အခန်း ၃၅
Translator - D
သာမန်လူတွေ နားလည်ဖို့မဖြစ်နိုင်တဲ့ မော်ဒန် ပန်းချီရဲ့ ဝိသေသလက္ခဏာ လျှို့ဝှက်နက်နဲမှုက ဧရာမ ရွက်ထည်ကားချပ်ပေါ်မှာ အပြည့်ရှိနေပြီး နားမလည်နိုင်သေးခင်မှာပဲ မှင်တက်သွားရတဲ့ခံစားချက်ကို ပေးနေခဲ့တယ်။ ဂျန်ယွန်းဆောဆီကရတဲ့ ခံစားချက်နဲ့ ဆင်တူတဲ့ခံစားချက်ပါ။
"မိန်းမတွေနဲ့ တွဲပြီးမတွေ့ဖူးတော့ သူ့အကြိုက် type က ဘာမှန်းမသိပေမဲ့ အခု ဟီဂျူကိုတွေ့တော့ သဘောပေါက်သွားပြီ။"
ဂျန်ယွန်းဆောက ကျွန်မကို တစ်ခါထပ်ပြီး စူးစူးရဲရဲ စိုက်ကြည့်လာတာကြောင့် ကျွန်မလည်း သူ့ကို စူးစူးရဲရဲ ပြန်စိုက်ကြည့်ပေးလိုက်တယ်။
"ကျွန်မတော့ မဖြစ်နိုင်ပါဘူး။"
"မင်္ဂလာပွဲတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ဘာဖြစ်လို့ အဲ့ဒီလောက် အံ့ဩမယုံနိုင်ဖြစ်ပြီး ပြန်လာကြမှန်း သိပြီထင်တယ်...တကယ့် သဘောကောင်းကြင်နာတတ်တဲ့ ပုံစံလေးကိုမှ သဘောကျတာပဲ။ မကောင်းတဲ့ကောင်က။"
အကြိုက်က အကြိုက်ပဲပေါ့။ အဲ့ဒါနဲ့လည်း စိတ်လှုပ်ရှားတာမို့လို့။ ကျွန်မလည်း ရှီးခနဲရယ်လိုက်ပြီးတော့ ပန်းချီဘက်ကို ခေါင်းပြန်လှည့်ပြီး ပြန်မေးလိုက်တယ်။
"ဧကန္တ စဉ်းစားကြည့်ဖူးလားရှင့်။"
"ဘာကိုလဲ။"
"ဝူဂျင်ဟာနဲ့ လက်ထပ်ဖို့လေ။"
"စဉ်းစားဖူးတာပေါ့၊ ကျွန်မတို့ အဖေလေ။"
"ဂျန်ယွန်းဆောကရော။"
"ကျွန်မကတော့ ကျွန်မနဲ့ ရှိနေရရုံနဲ့တင် ကျေးဇူးတင်လွန်းလို့ ခခယယ ဝပ်တွားနေမဲ့လူမျိုးကို သဘောကျတာပါ။"
"အာ။"
"အဲ့ဒါကြောင့် သေရင်တောင် ဝူဂျင်ဟာတော့ မဖြစ်ပါဘူး။ မကောင်းတဲ့ကောင်အချင်းချင်း တွေ့ကြလို့ မဖြစ်ဘူးလေ။"
ကျွန်မ ခပ်တိုးတိုးရယ်လိုက်တယ်။ ကျွန်မအမြင်မှာတော့ သူတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်မဲ့ပုံစံပါ။ ဝူဂျင်ဟာက အဲ့ဒီလောက်ကြီး မကောင်းတဲ့ကောင်မဟုတ်သလို ဂျန်ယွန်းဆောကလည်း အဆင်ပြေတဲ့သူ ဖြစ်မဲ့ပုံပါပဲ။
ကျွန်မရယ်တော့ ဂျန်ယွန်းဆောက ကျွန်မမျက်လုံးထဲကို အသာလေး စိုက်ကြည့်ပြီးမှ ဒက်ခနဲပြောခဲ့တယ်။
"ရယ်လိုက်ရင် လူမမာနဲ့တူတယ်။"
စကားကို လွှတ်ခနဲ လွှတ်ခနဲ ပြောတတ်တာကလွဲရင် အဆင်ပြေတဲ့သူပေါ့။ ကျွန်မလည်း အိုးတိုးအမ်းတမ်းနဲ့ ထပ်ရယ်လိုက်တယ်။
"အိမ်ထောင်ကောင်းကောင်းကျပြီး ဘဝလမ်းလည်း သက်သောင့်သက်သာဖြစ်နေပြီကို နည်းနည်းလောက် ခေါင်းမော့ရင်ကော့ပြီး နေစမ်းပါ။ အဲ့ဒါတင်မကသေးဘူး၊ အခု ဝန်ထုပ်ဝန်ပိုးလို ကလေးလည်း မရှိတော့ဘူးမဟုတ်လား။ လုံးဝ လွတ်လပ်သွားပြီလေ။"
"..."
"အာ။ ဟီဂျူက ကလေးရှိမှ ဖြစ်မှာများလား..."
ဂျန်ယွန်းဆောက ကျွန်မ ဒီအိမ်ထောင်ရေးအတွက် ယူလာတဲ့ တစ်ခုတည်းသော အရည်အချင်းပြည့်မီမှုကို ပြန်လည်ဆန်းစစ်သုံးသပ်သလို မျက်လုံးကို ပင့်လိုက်တယ်။ တခြားလူတွေရဲ့ပါးစပ်ကနေသာ ထွက်လာရင်တော့ လှောင်ပြောင်ပြက်ရယ်ပြုသလိုဖြစ်နေမဲ့ စကားလုံးတွေက ထူးထူးဆန်းဆန်း မလိုမုန်းထားစိတ် တစ်စက်မှမပါသလိုပါပဲ။
"ကိစ္စမရှိပါဘူး။ ကွာရှင်းတော့မှာပါ။"
ရိုးရှင်းတဲ့ ကျွန်မရဲ့အဖြေကြောင့် သူက အေးရာအေးကြောင်း ခပ်ရေးရေးပြုံးခဲ့တယ်။
"ကျွန်မကတော့ ကိုယ်ဝန်ဆောင်ရမှာကို မကြိုက်ပါဘူး။ ကိုယ်တိုင်လည်း ကိုယ်ဝန်ဆောင်ဖို့ စိတ်ကူးမရှိဘူး...ကျွန်မမှာက ကိုယ်မကြိုက်ရင် သူများလည်း ကြိုက်မှာမဟုတ်ဘူး၊ ကိုယ့်အတွက်ကောင်းတဲ့အရာက သူများအတွက်လည်း ကောင်းတယ်ဆိုပြီး ယူဆတတ်တဲ့အကျင့်ရှိတယ်လေ။ စိတ်ထိခိုက်အောင်လုပ်မိသွားရင် တောင်းပန်ပါတယ်။"
ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက် ရခဲ့တဲ့ အနည်းငယ်သော နှစ်သိမ့်မှုတွေထဲမှာ အဲ့ဒါကို လုံးဝ ကောင်းတဲ့ကိစ္စပဲလို့ ပြောပေးတာက ဒါပထမဆုံးပါပဲ။ ကျွန်မ ဂျန်ယွန်းဆော အိုးတိုးအမ်းတမ်းနဲ့ ပခုံးပုတ်ပေးနေတာကို ကောင်းတယ်လည်းမဟုတ်၊ ဆိုးတယ်လည်းမဟုတ်တဲ့ ခံစားချက်နဲ့ သည်းခံခဲ့တယ်။
အနည်းဆုံး တစ်ယောက်ယောက်အတွက်တော့ ကောင်းတဲ့အရာဖြစ်နိုင်တာပဲဆိုတဲ့ စိတ်သက်သာရာရမှုပဲလား။
"ဒါပေမဲ့ပြောပါတယ်။ ဖြစ်ပြီးသွားတဲ့ကိစ္စတွေကို ဒီအတိုင်း ကောင်းသွားတာပေါ့လို့ တွေးပြီးနေတာ ကောင်းတယ်ရှင့်။ လက်ထပ်တာပဲဖြစ်ဖြစ် ကွာရှင်းတာပဲဖြစ်ဖြစ်ပေါ့။ ကလေးကြောင့် လက်ထပ်ပြီး ကလေးကြောင့်ပဲ ကွာရှင်းရတယ်ဆိုရင်တောင်....ကွာရှင်းလိုက်လို့ လောကကြီး အဆုံးသတ်သွားမှာမှမဟုတ်တာ။"
"ဟုတ်တာပေါ့။"
"သေမိန့်ကျသွားတာလည်း မဟုတ်ဘူးလေ။"
ရိုးရှင်းတဲ့ သူ့အပြုံးက ကျွန်မခေါင်းထဲမှာ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ဆေးကြောသွားခဲ့တယ်။ ဂျန်ယွန်းဆောက တောက်ပလို့ပါ။ ကျွန်မဘဝမှာ တစ်ခါမှ ကြုံတွေ့ခံစားဖူးခြင်းမရှိတဲ့အတွက် မပိုင်ဆိုင်ခဲ့ဖူးတဲ့ အရောင်မျိုးနဲ့ ဝင်းလက်လို့ပေါ့။ ဝူဂျင်ဟာက ဘာဖြစ်လို့ အဲ့ဒီလိုမိန်းမမျိုးမဟုတ်ဘဲ ကျွန်မလောက်သာသာ မိန်းမမျိုးကို ရွေးခဲ့တာပါလိမ့်လို့ တွေးလိုက်မိတယ်။ ဘာပဲဖြစ်ဖြစ် ဂျန်ယွန်းဆောက ငြင်းလောက်တယ်ဆိုပေမဲ့ပေါ့...
ရောက်တတ်ရာရာအတွေးကြောင့် ပြုံးနေမိတုန်းမှာ။
"ဆရာကတော်၊ ပြခန်းဒါရိုက်တာက ရှာနေပါတယ်။"
ဘေးမှာရှိနေတဲ့ အမျိုးသမီးကြောင့် မေ့ချင်ယောင်ဆောင်ထားနိုင်ခဲ့တဲ့ အခိုက်အတန့် ရောက်လာတော့တယ်။ ကျွန်မလည်း ဂျန်ယွန်းဆောကို မျက်လုံးနဲ့နှုတ်ဆက်လိုက်ပြီးတော့ အတွင်းရေးမှူးနောက်ကနေလိုက်ပြီး ပြခန်းထဲကနေ ထွက်လာခဲ့တယ်။
****
စင်္ကြံက ဝင်္ကပါနဲ့ နည်းနည်းတူနေခဲ့တယ်။ အဲ့ဒီနောက် ကြမ်းပြင်ကနေ မျက်နှာကြက်အထိမြင့်ပြီး အတွင်းဘက် ဥယျာဉ်ကို မြင်နေရတဲ့ ကော်ရစ်ဒါအရှည်ကြီးပေါ်လာတော့ ဥယျာဉ်နဲ့ ကော်ရစ်ဒါရဲ့ L ပုံစံတစ်လျှောက်မှာ တည်ရှိနေတဲ့ အခန်းကို တွေ့လိုက်ရတယ်။ ခပ်လှမ်းလှမ်းမှာ ယောက္ခမနဲ့ အဘွားယောက္ခမတို့ ထိုင်နေကြတာကို မြင်နေရပါပြီ။
"ဒီမှာပါ။"
"ကျေးဇူးပါပဲ။"
ခဏလောက် အသက်ရှူမှန်အောင်ထိန်းဖို့ အချိန်မယူတော့ဘဲ ကျွန်မ တံခါးခေါက်လိုက်တယ်။
"ဝင်လာခဲ့။"
ဝင်သွားလိုက်တော့ ဂန်ဂျူဂယောင်းက တောက်ပတဲ့မျက်နှာနဲ့ ကျွန်မကို လှည့်ကြည့်ခဲ့တယ်။
"လာထိုင်။"
"ဟုတ်ကဲ့။"
ဂန်ဂျူဂယောင်း ထိုင်စရာနေရာပေးတဲ့အချိန်ကစပြီး ကျွန်မ ဝင်ထိုင်လိုက်တဲ့အထိ ပြခန်းဒါရိုက်တာဆုန်က ဒီအတိုင်း ကျွန်မကို အသာလေး ကြည့်နေတာပါ။
ခဏကြာအောင် အဲ့ဒီတိတ်ဆိတ်မှုက ကြီးစိုးနေခဲ့တယ်။ ဥယျာဉ်ထဲက ဧရာမ လှောင်အိမ်တွေကနေလာတဲ့ ငှက်တေးသီသံလေးတွေက တစ်ချက်တစ်ချက် မှန်တင်းတိမ်ကိုကျော်ပြီး ပျံ့လွင့်လို့ပေါ့။
"...ဂျင်ဟာအပေါ် မျှော်လင့်ချက်အကြီးကြီး ထားထားတာ။"
"..."
"သူ့အဖေကတော့ အဲ့ဒီပုံစံအတိုင်းပဲ၊ အမေဆိုတာလည်း စကားထဲ ထည့်ပြောစရာတောင်မရှိတာကို....ရွှံ့အိုင်ထဲကနေ ကိုယ့်အစွမ်းအစနဲ့ကိုယ် တက်လာတဲ့ နဂါးလိုပဲပေါ့။ ဥက္ကဋ္ဌဝူရော ငါရော တစ်ခါမှ ထုတ်မပြဖူးပေမဲ့ အဲ့ဒီလိုပဲတွေးတယ်။"
အရေတွန့်နေတဲ့ မျက်လုံးတွေက အခုအထိလည်း စူးရှပြီး ထိုးဖောက်နိုင်နေဆဲပါ။ ပြခန်းမှာတုန်းကပေးခဲ့သလို သဘောထားကြီးရက်ရောတဲ့ မျက်နှာထားကို ဘယ်မှာမှ မတွေ့ရတော့ပါဘူး။
"ယောက်ျားဆိုတာ ဘာပဲပြောပြော မိသားစုရဲ့ အုတ်မြစ်ပဲဆိုတော့ အဲ့ဒါလေးကိုသာ ကောင်းကောင်းလုပ်လာမယ်ဆိုရင် သူ့ကို တစ်နေရာအထိရောက်အောင် မြှင့်တင်ပေးဖို့ ငါတို့အချင်းချင်း ပြောထားကြတာလေ။ အရည်အချင်းရှိတယ်၊ ဘာကို ဘယ်လိုကိုင်တွယ်ဆောင်ရွက်နိုင်တယ်ဆိုပြီး ဘယ်သူတွေ ဘယ်လောက်ပဲပြောပြော အစကတည်းက သူ့ကို ကောင်းကောင်းလုပ်နိုင်မယ်မှန်း သိပြီးသား။ မြေးဆယ့်လေးယောက်ထဲမှာလည်း သူ့လိုလူ တစ်ယောက်မှမပါဘူး။"
"......"
"နင်က နင် ထင်ထားတာထက်တောင် ပိုကြီးတဲ့ အပြစ်အနာအဆာပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ရာဂဏန်းလောက်လေးရဖို့ ခြစ်ကုတ်ရှာဖွေစားရတဲ့ မိသားစုမှာတောင် နင့်လိုကလေးမျိုးကို ကြိုဆိုလက်ခံမဲ့ မိဘဆိုတာ မရှိဘူး။"
"ဟုတ်ကဲ့၊ သိပါတယ်။"
ထပ်ပြီး စိတ်ဒဏ်ရာအသစ်ရစရာလည်းမရှိတော့ ကျွန်မလည်း တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်တယ်။ ပြခန်းဒါရိုက်တာဆုန်က ရုတ်တရက် နှုတ်ခမ်းထောင့်စွန်းကိုပင့်ပြီး ပြုံးခဲ့တယ်။
"အဲ့ဒီလိုဆိုပေမဲ့လည်း နင်က အဲ့ဒီကလေး ပထမဆုံးတွေ့ဖူးတဲ့ မိန်းမပဲ။"
"......"
"ထက်မြက်တဲ့ကလေးဆိုတော့ သူ့အဖေလိုပဲ မသင့်တော်တဲ့နေရာတကာမှာ မျိုးစေ့လိုက်ဖြန့်မှာ စိုးရိမ်လို့ ငယ်ငယ်ကတည်းက လူလွှတ်စောင့်ကြည့်ခိုင်းထားတာလေ။"
'ပထမဆုံး' ဆိုတဲ့ စကားလုံးကြောင့် ကျွန်မ လန့်သွားပေမဲ့ နောက်ထပ်ထွက်လာတဲ့စကားကြောင့် ဂန်ဂျူဂယောင်းကို တစ်ချက်ကြည့်လိုက်မိတယ်။ ဂန်ဂျူဂယောင်းက ဒီလိုစကားမျိုးနဲ့ ရင်းနှီးအသားကျနေတဲ့အလား မမှိတ်မသုန်ပါပဲ။
အဲ့ဒီစကားက ဂန်ဂျူဂယောင်းကို စော်ကားဖို့ ရည်ရွယ်ထားတာလို့ ထင်ခဲ့ပေမဲ့ 'မသင့်တော်တဲ့ နေရာတကာမှာ' ဆိုပြီး ထပ်ဖြည့်လိုက်တဲ့စကားကြောင့် ဇာတ်လမ်းက တစ်မျိုးတစ်ဖုံပြောင်းသွားတယ်လေ။ ကျွန်မလည်း နာကျင်ဖွယ် ပင့်သက်ကို မျိုချလိုက်မိတော့တယ်။
****
Miel's Translations