no

Font
Theme

အခန်း ၇၁

Translator - D

အခု အချိန်သိပ်မကျန်တော့တာမို့လို့။

တစ်ချိန်ကစပြီး အဲ့ဒီနေ့အကြောင်း ဆက်တိုက် အိပ်မက်မက်လာခဲ့တယ်။

သွေးစွန်းနေတဲ့ စကတ်၊ ဖြူဖပ်ဖြူရော် ဖြစ်နေတဲ့ ရှင်းဟီဂျူရဲ့ မျက်နှာ၊ မျက်ရည်တွေ စီးကျနေပေမဲ့ ငါ့ဘက်ကိုတော့ ဘာဆိုဘာမှ ကျန်ရစ်မနေတော့တဲ့ မျက်ဝန်းတွေ……

မျက်လုံးဖွင့်လိုက်တာနဲ့ ရှင်းဟီဂျူက ဘေးမှာ လဲလျောင်းနေ၊ မနေကို အတည်ပြုမိတယ်။

အဲ့ဒီနောက် တစ်စထက်တစ်စ ပြားချပ်လာတဲ့ ဗိုက်ကို ငေးကြည့်ရင်း၊ စိုးရိမ်ပူပန်မှုတွေကို မျိုသိပ်ပြီး အိပ်ပျော်နေတဲ့ မျက်နှာလေးကို ပွတ်သပ်ချင်တဲ့ ဆန္ဒကို ချုပ်တည်းရတယ်။

မျက်လုံးဖွင့်လာရင် ငါ့ကို ထပ်ပြီး တွန်းထုတ်ဦးမှာမို့လို့။

ရှင်းဟီဂျူက တစ်ခါ ငါ့ကို ထားသွားခဲ့ပြီးပြီလေ။

“ပိုက်ဆံကြောင့် ရှင့်ဘေးမှာ ရှိနေခဲ့တာ မဟုတ်သလို၊ ပိုက်ဆံပေးတယ်ဆိုတိုင်း ရှင့်ဘေးမှာ ဆက်နေမှာ မဟုတ်ဘူး။ ကျွန်မမှာ မိဘမရှိလို့ သနားစရာ ကောင်းတဲ့ မိဘမဲ့ကလေးလို့ ထင်နေတာလား။ ကျွန်မ ရှင်နဲ့ မတွေ့ခင်ကတည်းကလည်း ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ခဲ့တာပဲ။ ရှင်က ဘာမို့လို့ ကျွန်မကို အဆုံးအထိ ဒီလိုပုံစံနဲ့……”

တစ်ခုခုကို လိုချင်တပ်မက်နေခဲ့ရင် ပိုကောင်းမှာကို။

ပိုက်ဆံဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်။

မင်းမှာ လိုအပ်နေတာလေးတွေ ရှိနေရင်ကောင်းမှာကို။

တကယ်ပဲ၊ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။

မင်းကို ချည်နှောင်ထားလို့ရမဲ့ အကြောင်းပြချက်တစ်ခု ဖြစ်လာရင်ကို ရပြီ…

အချစ်တစ်ခုတည်းကိုပဲ တောင့်တခဲ့တဲ့ မိန်းမက၊ အချစ်ကို ထပ်ပြီး မလိုချင်တော့တဲ့အခါ ငါ့ဆီမှာ ဘာကိစ္စမှ မရှိတော့တဲ့ပုံစံမျိုးနဲ့ အကြည့်လွှဲသွားတော့တယ်။

အရာရာတိုင်းက အရင်အတိုင်း ဖြစ်နေပေမဲ့၊ အဲ့ဒီအခန်းထဲက အထုပ်အပိုးတွေပဲ ပျောက်ကွယ်သွားခဲ့တာပါ။

အတိအကျ ပြောရရင် ငါ ရှင်းဟီဂျူကို မပေးခဲ့တဲ့ အရာအားလုံးပေါ့။

ရှင်းဟီဂျူ ဘယ်လိုအဓိပ္ပာယ်နဲ့ ထွက်သွားခဲ့လဲဆိုတာ အင်မတန် ရှင်းလင်းနေပေမဲ့လည်း ငါကတော့ အရူးလို လူသူကင်းမဲ့တဲ့ အိမ်ထဲမှာ လျှောက်သွားနေခဲ့တယ်။

ငါ တွေးထားတာ မဟုတ်ဘူးဆိုတဲ့ သက်သေအထောက်အထား လိုအပ်တာကြောင့်ပါ။

အလကားနေရင်း မျှော်လင့်နေမိတဲ့ မျှော်လင့်ချက်အမှားက အမှိုက်ပုံးထဲက ကလေးအဝတ်အစားတွေကို တွေ့လိုက်ရတဲ့ ခဏမှာပဲ ပျောက်ကွယ်သွားတော့တယ်။

သေဆုံးနေတဲ့ ကလေးကို အမှိုက်ပုံးထဲမှာ တွေ့လိုက်ရသလိုမျိုး လည်ချောင်းတစ်ဝိုက်က အေးစက်သွားခဲ့တယ်။

မင်း စွန့်ပစ်လိုက်တာက အခု ဘာမှအသုံးမဝင်တော့တဲ့ ပစ္စည်း မဟုတ်ဘဲ အိမ်ထောင်ရေးဖြစ်နေသလို ထင်ရလို့။

ငါဖြစ်နေသလို ထင်ရလို့။

အရူးလို အမှိုက်ပုံးထဲက ကလေးအဝတ်တွေကို ဆွဲထုတ်ပြီး အောက်ဆုံးမှာ သီးသန့် ကျန်ရစ်နေတဲ့ မှတ်စုစာအုပ်နဲ့ အာထရာဆောင်း ဓာတ်ပုံကို တွေ့လိုက်ရချိန်မှာ ငါ တစ်ချက်တော့ အဲ့ဒီအရာတွေကို မထုတ်ယူနိုင်ဘဲ ငေးကြည့်နေမိပြီးမှ တုန်ယင်နေတဲ့ လက်တွေနဲ့ အကုန်လုံးကို တစ်ပြိုင်နက်တည်း ကောက်ယူလိုက်မိတယ်။

ရှင်းဟီဂျူရဲ့ နာမည် ရေးထားတဲ့ ကိုယ်ဝန်ဆောင်မှတ်တမ်းစာအုပ်၊ ဘယ်လိုအလှဆင်မှုမှ မရှိတဲ့ သားရေမှတ်စုစာအုပ်တစ်အုပ်၊ ပြီးတော့ ဓာတ်ပုံတစ်ပုံ…

ဓာတ်ပုံထဲမှာတော့ ကလေးရဲ့မျက်နှာ ရှိနေခဲ့တယ်။

တကယ့်လူသားတစ်ယောက်လိုမျိုး……

ဒီအချိန်အထိ ကလေးကို ဘာရယ်လို့ မှတ်ယူသဘောထားခဲ့မိမှန်းတောင် မသိတော့ပါဘူး။

လူတစ်ယောက်နဲ့ တူနေတာကို အံ့ဩသွားတာလား။

တုန်လှုပ်မိတာလား။

ငါ မျက်နှာကို ရှုံ့မဲ့ရင်း ရယ်လိုက်မိတယ်။

ဒါပေမဲ့ ငါတို့ရဲ့ ကလေးက ငါ တွေးထားတာထက်ကို အများကြီး ပိုပြီး လူသားနဲ့ တူနေတယ်ဆိုတဲ့ အချက်ထက် ပိုတုန်လှုပ်​ချောက်ချားစရာ ကောင်းတာကတော့ ရှင်းဟီဂျူက ဒီဓာတ်ပုံကို သူ့လက်နဲ့သူ ကိုယ်တိုင် စွန့်ပစ်ခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။

ဘယ်လိုပဲ တွေးကြည့်ပါစေ ဘယ်လိုမျက်နှာထားနဲ့ ဒါကို စွန့်ပစ်ခဲ့မလဲဆိုတာ လုံးဝ စိတ်ထဲမှာ မြင်ယောင်ကြည့်လို့ မရခဲ့ဘူး။

ငါ မသိတဲ့ ရှင်းဟီဂျူရဲ့ ပုံစံကြောင့် ကြောက်စရာကောင်းတဲ့ စိုးရိမ်ကြောက်ရွံ့မှုမျိုး ဖြစ်လာတယ်။

အဲ့ဒီကြောက်ရွံ့မှုရဲ့ အရင်းအမြစ်အထိ လိုက်သွားကြည့်မယ်ဆိုရင် သဘာဝကျကျပဲ…

သဘောကျနေမိလို့ စွန့်ပစ်ခံရမှာကို မလိုလားတဲ့ ကလေးတစ်ယောက်လို စိုးရိမ်ပူပန်မှုမျိုး ဖြစ်မှာပါ။

အဲ့ဒီအချိန်တုန်းကတော့ ငါက ကမ်းပါးစွန်းမှာ ရောက်နေရင်တောင် အဲ့ဒီအချက်ကို ဝန်ခံဖို့ ဝန်လေးနေခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်တဲ့ ဖိစီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။

ဒါပေမဲ့လည်း သဘောပေါက်လက်ခံရမဲ့ အချက်ကတော့ ကလေးဆိုတာ အစကတည်းက ရှင်းဟီဂျူအတွက် လက်မှတ်မဟုတ်ဘဲ ငါ့အတွက် လက်မှတ်ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

မင်းအတွက်တော့ နောက်ဆုံးမှာ ဘာမှ ထပ်မလိုတော့ပေမဲ့၊ ငါ့အတွက်ကတော့ သေလောက်အောင် လိုအပ်နေဆဲမို့လို့။

****

တစ်နေကုန် မနက်ခင်းကတည်းက မင်္ဂလာဝတ်စုံ သွားဝတ်ကြည့်ခဲ့တယ်လို့ ပြောလာတဲ့ မိန်းမက မနက်စောစောကထက် ပိုပြီး ပင်ပန်းနွမ်းနယ်နေတဲ့ပုံနဲ့ပါ။

ဓာတ်ပုံတွေ ဘာတွေ မရှိဘူးလားလို့ မေးချင်စိတ် ပေါ်လာပေမဲ့လည်း ထူးဆန်းစွာနဲ့ အဲ့ဒီလောက်အထိ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးလည်း မဟုတ်သေးဘူးလို့ ထင်မိတာကြောင့် ဒီအတိုင်းပဲ ဟုတ်လားဆိုပြီး ပြီးစလွယ် ဖြေခဲ့မိတယ်။

ရှင်းဟီဂျူက အဲ့ဒီလိုမျိုးတွေ လုပ်တတ်တဲ့သူ ဖြစ်မယ်လို့လည်း မထင်မိဘူးလေ။

ငါတို့တွေ အချိန်အတော်ကြာအောင် စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေခဲ့ကြတယ်။

မင်္ဂလာပွဲရောက်ဖို့ကတော့ တစ်ပတ်တောင် မလိုတော့ပါဘူး။

အမေက နှစ်ပတ်ဆိုတဲ့ တိုတောင်းလှတဲ့ အချိန်ကာလအတွင်းမှာ ငါတို့ရဲ့ မင်္ဂလာပွဲက ၁၀ လကျော်ကြာအောင် ပြင်ဆင်ထားခဲ့သလို ပုံစံပေါက်စေဖို့ အစွမ်းကုန် ကြိုးစားနေခဲ့တာပါ။

အဲ့ဒါအပြင် ဗိုက်ကြီးနာထတာတွေ စလာပြီး အစားအသောက်တွေ ကောင်းကောင်းမစားနိုင်တော့တဲ့အတွက် ရှင်းဟီဂျူ ကိုယ်ဝန်ရှိလာပြီးမှ ပြန်ပြီး ယိုယွင်းလာတာကလည်း မဆန်းပါဘူး။

ငါက ရှင်းဟီဂျူရဲ့ နွမ်းလျယိုယွင်းနေတဲ့ မျက်နှာကို စိုက်ကြည့်နေပြီး၊ ရှင်းဟီဂျူကတော့ အရှေ့က လက်ဖက်ရည်ခွက်ကို ကိုင်ကစားနေတဲ့အချိန်မှာ အစည်းအဝေးခန်းမကြီးထဲကနေ ထွက်လာတဲ့ လူတွေ ငါတို့ရုံးခန်းရှေ့က ဖြတ်လျှောက်သွားတဲ့ အသံတွေကို ကြားလိုက်ရတယ်။

ငါ တင်ပါးလွှဲထိုင်နေတဲ့ ရှင်းဟီဂျူရဲ့ စားပွဲကို ငေးကြည့်မိသွားတယ်။

ငါ့စားပွဲခုံကနေဆိုရင် ရှင်းဟီဂျူရဲ့ အသံကိုတောင် မကြားရဘဲ၊ ရှင်းဟီဂျူ စောင့်ကြပ်ခဲ့တဲ့ အခန်းအပြင်ဘက်ကတော့ တကယ် ဆူညံတာပါလားလို့ တွေးမိရင်းပေါ့။

လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက လစ်လပ်နေခဲ့တဲ့ နေရာပါ။

အရာရာတိုင်း ပြောင်းလဲသွားရခြင်းရဲ့ အစပျိုးရာနေရာ။

“ဝူဂျင်ဟာရှင့်။”

အကြာကြီး လက်ဖက်ရည်ခွက်ကို ကိုင်ကစားနေခဲ့တဲ့ လက်တွေက စားပွဲအောက်ဘက်ကို ရောက်သွားတယ်။

ငါလည်း ပထမဆုံးအကြိမ်အဖြစ် ငါ့နာမည်ကို ခေါ်လာတဲ့ ရှင်းဟီဂျူကို ငေးကြည့်လိုက်မိတယ်။

“ကျွန်မတို့ လက်မထပ်ခင်မှာ သိထားမှဖြစ်မဲ့အရာ ရှိပါတယ်။”

အောက်ကို စိုက်ချထားတဲ့ မျက်ခွံတွေ ပင့်တက်လာပြီး အညိုနုရောင် မျက်ဝန်းတွေ ပေါ်ထွက်လာတယ်။

ဘာကြောင့်မှန်းမသိ တင်းမာနေသလိုလို၊ တစ်စုံတစ်ခုကို လက်လျှော့လိုက်ရသလိုလို ဘာမှန်းအတိအကျ မသိရတဲ့ အကြည့်တွေလို့ တွေးမိခဲ့တာပေါ့။

“ကျွန်မ… ကျွန်မက ဝူဂျင်ဟာကို ချစ်နေတာမို့လို့၊ လက်ထပ်တဲ့အခါ ဝူဂျင်ဟာက ကျွန်မကို မချစ်ဘူးဆိုတဲ့ အချက်ကို သည်းခံနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။”

“…….”

“ပြီးတော့ အဲ့ဒီအချက်က တစ်ခါတလေ ရှင့်ကို သည်းခံဖို့ ခက်ခဲအောင်လည်း လုပ်နိုင်ပါတယ်။”

တည်ငြိမ်အေးဆေးလှတဲ့ ဖွင့်ဟဝန်ခံချက်ပါ။

ဖွင့်ဟဝန်ခံတယ်ဆိုတာထက် ကြိုတင်ပြီး ဒုက္ခပေးမိမှာကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုနေသလိုပုံစံမျိုးပါပဲ။

တစ်ချိန်က….ဟင့်အင်း တစ်သက်လုံး၊ ငါ့အတွက်တော့ အချစ်ဆိုတဲ့ စကားကို ကြားရတာက တကယ် ခက်ခဲတဲ့ကိစ္စပါ။

အဲ့ဒီစကားထက် ပိုပြီး ရွံစရာကောင်းတာ ဘာမှမရှိဘူးလေ။

အဲ့ဒီလို ပုံစံမျိုး ရှိတယ်ဆိုတာကို သိပေမဲ့လည်း ရာရာစစ အဲ့ဒီအရာကို အမည်တပ်ပြီး မခေါ်ချင်ခဲ့ပါဘူး။

တစ်သက်လုံး မျက်နှာတောင် မမြင်ချင်တဲ့ လူလိုမျိုး။

ရှင်းဟီဂျူ ငါ့ကို ချစ်မှန်း သိပေမဲ့လည်း အဲ့ဒီအကြောင်းကို စိတ်ထဲမှာပဲ ထည့်ထားချင်ပြီး အပြင်ကို မထုတ်ချင်တာနဲ့ အတူတူပါပဲ။

အဆင်သင့်မဖြစ်သေးဘဲ အဲ့ဒီစကားလုံးနဲ့ ရုတ်တရက် ရင်ဆိုင်လိုက်ရတာက နည်းနည်း ရွံစရာကောင်းနေလို့ လည်ချောင်းထဲမှာ စိုက်နေတဲ့ ဆူးကို ထွေးထုတ်သလိုမျိုး ပြန်ပြောလိုက်မိတယ်။

“ငါလည်း ရှင်းဟီဂျူရဲ့ ခန္ဓာကိုယ်လောက်ကိုတော့ သဘောကျတယ်။”

“…….”

“ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလိုအရာတွေက ဘာအဓိပ္ပာယ်မှ မရှိတဲ့ ခံစားချက်တွေမို့လို့ သဘောအတိုင်းသာ လုပ်ပါ။ အရေးကြီးတဲ့အချက်က ရှင်းဟီဂျူ ငါ့ကလေးကို လွယ်ထားတယ်ဆိုတဲ့ အချက်ရယ်၊ ငါ့မှာ ဒီမတော်တဆမှုအတွက် တာဝန်ယူရမဲ့အလုပ်ပဲ ကျန်တော့တယ်ဆိုတာရယ်ပဲပေါ့။”

“…….”

“အဲ့ဒါကြောင့် ငါတို့တွေ အဆင်ပြေသွားမှာပါ။”

ဖန်ခွက်ကွဲသွားသလို ရှင်းဟီဂျူရဲ့ ကြည်လင်တဲ့ မျက်ဝန်းတွေက တစ်ချက်လေး ကွဲအက်သွားခဲ့တယ်။

ဒါပေမဲ့ ဘာမှမဖြစ်ခဲ့သလို တစ်ဖန်ပြန်ပြီးတော့ ပြီးပြည့်စုံသွားတာပါပဲ။

စဉ်းစားကြည့်ရင် ဟီဂျူက အဲ့ဒီနေ့ကစပြီး မရယ်တော့ပါဘူး။

ပြီးတော့ အဲ့ဒီနေ့ကစပြီး ငါ့ကမ္ဘာကလည်း ခြောက်သွေ့သွားတော့တယ်။

****

မျက်လုံးဖွင့်လိုက်ပေမဲ့ အိပ်ရာကနိုးလာတာနဲ့ တူမနေပါဘူး။

ငါ ရီဝေထိုင်းမှိုင်းနေတဲ့ စိတ်ရဲ့အလယ်မှာပဲ ကိုယ်ကိုထူလိုက်တယ်။

လက်ကိုင်ဖုန်းကနေ နှိုးစက် မြည်နေပါပြီ။

ရက်စွဲရော အချိန်ကိုပါ မသိဘဲ လေးလံထိုင်းမှိုင်းနေတဲ့ ဦးနှောက်က အသံထွက်လာတဲ့ဘက်ကိုတောင် အတိအကျ မခန့်မှန်းနိုင်ခဲ့ဘူးလေ။

ငါ ဟိုတယ်အခန်းကို သေချာ လှည့်ပတ်ကြည့်လိုက်တယ်။

နှိုးစက်သံ ရပ်သွားပေမဲ့ ဘယ်လိုမှ စိတ်မဝင်စားမိဘူး။

ငါရှာနေတာ အစကတည်းက ဖုန်း မဟုတ်ဘဲ ဆေးဖြစ်နေလို့ပါ။

ဒယီးဒယိုင် ထလာပြီး ဦးနှောက်နိုးကြွဆေးကို မျိုချလိုက်တယ်။

အိပ်ဆေးရဲ့ အရှိန်က အခုအထိ ကျန်နေတုန်းပါ။

အချိန်ကို ကြည့်လိုက်တော့ မနက် ခြောက်နာရီတောင် မရှိသေးပါဘူး။

ရက်ပေါင်းများစွာ ဆေးနဲ့ အိပ်ပျော်အောင်လုပ်ခဲ့ရပေမဲ့ တကယ်တမ်းက သုံးနာရီပဲ ကုန်လွန်သွားခဲ့တယ်။

နှိုးစက်သံတောင် မကြားရလောက်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ဖူးတာ ဘယ်တုန်းကလဲလို့ တွေးမိရလောက်တဲ့အထိ ခန္ဓာကိုယ်ရဲ့ ဆေးယဉ်ပါးမှုက မြန်ဆန်လွန်းလှတယ်လေ။

နှိုးစက်ကို ဖြုတ်ပစ်လိုက်မလားလို့ တွေးမိပေမဲ့ ဟီဂျူ တစ်ချိန်က ပြန်ချိန်ပေးဖူးတာကို သတိရသွားလို့ မထိရဲခဲ့ပါဘူး။

ဆေးက ငါ့ကို အိပ်ပျော်စေမဲ့အစား စိတ်ငြိမ်စေခဲ့တယ်။

မနက်ရောက်ပြီဆိုရင် အိပ်မက်နဲ့ လက်တွေ့ရဲ့ နယ်နိမိတ်က ဝေဝါးနေတတ်တယ်လေ။

အဲ့ဒီလို ဘာမှမတွေးဘဲ ထိုင်နေရာကနေ စက်ရုပ်လို ထရပ်ပြီး အလုပ်သွားလိုက်ရင် ကမ္ဘာကြီးက ဒီအတိုင်း လည်ပတ်သွားတာပါပဲ။

ပြီးတော့ ငါကလည်း ဟီဂျူ တစ်ချိန်က လုပ်ခဲ့ဖူးသလို လေယူရာအတိုင်း ရှင်သန်ခဲ့တယ်။

‘သူ ဘာတစ်ခုမှ ယူမသွားဘူး။ သူ့ပစ္စည်းတွေ၊ သူ့အဝတ်အစားတွေ၊ လက်မထပ်ခင်က ငါတို့ ဝယ်ပေးခဲ့တာတွေ အားလုံး တစ်ခုမကျန်ပဲ။’

ဟီဂျူလိုမျိုး ကြိုတင်သတ်မှတ်ထားတဲ့ အလုပ်တွေကို လုပ်ပြီး ပေးလာတဲ့ အခြေအနေတွေအပေါ်မှာပဲ တုံ့ပြန်ရင်းနဲ့ပေါ့။

စိတ်ပျက်စရာကောင်းလောက်အောင် တအား ကြိုးစားပမ်းစားနဲ့လေ။

‘ရယ်စရာကောင်းတာက ကွာရှင်းဖို့ ဆုံးဖြတ်ပြီးမှ ငါ လက်ဆောင်အဖြစ် ဝယ်ပေးခဲ့တာ တချို့ရှိတယ်၊ အဲ့ဒါတော့ သူ ယူသွားသားပဲ။ အဲ့ဒါကိုတော့ သူ့ပစ္စည်းလို့ သတ်မှတ်တယ်ထင်ပါရဲ့... ငါ သူ့ကို ပထမဆုံးအကြိမ်အဖြစ် မေးမြန်းပြီး ဝယ်ပေးခဲ့တာမို့လို့လေ။’

သူ့ပစ္စည်း...

ငါ ပေးခဲ့တာတွေထဲမှာ တစ်ခုလေးဖြစ်ဖြစ် ဟီဂျူ့ပစ္စည်း ဖြစ်ခဲ့ဖူးရဲ့လား။

ငါ ဝိုးတဝါး တွေးမိသွားတယ်။

အမေနဲ့ ဖုန်းပြောခဲ့တာက တော်တော်ကြာသွားပြီဖြစ်တဲ့ မှတ်ဉာဏ်တွေထဲ ရောက်သွားပြီလေ။

ဟီဂျူ ထွက်သွားတာလည်း အဲ့ဒီလောက်တောင် ကြာသွားပြီဆိုတဲ့ သက်သေပေါ့။

ငါက ရူးကြောင်ကြောင်နဲ့ အဆက်အစပ်မရှိတဲ့ အတွေးတွေကို ဆက်တိုက် တွေးနေမိတယ်။

သေချာ မမှတ်မိတော့ဘူး။

ဟီဂျူရဲ့ ပုံစံကို။

ဒီတစ်ခါတော့ ဟီဂျူ ရယ်နေတာကို မြင်ချင်လို့ စဉ်းစားကြည့်ပေမဲ့ သည်းသည်းမည်းမည်း ရွာချနေတဲ့ မိုးရေထဲမှာ ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ မျက်နှာကို ဖမ်းဆုပ်ရသလောက်ကို ခက်ခဲနေတာပါ။

ဒီတစ်ခါတော့ မျက်နှာကို သေချာ မမှတ်မိတော့ဘူး။

ဒီတစ်ခါတော့ အသံကို။

ဒီတစ်ခါတော့ ငါတို့ကြားမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို။

အဲ့ဒီနောက် ငါတို့ မကြာခင် လက်ထပ်တော့မယ်ဆိုတဲ့ အတွေးကို တွေးမိသွားတဲ့အခါမှသာ ငါ့ကိုယ်ငါ ဘယ်လောက်တောင် ရူးနေမှန်း သဘောပေါက်လာပြီး သတိပြန်ဝင်လာတော့တယ်။

ဦးနှောက်နိုးကြွဆေးက ဦးနှောက်ကို တဖြည်းဖြည်း နှိုးဆွနေပါပြီ။

မှတ်ဉာဏ်တွေ တစ်ဖန် ပြန်လည် ထက်မြက်လာတော့တယ်။

ငါ ဆေးရှိန်တက်နေတဲ့ ခေါင်းထဲမှာ မင်းရဲ့မျက်နှာကို၊ မင်းရဲ့အသံကို ဘယ်လောက်ပဲဖြစ်ဖြစ် ပြန်ဖော်ထုတ်နိုင်ခဲ့တယ်။

မရယ်တဲ့မျက်နှာကိုတောင် ရယ်အောင် ဖန်တီးပေးနိုင်လာတယ်လေ။

မင်း ရယ်လိုက်ရင် လောကကြီးကလည်း တစ်ဖန်ပြန်ပြီး ကောင်းလာသလိုပါပဲ။

အဲ့ဒီတုန်းက အဲ့ဒါကို အချစ်မှန်း မသိခဲ့တာပါ။

****

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment