no

Font
Theme

အခန်း ၄၆

Translator - D

ဝူဂျင်ဟာ စာကြည့်ခန်းထဲ သွားနေတုန်းမှာ ကျွန်မကတော့ ဥယျာဉ်ထဲက ပျိုးပင်လေးတွေကို ကြည့်နေခဲ့တယ်။

အရွက်အားလုံး ကြွေကျနေတဲ့ ကိုင်းပြောင်ပြောင်တွေကိုကြည့်ရင်း အချိန်ကို ခန့်မှန်းကြည့်လိုက်တယ်။ ဖုန်းကို မကြည့်ရတဲ့အတွက် နေ့ရက်အချိန်နဲ့ဆိုင်တဲ့ အာရုံခံစားမှုက တော်တော်လေး ထိုင်းမှိုင်းနေပါပြီ။ ပြက္ခဒိန်ကို ကြည့်ပေမဲ့လည်း အတူတူပါပဲ။ နောက်ဆုံး မှတ်မိနေတဲ့ နေ့ရက်ကနေစပြီး ဘယ်နှရက် ရှိသွားပြီလဲဆိုတာကို မမှတ်မိနိုင်တော့တာလည်း သဘာဝကျပါတယ်။

ကျိန်းသေပေါက် ဆယ်ရက်တော့ ကျော်ခဲ့ရောပေါ့။ အဲ့ဒီထက်ပိုမလားဆိုတာတော့ မသိနိုင်ပါဘူး။ ကျွန်မ ထင်ထားတာထက်တော့ မကြာလောက်သေးဘူးလို့ ထင်ရသလို၊ တစ်ခါတလေလည်း အချိန်တွေ အများကြီး ကုန်လွန်သွားခဲ့ပေမဲ့ ကုန်သွားသလောက် သတိမထားမိတာလည်း ဖြစ်နိုင်တယ် တွေးမိခဲ့တယ်။ ထူးဆန်းတဲ့ ဟောဒီအကျဉ်းစံဘဝကြီးက ၁၂လပိုင်း မတိုင်မီလောက်မှာ ပြီးဆုံးသွားဖို့ကိုပဲ ကျွန်မ အကြီးအကျယ် မျှော်လင့်မိပါတယ်။ အဲ့ဒီလိုတွေးမိတော့ အင်မတန် ပူပန်ကြောင့်ကြတာမျိုးလည်း မဖြစ်တော့ဘူးလေ။

ကျွန်မ မအိပ်တဲ့အခါ သူက ကျွန်မအရှေ့မှာ အလုပ်လုပ်လေ့ရှိတာပါ။ ကျွန်မကို တစ်စက္ကန့်လေးတောင် မျက်စိအောက်က အပျောက်မခံချင်တဲ့ဆန္ဒပေါ့။ အဲ့ဒီလိုဆိုပေမဲ့လည်း အရေးကြီးတဲ့အလုပ်မဟုတ်ရင် မလုပ်ဘဲနေတတ်တော့ သူ အလုပ်လုပ်တာကို ငေးကြည့်နေရတဲ့ အချိန်က နည်းနည်းလေးပါပဲ။ ကျွန်မ အိပ်နေတဲ့အချိန်က တစ်နေ့တာရဲ့ တစ်ဝက်လောက်ဖြစ်နေတော့ အလုပ်ကိစ္စတွေကို ဖြေရှင်းရတာက သူ့အတွက် အခက်အခဲ ကြီးကြီးမားမားမရှိခဲ့ပါဘူး။

ငေးကြည့်ရတာလည်း ကောင်းတော့ကောင်းပါရဲ့။ ကျွန်မ အသာလေး တွေးကြည့်နေမိတယ်။ သူ ဖုန်းပြောနေတာကို နားထောင်ရရင်၊ ဖန်သားပြင်ပေါ်မှာ အာရုံစိုက်နေတာကို မြင်ရရင် အတိတ်ကအကြောင်းတွေကို သတိရလာတယ်လေ။ ကျွန်မတို့ အတူတူ အလုပ်လုပ်ခဲ့ပြီး၊ ကျွန်မ သူ့ကို ကိုယ့်ဘာသာ စိတ်ထဲမှာ ကြိတ်ပြီးမြှုပ်နှံထားခဲ့တဲ့အချိန်။ အစလည်းမရှိ၊ အဆုံးလည်း မရှိခဲ့တဲ့ကာလ။

အဲ့ဒီအချိန်ကို ပြန်တွေးတဲ့အခါ ဘယ်လိုမှမတတ်သာဘဲ တစ်ခါလောက်တော့ ဘူဆန်ရဲ့ ညကို သတိရမိတာပေါ့။

အဲ့ဒီညကသာ ကျွန်မ သူ့အခန်းကို နောက်တစ်ခါ ပြန်မတက်သွားခဲ့ရင် ဘာတွေများ ဖြစ်လာလောက်မလဲ။

ကျွန်မ ဒီနေရာကနေ ဒီပုံစံကို ကြည့်နေရတာမျိုး မဟုတ်ဘဲ၊ ကုမ္ပဏီမှာ သူ့ဆီကဝင်လာတဲ့ ဖုန်းကို ကိုင်နေရမယ်ဆိုရင်...။ ဟုတ်တယ်၊ ပြောင်းလဲသွားနိုင်တဲ့ ကိစ္စတွေ အများကြီးရှိတာပေါ့။ အချိန်သာ နှောင်းသွားပြီး ကျွန်မတို့ နောက်ဆုံးမှာ ဒီလိုပုံစံပဲ ဖြစ်လာနိုင်သလို၊ တစ်ဖက်ကတော့ ဥက္ကဋ္ဌ ဝူနဲ့ ဇနီးဖြစ်သူက ဝူဂျင်ဟာကို လက်ထပ်ဖို့ စည်းရုံးနားချပြီး အတူတူ အဆိုပြုချက်မျိုး ပေးရတာ...နောက်ဆုံးမှာ သူ့လောက်တော်တဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပေးနိုင်သွားပြီး၊ ကျွန်မလည်း အဲ့ဒီမြင်ကွင်းကို မကြည့်ရဲတော့ဘဲ အစောကြီးကတည်းက ရာထူးကနေ နုတ်ထွက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ဖက်မှာ ယဲ့ယဲ့လေး တွယ်ကပ်နေပြီး သူ့ရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်မှုတွေကို ကိုယ်တိုင် လုပ်ပေးရနိုင်တာလည်း ဖြစ်နိုင်တာပဲပေါ့။

အခုထက် ပိုကောင်းတဲ့ အခြေအနေမျိုးကို တကယ်တော့ စဉ်းစားကြည့်လို့ မရခဲ့ပါဘူး။ အချိန်သာ ကွာခြားပြီး အကြောင်းအရာသာ ကွာခြားတာကလွဲလို့ ကျွန်မအတွက် ကောင်းတဲ့အဆုံးသတ်ဆိုတာ မရှိတာကြောင့်ပါ။

ဒါပေမဲ့ အခုထက်တော့ စိတ်ပင်ပန်းမှု သက်သာနိုင်လောက်မှာပေါ့။

ကျွန်မ ဧည့်ခန်းကို ခိုးကြည့်လိုက်တယ်။

အခုဆို ထွက်သွားလို့ရပါပြီ။ ဘယ်နေရာမှာ လမ်းပိတ်ခံရမလဲကိုတော့ မသိဘူးလေ…။ အနည်းဆုံးတော့ အခု ကျွန်မ အဝတ်အစားကို သေသေချာချာ ဝတ်ထားတယ်၊ သူက ကျွန်မရဲ့ နာခံတတ်တဲ့ပုံစံနဲ့ ယဉ်ပါးနေပြီဖြစ်လို့ နည်းနည်းတော့ သတိလက်လွတ်ဖြစ်နေတယ်။ ကျွန်မကိုထားခဲ့ပြီး စာကြည့်ခန်းထဲ ဝင်သွားတာက သက်သေပဲလေ။

ဒါပေမဲ့ မဆင်မခြင် စမ်းသပ်ကြည့်လိုက်ရင် မစမ်းသပ်ဘဲ နေလိုက်တာထက် ပိုဆိုးတဲ့ ရလဒ် ဖြစ်လာလောက်မှာပါ။ ပထမဆုံးအကြိမ် ပေါ်လာတဲ့ လမ်းပွင့်မှုရဲ့ရှေ့မှောက်မှာ ကျွန်မ တဒင်္ဂလေး ဝိရောဓိဖြစ်နေခဲ့တယ်။

အိမ်အကူအဒေါ်ကြီးက ဒီလိုတွေဖြစ်လာတဲ့ ပထမဆုံးနေ့ကတည်းက ရုတ်တရက် အလုပ်မလာတော့ဘဲ၊ အိမ်မှုကိစ္စတွေကို ဝူဂျင်ဟာက တစ်ယောက်တည်း တာဝန်ယူ လုပ်ဆောင်ခဲ့တာပါ။ သူ့မိခင် ယောက္ခမက ကြောက်တတ်သူဖြစ်လို့ သားဖြစ်သူရဲ့အိမ်ကို အဆက်အသွယ်မလုပ်ဘဲ ရောက်ချင်တိုင်း ရောက်လာနိုင်တဲ့သူ မဟုတ်ပါဘူး။ တခြားလူတွေ ဝင်ပါဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စလိုပါပဲ။

ဒီအတိုင်းသာ သူက ဒီလိုဘဝမျိုးကို တကယ်ကြီး လက်မလွှတ်ဘူးဆိုရင်။

ဒီလိုနဲ့ ၁၂ လပိုင်းသာ ရောက်သွားခဲ့မယ်ဆိုရင်...။

ကျွန်မလည်း အဲ့ဒီအခါမှ မျက်နှာပျက်သွားတော့တယ်။ ဖြစ်လာစရာအကြောင်းမရှိဘူးလို့ ထင်ထားပေမဲ့ အခုလိုမျိုး ဘဝကို ဖြတ်သန်းနေရတာကလည်း ကျွန်မရဲ့ နဂိုခန့်မှန်းချက်ထဲမှာ မရှိခဲ့ပါဘူး။

စိုးရိမ်ပူပန်ရင်း ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေကတောင် အလေအလွင့်လိုပါပဲ။ ကားသော့နဲ့ ပိုက်ဆံအိတ်ကို ရှာချင်ပေမဲ့ ကျွန်မရဲ့အိတ်ကို သူက ဖုန်းနဲ့အတူ အပိတ်ခံထားရတဲ့ အခန်းထဲမှာ ပစ်ထည့်ထားတာပါ။ ကျွန်မ ဧည့်ခန်းထဲမှာ စိုးရိမ်စိတ်နဲ့ ဟိုလျှောက်ဒီလျှောက်လုပ်နေရင်း စာကြည့်ခန်းကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်မိတယ်။ သူမကြားအောင် လုပ်နိုင်ပါ့မလား။ တံခါးကတော့ ပိတ်ထားတာပါ။ ဒီအိမ်ကြီးက အရမ်းကျယ်လွန်းတော့ မီးဖိုချောင်အတွင်းပိုင်း ဒါမှမဟုတ် အခန်းထဲမှာရှိရင် တစ်ခါတစ်ခါဆို အင်တာကွန်မ်က အသံကိုတောင် သေချာမကြားရတတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် အခုထက် ပိုဆိုးသွားစရာတော့ မရှိဘူးလေ။ ကျွန်မ တခြားကားသော့တစ်ခု ထားခဲ့ဖူးတဲ့ နေရာကို ရုတ်တရက် သတိရသွားတယ်။ ၈လပိုင်းက အသစ်ဝယ်ခဲ့တဲ့ ကားကို အခုအထိ တစ်ခါမှ သေချာမစီးဖူးသေးပါဘူး။ စီးဖို့ အကြောင်းမရှိတာကြောင့် ကားသော့ကိုလည်း အဝတ်လဲခန်းရဲ့ အံဆွဲထဲမှာ သပ်သပ်ထည့်ထားခဲ့တာပါ။

အဝတ်လဲခန်းဆီ သွားနေတဲ့ တစ်လျှောက်လုံး ပြေးသွားချင်စိတ်ကို မနည်းထိန်းထားခဲ့ရတယ်။ အချိန်မရှိတော့ဘူးလို့ တွေးနေရင်းနဲ့တောင် အချိန်ကို ဖြည်းဖြည်းလေး အသုံးပြုဖို့ ကြီးမားတဲ့ သည်းခံစိတ်မျိုး လိုအပ်နေခဲ့တယ်။ တော်သေးလို့ ကားသော့က ထင်ထားတဲ့နေရာမှာ ရှိနေတယ်လေ။

ကျွန်မ ဝင်ပေါက်တံခါးကို အသံမကြားရအောင် ဖြည်းဖြည်းလေးဖွင့်ပြီး အားကစားဖိနပ်ကို အသံမမြည်အောင် စီးလိုက်တယ်။ ရင်ခုန်နေတာ ပေါက်ထွက်မတတ်ပါပဲ။ အပြင်ရောက်ရင် ဘယ်ကိုသွားရမလဲ။ ကားပေါ်ရောက်ပြီး၊ ကားပါကင်ကနေ ထွက်ပြီးမှ တွေးရင်လည်း နောက်မကျလောက်သေးဘူးထင်ပါရဲ့။ ကျွန်မ အတတ်နိုင်ဆုံး စိတ်ငြိမ်ငြိမ်ထားပြီး တံခါးသော့ခလုတ်ကနေ ဘက်ထရီကို ဖြုတ်လိုက်တယ်။ အလယ်တံခါးလည်း ပိတ်ထားသလို၊ စာကြည့်ခန်းကလည်း ဧည့်ခန်းနဲ့ ဝေးတဲ့အတွက် တံခါးလော့ခ်အသံ ကြားရမှာ မဟုတ်ပေမဲ့ ဧကန္တများဆိုတာ မသိနိုင်လို့ ကြိုတင်လုပ်ထားခြင်းပါ။

'ချက်' ခနဲ တံခါးပွင့်သွားတဲ့အသံကြောင့် ရင်ခုန်သံက ပိုမြန်လာခဲ့တယ်။ ကျွန်မရဲ့နောက်က တံခါးကို အင်မတန် ဂရုတစိုက်နဲ့ ပိတ်လိုက်တယ်။ ကျိန်းသေပေါက် လော့ခ်ကျတဲ့အသံ မမြည်ခဲ့ပါဘူး။ အသက်ရှူဖို့တောင် အချိန်မရဘဲ ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်တယ်။ ဓာတ်လှေကားက အမြန်တက်လာပေမဲ့လည်း ကျွန်မကတော့ စိုးရိမ်ပူပန်နေဆဲပါ။ ဘေးကတံခါးပဲ ချက်ချင်း ပွင့်လာတော့မလို စိုးရိမ်စိတ်မျိုးလေ။

အဲ့ဒီလို စိုးရိမ်ပူပန်နေတဲ့ ကျွန်မကို လှောင်ပြောင်နေတဲ့အလား ဓာတ်လှေကားက ဒီအထပ်ထက် ပိုမြင့်တဲ့နေရာကို ဆက်တက်သွားခဲ့တယ်။ အပေါ်ဆုံးအထပ်နားလောက်အထိလေ။

ပြန်ဆင်းလာတာကလည်း သိပ်မကြာပေမဲ့ အဲ့ဒီအချိန်လောက်မှာတော့ ကျွန်မက သေလုမြောပါး မျက်နှာထားမျိုး ဖြစ်နေလောက်မှာပါ။ အထဲမှာ စီးလာတဲ့ လူက ထူးဆန်းတဲ့မျက်နှာနဲ့ ခေါင်းကို ဆတ်ခနဲ ညိတ်ပြခဲ့တယ်။

ကျွန်မက ဘာမှမဖြစ်သလို B3 ကို နှိပ်ပြီး မျက်နှာကိုပဲ စစ်ဆေးချင်ဟန်နဲ့ မှန်ထဲကို ကြည့်လိုက်တယ်။ မှန်ထဲကနေ အဲ့ဒီလူ ဖုန်းကိုင်လိုက်တာမြင်တော့ ဆတ်ခနဲဖြစ်သွားမိပေမဲ့ ဖွင့်ထားတဲ့ မျက်နှာပြင်က အချိန်ကိုပဲကြည့်ပြီး အိတ်ကပ်ထဲ ပြန်ထည့်လိုက်တဲ့အတွက် စိတ်သက်သာရာရသွားတော့တယ်။

ကားသော့ကို ကိုင်ထားတဲ့လက်မှာ ချွေးစေးတွေ ပြန်နေပါပြီ။ စဉ်းစားနေရတာကမှ ပိုကောင်းပါဦးမယ်။ ဘယ်ကိုသွားရမလဲ။ ဘယ်ကိုသွားရင် ကောင်းမလဲ...။

အဲ့ဒီမေးခွန်းကိုပဲ အရူးတစ်ယောက်လို ထပ်ခါတလဲလဲ မေးနေတုန်းမှာ ဓာတ်လှေကားတံခါး ပွင့်သွားတော့တယ်။ ကျွန်မ အလျင်စလို ဆင်းချင်ပေမဲ့ B3 မဟုတ်မှန်း သတိရပြီး အဲ့ဒီလူ ဆင်းသွားတာကိုပဲ ငေးကြည့်နေခဲ့မိတယ်။

"ဪ၊ အမေ။ ဖုန်းခေါ်ခဲ့တာလား။"

ပိတ်သွားတဲ့ တံခါးကြားကနေ အဲ့ဒီလူ ဖုန်းပြောနေတဲ့ အသံက ဝေးကွာသွားတော့တယ်။

ပြန်ဆင်းသွားတဲ့ စက္ကန့်ပိုင်းလောက်ကတောင် ရှည်ကြာနေသလိုပါပဲ။ ကျွန်မ ပွင့်သွားတဲ့ တံခါးကြားကနေ ပြေးထွက်သွားလိုက်တယ်။ တခြားဓာတ်လှေကားတစ်စီး ဆင်းလာတာကိုမြင်တော့ သူ စီးလာတာများလားဆိုပြီး မလုံမလဲ ဖြစ်မိရတာပေါ့။ ဖြစ်လာစရာတော့ အကြောင်းမရှိပါဘူး။ သူ သိလောက်မှာမဟုတ်ပါဘူး...။ ဝူဂျင်ဟာ ဝယ်ပေးခဲ့တဲ့ ကျွန်မကားကို ဖြတ်သွားရင်း ကားအသစ်ကို အဝေးကြီးမှာ ရပ်ထားခဲ့တဲ့ အဲ့ဒီအချိန်က ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိတော့တယ်။

နေ့လယ်စာ စားပြီးခါစပဲ ရှိသေးပေမဲ့ သူနဲ့ နှစ်ကြိမ်တိုင်တိုင် ချစ်တင်းနှောခဲ့ပြီး ကောင်းကောင်း အိပ်မပျော်ခဲ့ရတာကြောင့် ခန္ဓာကိုယ်မှာ အားမရှိသလောက်ဖြစ်နေပြီလေ။ ပြေးနေတဲ့ အရှိန်က အားမရစရာပါ။ ကျွန်မ ပြေးနေရင်းကနေ စိုးရိမ်တကြီး နောက်လှည့်ကြည့်ပြီးမှ ကားဆီကို ရောက်လာခဲ့တယ်။

ကားစက်နှိုးပြီးတာနဲ့ တစ်ပြိုင်နက် ချက်ချင်း မောင်းထွက်ခဲ့တာပေါ့။ စိတ်တွေ ရှုပ်ထွေးနေပေမဲ့ ရွေ့လျားနေတဲ့ ကားထဲမှာ ရှိနေတော့မှ ပိုပြီး စိတ်သက်သာရာ ရလာခဲ့တယ်။ ဟန်နမ်ဒုံ... ဟုတ်ပြီ၊ ဂန်ဂျူဂယောင်းရဲ့အိမ်ကို သွားရမယ်။ အခု ကျွန်မကို ကူညီနိုင်တာက သူတစ်ယောက်ပဲရှိလို့လေ။ ဆုံးဖြတ်ချက်ကိုလည်း ချက်ချင်းချလိုက်တယ်။

အကွေ့ နှစ်ခုလောက် ပတ်ပြီးတော့ B2 ကိုသွားတဲ့ အဝင်လမ်းကို ဖြောင့်ဖြူးတဲ့လမ်းအဆုံးမှာ ခပ်လှမ်းလှမ်း မြင်နေရပါပြီ။ ကျွန်မလည်း ကိုယ်တိုင်တောင် သတိမထားမိဘဲ လီဗာကို နည်းနည်း ပိုနင်းလိုက်မိတယ်။ အဲ့ဒီနောက် ကုန်းတက်လမ်းနား ရောက်ခါနီးအချိန်မှာ...

ဒုန်း...

ချက်ချင်းကြီး ဘာဖြစ်သွားမှန်း မသိလိုက်ပါဘူး။ စတီယာရင်ဘီးပေါ်မှာ မူးဝေနေတဲ့ ခေါင်းကို မှောက်ထားပြီး အသက်ရှူမှားနေခဲ့ရာကနေ ခေါင်းကို မနည်းထောင်လိုက်ရတယ်။

အဲ့ဒီမတိုင်ခင်က အကြားအာရုံ ထင်ယောင်ထင်မှားဖြစ်သလို ကြားလိုက်ရတဲ့ အရှိန်နဲ့ကွေ့လိုက်သလို ဘီးသံက နားထဲမှာ အခုအထိ ပဲ့တင်ထပ်နေတုန်းပါပဲ။ လမ်းဆုံကနေ ရုတ်တရက် မျက်စိရှေ့ ပေါ်လာခဲ့တဲ့ကား။

"......ဟား။"

ရင်းနှီးနေတဲ့ ကားထဲကနေ ဝူဂျင်ဟာ ဆင်းလာခဲ့တယ်။ ကျွန်မကားနဲ့ တိုက်မိပြီး ခွက်ဝင်သွားတဲ့ ဘက်အခြမ်းနဲ့က တော်သေးလို့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လေ။ ကြက်သီးမွေးညင်းထနေရင်းနဲ့တောင် တော်ပါသေးရဲ့လို့ တွေးမိသေးတဲ့ ကိုယ့်ကိုယ်ကိုယ် အဓိပ္ပာယ်မရှိဘူးလို့ တွေးလိုက်မိပြန်တယ်။

ကားကိုပတ်ပြီး ကျွန်မကားအနားကို ဖြည်းညင်းစွာ လျှောက်လာတဲ့ ဝူဂျင်ဟာက မည်းနက်နေတဲ့ နေကာမှန်တပ် တံခါးအပြင်ဘက်ကနေ ကျွန်မရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရသလိုမျိုး ကျွန်မကို စိုက်ကြည့်ရင်း နှုတ်ခမ်းတစ်ဖက်ကိုသာ ပင့်တင်ပြီး ပြုံးခဲ့တယ်။

"ကားသော့ထားခဲ့ပြီး ဆင်းလာခဲ့။"

"......"

"တံခါး ဖွင့်လိုက်။"

ကျွန်မက သူ့ဆီကနေ အကြည့်ကိုလွှဲလိုက်ပြီး လမ်းကို လုံးလုံးပိတ်ထားတဲ့ ဝူဂျင်ဟာရဲ့ ကားကို ကြောင်တောင်တောင် ကြည့်နေမိတယ်။

ခွီခနဲ ရယ်သံတစ်ခု ထွက်လာတယ်လေ။ ဒီအတိုင်း နောက်ပြန်ဆုတ်လိုက်ရမလား။

ဝေးကွာသွားတဲ့ ကျွန်မကားကိုကြည့်ပြီး အရူးလို မျက်နှာမျိုးဖြစ်နေမဲ့ ဝူဂျင်ဟာကို မြင်ယောင်ရင်း ခဏတာ ဖြားယောင်းခံလိုက်ရပေမဲ့ အောက်ထပ်ကို ပိုဆင်းသွားရင် ပိုပြီးရှုပ်ရှုပ်ထွေးထွေး ဖမ်းမိခံရမဲ့ အဆုံးသတ်ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။

စတီယာရင်ဘီးကိုကိုင်ရင်း ကျွန်မရဲ့ ထွက်ပြေးပွဲက ဘယ်လောက်တောင် အဓိပ္ပာယ်မဲ့စွာ စလိုက်တာနဲ့ ချက်ချင်း ပြီးသွားရသလဲဆိုတာကို စဉ်းစားနေခဲ့တယ်။ ကားပြင်ခ ဘယ်လောက်ကုန်မလဲဆိုတဲ့ အေးရာအေးကြောင်းအတွေးကိုတောင် တွေးလိုက်မိပါသေးရဲ့။ ဝူဂျင်ဟာကတော့ ပြင်တာထက် ကားအသစ်ဝယ်တာကို ရွေးချယ်မှာပေါ့...။

"ဟီဂျူလေး။"

ကျွန်မ တံခါးကို ဖွင့်လိုက်တယ်။ ဆင်းလိုက်တာနဲ့ ချက်ချင်းပဲ သူက ကျွန်မကို ဆွဲဖက်ခဲ့တယ်။

လှောင်​ရယ်နေခဲ့တာ ဘယ်တုန်းကမှန်းမသိ တုန်ယင်နေတဲ့ သူ့လက်က ကျွန်မရဲ့ ကုပ်သားလေးကို ပွတ်သပ်လို့ပါ။ ကျွန်မလည်း သူ့လက်ကို တွန်းဖယ်ပြီး ကျွန်မကားက သူ့ကားကို ဝင်တိုက်မိတဲ့ဘက်ဆီ စိတ်မပါ့တပါ သွားလိုက်တယ်။

ဒီလောက်ကားအကောင်းစားကြီးတောင် အဲ့ဒီလောက်အထိ ခွက်ဝင်သွားတယ်ဆိုတော့ ကျွန်မကားကလည်း သိပ်အကောင်းကြီး ဖြစ်နေမှာ မဟုတ်လောက်ပါဘူး။

"ပြင်ပြီး ပြန်စီးဖို့ မစဉ်းစားနဲ့။ တခြားကား ဝယ်ပေးမှာမို့လို့။"

"......"

"အရွယ်အစား အတူတူလောက်ဆို ရပြီမဟုတ်လား။ နည်းနည်းလောက် ပိုပြီး ဘေးကင်းစိတ်ချရတဲ့ကားကို စီးစမ်းပါ။ မင်း ထိခိုက်သွားမှာ ဘယ်လောက်တောင် စိုးရိမ်ခဲ့ရမှန်း သိရဲ့လား။"

ရှင် ကျွန်မကို စိုးရိမ်တယ်ဆိုတာက ဘယ်တုန်းကများလဲ။ ကျွန်မ ဒီကားကို ဝယ်ခဲ့တဲ့ အချိန်ကလား။ ဒါမှမဟုတ် ကျွန်မရဲ့ကားကို တမင်ဝင်တိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်ကလား။

စကားထွက်မလာတဲ့ ပါးစပ်ထဲမှာ မေးခွန်းတွေက ရစ်သီဝေ့ဝဲလို့ပါ။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment