no

Font
Theme

အခန်း ၆၄

Translator - D

“ဒါနဲ့ စကားမစပ်... ငါတို့ဖောင်ဒေးရှင်းက ပညာသင်ဆုရကျောင်းသားတစ်ယောက်နဲ့ မင်းကို မိတ်ဆက်ပေးချင်လို့။ အတွင်းရေးမှူးရှင်းကို ကြည့်လိုက်တိုင်း မင်းတို့နှစ်ယောက်က တကယ် လိုက်ဖက်မဲ့ အတွဲပဲလို့ အမြဲတွေးမိနေတာ။”

“ပညာသင်ဆုရကျောင်းသားလားရှင့်။”

“အာ၊ အခုတော့ ပညာသင်ဆုရကျောင်းသား မဟုတ်တော့ဘူးပေါ့လေ။ ကုမ္ပဏီတောင် ဝင်နေပြီကို။ အဲ့ဒီကောင်က တကယ့် ထိပ်တန်းကွ၊ ထိပ်တန်း။ မနှစ်က ဖိုဟန် သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ဘွဲ့ရတာနဲ့ တခြားနေရာကို မရောက်ခင် ချက်ချင်း ခေါ်ထားလိုက်ရတာ... သူကိုယ်တိုင်ကလည်း ကျေးဇူးဆပ်ချင်တယ်ဆိုပြီး တက်ကြွနေတာလေ။”

“အခြေအနေခက်ခဲတဲ့ ကျောင်းသားတစ်ယောက်ရဲ့ စစ်မှန်တဲ့တန်ဖိုးကို စောစောစီးစီး သိမြင်ပြီးတော့ ပံ့ပိုးပေးခဲ့တာ တကယ် လေးစားဖို့ကောင်းပါတယ် ဥက္ကဋ္ဌကြီး။”

“ငါက အဲ့ဒီကောင်ကို မူလတန်း ငါးတန်းကတည်းက ပံ့ပိုးပေးခဲ့တာလေ။ မွေးကတည်းက ကျူးကျော်ရပ်ကွက်မှာ အဘွားနဲ့ နှစ်ယောက်တည်း ရုန်းကန်လာခဲ့ရတာကို... အဲ့ဒီအရွယ်လေးနဲ့ မိဘမဲ့ တစ်ကောင်ကြွက်ဘဝ ရောက်သွားရှာတာ။ ငါကတော့ တန်ဖိုးတွေ ဘာတွေလည်း မမြင်ပါဘူး၊ ဒီအတိုင်း ကလေးတစ်ယောက်ကို နည်းနည်းလောက် သက်သက်သာသာ ရှင်သန်စေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ပညာသင်ဆုရကျောင်းသားဆိုပြီး ဇနီးရဲ့ ဖောင်ဒေးရှင်းထဲ ဇွတ်အတင်း ထည့်ပေးလိုက်တာပဲ။ အခုတော့လည်း သားလိုဖြစ်နေတဲ့ကောင်ပေါ့...”

“ဥက္ကဋ္ဌကြီးက သူ့ကို တကယ်ပဲ သားတစ်ယောက်လို အလေးအနက် တန်ဖိုးထားတာ ခံစားရပါတယ်။”

“တော်သေးတာပေါ့။ ရည်ရွယ်ချက်ထက် ရလဒ်က ပိုပြီး ကောင်းသွားတာကိုး။”

နားဝင်လှအောင် ဖန်တီးထားတဲ့ စကားလုံးတွေအောက်မှာ ရှင်းဟီးဂျူက ထပ်ပြီး ခေါင်းညိတ်နေပြန်တယ်။ အခု စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အရိပ်အယောင်တွေကို တိတ်တဆိတ် ဖုံးကွယ်ထားစရာတောင် မလိုတော့ဘဲ အခြေအနေပေးရင် ဥက္ကဋ္ဌရှင်းရဲ့ အတွင်းရေးမှူးဆီကနေ အဆက်အသွယ်ပါ တောင်းတော့မလို ပတ်ဝန်းကျင်တစ်ခုလုံးက သဟဇာတဖြစ်ပြီး စိုပြည်နေတာလေ။ ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စပ်စုမှုမျိုးလဲဆိုပြီး တွေးနေမိပေမဲ့ ရှင်းဟီဂျူ ရွှန်းရွှန်းစားစား ပြုံးနေတာကို ကြည့်ရတော့ စိတ်ထဲမှာ လုံးဝ အဆင်မပြေတော့ပါဘူး။

သိပ်မလောလှတဲ့ အလုပ်တစ်ခုကို အကြောင်းပြပြီး ရှင်းဟီဂျူကို စားသောက်ခန်းထဲကနေ ထွက်သွားခိုင်းပြီးတဲ့နောက် ငါလည်း မြေခွေးအိုကြီးလို ဉာဏ်များလှတဲ့ ဥက္ကဋ္ဌရှင်းရဲ့ မျက်နှာကို ဖော်ဖော်ရွေရွေရင်ဆိုင်ပြီး တွေးလိုက်မိတယ်။ ရှင်းဟီဂျူက အဖေအရွယ်လောက်ရှိပြီး လူကောင်းလို ဟန်ဆောင်တတ်တဲ့ သက်လတ်ပိုင်းအရွယ် ယောက်ျားတွေအပေါ် အထူးတလည် စိတ်ပျော့တတ်တဲ့သူလေ။ ကွက်တိ အခုလို အငွေ့အသက်မျိုးရှိပြီး အနည်းဆုံး အထင်အရှား ယုတ်မာကောက်ကျစ်တဲ့ အရိပ်အယောင်မျိုး မမြင်ရရင် ဘယ်လိုအခြေအနေမျိုးမှာမဆို ရွှန်းရွှန်းစားစား ပြုံးပြတတ်တဲ့ အကျင့်ရှိသူပေါ့။ အိုကြီးအိုမ နွမ်းနွမ်းပါးပါး အဖေကို ပြုစုစောင့်ရှောက်နေတဲ့ သမီးလိမ္မာလေးလိုမျိုး။

ဒါပေမဲ့ ရှင်းဟီဂျူရဲ့ မျှော်လင့်ချက်နဲ့ ဆန့်ကျင်ဘက် သာမန် အရေခြုံလူတန်းစားသာသာ ဥက္ကဋ္ဌရှင်းက ဥက္ကဋ္ဌဝူရဲ့ နာတာရှည် နှလုံးရောဂါအကြောင်း အရင်ဆုံး စိုးရိမ်တကြီး စကားစမြည် ပြောလာတဲ့တိုင်အောင် ရင်ထဲက ဝမ်းသာအားရ ရယ်သံကို ဖုံးကွယ်မထားနိုင်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူကလည်း စိတ်နေစိတ်ထား အမျိုးမျိုး ရှုပ်ထွေးတဲ့ ဒီလောကထဲက သာမန်လူတစ်ယောက်ပဲမို့လို့ပါ။

ကျူးကျော်ရပ်ကွက်ကနေ ဉာဏ်ကောင်းတဲ့ ဦးနှောက်တစ်ခုတည်းနဲ့ ရုန်းထွက်လာပြီး၊ အခု လည်ပင်းမှာ ခွေးလည်ပတ်ပါ အစွပ်ခံထားရတဲ့ ထူးချွန်လှသူ ထိပ်တန်းကောင်က အဲ့ဒီလောက်တောင် နှမြောဖို့ကောင်းနေတယ်ဆိုရင်... သမီးအရွယ် မိန်းကလေးနားမှာ မထားဘဲ ကိုယ့်သမီးအရင်းဘေးမှာပဲ ထိုင်ခိုင်းမှပေါ့…

သူ့ရဲ့ စေတနာအပေါ်ဂုဏ်ယူဝင့်ကြွားနေတဲ့ အပြုအမူကို သရော်သလိုမျိုး မျက်နှာကို လွှဲလိုက်မိတယ်။

ရှင်းဟီဂျူ ရုံးခန်းကို တစ်ခေါက်သွားပြီး ပြန်လာတဲ့အချိန်မှာပဲ ညစာစားပွဲက ပြီးသွားခဲ့ပါပြီ။ ပြန်ရောက်လာတာနဲ့ တစ်ပြိုင်နက် ကားပါကင်ဝန်ထမ်းကို ငါ့ကားနံပါတ်ပြောဖို့ အသည်းအသန်ဖြစ်နေတဲ့ သူ့ကို ကြည့်ရင်း ငါက လိုအပ်တာထက်ပိုပြီး ရှင်းဟီဂျူရဲ့ ကိစ္စတွေထဲ ဝင်စွက်ဖက်မိနေမှန်း လက်တွေ့ ခံစားလိုက်ရတော့တယ်။ ရှင်းဟီဂျူ ကိုယ်တိုင်က အရေးမပါသလို သဘောထားတဲ့ ကိစ္စကိုလေ။

ဒါပေမဲ့ အဲ့ဒီအချက်ကို သတိပြုမိရုံနဲ့ ရှုပ်ထွေးနေတဲ့ ဦးနှောက်က နဂိုအတိုင်း ပြန်အလုပ်လုပ်လာတာတော့ မဟုတ်ပါဘူး။

“အဲ့ဒီလိုကိစ္စတွေကို အလေးအနက် မတွေးနဲ့။”

“ရှင်။”

သူ့ကို ဩဝါဒခြွေသလို ပြောလိုက်တဲ့ ငါ့စကားတွေကလည်း ရူးကြောင်ကြောင်နိုင်လိုက်တာ။ စကားထဲမှာ မရိုးသားတဲ့ စိတ်ရင်းက အထင်အသား ပေါ်လွင်လို့လေ။ အဲ့ဒီလို တွေးနေမိရင်းကနေ အင်မတန် တည်ငြိမ်အေးဆေးစွာနဲ့ပဲ စကားဆက်လိုက်တယ်။

“ဥက္ကဋ္ဌရှင်းက ဒီအတိုင်း စကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ လူကောင်းလို ဟန်ဆောင်နေရုံမို့လို့။”

“အာ။ စောစောက အဲ့ဒီအကြောင်း ပြောနေတာကိုး။ ကျွန်မလည်း အလိုက်အထိုက်ပဲ နားထောင်လိုက်တာပါ။”

အလားတူ တည်ငြိမ်စွာ ပြန်ဖြေလာတဲ့ ရှင်းဟီဂျူက စက်နှိုးထားပြီးသား ကားကို အယောင်အယောင်အမှားမှားနဲ့ ထပ်ပြီး စက်နှိုးဖို့ ကြိုးစားမိသွားရင်းကနေ တစ်ချက် ပျာယာခတ်သွားတော့တယ်။ D ဂီယာ ပြောင်းဖို့ ကြိုးစားပေမဲ့ ဂီယာတံကို မကိုင်မိဘဲ လေဟာနယ်ထဲမှာ ယောက်ယက်ခတ်သွားတဲ့ လက်ချောင်းလေးတွေအထိ အမှားအယွင်းတွေက ဆက်တိုက် ပေါ်လာတာပါ။ သူ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် ငါ့စိတ်ထဲက ဒေါသနဲ့ မတင်မကျဖြစ်မှုတွေကလည်း ဘယ်အချိန်က ပျောက်သွားမှန်းမသိဘဲ ချက်ချင်း လန်းဆန်းသွားတော့တာပေါ့။

ကားက အခုမှ စထွက်လာတာဆိုပေမဲ့ ငါကတော့ ရှင်းဟီဂျူ ပါကင်ထိုးတဲ့အခါ စတီယာရင်ဘီးပေါ် အသည်းအသန် ကပ်တွယ်နေမဲ့ပုံစံကို စိတ်ကူးကြည့်နေမိပါပြီ။ ပါကင်မထိုးခင် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားမဲ့ ပုံစံလေးကလည်း ချစ်ဖို့ကောင်းသလို၊ နောက်ဆုတ်ရင်း စိတ်ရှုပ်ထွေးစွာ ဘေးမှန်တွေကို အဆက်မပြတ် ကြည့်နေမဲ့ မျက်လုံးလေးတွေကလည်း ချစ်ဖို့ကောင်းလှတယ်လေ။ ကွန်ကရစ်တိုင် ဘေးနားက နေရာကို ကြောက်လန့်နေမဲ့ ပုံစံလေးကလည်း ချစ်ဖို့ကောင်းတာပဲ။ ဒီလိုကနေ တကယ် တိုင်တစ်ခုခုကို ဝင်တိုက်မိရင် ပိုကောင်းမှာကို။ တည်ငြိမ်အေးဆေးလှတဲ့ အဲ့ဒီမျက်နှာပြင် ကွဲအက် ပျက်စီးသွားမဲ့ အခိုက်အတန့်ကို မူမမှန်တဲ့ စိတ်ကူးနဲ့ တွေးကြည့်နေမိတယ်။ အဲ့ဒီပုံစံလေးကလည်း တအား ချစ်ဖို့ကောင်းနေမှာမို့လို့…

“……”

ခေါင်းတစ်ခုလုံး တောင့်ခဲသွားတော့တယ်။ ရူးနေတဲ့ကောင်။ အရူးကောင်။

အခု... ငါက သူ့ကို ချစ်ဖို့ကောင်းတယ်လို့ တွေးလိုက်တာလား…

တကယ့် သမီးရည်းစားတွေပဲ ဖြစ်နေသလိုမျိုးလေ။

****

OTT ဗီဒီယို Streaming ဝန်ဆောင်မှု လုပ်ငန်းနှစ်ခုကို လွှဲပြောင်းရယူပြီးတဲ့နောက် အကြီးအကျယ် ဖွင့်လှစ်ခဲ့တဲ့ Platform Warning က သိသိသာသာ အောင်မြင်မှုရပြီးစအချိန်ပေါ့။ အချိန်ကိုက် WK Artplex လက်အောက်မှာရှိတဲ့ WK Cineplex ရုပ်ရှင်ရုံစုက ထိုင်း၊ အင်ဒိုနီးရှား အစရှိတဲ့ နိုင်ငံတွေဆီ တစ်ပြိုင်နက်တည်း ချဲ့ထွင် ဝင်ရောက်လာတယ်ဆိုပြီး သတင်းတွေလည်း ထွက်နေတာပါ။ အခုအထိတော့ ထူးထူးခြားခြား ဝင်ငွေမရသေးပေမဲ့ အနည်းဆုံး ရေဆူအောင် လှုပ်ခတ်နိုင်ခဲ့လို့ ငါ့အတွက်တော့ တော်တော်အထောက်အကူ ဖြစ်စေခဲ့တယ်။ အဲ့ဒါအပြင် ကုမ္ပဏီအတွင်း အဆင်ပြေချောမွေ့မှု အချို့ကလည်း တစ်ချိန်တည်းမှာ ဆုံပြီးရောက်လာတာလေ။

အားလုံးက ခိုင်လုံပြီး သင့်တော်တဲ့ အကြောင်းပြချက်တွေချည်းပဲပေါ့။ ငါလည်း ပုံမှန် အမှုဆောင် ရာထူးတိုးမှာ ဘာအကန့်အကွက်မှမရှိဘဲ ဒုဥက္ကဋ္ဌအဖြစ် ကုမ္ပဏီတွင်း ရာထူးတိုးခဲ့ရသလို၊ တစ်ပြိုင်နက်တည်းမှာပဲ WK Artplex ရဲ့ အမြင့်ဆုံး တာဝန်ခံ ဖြစ်လာတဲ့အတွက် အမှုဆောင်ဒါရိုက်တာအဖြစ်ပါ ခန့်အပ်ခြင်းခံခဲ့ရတယ်။ နောက်ဆုံးတော့ လုံးဝဥဿုံ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ကို ရသွားပါပြီ။

ရှင်းဟီဂျူရဲ့ကိစ္စနဲ့ ပတ်သက်ပြီး အများကြီး ထပ်တွေးဖို့လိုအပ်ပေမဲ့၊ ပြန်သုံးသပ်ဖို့ အချိန်မရှိတဲ့အတွက် အချိန်တွေသာ ကုန်လွန်သွားတော့တယ်။ အလုပ်ကိစ္စကလွဲပြီး တခြားအရာတွေကို ပြုပြင်ပြောင်းလဲဖို့ဖြစ်ဖြစ်၊ လူသစ်တစ်ယောက် ရဖို့ဖြစ်ဖြစ် သင့်တော်တဲ့အချိန်မဟုတ်ဘူးလေ။ ရှင်းဟီဂျူကို မြင်တဲ့အခါ စိတ်မသက်မသာဖြစ်ရတဲ့ ခံစားချက်ကတော့ အရှိန်အဟုန်မပျက် ရှိနေတုန်းပဲပေါ့။

တော်သေးလို့ အဲ့ဒီစိတ်မသက်မသာဖြစ်မှုကို အပြည့်အဝ ခံစားနေဖို့တောင် အချိန်မရှိခဲ့ပါဘူး။ ပြီးတော့ နောက်ထပ် တော်သေးတာက ငါ့နည်းတူ ရှင်းဟီဂျူလည်း အလုပ်များလာတာပါ။

ငါ အလုပ်ပြောင်းသွားတဲ့အလျောက် ရှင်းဟီဂျုရဲ့ လုပ်ငန်းတာဝန်တွေလည်း ပြောင်းလဲသွားတော့တယ်။ အမှုဆောင်ဒါရိုက်တာရဲ့ အတွင်းရေးမှူးအနေနဲ့ မဖြစ်မနေ တာဝန်ယူရမဲ့ တရားဝင်အလုပ်ကိစ္စတွေကစပြီး အရင်က မလုပ်ခဲ့ဖူးတဲ့ အင်မတန် ကိုယ်ရေးကိုယ်တာဆန်ဆန် ကိစ္စတွေအထိ။ ဥပမာ... ဝူဆုန်းဝန်းအိမ်နဲ့ တစ်ရက်ချင်းစီအလိုက် အတွင်းရေး အစီအစဉ်တွေ မျှဝေရတဲ့ အလုပ်ကစပြီး ငါ့အမေရဲ့ အရေးမပါတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးရတဲ့ အလုပ်မျိုးတွေအထိ။ အမှန်တော့ နောက်ဆုံးအချက်က အရင်ကလည်း ရှင်းဟီဂျူ လူနုံလေးလို ကြိုးစားပမ်းစား ဖြည့်ဆည်းပေးခဲ့ဖူးတယ်ဆိုပေမဲ့ အဲ့ဒီအချိန်တုန်းကတော့ အလုပ်အပြင်ဘက်က ကိစ္စတွေလောက်ပါပဲ။ မဖြစ်မနေလုပ်ရမဲ့ လုပ်ငန်းတာဝန် မဟုတ်ပါဘူး။

****

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment