no

Font
Theme

အခန်း ၅၅

Translator - D

အမှတ်တရတွေ များလွန်းတဲ့အခါ ဘယ်အရာကိုမှ ပြန်မဖော်ထုတ်နိုင်တော့တဲ့ အချိန်မျိုး ရှိတတ်ပါတယ်။ စာလုံးတွေ စိပ်လွန်းတဲ့ စာရွက်ပေါ်မှာဆိုရင် ဘယ်စာကြောင်းကမှ ထင်ထင်ရှားရှား မရှိတော့သလိုမျိုးပေါ့။

အခုလေးပဲဖြစ်ဖြစ် ဒီအိမ်ရဲ့ တစ်နေရာရာကနေ အမေက ကျွန်မကို ခေါ်တော့မလိုလို၊ အဖေက တံခါးဖွင့်ပြီး ပြုံးပြုံးကြီး ဝင်လာတော့မလိုလို ထင်ယောင်ထင်မှားဖြစ်မိပေမဲ့...လေတိုးသံကလွဲပြီး ဘာမှမရှိတဲ့ အိမ်ထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့တယ်ဆိုတဲ့ လက်တွေ့ဘဝက ရင်ထဲကို ဝှစ်ခနဲ ရောက်လာခဲ့တယ်။ ဒီအိမ်မှာ ဆက်နေမယ်ဆိုတာက ယွန်းဟျောင်း ပြောသလိုပဲ အဓိပ္ပာယ်မရှိတဲ့ ခေါင်းမာမှုသက်သက် ဖြစ်နိုင်ပါတယ်။

မိုက်မဲတဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ခြင်းတစ်မျိုးလည်း ဖြစ်နိုင်သလို၊ မဟုတ်လည်း ပြန်စရာနေရာတစ်ခုပဲ လိုအပ်ခဲ့ရုံလည်း ဖြစ်နိုင်တာပေါ့။

ဟုတ်တယ်။ အသက် ၁၇ နှစ်အရွယ်ကတည်းက အကုန်လုံး ပြတ်တောက်ပြီး ပုပ်သိုးနေခဲ့တဲ့ အမြစ်တွေကို အသက် ၂၉ နှစ်အရွယ်ကျမှ အတင်းအဓမ္မ ပြန်ဆွဲကပ်ပြီးတော့ ငါ့မှာလည်း ပြန်စရာနေရာ တစ်ခုလောက်တော့ ရှိသေးတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ ကြိုးစားခဲ့တာပါ။ သိသာလွန်းပြီး သနားစရာကောင်းနေတာမို့ ရယ်တောင်ရယ်မိပါသေးရဲ့။ ဆုံးပါးသွားတဲ့ မိဘတွေနဲ့ မောင်လေးရဲ့ အရိပ်တွေကြားမှာ ရှင်သန်မယ်ဆိုတဲ့ စိတ်ကူးက တကယ်တော့ မကောင်းတဲ့ စိတ်ကူး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အဲ့ဒီလိုမဟုတ်ရင်ရော တခြား ဘယ်ကို သွားရမှာလဲ။ သွားစရာ နေရာရော ရှိလို့လား။ အဲ့ဒါနဲ့ယှဉ်ရင် အိမ်ထောင်ပြုတာက ပိုပြီး ရိုးရှင်းခဲ့တာပေါ့။ ကျွန်မတို့ကြားမှာ သိသာတဲ့ ကွာဟချက်တွေရှိပြီး လိုအပ်ချက်တွေ များလွန်းတဲ့ ကျွန်မက ဝူဂျင်ဟာရဲ့ဘေးမှာ တိတ်တိတ်လေး နေနေရုံပဲလေ။ အဲ့ဒီအခြေအနေကိုတောင် တောင့်မခံနိုင်ဘဲ မအောင်မြင်ခဲ့ပေမဲ့ပေါ့။

ကျွန်မ တုန်ခါနေတဲ့ ဖုန်းကို တွေတွေကြီး စိုက်ကြည့်ပြီး ကောက်ကိုင်လိုက်တယ်။ ဝူဂျင်ဟာဆီက နောက်တစ်ကြိမ် ဖုန်းလာနေတာပါ။ သူ့အသံကို ကြားလိုက်ရင် ဘယ်လောက်တောင် နက်နဲတဲ့အတွေးတွေ ထပ်တွေးမိဦးမလဲဆိုပြီး စိုးရိမ်တာကြောင့် ကျွန်မ ဖုန်းကို အသံပိတ်ထားလိုက်ပြီး ဖုန်းခေါ်ဆိုမှု မျက်နှာပြင် ပိတ်သွားတဲ့အထိ စောင့်နေလိုက်တယ်။ ဖုန်းက သိပ်မကြာခင်မှာပဲ ကျသွားတယ်လေ။ ကျွန်မလည်း ယွန်းဟျောင်းဆီကို မက်ဆေ့ခ်ျတစ်စောင် ပို့ထားလိုက်တယ်။

[ငါ အခု ဆိုးလ်ကို ပြန်တော့မယ်။ ညကျရင် ဒီကို လာစရာမလိုတော့ဘူး။] 12:55 PM

[နင် ကားမောင်းနိုင်ရဲ့လား။] 12:56 PM

[ဂင်ယွန်းဟျောင်း၊ နင် ကားမောင်းနေရင်း ဖုန်းမကြည့်နဲ့။] 12:57 PM

[မောင်းနိုင်လားလို့ မေးနေတယ်။] 12:59 PM

[ငါ ကားပေါ်ရောက်နေပြီမို့လို့ ဖုန်းမကြည့်နဲ့တော့။] 12:59 PM

[မီးနီမိနေလို့လေ၊ နင်သာ ဖုန်းမကြည့်ဘဲ သေချာသွားစမ်းပါ။] 1:00 PM

ဂင်ယွန်းဟျောင်းက အလျှော့မပေးဘဲ ဆုံးမစကား ပြန်ပြောလာတယ်။ ပို့လိုက်တဲ့ မက်ဆေ့ဂ်ျနဲ့ဆန့်ကျင်စွာ ကားနားတောင် မကပ်ရသေးတဲ့ ကျွန်မလည်း လက်ကိုင်ဖုန်းကို ချလိုက်တော့တယ်။ ဗိုက်ဆာချင်ယောင်ဆောင်ချင်ပေမဲ့ ဗိုက်ကလည်း ဆာမနေပါဘူး။ ဂင်ယွန်းဟျောင်း ထားခဲ့တဲ့ ဆန်ပြုတ်အိုးက မဆပ်ရသေးတဲ့ အကြွေးလိုမျိုး စင်ပေါ်ကနေ ကျွန်မကို စိုက်ကြည့်နေသလိုပါပဲ။

အဲ့ဒီအချိန်မှာ အိမ်ရှေ့ဘဲလ်သံ မြည်လာခဲ့တယ်။

“…….”

လာစရာလူလည်း မရှိဘဲနဲ့...။ ဂင်ယွန်းဟျောင်း တစ်ခုခု မေ့ကျန်ခဲ့တာများလားလို့ တွေးပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်မိတယ်။ အဲ့ဒီအတောအတွင်း ဘဲလ်သံက နောက်တစ်ကြိမ် ထပ်မြည်လာပြန်တယ်။

“ဂင်ယွန်းဟျောင်းလား။”

“...ငါပါ။”

တံခါးတစ်ဖက်ခြမ်းက ထွက်ပေါ်လာတဲ့ သူ့အသံကြောင့် ချက်ချင်းဆိုသလို ကုပ်သားတွေ တောင့်ခဲသွားတော့တယ်။ ကျွန်မ တံခါးကို မလှုပ်မယှက် စိုက်ကြည့်နေမိတယ်။ သူ့ရဲ့သရုပ်မှန်ကိုပြောပြီးတဲ့နောက် တံခါးတစ်ဖက်ခြမ်းကနေ ဘယ်လို အလောတကြီး တောင်းဆိုသံမျိုးမှ ထွက်မလာခဲ့ပါဘူး။ တံခါးဖွင့်ဖို့ ချက်ချင်းအမိန့်ပေးလာခဲ့ရင် ဘယ်လိုပြန်ပြောပြီး နှင်လွှတ်ရမလဲလို့ ကြိုတင်တွေးတောထားခဲ့တဲ့ ကျွန်မလည်း နည်းနည်း ဟာတာတာကြီး ဖြစ်သွားရတာပေါ့။

တဒင်္ဂ တွေဝေတုံ့ဆိုင်းမှုက အဆုံးသတ်သွားခဲ့တယ်။ တံခါးဖွင့်လိုက်တော့ ဟောင်းနွမ်းနေတဲ့ ပတ္တာဆီကနေ ကျွီခနဲ အသံတစ်သံ ထွက်လာတယ်။

“...ကြည့်ချင်စရာပါလား၊ မျက်နှာက။”

ဝူဂျင်ဟာက ကျွန်မကို မြင်မြင်ချင်း ဒက်ခနဲ ပြောတော့တာပါပဲ။ အဲ့ဒီစကားက ကျွန်မကသာ ပြန်ပြောချင်နေတဲ့ စကားပါ။ လွန်ခဲ့တဲ့တစ်ပတ်က တွေ့ခဲ့ရတဲ့ သူ့မျက်နှာက အခု ဖြူဖျော့လို့လေ။

“ဂင်ယွန်းဟျောင်း မဟုတ်လို့ စိတ်ပျက်သွားတာလား။”

“…….”

ကျွန်မ ဘာမှပြန်မပြောဘဲ သူ့ကို မော့ကြည့်နေမိတယ်။ သူက ကျွန်မနဲ့ ခဏလေး အကြည့်ချင်းဆုံနေပြီးတဲ့နောက် ပိန်ကျသွားတဲ့ မျက်နှာကို လက်နဲ့ ပွတ်သပ်ခဲ့တယ်။

“တောင်းပန်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်တာ မဟုတ်တာကို။”

သူ့အသံက ဒေါသသံ စွက်နေတာကြောင့် အဲ့ဒီတောင်းပန်စကားက သိပ်ပြီးတော့ စိတ်ရင်းပါပုံမရပါဘူး။

အဲ့ဒီလိုပြောနေရင်းက ကျွန်မမျက်လုံးကို တည့်တည့်မကြည့်နိုင်ဘဲ ဖြစ်နေတာက ထူးဆန်းနေခဲ့တယ်။ ကျွန်မ သူ့ရှေ့မှာ ရှိမနေရင်လည်း သူက မျက်လုံးကို ပင့်ကြည့်နိုင်မှာ မဟုတ်သလိုပါပဲ။

“မနေ့က အိမ်ကို သွားခဲ့သေးတယ်။”

“…….”

“နောက်ကျမှ ရောက်သွားတာကို မရှိလို့... ဖုန်းလည်း မကိုင်ဘူးလေ။”

“…….”

“အဲ့ဒါကြောင့် လာခဲ့တာ။”

ကျူးလွန်ခဲ့တဲ့ အပြစ်ကို ဝန်ခံနေသလိုပါပဲ။

“သူငယ်ချင်းနဲ့လာတွေ့ရင်း သောက်ထားမိတဲ့အတွက် ကားမမောင်းနိုင်တော့လို့ပါ။”

“အဲ့ဒါပဲလား။”

“အဲ့ဒါပါပဲ။ အခြေအနေအရ ဒီမှာ တစ်ရက်လောက် ပိုနားဖြစ်သွားပေမဲ့... ဒီညနေ ပြန်မလို့ပါ။”

“နေမကောင်းဖြစ်နေတာကရော။”

“နေမကောင်းတာ မရှိတာကို...”

“အထင်သားပေါ်နေတယ်။ မင်းမျက်နှာမှာ။”

ကျွန်မမျက်နှာကို တည့်တည့်တောင် မကြည့်နိုင်ဘူးထင်ခဲ့ပေမဲ့ ဘယ်အချိန်ကတည်းက ကျွန်မရဲ့အခြေအနေကို အကဲခတ်နေမှန်း မသိပါဘူး။ ဝူဂျင်ဟာရဲ့ ကြီးမားတဲ့လက်ဖဝါးက ကျွန်မနဖူးပြင်ထက်ကို ကျရောက်လာခဲ့တယ်။ ဂင်ယွန်းဟျောင်းကို တွန်းဖယ်ခဲ့စဉ်ကထက် ပိုပြီးလျင်မြန်စွာပဲ အဲ့ဒီလက်ကို ခါထုတ်လိုက်မိတယ်လေ။ သူက လေထဲမှာ ကျန်ရစ်ခဲ့တဲ့ သူ့လက်ကို ဘာမှမဖြစ်သလို ပြန်ရုပ်သွားခဲ့တယ်။

“အဖျားတော်တော်တက်နေတာပဲ။”

“အများကြီး ကျသွားပါပြီ။”

“အရင်ဆုံး ဒီအနီးအနားက ဆေးရုံတစ်ခုခုကို သွားရအောင်။”

“ဆေးသောက်ထားပါတယ်။ နေ့လယ်ခင်း ခဏလောက် ထပ်အိပ်လိုက်ရင် သက်သာသွားမှာပါ။”

“ဒါဆို အိမ်ပြန်ရအောင်။”

“ကားမောင်းဖို့ အဆင်မပြေသေးမဲ့ပုံလို့... နောက်မှပဲ ပြန်လိုက်ပါမယ်။”

“အတူတူသွားရအောင်လို့ ပြောနေတာ။”

“ကျွန်မကားက...”

“...ကြည့်ကြပ်ပြီး စီစဉ်လိုက်မှာမို့လို့ ကျေးဇူးပြုပြီး သွားရအောင်။ ဒီအိမ်မှာ ဘာမှမရှိဘူးမဟုတ်လား။”

ဝူဂျင်ဟာက ခိုင်မာတဲ့တံတိုင်းတစ်ခုလို တုံ့ပြန်လာတယ်။

“လှဲအိပ်ဖို့ စောင်တော့ရှိပါတယ်။”

သူ့ရဲ့အံ့အားသင့်သွားတဲ့ မျက်နှာထားကို ကြည့်ရပုံထောက်ရင် ကျွန်မကလည်း သူနည်းတူ ခေါင်းမာနေမိတယ်ထင်ပါရဲ့။ ကျွန်မတို့နှစ်ယောက်စလုံးက မျက်နှာထား တစ်ပုံစံတည်း ရှိနေကြတာလေ။

“အဲ့ဒါကလွဲပြီး ဘာရှိသေးလို့လဲ။”

“အိပ်ရုံပဲဆိုတော့ ရှိရင်လည်း မလိုအပ်ပါဘူး။”

“ရှင်းလိုက်။ မင်းကို ဒီအတိုင်း ချီပြီး ခေါ်မသွားခင်။”

ဝူဂျင်ဟာက ကျွန်မစကားကို ဆက်နားမထောင်တော့ဘဲ အိမ်ထဲဝင်လာခဲ့တယ်။ ကျွန်မ စောင်ခင်းထားတဲ့ အခန်းကို တစ်ချက်ကြည့်ပြီး ပေါ်တင် ခနဲ့ပြုံး ပြုံးလို့ပေါ့။ အဲ့ဒီနောက် မျက်နှာက ပြန်လည်တည်တင်းသွားပြီး အိမ်အနှံ့ လိုက်ရှာတော့တယ်။ သူ ကျွန်မရဲ့အိတ်ကို ကောက်မကိုင်မချင်း ဘာကိုရှာနေမှန်း ကျွန်မ မသိခဲ့ပါဘူး။

ဒီအိမ်မှာ လုပ်စရာရှိတာတွေ အကုန်ပြီးသွားပြီဆိုတဲ့ပုံစံနဲ့ သူက ကျွန်မလက်ကောက်ဝတ်ကို ဆွဲကိုင်ပြီးတော့ အိမ်ရှေ့ကို ပြန်ခေါ်ထုတ်သွားတဲ့အတွက် သူ့ကို ရုန်းကန်ဖယ်ရှားဖို့ ကျွန်မ တော်တော်လေး အားထုတ်လိုက်ရတယ်။

“လွှတ်ပေးပါ။”

“အခုအထိ ဟိုအိမ်က မင်းအိမ်ပဲ။ ဒီအိမ် မဟုတ်ဘူး။”

သူကလည်း အားသိပ်မစိုက်ဘဲ ကျွန်မကို ထိန်းချုပ်ဖို့ကြိုးစားနေခဲ့တယ်။ အဲ့ဒါကြောင့်ပဲ ရုန်းရင်းဆန်ခတ်ဖြစ်မှုက တော်တော်လေး ပြင်းထန်ခဲ့တယ်လေ။ နောက်ဆုံးတော့ ကျွန်မ သူ့ရင်ခွင်ထဲမှာ ပိတ်မိနေရင်း ဟောဟဲဆိုက်ပြီး အသက်ရှူနေရတော့တာပေါ့။ ဝူဂျင်ဟာရဲ့ မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားခဲ့တယ်။

“နေမကောင်းဖြစ်ချင်ရင်လည်း အဲ့ဒီမှာပဲဖြစ်။ လူရှိတဲ့ အိမ်မှာ။”

“…….”

“ခက်ခဲတဲ့ကိစ္စလည်း မဟုတ်ဘူးလေ။”

ကျွန်မ ဘာမှမပြောဘဲ သူ့ကို ကြည့်နေမိတော့ သူက သည်းခံနိုင်စွမ်း ကုန်ဆုံးသွားဟန်နဲ့ ကျွန်မကို အိမ်ရှေ့တံခါးဆီ ပြန်ဆွဲခေါ်သွားခဲ့တယ်။ ဆက်ပြီးတော့သာ ငြင်းဆန်နေရင် ကျွန်မကို အထုပ်တစ်ထုပ်လို မပြီး ခေါ်သွားတော့မဲ့ အနေအထားမျိုးမို့လို့ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။ ကျွန်မ သူ့ကို ပြန်ပြီး ဆွဲထားလိုက်မိတယ်။

“...ခဏလေးပါ၊ လိုက်ခဲ့မှာမို့လို့။ ခဏလောက်ပဲ...”

လိုက်ပါ့မယ်လို့ ပြောလိုက်တာတောင် ကျွန်မရဲ့ လက်ကောက်ဝတ်ကို လွှတ်မပေးတဲ့ သူ့လက်ကို တခြားလက်တစ်ဖက်နဲ့ အသာအယာပဲ ဖယ်ရှားလိုက်တယ်။ သူကတော့ ကျွန်မ အိမ်ထဲကနေ ထွက်ပြေးသွားမှာကို စိုးရိမ်နေတဲ့ လူတစ်ယောက်လို ကျွန်မ သွားလေရာဆီ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတယ်လေ။ သူကိုယ်တိုင်က အဝင်အထွက်တံခါးကို ပိတ်ရပ်ထားတယ်ဆိုတဲ့ အချက်ကိုတောင် မေ့နေပုံပါပဲ။

ကျွန်မကတော့ စိတ်မသက်မသာဖြစ်စေတဲ့ အဲ့ဒီအကြည့်တွေအောက်မှာပဲ လုပ်စရာရှိတာတွေကို အေးအေးဆေးဆေး တစ်ခုချင်းစီ လုပ်နေခဲ့တယ်။ အပူပေးစနစ်ကို ပိတ်၊ နေ့ခင်းဘက်နဲ့တောင် မခွဲခြားနိုင်လောက်အောင် လင်းထိန်နေတဲ့ မီးချောင်းတွေကို ပိတ်၊ ရေချိုးခန်း လေဝင်လေထွက်စနစ်ကို ပိတ်ပြီးတော့ စင်ပေါ်မှာ တင်ထားတဲ့ ဆန်ပြုတ်ပါဆယ်ထုပ်ကို ယူလိုက်တာပေါ့။

“......ဂင်ယွန်းဟျောင်း ဝယ်ပေးသွားတာလား။”

“အဲ့ဒါက အရေးကြီးလို့လား။”

ကျွန်မ ခပ်ပေါ့ပေါ့ပဲ ပြန်မေးရင်း သူ့ကိုကျော်ပြီး အိမ်ရှေ့တံခါးကို ဖွင့်လိုက်တော့ အနောက်ကနေ တိုးတိုးလေး ဆဲရေးလိုက်တဲ့ အသံကို ကြားလိုက်ရတယ်။ တချို့လူတွေ ပြောကြသလို တကယ့် လူမိုက်ကောင်ပါပဲလား... တစ်ခါတလေ ဆဲဆိုတာကို အသက်ရှူသလို လုပ်တတ်တဲ့ ဂင်ယွန်းဟျောင်းကို ကြည့်တုန်းကတောင် မပေါ်ခဲ့ဖူးတဲ့ အတွေးက မရည်ရွယ်ဘဲ ခေါင်းထဲရောက်လာခဲ့တယ်။ တစ်ဖက်မှာတော့ ရယ်တောင်ရယ်ချင်လာမိသလိုပါပဲ။

မကြားချင်ယောင်ဆောင်ပြီး လှေကားအတိုင်း ဆင်းလာတော့ သူက စိုးရိမ်နေတဲ့ပုံစံနဲ့ ကျွန်မပခုံးကို ဖက်မလိုလို လုပ်နေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ လက်မထိရဲဘဲ အနောက်ကနေ ကပ်လိုက်လာခဲ့တယ်။ ကျွန်မက လှေကားကို တကယ့်နှေးနှေးလေး ဆင်းနေတာလေ။ အနောက်မှာပါလာတဲ့ သူကတော့ စိတ်မရှည်ဖြစ်နေလောက်မှာပဲလို့ ထင်ရပေမဲ့ သူက ကျွန်မထက်တောင် ပိုနှေးအောင် လမ်းလျှောက်နေပြီး ကျွန်မ နည်းနည်းယိမ်းယိုင်သွားတိုင်း လက်နဲ့ လှမ်းထိန်းပေးဖို့ ပြင်နေခဲ့တာပါ။

မသိချင်ယောင်ဆောင်လို့လည်း မရ၊ ဘယ်လိုလုပ်ရမှန်းမသိအောင် ဖြစ်စေတဲ့ သူ့ရဲ့ ဒီလိုဂရုစိုက်မှုတွေကို အခုအချိန်မှာတော့ ကျွန်မ နှစ်သက်သလိုလိုနဲ့ မုန်းမိနေပြန်တယ်။

“...နေမကောင်းတဲ့အချိန်မှာတောင် ဂင်ယွန်းဟျောင်းပဲကိုး၊ မင်းက။”

သုံးထပ်လောက်အထိ ဆင်းလာတဲ့အချိန်မှာ ဝူဂျင်ဟာက ရုတ်တရက် စကားတစ်ခွန်း ပြောလာခဲ့တယ်။ ကျွန်မ နောက်လှည့်ကြည့်လိုက်တဲ့ ခဏမှာပဲ လက်ထဲက ဆန်ပြုတ်အိတ်က သူ့လက်ထဲ ရောက်သွားတယ်လေ။ သဘာဝကျကျလေး လုယူသွားတာမျိုးပါ။

ဂင်ယွန်းဟျောင်းဆိုတဲ့ နာမည်အပေါ်မှာထားတဲ့ သူ့ရဲ့ ရန်လိုမှုက အရမ်းကို အတိုင်းသားပေါ်လွင်နေတာမို့ အဲ့ဒီဆန်ပြုတ်ကို တစ်နေရာရာဆီ လွှင့်ပစ်လိုက်လေမလားဆိုပြီး ကျွန်မ တစ်ချက်လေး စိုးရိမ်မိသွားတယ်။ ဒါပေမဲ့ ဝူဂျင်ဟာက ကျွန်မအိတ်ကို ကိုင်ထားတဲ့ လက်ထဲမှာပဲ အဲ့ဒီအိတ်ကိုပါ သေသေချာချာလေး ထပ်ပြီး ကိုင်ထားပေးခဲ့တာပါ။ ပြီးတော့မှ သည်းမခံနိုင်တော့တဲ့အလား အသက်ကို ပြင်းပြင်းရှူရင်း...

“...ငါ့ဖုန်းကျတော့ တစ်ခါမှ မကိုင်ဘဲနဲ့၊ အဲ့ဒီကောင်ကိုကျတော့ တမင်ခေါ်ခဲ့တာပေါ့။”

“......”

“မင်း ပင်ပန်းတယ်လို့ ခံစားရတဲ့ အဲ့ဒီအခိုက်အတန့်မှာလေ။”

စကားအစမှာ စိတ်တိုနေခဲ့တာဆိုရင် စကားအဆုံးမှာတော့ အရာအားလုံး ဆုံးရှုံးသွားသလို လစ်ဟာနေတာပါ။ ကျွန်မကို စိတ်ဆိုးဖို့ ကြိုးစားနေတာ မဟုတ်ရင်တောင် သူ့ကိုယ်သူ ပြန်ပြီးစိတ်ဆိုးနေတာမျိုး ဖြစ်ပါလိမ့်မယ်။

ကျွန်မ အသာလေး ခြေလှမ်းကို ရွေ့လှမ်းလိုက်တယ်။ ဂင်ယွန်းဟျောင်းကို ကျွန်မကိုယ်တိုင် ခေါ်ခဲ့တာ မဟုတ်ပေမဲ့ အဲ့ဒီကိစ္စ သူ့ကို ရှင်းပြနေဖို့ မလိုအပ်ဘူးလို့ ခံစားရတယ်လေ။ အဲ့ဒါ့အပြင်... 'ဂင်ယွန်းဟျောင်းနဲ့ သူငယ်ချင်းဖြစ်လို့ မရဘူး' ဆိုပြီး ပြောခဲ့ဖူးတဲ့ ဝူဂျင်ဟာကို တစ်ချက်ပြန်တွေးကြည့်လိုက်ရင်... "ငါ ပြောသားပဲ" ဆိုတဲ့ စကားကလွဲပြီး တခြား ဘာမှကြားရမည်မဟုတ်ပါဘူး။

ဝူဂျင်ဟာက 'နောက်ဆုံးတော့ မင်းမှားပြီး ငါပဲမှန်တာ' ဆိုတဲ့ မျက်နှာမျိုးနဲ့သာ ကျွန်မကို ကြည့်လာခဲ့မယ်ဆိုရင် ကျွန်မ ဒေါသထွက်လွန်းလို့ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။

“……ယောက်ျားကျတော့ မရပေမဲ့ သူငယ်ချင်းကျတော့ ရတယ်ပေါ့လေ။”

“ပုံမှန်ဆိုရင်တော့ နှစ်မျိုးလုံး ဖြစ်နိုင်ပေမဲ့ ခွဲနေတဲ့ ယောက်ျားဆိုရင်တော့ ဒါက သဘာဝကျပါတယ်။“

“…….”

“သိပ်ပြီးတော့လည်း မပင်ပန်းပါဘူး။ ယွန်းဟျောင်းကို နည်းနည်း နေမကောင်းဘူးဆိုပြီး ကလေးလို ဂျီကျချင်ရုံပါ။”

တကယ်တော့ တစ်ဝက်လောက် သေမတတ် ခံစားခဲ့ရသလို၊ ယွန်းဟျောင်းကို ဂျီကျမဲ့အစား သေလိုက်ဖို့ပဲ ရွေးချယ်မိမှာဖြစ်ပေမဲ့ ကျွန်မ တမင်ရွဲ့ပြောလိုက်တာပါ။

လှေကားထစ်ကနေ ကိုယ်ကိုလှည့်ပြီး သူ့ကို တစ်ချက်လှမ်းကြည့်လိုက်တော့ မြင်ရတဲ့ သူ့ရဲ့ မျက်နှာထားက တကယ်ပဲ ကြည့်ရဆိုးလှပါတယ်။ အရင်တုန်းကဆိုရင် သူ အလိုမကျတဲ့အရိပ်အယောင်လေး တစ်ချက်ပြရုံနဲ့တင် ကျွန်မဆိုတာ သူ့မျက်နှာရိပ်မျက်နှာကဲကို လိုက်ကြည့်ရင်း အလုပ်ရှုပ်ပြီး ပျာယာခတ်နေခဲ့ရတာမဟုတ်လား။

ဒါပေမဲ့ အခုတော့ သူ ဒီထက်မက ပြုမူပြရင်တောင်မှ....

“…ဂင်ယွန်းဟျောင်းအကြောင်း တွေးလိုက်ရုံနဲ့တင် ရယ်ချင်လာတာလား။”

“ဟုတ်ကဲ့။”

တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလိုက်တော့ သူက အနောက်ဘက်မှာ တစ်ချက်တိတ်သွားခဲ့တယ်။ သူ့ကြောင့်နဲ့ ရယ်မိတာကိုလည်း သူ သိဖို့မလိုဘူးလေ။ လမ်းခွဲအံ့ဆဲဆဲ အချိန်မှာတောင် ဒီလောက် သေးငယ်တဲ့ ပျော်ရွှင်မှုလေးကိုတော့ တစ်ယောက်တည်း ခံစားခွင့်ရှိသင့်တယ်မဟုတ်လား။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment