no

Font
Theme

အခန်း ၅၀

Translator - D

“တကယ်ပဲ ငါ့ကို လျစ်လျူရှုထားတော့မှာလား။”

“မဟုတ်ပါဘူး။”

“နင်နဲ့ တိုင်းကြည့်လို့လည်းမရတော့ အဝတ်အစားကိစ္စကို လက်လျှော့လိုက်ပြီ။ ပြီးတော့ ဈေးကြီးတဲ့အဝတ်အစားတွေ ဝယ်ပေးခဲ့ရင်တောင် လမ်းခွဲပြီးတဲ့နောက်မှာ နင့်ရဲ့ပိုင်ဆိုင်မှုအခြေအနေနဲ့ အဲ့ဒီအဆင့်အတန်းကို ဆက်ထိန်းထားနိုင်မှာမှ မဟုတ်တာ။ နင်ကိုယ်တိုင်ကလည်း အဝတ်အစားဆို သိပ်စိတ်ဝင်စားတာမှ မဟုတ်ဘဲ။ ဒါပေမဲ့ အိတ်ကောင်းကောင်းတော့ ကိုင်ရမယ်၊ ဖိနပ်ကောင်းကောင်းတော့ စီးရမယ်လေ။ အထူးသဖြင့် တစ်ခုတည်းကိုပဲ ပဲ့ထွက်မတတ် သုံးတတ်တဲ့ နင့်လို ကလေးမျိုးပေါ့။”

ဂန်ဂျူဂယောင်းက စုတ်တသပ်သပ် လုပ်နေခဲ့တယ်။

“အိတ်ကောင်းကောင်းက လာဘ်လာဘကို ဆောင်ကြဉ်းပေးတယ်၊ ဖိနပ်ကောင်းကောင်းက ကောင်းတဲ့နေရာတွေဆီ ခေါ်သွားပေးတယ်ဆိုလို့။”

“အမေက အဲ့ဒီလိုမျိုးတွေ ယုံတာလား။"

“ဒီလိုအရာတွေက ယုံကြည်လို့ ပေးတာမျိုး မဟုတ်ဘူး။ အဲ့ဒီလိုဖြစ်လာပါစေလို့ ဆုတောင်းပေးတဲ့အနေနဲ့ ပေးတာမျိုး။”

“…….”

“ကံကောင်းခြင်းတွေ ရပါစေ၊ ဟီဂျူ။”

တကယ်လှလို့ လှတယ်ဆိုပြီး ပြောခဲ့တာတွေရှိသလို၊ ဂန်ဂျူဂယောင်းရဲ့ စံနှုန်းအရပဲ လှနေတာမျိုးတွေလည်း ရှိတာမို့ မြင်သမျှ အကုန်လုံးကတော့ လှနေတာမျိုး မဟုတ်ပါဘူး။ တကယ်တော့ ဂန်ဂျူဂယောင်း ကျွန်မကို ခိုးကြည့်ပြီး ရွေးပေးထားတဲ့အရာတွေကို ပိုပြီးသဘောကျမိပါတယ်။ ဒါပေမဲ့ ကျွန်မ ကြိုက်တတ်တာတွေကို သေသေချာချာ နားထောင်ပြီး ရွေးပေးထားတဲ့ ကျန်တာတွေကိုလည်း…အဲ့ဒါတွေကလည်း အဲ့ဒါတွေအလျောက် ကောင်းနေပြန်တာမို့ ကျွန်မ ခေါင်းညိတ်ပြလိုက်မိတယ်။

“ဂျင်ဟာကို မေ့လိုက်။ အဲ့ဒီကလေးကိုလည်း နင့်ရင်ထဲမှာပဲ မြှုပ်နှံထားလိုက်တော့။"

“အချိန်တွေ ကြာသွားရင်ရော သက်သာသွားမှာလားဟင်။”

“ဟင့်အင်း။ တောက်လျှောက် ပြန်သတိရနေမှာ။ ‘နည်းနည်းလောက်သာ အချိန်ထပ်ရခဲ့ရင် မွေးလာနိုင်မှာပါလား’ ဆိုပြီးတော့။ ‘ငါသာ နည်းနည်းလောက် ပိုသတိထားခဲ့ရင်’ ဆိုတဲ့ အတွေးမျိုးတွေနဲ့…”

“…….”

“ဒါပေမဲ့ နင့်ကိုတော့ အဲ့ဒီလိုမျိုး နောင်တတွေနဲ့ မရှင်သန်စေချင်ဘူး။”

“ကလေးကလေ၊ အမေ။”

“ဟင်။”

"သမီးလေးပါ။ တကယ်တော့။”

“…….”

“သားလည်း မဟုတ်ခဲ့ပါဘူး။”

အဲ့ဒါကြောင့် အကယ်၍များ ဘေးကင်းကင်းနဲ့ မွေးဖွားလာခဲ့ရင်တောင် ရှင်ကတော့ သိပ်ပြီး ဝမ်းသာမှာ မဟုတ်ဘူးလို့။

ဂန်ဂျူဂယောင်းက အ​ကြောင်သားနဲ့ ကျွန်မကို အသာလေး ကြည့်နေရာက အနည်းငယ် ညှိုးငယ်စွာ ပြုံးခဲ့တယ်။

“မြင်တွေ့ခွင့်ရခဲ့ရင် ကောင်းမှာကို။ ငါ့မှာ သမီးမရှိတော့ မွေးလာခဲ့ရင် တကယ်ကို ကောင်းမဲ့ပုံပဲ။”

အခုအချိန်မှာ ဘာမှအသုံးမဝင်တော့တဲ့ စကားတွေဆိုပေမဲ့ နောက်ဆုံးမှာ လက်ဆောင်ထုပ်တဲ့ စက္ကူအရောင်က ပြဿနာပါ။

ဂန်ဂျူဂယောင်း ကျွန်မအတွက် ထုပ်ပိုးပေးခဲ့တဲ့ အရောင်ကိုတော့ တော်တော်လေး သဘောကျမိပါတယ်။

****

“ဟဲ့၊ အဲ့ဒါနဲ့ ငါ အဲ့ဒီကောင်ကို ဘာပြောလိုက်တယ်ထင်လဲ။”

“ဘာများပြောလိုက်လို့လဲ။”

“ဘာမှ ပြန်မပြောနိုင်ပါဘူးဟာ။ သိတယ်မဟုတ်လား။ ငါက တအားနုံမှန်း……"

“သိတာပေါ့။ ဘန်ယူဂျောင်းက အူတူတူလေးပဲဆိုတာ။”

“ဘာမှ ပြန်မပြောနိုင်ဘဲ… တဆတ်ဆတ်ပဲ တုန်နေမိတာ။ ဘာပဲစဉ်းစားစဉ်းစား ဒရာမာထဲက စကားလုံးတွေလို ဖြစ်နေလို့လေ။ စိတ်တွေ ထွေပြားနေတဲ့ကြားကတောင် ‘အာ… ငါက ရာရာစစ ဒီလိုစကားမျိုး ပြောလို့ဖြစ်ပါ့မလား’ ဆိုပြီး တွေးနေမိသေးတာ။”

“အဲ့ဒီလိုမျိုး ဘယ်မှာရှိလို့လဲ။”

“ငါသာ နင့်လိုမျိုး ရုပ်ကလေးနဲ့ဆိုရင် သိပ်ကောင်းမှာပဲ… နင့်လိုမျိုး ညှိုးညှိုးငယ်ငယ်လေးနဲ့ လှနေမယ်ဆိုရင်လေ……”

“ဟဲ့၊ ရယ်စရာတွေပြောမနေနဲ့။ စကားကို ပြတ်ပြတ်သားသား ပြောခဲ့မှပေါ့။”

“ဒါပေမဲ့ ငါသာ နင့်လိုရုပ်မျိုးလေးဆိုရင် အဲ့ဒီကောင်နဲ့ ဘယ်တွေ့ပါ့မလဲ… ငါက… ဟမ်....သူဌေးသားနဲ့ဖြစ်ဖြစ် တွဲမှာ……”

အကြာကြီးနေမှ ပြန်ဆုံဖြစ်တဲ့ ဘန်ယူဂျောင်းကတော့ အရင်အတိုင်းပါပဲ။ ထပ်ပြီးတော့ အချစ်ရေးမှာ ကံမကောင်းခဲ့တာသာ မဟုတ်ရင် အခြေအနေက အခုထက် ပိုကောင်းနေလောက်မှာပါ။ ကျွန်မက စားပွဲပေါ်ကနေ လက်တစ်ဖက်ဆန့်တန်းပြီး ယူဂျောင်းရဲ့ပုခုံးကို ပုတ်ပေးလိုက်တယ်။ ကျန်တဲ့လက်တစ်ဖက်ကတော့ ဘေးကို စောင်းကျနေပြီဖြစ်တဲ့ ခေါင်းကို ထောက်ထားလို့ပေါ့။ ဆိုဂျူနဲ့ ဝေးကွာနေတာ ကြာပြီမို့လို့ နှစ်ခွက်လောက်နဲ့တင် မူးရိပ်ရိပ် ဖြစ်လာပြီလေ။

“ရုပ်ဆိုးကောင်ကများ... ဘယ်ကိုလာပြီး ရာရာစစ ရုပ်ရည်ကို အကြောင်းပြရတာလဲ...”

“နဂိုကတည်းက အဲ့ဒီလိုပဲ။ ရုပ်ဆိုးတဲ့လူတွေက ပိုဆိုးတတ်တယ်တဲ့။”

ကျွန်မ အားတက်သရော ခေါင်းညိတ်ပြီး ထောက်ခံပေးနေမိတယ်။

“ငါက အစပိုင်းမှာ သူ့ကို နည်းနည်းလောက် သဘောကျပေးတာကို... သူကပဲ ငါ့ကို အဖော်ပြုပြီး တွဲပေးနေသလိုမျိုး ထင်နေတာလေ။”

“အဓိပ္ပာယ်မရှိတာ။”

“အဲ့ဒီကောင်မလေးကလည်း ရယ်ရတယ်မဟုတ်လား။ အသက် ၂၁ နှစ်အရွယ်လေးက ဘာကိုမြင်ပြီး အသက် ၃၃ နှစ်အရွယ် အချိန်ပိုင်းအလုပ်သမားကောင်ကို ရေလာမြောင်းပေးလုပ်ရတာလဲ။ အသက်က အဲ့ဒီလောက်ပဲဖြစ်နေပြီကို အလုပ်အကိုင်လည်း အတည်တကျမရှိဘဲ တက္ကသိုလ်ကျောင်းသူဖြစ်တဲ့ သူနဲ့အတူ အချိန်ပိုင်းအလုပ်ပဲ လုပ်နေတာလေ... သရုပ်ဆောင်လောင်းတဲ့လား... ရယ်လိုက်ရတာဟာ။ ဟဲ့...သရုပ်ဆောင်လောင်းတဲ့၊ ၃၃ နှစ်ရှိနေပြီကို။ အရပ်လေးပဲ မြင့်တာကိုများ သူ့ကိုယ်သူ ချောတယ်မှတ်နေတာလေ။”

“၃၃ နှစ်ဖြစ်ဖြစ်၊ ၄၃ နှစ်ဖြစ်ဖြစ် တစ်ယောက်တည်း အိမ်မက်မက်နေလို့ ရတာပဲလေ... ဒါနဲ့ နင်ကရော အဲ့ဒီလိုကောင်မျိုးကို ဘာလို့ တွဲခဲ့တာလဲ။ သူ့ဘာသာ အိမ်မက်ပဲ မက်နေခိုင်းလိုက်ရောပေါ့။”

“အာ... မသိတော့ဘူး၊ မသိတော့ဘူး။ ငါ ရူးသွားလို့နေမှာ။”

“ရူးတာပေါ့။ ဘန်ယူဂျောင်းက သာမန်ရူးတာ မဟုတ်ဘူး။ ကိုယ့်တန်ဖိုးကိုယ် မသိဘဲနဲ့။”

“ဟဲ့၊ ငါတစ်ယောက်တည်း ရူးတာလား။ အဲ့ဒီကောင်မလေးကလည်း ရူးနေတာပဲ... ဟင့်အင်း၊ အဲ့ဒီကောင်ကိုက ရူးနေတာ။ အာ... ရွံဖို့ကောင်းလိုက်တာ။ ပြီးခဲ့တဲ့ ၂ နှစ်ကအထိ ကျောင်းဝတ်စုံ ဝတ်နေသေးတဲ့ ကလေးမလေးကိုမှ။”

“အဲ့ဒါလည်း ဟုတ်သားပဲ။”

“အဲ့ဒီလိုဆိုမှ ဒီကောင် ဂင်ယွန်းဆူက ဂျင်ဟာနဲ့ အသက်တူတူပဲ မဟုတ်ဘူးလား။”

အမှတ်တမဲ့ ဝူဂျင်ဟာရဲ့နာမည် ထွက်လာခဲ့တယ်။ အခု ကျွန်မရဲ့ အခြေအနေကို ဘယ်ကနေ စရှင်းပြရမလဲလို့ ခဏလောက် တွေးနေမိပေမဲ့ မူးပြီး မျက်လုံးတွေ ဝေဝါးနေတဲ့ ယူဂျောင်းကိုကြည့်ပြီး ရှင်းပြဖို့ လက်လျှော့လိုက်တော့တယ်။ နောက်မှပဲ ပြောပြတော့မယ်လေ။

အသက်ရှိသေးရဲ့လား၊ တွေ့ချင်တယ်၊ ကလေးလေး မွေးပြီလား၊ မမွေးသေးရင် ဘယ်တော့ မွေးမှာလဲ၊ အိမ်ထောင်ကျသွားလို့ အခုလိုမျိုး ဆက်ဆံရေးကျဲသွားတာလား... အစရှိသဖြင့် ရည်းစားဟောင်းတစ်ယောက်လို ဖုန်းစခရင်န်တစ်ခုလုံး ပြည့်နေတဲ့ မက်ဆေ့ဂ်ျအရှည်ကြီးတွေက မနက် ၄ နာရီမှာ ရောက်နေတာကြောင့် တစ်ခုခုတော့ ဖြစ်နေပြီမှန်း သိလိုက်ပြီး ဂင်ဖိုကို လာခဲ့တာပါ။

ဘန်ယူဂျောင်းက ကိုယ်လေးလက်ဝန်နဲ့ ဖြစ်နေရမဲ့ဗိုက်မရှိတဲ့ ကျွန်မကိုကြည့်ပြီး “ဘာလဲ၊ ကလေးရော။ မွေးပြီးပြီလား” လို့ မေးခဲ့ပြီး၊ ကိုယ်ဝန်ပျက်ကျသွားပြီဆိုတဲ့ စကားကြောင့် ကော်ဖီပိုက်ကို ငုံထားလျက်သားကနေ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပြီး နောက်ဆုံးမှာ အော်ဟစ်ငိုချပါတော့တယ်။ ပြီးတော့ ဘာလို့ အခုအထိ စာမပို့ရတာလဲဆိုပြီး ငိုရင်းနဲ့ ကျွန်မကို ရိုက်ပါလေရော...။ အဲ့ဒီနောက်မှာတော့ ပြောစရာတွေ တစ်ပုံတပင် ရှိတယ်ဆိုပြီး အရက်ဆိုင်ကို ဆွဲခေါ်လာရာကနေ အခုလို စကားတွေ ဖြစ်လာတာပါ။

အထက်တန်းကျောင်းကတည်းက သူငယ်ချင်းဖြစ်တဲ့ ယူဂျောင်းက အရင်ကတည်းက ယောက်ျားကြည့်တတ်တဲ့မျက်စိ သိပ်မရှိပါဘူး။ သူ့ကိုချစ်ပြီး အကုန်လိုက်လျောပေးတဲ့ ယောက်ျားဆိုရင် စိတ်မဝင်စားလို့ ကန်ထုတ်တယ်၊ ပိုက်ဆံအများကြီး ရှာနိုင်တဲ့ ယောက်ျားဆိုရင်လည်း ဘာကြောင့်မှန်းမသိ စိတ်ရင်းမှန် မရှိဘူးဆိုပြီး ကန်ထုတ်တယ်၊ ရွေးရင်း ရွေးရင်း သူနဲ့မတန်တဲ့ ယောက်ျားတွေကိုပဲ တွေ့ပြီးတော့ ပေးဆပ်နေတတ်တာမျိုးလေ။

ယောက်ျားကြည့်တဲ့မျက်စိသာ မရှိရုံဖြစ်ပြီး အတွေးအခေါ် မရှိတာတော့ မဟုတ်တဲ့အတွက် တစ်နေ့ကျရင် သူမှားသွားမှန်း သိလာတတ်စမြဲပါပဲ။ အဲ့ဒီနောက်မှာတော့ မျက်ရည်တွေနဲ့ပဲ အဆုံးသတ်သွားတာပေါ့။

အဓိပ္ပာယ်ချင်း နည်းနည်းကွဲပြားပေမဲ့ ကျွန်မတို့က တူပါတယ်။ သိပ်ပြီး ပညာသားမပါတဲ့ ရွေးချယ်မှုတွေကို လုပ်မိကြတယ်၊ ပြီးရင် သဘာဝကျကျပဲ မကောင်းတဲ့ ဇာတ်သိမ်းတွေနဲ့ ရင်ဆိုင်ရတယ်လေ။

“...ဂျင်ဟာက အသက် ၃၂နှစ်။”

“အာ၊ ရူးလောက်တယ်... တော်တော်လေး စိတ်ပျက်စရာကောင်းတာပဲ။ ဂျင်ဟာက အဲ့ဒီလို ရှင်သန်နေတဲ့အချိန်မှာ အဲ့ဒီကောင် ဂင်ယွန်းဆူက ဘာတွေလုပ်နေလို့လဲ...”

“ပတ်ဝန်းကျင်ချင်းမှ မတူကြတာ။”

“ဂင်ယွန်းဆူသာ WK မှာ မွေးလာခဲ့ကြည့်ပါလား။ ဘာလုပ်ပြီး ရှင်သန်နေလောက်မယ်ထင်လဲ။”

“ကောင်းကောင်းနေနေလောက်မလား။”

“ဟဲ့၊ ပိုက်ဆံရှိလို့ ကောင်းကောင်း နေနိုင်တာမျိုးတင် မဟုတ်ဘူး။ ဂျင်ဟာလိုမျိုး အဲ့ဒီလောက် ခံ့ခံ့ညားညား နေနိုင်မှာလားလို့။ အမှန်အတိုင်းပြောရရင် အဲ့ဒီရုပ်ရည်မျိုးနဲ့သာ မွေးလာရင် အနုပညာရှင် ဖြစ်နေမှာ မဟုတ်ဘူးလား။ ဆင်းရဲတဲ့အိမ်မှာ မွေးလာရင်တောင် ရုပ်ရည်တစ်ခုတည်းနဲ့တင် မိသားစုကို မြှင့်တင်ပေးနိုင်လောက်မလား။”

“အဲ့ဒါကလည်း ဒီအတိုင်း မွေးရာပါမဟုတ်လား။”

“မဟုတ်ဘူးလေ၊ ငါပြောတာက။ ပါလာတဲ့ ပိုက်ဆံရှိသလို၊ ပါလာတဲ့ ပိုက်ဆံမရှိရင်တောင် ရုပ်ရည်ရှိနေတာကို ပြောတာ။ ငါသာ နင့်ယောကျ်ားအဖြစ် မွေးလာရင် ထမင်းဇွန်းကိုတောင် ကိုယ့်လက်နဲ့ကိုယ် ကိုင်မှာမဟုတ်ဘူး။”

ကျွန်မကတော့ ခပ်ဖွဖွပြုံးရင်း အရက်ခွက်ကို မော့လိုက်မိတယ်။

“ဒါနဲ့ သူ့ရဲ့ပညာအရည်အချင်းကိုလည်း ကြည့်ဦးလေ။ တကယ် မယုံနိုင်စရာပဲ မဟုတ်ဘူးလား။”

“အင်း၊ ရူးလောက်စရာပဲ။”

“ဒီမှာကြည့်။ နင်က ဒါကို သဘာဝကျသလိုမျိုး လက်ခံနေတာလား။ စာတော်တဲ့သူတွေက ပုံမှန်ဆို ဘယ်လိုရုပ်မျိုးမှန်း မသိဘူးလား။ လူဆိုတာ အရာအားလုံးကို ပိုင်ဆိုင်ဖို့ ခဲယဉ်းတယ်လေ၊ တစ်ခုခုကို ရထားရင် ကျန်တာတစ်ခုခုကတော့ လိုနေတတ်တာပဲ... ချောပြီးတော့ ဦးနှောက်မရှိတဲ့ကောင်တွေကို ကြည့်ကြည့်စမ်းပါ။ အဲ့ဒီလိုဖြစ်နေတာတောင် အံ့ဩစရာပဲ။ ကြည့်မကောင်းဘူးဆိုရင်တောင်မှ စာတော်နေပြီကို အရပ်ပါ ရှည်နေတာလေ။ အဲ့ဒါ အံ့ဖွယ်ရာပဲပေါ့။”

“အေးပါ၊ တော်ပါပေတယ်။”

“ဒါနဲ့ ဂျင်ဟာက ဘာလို့ အဲ့ဒီလောက်တောင် ကြိုးကြိုးစားစား ရှင်သန်ခဲ့တာလဲမသိဘူးနော်။”

“ဟုတ်ပါရဲ့။”

တော်တာမှ တအားကို တော်လွန်းနေတာလေ။

“နင် တကယ် အိမ်ထောင်ဖက်ကောင်း ရခဲ့တာပါ၊ ဟီဂျူရယ်။”

“...အင်း။”

“တောင်ကိုရီးယားမှာ နင့်လောက် အိမ်ထောင်ရေးကံကောင်းတဲ့ မိန်းမ ဘယ်နှယောက်များရှိမှာလဲ။”

လည်ချောင်းထဲ စီးဝင်သွားတဲ့ အရက်က ခါးသက်နေခဲ့တယ်။ ယူဂျောင်းရယ်... ငါ တကယ်တော့ အိမ်ထောင်ကွဲတော့မှာပါ။ ဒီစကားက ပြောရလွယ်သလိုလိုနဲ့ လည်ချောင်းထဲမှာတင် တစ်ဆို့နေတယ်လေ။

ထွက်လာတော့မလိုလိုနဲ့... နောက်ထပ်ပြောရမဲ့ စကားလုံးတစ်ခွန်းသာ ခေါင်းထဲပေါ်လာရင် ပြောဖြစ်သွားလောက်ပေမဲ့ အဲ့ဒီနောက်ပိုင်းမှာတော့ ဘာစကားမှ ဆက်မထွက်လာတော့ပါဘူး။ ရှင်းပြရမဲ့ အခြေအနေတွေက သိပ်မရှိဘူးဆိုပေမဲ့လည်း တစ်ခုခုတော့ ရှင်းပြရဦးမှာပါ။

ဒါပေမဲ့ အလွယ်တကူ လိမ်ညာလိုက်ဖို့တောင် အခုအချိန် ကျွန်မမှာ အားမရှိတော့ပါဘူး။ ‘နောက်မှပဲ ပြောတော့မယ်’ ဆိုပြီး ကျွန်မ ခေါင်းညိတ်ရင်း အရက်ကိုသာ ဆက်ပြီးတော့ တမြုံ့မြုံ့ သောက်နေမိတယ်။

“ဒါမျိုးကိုမှ ချမ်းသာတဲ့သူကိုယူပြီး ဘဝပြောင်းသွားတယ်လို့ ခေါ်တာ။ တစ်လကို နှစ်ဆယ်၊ သုံးဆယ်လောက်ပဲ ရှာနိုင်ပြီးတော့ အလုပ်ကောင်းကောင်းလုပ်နေတဲ့ မိန်းမကိုကပ်ပြီး ငွေအတွက် လက်ထပ်တယ်လို့ ပါးစပ်က မချတမ်း ပြောနေတဲ့ကောင်မျိုးတွေမဟုတ်ဘဲ...”

“အင်း။”

“ဟား... ငါ့ရဲ့ စိတ်ရင်းကို တစ်ချက် ကြည့်ကြည့်စမ်းပါဦး။ ဟီဂျူရယ်။ တစ်စက်လေးတောင် မနာလိုမဖြစ်ဘဲနဲ့ ဒီလိုတွေ ပြောနေတာလေ၊ ဟင်။ နင် ကောင်းစားတာကို တကယ့် စိတ်ရင်းနဲ့ ဝမ်းသာပေးနေတာ။ နင့်ကိုကြည့်ပြီး ငါ တကယ် ဂုဏ်ယူတယ်။ ငါ့ရဲ့ အောင်မြင်မှုတစ်ခုလိုပဲ။”

“သိတာပေါ့၊ ဘန်ယူဂျောင်းရယ်။ နင် သဘောထားဘယ်လောက်ကြီးကြောင်း။”

“ပြောရင်းနဲ့ ကိုယ့်ရဲ့ စိတ်ကောင်းရှိမှုကိုယ် ကိုယ်တိုင်တောင် ပြန်ပြီးကြည်ညိုမိတယ်...”

“အရှက်မရှိရာကျပေမဲ့ အမှန်တရားပဲ။”

“ငါက အဲ့ဒီလောက် စိတ်ထားကောင်းတာကို ဘာလို့ ကံမကောင်းရတာလဲ၊ ဟီဂျူရယ်... ငါနဲ့တွေ့တဲ့ ယောက်ျားတွေက ဘာလို့ အကုန်လုံး အဲ့ဒီလိုတွေပဲ ဖြစ်နေတာလဲ။ ငါလေ ဘာမှလည်း အကြီးအကျယ် လောဘမတက်ခဲ့ပါဘူး...”

အဖြေကို သိနေပေမဲ့ သူတစ်ပါးရဲ့ အားနည်းချက်ကို တည့်တည့်ထိုးနှက်တာမျိုး မလုပ်သင့်ဘူးလေ။ ‘အဆင်ပြေတဲ့ ယောက်ျားတွေကိုကျတော့ ထားခဲ့ပြီး ဘေးလူတွေ တားနေတဲ့ ယောက်ျားတွေကိုမှ ရွေးတွေ့နေတာကိုး...’ တက္ကသိုလ်တုန်းက အဲ့ဒီလိုစကားမျိုး ပြောခဲ့မိလို့ သူငယ်ချင်းအဖြစ်ကနေ ပြတ်စဲခံရလုနီးပါး ဖြစ်ခဲ့ဖူးတာကြောင့် ဘန်ယူဂျောင်းရဲ့ ယောက်ျားကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်မက သေချာ စည်းစောင့်တတ်တဲ့ဘက်ကပါ။ တကယ်ကို မဖြစ်မနေ ပြောရမဲ့ အခြေအနေမျိုးကျမှပဲ မဖြစ်ဘူးလို့ ပြောပေးဖို့ ဆုံးဖြတ်ထားတာလေ။

နေပါဦး... ကိုယ်တိုင်တောင် လမ်းခွဲရတော့မှာကိုများ ဘယ်သူက ဘယ်သူ့ကို...။ ယူဂျောင်းကို သူ့ရဲ့ ရင်နာစရာ ရည်းစားအကြောင်း ပြောနေတဲ့ဆီပဲ ပြန်သွားစေချင်မိပါတယ်။ ဘာမှမပြောဘဲ နေနေရတာကပဲ လိမ်နေသလို ခံစားရတာကြောင့်ပါ။

“အရင်ဆုံး အဲ့ဒီလူနဲ့ လမ်းခွဲလိုက်။ အဲ့ဒီနောက်မှပဲ ထပ်စဉ်းစားကြတာပေါ့။”

“အခုအထိ သူ့ကို ချစ်နေသေးတယ်ဆိုရင် ငါက ရူးနေတာပဲ မဟုတ်လား။”

“အင်း၊ နည်းနည်းပေါ့။”

“သံယောဇဉ်တွေ ကျန်နေသေးရင် ရူးတာပဲပေါ့။”

“အင်း၊ တော်တော်လေး။”

“ဖောက်ပြန်တာ မဟုတ်ဘဲ ဖုန်းနဲ့ပဲ ဆက်သွယ်ခဲ့တာကိုလေ...”

“အဲ့ဒါ ဖောက်ပြန်တာပဲပေါ့၊ ဘန်ယူဂျောင်းရယ်။”

“သူ့အကျင့်ကို ပြင်ပေးပြီး စောင့်ကြည့်ရင်ရော...”

“တော်စမ်းပါ၊ ဖောက်ပြန်တာလို့ ပြောနေတယ်လေ။”

“ဘာလဲ။ ဘယ်သူက ဖောက်ပြန်လို့လဲ။”

ခေါင်းပေါ်ကနေ ထွက်လာတဲ့ အသံကြောင့် ကျွန်မ လန့်ပြီး ခေါင်းကို ဝှစ်ခနဲ လှည့်ကြည့်လိုက်ရာက တစ်ချက် မူးသွားလို့ မျက်မှောင်ကြုတ်လိုက်မိတယ်။ ဂင်ယွန်းဟျောင်းပါ။

“...နင်က ဘာလို့ ဒီရောက်လာတာလဲ။”

“တစ်စုံတစ်ယောက် ခေါ်လို့လေ။”

ယွန်းဟျောင်းက ယူဂျောင်းဘက်ကို မေးငေါ့ပြပြီးတော့ ကျွန်မဘေးက ထိုင်ခုံကိုဆွဲယူပြီး ထိုင်လိုက်တယ်။ ဘယ်တုန်းက ခေါ်လိုက်တာပါလိမ့်။ ကျွန်မ အံ့ဩတကြီးနဲ့ ယူဂျောင်းကို ကြည့်လိုက်တော့ သူက ဘာမှမမှတ်မိတော့တဲ့အတိုင်း ပြုံးရွှင်ပြီး လက်ညှိုးထိုးနေတာပါ။ လမ်းမှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသလိုမျိုးပေါ့။

“ဪ။ ဂင်ယွန်းဟျောင်း။”

“သူက မူးတောင်နေပြီလား။”

“နင့်ကို လုပ်နေတဲ့ပုံကြည့်ရတာတော့ တော်တော်လေး မူးနေပြီထင်တယ်။”

“နှစ်ယောက်တည်း သုံးပုလင်းတောင် သောက်ထားကြတာလား။ ဘာလဲ၊ ဘီယာခွက်ကြီးတွေတောင် တစ်ယောက်တစ်ခွက် သောက်ထားသေးတာပဲ။”

“ဘန်ယူဂျောင်းက နှစ်ပုလင်း။”

“ဒါဆို နင်က တစ်ဝက်သောက်တာပေါ့... ဒါပေမဲ့ နင်လည်း အခြေအနေ သိပ်မကောင်းတဲ့ပုံကို။”

“ငါက မသောက်တာ တအားကြာလို့ အဲ့ဒီလိုပေါ့။”

ဒီနေရာမှာ မမူးသေးတဲ့လူတစ်ယောက် ရှိနေပြီမို့ စိတ်အေးသွားလို့ပဲလားမသိ၊ ကျွန်မရဲ့ သတိထားနေတဲ့စိတ်က လျော့ကျလာတော့တယ်။ ကျွန်မ ဂင်ယွန်းဟျောင်းကို အဲ့ဒီလိုပြန်ဖြေပြီးတာနဲ့ နောက်ထပ်တစ်ခွက် ထပ်မော့လိုက်တယ်။

“ ‘မသောက်တာ ကြာလို့’ ဆိုရင် အဲ့ဒီနောက်က ‘အရက်က မဝင်ဘူး’ ဆိုတာမျိုး ဖြစ်ရမှာမဟုတ်ဘူးလား။”

“အင်း၊ မဝင်ဘူး။”

“မဝင်တာကို ဘာလို့ ဆက်သောက်နေတာလဲ။”

ဂင်ယွန်းဟျောင်းက စိတ်မရှည်သလို ခပ်တိုးတိုးရယ်ရင်း ကျွန်မလက်ကောက်ဝတ်ကိုကိုင်ပြီး အောက်ကို ချပေးခဲ့တယ်။ အဲ့ဒီအတောအတွင်းမှာ ဘန်ယူဂျောင်းက နောက်တစ်ခွက် ထပ်သောက်ပြန်ပါတယ်။ ဂင်ယွန်းဟျောင်းလည်း ချက်ချင်းပဲ ထိုင်ရာကထပြီး သူ့ခွက်ကို လုယူရတော့တာပေါ့။

“အား။ ဘာလို့ လုတာလဲ။”

“ဘန်ယူဂျောင်း၊ နင်က လူကို အချိန်ဖြုန်းဖို့ ခေါ်ထားပြီးတော့ ဘာလုပ်နေတာလဲ။ ဘာလို့ အခုကတည်းက မူးနေရတာလဲ။”

“အဲ့ဒီလိုဖြစ်စရာ အကြောင်းရှိလို့ပေါ့... ငါက... ငါတို့ ဟီဂျူက... ဟာ... တကယ်ပဲ။”

“ညစာစားနေမယ်ထင်ပြီး အေးအေးဆေးဆေး လာခဲ့တာကို၊ အရက်ဆိုင်မှာ ရောက်နေပြီဆိုလို့ လာကြည့်တော့ အကုန်လုံး ပြီးနေပြီ... နင်တို့ကတော့ တကယ်ပဲ...”

“အခု ဘယ်နှနာရီ ရှိပြီလဲ။”

“၉ နာရီတောင် မထိုးသေးဘူး။ တော်ကြပါတယ်၊ နင်တို့တွေ။ သောက်ရမ်း အချိန်မှန်မှန်နဲ့ကို မူးနေကြတာပဲ။”

“ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဖြစ်လာပြီဆိုတော့ နင် ဆက်မသောက်နဲ့တော့။ ငါနဲ့ ငါတို့ ဟီဂျူကို အိမ်ပြန်ပို့ပေးရမယ်လေ။”

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment