အခန်း ၆၆
Translator - D
ကျိန်းသေပေါက် ရှင်းဟီဂျူကတော့ တောင့်ခံသွားမှာပါပဲ။ ငါ အိမ်ထောင်ပြုသွားလို့ ငါ့ဘဝရဲ့ ဘယ်အရာတွေပဲ ပြောင်းလဲသွားပါစေ၊ သူ့မျက်လုံးထဲမှာတော့ ဘာမှပြောင်းလဲမသွားတဲ့အတိုင်း ဆက်ပြီး အလုပ်လုပ်နေမှာပေါ့။ စိတ်ကျဉ်းကျပ်ရလောက်အောင် ဝီရိယရှိလွန်းလှတဲ့အပြင်၊ စီးဆင်းရာ ရေအလျင်အတိုင်း မျောပါသွားတတ်လောက်အောင်လည်း အားအင်ချည့်နဲ့တဲ့ လူစားမျိုး ဖြစ်နေလို့လေ။
တောင့်မခံနိုင်တာက ငါကိုယ်တိုင်ပါပဲ။ တခြားယောက်ျားနဲ့ အိမ်ထောင်ပြုသွားတဲ့ ရှင်းဟီဂျူနဲ့ အတူတူအလုပ်လုပ်ရမဲ့ တစ်နေ့နေ့ကို တွေးမိရုံနဲ့တင် အရူးတစ်ယောက်လို ဗြောင်းဆန်အောင် ရူးသွပ်သွားရမှာမို့လို့။ အိမ်ထောင်ပြုပြီး ထွက်သွားတာကို စိတ်ကူးပုံဖော်ကြည့်ရင် နည်းနည်းလောက် ပိုပြီး သက်သာသွားမလားလို့ ထင်ခဲ့ပေမဲ့ ရင်ထဲမှာ ပျို့အန်ချင်စိတ်တွေသာ ပိုပြီး လှိုက်တက်လာခဲ့ရတယ်။ အကြောင်းရင်းကို ရှာမတွေ့ခဲ့ပါဘူး။ ဒီလောက်အထိ စိတ်အာရုံတွေ နောက်ကျိ ပျာယာခတ်နေရတဲ့ အကြောင်းရင်းကို၊ ရင်ထဲမှာ ဗြောင်းဆန်ပြီး တောင့်မခံနိုင်ဖြစ်နေရတဲ့ အကြောင်းရင်းကို။
မြင်ရတဲ့ အချိန်တိုင်းမှာ စိတ်တိုင်းမကျစရာတွေက တစ်ခုနှစ်ခုမက ရှိနေခဲ့တယ်။ ရှင်းဟီဂျူရဲ့ မျက်နှာ။ စကားပြောသံ။ မျက်နှာထား။ ဝတ်စားဆင်ယင်မှု။ အရာရာတိုင်းက အမြင်ကတ်စရာ ဖြစ်နေတာပါ။ နောက်ဆုံးမှာ ရှင်းဟီဂျူရဲ့ ကားကိုပါ အမြင်ကတ်လာမိတဲ့အထိ။
မနက်ပိုင်းက ဝန်ဆောင်မှုစင်တာကို အပ်ထားတဲ့ကား ပြန်မရောက်သေးတဲ့အတွက် ခဏလောက် ရှင်းဟီဂျူရဲ့ကားကိုပဲ အကြုံစီးပြီးတော့ သွားနေရတဲ့ အချိန်ပေါ့။ ရှင်းဟီဂျူ ငါ့ကားကို မောင်းတဲ့အချိန်တိုင်း မကျွမ်းမကျင်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းနဲ့ စံနှုန်းတစ်ခု ဖြစ်ခဲ့တဲ့ အဲ့ဒီကားလေးက၊ ပိုင်ရှင်ရဲ့ ဘေးကင်းလုံခြုံရေးဦးစားပေးဝါဒနဲ့ ကိုက်ညီစွာ သေးသေးလေးပါ။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ကုန်ကျစရိတ် ရှုထောင့်ကနေ ကြည့်ရင်တော့ ဟုတ်တာပေါ့။
နည်းနည်းတော့ လန့်သွားခဲ့ရတယ်။ ကားအသစ်လေးလို့ ပြောရင်းနဲ့ ရင်ထဲမှာ ဂုဏ်ယူဝင့်ကြွားနေခဲ့တာက မနေ့တစ်နေ့ကလိုပဲ ရှိသေးတာကို၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ စက်ရုံက ထွက်ထားတဲ့ ရှင်းဟီဂျူရဲ့ ကားအခြေအနေက တော်တော်လေး ဆိုးဝါးနေပြီလေ။
ကျိန်းသေပေါက် ဝီရိယရှိတဲ့ သူ့စရိုက်အတိုင်း ကားက အပြင်ရော အတွင်းပါ အသစ်လို သန့်ရှင်းနေပြီး၊ သတိကြီးတဲ့ စရိုက်အရ ဘယ်နေရာမှ ပွန်းပဲ့ရာလေးတောင် မရှိပေမဲ့... တကယ့် ပြဿနာက ကားရဲ့နဂိုအခြေအနေပါပဲ။ ဆောင်းတွင်းမှာ တံခါးဖွင့်လိုက်လို့ ကံဆိုးစွာနဲ့ လေက ဆန်ပြီးတိုက်ခတ်လာရင် တံခါးရွက် လွင့်ထွက်သွားမလား မှတ်ရတဲ့ ကားမျိုးပါ။ တံတားလက်ရန်းကိုများ ဝင်တိုက်မိလို့ကတော့ တံခါးရွက် ဒီအတိုင်း ပိန်လိမ်ပြီး ကားဆီကနေ ပြုတ်ကျသွားမဲ့ပုံလေ။
အဲ့ဒါ့အပြင် မြေပြင်ပေါ်မှာ ပေါ့ပေါ့ပါးပါးနဲ့ လွင့်ပျံသွားနိုင်မလား မှတ်ရလောက်တဲ့ ကားရဲ့ အလေးချိန်က ယာဉ်တိုက်မှုဆိုတာထက် ဒီကားလေးတစ်စီးတည်း တစ်ဖက်သတ် လွင့်စဉ်သွားမဲ့ မြင်ကွင်းကိုပဲ တွေးမိစေပါတယ်။
“ကုမ္ပဏီကား ယူလိုက်ပါလား။”
“အာ...သက်သောင့်သက်သာမရှိလို့လားရှင့်။”
ကိုယ်ကို နည်းနည်း ကွေးခေါက်ပြီး ဝင်ထိုင်နေရလို့ အဆင်မပြေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီကားကိုပဲ ခဏခဏ သတိထားပြီး ကြည့်နေမိတဲ့ မျက်စိက ပိုပြီး မသက်မသာဖြစ်နေတာပါ။ ရှင်းဟီဂျူက ဒီလောက်အထိ အန္တရာယ်များတဲ့ ကားနဲ့ နေ့တိုင်း အလုပ်အသွားအပြန် လုပ်နေတယ်ဆိုတဲ့ အချက်ကို ပိုပြီးတော့ စိတ်မသက်မသာဖြစ်ရတယ်လေ။ ဒီလိုဟာမျိုးကို စီးလာတာ နှစ်နှစ်တောင် ရှိပြီဆိုတာကတော့ အဆင်မပြေဆုံးပဲပေါ့။
“ဒီကားက နည်းနည်း ကျဉ်းနေတယ်မဟုတ်လားရှင့်။ ကျွန်မ တစ်ယောက်တည်း စီးတုန်းကတော့ မသိသာပေမဲ့ အရပ်တော်တော်ရှည်တော့ မသက်မသာဖြစ်ရမှာပါပဲ။”
“အဲ့ဒီလောက်ကြီးလည်း မကျဉ်းပါဘူး။”
“ကားသေးသေးလေး ဝယ်မလို့လုပ်ရင်းကနေ ဇွတ်မှိတ်ပြီး ဒီ mid-size ကားလေးကို ဝယ်လိုက်တာပါ...”
ဒီထက်နည်းနည်းလောက် ပိုပြီးသေးခဲ့ရင် သနားစရာကောင်းလွန်းလို့ ကြည့်တောင်ကြည့်ရက်မှာ မဟုတ်တော့ဘူး။
ငါ သက်ပြင်းချလိုက်မိတယ်။
“သက်သောင့်သက်သာမရှိလို့ မဟုတ်ဘဲ ဒါက ပုံမှန်လုပ်ထုံးလုပ်နည်းမို့လို့။ ပြီးတော့ အမေကလည်း အရင်တစ်ခါ ပြောထားသေးတာဆိုတော့။”
“ကျွန်မ အဲ့ဒါကို အလေးအနက် မယူဆတာမို့လို့ စိတ်ထဲမထားပါနဲ့။”
“ယူလိုက်ပါ။ ဒီအတိုင်းပဲ။”
“တကယ် အဆင်ပြေပါတယ်။ ကျွန်မကတော့ အခုကားလေးကိုပဲ တအားသဘောကျနေတာ။”
ငါကတော့ လုံးဝ မကြိုက်တာကို။
အစကတည်းက အဲ့ဒါ ပြဿနာပါ။ ငါ့ကားကို မောင်းတုန်းကလိုမဟုတ်ဘဲ ကျွမ်းကျွမ်းကျင်ကျင်နဲ့ သက်သောင့်သက်သာ မောင်းနေတဲ့ ရှင်းဟီဂျူကို ကြည့်နေရတာက တစ်စက်ကလေးတောင် စိတ်ဝင်စားစရာ မကောင်းဘူးလေ။ မျက်လုံးကို အလုပ်များအောင် ကစားမနေသလို၊ ကားပါကင်ထိုးတဲ့အခါလည်း နောက်ကြည့်ကင်မရာရော ဘေးမှန်ကိုပါ သေချာမကြည့်ဘဲ တစ်ချက်တည်းနဲ့ ထိုးလိုက်တာပါပဲ။ တော်တော့တော်ပေမဲ့…. ကိုယ်က ဘယ်လောက်ပဲတော်တော် သူများက ညံ့နေရင် သေနိုင်တာက လမ်းမပေါ်မှာလေ။ ပြီးတော့ ဒီကားက အဲ့ဒီလိုသေဖို့အတွက် တကယ် ကွက်တိ အံကိုက်ဖြစ်နေတာပါ။
ကားပေါ်က ဆင်းပြီးတာတောင်မှ အောက်ကျခံပြီး ဆက်တိုက် တိုက်တွန်းနေမိတယ်။ သူများတွေမြင်ရင် ကားပေးမယ်လို့ပြောနေတာထက် ကားကို ထုတ်ပေးဖို့ အတင်းတောင်းဆိုနေတယ်လို့ ထင်ရမှာပါပဲ။
ရှင်းဟီဂျူကတော့ ဆက်တိုက် ငြင်းဆန်နေဆဲပါ။ ပြတ်သားလွန်းပါတယ်။ ဒီလိုဟာမျိုးကို ဒီအတိုင်းလေး လက်ခံလိုက်လို့ မရဘူးလား။ သိန်းထောင်ချီတန်တဲ့ ကားကြီး စီးခိုင်းနေတာလည်း မဟုတ်သလို၊ သူ့အတွက် ဘာမှ နစ်နာစရာရှိတဲ့ကိစ္စမှ မဟုတ်တာ။ ဒါကိုပေးလို့ ဟိုဟာပြန်တောင်းမဲ့ကိစ္စလည်း မဟုတ်ဘူးလေ... ရှင်းဟီဂျူက ငါ့ရဲ့ တရစပ်တိုက်တွန်းမှုကို နားမလည်နိုင်ဘဲ နည်းနည်း စိတ်ကုန်သလို မျက်နှာထားမျိုး လုပ်လာတယ်။ တကယ်တော့ ငါကမှ ရှင်းဟီဂျူကို စိတ်ကုန်နေရတာကို။ စိတ်ကုန်စရာ မိန်းမ။ စိတ်ကုန်စရာ စရိုက်။
တကယ်ပဲ ဘာမှ မျှော်လင့်ချက်မထားတာနေမှာပါ။ ရှင်းဟီဂျူက သူ့ဘာသာ ရှေ့ကနေသွားပြီး ဘာမှမျှော်လင့်ချက်မထားတဲ့ စရိုက်မို့လို့ သက်သောင့်သက်သာဖြစ်ခဲ့ရပေမဲ့လည်း၊ နောက်ဆုံးတော့ အဲ့ဒီလို မိန်းမမျိုးဖြစ်နေတဲ့အတွက်ပဲ ဒေါသထွက်မိပြန်ပါတယ်။
ဒေါသ... ဟုတ်တယ်၊ ဒေါသထွက်နေခဲ့တာ။
ငါ ရှင်းဟီဂျူအပေါ် တော်တော်လေး ဒေါသထွက်နေတာ။
လှောင်ရယ်သံတစ်ခု ထွက်လာခဲ့တယ်။ ဒေါသထွက်တယ်တဲ့လား။ ငါ့ဆီကနေ ဘာမှ မမျှော်လင့်လို့။ ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်လို့။ ငါ့ဆီကနေ ဘာမှ လောဘမတက်လို့...။
ငါ့ကို သဘောကျနေတဲ့ဖြစ်တည်မှုက၊ ငါ သူ့ကို ပြန်ပြီးသဘောကျလာဖို့ တစ်စက်ကလေးတောင် မမျှော်လင့်လို့။
ငါက ရှင်းဟီဂျူကို သဘောကျနေပြီမို့လို့။
အဲ့ဒါကြောင့် ဒေါသထွက်နေရတာ။
ရှင်းဟီဂျူကို သဘောကျလို့၊ မျှော်လင့်မိလို့၊ ဘယ်နည်းနဲ့မဆို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ချင်နေလို့။
မင်းကို လိုချင်တဲ့ လောဘတွေ ဖြစ်လာလို့။ ငါတစ်ယောက်တည်းပဲ အဲ့ဒီလိုဖြစ်နေလို့။
ခံစားချက်ကို သိလာရလေ၊ ပိုပြီးတော့ ကြက်သီးထဖို့ကောင်းလေပါပဲ။ ရမ္မက်စိတ်ထက် ပိုဆိုးပါတယ်။ ရမ္မက်ဆိုတာက တဒင်္ဂကိစ္စဆိုရင်၊ ခံစားချက်ဆိုတာက တစ်နေ့လုံးရဲ့ကိစ္စ မဟုတ်လား။ ရှင်းဟီဂျူက အမြဲတမ်း သူ့နေရာမှာပဲ ရှိနေတဲ့အချိန်တိုင်း ငါကတော့ တစ်ယောက်တည်း ထွက်ပြေးလိုက်၊ ပြန်လှည့်လာလိုက်နဲ့ ထပ်ခါတလဲလဲ လုပ်နေခဲ့တာလေ။ ဘယ်လိုပဲဖြစ်ဖြစ် မဖြစ်နိုင်တဲ့ ဆက်ဆံရေးပါ။ လက်ထပ်မှာလည်း မဟုတ်သလို၊ တကယ်လို့ လက်ထပ်ချင်စိတ်ပေါက်လာရင်တောင် လက်မထပ်သင့်တဲ့ မိန်းမ။
တစ်နေ့ထက်တစ်နေ့ ပိုပြီး အလုပ်ရှုပ်လာတာကိုပဲ သဘောကျခဲ့တယ်။ ငါ အလုပ်တွေ ပိုဖန်တီးပြီး၊ အလုပ်ပိုများအောင် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ခဲ့တယ်။ အဲ့ဒီလိုနဲ့ပဲ အတိုင်းအတာတစ်ခုအထိ အချိန်တွေ ကုန်ဆုံးသွားတော့တယ်။ ဒီအတိုင်း တဖြည်းဖြည်းနဲ့ ဆက်ပြီးစီးဆင်းသွားရင် ဘာမှမဟုတ်တဲ့ အဆုံးသတ်တစ်ခု ပေါ်လာလိမ့်မယ်လို့ ထင်ခဲ့တာပါ။ အချိန်တွေကုန်လွန်သွားတဲ့အခါ ဘာမှမဟုတ်ပါလားလို့ တွေးမိတတ်တဲ့ အရာရာတိုင်းလိုမျိုးပေါ့။
ခေါင်းနည်းနည်းကိုက်လို့ ထိုးကိုက်နေတဲ့ နားထင်ကို ဖိရင်း ဝန်ထမ်းပေးလာတဲ့ ကော်ဖီကိုယူပြီး ခဏလောက် ထိုင်လိုက်တယ်။ ကုမ္ပဏီ မြေညီထပ် ကော်ဖီဆိုင်ကတော့ တိတ်ဆိတ်လို့ပါ။ ည ၉ နာရီတောင် ကျော်နေပြီဆိုတော့ ဒါကလည်း သဘာဝကျတာပေါ့။ မှန်ပြတင်းပေါက်အပြင်ဘက်က ဧည့်ခန်းမထဲမှာ တစ်ချက်တစ်ချက်မှ အလုပ်ဆင်းတဲ့ ဝန်ထမ်းတွေကို တွေ့ရပြီး၊ ဆိုင်အတွင်းပိုင်းမှာတော့ သိမ်းဆည်းနေတဲ့ ဝန်ထမ်းတွေကို မြင်နေရတယ်။ ငါက အခုမှ ပြန်ရောက်လာတာဆိုပေမဲ့ အများစုကတော့ အဆောက်အအုံထဲကနေ ထွက်သွားရမဲ့အချိန် ဖြစ်နေပြီလေ။
ညနေပိုင်းကစပြီး လုပ်ငန်းစုမှာ ပါဝင်တဲ့ ကုမ္ပဏီကိုယ်စားလှယ်တွေနဲ့ အရေးပေါ် တွေ့ဆုံပွဲရှိခဲ့တယ်။ အဲ့ဒါကြောင့် ရုံးခန်းထဲမှာ အခုအထိ ရှင်းလင်းရမဲ့ အလုပ်တွေက တောင်လိုပုံနေတာပေါ့။ မနက်စာစားဖို့ ချိန်းထားတာကြောင့် မနက်ပိုင်းမှာ မေ့လျော့ပြီး ကျော်သွားခဲ့တဲ့ လေ့ကျင့်ခန်းကို အလုပ်ဆင်းမှ ပြန်လုပ်ရဦးမယ်ဆိုတာပါ ထည့်တွက်လိုက်ရင် ဒီနေ့လည်း မနက် သုံးနာရီလောက်မှပဲ အိပ်ရာပေါ် ခေါင်းချနိုင်တော့မယ် ထင်ပါရဲ့။
အချိန်ဇယားက ပုံမှန်မရှိဘဲ အမှတ်မထင် ပြောင်းလဲတတ်တယ်ဆိုတဲ့ ဆင်ခြေနဲ့ ရှင်းဟီဂျူကို ခဏခဏ အတူခေါ်မသွားတော့ဘူးဆိုပေမဲ့ အခုတော့ ဆင်ခြေတောင် မဟုတ်တော့ပါဘူး။ အနောက်ကနေ တရွတ်တိုက် ခေါ်သွားရမှာ အားနာစရာကောင်းတဲ့အဆင့် ဖြစ်နေပြီလေ။ မကြာသေးခင်ကမှ အသေးအဖွဲအလုပ်တွေကို သီးသန့်တာဝန်ယူမဲ့ အတွင်းရေးမှူးတစ်ယောက် ခန့်ပြီး အလုပ်တွေ အကုန်ခွဲပေးထားခဲ့တာတောင် ရှင်းဟီဂျူရဲ့ အလုပ်ဝေစုက များနေတုန်းပါ။
ကိုယ်ရေးအရာရှိ အတွင်းရေးမှူးလို့ ဆိုပေမဲ့လည်း နေရာတကာမှာ အတူလိုက်ပါပြီး ငါ့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေဖို့ မလိုအပ်ပါဘူး။ ငါလည်း တဖြည်းဖြည်းနဲ့ ရုံးခန်းအတွင်းမှာပဲ အလုပ်အများစုကို လုပ်ဆောင်နိုင်ဖို့ ရှင်းဟီဂျူကို ငဲ့ညှာပေးခဲ့တယ်။ ပြီးတော့ အဲ့ဒီငဲ့ညှာမှုကပဲ ငါ့ကို အောင်အောင်မြင်မြင် သက်တောင့်သက်သာဖြစ်စေခဲ့တာပါ။ မျက်စိအောက်ကနေ ဝေးသွားရင် စိတ်ထဲကနေလည်း ဝေးကွာသွားတယ်ဆိုတဲ့ ဖန်တစ်ရာတေ စကားလိုမျိုးပဲပေါ့။
****
Miel’s Translations