းသေပေါက် ပြောခဲ့ပြီးသားပါဗျ။ စာပါအကြောင်းအရာရဲ့တစ်ဝက်လောက်ကို လွဲနေတာက အဓိပ္ပာယ်ရှိတဲ့ကိစ္စလားလို့။”

တော်ဝင်မင်းသား ဟိုင်န်ရီက ရက်ရှ်တာ၏ စကားပြောဟန်ကို လှောင်ပြောင်သရော်လိုက်သောအခါ ဆိုဗီရ်ရှု၏မျက်နှာက ပို၍နီရဲလာတော့သည်။

မင်းသမီး စီယာ့ဇ်ကမူ ဤကိစ္စက စိတ်ဝင်စားစရာ ကောင်းလာပြီဟု ယူဆဟန်ဖြင့် ခက်ရင်းကိုချကာ ဘီစကစ်မုန့်များကို အသံမြည်အောင် ကိုက်စားရင်း ပြဇာတ်ကြည့်နေသည့်အလား သူတို့အား အာရုံစိုက် ကြည့်ရှုနေ၏။

“အာ...ဘုရားရေ။ လေဒီ ရက်ရှ်တာက တော်တော်လေး ခေါင်းမကောင်းတာများလား။ ဆယ်ခုကြားပြီးရင် တစ်ဝက်လောက် မေ့သွားတတ်တဲ့ အတိုင်းအတာအထိလေ။ အဲ့ဒီလိုဆိုရင်တော့ ကျွန်တော့်ရဲ့ ရိုင်းပျမှုကို ဝန်ခံပါတယ်။”

ချက်ချင်းဆိုသလို အခြေအနေက တင်းမာသွားတော့သည်။

မင်းသမီး စီယာ့ဇ် ဘီစကစ်မုန့် တဂွက်ဂွက် ဝါးစားနေသည့် အသံကိုသာ ကြားနေရ၏။

ရဲတင်းပွင့်လင်းပြီး ယုံကြည်အားကိုးထိုက်သည့် စိတ်နေစိတ်ထားရှိသူ မင်းသမီးက အနေအထားကို ဂရုမစိုက်ဘဲ မိမိ၏ စပ်စုလိုစိတ်ကိုသာ အပြည့်အဝ ဖော်ထုတ်ပြခဲ့သည်။

“လူကြီးမင်းတို့၊ ကျွန်တော်ကပဲ ထူးဆန်းနေတာလားဗျ။ ဒီနေရာမှာ ထိုင်နေတဲ့ လေဒီ ရက်ရှ်တာက မနေ့ကပဲ သူကိုယ်တိုင် ကျွန်တော့်ရဲ့ စာဖလှယ်ဖော်ပါဆိုပြီး ပြောခဲ့တာပါ။ လေဒီ ရက်ရှ်တာလို နာမည်ကျော်တဲ့ပုဂ္ဂိုလ်က လိမ်ပြောမှာမဟုတ်ဘူးလို့ ထင်မိတဲ့အတွက် ကျွန်တော်ကလည်း လွယ်လင့်တကူပဲ အဲ့ဒီစကားကို ယုံကြည်ခဲ့မိပါတယ်။ ပြီးတော့ ခင်မင်ရတဲ့ မိတ်ဆွေအပေါ် လေးစားသမှုကိုလည်း တစ်လျှောက်လုံး ပြခဲ့ပါတယ်ဗျာ။ မင်းသမီး စီယာ့ဇ် ပြောခဲ့သလိုပေါ့၊ လူသား ခရင်မ်ပါ့ဖ်လို ဘယ်လောက်အထိ နူးနူးညံ့ညံ့ ဆက်ဆံပေးခဲ့မှန်းတောင် မပြောတတ်တော့ပါဘူး။”

မင်းသမီး စီယာ့ဇ်က ပထမဆုံးအကြိမ်အဖြစ် ဆတ်ခနဲတွန့်သွားသည်။

‘တော်ဝင်မင်းသား ဟိုင်န်ရီက... နားလည်းပါးတာပဲ။’

“ဟုတ်ပါတယ်။”

အမည်တပ်ပြောခြင်း ခံလိုက်ရသည့် မင်းသမီး စီယာ့ဇ်က တော်ဝင်မင်းသား ဟိုင်န်ရီကို ခရင်မ်ပါ့ဖ်ဟု ခေါ်ခဲ့မိသည့်အတွက် အလျော်အစားအဖြစ် သူ့ဘက်က ရပ်တည်ပေးလိုက်လေသည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment