no
အခန်း ၄၁
Translator - D
အကြည့်ကို မြေပြင်မှာ စိုက်ထားတဲ့ ဝူဂျင်ဟာက အသံမထွက်ဘဲ နှုတ်ခမ်းကို အကြိမ်အနည်းငယ် လှုပ်ရှားခဲ့တယ်။ သူ့ကို ကြည့်နေတဲ့ ကျွန်မရဲ့ လည်ချောင်းထဲမှာ တစ်ခုခု ဆို့တက်လာသလိုပါပဲ။ ကျွန်မကို ဆုပ်ကိုင်ထားတဲ့ လက်ကလည်း ဆက်လက် တုန်ယင်နေဆဲပါ။
“...တကယ်တော့ မသိဘူး...”
“......”
“ဘာမှမသိတော့ဘူး၊ ဟီဂျူရယ်။”
“......”
“တွက်လို့ မရဘူး။”
ကျွန်မ အဲ့ဒီလောက်အထိ တွေဝေနေတဲ့ မျက်လုံးမျိုးနဲ့ သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး။
“မင်းကို၊ တွက်လို့မရဘူး။”
ကျွန်မတို့ရဲ့ နောက်ဆုံးစကားဝိုင်းကို ပြန်အမှတ်ရလိုက်မိတယ်။ အဖြေက အဲ့ဒီတုန်းကရော၊ အဲ့ဒီမတိုင်ခင်ကရော ထွက်ပြီးသားပါ။ ဝူဂျင်ဟာကို နားမလည်နိုင်တာက ကျွန်မတစ်ယောက်တည်းပါပဲ။ ဒီလောက် ရိုးရှင်းပြီး ရှင်းလင်းတဲ့ပုစ္ဆာ...ကျွန်မကို အခုအထိ ဘာမှ မသိသေးသလို ပုံစံမျိုးနဲ့ ကြည့်နေတဲ့ သူ့ကို နားမလည်နိုင်ခဲ့ပါဘူး။
ရှောင်လွှဲမရတဲ့ အခြေအနေကြောင့် လက်ထပ်ခဲ့ရတဲ့ အိမ်ထောင်ရေး၊ ဆုပ်လည်းစူးစားလည်းရူးအဖြစ်လို လက်ထပ်ခဲ့ရတဲ့ မိန်းမက သူ အခုအချိန်အထိ တည်ဆောက်လာခဲ့တဲ့ အောင်မြင်မှုတွေအားလုံးနဲ့အတူ ချိန်ခွင်ပေါ် တက်နိုင်ပါ့မလား။ ကျွန်မသာဆိုရင်တော့ အစကတည်းက တွက်ချက်ကြည့်ဖို့တောင် စဉ်းစားနေမှာ မဟုတ်သလို ခဏလေးတောင် တွေဝေနေမှာ မဟုတ်ပါဘူး။
ပြခန်းမှာတုန်းက ကျွန်မကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် တစ်ခါ တွက်ကြည့်ခဲ့ဖူးသလိုပေါ့။
'နင်က သူ့အတွက် အဲ့ဒီလောက် တန်ဖိုးရှိတယ်လို့ ထင်ရင်တော့ တွယ်ကပ်နေပေါ့။ နင့်ကြောင့် ဂျင်ဟာ အဲ့ဒါတွေကို ဆုံးရှုံးသွားရင်လည်း ကိစ္စမရှိဘူးလို့ ထင်တယ်ဆိုရင်ပြောပါတယ်။'
အင်မတန်မှန်တဲ့ အမှန်တရားဖြစ်နေလို့ ဘာမှကို စဉ်းစားနေစရာ မလိုတာပါ။ ကျွန်မ သူ့ကို လွှတ်ချဖို့ စောစောကတည်းက ဆုံးဖြတ်ခဲ့တာမျိုး မဟုတ်ရင်တောင် အဲ့ဒီလိုပဲ ဖြစ်လာမှာလေ။ တစ်နေ့မှာ ရုတ်တရက် ဆုန်ယောဆွန်း ကျွန်မကို လာရှာခဲ့မယ်ဆိုရင်ပေါ့။ တကယ်ကို တစ်ချက်လေးတောင် စဉ်းစားစရာကိစ္စမဟုတ်ပါဘူး။
“အဲ့ဒီလောက်ကောင်းတဲ့ ဦးနှောက်နဲ့ တွက်ချက်လို့ မရဘူးဆိုတာ နဂိုကတည်းက တန်ဖိုးသိပ်မရှိလို့ပေါ့။”
ကျွန်မ အနည်းငယ် အေးဆေးစွာ ပြန်ဖြေလိုက်တယ်။ ဝူဂျင်ဟာတစ်ယောက် အသာလေး မျက်နှာပျက်သွားတော့တယ်။
“နှိုင်းယှဉ်လို့ မရနိုင်တာကို ရှင်လည်း နောက်ဆုံးမှာ သိနေတာမို့လို့။”
“......”
“တကယ် သည်းခံရပင်ပန်းတာက ဘာမှန်းမသိတာ မဟုတ်ပါဘူး။ အကုန်သိနေရဲ့သားနဲ့ မသိချင်ယောင်ဆောင်ရတာပါ။”
အလိုလို စိတ်ကူးပေါက်သွားတဲ့အလား သူ့အနားကို တိုးကပ်သွားလိုက်မိတယ်။ မျက်နှာကို ပိုပြီး အနီးကပ် မြင်ချင်တာကြောင့်ပါ။ ခဏလေး မျက်နှာချင်းဆိုင်နေရတဲ့ ဒီအချိန်လေးကိုလည်း အခွင့်အရေးလို့ ခေါ်မယ်ဆိုရင် ကျွန်မတို့မှာ တကယ် အခွင့်အရေး နည်းနည်းပဲကျန်တော့တာလေ။
ဒီမျက်နှာကို မြင်ခွင့်ရမဲ့ အခွင့်အရေး၊ ကျွန်မကို စိုက်ကြည့်နေတဲ့ ဒီမျက်လုံးတွေကို မြင်ခွင့်ရမဲ့အခွင့်အရေး။
သူ့အသက်ရှူသံကို ကြားချင်မိပါတယ်။ ဝူဂျင်ဟာက ခေါင်းကိုငုံ့ပြီး ကျွန်မကို စူးစိုက်ကြည့်နေတော့ ကျွန်မလည်း သူ့အကြည့်ကို နည်းနည်းလေး ရှောင်ဖယ်ရင်း သူ့နှုတ်ခမ်းကို မော့ကြည့်နေလိုက်တယ်။
ခဏလေး အချိန်က ရပ်တန့်သွားသလိုပါပဲ။ သူက ကျွန်မနဖူးပေါ်ကို ဖွဖွလေး အသက်ရှူထုတ်ခဲ့တယ်။ မီးဟပ်သလို ပြင်းပြတဲ့ ရေငတ်မှုကို မျိုချရင်း သူ့နှုတ်ခမ်းကို ကျွန်မဘက်ကစပြီး ထိကပ်လိုက်တယ်။
ဒီအချိန်လေးကို ကျွန်မ မှတ်မိနေသလောက် ရှင်ရော မှတ်မိနေပါ့မလား။
ဘူဆန်က အဲ့ဒီည၊ အရာအားလုံး မှားယွင်းစွာ စတင်ခဲ့တဲ့ အချိန်ကလိုပဲ ကျွန်မ မိုက်မဲတဲ့အတွေးတွေ တွေးနေမိတယ်။
မေးခွန်းထုတ်နေတယ်ဆိုတာက နောက်ဆုံးတော့ မျှော်လင့်နေတယ်ဆိုတဲ့ သဘောပါပဲ။
“...ဒီလိုအရာမျိုးဆိုတာ ဘယ်သူမဆို လုပ်နိုင်တာမို့လို့...”
“......”
“ဘာမှမဟုတ်တာမို့လို့။ အဲ့ဒါကြောင့် တွက်ချက်နေစရာ လိုမှာမဟုတ်ပါဘူး။”
ကျွန်မက မိုက်မဲတဲ့ အတွေးစကို ကိုယ်တိုင် ဖြတ်ချပစ်သလို ပြောလိုက်တယ်။ သူ့အတွက်လည်း အထောက်အကူ ဖြစ်စေချင်တယ်လေ။ နောက်ဆုံးတော့ အရေးမပါတဲ့ အလိုဆန္ဒဖြစ်တာကြောင့် ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိတာမို့လို့ နောင်တရစရာလည်း ရှိမှာမဟုတ်ဘူးဆိုပြီး...။
အဲ့ဒီလိုနဲ့ နောက်ဆုတ်လိုက်တဲ့အချိန်မှာ။
သူက ကျွန်မကို ကြမ်းတမ်းစွာ ပြန်ဆွဲလှည့်ပြီး နှုတ်ခမ်းကို ဖိစုပ်ခဲ့တယ်။ အပေါ်စီးကနေ ဖိအားပေးလာတဲ့အတွက် ခေါင်းက နာကျင်ရတဲ့အထိ အနောက်လန်သွားတော့တာပေါ့။ သူက အံ့ဩမှင်တက်ပြီး ပွင့်ဟသွားတဲ့ နှုတ်ခမ်းတွေကြားထဲ လျှာကို ထိုးသွင်းပြီးတော့ ခေါင်းကိုလှည့်ပြီး ဝင်သက်ထွက်သက်ချင်း ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ထွေးယှက်သွားစေခဲ့တယ်။
ချက်ချင်းဆိုသလို အသက်ရှူကျပ်လာတော့တာပေါ့။ သူ့လက်မှာ အချုပ်မခံထားရတဲ့ လက်တစ်ဖက်နဲ့ ပခုံးကိုထုပြီး တွန်းဖယ်လိုက်ပေမဲ့ ဝူဂျင်ဟာက တားဆီးခြင်း မရှိခဲ့ပါဘူး။ ဒီအတိုင်း အနှောင့်အယှက်မဖြစ်စေတဲ့အလား ကျွန်မရဲ့ ရုန်းကန်မှုကိုလျစ်လျူရှုပြီး ခုခံနေတာကို လွှတ်ပေးထားခဲ့တယ်။
အတင်းအကျပ် တိုက်ခိုက်မှုရဲ့အောက်မှာ လွှမ်းမိုးခံလိုက်ရတဲ့အလား ခန္ဓာကိုယ်ကနေ အားတွေပျောက်လာတော့တာပေါ့။ အဲ့ဒီလိုဖြစ်သွားတာနဲ့တစ်ပြိုင်နက် ဝူဂျင်ဟာက အလျင်အမြန်ပဲ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ဖမ်းယူပွေ့ချီလိုက်တယ်။
“ဟင်း၊ ဟား... ဒါကို၊ လွှတ်၊ ဟင့်......”
ငြင်းဆန်တဲ့စကားက ဆုံးတောင်မဆုံးလိုက်ခင် နောက်တစ်ခါ ပြန်ထိကပ်လာတဲ့ နှုတ်ခမ်းတွေကြားမှာ ပျောက်ကွယ်သွားရတယ်။ သူ ကျွန်မကို ပွေ့ချီလိုက်တော့ မညီမညာ နောက်လန်နေတဲ့ ဦးခေါင်းက ပြန်ပြီးတည့်မတ်လာပေမဲ့ အနမ်းကတော့ ပိုပြီးပြင်းထန် နက်ရှိုင်းလာခဲ့တယ်။
ဝူဂျင်ဟာက အိပ်ခန်းဘက်ကို ဦးတည်သွားရင်းကနေ ကျွန်မရဲ့ ပင့်သက်တွေကို တပ်မက်စွာ စုပ်ယူမျိုချပြီး အဝတ်အစားလွတ်နေတဲ့ ခြေတံတွေကို ပွတ်သပ်လာတယ်။ ကျွန်မရဲ့ခြေတံတွေကို သူ့ခါးမှာ ရစ်သိုင်းထားစေပြီးတဲ့နောက် သူနဲ့ တင်းတင်းကျပ်ကျပ် ထိကပ်နေအောင် ပေါင်တံတွေကို မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့တယ်။ ညဝတ်ဘောင်းဘီ တိုတိုလေးရဲ့ အပြင်ဘက်ကနေ ပွတ်သပ်နေခဲ့တဲ့လက်က အောက်ကိုလျှောဝင်လာပြီးတော့ တင်ပါးရဲ့ နူးညံ့တဲ့အသားစိုင်ကို ဆုပ်ကိုင်ပြီး ကျွန်မရဲ့အလေးချိန်ကိုပင့်ထိန်းထားဖို့ သုံးခဲ့တယ်။
သူ့လည်ပင်းကိုညှစ်ပြီး တွန်းဖယ်ဖို့ ကျွန်မရဲ့ ကြိုးပမ်းမှုက သူ့ကို တစ်စက်ကလေးတောင် အနှောင့်အယှက်မပေးသလိုပါပဲ။
ဟင့်...
ကျွန်မရဲ့ခေါင်း လည်သွားပြီး နှုတ်ခမ်းက ဘေးတစ်ဖက်ကို ချောသွားချိန်မှာ အောင့်ထားတဲ့ ပင့်သက်က ပေါက်ကွဲထွက်သွားတော့တယ်။ သူက သူ့ပခုံးမှာ ရစ်ပတ်ထားပြီး သူ့ကို လည်ပင်းညှစ်ဖို့ ကြိုးစားခဲ့တဲ့ လက်မောင်းကို ကိုက်လိုက်စုပ်လိုက်လုပ်ပြီး ရယ်ခဲ့တယ်။
ဘာလုပ်လို့လုပ်ရမှန်းမသိသလို ကျွန်မကို အကြောင်သား ငေးကြည့်နေခဲ့တဲ့ မျက်လုံးတွေကို ဘယ်မှာမှမတွေ့ရတော့ဘဲ ထူးဆန်းတဲ့ အလိုရမ္မက်ကို သတိပေးနေသလို ကြည်လင်တဲ့အကြည့်က နေရာယူထားလို့ပေါ့။ ကျွန်မကို စိတ်အေးအောင် နှစ်သိမ့်ပေးတဲ့အလား ပြုံးနေပေမဲ့ နှိပ်စက်ရတာကို သာယာနေသလိုပါပဲ။ ကျွန်မလည်း လှိုက်ခနဲ ကြက်သီးထသွားတော့တယ်။ ရယ်စရာကောင်းတာက အဲ့ဒီခံစားချက်ကြောင့် ကျွန်မရဲ့အထဲမှာလည်း ရမ္မက်မီးတောက်လာတာပါပဲ။
အကြောက်အကန် အံတုခုခံနေတဲ့ ဆင်ခြင်တုံတရားကလည်း ချက်ချင်း မှေးမှိန်သွားတော့တယ်။ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိဖို့ လက်မတင်လေး လိုတော့တာပါ။ ရုတ်တရက် ခုနက သူ့ဆီကို ချဉ်းကပ်သွားမိအောင်လုပ်ခဲ့တဲ့ စိတ်လိုက်မာန်ပါဆန္ဒက ပြန်ပြီးခေါင်းထောင်လာခဲ့တယ်။
ဘာပဲဖြစ်ဖြစ် အဆုံးသတ်ပဲလေ။ ဒါက တကယ်ပဲ ကျွန်မတို့ရဲ့ နောက်ဆုံးအချိန်ပါ...ဘာပဲဖြစ်ဖြစ် ဘာကိုမှ ပြန်ပြင်လိုရတော့မှာမဟုတ်ပါဘူး။ ကလေးကို ဆုံးရှုံးလိုက်ရတဲ့နေ့မှာ ဝူဂျင်ဟာကို မုန်းမုန်းနဲ့ လက်လွှတ်ခဲ့ပြီးပြီဖြစ်သလို၊ ဆုန်ယောဆွန်း ကျွန်မရဲ့ နောက်ဆုံးတန်ဖိုးကို ပြောခဲ့တဲ့နေ့က ကိုယ့်ကိုယ်ကိုယ် လက်လွှတ်ခဲ့ပြီးပါပြီ။ ပတ်သက်မှုရဲ့ ဝင်ရိုးစွန်းတစ်ခုမှ ကျန်မနေတဲ့ ယတိပြတ်အဆုံးသတ်ပါပဲ။
ဒီတော့ ဝူဂျင်ဟာကို တစ်ခါထပ်ပြီး ရယူလိုက်လို့ ဘာများထူးသွားမှာလဲ။ သေဆုံးနေပြီးသား ဆင်ခြင်တုံတရားကို မေးလိုက်မိတယ်။ ကျေးဇူးပြုပြီး ကျွန်မ မရူးသေးပါဘူးလို့ တောင်းဆိုရင်း၊ အဖြေကို မျှော်လင့်ရင်းနဲ့ပေါ့။
သူ့ကို နောက်တစ်ခါထပ်ပြီး ရနိုင်တော့မှာမဟုတ်ပါဘူး။ နောက်ထပ် နမ်းရှိုက်ခွင့်ရတော့မှာမဟုတ်သလို၊ တစ်ခါလောက်လေး ပွေ့ဖက်ခွင့်လည်း ရှိတော့မှာမဟုတ်ပါဘူး...ဘာပဲဖြစ်ဖြစ် ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူးမဟုတ်လား။ ကျွန်မ ဘယ်လောက်ပဲ တောင်းပန်ပါစေ အဖြေမရှိခဲ့ပါဘူး။
နောက်ဆုံးမှာ ကျွန်မရဲ့စိတ်က ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိခဲ့ပေမဲ့ ဒီအတိုင်း လောဘလို့ လက်ခံဖို့ပဲ ဆုံးဖြတ်လိုက်မိတယ်။ ငွေတောင် လက်ခံထားခဲ့ပြီးသား လောဘပေါ်မှာ ဝူဂျင်ဟာရဲ့ ခန္ဓာကိုယ်ကိုပါ ရယူလိုက်တော့ရော ဘာဖြစ်သေးလဲ။
အိပ်ရာထက်မှာ လဲလျောင်းရင်း ကျွန်မအပေါ်မှာ ခြေပစ်လက်ပစ်နဲ့ သူ့လည်စည်းသူ လက်လွတ်စပယ် ဆွဲချွတ်နေတဲ့ ဝူဂျင်ဟာကို အကြောင်သား မော့ကြည့်ပြီး ကျွန်မ ညဝတ်အင်္ကျီရဲ့ ကြယ်သီးကို တစ်လုံးချင်းစီ စပြီးဖြုတ်လိုက်တယ်။ တစ်လျှောက်လုံး ကျွန်မမျက်နှာကနေ ဖယ်ခွာသွားခြင်းမရှိတဲ့ အကြည့်က ချက်ချင်းဆိုသလို ပြင်းထန်စူးရှလာတော့တယ်။
ရုတ်တရက် ကျွန်မဆီကို အရူးလို တစ်ဟုန်ထိုး တိုးဝင်လာပြီးမှ နောက်ဆုံးမှာ ကျွန်မရဲ့ ကြည်ဖြူမှုကို လိုအပ်တယ်ဆိုတာက ရယ်စရာပါပဲ။
****
Miel's Translations
There is No Eng Version