အပိုင်း ၂၄ (ကွီးန်သာသိသော မျက်ရည်)
ကွီးန်ကို ရင်ခွင်ထဲ ထွေးပွေ့ထားရင်း ကြည့်နေစဉ် အိပ်ရာဘေးတွင် ချိတ်ထားသည့် ခေါင်းလောင်းလေးက တချွင်ချွင် မြည်လာသည်။
ကျွန်မလည်း ခေါင်းလောင်းကိုလှုပ်ပြီး ဝင်လာ၍ရကြောင်း အချက်ပြလိုက်တော့ မကြာခင် တံခါးဖွင့်သံ ကြားလိုက်ရကာ ဧည့်ခန်းဘက်မှ စကားသံများ ခပ်တိုးတိုးထွက်လာ၏။
ကွီးန်ကို ပွေ့ချီရင်း ဧည့်ခန်းဆီထွက်လာတော့ ရံရွေတော်မှူး နယ်စားကတော်ကြီး အယ်လီဇာအပါအဝင် လော်ရာတို့လို ရံရွေတော်အချို့ စိတ်လှုပ်ရှားတကြီး ယောင်လည်လည်လုပ်နေကြသည်ကို တွေ့လိုက်ရသည်။
ပါတီပွဲမှ တန်းလာကြခြင်းဖြစ်၍ အားလုံးက ပုံမှန်ထက် ပိုမိုတောက်ပစွာ ခမ်းနားထည်ဝါသော ဖက်ရှင်များနှင့် ရှိနေကြ၏။ နာရီကိုကြည့်တော့ ပွဲက အပြည့်အဝ အသက်ဝင်နေမည့်အချိန်သာ ရှိသေးသည်။
'ဘာကိစ္စနဲ့များ ရောက်လာကြတာပါလိမ့်။'
“နယ်စားကတော်။ ဘာကိစ္စရှိလို့လဲရှင့်။”
နယ်စားကတော်ကို အသာထား။ နှစ်သစ်ကူးပွဲတော်ကို မျှော်လင့်တကြီး စောင့်စားခဲ့သည့် လော်ရာပါ ရောက်လာသည်က အံ့သြစရာပင်။
ဧကန္တ ကျွန်မကြောင့် ပွဲ၏အရှိန်ကို ဖျက်ဆီးမိသွားခြင်းပေပဲလား။
ကျွန်မ ထွက်ပြေးသလို နေရာမှခွာလာသည်ကိုမြင်၍ ရောက်လာကြခြင်းပဲလား။
သို့သော် ယခုအချိန်တွင် သူတို့၏ နှစ်သိမ့်မှုကို မခံယူလိုသေးပေ။
ထူးဆန်းသော်လည်း။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေမှန်း မသိသော်လည်း။ ခင်ပွန်းက အခြားမိန်းမတစ်ယောက်အား ချစ်နေသည်ကို မာနထိခိုက်ရသူက ကျွန်မဖြစ်နေ၏။
ကျွန်မအမှား တစ်ခုတစ်ပါဒမျှ မရှိပါဘဲ ကာယကံရှင်များဖြစ်ကြသည့် ဆိုဗီရ်ရှုနှင့် ရက်ရှ်တာက မော်မော်ကြွားကြွားနေနိုင်ကြကာ ကျွန်မသာလျှင် ကျုံ့ကျုံ့လေး နေနေရသည်။
ဤသို့သော ရှုပ်ထွေးသည့် ခံစားချက်ကိုလည်း ရှင်းပြ၍မရသဖြင့် အရင် စကားမစရဲဘဲ တွေဝေတုံ့ဆိုင်းနေမိ၏။
သို့သော် သေချာကြည့်လိုက်တော့ ရက်ရှ်တာနှင့် ဆိုဗီရ်ရှု၏ လုပ်ရပ်များကြောင့် အံ့အားသင့်ပြီး ရောက်လာကြပုံမပေါ်ပေ။
နယ်စားကတော် အယ်လီဇာက သူ့ယပ်တောင်သူ မြန်မြန်ခတ်နေကာ လော်ရာကတော့ လိပ်ထားသည့်ဆံပင်များကို လက်ဖြင့် ဆက်တိုက် ဟိုကိုင်ဒီကိုင်လုပ်နေ၏။
ဘာလို့ ဒီလိုဖြစ်နေကြတာပါလိမ့်။
သို့ဆိုမှ ကြည့်လိုက်တော့ အားလုံးက စိတ်လှုပ်ရှားနေကြသည့် အရိပ်အယောင်များရှိနေကြသည်။
“ဧကရီအရှင်မ။ ဘယ်ရ်တီ ဗိုင်းကောင့်အိမ်တော်က လူရောက်လာပါတယ်။”
ကြောင်အမ်းအမ်း ရပ်နေမိစဉ် နယ်စားကတော် အယ်လီဇာက ယပ်တောင်ကိုချကာ ပြောလာသည်။
“ဘယ်ရ်တီ ဗိုင်းကောင့်အိမ်တော်ကလား။”
“ဟုတ်ပါတယ်။”
“ဘယ်ရ်တီ ဗိုင်းကောင့်ကတော် စေလွှတ်လိုက်တဲ့သူများလား။”
“ဟုတ်ပါတယ်၊ ဧကရီအရှင်မ။ ဘယ်ရ်တီ ဗိုင်းကောင့်ကတော်က ဧကရီအရှင်မရဲ့ရံရွေတော်အဖြစ် ဆက်ပြီးအမှုထမ်းနိုင်တော့မှာမဟုတ်တဲ့အကြောင်း အသိပေးအကြောင်းကြားလိုက်တာပါ။”
ဘယ်ရ်တီ ဗိုင်းကောင့်ကတော်က...ပြီးခဲ့တဲ့ရက်ပိုင်းလေးကတင် ငွေချေးသွားတာမဟုတ်ဘူးလား။
အဲ့ဒီတုန်းကလည်း တော်တော်လေး နွမ်းလျနေတဲ့ အရိပ်အယောင်တွေရှိခဲ့တာပဲ။
“ဘယ်ရ်တီ ဗိုင်းကောင့်ကတော် လွှတ်လိုက်တဲ့သူဆိုတာ သေချာရဲ့လား။"
ကျွန်မ အံ့ဩတကြီး ပြန်မေးလိုက်မိသည်။
ပြဿနာရှာတတ်သည့် မိသားစုဝင်များရှိနေသဖြင့် သူတို့အိမ်တော်တွင် အကြွေးပတ်လည်ဝိုင်းနေ၏။
ချက်ချင်း လမ်းဘေးရောက်ပြီး ဒုက္ခရောက်ရလောက်သည်အထိ မဟုတ်သော်လည်း ဗိုင်းကောင့်အိမ်တော်မှရသည့် ဝင်ငွေအများစုကို ထိုအကြွေးများဆပ်ရန်အတွက် အသုံးပြုနေရကာ အိမ်စရိတ်ဟူ၍ ဘယ်ရ်တီ ဗိုင်းကောင့်ကတော် ရံရွေတော်လုပ်ရာမှရသည့် လစာတစ်ခုတည်းသာရှိပေသည်။
အဲ့ဒါတောင်မှ ရံရွေတော်အလုပ်ကို နားမယ်တဲ့လား။
လော်ရာက စိုးရိမ်တကြီး မေးလာသည်။
“ရေးကြီးသုတ်ပျာ သွားလိုက် လာလိုက် လုပ်နေတာကို။ ဘယ်ရ်တီ ဗိုင်းကောင့်ဖြစ်ဖြစ်၊ အဲ့ဒီ ပြဿနာအိုး သားနဲ့ဖြစ်ဖြစ် ရန်ဖြစ်တာများလား။”
အခြားရံရွေတော်တစ်ယောက်ကလည်း စိုးရိမ်တကြီး အကြံပြုလာသည်။
“လူလွှတ်ပြီး အခြေအနေကို စုံစမ်းခိုင်းတာ ပိုကောင်းမယ်ထင်ပါတယ်ရှင့်။”
"အဲ့ဒီလိုပဲ လုပ်ခိုင်းရတော့မှာပေါ့။”
~~~~
သို့သော် နောက်တစ်နေ့တွင်တော့ ဘယ်ရ်တီ ဗိုင်းကောင့်ကတော်အတွက် စိုးရိမ်ပူပန်မှုများက အလကားဖြစ်ခဲ့ကြောင်း သဘောပေါက်လိုက်ရတော့သည်။
နှစ်သစ်ကူးပွဲတော်၏ ဒုတိယနေ့ကပွဲတွင် ဆိုဗီရ်ရှုနှင့် အတူတူဝင်ရောက်ရန် မလိုအပ်သဖြင့် ကျွန်မလည်း သက်သောင့်သက်သာ အနားယူပြီးမှ ပွဲတော်ခန်းမသို့ သွားခဲ့၏။ အပါးတွင် နယ်စားကတော် အယ်လီဇာနှင့် လော်ရာအပါအဝင် ရံတွေတော်များအပြင် တောင်ပိုင်း ဘုရင့်တိုင်းပြည်မှလာသော မင်းသမီး စီယာ့ဇ်လည်း အတူတူရှိနေသည်။
မင်းသမီး စီယာ့ဇ်မှာ တောင်ပိုင်း ဘုရင့်တိုင်းပြည်၏ ရဲရင့်ပြီးပွင့်လင်းသော စိတ်နေစိတ်ထားကို အပြည့်အဝ ပိုင်ဆိုင်ထားသူဖြစ်ရာ စကားပြောလျှင် အင်မတန် စိတ်ဝင်စားစရာကောင်းသူပင်။
အားလုံးက သူ့စကားများနောက်သို့ စိတ်ဝင်တစား စီးမျောနေကြစဉ် ရုတ်တရက် သူက ကျွန်မ၏ ပခုံးနောက်သို့ လှမ်းကြည့်လိုက်ပြီး 'ဟို မိန်းမပဲ' ဟု စုတ်သပ်ကာ တီးတိုးရေရွတ်လိုက်သည်။
လှည့်ကြည့်လိုက်တော့ ရက်ရှ်တာက လူများဝန်းရံထားသည့်အလယ်တွင် ပြုံးရယ်ရင်း တစ်ယောက်တည်း ခန်းမထဲသို့ ဝင်လာနေသည်ကို တွေ့လိုက်ရ၏။ တစ်ရက်အတွင်း သူက ပို၍တောက်ပစွာ လင်းလက်လာသလိုပင်။
မျက်လုံးချင်းဆုံမိလျှင် ထိုစိတ်နေစိတ်ထားမျိုးနှင့် ဒီဘက်သို့လာကာ 'မမ' ဟု ထပ်ခေါ်ဦးမည်စိုးသဖြင့် ကျွန်မလည်း မသိချင်ယောင်ဆောင်ကာ မျက်နှာလွှဲလိုက်သည်။
“ဘုရားရေ။”
သို့သော် ဤတစ်ကြိမ်တွင်တော့ လော်ရာက ရက်ရှ်တာကိုကြည့်ကာ ခနဲ့တဲ့တဲ့ရယ်ခဲ့သည်။
“ဘာဖြစ်လို့လဲ။”
နားမလည်၍ မေးလိုက်တော့ လော်ရာက မျက်လုံး ပြူးပြီး ပြန်ဖြေလေ၏။
“ဧကရီအရှင်မ။ အခု ဟိုမိန်းမ ဝတ်ထားတဲ့ အပြာရောင် ပိုးထည်လေ။ အဲ့ဒါ ရီထယ်ယန် မင်းသားကြီး ဧကရီအရှင်မဆီ လာဘ်ထိုးဖို့ပေးခဲ့တာကို ဧကရီအရှင်မက ငြင်းလိုက်တဲ့ပိုးထည် မဟုတ်ဘူးလားရှင့်။”
လှည့်ကြည့်လိုက်တော့ လော်ရာပြောသည့်အတိုင်း အတိအကျ မှန်နေ၏။
ထိုပိုးထည်ကိုသုံးကာ ချုပ်ထားသည့်ဂါဝန် ဖြစ်နေသည်။
ရံရွေတော်များက စုတ်တသပ်သပ်နှင့် ခနဲ့ကြလေတော့၏။
“ရီထယ်ယန် မင်းသားကြီးလည်း တကယ်နော်... ဩချလောက်ပါရဲ့။”
“ဟုတ်ပရှင်။ ဧကရီအရှင်မဆီကနေ အငြင်းခံလိုက်ရတာနဲ့ ချက်ချင်း ဟိုဘက်ကိုတန်းပြီး ကူးသွားသတဲ့လား။”
ခေါင်းပြန်လှည့်လိုက်တော့ ဤတစ်ကြိမ်တွင် နယ်စားကတော် အယ်လီဇာက အံ့အားသင့်နေသည့် လေသံနှင့် တီးတိုးရေရွတ်ခဲ့သည်။
“ဧကရီအရှင်မဆီကနေ ဟိုမိန်းမဆီရောက်သွားတာ ပိုးထည်တစ်ခုတည်း မဟုတ်ဘူးထင်ပါရဲ့။”
ဘာစကားပါလိမ့်။
အလုပ်ရှုပ်သော်လည်း နောက်တစ်ကြိမ် လှည့်ကြည့်ရပြန်သည်။
ဤတစ်ကြိမ်တွင်တော့ ကျွန်မကိုယ်တိုင်လည်း တစ်ချက်လှမ်းကြည့်ပြီး ခေါင်းပြန်လှည့်နိုင်မည့် အခြေအနေမဟုတ်ပေ။
မနေ့က ရံရွေတော်အလုပ်ကို နားတော့မည်ဟု အကြောင်းကြားခဲ့သည့် ဘယ်ရ်တီ ဗိုင်းကောင့်ကတော်က ရက်ရှ်တာ့ဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
ပထမတော့ နည်းနည်းနောက်ရောက်နေ၍ မမြင်ခဲ့ရသော်လည်း ယခုတော့ ရှင်းလင်းစွာ ပေါ်လွင်မြင်သာနေပေပြီ။
ဘယ်ရ်တီ ဗိုင်းကောင့်ကတော်က ရက်ရှ်တာနှင့် ဘေးချင်းယှဉ်ကာ ကပ်လျက်ရပ်နေ၏။
တစ်ညနေလုံး ဘယ်ရ်တီ ဗိုင်းကောင့်ကတော်အတွက် စိုးရိမ်ပူပန်ပေးခဲ့သည့် လော်ရာက စူးစူးရဲရဲ အော်ပြောလေသည်။
“ဘုရားရေ။ ရူးသွားပြီလား။”
သူ့အသံက ကျယ်လွန်း၍ပေပဲလားမသိ၊ ရက်ရှ်တာနှင့် ဘယ်ရ်တီ ဗိုင်းကောင့်ကတော်တို့ နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ဒီဘက်သို့ လှည့်ကြည့်လာကြ၏။
ဘယ်ရ်တီ ဗိုင်းကောင့်ကတော်က ကျွန်မနှင့် မျက်လုံးချင်းဆုံသည်နှင့် ချက်ချင်း ခေါင်းငုံ့ကာ အကြည့်ကို ရှောင်လွှဲသွားလေသည်။
“……”
အပြာရောင် ပိုးထည်နှင့် ရီထယ်ယန် မင်းသားကြီး ကိစ္စကတော့ ဒီအတိုင်း ရယ်စရာသက်သက်ဖြစ်သော်လည်း ဤတစ်ကြိမ်တော့ ကျွန်မ နည်းနည်း ဒေါသထွက်မိသည်။
ကိုယ့်လူဟု သတ်မှတ်ထားသူက ဟိုဘက်သို့ ဘက်ပြောင်းသွားခြင်းပင်။
ကျွန်မခင်ပွန်းကို ယူသွားသူဆီကိုမှ။
အဲ့ဒါကလည်း ငွေအများကြီး ချေးယူပြီးတော့။
ဘယ်အချိန်ကတည်းက စီစဉ်ခဲ့သလဲ၊ ဘယ်အချိန်က စိတ်ပြောင်းသွားသလဲ မသိသော်လည်း ဘယ်ရ်တီ ဗိုင်းကောင့်ကတော်က ရက်ရှ်တာ၏ ဇာစ်မြစ်ကို ပြင်းပြင်းထန်ထန် ပြက်ရယ်ပြုခဲ့သူများထဲ တစ်ဦးအပါအဝင်ဖြစ်၏။
“……”
ဘေးနားတွင် နယ်စားကတော် အယ်လီဇာနှင့် လော်ရာတို့ ဘာတွေပြောနေမှန်းပင် သေချာမကြားနိုင်တော့။
ဒီအခြေအနေကို ဘယ်လိုပြောရမလဲ။ အံ့ဩမှင်တက်တယ်လို့ပဲ ပြောရမလား။ အဓိပ္ပာယ်မရှိဘူးလို့ပဲလား။
အဲ့ဒီမိန်းမက ကျွန်မပိုင်ဆိုင်တဲ့အရာတွေကို တစ်ခုပြီးတစ်ခု အကုန်လုယူဖို့ ရောက်လာတာများလား။
ဟင့်အင်း။ ဘယ်ရ်တီ ဗိုင်းကောင့်ကတော်က အစကတည်းက ကျွန်မလူ မဟုတ်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
ဒီအတိုင်း ငွေကြောင့်သာ အနားတွင်နေခဲ့ခြင်းလည်း ဖြစ်နိုင်၏။
သို့သော် ပါးစပ်ထဲတွင် ခါးသီးနေသည်ကိုတော့ ဘယ်လိုမှ မတတ်နိုင်ပေ။
မင်းသမီး စီယာ့ဇ်က စုတ်သပ်လိုက်သည်။
“ကျွန်မကတော့ ချစ်သူထားတဲ့စနစ်ကို ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ တောင်ပိုင်း ဘုရင့်တိုင်းပြည်မှာတော့ ဒီလိုထူးဆန်းတဲ့ စနစ်မျိုးလည်း မရှိဘူး။ ကြားကောင်းအောင် ပြောရင်သာ ချစ်သူပေါ့၊ တကယ်တော့ ဖောက်ပြန်နေတာပဲမဟုတ်ဘူးလား။ ဥပဒေအရ ချစ်သူဆိုပြီး တရားဝင်ခွင့်ပြုထားမှတော့ ဟောဒီလို ရှက်တတ်ရကောင်းမှန်းလည်း မသိတော့ဘဲ ခေါင်းမော့ရင်ကော့ပြီး သွားလာနေကြတာပေါ့ရှင်။”
“အဲ့ဒါပြောတာပေါ့ရှင်။ အဲ့ဒီမိန်းမ ဧကရီအရှင်မရဲ့ အရှေ့မှာ အဲ့ဒီလို ခေါင်းမော့ရင်ကော့ပြီး သွားလာနေတာ ထူးဆန်းမနေဘူးလားရှင့်။”
လော်ရာတစ်ယောက် အားတက်သရော ထောက်ခံနေစဉ် ကျွန်မက အရသာအချိုဆုံး ရှမ်ပိန်ကို ရွေးယူပြီး သောက်လိုက်သည်။
မနေ့က ထွက်ပြေးလာသလို နေရာမှ ခွာခဲ့ရသဖြင့် ယနေ့တော့ အတတ်နိုင်ဆုံး ခံနိုင်ရည်ရှိအောင် ကြိုးစားမည်ဟု တွေးထားခဲ့သော်လည်း။
ဤသို့သော အခြေအနေမျိုးနှင့်တော့ ထိုသို့လုပ်ရန် လွယ်မည်မထင်ပေ။
ထို့အပြင် မင်းသမီး စီယာ့ဇ်နှင့် ရံရွေတော်များ ပြောနေကြသည့် စကားများက အကုန် ကျေးဇူးတင်စရာ ကောင်းသော်လည်း လူရှေ့သူရှေ့တွင် ဤသို့သောစကားမျိုး မပြောလိုပေ။
ကောလာဟလများ မည်သို့မည်ပုံ ပျံ့နှံ့သွားမည်ကို သိနေသောကြောင့်ပင်။
အပြင်ပန်းတွင်တော့ မာနကြီးတစ်ခွဲသားနှင့် ခေါင်းမော့ရင်ကော့နေ၊ ကွယ်ရာတွင် ရက်ရှ်တာ့ထံသို့ မျက်နှာလို မျက်နှာရ လက်ဆောင်များပို့ပေး၊ တစ်ချိန်တည်းမှာပင် သူ့ကို နောက်ကွယ်မှ အပုပ်ချနေသည်ဟူ၍ ကျွန်မကို အထင်သေးကြပေလိမ့်မည်။
“တခြားစကား ပြောကြရအောင်လား။”
နောက်ဆုံးတွင် ဤအကြောင်းအရာကို ထပ်ပြီးပြောဆိုလိုစိတ်မရှိတော့ကြောင်း သွယ်ဝိုက်ဖော်ပြလိုက်၏။
တော်သေး၍ မင်းသမီး စီယာ့ဇ်က မကျေနပ်ဟန်မပြဘဲ ချက်ချင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ဪ။ ဒါနဲ့ ဒီမနက် တော်ဝင်မင်းသား ဟိုင်န်ရီဆီကနေ စိတ်ဝင်စားစရာ စကားတစ်ခု ကြားလိုက်ရတယ်ရှင့်။”
“စိတ်ဝင်စားစရာစကားဆိုတော့ ဘာများလဲ။”
“တောင်နန်းဆောင်မှာ အားလုံး စုဝေးစားသောက်ကြတုန်း ထွက်လာတဲ့စကားပါ။ အရှေ့ အင်ပါယာမှာ တော်ဝင်မင်းသား ဟိုင်န်ရီနဲ့ အမည်မဖော်ဘဲ စာတွေဖလှယ်နေတဲ့ပုဂ္ဂိုလ် ရှိတယ်တဲ့လေ။”
“...”
“အဲ့ဒီပုဂ္ဂိုလ်ကို လူသိရှင်ကြား ဆက်ဆက်တွေ့အောင်ရှာချင်လို့ပါဆိုပြီး တောင်နန်းဆောင်မှာ တည်းခိုနေတဲ့ ဧည့်သည်တော်တွေကို အကူအညီတောင်းနေတာပါဆို။ ဟိုနားဒီနား သတင်းလေး တစ်ဆိတ်လောက် ဖြန့်ပေးကြပါဦးဆိုပြီးတော့လေ။”
~~~~
Miel's Translations