အခန်း ၃၂
Translator - D
ဂန်ဂျူဂယောင်းက လက်ကိုင်အိတ်ကို တတောက်တောက် တောက်နေခဲ့တဲ့ လက်ဖျားလေးနဲ့ သူ့နှုတ်ခမ်းသူ ထိလိုက်တယ်။ အဝေးကြီးကို ငေးကြည့်ရင်း အတိတ်က အဖြစ်အပျက်ကို ပြန်ပြောင်းတွေးနေသလိုပါပဲ။
"ဒါပေမဲ့ ငါ၊ ကလေးဆုံးရှုံးလိုက်ရပြီးလို့ ရက်ပိုင်းလောက်နေတော့ အခန်းထဲမှာ လှဲအိပ်နေတုန်း...ယောက္ခမ...ဒါရိုက်တာကြီးက ဝင်လာပြီး၊ အပိုတွေကဲပြနေတာ ဒီလောက်နဲ့ရပ်တော့၊ ထပြီးတော့ ဒီညကစပြီး ယောက်ျားကို ပြန်လက်ခံတော့ဆိုပြီး ပြောခဲ့တာ။"
“…”
"နောက်ပြီး ထပ်ပြောသေးတယ်။ ဒီတစ်ခါမှ ကျကျနန ဗိုက်ကြီးရမှာမဟုတ်ဘူးလား။ အခု နင်လည်း သန့်သွားပြီဆိုတော့လေတဲ့။"
“…ရှင်။"
"ရှစ်လနဲ့ ဘာလို့ ကလေးပျက်ခဲ့တာလဲ သိလား။"
“…”
"အဲ့ဒီပုဂ္ဂိုလ်က ငါမျက်နှာတောင်မမြင်ဖူးတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်နဲ့ ကလေးရခဲ့တာလို့ ထင်နေတာလေ။"
စတီယာရင်ဘီးကို ကိုင်ထားတဲ့ ကျွန်မရဲ့လက်တွေ ရုတ်ခြည်း အေးစက်သွားတော့တယ်။ ယောက္ခမက ခြောက်ကပ်ကပ် ရယ်ခဲ့တယ်။
"ငါ ကိုယ်ဝန်ရှိလာတာမြင်တော့ အစကတည်းက အဲ့ဒီလိုပဲ။ အဲ့ဒီလောက် ငယ်ငယ်လေးရှိသေးတဲ့ ကောင်မလေးက ဘယ်နေရာမှာ ဘယ်လောက်တောင် ခန္ဓာကိုယ်ကို ပေးခဲ့လို့ ဟိုရုပ်ရှင်လည်းပါ၊ ဒီရုပ်ရှင်လည်းပါ ပါနိုင်နေရတာလဲတဲ့လေ။ ငါ့အသက် ၂၁နှစ်မှာ ယောက်ျားဆိုလို့ သူ့သားအပြင် မသိခဲ့တာကို ဟိုမှာဒီမှာ ခန္ဓာကိုယ်ကို လိုက်ရောင်းစားပြီး ကလေးရလို့ လင်ကောင်ဖော်စရာလိုတော့မှ ဒီကိုလာခဲ့တာမဟုတ်ဘူးလား၊ ဒီလောက် အတွက်အချက်ကြီးတဲ့ ကောင်မမျိုးတွေကို အကုန်သိတယ်၊ အိပ်မက်တောင်မမက်လိုက်နဲ့ ဆိုပြီးပြောတာ။ ဒါပေမဲ့ သူ့သားက သေမလို ရှင်မလိုတွေဖြစ်နေတော့ လက်ခံပေးခဲ့တာပေါ့။ သူများကလေး ဖြစ်နိုင်ခြေရှိတယ်ဆိုပေမဲ့ ကိုယ့်သွေးသားလည်းဖြစ်နေမလားမသိတဲ့ ကလေးကို မောင်းထုတ်ရမှာ စိတ်မတင်မကျဖြစ်ရတယ်ဆိုပြီးတော့။"
“…”
"ငါဗိုက်ထွက်လာလေ ဒါရိုက်ကြီး စိတ်မတင်မကျဖြစ်တာက ပိုဆိုးလာလေပဲ။ အဲ့ဒီဟာလေးက ဘယ်လိုပဲကြည့်ကြည့် ဝူမိသားစုရဲ့ သွေးသားမဖြစ်နိုင်ဘူး၊ တကယ် အစောကြီးကတည်းက ဆေးရုံခေါ်သွားပြီး ဖျက်ချခိုင်းခဲ့ရမှာလို့ပြောလိုက်၊ တစ်ဖက်ကလည်း မတော်လို့ သူတို့မြေးများဖြစ်နေမလားဆိုပြီးတွေးလိုက်နဲ့...အဲ့ဒီလိုကနေ သူ့ရဲ့ သွားလေသူ ယောက္ခမက အဖေဘယ်သူမှန်းမသိတဲ့ ကလေးကို လက်မခံနဲ့ဆိုပြီး အိပ်မက်လာပေးတယ်တဲ့လေ။ အဲ့ဒီမှာ 'တကယ် ငါတို့သွေးသားမဟုတ်ဘူးကိုး' ဆိုပြီး တွေးခဲ့တယ်ထင်ပါရဲ့။ တစ်ကမ္ဘာလုံးသိအောင် လူသိရှင်ကြား မင်္ဂလာဆောင်ထားတဲ့ နာမည်ကြီး ချွေးမကို မောင်းထုတ်ဖို့ နည်းလမ်းမရှိတော့ အဲ့ဒီအစား ညစ်ပတ်တဲ့ဗိုက်ကို ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။"
“…”
"ဒီတစ်ခါရလာမဲ့ကလေးက အီလ်ဂယောင်းရဲ့ တကယ့် သွေးသားဖြစ်မှာပဲဆိုတော့ ကလေးပျက်သွားပြီး တစ်ခါအပစ်ခံထားရပြီးသား ခန္ဓာကိုယ်ဖြစ်နေပေမဲ့လည်း သဘောထားကြီးကြီးနဲ့ ကျော်သွားပေးမယ်တဲ့လေ။ အီလ်ဂယောင်းရဲ့ကလေးကို ရမယ်ဆိုရင် အဲ့ဒါက သန့်စင်လိုက်တာပဲတဲ့။ အဲ့ဒါကြောင့် ခန္ဓာကိုယ် ရောင်းစားရတာကို မရှက်ဘဲ၊ ဝမ်းနည်းမနေဘဲ၊ ကလေးကလည်း ဒီအတိုင်း ဆေးသောက်ပြီး သေသွားတာမို့လို့ ရင်ကွဲမနေနဲ့ဆိုပြီးပြောတာ။ ကိုယ့်ယောက်ျားရဲ့ကလေးလည်းမဟုတ်ဘဲနဲ့ ဘာတွေများ ကြီးကျယ်နေလို့ ဒီလောက်တောင် အကဲတွေပိုနေတာလဲဆိုပြီးတော့။"
"..."
"ငါလည်း အဲ့ဒီနေ့ကစပြီး စိတ်လွတ်သွားတော့တာပဲ။ ဂျင်ဟာကိုမွေးပြီး တော်တော်လေးကြာသွားတဲ့နောက်ပိုင်း ဂျင်ဟာကိုပါ ငါ့ဆီကနေ လုဖို့လုပ်ကြတဲ့အချိန်အထိ။"
"..."
"အဲ့ဒီနောက်မှာ ငါ့လို မပြည့်စုံတဲ့ မိန်းမမျိုးကို သေတာတောင် ဒီမိသားစုထဲ အဝင်မခံဘူးလို့ တွေးထားခဲ့တာ။"
ကားက ပြတိုက်ရဲ့ ပင်မအဆောက်အအုံကိုကျော်ပြီး ဘေးက လျှို့ဝှက်ဂိတ်ပေါက်ကိုတောင် ဝင်လာခဲ့ပါပြီ။ ကျွန်မကတော့ အခုအထိ ဂန်ဂျူဂယောင်းကို ဘာမှမပြောနိုင်သေးပါဘူး။ သူက ကားရပ်ရမဲ့နေရာကို ဝှေ့ယမ်းပြီးညွှန်ပြနေတဲ့ ကားပါကင်ဝန်ထမ်းကြည့်ရင်း ပြုံးနေခဲ့တယ်။
"ဂျင်ဟာကိုယ်ဝန်နဲ့တုန်းက ၃၉ပတ်လုံးလုံး သူများပေးတဲ့ကျွေးတဲ့ဟာ ဘာမှမစားနိုင်ခဲ့ဘူး။ သူများပေးတာဆိုရင် ရေလေးတစ်ခွက်တောင် မသောက်နိုင်တာ။ ပျက်စီးသွားတဲ့တိုင်းပြည်က မင်းမျိုးမင်းနွယ်လားကျလို့လေ။ ဘယ်သူများ အဆိပ်ခတ်မလဲဆိုပြီး တစ်နေကုန် အဲ့ဒီသံသယကြီးနဲ့ နေခဲ့တာ။"
"...အမေ ဘယ်လိုများ ပြတိုက်ဒါရိုက်တာ ဆုန်ကိုကြည့်ပြီး ပြုံးရယ်နိုင်ရတာလဲ။"
"နင်လည်း ငါ့ကိုကြည့်ပြီးတော့ ပြုံးရယ်နေတာပဲမဟုတ်ဘူးလား။"
"အဲ့ဒီသဘောနဲ့ ပြောတာမဟုတ်ပါဘူး။"
"ကိုယ့်သွေးသားကိုယ် တအားရူးသွပ်လွန်းတဲ့မိန်းမက အဖိုးတန် မြေးဦးကို ကိုယ့်လက်နဲ့ကိုယ်တိုင်သတ်ခဲ့တယ်ဆိုတာ ကျိန်းသေပေါက် သေရင်သိမှာပဲ။ သိသွားတဲ့အခါ သေပြီးသားတောင်မှ ထပ်သေချင်သွားမှာ။"
"..."
"အဲ့ဒီလိုတွေးလိုက်ရင် ပြုံးနိုင်သွားတယ်။ အဲ့ဒီအဘွားကြီး သေသွားရင် ငါ့အတွက်လည်း ဘဝကောင်းကောင်းလေး ရောက်လာမှာ။ ဘယ်တော့များ သေမှာပါလိမ့်...အဲ့ဒီလိုတွေးလိုက်ရင် ချိုချိုသာသာလည်း ပြောဆိုဆက်ဆံနိုင်တာပေါ့။"
"..."
"အဲ့ဒီလိုနဲ့ ၃၅နှစ်တောင် ဖြုန်းတီးခဲ့ပြီးပြီမို့လို့..."
ကားရပ်သွားခဲ့တယ်။
ဂန်ဂျူဂယောင်းက ထိုင်ခုံခါးပတ်ကိုဖြုတ်ပြီး ကျွန်မဘက်ကို ကြည့်လာခဲ့တယ်။
"နင်ကတော့ အခု ကောင်းကောင်းလေး လွတ်သွားတော့မယ်ထင်ပါရဲ့။"
ဒီနှစ်ဆိုရင် အသက် ၈၃နှစ်ရှိပြီဖြစ်တဲ့ ပြတိုက်ဒါရိုက်တာ ဆုန်က နှင်းလိုဖြူတဲ့ သူ့ဆံပင်ကို တင့်တယ်လှပတဲ့ လှိုင်းပုံစံ ပုံသွင်းထားခဲ့တယ်။ သူက ဖြောင့်မတ်တဲ့ ကိုယ်နေဟန်ထားနဲ့ ဝင့်ကြွားစွာရပ်ပြီး အနောက်ဘက်အဆောင်ကို ဝင်လာတဲ့ မိသားစုဝင်တွေကို နှုတ်ဆက်နေတာပါ။
ဥက္ကဋ္ဌဝူနဲ့ ထွန်းကားထားတဲ့ သားသမီးရှစ်ယောက်ထဲက သမီး ၂ယောက်၊ ချွေးမ ၆ယောက်၊ သမီးတွေက မွေးထားတဲ့ မြေးမ ၄ယောက်၊ သားတွေက မွေးထားတဲ့ မြေးမ ၅ယောက်နဲ့ မြေးချွေးမ ၉ယောက်....
ကျွန်မက အခုပဲရောက်လာပြီး ဒါရိုက်တာကြီးကို တလေးတစား နှုတ်ဆက်နေကြသူတွေရယ်၊ စောစောရောက်နှင့်နေပြီး နှစ်ယောက်တစ်စု သုံးယောက်တစ်စု ဖွဲ့နေကြတဲ့သူတွေရယ်ကို ကြည့်နေခဲ့တယ်။
ဂန်ဂျူယောင်းနဲ့ ကျွန်မက သိပ်မစောလွန်း၊ နောက်မကျလွန်းဘဲ ရောက်လာခဲ့တာပါ။ မိသားစု စုဝေးပွဲဆိုပေမဲ့ အနေအထားကတော့ အကုန်လုံး တစ်ယောက်နဲ့တစ်ယောက် ဝမ်းသာအယ်လဲ နှုတ်ဆက်ကြတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကျွန်မတို့လည်း ဘယ်သူမှရှိမနေတဲ့ ပန်းချီကားအရှေ့မှာရပ်ပြီး အသာလေး အေးအေးလူလူ အချိန်ဖြုန်းနေလိုက်တယ်။ နေရာက တအားကျယ်လွန်းတာကြောင့်ပါ။ ကျပ်ကျပ်သိပ်သိပ် လူအုပ်ကြီးဖြစ်သွားစရာအကြောင်းမရှိအောင် နေရာက ကျယ်လွန်းပြီး အော်လားဟစ်လားနဲ့ ပွက်လောရိုက်အောင် နှုတ်ဆက်ရမဲ့ နေရာလည်း မဟုတ်ပြန်ဘူးလေ။
ဒီနေ့ ပင်မဆောင်က လူတွေလာရောက်ကြည့်ရှုဖို့ ဖွင့်တယ်ဆိုပေမဲ့ ရံဖန်ရံခါမှ အထူးပြပွဲတွေ ကျင်းပလေ့ရှိတဲ့ အနောက်ဆောင်ကတော့ ဒီအတိုင်းထားရတာကို နှမြောစရာပဲလို့ တွေးရလောက်အောင် ခမ်းနားလှပါတယ်။ အဖြူရောင် မျက်နှာကြက်က အနည်းဆုံး နှစ်ထပ်၊ သုံးထပ်စာလောက်မြင့်ပြီး တအားကျယ်လွန်းတဲ့အတွက် မျက်နှာချင်းဆိုင်နံရံဆိုတာ အဝေးကြီးမှာ မြင်သာတယ်ဆိုရုံလေး ရှိနေတာပါ။ ဘယ်ပြပွဲနဲ့မှ မသက်ဆိုင်တဲ့ တန်ဖိုးကြီးပန်းချီတွေကို တစ်ခုနဲ့တစ်ခု အကွာအဝေးအကျယ်ကြီးခြားပြီးတော့ ခမ်းနားလှပစွာ ချိိတ်ဆွဲထားတယ်။ လက်ရှိမှာ အယောက်သုံးဆယ်တောင်မပြည့်တဲ့ ဧည့်သည်တွေကို ဧည့်ခံနေတာဆိုပေမဲ့ ဒါတွေက ပုံမှန်ဆို လာရောက်ကြည့်ရှုနိုင်သူ တစ်ယောက်တောင်မရှိတဲ့ တန်ဖိုးမြင့် စုဆောင်းမှုတွေပါ။
အဲ့ဒါကမှ ဒါရိုက်တာဆုန်ရဲ့ မီးခံသေတ္တာထဲကို ဝင်လိုက်ရသလိုပါပဲ။
"သောက်စရာ သုံးဆောင်ပါမလား။"
ကျိုးတိုးကျဲတဲ ဧည့်သည်တွေကြားထဲ သွားလိုက်လာလိုက်လုပ်နေတဲ့ ဒါရိုက်တာဆုန်ရဲ့ အတွင်းရေးမှူးတွေထဲက တစ်ယောက်က အရောင်အသွေးအစုံပါတဲ့ သောက်စရာဗန်းကိုကိုင်ပြီး ကျွန်မတို့ဆီ ချဉ်းကပ်လာခဲ့တယ်။
ဘာမှမတွေးဘဲ အနီရောင်အရည်ပါတဲ့ခွက်ကို ယူလိုက်တဲ့ ကျွန်မ တစ်ငုံသောက်လိုက်တယ်ဆိုရင်ပဲ မျက်မှောင်ကြုတ်မိသွားခဲ့တယ်။ ဂန်ဂျူဂယောင်းက ခပ်တိုးတိုးရယ်ပြီး အတွင်းရေးမှူးကို ထွက်သွားဖို့ လက်ပြလိုက်တယ်။
"ဗီတွတ်ဥလား။ အရသာဘယ်ရှိမလဲ။"
"မသိလိုက်ပါဘူး။"
"ငါတို့ရဲ့ဒါရိုက်တာဆုန်က ခန္ဓာကိုယ်အတွက် ကောင်းမဲ့အရာတွေကို စေ့စေ့စပ်စပ် ထိန်းသိမ်းနေတုန်းပဲဆိုတော့....ဘယ်လောက်များ အကြာကြီးထပ်ပြီး နေဦးမလို့ပါလိမ့်။"
သူက ဘေးနားမှာရပ်နေတဲ့ ကျွန်မတစ်ယောက်တည်း ကြားနိုင်ရုံ တိုးတိုးလေးပြောပြီး ချွေးမလေးနဲ့ ကောင်းရာကောင်းကြောင်းစကားတွေပဲ ပြောနေသလိုမျိုး ရွှန်းရွှန်းစားစား ပြုံးခဲ့တယ်။ ကျွန်မလည်း အဲ့ဒီအပြုံးကို ပန်းချီလိုက်တုဆွဲသလိုမျိုး တုပပြီးပြုံးလိုက်တယ်။
မဟုတ်ချင်ယောင်ဆောင်နေပေမဲ့ နောက်ဆုံးတော့လည်း အကြည့်တွေအားလုံးက ကျွန်မဆီကို ဦးတည်လာတာပါပဲ။ အစက ကျွန်မကို သတိမထားမိသူတွေတောင် အခု ကျွန်မကိုကြည့်နေကြပါပြီ။
ကျိန်းသေပေါက် မီးဖွားဖို့ နှစ်လပဲလိုရတော့မဲ့ ကိုယ်ဝန်သည်နဲ့မတူတာကြောင့် အဲ့ဒီလိုတုံ့ပြန်တာ သဘာဝကျပါတယ်။ ဒါရိုက်တာဆုန် ကျွန်မကို နှုတ်ဆက်တုန်းက သူ့မျက်နှာထားကနေ ဘယ်လိုအဓိပ္ပာယ်ကိုမှ ဖတ်လို့မရခဲ့သလို ဂန်ဂျူဂယောင်းကလည်း အခုအထိ ဘာမှမပြောသေးပါဘူး။
ခဏနေလို့ နောက်ဆုံးဧည့်သည်ရောက်လာပြီးတဲ့နောက်မှာ တံခါးပိတ်သွားခဲ့တယ်။ ဒါရိုက်တာဆုန် သဘာဝကျကျလေး အခန်းအလယ်ကိုလျှောက်လာတော့ အမျိုးသမီးတွေအားလုံး သူ့ပတ်လည်မှာ ဝိုင်းဖွဲ့စုဝေးကုန်ကြတယ်။ ကျွန်မဆီမှာရှိနေခဲ့တဲ့ အကြည့်တွေကလည်း အခုတော့ သူ့ဆီမှာ တညီတညွတ်တည်း စုဝေးနေကြပါပြီ။ ကျွန်မလည်း သောက်စရာကို ဖြည်းဖြည်းချင်း ကုန်အောင်သောက်ပြီး အနောက်မှာရပ်လိုက်တယ်။
"ကန်တော့ပွဲရောက်တိုင်း စိတ်ရှုပ်စရာပဲမဟုတ်လား။ အခွင့်အရေးရတာနဲ့ အဘွားကြီးက ခေါ်တာပဲဆိုတော့လေ။"
ရယ်သံဖွဖွလေး ကြားလိုက်ရတယ်။ ဒါရိုက်တာကြီးရဲ့ အရေးအကြောင်းတွေနဲ့ မျက်လုံးတွေက အပြုံးနဲ့အတူ ကွေးညွတ်သွားခဲ့တယ်။
"ဒါပေမဲ့လည်း ငါက အခွင့်အရေးရတိုင်း နင်တို့နဲ့ တွေ့ချင်တယ်လေ။ မကြာခင် ဝူဆုန်ဝန်းမှာလည်း တွေ့ရမှာပဲဆိုပေမဲ့ အဲ့ဒီနေရာက ငါတို့မိန်းမတွေအတွက် နေရာမဟုတ်ဘူး။ အဲ့ဒါကြောင့် ညီညွတ်ရေးစုဝေးပွဲကို လုပ်လိုက်တာ။ ငါတို့မိန်းမတွေအတွက်။"
'ရှစ်လနဲ့ ဘာလို့ ကလေးပျက်ခဲ့တာလဲ သိလား။'
'…'
'အဲ့ဒီပုဂ္ဂိုလ်က ငါမျက်နှာတောင်မမြင်ဖူးတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်နဲ့ ကလေးရခဲ့တာလို့ ထင်နေတာလေ။'
'အမျိုးသမီးတွေ' ကို ကြည့်နေတဲ့ အမျိုးသမီးကြီးရဲ့ မျက်နှာက သဘောထားကြီး ရက်ရောလှပါတယ်။ ဂန်ဂျူဂယောင်းပြောတဲ့ စကားထဲကလူနဲ့ အခု ကျွန်မအရှေ့မှာရပ်နေတဲ့သူက အတူတူပဲဆိုတာကို သဘောပေါက်ဖို့ တကယ် အကြာကြီး အချိန်ယူလိုက်ရတာပါ။
"....အခုခေတ်မှာ မိန်းမတွေအတွက်လည်း အခွင့်အရေးတွေ ရှိနေပြီတဲ့။ ငါ့သမီးတွေ၊ ငါ့ချွေးမတွေ။ အချုပ်ခြယ်ခံခေတ်မှာ မွေးလာကြပေမဲ့ အကုန်လုံးက ပညာတတ်တွေ၊ အရည်အချင်းရှိတဲ့သူတွေပဲမဟုတ်လား။ ဒါပေမဲ့ သူတို့မှာ အခွင့်အရေးမရှိခဲ့ရှာဘူး။ ကိုယ်က ဘယ်လောက်ပဲ တော်နေထက်နေပါစေ၊ ခင်ပွန်းဖြစ်တဲ့သူ အရည်အချင်းမရှိရင် မျှော်လင့်ချက်မရှိသလို၊ သားလုပ်တဲ့သူကလည်း မအောင်မြင်ရင် ဘာမှအကျိုးနပ်မှာမဟုတ်ဘူး။"
"..."
"ဝူဆုန်းကို ငါ့ယောက္ခမက တည်ထောင်ခဲ့တယ်ဆိုပေမဲ့ ဒီနေ့ WK ရဲ့ တစ်ဝက်ကို ငါက တည်ထောင်ခဲ့တာ။ ဥက္ကဋ္ဌဝူကလည်း အဲ့ဒါကို ပျော်ပျော်ကြီး ဝန်ခံတယ်။ ငါ့မှာ အခွင့်အရေးတွေ ရှိခဲ့တာကိုး။ ငယ်ငယ်က ငါ့ကို သားတစ်ယောက်လို ချစ်ပေးတဲ့ အဖေရှိတယ်၊ ငယ်ငယ်ရွယ်ရွယ် ချွေးမကို လေးစားပေးတဲ့ ယောက္ခမရှိတယ်၊ ငါ့ကို ယုံကြည်ပေးတဲ့ ခင်ပွန်းလည်းရှိခဲ့တယ်။ အသက်ဆယ့်ရှစ်နှစ်အရွယ်မှာ လက်ထပ်ပြီးတာနဲ့ ယောက္ခမအလိုကျ သားဦး သားယောက်ျားလေးမွေးပေးပြီး တက္ကသိုလ်တက်ခဲ့တာ။ နောက်ထပ် ကလေးနှစ်ယောက် ထပ်မွေးပြီးတော့ ဘွဲ့ရရော။ ကိုယ်ဝန် ကိုးလအထိကို စာလုပ်နေခဲ့ပြီး ကလေးမွေးပြီးပြီးချင်း ကျောင်းပြန်တက်ခဲ့တာလေ။ ယောက္ခမကလည်း ငါ့ကို ရူးနေပြီလို့ပြော၊ တလောကလုံးကလည်း ငါ့ကို အတ္တကြီးတယ်ဆိုပြီး ဝိုင်းပြောကြတာပေါ့။ အမေလုပ်ဖို့ မသင့်တော်ဘူး၊ ဇနီးမယားကောင်းမဟုတ်ဘူး၊ ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့မိန်းမတဲ့လေ။"
"..."
"ဘယ်သူတွေဘာပြောပြော ငါက ဒီမိသားစုအတွက် ကလေးရှစ်ယောက် မွေးပေးခဲ့တာပဲ။ အဲ့ဒီအထဲမှာမှ ခြောက်ယောက်က သားယောက်ျားလေးတွေ၊ ပြီးတော့ သားသမီးတစ်ယောက်စီတိုင်းကိုလည်း ကြပ်ကြပ်မတ်မတ် ပြုစုပျိုးထောင်ခဲ့တယ်။ အဲ့ဒီခေတ်အခါမှာ 'မိန်းမတစ်ယောက်' အနေနဲ့ လုပ်ရမဲ့ကိစ္စတွေကိုလည်း အကုန်လုပ်ခဲ့တာပဲ။ အငယ်ဆုံးသမီး ဆွန်ဟီးကိုမွေးတော့ အသက်က ၄၀နားတောင်ကပ်နေပြီ။ ဒါပေမဲ့လည်း အလဟဿဖြစ်မသွားရလောက်အောင်ကို ခင်ပွန်းကောင်းရထားတာလေ။ ငါလုပ်ချင်တာတွေ အကုန်လုပ်ခွင့်ပေးပြီး ငါ့စကားဆို တစ်ခါမှ လျစ်လျူမရှုခဲ့ဖူးဘူး။"
ဒီလိုမျိုး အလားတူအင်တာဗျူးတွေ အများကြီးတွေ့ခဲ့ဖူးတာကြောင့် ကျွန်မ ဒီအကြောင်းကို ကောင်းကောင်းသိပါတယ်။
ပြတိုက်ဒါရိုက်တာ ဆုန်ကို WK မှာ အလုပ်မဝင်ခင်ကတည်းက သိခဲ့တာပါ။ ၁၉၉၀ ပြည့်နှစ်တွေက အမေရိကန် စီးပွားရေးမဂ္ဂဇင်းတစ်ခုမှာ အာရှရဲ့ ရှေ့ဆောင်လမ်းပြ စွန့်ဦးတည်ထွင် အမျိုးသမီးလုပ်ငန်းရှင်များ စာရင်းထဲ သူ့နာမည်ထည့်သွင်းဖော်ပြခံရတာကနေစပြီး 'ယနေ့ခေတ်ရဲ့ အမျိုးသမီးခေါင်းဆောင်များ'၊ 'ကိုရီးယား၏ စီးပွားရေးကို ဦးဆောင်နေကြသော အမျိုးသမီးများ' အစရှိတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးကြတိုင်း သူ့နာမည်က အမြဲတမ်း ထိပ်ဆုံးကနေ ပါလာလေ့ရှိတယ်လေ။
လွန်ခဲ့တဲ့ ၁၀နှစ်က ကျန်းမာရေးအခြေအနေ တော်တော်လေးဆိုးလာလို့ စီမံခန့်ခွဲရေး ရှေ့တန်းကနေ အနားယူလိုက်ပြီဆိုပေမဲ့ လက်ရှိမှာလည်း ဥက္ကဋ္ဌဝူက သူနဲ့အတူတူ တက်ညီလက်ညီ လှုပ်ရှားနေတုန်းပဲလို့ လူတွေက တွက်ဆထားကြတာပါ။
"ဝူဆုန်ဝန်းမှာ ယောက္ခမကို ပထမဆုံး ငွေအရင်းအနှီး ထုတ်ချေးပေးခဲ့တဲ့ ငါ့အဘိုးရဲ့ မျိုးရိုးနာမည် 'ဆုန်' ပါနေပြီး၊ WK ရဲ့ K က ငါ့အဖေ တည်ထောင်ခဲ့တဲ့ ဂွမ်ဂျင်း သင်္ဘောလုပ်ငန်းကနေ လာတာ။ ငါ့ကြောင့်သာမဟုတ်ရင် ဒီနေ့ရဲ့ WK ဆိုတာ ရှိလာမှာမဟုတ်သလို၊ ငါ့ရဲ့ခင်ပွန်းသာမရှိရင် ဒီနေ့ရဲ့ ငါဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။ ဇနီးမယားအနေနဲ့ အိမ်ကို စည်းစိမ်အမွေတွေ ယူလာပေးခဲ့ပေမဲ့ သူတို့ရဲ့ စွမ်းဆောင်မှုတွေအားလုံး လျစ်လျူရှုခံရ၊ အသက်ကြီးလာတော့ ခင်ပွန်းဖြစ်သူတွေရဲ့ ဖောက်ပြန်မှုတွေကို ဒီအတိုင်း ထိုင်ကြည့်ပြီး နောက်ဆုံးတော့ ဘာမှလည်းမလုပ်နိုင်၊ ကိုယ့်နာမည်ကိုလည်း ဘယ်နေရာမှာမှ မှတ်မှတ်ရရရှိနေအောင် ချန်မထားနိုင်ခဲ့ဘဲ သေသွားရတဲ့ မိန်းမတွေကို ရာနဲ့ချီပြီး သိတာပေါ့။"
"..."
"မိန်းမတစ်ယောက် ပြောချင်တဲ့စကားကို ယောက်ျားက လျစ်လျူမရှုဘဲနဲ့ နားထောင်ပေးရင်ကိုပဲ ကျေးဇူးတင်ရတဲ့ခေတ်ကိုး။ အဲ့ဒီလိုခေတ်အခါမျိုးမှာ ခင်ပွန်းနဲ့အတူတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်ခဲ့ရတဲ့ အကြောင်းရင်းက ငါ့ကို ခင်ပွန်းလုပ်တဲ့လူက အခွင့်အရေးပေးခဲ့လို့ပဲ။ ငါ့ခင်ပွန်း။ ငါ့အဖေ။ ငါ့ယောက္ခမ..."
"..."
"ဘဝတစ်လျှောက်လုံး ငါ့ကို ယောက်ျားတွေကပဲ ပဲ့ပြင်လမ်းပြပေးခဲ့ကြတာ။ ငါ့ကို လမ်းပြပေးနိုင်မဲ့မိန်းမရယ်လို့ တစ်ယောက်မှမရှိဘူးလေ။ အဲ့ဒါက မိန်းမတွေမှာရှိတဲ့ ခံယူချက်ပြဿနာ၊ စိတ်ပြဿနာမဟုတ်ဘူး။ သူတို့မှာ အစကတည်းက အခွင့်အရေး မရခဲ့ကြလို့ပဲ။ ငါ့အဖေလိုလူမျိုးရော၊ ငါ့ခင်ပွန်းလိုလူမျိုးပါ မရှိခဲ့ကြလို့။"
တစ်ခါက လက်ချာခန်းမထဲမှာ ပရိုဂျက်တာကနေ ကြည့်ခဲ့ရတဲ့ ဆုန်ယောဆွန်းရဲ့ ပို့ချမှုက ဝိုးတဝါး ပြန်ပေါ်လာတော့တယ်။
****
Miel's Translations