no

အခန်း ၃၈

Translator - D

"တော်တယ်။ ပေးတဲ့ငွေကိုငြင်းပြီး ဘာလုပ်မှာလဲ။"

"ဟုတ်ကဲ့။"

"အဲ့ဒီပန်းချီပြောပါတယ်။ အခုဆို အနည်းဆုံး ဝမ် ၃ဘီလီယံလောက် တန်တာ...ကျိန်းသေပေါက် လုံးဝ ရောင်းလို့မဖြစ်ဘူးနော်။ တစ်ခုခုရောင်းမယ်ဆိုရင်လည်း သူတို့ပေးတဲ့အိမ်ကိုသာရောင်း။ အဲ့ဒီပန်းချီကိုတော့ ခေါင်းပဲအုံးအိပ်အိပ်၊ အခန်းထဲပဲထည့်ထားထား နှစ် ၂၀လောက် သိမ်းထား။"

"ဟုတ်ကဲ့။"

"နောက်ပြီး မဖြစ်စလောက်ပိုက်ဆံလေးအတွက် မဟုတ်မဟက်နေရာတွေမှာလည်း သွားမရောင်းနဲ့ဦး။ ငါ့ကိုလာရှာ...အေးလေ၊ အဲ့ဒီအချိန် အသက်ရှိသေးတယ်ဆိုရင်ပြောပါတယ်။"

ကျွန်မ ဂန်ဂျူဂယောင်းကို အကြောင်သား ကြည့်နေမိတယ်။

"ဘာလဲ။"

"အံ့ဩလို့ပါ။ အဲ့ဒီအချိန်အထိတောင် ကျွန်မကို ကူညီပေးဖို့ စိတ်ကူးထားတာလားဟင်။"

ဂန်ဂျူဂယောင်းက သူ့ကိုယ်သူ ဘာပြောလို့ပြောမိမှန်း သတိမထားမိတဲ့အလား အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်နေသလိုပါပဲ။

"ဒီအတိုင်း စကားအဖြစ်ပြောတာပေါ့...ဒါပေမဲ့လည်း တစ်နေရာရာမှာ အလိမ်ခံရမှာထက်စာရင် ငါ့ဆီလာခဲ့။"

"ကျေးဇူးတင်ပါတယ်။"

"ဘာကိုကျေးဇူးတင်နေတာလဲ။ ဒီအတိုင်း ကလေးသာ ကောင်းကောင်းမွေးခဲ့မယ်ဆိုရင် WK ရဲ့ အိမ်ကြီးရှင်သခင်မ ဖြစ်လာမှာကို...အဘိုးကြီးက တစ်ခါလောက်တော့ အံ့လောက်အောင် သဘောထားကြီးပေးပေမဲ့ နောက်​ဆုံးတော့လည်း နင့်ကို ဈေးပေါပေါနဲ့ ရှင်းပစ်တာပဲ။"

"ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်တော့ ကိစ္စမရှိပါဘူး။"

"ရွှေတွင်းကြီးရှေ့ ရောက်နေခါမှ ရွှေချောင်းတစ်ချောင်းပေးပြီး နောက်ကြောင်းပြန်လှည့်ခိုင်းသလိုပဲမဟုတ်ဘူးလား။"

ဂန်ဂျူဂယောင်း ဒီမှာ သည်းခံပြီးနေနေရခြင်းရဲ့ ဆယ်ပုံ ကိုးပုံက ဝူဂျင်ဟာ ကောင်းစားသွားတာကို မြင်ချင်တဲ့ ခေါင်းမာစိတ်ကြောင့်ပဲထင်ပါရဲ့။ အဲ့ဒီလို ဂန်ဂျူဂယောင်းအတွက် ဆုန်ယောဆွန်းရဲ့ စကားတွေက ကမ္ဘာပေါ်က အရာရာဖြစ်နေမှာ ကျိန်းသေပေါက်ပဲပေါ့။ ၃၅နှစ်လုံးလုံး တောင့်ခံထားခဲ့ရတဲ့ တန်ရာတန်ကြေး။ အဲ့ဒါတောင် ကျွန်မရတဲ့ငွေက နည်းတယ်ဆိုပြီး ကျွန်မကိုယ်စား စောဒကတက်နေပါသေးတယ်။

ဝူဂျင်ဟာဆီကနေ ခွာလိုက်တာနဲ့ ယောက္ခမဆိုးဆိုးက ထူးဆန်းတဲ့ ကိုယ့်ဘက်တော်သား ဖြစ်လာတယ်တဲ့လေ။

"အဲ့ဒါလည်း အဲ့ဒါဆိုပေမဲ့ ကိစ္စတွေက ဒီအထိတောင် ဖြစ်လာပြီဆိုတော့...စိတ်မသက်မသာဖြစ်ရမှာဆိုပေမဲ့လည်း နှစ်ကုန်တဲ့အထိ စောင့်ရမှာပဲ။"

"ရှင်။"

"၁၂လပိုင်းမှာ ရှယ်ယာရှင်အစည်းအဝေးမတိုင်ခင်လေး နှစ်ဦးသဘောတူ ကွာရှင်းခွင့်တင်မယ်ဆိုရင်...ပြန်လည်သုံးသပ်ဖို့ကာလက တစ်လရှိမယ်ထင်တယ်။ ဥက္ကဋ္ဌကြီးကတော့ အဲ့ဒီအတိုင်း နောက်နှစ်ကို အေးအေးဆေးဆေး ကူးသွားလိုက်တာ ကောင်းမယ်တဲ့။"

"......"

"ပြန်လည်သုံးသပ်ကာလက စိတ်ရှုပ်စရာပဲဆိုပေမဲ့ ကွာရှင်းဖို့ ကြားဝင်စေ့စပ်ညှိနှိုင်းမှု လျှောက်တင်ရင် လူ​ပြောစရာဖြစ်မှာဆိုတော့ အကြောက်အကန် ကန့်ကွက်နေတာလေ။"

"...အာ..."

"တစ်ရက်နှစ်ရက်လောက်ပဲဖြစ်ဖြစ် နှစ်ကူးသွားတာ ပိုကောင်းမယ်တဲ့။ ဒီနှစ်ထဲပဲ လက်ထပ်၊ ဒီနှစ်ထဲပဲ ကွာရှင်းဆိုရင် အားလုံးအတွက် အမြင်မဆိုးဘူးလားဆိုပြီးတော့...ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ကွာရှင်းတာက ကွာရှင်းတာပဲကို။ မဟုတ်ဘူးလား။"

ကျွန်မ ဖျစ်ညှစ်ပြီး ရယ်လိုက်တယ်။ ကိုယ်ကတော့ မြန်မြန်ပြီးသွားစေချင်တာလေ။

"ဘာပဲဖြစ်ဖြစ် ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ်ဖြစ်သွားတာကို သဘောထားကြီးကြီး ကျော်ကြည့်ပေးမယ်တဲ့၊ အထူးသဖြင့် ရုတ်တရက် ရှေ့တန်းကိုလည်း ထွက်လာရပြီဆိုတော့...အဲ့ဒါကလည်း အကြောင်းရှိတယ်လေ။"

"အဲ့ဒီလိုပဲထင်ပါရဲ့။"

"အဲ့ဒါပြီးရင် တခြားကိစ္စနဲ့ ပွက်လောရိုက်စရာရှိတော့ ဥက္ကဋ္ဌကြီးပြောတဲ့အတိုင်း အေးအေးဆေး​ဆေး ပြီးသွားမှာပါလေ။"

"သိပါပြီ။"

"အဲ့ဒီမတိုင်ခင် ခွဲနေလို့ရပြီ။ ဖြစ်နိုင်ရင်တော့ နင်က အဲ့ဒီအိမ်မှာနေပြီး ဂျင်ဟာက အိမ်ပြောင်းတာ ပိုကောင်းမယ်။ ဆင်ခြေပေးရတာလည်း ပိုလွယ်တယ်လေ...လောလောဆယ်တော့ ဒီအတိုင်း သည်းခံထားဦး။"

ကျွန်မ ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်တော့ ဂန်ဂျူဂယောင်းရဲ့ မျက်နှာထားက ရှုပ်ထွေးသွားသလိုဖြစ်လာတော့တယ်။

"အဆင်ပြေရဲ့လား။"

"ဒီနေ့ ပိုက်ဆံတွေ အများကြီးရခဲ့တာပဲ။ ခံစားချက်ကောင်းပါတယ်။"

"ဘယ်လိုသုံးရမှန်းတောင် မသိဘဲနဲ့ ပိုက်ဆံရတော့ရော ဘာများထူးမှာလဲ။"

"ပို့ချမှုအတွက် ဝင်လိုက်ပါတော့။ ကျွန်မ အရင်သွားနှင့်ပါ့မယ်။"

"ကားမောင်းလို့..."

"....အဆင်ပြေပါတယ်။"

ကျွန်မ ယဉ်ကျေးစွာ ဦးညွှတ်ဂါရဝပြုပြီး တစ်ဖက်လှည့်လိုက်တယ်။ ခဏနေတော့ ဂန်ဂျူဂယောင်းလည်း စတင်လျှောက်ထွက်သွားတဲ့ ခြေသံကို ကြားလိုက်ရပြီး ကျွန်မတို့ရဲ့ခြေလှမ်းတွေက တစ်ယောက်ဆီကနေတစ်ယောက် ဝေးကွာလာပါတော့တယ်။ ဘယ်သူမှ ထွက်သွားခွင့်မရှိတဲ့အချိန်ပါ။ စုဝေးတွေ့ဆုံပွဲ စတင်ကတည်းက အဝင်တံခါးကို ပိတ်ထားတာလေ။

ပန်းပုရုပ်လိုပုံစံနဲ့ တပ်ဆင်ထားတဲ့ တံခါးက မိန်းမတစ်ယောက်ရဲ့အားနဲ့ တုတ်တုတ်တောင်မလှုပ်တာကြောင့် ဝန်းထမ်းရဲ့အကူအညီကို လိုအပ်ပါတယ်။ ကျွန်မ ဝန်ထမ်းတစ်ယောက်ကို အကူအညီတောင်းပြီး နာရီကိုကြည့်လိုက်တယ်။ နေ့လယ် ၂နာရီ ၄၈...သူ အခုအထိ ဂျယ်ဂျူကနေ လေယာဉ်နဲ့ မထွက်ရသေးတဲ့အချိန်ပေါ့။ အဲ့ဒီနောက် တံခါးပွင့်သွားချိန် ၂နာရီ ၅၀မှာ ကျွန်မ အပြင်ထွက်လာခဲ့တယ်။

"ဆရာကတော်၊ ကားနံပါတ်က..."

"၂၀၇၆ ပါ..."

"ဟုတ်ကဲ့၊ ခဏစောင့်ပေးပါခင်ဗျ။"

ပါကင်ဝန်ထမ်း သူ့ရဲ့စကားပြောစက်ကနေ ပြောလိုက်ပြီး မကြာခင်မှာ ခပ်လှမ်းလှမ်း မြေအောက်ပါကင်ဆီက အချက်ပေးသံ မြည်လာခဲ့တယ်။ မြေပြင်ကိုပဲ ငေးကြည့်နေတဲ့ ကျွန်မလည်း အသံကြောင့် ခေါင်းထောင်လိုက်မိတာပေါ့။

ဒါပေမဲ့ ပေါ်လာတဲ့ကားက ကျွန်မကား မဟုတ်ပါဘူး။ မြေပြင်ကို ခြစ်သွားသလို ကွေ့ဝိုက်လာတဲ့ကားက ကျွန်မဆီကို အရှိန်နဲ့ မောင်းလာနေတာပါ။ တစ်ချက်လေး ထိတ်လန့်တုန်လှုပ်သွားတဲ့ ပါကင်ဝန်ထမ်းက ကျွန်မကို ဘေးဘက်က ကားလမ်းဘောင်ထဲ တွန်းပို့ခဲ့တယ်။

ကျွန်မကားမဟုတ်ပေမဲ့ ကျွန်မကားထက် ပိုပြီးရင်းနှီးနေတဲ့ကားပါ။ အဲ့ဒီကားရဲ့ အနောက်မှာမှ ပါကင်ဝန်ထမ်းလေး မောင်းထွက်လာတဲ့ ကျွန်မကားကို မြင်လိုက်ရတယ်။ ကျွန်မလည်း ခြောက်ကပ်ကပ်ရယ်မိရုံအပြင် မရှိခဲ့ပါဘူး။

ကျွန်မရှေ့မှာတင် ကျွီခနဲရပ်သွားတဲ့ ဝူဂျင်ဟာ ကားရဲ့ ခရီးသည်ခုံဘက်ကနေ အတွင်းရေးမှူးချွဲက ဖြူဖျောနေတဲ့မျက်နှာနဲ့ သွေးရူးသွေးတန်း သုတ်သုတ်ပျာပျာထွက်လာ၊ ကျွန်မကို ဦးညွှတ်ပြီး သူတို့နောက်က ကျွန်မကားရဲ့ ဒရိုက်ဘာခုံဘက်ကို အပြေးသွားခဲ့တယ်။ ခြောက်ကပ်ကပ်ရယ်သံက ဆက်တိုက်ထွက်လာတော့တာပေါ့။ အတွင်းရေးမှူးချွဲက ကျွန်မသာ သူနဲ့အတူ လုပြေးပြီး ဒရိုက်ဘာခုံမှာ အရင်ထိုင်လိုက်ရင် သူရှုံးရမဲ့ဂိမ်းကို တစ်ယောက်တည်း ကစားနေသလိုပဲလေ။

"တက်။"

ကိုယ့်ရဲ့ လက်အောက်ငယ်သားကို အဲ့ဒီလို လွန်လွန်ကျူးကျူးတွေ ခိုင်းသတ်ထားတဲ့ ဝူဂျင်ဟာက ဒရိုက်ဘာခုံကနေ အေးအေးလူလူ ထွက်လာပြီး ပြောခဲ့တယ်။

"ကျွန်မမှာလည်း မောင်းသွားရမဲ့ကား ရှိပါတယ်။"

"မင်းရဲ့ကားကို မောင်းပေးမဲ့သူရှိတယ်။"

"..."

"အဲ့ဒီတော့ တက်လိုက်။"

သူက ခရီးသည်ခုံဘက်က တံခါးကိုဖွင့်ပေးရင်း အမိန့်ပေးပြီး အဲ့ဒီနောက် သူ့ဟာသူ ပြန်ဖြေပြီးတော့ ကျွန်မကို ခုံပေါ်တွန်းပို့ခဲ့တယ်။ ကျွန်မလည်း အသာတကြည်ပဲ ခါးပတ်ပတ်လိုက်တာပေါ့။ အဲ့ဒါကိုမြင်တော့မှပဲ သူက ခရီးသည်ခုံဘက်က တံခါးကို ဝုန်းခနဲဆောင့်ပိတ်သွားတော့တယ်။

"မင်းကို ဒီအတိုင်း သော့ပိတ်ထားခဲ့ရမှာ။"

"စောင့်ကြည့်ခိုင်းထားပြီးသားပဲမဟုတ်ဘူးလား။"

"ရုတ်တရက် ထပ်ပြီး လဲများသွားမလား စိတ်ပူလို့ အစောင့်ချထားတာ။ မလဲသေးတော့ အခုအထိ သူတို့လည်း မျက်နှာမပြရသေးဘူးပေါ့။ မင်း ဘယ်ပဲသွားသွား။"

"..."

"အဲ့ဒါအကုန်ပဲ။"

ဝူဂျင်ဟာက သွားချင်းကြိတ်ထားတဲ့ကြားကနေ ပြောလာခဲ့တယ်။

'ဂျင်ဟာရဲ့ ဦးလေးတွေက လူလေး တစ်ယောက်နှစ်ယောက်လောက်ပဲ ချထားမယ်မှတ်နေလား။'

'အဲ့ဒါအကုန်ပဲ' လို့ပြောခဲ့တဲ့ ဝူဂျင်ဟာရဲ့စကားက အမှန်ပဲဖြစ်လောက်ပါတယ်။ အဲ့ဒီအပြင်လည်း မရေမတွက်နိုင်တဲ့အရာတွေ ရှိခဲ့မှာပေါ့...ကျွန်မ ထိုင်ခုံနောက်မှီမှာ မှီထားတဲ့ခေါင်းကို တစ်ဖက်လှည့်ပြီး ပြတင်းပေါက်အပြင်ကို ကြည့်နေလိုက်တယ်။ သိပ်ပြီး စကားမပြောချင်ကြောင်း ပြလိုက်တာပေါ့။ သူ ကျွန်မအတွက် လုပ်ခဲ့တဲ့အရာတွေကိုတော့ ကျွန်မတို့ လမ်းခွဲပြီးသွားမှ ​တွေးလို့လည်း လုံလောက်ပါတယ်။

"...၁၂လပိုင်းအထိလေးပဲ။ ရှယ်ယာရှင်အစည်းအဝေးကိုပဲ ကျော်နိုင်ရင် ရပြီ။ လေးနှစ်တောင် အလုပ်အတူတူလုပ်ခဲ့တာလေ။ အရေးကြီးတဲ့အချိန်မှန်း သိတယ်မဟုတ်လား။"

"..."

"အဲ့ဒီအချိန်အထိလေးပဲ စောင့်နေဖို့ အဲ့ဒီလောက်တောင် ခက်ခဲသွားလား။ အခု သုံးလလောက်ပဲ ကျန်တော့တာကို။"

နောက်ဆုံးတော့ သူက အဓိကပြဿနာကို ရှောင်လွှဲခဲ့တာပါပဲ။ အရေးကြီးတဲ့အချိန်ဆိုတာထက် ပိုတဲ့အကြောင်း မပြောပြပေမဲ့ပေါ့။ ကျွန်မ စိတ်မသက်မသာဖြစ်သွားမှာ စိုးလို့များလား။ ဒါမှမဟုတ် သဘာဝကျတဲ့ ငြင်းဆန်မှုကြောင့် စိတ်ထိခိုက်ရလို့လား။ အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ သိရရင်တောင် အဆုံးသတ်က အတူတူပဲဖြစ်မှာမို့လို့။

ကျွန်မ အဆုံးသတ်ကို ဆုံးဖြတ်ခဲ့တဲ့ အစဆီ ပြန်သွားလိုက်ရင် နောက်ဆုံးတော့ အဘွားယောက္ခမရော၊ ဒီနေ့ပြောခဲ့တဲ့ စကားတွေရောက အရေးမကြီးပါဘူး။

အဲ့ဒီလိုကြည့်မယ်ဆိုရင် ဒီနေ့ အမြတ်အကြီးကြီး ရခဲ့တာပဲပေါ့။

"အဲ့ဒီတော့ မွေးတောင်မမွေးလာမဲ့ ကလေးကို စောင့်ခိုင်းချင်နေတာလား။"

"ပါးစပ်ပိတ်ပြီး အသာလေးပဲနေလိုက်ရင် ရပြီ။"

"လိမ်ပြောလိုက်တိုင်း အသံမထွက်ဘဲနေမှာမှမဟုတ်တာ။"

"တစ်ခွန်းနှစ်ခွန်းလောက် လိမ်ရတာကို ဘာတွေများ ဒီလောက်ကြီးကျယ်နေလို့လဲ။"

"မြင်တောင်မမြင်ရတဲ့ကလေးကို ဆင်ခြေလုပ် လက်ထပ်ပြီး ဆယ်လကြာတော့ တကယ်က ကလေးမရှိပါဘူးဆိုပြီး ပြောရမှာလား။ ခန္ဓာကိုယ်ရောင်းစားတယ်လို့ အပြောခံရတာနဲ့တင် မလောက်သေးလို့ လူလိမ်မဆိုတဲ့ စကားအထိပါ ကြားရမှဖြစ်မှာလား။"

"ငါ-ိုး၊ ဘယ်သူက အဲ့ဒီ သောက်..."

"...တော်ပါတော့။ ဒီလောက်နဲ့ တော်ပါတော့လို့။"

ဒီလိုတွေဖြစ်နေရင်းကတောင် ဂျန်ယွန်းဆောရဲ့စကားတွေက အတွေးထဲဝင်လာခဲ့တယ်။ 'စကားပြောရင် တော်တော်အချိုးမပြေတာကိုတော့ လက်ခံတယ်မဟုတ်လား'...အဲ့ဒီလိုဖြစ်နေမလား မသိပါဘူး။ သူ့ဘာသူပဲဖြစ်ဖြစ် ဆဲရေးတာကို ကြားဖူးတဲ့အကြိမ်ရေက လက်တစ်ဖက်တည်းနဲ့ ရေတွက်လို့ရတယ်ဆိုပေမဲ့ ဘာကြောင့်မှန်းမသိ အဲ့ဒီလိုလုပ်တိုင်း ပုံမှန်အကျင့်အလား သဘာဝကျနေသလိုပဲလေ။

မီးပွိုင့်မှာ ကားရပ်သွားခဲ့တယ်။ မသက်မသာဖြစ်စရာ တိတ်ဆိတ်မှုက နေရာယူလို့ပေါ့။ မီးပွိုင့်မှာ အကြာကြီးစောင့်ပြီးတဲ့နောက် ကားပြန်ထွက်တဲ့အခါ ကျွန်မ ခပ်တိုးတိုးပြောလိုက်တယ်။

"ဂျင်ဟာက သင်္ချာတော်တယ်မဟုတ်လား။ အဲ့ဒါကြောင့် အတွက်အချက်ကနေ ထွက်လာသလိုသာလုပ်ပါ။"

"..."

"တခြားလူတွေအားလုံး မှန်ပါတယ်။ အစကတည်းက မှန်ခဲ့ကြသလို၊ အခုအထိလည်း မှန်နေကြတုန်းပါပဲ။"

"မှားတယ်။"

"မှားနေတာက ကျွန်မတို့ပါ။ နည်းနည်း ပိုမှားနေတာက ဝူဂျင်ဟာပဲရှင့်။"

ဝူဂျင်ဟာ တစ်ချက်လေး တိတ်ကျသွားခဲ့တယ်။

ကျွန်မ ဦးတည်ရာနေရာမရှိဘဲ ခဏပြီးခဏ ပြောင်းသွားတဲ့ GPS screen ကို အသာတိတ်တိတ် ကြည့်နေရာကနေ နေဝင်နေပြီဖြစ်တဲ့ အဆောက်အအုံတန်းကို ကြည့်လိုက်တယ်။ အတိတ်ကို ပြန်တွေးရင်းပေါ့။ ဒီကားထဲမှာ ဒီလူနှစ်ယောက်ပဲ ထိုင်နေကြတာကို အခြေအနေချင်း လုံးဝ ကွာနေတာက ထူးဆန်းနေခဲ့တယ်။ တစ်ချိန်ကတော့ အရေးမပါအရာမဝင်တဲ့အချစ်ကို ငတ်မွတ်တောင့်တခဲ့တဲ့ ရူးရူးမိုက်မိုက် မိန်းကလေးပေါ့။ ဒီလူဘေးမှာထိုင်ရင်း၊ ရိုသေလေးစားထိုက်တဲ့ လူကြီးတစ်ယောက်အလား အလုပ်အစီရင်ခံချက်တွေ တာဝန်ကျေကျေ တင်ပြရင်းကနေ သူ ကျွန်မကို ကြည့်မနေတဲ့ အခိုက်အတန့်တွေမှာ မျက်လုံးလှိမ့်ပြီး ခိုးခိုးကြည့်နေရတာနဲ့ အလုပ်များခဲ့ရတာလေ။

တကယ့်အချိန်ကောင်းလေးပါပဲ။ မျှော်လင့်ချက်မရှိပေမဲ့ စိတ်လှုပ်ရှားမှုရှိခဲ့ပါတယ်။ သူ ဘယ်ပဲသွားသွား ကျွန်မက သူနဲ့အတူရှိနေပြီး၊ သူ ဘာပဲလုပ်လုပ် ကျွန်မ သားထားတဲ့စည်းက သူ့ကို ပံ့ပိုးကူညီပေးခဲ့တယ်။ တော်တော်လေး အရည်အချင်းရှိကြတဲ့ သူ​ဌေးနဲ့ လက်အောက်ငယ်သား၊ လေးစားမှုရှိကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေပေါ့။

အမှတ်တရတွေက ဝေဝါးလာပါပြီ။ ခနော်ခနဲ့ ကွဲအက်ပျက်စီးနေတဲ့ ဇနီးမောင်နှံသာ ကျန်ပါတော့တယ်။

အစကတည်းက စည်းမကျော်ခဲ့သင့်တာပါ။ အစကတည်းက ကိုယ့်နေရာကိုယ် မမေ့ခဲ့ရမှာပါ။ ကိုယ့်နေရာကိုယ် သိပါတယ်လို့သာ ပြောနေပေမဲ့ သူ့ကိုတော့ နှလုံးသားတစ်ခုလုံးနဲ့ ကြည့်ခဲ့တဲ့ ကျွန်မက အယောင်ဆောင်၊ လူလိမ်ဖြစ်ခဲ့ပြီးသားပါပဲ။

'အခု နင့်အခြေအနေကိုမြင်မှ ငါတို့တွေ အံ့အားသင့်ရတယ်​ဆိုတာ သူက အကုန်လုံးကို ခေါင်းမာမာနဲ့ လာဘ်ထိုးထားလို့ပေါ့။ အဲ့ဒါကြောင့် ဘယ်သူမှမသိတာ။'

'ဂျင်ဟာ အဲ့ဒါကို ဖုံးကွယ်ထားရတဲ့ အကြောင်းရင်းက ဘာလို့ထင်လဲ။'

ဒါရိုက်တာဆုန်ရဲ့စကားကို ပြန်တွေးကြည့်ရင်း ထူးဆန်းတဲ့ ပျော်ရွှင်မှုတစ်မျိုး တရစ်ရစ်တက်လာတော့တယ်။ အယောင်ဆောင်၊ လူလိမ်၊ အခုတော့ အရူးပါဖြစ်နေပြီလေ။ အန်ချင်သလိုလို ဖြစ်လာခဲ့တယ်။ အိတ်ထဲက စာအိတ်ကို တွေးကြည့်လိုက်တော့ သေမလိုပါပဲ။ မွန်းကျပ်လှပါတယ်။

"...ကျွန်မကို ချစ်လားဟင်။"

ကျွန်မ စာရင်းထဲက အရေးမပါတဲ့ အသေးအမွှားလေးကို စစ်ဆေးသလို မေးလိုက်တယ်။ ဝူဂျင်ဟာက ပြန်မဖြေခဲ့ပါဘူး။

အလိမ်အညာက တစ်ခါတလေတော့လည်း အသံမထွက်ပါလား။ ကျွန်မ အဲ့ဒါကို မသိချင်ယောင်ဆောင်ပြီး မြေမြှုပ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။

အစကတည်းက အဲ့ဒီလိုဖြစ်စရာအကြောင်းမရှိခဲ့ဘဲ နောက်ဆုံးမှာ အဲ့ဒီလို မဟုတ်ပါဘူးဆိုတာနဲ့ အခုတော့ တကယ် လုံလောက်သွားပါပြီ။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment