no

Font
Theme

အပိုင်း ၁၉ (စူးစမ်းလိုစိတ်)

အသံက နူးညံ့ပြီး ညင်သာသော်လည်း တစ်နေရာရာတွင် မောက်မာပလွှားမှု စွက်နေသလိုပင်။

ထို့အပြင် ကွီးန်တဲ့လား။ ယခင်တစ်ခါလည်း ထိုအတိုင်းဖြစ်ပြီး၊ ဒီတစ်ခေါက်လည်း ကျွန်မကို ကွီးန်ဟု ထပ်ခေါ်နေပြန်သည်။

တိုင်းတစ်ပါးသားများထဲတွင် ကျွန်မကို ကွီးန်ဟုခေါ်သူ မရှိခြင်းမဟုတ်သော်လည်း ယခုတလော မျက်နှာမမြင်ဖူးသူတစ်ယောက်နှင့် ကွီးန် (ငှက်) မှတစ်ဆင့် စာချင်းဖလှယ်နေသဖြင့် ခံစားချက်က ထူးဆန်းနေ၏။

ဧကန္တ...တော်ဝင်မင်းသား ဟိုင်န်ရီက ကွီးန်ရဲ့သခင်များလား။

အကယ်၍ ဟုတ်ခဲ့လျှင် တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မကို သူ၏စာဖလှယ်ဖော်ဟုထင်ကာ စမ်းသပ်နေခြင်းပေပဲလား။

ခဏလောက် သံသယဝင်မိသော်လည်း ကျွန်မ ထိုအကြောင်းကို ထပ်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။

သူက စာဖလှယ်ဖော်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အရေးမကြီးပေ။

ကျွန်မတွင် ကွီးန်၏သခင်ကို လက်တွေ့ဘဝတွင်တွေ့ဆုံရန် စိတ်ကူးမရှိ။

ကျွန်မဘေးတွင် ရပ်နေသည့် စစ်သည်တော်က စိတ်ခုသွား၍ပဲလားမသိ၊ မျက်မှောင်ကြုတ်ခဲ့သည်။

တော်ဝင်မင်းသား ဟိုင်န်ရီက ဧကရီဖြစ်သည့် ကျွန်မကို နန်းတော်ထဲ လိုက်ပြပေးခိုင်းသည်မှာ ရိုင်းပျသည်ဟု ထင်နေပုံပင်။

"ကောင်းပါပြီ။"

သို့သော် သူက ဘယ်အချိန်တွင် ကျွန်မတို့၏ အရှေ့အင်ပါယာကို ကျော်တက်နိုင်မည် မသိရသော တိုင်းပြည်မှ မင်းသားဖြစ်နေ၏။ ထို့အပြင် နောင်တစ်ချိန်၌ ဘုရင်ဖြစ်လာနိုင်ခြေ အများဆုံးရှိသည့် တော်ဝင်မင်းသားနှင့် ပြဿနာဖန်တီးရန် မလိုအပ်ပေ။

ခဏလောက် စဉ်းစားပြီး သဘောတူလိုက်တော့ အံ့ဩစရာကောင်းလောက်အောင်ပင် တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်နှာပေါ်မှ အထက်စီးဆန်ဆန် မျက်နှာထားက ချက်ချင်း ပျောက်ကွယ်သွား၏။

ဖြူစင်အပြစ်ကင်းပုံပေါ်ရလောက်သည်အထိ နှစ်နှစ်ကာကာ ပြုံးရယ်လိုက်သော သူက ကျွန်မကို စောင့်ကြပ်ပို့ဆောင်ပေးမည့်ဟန်ဖြင့် သူ၏ လက်မောင်းကို ကမ်းပေးခဲ့သည်။

သူ့လက်မောင်းပေါ် လက်တင်လိုက်တော့ လှပချောမောသည့်ရုပ်ရည်နှင့် ဆန့်ကျင်စွာ လက်မောင်းက တော်တော်လေး တောင့်တင်းလှ၏။

အလန့်တကြား လက်ကိုပြန်ရုပ်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက နားမလည်နိုင်သလိုမျက်နှာနှင့် ကျွန်မကို ကြည့်လာသည်။

"ဘာဖြစ်လို့လဲခင်ဗျ။"

"... ဟင့်အင်း။ ဘာမှမဟုတ်ပါဘူး။"

ထင်ထားတာထက် ကြွက်သားပိုတောင့်တာပဲဟု ပြော၍မရသဖြင့် ကျွန်မလည်း စကားကို မြန်မြန်လွှဲလိုက်သည်။

"ငွေဥယျာဉ်ကို ရောက်ပြီးပြီလားရှင့်။ တောင်နန်းဆောင်နဲ့ အနီးဆုံး ဥယျာဉ်ဖြစ်ပြီး အရမ်းလည်းလှပါတယ်။"

"ကျိန်းသေပေါက် တောင်နန်းဆောင် အနီးအနားက နေရာတိုင်းကို အကုန်သွားပြီးပါပြီ။"

ကျွန်မ နန်းတော်အပြင်ကိုရောက်တော့ စင်္ကြံလမ်းအတိုင်းလျှောက်ရင်း တစ်ချက်စဉ်းစားလိုက်သည်။

ပင်မနန်းဆောင်က အလုပ်အများစု လုပ်ဆောင်ရာ နေရာဖြစ်ပြီး ပြင်ပလူ ဝင်ခွင့်မပြုသော နေရာများ အများအပြားရှိသဖြင့် ဤနေရာကို လိုက်ပြခြင်းက မသင့်တော်ဘူးဟု တွေးမိ၏။

တောင်နန်းဆောင်တွင် အခန်းလွတ်များ အများအပြားရှိသဖြင့် ဤသို့သော ခရီးဝေးမှ ဧည့်သည်တော်များ အမြောက်အမြား လာကြသည့်အခါ သူတို့ကို တည်းခိုဖို့ပေးရန် အသုံးပြုလေ့ရှိသည်။

တော်ဝင်မင်းသား ဟိုင်န်ရီကလည်း တောင်နန်းဆောင်တွင် နေနေခြင်းဖြစ်ကာ အနီးအနားရှိ နေရာတိုင်းကို သွားဖူးပြီးသားဖြစ်၍ ကျွန်မက သီးသန့် ထပ်မိတ်ဆက်ပေးရန်မလိုတော့။

သို့ဆိုလျှင် အရှေ့နန်းဆောင်၊ အနောက်နန်းဆောင်နှင့် မြောက်နန်းဆောင်သာ ကျန်တော့သည်။ လိုက်ပြပေးပြီးလျှင် လက်ဖက်ရည်တိုက်ကာ ဧည့်ခံရမည်ဖြစ်သဖြင့် အနောက်နန်းဆောင်ကိုတော့ အားလုံးပြီးမှ သွားလျှင်ကောင်းပေမည်။

နဂိုအစီအစဉ်အရဆိုလျှင် အရှေ့နန်းဆောင်ကို ပြပေးသင့်သော်လည်း အရှေ့နန်းဆောင်နားသို့သွားရင်း ရက်ရှ်တာနှင့် တွေ့ရမည်စိုး၍ ရှောင်လိုက်၏။

သို့သော် အနီးအနားမှ အရှေ့နန်းဆောင်ကို မျက်ကွယ်ပြုကာ မြောက်နန်းဆောင်သို့ သွားရန်ကလည်း...။

"ဧကရီအရှင်မ။"

ကျွန်မ စကားမပြောဘဲ လျှောက်နေသည်ကိုမြင်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မကို တိုးတိုးလေး ခေါ်ခဲ့သည်။

အကျင့်ပါနေခြင်းပဲလား။ ပုံမှန်အတိုင်း ခေါ်လိုက်ရုံလေးဆိုသော်လည်း သူ့အသံက တစ်နေရာရာမှ တီးတိုးပြောနေသကဲ့သို့ နားကို ယားကျိကျိဖြစ်အောင် လုပ်နေသလိုပင်။

"ဘယ်နေရာကို အရင်ဆုံး လိုက်ပြပေးရမလဲလို့ စဉ်းစားနေတာပါ။"

"အာ။ ဒါဆိုရင် သွားချင်တဲ့နေရာက..."

တော်ဝင်မင်းသား ဟိုင်န်ရီ စကားမဆုံးခင်မှာပင်။ ဟိုဘက် အရှေ့နန်းဆောင်အနီးရှိ ချုံပုတ်အနောက်တွင် ရင်းနှီးနေသောဆံပင်ကို မြင်လိုက်ရကာ ခဏနေတော့ တစ်စုံတစ်ယောက်က အမြန်ပြေးလာလေသည်။

"ဧကရီအရှင်မ။"

ရက်ရှ်တာပင်။

ရှောင်ချင်နေသူနှင့် အရှေ့နန်းဆောင် အပြင်ဘက်တွင် တည့်တည့်တိုးလေတော့သည်။

ကျွန်မ ရုတ်တရက် သက်ပြင်းချလိုက်မိသော်လည်း ဘာမှမဖြစ်သလို ခေါင်းဆတ်ပြလိုက်၏။

"ဧကရီအရှင်မ၊ လမ်းလျှောက်နေတာလားရှင့်။ ရက်ရှ်တာကတော့ လမ်းလျှောက်နေတာပါ။"

"ဟုတ်တယ်။"

တကယ်ပဲ ထိုလူ၏ လျှံထွက်နေသော အင်အားများ ဘယ်ကလာမှန်း မသိတော့။

နောက်ဆုံးအကြိမ် တွေ့ခဲ့စဉ်ကလည်း သိပ်ပြီး လမ်းခွဲလှခဲ့ခြင်းမဟုတ်သည်ကို။

"ဟိုဘက်လမ်းက လာခဲ့တာပါ။"

ရက်ရှ်တာက သူလာခဲ့ရာလမ်းကို လက်ညှိုးညွှန်ပြကာ နှစ်နှစ်ကာကာပြုံးပြီး တော်ဝင်မင်းသား ဟိုင်န်ရီကိုလည်း နှုတ်ဆက်ခဲ့သည်။

"မင်္ဂလာပါ၊ ရက်ရှ်တာပါရှင့်။"

မှူးမတ်အနွယ်တော်တို့၏ ယဉ်ကျေးမှုနှင့် ကွဲပြားသော နှုတ်ဆက်ပုံကြောင့် တော်ဝင်မင်းသား ဟိုင်န်ရီ လန့်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အံ့ဩစရာကောင်းလောက်အောင် သူက ညင်သာစွာပြုံးကာ ရက်ရှ်တာကို ပြန်ပြောခဲ့သည်။

"မင်္ဂလာပါ။ ဟိုင်န်ရီပါခင်ဗျ။"

ရယ်စရာကောင်းသော လေသံကြောင့် ရက်ရှ်တာက နတ်သမီးရေခွက်ပန်းလေးလို ရယ်လိုက်သည်။

"ရယ်စရာကောင်းတဲ့ ပုဂ္ဂိုလ်ပဲ။ ဧကရီအရှင်မ၊ ဒီပုဂ္ဂိုလ်က ဘယ်သူလဲရှင့်။ အရင်က တစ်ခါမှ မတွေ့ဖူးပါဘူး။"

ကျွန်မ မိတ်ဆက်မပေးရသေးခင် ဟိုင်န်ရီက အရှေ့ထွက်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

"အနောက်တိုင်းပြည်ကလာတဲ့ တော်ဝင်မင်းသား ဟိုင်န်ရီပါ။"

"ဝါး၊ တော်ဝင်မင်းသားလား။"

ရက်ရှ်တာက လက်နှစ်ဖက်နှင့် ပါးစပ်ကိုအုပ်ကာ အံ့ဩသွားသော အမူအရာမျိုးလုပ်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်၏။

"ရက်ရှ်တာက တော်ဝင်မင်းသားကို အခုမှ ပထမဆုံးတွေ့ဖူးတာပါ။"

"ဟားဟား။ ဟုတ်လားဗျ။"

"တော်ဝင်မင်းသားက တကယ့် မင်းသားလေးလိုပဲနော်။ ပုံပြင်စာအုပ်ထဲက ထွက်လာတဲ့သူကျနေတာပဲ။"

"ဘုရားရေ၊ တအားပိုလွန်းနေပါပြီ လေဒီ ရက်ရှ်တာ။"

ရက်ရှ်တာက မျက်နှာအရဲသားနှင့် ဟဲဟဲဟုရယ်ကာ ပြောခဲ့သည်။

"နှစ်ယောက်သား အတူတူ လမ်းလျှောက်ထွက်နေကြတာလားဟင်။"

"ကျွန်တော်က ဧကရီအရှင်မကို နန်းတော်ထဲ လိုက်ပြပေးဖို့ တောင်းဆိုထားတာပါ။"

"တော်တော်လေးလှတဲ့နေရာပဲမဟုတ်လား။ ကြည့်စရာနေရာတွေလည်း အများကြီးပဲ။"

"အဲ့ဒါတော့ အခုကနေစပြီး ကြည့်ရမှာပေါ့။ ဒါပေမဲ့ အခုအထိတော့ တအားကို လှပါတယ်။"

ရက်ရှ်တာကို ပထမဆုံး မြင်ဖူးကြသော မှူးမတ်အနွယ်တော်များ သူ၏ လေယူလေသိမ်းနှင့် အပြုအမူကြောင့် ကြောင်သွားကြပုံနှင့်မတူဘဲ တော်ဝင်မင်းသား ဟိုင်န်ရီကတော့ ကျင်လည်စွာ ရက်ရှ်တာနှင့် စကားပြောနေ၏။

ရက်ရ်တာကလည်း တော်ဝင်မင်းသား ဟိုင်န်ရီကို အင်မတန် သက်သောင့်သက်သာရှိသည်ဟု ထင်နေပုံရပြီး နှစ်နှစ်ကာကာ ပြုံးလိုက်ရင်း ကမ်းလှမ်းခဲ့သည်။

"ဟို... အဲ့ဒါဆိုရင်လေ မင်းသား ဟိုင်န်ရီ။ ရက်ရှ်တာက နန်းတော်ထဲ လိုက်ပြပေးရမလားရှင့်။"

တော်ဝင်မင်းသား ဟိုင်န်ရီက မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။

"လေဒီ ရက်ရှ်တာကလားခင်ဗျ။"

"ရက်ရှ်တာက မကြာသေးခင်ကမှ ရောက်လာတာဆိုတော့ နန်းတော်တစ်ခုလုံးအနှံ့ စူးစမ်းရှာဖွေကြည့်ထားတာလေ။ မသိတဲ့နေရာ မရှိပါဘူး။"

ရက်ရှ်တာက ကျွန်မကိုကြည့်ပြီး သဘောကောင်းညင်သာစွာ ထပ်ပြောလိုက်သည်။

"ဧကရီအရှင်မက အလုပ်များနေမှာဆိုတော့ ရက်ရှ်တာက လိုက်ပြပေးပါ့မယ်။"

"အာ၊ ကျေးဇူးပါပဲ လေဒီ ရက်ရှ်တာ။ ဒါပေမဲ့ ရပါတယ်ဗျ။ ဧကရီအရှင်မက အရမ်းတော်တဲ့ လမ်းပြအဖြစ် လုပ်ပေးနေတာမို့လို့ပါ။"

'အခုအထိ လိုက်တောင်မပြရသေးတာကို။'

သူ့ဟာသူလည်း ပြောပြီး ရှက်သွား၍ပဲလားမသိ၊ တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မကို မျက်လုံးတစ်ဖက် မှိတ်ပြခဲ့သည်။

"အာ။ ဒါဆိုရင် ရက်ရှ်တာလည်း အတူတူ လိုက်မယ်လေ။ သုံးယောက် အတူတူ လမ်းလျှောက်ရင် ပိုပျော်စရာကောင်းမှာပါ။"

သို့သော် ရက်ရှ်တာက တော်ဝင်မင်းသား ဟိုင်န်ရီကို တော်တော်လေး သဘောကျနေပုံရပြီး တော်ဝင်မင်းသား ဟိုင်န်ရီ၏ ဘေးနားသို့ အပြေးလေး သွားရပ်ကာ ဖော်ရွေစွာရယ်ခဲ့၏။

တော်ဝင်မင်းသား ဟိုင်န်ရီကလည်း ညင်သာစွာ ပြုံးလိုက်သည်။

သူသာ ရက်ရှ်တာကို အတူလိုက်ရန် ခွင့်ပြုလိုက်မည်ဆိုလျှင်တော့ ကျွန်မက ထွက်သွားရမည်ပင်။ ကျွန်မ စိတ်ထဲမှတွေးရင်း ပြောလို့ရမည့် ဆင်ခြေများကို ရွေးနေခဲ့သည်။

'အလုပ်ရှုပ်နေတယ်ပဲ ပြောရမလား။ ဟင့်အင်း၊ အလုပ်မရှုပ်ပါဘူးလို့ ကိုယ့်ပါးစပ်နဲ့ကိုယ်ပဲ ပြောခဲ့ပြီးသားလေ။'

'အလုပ်များနေမှန်း အခုမှ သတိရတယ်လို့ပဲ ပြောရမလား။ တအားတွေ ကချော်ကချွတ်နိုင်နေမှာပေါ့။'

'ရေအိမ် အရေးတကြီးသွားရမယ်ဆိုရင်ရော... မဖြစ်ဘူး။ လုံးဝမဖြစ်ဘူး။'

မည်သို့ပင်ဖြစ်စေ ဧကရာဇ်၏ ချစ်သူနှင့် ဧကရီက တိုင်းတစ်ပါးမှ မင်းသားကို အလယ်တွင်ထားကာ လမ်းလျှောက်ထွက်နေသည့် ပုံစံမျိုးကိုတော့ မဖန်တီးလိုပေ။

'ရယ်စရာကြီးဖြစ်နေမှာပေါ့။'

သို့သော် ကျွန်မ ဆင်ခြေရွေးနေစဉ်မှာပင်...။

"အားတော့နာပါတယ် လေဒီ ရက်ရှ်တာ။"

တော်ဝင်မင်းသား ဟိုင်န်ရီက ညင်သာသော်လည်း ခိုင်မာပြတ်သားသည့်အသံနှင့် ရက်ရှ်တာကို ပထုတ်ခဲ့သည်။

"သုံးယောက်က အရမ်းများလို့ပါ။"

ရက်ရှ်တာတစ်ယောက် အံ့ဩနေစဉ် တော်ဝင်မင်းသား ဟိုင်န်ရီက 'ပျော်စရာ လမ်းလျှောက်ထွက်ခြင်းဖြစ်ပါစေ' ဟု နှုတ်ဆက်ကာ အေးဆေးတည်ငြိမ်စွာ ရှေ့သို့ ဆက်လျှောက်ခဲ့သည်။

ယဉ်ကျေးသော အမူအရာဖြစ်သော်လည်း အံ့ဩစရာကောင်းလောက်အောင် အေးစက်သည့်အပြုအမူပင်။

ပုံမှန်အတိုင်းသာဆို တစ်ယောက်ယောက်က အတူတူလိုက်မည်ဟု ပြောလာလျှင် ထိုသို့ ပြတ်ပြတ်သားသား ငြင်း၍မဖြစ်ပေ။

အံ့ဩသွားသည့် ကျွန်မလည်း သူ၏ ဘေးဘက်မျက်နှာကို တစ်ချက်အကဲခတ်လိုက်မိသည်။

သိတောင်မသိလိုက်ခင်မှာပင် သူက ကျွန်မကို လိုက်ပြပေးရန်​ တောင်းဆိုခဲ့စဉ်က အထက်စီးဆန်ဆန် အမူအရာအဖြစ်သို့ ပြန်​ရောက်နေပေပြီ။

တစ်ခုခု စဉ်းစားနေသလို မျက်ခုံးကိုကျုံ့ထားသည်မှာ တော်တော်လေး... စိတ်နေစိတ်ထား မကောင်းမည့်ပုံပင်။

'မျက်နှာထားကိုလိုက်ပြီး ပုံစံတအားပြောင်းလဲတတ်တဲ့ လူပါလား။'

'အဲ့ဒါကြောင့်ပဲ လူမှုရေးအသိုင်းအဝိုင်းမှာ ကောလာဟလတွေ အများကြီး ရှိနေတာများလား။'

တစ်ချက်တွေးနေစဉ် တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မကို လှမ်းကြည့်လာသည်။ တအားသိသာလွန်းနေပြီဟုတွေးကာ အကြည့်ကို အမြန်လွှဲရန်လုပ်လိုက်စဉ် သူက ရုတ်တရက် ထင်မှတ်မထားသည့် မေးခွန်းကို မေးလာ၏။

"ကျွန်တော်၊ မချောဘူးလားဗျ။"

'ဘာစကားလဲဟ။'

ကြောင်သွားကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိတော့ တော်ဝင်မင်းသား ဟိုင်န်ရီက မသင်္ကာသလို လေသံနှင့် ပြောခဲ့သည်။

"ထူးဆန်းတယ်ဗျ။ ပုံမှန်အတိုင်းသာဆိုရင် ဒီအချိန်လောက်ဆို ကျွန်တော့်ကို အာရုံစိုက်နေကြပြီကို။ ကွီးန်က ဘာလို့ ဒီလောက်တောင် သွေးအေးရတာပါလိမ့်။ ကျွန်တော့် မျက်နှာများ ဖောနေလို့လား။ လှလှပပလေး ဝတ်စားပြင်ဆင်ပြီး လာခဲ့တာကို။"

ကျွန်မ နားကြားမှားတာ ဖြစ်မည်ဟု တွေးလိုက်၏။

အကြောင်သား ကြည့်နေမိစဉ် တော်ဝင်မင်းသား ဟိုင်န်ရီက 'ရှီး' ဟု ပေါ့ပေါ့ပါးပါး ရယ်ခဲ့သည်။

'နောက်နေတာလား...'

ကြောင်တောင်တောင်နှင့် လိုက်ရယ်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက တစ်ဖန် ပြန်နူးညံ့သွားသော အမူအရာသို့ ပြောင်သွားကာ ပြောခဲ့သည်။

"စိုးရွံ့မိပါတယ်၊ ဧကရီအရှင်မ။ စောစောက အရမ်း တောင့်တင်းနေလို့ပါ။"

"..."

"ခုနတုန်းက အဲ့ဒီပုဂ္ဂိုလ်က အဲ့ဒီလူလားဗျ။ အရှေ့အင်ပါယာ ဧကရာဇ်ရဲ့ ဖောက်ပြန်ဖော် ဖောက်ပြန်ဖက်လေ။"

တော်ဝင်မင်းသား ဟိုင်န်ရီက ချစ်သူအစား ဖောက်ပြန်ဖော် ဖောက်ပြန်ဖက်ဟု ​သုံးခဲ့သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment