အပိုင်း ၂၇ (ဒီလိုမျိုး လိုက်ရှာနေဆဲပါ)
အံ့သြမိရသည်။ သူက စာပါအကြောင်းအရာကိုပင် သိမည်မဟုတ်သည်ကို။ ထို့အပြင် ကျွန်မက ယခုအထိ စာအပေးအယူလုပ်နေသည်ကို ဘယ်အချိန်မဆို ပေါ်သွားနိုင်သည်မဟုတ်ပေဘူးလား။ ဘာကြောင့်များ ဤမျှအထိ လက်လွတ်စပယ် လိမ်ညာရသလဲ။ ရက်ရှ်တာက ဤကိစ္စနှင့် ပတ်သက်နေခြင်း ရှိသလား၊ မရှိဘူးလား။
‘ရက်ရှ်တာ ပါဝင်ပတ်သက်နေတယ်ဆိုရင် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က စာပါအကြောင်းအရာကို ပြောပြလိုက်တာများလား။’
လော်ရာကလည်း ထိုအတိုင်း တွေးမိသည့်အလား ကျွန်မကို လှမ်းကြည့်ကာ ထူးဆန်းသည့် အမူအရာကို ပြလာ၏။ ကျွန်မက ခေါင်းခါကာ ဒီအတိုင်း ပြုံးပြလိုက်သည်။ အလိမ်ပေါ်သွားလျှင် သူ့ဘာသာ ကြည့်ကြပ်တာဝန်ယူရမည့်ကိစ္စပင်။ မဖြစ်မနေ ရက်ရှ်တာ၏ အစေခံမိန်းကလေးအထိပါ လိုက်ပူပေးနေရန်မလိုပေ။
~~~~
ပေါလ် မက်ကန်နာမှာ တော်ဝင်မင်းသား ဟိုင်န်ရီ ကိုယ်တိုင် ဦးဆောင်သည့် ရေနဂါး စစ်သည်တော်တပ်ဖွဲ့၏ ဒုတိယတပ်မှူးဖြစ်သည့်အပြင် တော်ဝင်မင်းသား ဟိုင်န်ရီ၏ ကိုယ်ရေးအရာရှိလည်း ဖြစ်ပေသည်။
တိတ်တိတ်ပုန်းကလေးဖြစ်၍ တော်ဝင်မိသားစု၏ မျိုးရိုးဇယားတွင် ပါဝင်ခွင့်မရခဲ့သော်လည်း ကိုယ်ရေးကိုယ်တာအရဆိုလျှင် တော်ဝင်မင်းသား ဟိုင်န်ရီ၏ ဝမ်းကွဲညီအစ်ကိုလည်း ဖြစ်၏။
လူအများက ပညာအရာတွင်ရော၊ စစ်ရေးစစ်ရာတွင်ပါ ထူးချွန်သည့် ဤစစ်သည်တော်ကို တော်ဝင်မင်းသား ဟိုင်န်ရီ၏ အနီးကပ်ဆုံး လူယုံဟု သတ်မှတ်ကြကာ တော်ဝင်မင်းသား ဟိုင်န်ရီ နန်းတက်ရန် အခွင့်အလမ်း ပိုများလာသည်နှင့်အမျှ မက်ကန်နာ၏ အာရုံစိုက်ခံရမှုသည်လည်း မြင့်တက်လာခဲ့သည်။
လွတ်လပ်ပြီး လေနှင့်တူသည့် တော်ဝင်မင်းသား ဟိုင်န်ရီကို ယုံကြည်အားကိုးထိုက်သော ဤကိုယ်ရေးအရာရှိနှင့် စစ်သည်တော်က ကောင်းစွာ ပံ့ပိုးမှုပေးနေကြောင်း လူတိုင်းက တစ်လေသံတည်း ချီးကျူးခဲ့ကြ၏။
သို့ရာတွင် ယင်းမှာ အပြင်လူများ၏ စကားသာ။
မက်ကန်နာက သူ့ကိုယ်သူ တော်ဝင်မင်းသား ဟိုင်န်ရီ၏ ကျောထောက်နောက်ခံမဟုတ်ဘဲ အသုံးချရန် အကောင်းဆုံး စစ်တုရင်ရုပ်လေးသာ ဖြစ်သည်ဟု မကြာခဏ တွေးမိတတ်ပေသည်။
“လူတွေ ဘာတွေပြောနေကြလဲဆိုတာ သိပါရဲ့လား။”
ယခုတစ်ကြိမ်လည်း အတူတူပင်။ တော်ဝင်မင်းသား ဟိုင်န်ရီ၏ စိတ်ကို မက်ကန်နာ မည်သို့မျှ နားမလည်နိုင်ခဲ့ပေ။
“ဘာလို့လဲ။ ဘာတွေပြောနေကြလို့လဲ။”
တော်ဝင်မင်းသား ဟိုင်န်ရီက ပြုံးစစနှင့် ပြန်မေးလာသောအခါ မက်ကန်နာ၏ နဖူး၌ သွေးကြောများ ထောင်ထလာတော့သည်။ မသိ၍ မေးခြင်းမဟုတ်သည်မှာ သေချာ၏။ ရယ်ရခက်၊ ငိုရခက် ထိုပြုံးစစမျက်နှာထားမှာ အလွန်ပင် မုန်းစရာ ကောင်းလှသည်။
“ကြီးမြတ်တဲ့တိုင်းပြည်ရဲ့ တော်ဝင်မင်းသား လိုက်ရှာနေတဲ့သူက အစေခံမလေးဖြစ်နေတယ်တဲ့။ ဘယ်လောက်တောင် ရိုမန်တစ်ဆန်တဲ့ ဇာတ်လမ်းလဲဗျ။ လူတွေရဲ့ စပ်စုချင်စိတ်ကို တအားကွက်တိ လှုံ့ဆော်ပေးလိုက်သလိုပါပဲ။ သွားလေရာမှာ လူတိုင်းက ဒီအကြောင်းချည်းပဲ မေးနေကြတာပါ။”
“ဟင်း။”
“ရယ်နေရမဲ့အချိန် မဟုတ်ပါဘူး။ နှစ်ရက်လောက်ဆို မြို့တော်အနှံ့ ကောလာဟလတွေ ပြန့်ကုန်တော့မှာပါ။”
“နှစ်ရက်မပြည့်ခင် ရပ်သွားမှာမို့လို့ ထားလိုက်။”
တော်ဝင်မင်းသား ဟိုင်န်ရီက အင်မတန်ပင် တည်ငြိမ်အေးဆေးလွန်းနေသည်။ ထိုပေါ့ပေါ့ပါးပါး စကားကြောင့် မက်ကန်နာလည်း သက်ပြင်းတစ်ချက်ချမိတော့၏။
“တကယ်ပဲ ဘာဖြစ်လို့ အလှည့်စားခံနေရတာလဲဗျ။ အဲ့ဒီ အစေခံမိန်းကလေးက စာဖလှယ်ဖော်မဟုတ်မှန်း သိနေတာပဲမဟုတ်ဘူးလား။”
တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်ခုံးများကြားတွင် ကျုံ့ရာအနည်းငယ် ပေါ်လာခဲ့သည်။
“မင်းက အဲ့ဒါကို ဘယ်လိုလုပ် သိသွားပြန်တာလဲ။”
“ကျွန်တော်က အရှင့်သားကို တစ်နှစ် နှစ်နှစ်လောက်ပဲ ခစားဖူးတဲ့သူလား။ အခုဆို အရှင့်သားရဲ့ မျက်နှာထားကို ကြည့်လိုက်ရုံနဲ့ ချက်ချင်း တန်းသိနေပါပြီ။ မျက်နှာတစ်ခုလုံး အကွက်ချကြံစည်မှုတွေ ပြည့်နှက်နေတာမို့လို့ မဟုတ်ဘူးဆိုတာ သေချာပါတယ်။”
“……”
“မဟုတ်မှ အဲ့ဒီ အစေခံမိန်းကလေးကို သဘောကျသွားလို့ တမင်သက်သက် အလှည့်စားခံနေတာလားဗျ။”
ထိုသို့ဆိုလျှင် သူ့အနေဖြင့် နားလည်နိုင်ကြောင်း ပြောရင်း မက်ကန်နာက တစ်လှမ်းနောက်ဆုတ်လိုက်သည်။
သို့သော် တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်နှာထားက ချက်ချင်းဆိုသလို အေးစက်သွားသဖြင့် မက်ကန်နာလည်း တော်ဝင်မင်းသား ဟိုင်န်ရီတစ်ယောက် ထိုကဲ့သို့ ရိုမန်တစ်ဆန်သည့် အကြောင်းရင်းကြောင့် အစေခံမိန်းကလေး၏ လှည့်စားမှုကို မသိချင်ယောင်ဆောင်နေခြင်းမဟုတ်ကြောင်း သဘောပေါက်သွား၏။
“ဒါဆိုရင် တကယ်ပဲ ဘာကြောင့်များ အလှည့်စားခံနေရတာလဲ... ဟင်။ ရည်ရွယ်ချက်ကို ပြောပြမှ ကျွန်တော်လည်း ရှေ့ဆက် ဖြစ်လာမဲ့ကိစ္စတွေကို ပြင်ဆင်ထားနိုင်မှာပါ။”
မက်ကန်နာ မျက်မှောင်ကြုတ်လိုက်သည်။
တော်ဝင်မင်းသား ဟိုင်န်ရီ များများစားစား ဆင်ခြင်တွေးဆခြင်းမရှိဘဲ ဆောင်ရွက်သည့်ကိစ္စဆိုလျှင် မည်သို့မည်ပုံဖြစ်စေ အကျိုးဆက်က အမြဲတမ်း ပေါ်လာတတ်စမြဲပင်။
ထို့အပြင် အများစုသော အခြေအနေများတွင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထိုကိစ္စများ၏ နောက်ဆက်တွဲများကို ရှင်းလင်းရသည့်သူမှာ ကိုယ်ရေးအရာရှိများသာဖြစ်၏။
အနည်းဆုံးတော့ အခြေအနေက မည်သို့ဦးတည်သွားမည်ကို ကြိုတင်ခန့်မှန်းထားချင်သည်။
“ပျော်စရာအိပ်မက်လေး မက်စေချင်လို့လေ။”
“……ထင်တဲ့အတိုင်း သဘောကျသွားတာပဲပေါ့။”
“အဲ့ဒီလိုဖြစ်စရာလား။ အဲ့ဒီလိုဖြစ်စရာအကြောင်းမရှိဘူး၊ မက်ကန်နာ။”
“ဒါဆို ဘာဖြစ်လို့ ပျော်စရာအိပ်မက်မှ ဖြစ်ရတာလဲ။ အိပ်မက်ဆိုးလည်း ရှိတာပဲကို။”
“အိပ်မက်ဆိုးကနေ နိုးလာရင် စိတ်သက်သာရာရသွားမှာပေါ့။ လက်တွေ့ဘဝက ပိုပြီးတော့ နွေးနွေးထွေးထွေး သက်သောင့်သက်သာရှိတာကို။”
“အဲ့ဒီလို……လား။”
“ဒါပေမဲ့ ပျော်စရာအိပ်မက်ကနေ နိုးလာရင် ဘယ်လိုဖြစ်သွားမယ်ထင်လဲ။”
“လစ်ဟာပြီး ဘာမှမရှိတော့သလို ခံစားရမှာပေါ့။”
တော်ဝင်မင်းသား ဟိုင်န်ရီက လက်ညှိုးဖြင့် သေနတ်ပစ်သည့်ဟန်လုပ်ပြကာ ရယ်လိုက်သည်။
“အဲ့ဒါပဲပေါ့။ ငါ သူ့ကို ကျိန်းသေပေါက် သတိပေးခဲ့ပြီးသား။ လိမ်တာဆိုရင် ငါ ဒေါသထွက်ပြီး ဘယ်လိုမျိုး တုံ့ပြန်မိမယ်မှန်း မသိနိုင်ဘူးလို့။”
“ဒါဆို ရွေးချယ်လိုက်တဲ့ နည်းလမ်းက ပျော်ရအောင်လုပ်ပေးပြီးမှ ရုတ်တရက် အောက်ကို ပြုတ်ကျသွားအောင် လုပ်လိုက်မယ်ဆိုတဲ့ သဘောလားဗျ။”
“အင်း။”
နှစ်နှစ်ကာကာ ပြုံးလိုက်သောသော တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်နှာထားက တောက်ပလွန်းသဖြင့် ပို၍ အစိမ်းသက်သက်ဖြစ်နေသည်။
“တကယ်ပဲ အကျင့်မကောင်းပါဘူး။ သိရဲ့လားဗျ။”
မက်ကန်နာက နှာခေါင်းရှုံ့လိုက်သည်။
“တော်ဝင်မျိုးနွယ်ကို လိမ်ညာတဲ့ အပြစ်နဲ့ပဲ အပြစ်ပေးလိုက်တာ ပိုမကောင်းဘူးလားဗျ။”
ထိုနည်းက ပို၍ရိုးရှင်းပေလိမ့်မည်။ ဤမျှ ရှုပ်ထွေးသည့် ကိစ္စမျိုးအတွက် အပင်ပန်းခံ လုပ်နေရသည့် အကြောင်းရင်းကို သူ နားမလည်နိုင်ခဲ့။
“မလုပ်ချင်ဘူး။ ငါက ကိုယ်ဒဏ်ရာထက် စိတ်ဒဏ်ရာက ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နိုင်မယ်လို့ထင်တာလေ။”
“……ဘာပဲဖြစ်ဖြစ်၊ အစွန်းရောက်တယ်ဆိုပေမဲ့ ထောင်ထဲပို့လိုက်တာဖြစ်ဖြစ်၊ ကြိမ်ဒဏ်ပေးလိုက်တာဖြစ်ဖြစ်လည်း လုပ်လို့ရပါတယ်။”
“အဲ့ဒါကတော့ မဖြစ်ဘူးလေ၊ မက်ကန်နာရဲ့။ အဲ့ဒီလိုလုပ်ရင် ငါ့ရဲ့ ပုံရိပ်က ပျက်စီးသွားမှာပေါ့။”
တော်ဝင်မင်းသား ဟိုင်န်ရီက 'ဘာလို့ အဲ့ဒီလောက်တောင် ငတုံးလိုမျိုး ဦးနှောက်မသုံးနိုင်ရတာလဲ' ဟူ၍ နူးညံ့သည့် အသံဖြင့် ဆူငေါက်လိုက်သည်။ မက်ကန်နာက မတရားခံရသည့် ခံစားချက်ဖြင့် ပါးစပ်ကို တင်းတင်းစေ့ထားလိုက်၏။
“ငါ တပင်တပန်း ဖန်တီးထားရတဲ့ ‘သဘောကောင်းပြီး ပျော်ပျော်နေတတ်တဲ့ မိန်းမလိုက်စားသူ မင်းသား’ ဆိုတဲ့ ပုံရိပ်ကို လူလိမ်တစ်ယောက်ကြောင့် တကယ်ကြီး ဖျက်ဆီးပစ်ရမှာလား။”
မက်ကန်နာက သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဟုတ်ပါပြီ၊ အရှင့်သား အလိုတော်အတိုင်းသာ လုပ်တော်မူပါ။... ဒါပေမဲ့ ဒီကိစ္စကို ထားပါတော့။ အရှင့်သားက ဘာလို့ ‘တကယ့်’ စာဖလှယ်ဖော်ဆီကို မသွားတာလဲ။ ဘယ်သူလဲမှန်း သိနေတာပဲမဟုတ်လားဗျ။”
“သိတာပေါ့။ ဒါပေမဲ့ ဒီအတိုင်း သွားတွေ့လိုက်ရင် အဲ့ဒီပုဂ္ဂိုလ်က သူမဟုတ်ဘူးလို့ ငြင်းမှာသေချာတယ်။ အဲ့ဒီလိုဆိုတိုင်း ငါက ငှက်ပါဆိုပြီးတော့လည်း ပြောလို့မရဘူး မဟုတ်လား။”
“ထိပ်တန်းလျှို့ဝှက်ချက်မဟုတ်လားဗျ။”
“အဲ့ဒါကြောင့် ပြမလို့။”
“အသွင်ပြောင်းတဲ့ ဖြစ်စဉ်ကိုလားဗျ။”
“ရှာတွေ့သွားတဲ့ ဖြစ်စဉ်။ ကျုပ် ခင်ဗျားကို ဒီလိုနည်းနဲ့ ရှာတွေ့ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်။”
~~~~
နှစ်သစ်ကူးပွဲတော်၏ တတိယမြောက်နေ့တွင် ပုံမှန်အားဖြင့် တက်ရောက်သူ အရေအတွက်က အနည်းဆုံး ဖြစ်ပေသည်။
ပထမဆုံးနေ့လည်းမဟုတ်၊ နောက်ဆုံးနေ့လည်း မဟုတ်သည့် ကိုးရိုးကားရားအချိန်ဖြစ်၍ လူတိုင်းက မြို့တော်ကို လှည့်လည်ကြည့်ရှုခြင်းဖြစ်စေ၊ ခင်မင်ရင်းနှီးသည့် မှူးမတ်များနှင့်အတူ စုဝေးပြီး အပန်းဖြေခြင်းဖြစ်စေ လုပ်ရသည်ကို နှစ်သက်ကြသောကြောင့်ပင်။
သုံးနှစ်လုံး ထိုပုံစံအတိုင်း ဖြစ်ခဲ့သော်လည်း ယနေ့တော့ တစ်မူကွဲပြားနေ၏။
“ဒီနေ့ လူတွေ တော်တော်လေး များနေတယ်နော်၊ ဧကရီ အရှင်မ။”
နယ်စားကတော်ကြီး အယ်လီဇာက နှာခေါင်းရှုံ့လိုက်သည်။
“တော်ဝင်မင်းသား ဟိုင်န်ရီနဲ့ အစေခံမိန်းကလေးအကြောင်း ကောလာဟလတွေကြောင့် ဖြစ်မယ်ထင်ပါရဲ့။”
ကျွန်မက မရေမရာ ခံစားချက်ဖြင့် ပြန်ဖြေလိုက်သည်။
ဤအခြေအနေအပေါ် မည်သို့ တုံ့ပြန်သင့်သည်ကို ယခုထက်ထိ မသိသေးပေ။
တစ်မျိုးတွေးကြည့်လျှင် ရွံစရာကောင်းသလို၊ နောက်တစ်မျိုး တွေးကြည့်ပြန်တော့လည်း ရယ်စရာ ဖြစ်နေသောကြောင့်ပင်။
ယခုလက်ရှိတွင်မူ တူအာနီယာ မြို့စားကတော်အား မကြာခဏ ခိုးကြည့်နေသည့် ရက်ရှ်တာကို ပို၍ စိတ်ပူနေမိသည်။
ဆိုဗီရ်ရှုကို မျက်လုံးဖြင့် ရှာကြည့်မိတော့ ရက်ရှ်တာ၏ နေရာကိုပါ တစ်ပါတည်း မြင်လိုက်ရ၏။
ကျွန်မ သူ့ကို စတွေ့လိုက်သည့်အချိန်မှစ၍ ဆက်တိုက် ထိုသို့ လုပ်နေခြင်းပင်။
သူက ဘေးပတ်ဝန်းကျင်မှ လူများနှင့် စကားပြောနေစဉ်မှာပင် တူအာနီယာ မြို့စားကတော်ကို ဆက်တိုက် ခိုးကြည့်နေခဲ့သည်။
“သိနေတဲ့ ဆက်ဆံရေးများလား။”
ထိုစဉ် ဝင်ပေါက်ဘက်မှ တီးတိုးပြောသံများ ထွက်ပေါ်လာ၏။
ဆိုဗီရ်ရှု ဝင်လာသည်အထင်နှင့် ကြည့်လိုက်ရာ တော်ဝင်မင်းသား ဟိုင်န်ရီ ဖြစ်နေလေသည်။
သူ၏ဘေးတွင် ရက်ရှ်တာ၏ အစေခံဖြစ်သူ ချယ်ရီနီက တစ်ကိုယ်လုံး အပြည့်အစုံ ပြင်ဆင်ထားရင်း ရပ်နေ၏။
“ဘုရားရေ။ ဒီအထိ ခေါ်လာခဲ့တာပဲ။”
မြို့စားကတော်ကြီး အယ်လီဇာက နှာခေါင်းရှုံ့ရင်း တီးတိုးရေရွတ်လိုက်သည်။
ပန်းနုရောင် ဂါဝန်လေးကို လှပစွာ ဝတ်စားပြင်ဆင်ထားသည့် ချယ်ရီနီက အစေခံဝတ်စုံ ဝတ်ထားစဉ်ကထက် အများကြီး ပိုမို၍ လင်းလက်တောက်ပနေလေ၏။
“အဲ့ဒီဂါဝန်က တော်တော်လေး ဈေးကြီးမဲ့ပုံပဲနော်။”
“တော်ဝင်မင်းသား ဟိုင်န်ရီ ဝယ်ပေးတာ နေမှာပေါ့။”
“ဘာပဲဖြစ်ဖြစ်... ကြည့်လို့ကောင်းသားပဲ။ စာဖလှယ်ဖော်ကို တကယ် ချစ်မိလို့ ရှာနေတယ်ဆိုတဲ့ ကောလာဟလက အမှန်ပဲထင်ပါရဲ့။”
ဘေးပတ်ဝန်းကျင်မှ လူများ၏ တီးတိုးပြောသံများကို ကြားနေရသည်။
ထိုစဉ်မှာပင် တော်ဝင်မင်းသား ဟိုင်န်ရီ၏ အကြည့်က ဒီဘက်သို့ တည့်တည့်မတ်မတ် ရောက်လာ၏။
ကျွန်မက ခေါင်းညိတ်ကာ နှုတ်ဆက်ပြလိုက်ရာ သူက ထူးဆန်းသည့် မျက်နှာထားဖြင့် ကျွန်မကို ကြည့်နေရာမှ မျက်မှောင်ကြုတ်ကာ ခေါင်းခါခဲ့သည်။
‘ဘာသဘောပါလိမ့်။’
နားလည်ရခက်သည့် အပြုအမူကြောင့် အံသြမိသော်လည်း ထိုအတောအတွင်းမှာပင် တော်ဝင်မင်းသား ဟိုင်န်ရီက ချယ်ရီနီကိုခေါ်ကာ တစ်နေရာသို့ လျှောက်သွားနေပေပြီ။
သူ့နောက်တွင် ဆိုဗီရ်ရှု ဝင်လာသဖြင့် ကျွန်မလည်း သူတို့ထံမှ အကြည့်လွှဲကာ ဆိုဗီရ်ရှုကို ပြန်ကြည့်လိုက်သည်။
ဆိုဗီရ်ရှုက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် ချက်ချင်းပင် ရက်ရှ်တာဆီသို့ လျှောက်သွားလေ၏။
“……”
ကျွန်မလည်း အတင်းဖျစ်ညှစ်၍ ကိုယ်ကိုလှည့်ပြီး ဖြတ်သွားဖြတ်လာလုပ်နေသော အစေခံလက်ထဲမှ ဖန်ခွက်တစ်ခုကို ဆွဲယူလိုက်သည်။
ဘာသောက်စရာမှန်းမသိဘဲ မော့သောက်လိုက်တော့ စတော်ဘယ်ရီဖျော်ရည် ဖြစ်နေ၏။
စိတ်ခံစားမှုနှင့် လုံးဝဆန့်ကျင်ဘက် ချိုမြိန်သောအရသာက ပါးစပ်ထဲတွင် အပြည့်နေရာယူသွားတော့သည်။
တော်ဝင်မင်းသား ဟိုင်န်ရီထံသို့ အာရုံပြန်ရောက်သွားချိန်က အကတစ်ချီ ပြီးဆုံးသွား၍ ဂီတသံများ တိတ်ဆိတ်သွားချိန်တွင်ဖြစ်၏။
ယနေ့ညတွင် မကဖြစ်သဖြင့် ဧည့်သည်တော်များ လာရောက်နှုတ်ဆက်ကြသည်ကို နံရံနားမှ ဆိုဖာပေါ်တွင်ထိုင်ကာ စကားပြောနေခဲ့သည်။
ထိုစဉ် ခပ်လှမ်းလှမ်းမှ ဆူညံသံတစ်ခု ထွက်ပေါ်လာရာမှ စကားပြောနေသည်ကို အနှောင့်အယှက်ဖြစ်စေသည်အထိ ကျယ်လောင်လာလေ၏။
ထိုဆူညံသံ၏ ဗဟိုချက်က တော်ဝင်မင်းသား ဟိုင်န်ရီဖြစ်နေပေသည်။
စင်မြင့်၏ အလယ်နားလောက်ရှိ လူတိုင်း၏အကြည့်များ စုပုံနေရာ ထိုနေရာ၌ တော်ဝင်မင်းသား ဟိုင်န်ရီက အင်မတန် စိတ်ထိခိုက်နာကျင်နေသည့် မျက်နှာဖြင့် ရပ်လျက်ရှိနေ၏။
သူ၏အရှေ့တွင်မူ ရက်ရှ်တာ၏ အစေခံမိန်းကလေးက မျက်နှာများ နီမြန်းလျက် ငိုနေလေသည်။
လွန်ခဲ့သော နှစ်နာရီခန့်က ချစ်ခင်ကြင်နာပြီး ချိုမြိန်သော ခံစားချက်များ လုံးဝပျောက်ကွယ်သွားပေပြီ။
တစ်ယောက်က ကြောက်ရွံ့နေကာ ကျန်တစ်ယောက်က ဒေါသကို မျိုသိပ်ထားသည့် မျက်နှာထားမျိုး ဖြစ်နေ၏။
ဘာဖြစ်တာပါလိမ့်။
ဒီနေရာမှ အသံကို သေချာမကြားရပေ။
မည်သို့ပင်ဆိုစေ ရန်ပွဲကြီးလာပါက ဝင်ရောက်ဖျန်ဖြေရမည်ဖြစ်သဖြင့် ကျွန်မလည်း ထရပ်ကာ ထိုဘက်သို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်မိသည်။
~~~~
Miel's Translations