no

Font
Theme

အခန်း ၇၂

Translator - D

အဖေ ဆုံးသွားပြီ။

လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ကိုရီးယားကို တစ်ခါမှ ပြန်ဝင်မလာတာကြောင့် ဆုံးသွားတဲ့သူထက် အများကြီး ပိုငယ်တဲ့ ဓာတ်ပုံကို ဈာပနမှာ ချိတ်ဆွဲခဲ့တယ်။

ဝူဆုန်းဝန်းမှာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရိုက်ခဲ့တာဆိုပေမဲ့ ငါ့မျက်လုံးထဲမှာတော့ နှစ် ၂၀ကျော်လောက် အများကြီး ကွာခြားနေသလိုပါပဲ။

ကယ်လီဖိုးနီးယားမှာ ငါ သွားပြီး စစ်ဆေးအတည်ပြုခဲ့တဲ့ ရုပ်အလောင်းက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကအထိ အသက်ရှင်နေခဲ့တယ်ဆိုတာကို ယုံကြည်လို့မရနိုင်လောက်အောင် အသက်ဝင်မှု လုံးဝ မရှိတော့ပါဘူး။

အဲ့ဒါကြောင့် ပိုပြီး ထူးဆန်းနေခဲ့တာပါ။

သူက မသိလိုက်တဲ့အချိန်လေးမှာ အများကြီး အိုမင်းသွားပြီးတော့၊ အများကြီး ကြည့်ရဆိုးလာပြီး၊ အများကြီး ပိန်လှီသွားခဲ့တယ်။

သေဆုံးရတဲ့အကြောင်းရင်းကတော့ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမိလို့တဲ့လေ။

သူ့ရဲ့ ကိုယ်ပိုင်စံအိမ်က ရေကူးကန်မှာ လူငယ် တရုတ်လူမျိုးချစ်သူ လုပ်တဲ့ ပါတီပွဲ ကျင်းပနေဆဲအချိန်မှာပဲ၊ စံအိမ်ကြီးရဲ့ တစ်ဖက်ခြမ်းက ရေချိုးခန်းကြမ်းပြင်မှာ တစ်ယောက်တည်း သေဆုံးနေခဲ့တာပါ။

သေဆုံးပြီးတဲ့နောက် ဆယ်နာရီလောက်အထိ စွန့်ပစ်ခံထားရတယ်တဲ့လေ။

ပါတီက ဆယ်နာရီကြာမှ ပြီးဆုံးသွားတာမို့လို့။

ငါက တက္ကသိုလ်ဘွဲ့ရခါစ အဖေ့ချစ်သူ မိန်းကလေး ကမ္ဘာပျက်မတတ် ငိုကြွေးနေတဲ့ ဘေးမှာ အဖေ့ရဲ့ အထောက်အထားကို အတည်ပြုပေးခဲ့တယ်။

ရေကူးကန်ပါတီကို ဆက်ပြီး မခံစားနိုင်တော့လို့လား၊ ဒါမှမဟုတ် လူတစ်ယောက် သေသွားရင် အရင်ဆုံး ငိုပြလိုက်ရလောက် စိတ်သဘောထား နူးညံ့လွန်းလို့လား ဆိုတာကိုတော့ မသိနိုင်ဘူးပေါ့။

ဘာပဲဖြစ်ဖြစ် ဝူအီလ်ဂယောင်းအတွက် ငိုကြွေးပေးမဲ့ တစ်ဦးတည်းသော၊ အတုမရှိတဲ့ လူလို့တောင် ဆိုနိုင်ပါတယ်။

ရှားပါးတန်ဖိုးကို တွက်ချက်ကြည့်မယ်ဆိုရင် အဲ့ဒီမျက်ရည်တွေကလည်း အကန့်အသတ်မရှိ ကြီးမားတဲ့ တန်ဖိုးရှိလာမှာပါ။

ရလဒ်အနေနဲ့ ဝူအီလ်ဂယောင်းကလည်း ပိုက်ဆံသုံးခဲ့ရသလောက်ကို နောက်ဆုံးခရီးမှာ ပြန်ရသွားတာပဲပေါ့။

ဒီလောက်ဆိုရင် တအားလိုက်ဖက်တဲ့ စုံတွဲဖြစ်နေပါပြီ…

အဲ့ဒီနောက်မှာ ငါ ဘာတွေဆက်တွေးမိလဲဆိုတာကို ကောင်းကောင်း မမှတ်မိတော့ပါဘူး။

လေယာဉ်ပေါ် ပြန်တက်ဖို့ လက်တစ်ကမ်းအလိုအထိ အလုပ်က အီးမေးလ်တွေကို စစ်ဆေးခဲ့ပြီး၊ လေယာဉ်ပေါ်ရောက်တော့လည်း ဆေးသောက်ပြီးတော့ တစ်လမ်းလုံး မျက်လုံးပဲ မှိတ်လာခဲ့တယ်။

အင်ချွန်းကစပြီး အလောင်းနဲ့ လမ်းခွဲပြီးတော့ ဆူဝန်းဘက်ကို စီစဉ်ထားတဲ့ ကွင်းဆင်းလေ့လာရေး သွားခဲ့ပြီး၊ အဲ့ဒီနောက် ရက်ပေါင်း ဘယ်လောက် ထပ်ကုန်သွားခဲ့ပြီလဲ…….

တစ်ခုသေချာတာကတော့ အဲ့ဒီအချိန်တွေတစ်လျှောက်လုံး အဖေ့အကြောင်း တွေးမိတာ တစ်ကြိမ်တစ်ခါတောင် မရှိခဲ့ဘူးဆိုတာပါပဲ။

သူ သေသွားပြီဆိုတဲ့ စကားကို ကြားလိုက်ရတဲ့အချိန်ကစပြီး၊ သေသွားတယ်ဆိုတဲ့ အမှန်တရားအပေါ် ဘယ်လို ရင်ခုန်လှုပ်ရှားမှုမျိုးမှ မရှိခဲ့ဘူးလေ။

ငါ့အဖေ ဝူအီလ်ဂယောင်းက အမြဲတမ်း သွေးကြောင်တဲ့သူ၊ ဘေးထွက်ကြည့်နေတတ်သူ၊ ထွက်ပြေးတိမ်းရှောင်သူ တစ်ယောက် ဖြစ်ခဲ့ပြီး၊ ငါ့အတွက် တစ်ခါမှ အဖေဆိုတဲ့ အနေအထားမျိုး ရှိခဲ့ဖူးသူ မဟုတ်ပါဘူး။

မုန်းဖို့တောင် တန်ဖိုးမရှိလောက်အောင် ပျက်စီးယိုယွင်းနေတဲ့ လူသား။

ဝူအီလ်ဂယောင်းလိုမျိုး ဘဝကို မရှင်သန်ရအောင် တစ်သက်လုံး ကြိုးစားခဲ့ပေမဲ့၊ သူ့ရဲ့ ဈာပနခန်းမမှာ သန့်စင်ခန်းထဲ ပုန်းပြီး ဆေးပြားတွေကို မျိုချနေတဲ့ လက်ရှိအချိန်မှာမှ နောက်ဆုံးတော့ လက်ခံလာမိတယ်။

နောက်ဆုံးမှာ ဒါ​ကြောင့် သွေးက လှည့်စားလို့မရဘူးဆိုပြီးတော့။

ငါ Concerta (ဦးနှောက်နိုးကြွဆေး)၊ Alpram (စိတ်ငြိမ်ဆေး) နဲ့ zolpidem (အိပ်ဆေး) တို့ကို အလှည့်ကျ ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး သန့်စင်ခန်း မျက်နှာကြက်ကို တစ်စိုက်မတ်မတ် ငေးကြည့်နေမိတယ်။

နိုးကြွဆေးနဲ့ အိပ်ဆေးကို တစ်ပြိုင်နက်တည်း မျိုချလိုက်တယ်ဆိုတာ စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို မေ့ပျောက်သွားတာနဲ့ အတူတူပဲဆိုပေမဲ့ zolpidem ကတော့ ဟိုးရှေးရှေးကတည်းက ငါ့အတွက် အိပ်ဆေး မဟုတ်ခဲ့ပါဘူး။

ဘယ်လိုအလုပ်တွေ လုပ်လုပ် အိပ်မပျော်ခဲ့သလို၊ အနည်းဆုံးတော့ အတွေးတွေ ရပ်တန့်သွားစေတယ်ဆိုတဲ့ အချက်ကြောင့် zolpidem က ငါ့အတွက် အတိုင်းအတာတစ်ခုအထိ အသုံးဝင်နေဆဲပါ။

ခန္ဓာကိုယ်မှာ အားအင်တွေ ပြေလျော့သွားပြီး စိတ်က အေးဆေးတည်ငြိမ်စွာနဲ့ ငြိမ်ကျသွားတယ်။

နိုးကြွဆေးကတော့ အချိန်အနည်းငယ် ထပ်ကုန်သွားရင် နောက်ပိုင်းမှာ လာရောက်ကြမဲ့ ဧည့်သည်တွေကို ကြောင်အမ်းအမ်းနဲ့ ငေးကြည့်နေမဲ့အစား ဘယ်လိုစကားမျိုးကိုမဆို ပြောဆိုနိုင်စွမ်း ရှိလာအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။

ငါ လိုအပ်သလောက် အချိန်ယူ စောင့်ဆိုင်းခဲ့တယ်။

စိတ်ထဲမှာ လုံးဝ အာရုံမရှိတဲ့ ကိစ္စတစ်ခုအပေါ် ဂရုစိုက်ဟန်ဆောင်ဖို့ဆိုတာ တကယ် ခက်ခဲပါတယ်။

မလိုအပ်တဲ့ နှစ်သိမ့်မှုတွေအတွက် ကျေးဇူးတင်ဖို့လည်း ခက်ခဲတယ်လေ။

ငါက အမေ မျက်ရည်တွေ တသွင်သွင် ကျလာတဲ့အခါတိုင်း ရူးချင်လာသလို ဖြစ်မိရုံပါ။

ဘာကြောင့်မှန်းမသိ သေသွားတဲ့လူထက်တောင် ပိုပြီး သနားစရာကောင်းနေသလိုပဲမို့လို့။

သားဖြစ်သူက ဘာမှမဟုတ်တဲ့ အချိန်ဆိုရင်တော့ တစ်မျိုးပေါ့၊ ဝူအီလ်ဂယောင်း ရထိုက်သမျှ အများစုကို ငါက လွှဲပြောင်းရယူခဲ့ရတဲ့ လက်ရှိအချိန်မှာ….

ဂန်ဂျူဂယောင်းအတွက် ဝူအီလ်ဂယောင်းဆိုတာ လုံးဝ မလိုအပ်တော့တဲ့ ဖြစ်တည်မှုတစ်ခုပဲလေ။

အခုဆို အမည်ခံ ခင်ပွန်းအဖြစ်တောင် မလိုအပ်တော့ပါဘူး။

ဒါပေမဲ့ အဆုံးအထိ အစွမ်းကုန် ကြိုးစားနေတာက ဘယ်လိုပဲဖြစ်ဖြစ် ငါ့အတွက်ပဲ ဖြစ်မှာပေါ့……

ရယ်ချင်စိတ်တွေ ပေါက်လာသလိုပါပဲ။

ငါ အခု ဘာအတွက်ကြောင့် ဒီနေရာမှာ ရောက်နေလဲဆိုတာကိုတောင် မသိရဘဲနဲ့လေ။

အပြင်ပန်းက ကြည့်ရင်တော့ အရာရာတိုင်းက ပုံမှန်အတိုင်း လည်ပတ်နေတာပါ။

ငါ အမြင်လှအောင် ရှင်သန်ခဲ့တယ်။

အခွံနဲ့ အတွင်းသားက လုံးဝ သီးသန့်စီ ကွဲထွက်နေသလိုမျိုးပေါ့။

ငါ့အလိုကျမဟုတ်ဘဲ သူ့အလိုလို ကောင်းကောင်း လည်ပတ်နေတဲ့ ဘဝနဲ့၊ အလားတူ ငါ့အလိုကျမဟုတ်ဘဲ အောက်ခြေအထိ ထိုးကျသွားခဲ့ရတဲ့ ဦးခေါင်း။

မမူးတဲ့ ညဆိုတာ လုံးဝ မရှိခဲ့ပါဘူး။

အရက်နဲ့ မရလို့ ဆေးသောက်ခဲ့ရပြီး၊ ဆေးနဲ့ မရတဲ့ညတွေမှာ အရက်သောက်ခဲ့တယ်။

အိပ်ရာကနိုးလာရင် ဘယ်လိုမှ မမှတ်မိနိုင်တဲ့ ဒဏ်ရာတွေ ပေါ်နေတာပေါ့။

တစ်ခါတလေ ဘာအသံမှ မကြားရတော့ဘဲ၊ မျက်လုံးဖွင့်လိုက်ရင် ကြမ်းပြင်ကို ငေးကြည့်နေဖို့တောင် မလွယ်ကူခဲ့ပါဘူး။

ခြေထောက်က မြေကြီးပေါ် ထိကပ်နေသလို ခံစားချက်မျိုး လုံးဝ မရှိခဲ့ဘူးလေ။

ဒီလိုမျိုး လျှောက်လှမ်းနေရရင် ငါကိုယ်တိုင် လျှောက်လှမ်းနေတယ်ဆိုတာကိုက အံ့ဩစရာကောင်းနေတော့တယ်။

နာရေးလာတဲ့ဧည့်သည်တွေရဲ့ အသံတွေက တစ်နေရာကနေ တဝူးဝူးမြည်ဟည်းရင်း ထွက်ပေါ်လာတယ်။

အင်အားမရှိတဲ့ လူတစ်ယောက် သေဆုံးသွားတာ ဆိုပေမဲ့ ဈာပနခန်းမက အင်မတန် ကြီးမားလှပါတယ်။

ဝူအီလ်ဂယောင်းကို တကယ်လည်း မသိကြဘဲနဲ့ အားလုံးက စာနာကြောင်း ပြောဆိုနေကြတာပါ။

အသက်ရှင်နေတုန်းက အဲ့ဒီလောက် ကျန်းမာရေးကောင်းခဲ့တယ် မဟုတ်လား။

ရုတ်တရက် နှလုံးရပ်သွားတယ်ဆိုတော့……

ငါ ခါးကို မတ်မတ်ဆန့်ပြီး တစ်စက္ကန့်လေးတောင် ဈာပနခန်းမကနေ မခွာဘဲ နေနေတဲ့ အဘွားကို တွေးမိရင်း ပြုံးလိုက်မိတယ်။

မြောက်မြားလှစွာသော အချက်တွေကို လျှော့ချထားတဲ့ သေဆုံးရခြင်းအကြောင်းရင်းနဲ့ အဖေ သက်ရှိထင်ရှား ရှိခဲ့တုန်းက တစ်ခါမှ တည်ဆောက်ခဲ့ဖူးတာမျိုးမရှိတဲ့ ဂုဏ်သိက္ခာ၊ တစ်ခါမှ တည်ထောင်ခဲ့ဖူးခြင်း မရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း လူတွေရဲ့ ပါးစပ်ဖျားမှာ ပြောဆိုနေကြတာတွေ အားလုံးက အဘွားရဲ့ ဆန္ဒပါပဲ။

WK မိသားစုရဲ့ သားအကြီးဆုံးအနေနဲ့ မွေးဖွားလာပြီးတော့ အရာရာတိုင်းကို လွယ်လွယ်ကူကူ လက်ခံရယူနိုင်မဲ့ လမ်းကြောင်းကို စွန့်လွှတ်ပြီး ကိုယ်တိုင် အမည်မသိ နယ်မြေသစ်ကို ရွေးချယ်ခဲ့တဲ့ သူပုန်၊ မွေးရာပါ စီးပွားရေးပညာရှင်၊ ကြည့်နေရင်း ရယ်စရာ မကောင်းတာ တစ်ခုမှ မရှိပါဘူး။

ဝူအီလ်ဂယောင်းက အရာရာတိုင်းကို လွှဲပြောင်းရယူခွင့် မရှိတော့ဘဲ ထွက်ခွာသွားခဲ့ရတာပါ။

သူ့လက်နဲ့သူ ရေတစ်ခွက်တောင် ကိုယ်တိုင် မငှဲ့တတ်အောင် ကြီးပြင်းလာခဲ့ရတဲ့ လူက တစ်ယောက်တည်း ဘာတွေများ လုပ်နိုင်မှာလဲ။

ဘယ်လိုကြိုးစားမှုမှ မလုပ်ဘဲနဲ့တောင် လောကကြီး တစ်ခုလုံးက သူ့အတွက် ဖြစ်လာလိမ့်မယ်လို့ တွေးရင်း ကြီးပြင်းလာခဲ့ရတဲ့ မိုက်မဲသူ သားအကြီးဆုံးအတွက်၊ အဘိုးအဘွားတွေက တော်တော်နောက်ကျမှ သင်ခန်းစာ ပေးချင်ခဲ့ကြတာပါ။

မိန်းမတွေနဲ့ ပျော်ပါးတာကလွဲပြီး ဘာမှလုပ်တတ်တာ မရှိတဲ့ လူမိုက်အဖြစ် မွေးထုတ်ပေးထားပြီးတော့မှလေ။

ငါ ဒုတိယမြောက်နေ့ လူတွေ စည်ကားနေတဲ့ ကြီးမားတဲ့ ဈာပနခန်းမ အဝင်ဝကို အဝေးက ရပ်ကြည့်နေရင်း အဲ့ဒီနေရာကို ကျော်ဖြတ်ပြီး လျှောက်သွားခဲ့တယ်။

အခုအထိ ဆေးရှိန်က ကောင်းကောင်း မပြယ်သေးပါဘူး။

ရှေ့ကိုတောင် သေချာ မကြည့်ဘဲ ဆက်ပြီး လျှောက်လှမ်းခဲ့တယ်။

လူတွေ နည်းနည်းလောက်မရှိရင် ပိုကောင်းမှာပဲလို့ တွေးမိတယ်လေ။

ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ ဘယ်သူမှ မရှိရင်ကို ရပြီ။

ငါ အလောင်းထိန်းသိမ်းတဲ့ အခန်းနားအထိ ရောက်လာမှ နံရံကို မှီပြီး ထိုင်ချလိုက်မိတယ်။

ကြောင်အမ်းအမ်းနဲ့ တံခါးမရှိတဲ့ အဖြူရောင် နံရံကို ငေးကြည့်နေရာကနေ အမှတ်တမဲ့ လက်ကိုင်ဖုန်းကို ထုတ်ယူပြီး ဟီဂျူရဲ့ ဖုန်းနံပါတ်ကို ကြည့်လိုက်တယ်။

ဟီဂျူ။

လက်မထပ်ခင်တုန်းကတော့ ရှင်းဟီဂျူဖြစ်ပြီး၊ လက်ထပ်ပြီးတဲ့နောက်မှာတော့ ဟီဂျူသက်သက်ပါပဲ။

အဲ့ဒီလိုပုံစံနဲ့ပဲ မှတ်ပြီးသိမ်းဆည်းထားခဲ့တဲ့ နံပါတ်။

အဲ့ဒါကလွဲပြီး တစ်ကြိမ်တစ်ခါမှ ထိတွေ့ဖူးခြင်း မရှိတဲ့ မှတ်တမ်း။

ဟီဂျူက ဒီနံပါတ်ကို အခု မသုံးတော့ပါဘူး။

သိရက်နဲ့ မဖယ်ရှားနိုင်ဘဲ၊ အဲ့ဒီလိုဆိုတိုင်း နံပါတ်အသစ်ကိုလည်း မရှာခဲ့တာက ငါက အဲ့ဒီအချိန်မှာပဲ အတိအကျ ရပ်တန့်နေခဲ့လို့ပါ။

ဒီဖုန်းမျက်နှာပြင်မှာ ဖုန်းခေါ်ဆိုမှု ခလုတ်ကို နှိပ်လိုက်ရင် မင်းရဲ့အသံလေး ထွက်လာတဲ့ အဲ့ဒီအချိန်ဆီကို ပြန်သွားချင်တယ်ဆိုတဲ့ မိုက်မဲတဲ့ ဆန္ဒကြောင့်ပါပဲ။

ငါ ဒီနေ့လည်း မင်းအကြောင်းကို အများဆုံး တွေးနေမိတယ်။

အဖေ သေသွားတာတောင်မှ၊ အရူးလို မင်းအကြောင်းကိုပဲ တွေးနေမိတယ်။

ဘယ်လိုတွေးမလဲ……

နည်းနည်း အံ့ဩမှင်တက်နေတဲ့ မျက်နှာထား၊ ငါ့ကို နားမလည်နိုင်တဲ့ မျက်နှာ၊ ဒါပေမဲ့လည်း ဘယ်လိုမှ မတတ်နိုင်ဘူးဆိုတဲ့ ပုံစံနဲ့ ငါ့ကို ဖက်တွယ်ပေးတတ်တဲ့ မင်းကို ထင်ယောင်ထင်မှား ဖြစ်မိတယ်။

ငါ ဟီဂျူရဲ့ နံပါတ်ကို နှိပ်မလိုလိုလုပ်ရင်း လက်ဖျားနဲ့ ဖွဖွလေး ပွတ်သပ်နေရာကနေ ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်တော့တယ်။

အနက်ရောင် မျက်နှာပြင်ပေါ်မှာ ဖလိုရီဆင့် မီးရောင်နဲ့ ခြောက်သွေ့နေတဲ့ မျက်နှာတစ်ခု ထင်ဟပ်လို့ပါ။

မျက်လုံးတွေ မှိတ်ကျလာတော့မဲ့ အခိုက်အတန့်မှာ အဝေးကနေ ဒေါက်ဖိနပ်သံ ထွက်ပေါ်လာတယ်။

အာ။ ဟီဂျူပဲ။

ငါ အရူးတစ်ယောက်လို တွေးလိုက်မိတယ်။

အဖေ့ရဲ့ ဈာပနကို မင်း တကယ်ပဲ ရောက်လာမလားဆိုပြီး မျှော်လင့်ခဲ့မိတယ်ဆိုရင်၊ တကယ် အဲ့ဒါလေး တစ်ခုကိုပဲ မျှော်လင့်ပြီး ဒီနေရာကို စောင့်ကြပ်နေခဲ့တဲ့အကြောင်း မင်း သိသွားရင် ဘယ်လိုနေမလဲ….

မင်းနဲ့ တွေ့ဆုံနိုင်မဲ့ အခွင့်အရေးလို့ တွေးခဲ့မိတယ်ဆိုရင်…….

အင်ချွန်းကို ပြန်လာတဲ့ လေယာဉ်ပေါ်မှာ ထူးဆန်းစွာ တွေးမိခဲ့တဲ့ အတွေး၊ ငါ့ကိုယ်ငါတောင် လှောင်ရယ်မိတဲ့ အတ္တဆန်ဆန် အိပ်မက်ဆန်ဆန် အတွေးအပေါ်မှာ အခု လက်ရှိ ငါက မျှော်လင့်တကြီး မှီခိုနေရတယ်ဆိုတာကို သိသွားခဲ့မယ်ဆိုရင်….

ကြမ်းပြင်ပေါ်ကို စိုက်ကျနေတဲ့ အမြင်အာရုံရှေ့မှာ အနက်ရောင် စတီလက်တို ဒေါက်ဖိနပ်တစ်ရံ ရပ်တန့်သွားတယ်။

ငါ နှေးကွေးစွာ ခေါင်းကို မော့လိုက်တယ်။

ဟီဂျူပဲ။

တကယ့် ဟီဂျူ။

အဓိပ္ပာယ်မရှိလောက်အောင် ဟီဂျူက ငါ့ကို ငုံ့ကြည့်နေခဲ့တယ်။

ပထမဆုံး ဆုံတွေ့ခဲ့ရတုန်းကလိုမျိုး တိုတိုလေးညှပ်ထားတဲ့ ဆံပင်အတို။

ကိုယ်နဲ့ကွက်တိ အနက်ရောင် suit ဘောင်းဘီနဲ့ အနက်ရောင် ကုတ်အင်္ကျီ...

ဘယ်နေရာကိုပဲကြည့်ကြည့် အသက်ဝင်ထင်ရှားလှတဲ့ ပုံရိပ်ပါပဲ။

ဘာစကားပဲဖြစ်ဖြစ် ပြောလိုက်ချင်ဇောနဲ့ နှုတ်ခမ်းကို လှုပ်ရှားလိုက်ပေမဲ့ စကားလုံးတွေက တကယ် ထွက်မလာခဲ့ပါဘူး။

ပထမအချက်က တကယ်တမ်းမှာ ဟီဂျူ မဟုတ်ဘဲ အသက်ဝင်ထင်ရှားတဲ့ ထင်ယောင်ထင်မှား ပုံရိပ်တစ်ခု ဖြစ်နေနိုင်ခြေကို ဖယ်ထုတ်လို့ မရတာကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်ကတော့ ပုံရိပ်ယောင် ဖြစ်ခဲ့မယ်ဆိုရင် စကားစပြောလိုက်တဲ့ အချိန်မှာ ပျောက်ကွယ်သွားနိုင်တယ်ဆိုပြီး တွေးမိလို့ပါ။

ငါ ဟီဂျူကို အသာတိတ်တိတ် မော့ကြည့်နေတုန်း ဟီဂျူကလည်း ငါ့ကို တိတ်တဆိတ် ငုံ့မိုးကြည့်နေခဲ့တယ်။

အဝေးတစ်နေရာက ထွက်ပေါ်လာတဲ့ သေးငယ်တဲ့ ဆူညံသံလေးတောင် မကြားရတော့တာကြောင့် တကယ်ပဲ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေတာလား၊ ဒါမှမဟုတ် ငါ့နားတွေ ပြန်ပျက်စီးသွားတာလားဆိုတာကို ဝေခွဲမရတော့ပါဘူး။

ဟီဂျူသာ တကယ့်အစစ်ဆိုရင် သိသာမှာပေါ့။

အဲ့ဒီလိုဆိုတိုင်း အစစ်မဟုတ်ပါစေနဲ့လို့ မျှော်လင့်မိတာတော့ မရှိပါဘူး။

မင်းသာဆိုရင် အတုဖြစ်နေရင်တောင် ကိစ္စမရှိပေမဲ့၊ အခု မင်းက အတု ဖြစ်နေမယ်ဆိုရင် ငါ……

“ဒီနေ့ ထမင်းစားပြီးပြီလား။”

လေဟာနယ် အနေအထားမှာ ရှိနေရာက ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး လေထုတွေ ပြည့်နှက်သွားသလိုပါပဲ။

ဟီဂျူရဲ့ စကားသံက စပြီး အသံအားလုံးကို ကြားလာရတော့တယ်။

အဝေးက ထွက်လာတဲ့ အင်မတန်သေးတဲ့ ဆူညံသံ၊ တစ်နေရာရာက ဘီးတွန်းသံ၊ တစ်စုံတစ်ယောက် ရုတ်တရက် ငိုကြွေးနေတဲ့ အသံ……

လေထုက ဟီဂျူရဲ့ စကားသံကို ဆောင်ကြဉ်းလာခဲ့တာလား၊ ဒါမှမဟုတ် ဟီဂျူကပဲ လေထုကို ဆွဲခေါ်လာခဲ့တာလား မသိရပေမဲ့။

“……ဟင့်အင်း။”

“ဒါဆို ထမင်းသွားစားကြမလား။”

ဟီဂျူက လက်ကို ကမ်းပေးလာတယ်။

အတိအကျ တစ်နှစ်ခွဲကြာမှ ပေါ်လာပြီး ပြောတဲ့စကားအနေနဲ့ တော်တော်လေး ရုတ်တရက်ဆန်လွန်းပါတယ်။

နှစ်သိမ့်ပေးတာလည်း မဟုတ်၊ အနည်းဆုံး နေကောင်းရဲ့လားဆိုတဲ့ မေးခွန်းမျိုးလည်း မဟုတ်ဘဲနဲ့။

ဒါပေမဲ့ ဘယ်အရာမှ ထူးဆန်းမနေပါဘူး။

ငါ ဟီဂျူရဲ့လက်ကို ဆုပ်ကိုင်ပြီး ထရပ်လိုက်တယ်။

ဆွဲတင်တဲ့ အားစိုက်ထုတ်မှုက မရှိသလောက် နည်းပေမဲ့ ထရပ်ရတာတော့ အင်မတန် လွယ်ကူခဲ့တယ်။

လူတွေမျက်စိထဲမှာ ထင်ပေါ်မနေစေဖို့ ငါတို့ ဟီဂျူရဲ့ကားနဲ့ပဲ ထွက်လာခဲ့ကြတယ်။

တစ်ချိန်က တော်တော်လေး စိုးရိမ်စရာကောင်းခဲ့တဲ့ ကားနဲ့ ဘာမှမထူးခြားလှတဲ့ ကားမျိုးပါပဲ။

နည်းနည်း ပိုကြီးလာတာက လွဲရင်ပေါ့……

ဒီလိုအခြေအနေမျိုးမှာတောင် တူညီတဲ့ အချက်တစ်ချက်ချင်းစီအပေါ် မကျေနပ်နိုင်ဖြစ်နေတဲ့ ကိုယ့်စိတ်ကိုယ် ပြန်တွေးမိပြီး ရယ်ချင်လာရတယ်။

ပြီးတော့ ဟီဂျူက အခုအချိန်အထိ အိမ်မက်တစ်ခုလို ဖြစ်နေတုန်းပါ။

ကားမောင်းနေတဲ့ ဟီဂျူကို နည်းနည်းထပ်ပြီး ကြည့်ချင်ခဲ့ပေမဲ့ ဟီဂျူက အဝေးကြီး မသွားဘဲ ဆေးရုံနားက ဈေးဆိုင်တန်း ပါကင်ကိုသာ တန်းဝင်သွားခဲ့တယ်။

ငါတို့ ဓာတ်လှေကား စောင့်နေတုန်း ဟီဂျူက ဆိုင်နာမည်တွေ ချိတ်ထားတဲ့ လမ်းညွှန်ဘုတ်ဆီ လက်ညှိုးထိုးပြခဲ့ပေမဲ့၊ မျက်နှာကိုပဲ စိုက်ကြည့်နေမိတာကြောင့် ဘာကို ညွှန်ပြနေမှန်း မမြင်လိုက်ပါဘူး။

အဆင်ပြေလား မေးလာတာကြောင့် အဆင်ပြေကြောင်း ပြန်ဖြေလိုက်တယ်။

လေးလွှာကို နှိပ်ပြီး ရှည်လျားတဲ့ စင်္ကြံလမ်းအတိုင်း ထောင့်စွန်းအထိ လျှောက်သွားလိုက်တော့ လူသူကင်းမဲ့တဲ့ ဆန်ပြုတ်ဆိုင်တစ်ဆိုင် ပေါ်လာတယ်။

ဟီဂျူက စားပွဲဝိုင်းဆီ လျှောက်သွားရင်း ဆွန်းဒယ်စွပ်ပြုတ် နှစ်ပွဲ မှာခဲ့တယ်။

ဝန်ထမ်းက သိရှိကြောင်း ပြောပြီး မီးဖိုချောင်ထဲ ဝင်သွားတာကို အသေအချာ မြင်လိုက်ရပြီးမှပဲ စားပွဲဝိုင်းမှာ ထိုင်ရင်း မေးလိုက်မိတယ်။

“ငါ့ကို တစ်ခွန်းတောင် မမေးဘဲ ဘာလို့ မှာလိုက်တာလဲ။”

“အဲ့ဒါမျိုးတွေ စဉ်းစားနိုင်တဲ့ စိတ်မျိုး ရှိနေမယ် မထင်လို့ပါ။”

ဟီဂျူက ရိုးရှင်းစွာ ဖြေခဲ့ပြီး၊ တကယ်တော့ ငါက အမြဲတမ်း တော်တော်လေး အဆင်ပြေတဲ့ ခံစားချက်ပဲလို့ ပြောပြဖို့ပြင်ပြီးမှ မျိုသိပ်လိုက်တယ်။

ဆေးသောက်လိုက်ပြီဆိုရင် အတွေးတွေက တည်ငြိမ်တဲ့ ရေလှိုင်းလေးတွေလို ဖြစ်သွားတတ်တာပါ။

ငါ မှတ်မိသလောက်ဆိုရင် ရေစီးသန်တဲ့ နေရာတွေနဲ့ အဝေးဆုံးမှာ ပြေပြေပြစ်ပြစ် စီးဆင်းနေတဲ့ မြစ်တစ်စင်းလိုပေါ့။

တစ်ခါတလေ လေတိုက်လာပြီး ရေပြင်ပေါ်မှာ အရေးအကြောင်းလေးတွေလို လှိုင်းတွန့်တွေ ပေါ်လာပေမဲ့လည်း လေက ရေစီးကြောင်းကိုတော့ လုံးဝ မပြောင်းလဲနိုင်ခဲ့ပါဘူး။

ငါတို့ တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်မှုထဲမှာ ထိုင်နေခဲ့ကြတယ်။

ဘာစကားပဲဖြစ်ဖြစ် ပြောပေးစေချင်သလို၊ ဆက်ပြီး ဒီအတိုင်းလေး ရှိနေပေးစေချင်မိခဲ့တယ်။

မင်း ဘာပဲလုပ်လုပ် ဒီလိုမျိုး သဘောကျနေမှာမို့လို့။

ဟီဂျူ့မျက်နှာကို တစိမ့်စိမ့် ငေးကြည့်နေတုန်း ဟီဂျူက တစ်ချက်တစ်ချက် မီးဖိုချောင်ဘက်ကို လှည့်ကြည့်ရင်း စွပ်ပြုတ်ဇွန်းနဲ့ ခက်ရင်းတွေကို ကြိုတင်ထုတ်ထားပေး၊ ဂင်ချီကို အိုးငယ်လေးထဲကနေ ထုတ်ပေး၊ ရေဘူးထဲကနေ ရေတစ်ခွက်စီ ငှဲ့ထည့်ပေးရင်း အချိန်ကုန်စေခဲ့တယ်။

အစားအသောက်တွေကလည်း မကြာခင်မှာပဲ ရောက်လာတော့တယ်။

အနံ့တွေ နီးကပ်လာတာနဲ့အမျှ ပျို့အန်ချင်စိတ်တွေ ပေါ်လာခဲ့ပေမဲ့ ငါက ထုတ်မပြဘဲ ဇွန်းကို ကောက်ကိုင်လိုက်တယ်။

ဟီဂျူက ငြိမ်သက်စွာနဲ့ ငါ့ကို စိုက်ကြည့်နေတာပါ။

မင်းလည်း စားလေလို့ ပြောလိုက်တော့ ခေါင်းပဲ ညိတ်ပြပြီး ငါ့ကို ဆက်ပြီးတော့ စိုက်ကြည့်နေတုန်းပါပဲ။

ဟီဂျူကို ပိုပြီး ကြာကြာလေး ဆွဲထားချင်လို့ နှေးနှေးလေး စားချင်ပေမဲ့လည်း ဟီဂျူ ရွေးချယ်ပေးခဲ့တဲ့ အစားအသောက်ကို ကောင်းကောင်း စားပြချင်မိခဲ့တယ်။

ခဏလေး နားလိုက်တာနဲ့ အစားစားရတာကို ရွံရှာသွားစေတာမို့လို့ နားတောင်မနားနိုင်ခဲ့ပါဘူး။

ပျို့အန်ချင်စိတ်ပေါ်လာတိုင်း မှန်မှန် မျိုချရင်း ပန်းကန်လုံးတစ်လုံးကို အကုန်ကုန်အောင် စားလိုက်တယ်။

အဆုံးပိုင်းမှာ ပန်းကန်ထဲ မျက်နှာအပ်မိမတတ် အာရုံစိုက် စားခဲ့ရတာမို့လို့ ဟီဂျူ စားနေတဲ့ပုံစံကို သေချာ မမြင်လိုက်ရပါဘူး။

တစ်ဖက်က ပန်းကန်ကို လှမ်းကြည့်လိုက်တော့ ထက်ဝက်တောင် မစားရသေးတာကို တွေ့လိုက်ရတယ်။

“အရသာမရှိဘူးလား။”

“မဟုတ်ပါဘူး။”

“ဒါဆိုရင်လည်း စားလေ။”

“တကယ်တော့ ကျွန်မက ညစာ စားလာခဲ့တာမို့လို့ပါ။”

“အာ……”

“အရသာကရော အဆင်ပြေရဲ့လား။”

“ဒီီလိုပါပဲ။”

ငါ လည်ချောင်းခြောက်လာတာမို့ ကျန်နေတဲ့ စွပ်ပြုတ်ရည်ကို ကုန်အောင် သောက်ချလိုက်တယ်။

ဟီဂျူက ဇွန်းကို အောက်ဘက် စိုက်ထားရင်း လက်ဖမိုးပေါ်မှာ မေးတင်ထားတယ်။

စိုက်ကြည့်နေတဲ့ မျက်လုံးတွေထဲမှာ ထူးခြားတဲ့ ခံစားချက်မျိုးကို ရှာဖွေတွေ့ရှိဖို့က ခက်ခဲလှတယ်လေ။

အချင်းချင်း မျက်လုံးချင်း ဆုံမိချိန်မှာ အသာပြုံးပြလိုက်တော့ ဟီဂျူက ရုတ်တရက် မေးလာတယ်။

“အများကြီး ပင်ပန်းရလား။”

****

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment