အခန်း ၂၈
Translator - D
[ဟန်နမ်ဒုံ ဆရာကတော်]
ထင်တဲ့အတိုင်းပါပဲ။ လက်မထပ်ခင်အချိန်က သိမ်းထားတဲ့အမည်အတိုင်းရှိနေဆဲဖြစ်တဲ့ ဖုန်းစခရင်န်ပေါ်က ယောက္ခမရဲ့နာမည်ကိုကြည့်ရင်း ကျွန်မ ပြုံးလိုက်မိတယ်။ သူ့ဆီကနေ ဖုန်းဝင်လာတာကို ဝမ်းသာဖူးတာ ဒါက ပထမဆုံးအကြိမ်ပါ။
"ဟယ်လို။"
-နေ့လေးဘာလေးကြည့်ပြီး နေနေတာတော့ဟုတ်ပါတယ်နော်။
"နေကောင်းပါရဲ့လား။"
-တကယ်ပါပဲ၊ အလိုက်တသိလုပ်ရမဲ့ကိစ္စကိုတောင် အနောက်က လိုက်ပြောနေရတယ်လို့။ ဂျင်ဟာက ဘယ်လောက်ပဲ ဖူးဖူးမှုတ်ထားပါစေဦး၊ သူက အသာနေလို့ပြောတိုင်း တကယ်ပဲ အသာလေးနေလိုက်ရောတဲ့လား။ တကယ်ပဲ အတွေးလေးအသိလေးရော ရှိရဲ့လား...
ယောက္ခမရဲ့ စရိုက်အတိုင်းသာဆိုရင် ကျွန်မကို အားလပ်ရက်အတွက်ပြင်ဆင်ဖို့ တစ်လ၊ နှစ်လလောက် ကြိုပြီးဖုန်းခေါ်ရမှာပါ။ ဒါပေမဲ့ ကျွန်မတို့ ဟန်နမ်ဒုံအိမ်ကနေ ပြောင်းလာခဲ့ပြီးကတည်းက ယောက္ခမတစ်ယောက် ထူးဆန်းနေတယ်လေ။ ကျွန်မ ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက်ပိုင်းမှာ ဝူဂျင်ဟာက သူ့အမေကို ထိန်းထားတယ်ဆိုရင်တောင် နဂိုကတည်းက အဲ့ဒီလိုလုပ်ရုံနဲ့ တကယ်ပဲ အလုပ်ဖြစ်ပါ့မလား။
ယောက္ခမ နွေဦးကတည်းကစပြီး ပြောလာခဲ့တဲ့ ဒီကျေးဇူးတော်အောက်မေ့ကန်တော့ပွဲ။ အဆက်အသွယ် သိပ်မလုပ်ဖြစ်တဲ့ နွေရာသီအစောပိုင်းမှာလည်း အဲ့ဒီလိုပဲပြောခဲ့တာပါ...
ရှက်စရာမင်္ဂလာပွဲနောက်ပိုင်းမှာ အရေးအကြီးဆုံးဖြစ်တဲ့ပွဲ။ ဘာမှအသုံးမကျတဲ့ ဝမ်းကွဲညီအစ်ကိုမောင်နှမတွေရဲ့ကြားမှာရပ်ရင်း ကြက်တစ်အုပ်ကြားမှာ ကြိုးကြာလိုဖြစ်နေတဲ့ ငါ့ရဲ့သားတော်....
အဲ့ဒါကြောင့် သူ့ရဲ့ တစ်ခုတည်းသော အစွန်းအထင်းဖြစ်တဲ့ ကျွန်မက အဲ့ဒီသားတော်ရဲ့ဘေးမှာ မျက်လုံးကို ဘယ်လိုဖွင့်ပြီး၊ ပါးစပ်ကို ဘယ်လိုမျိုး ကျက်သရေရှိရှိ ပိတ်ထားပြီး၊ အဝတ်ကို ဘာအရောင် ဘယ်လောက်အရှည်ဝတ်ပြီး၊ အိတ်ကို ဘယ်လိုကိုယ်နေဟန်ထားနဲ့ကိုင်ပြီး၊ ဘယ်လို ယဉ်ယဉ်ကျေးကျေးပြုံးပြီး၊ အဲ့ဒီအချိန်လောက်ဆို တော်တော်လေး ပူနေမှာဖြစ်တဲ့ဗိုက်ကို မိသားစုကြားမှာ ဘယ်လို ဟန်ရေးတပြပြနဲ့ ထုတ်ကြွားရမယ်ဆိုတာတွေကို စောစောကြိုပြီး ပြင်ဆင်ရပါမယ်တဲ့။ ယောက္ခမပြောပုံအရတော့ ကျွန်မလုပ်ရမှာက အဲ့ဒါတွေပါပဲ။ မိဘမဲ့ဖြစ်ကြောင်း ကြေညာမောင်းခတ်နေသလို ကျွန်မရဲ့ နှုတ်ခမ်းထောင့်စွန်းတွေကရော၊ ကျွန်မရဲ့ ခြေလှမ်းဟန်ကပါ ရစရာမရှိဖြစ်နေပြီး ဗိုက်ကလည်း တခြားကိုယ်ဝန်သည်တွေနဲ့ယှဉ်ရင် နောက်ကျမှထွက်လို့တဲ့လေ...
အဲ့ဒီလိုဆိုတော့ ကျွန်မပြင်ဆင်ရမဲ့အရာက လမ်းလျှောက်တတ်ပြီးတော့ ပြီးပြည့်စုံတဲ့ ကိုယ်ဟန်ပြအရုပ်ကို ရှာရမှာနဲ့ သဘောတရားချင်းအတူတူပဲပေါ့။
'ဥက္ကဋ္ဌဝူက မိန်းမရှိ၊ ကလေးရှိပြီး သမားရိုးကျမိသားစုတစ်ခုကို ထူထောင်နိုင်တဲ့အချိန်မှ တကယ်လူလားမြောက်ပြီး အရွယ်ရောက်တယ်လို့ ထင်တာဟဲ့။ အင်းလေ၊ ရှေးခေတ်လူကြီးသူမတွေကတော့ အကုန် ဒီလိုတွေချည်းပါပဲ။ ဒီခေတ် ဒီအခါကြီးမှာ ကလေးတွေအကုန် ဘွဲ့ရကျောင်းပြီးတာနဲ့ အိမ်ထောင်ပြုကုန်ကြတာ အဆန်းလည်းမဟုတ်ပါဘူး။ သူတို့ကလည်း တကယ့် အကြောတင်းတွေကို။'
'...'
'အေးလေ၊ ကျောင်းလည်းအကြာကြီးမတက်ကြ၊ စစ်မှုလည်းမထမ်းကြဆိုတော့ ကလေးယူဖို့ အချိန်တွေပေါသောနေတာပေါ့။ ငါတို့ဂျင်ဟာသာ အရူးလေ။ ဟင့်အင်း၊ သူ့ကိုမွေးဖို့ အမေရိကအထိသွားခဲ့တဲ့ ငါကသာ အရူးပါ။ အမေရိကမှာ တက္ကသိုလ်တက်နေပြီပဲဟာ တစ်ခါတည်း မာစတာတန်းတက်ပြီးပြန်လာလိုက်ရင် ရနေပြီကို။ ဘယ်သူမှလည်း စစ်မှုမထမ်းခိုင်းဘဲနဲ့ အတင်းခေါင်းမာပြီးတော့ ကာတူဆာ*(KATUSA) ဝင်ပြီး အချိန်ဖြုန်းတယ်၊ ပြီးတော့ Caltech* ပြန်သွားပြီး မာစတာအထိပါထပ်ယူတယ်။ အဲ့ဒီတစ်အိမ်လုံးမှာ ငါတို့ဂျင်ဟာလိုကလေးမျိုး ဘယ်မှာရှိလို့လဲ။ ဘာပဲဖြစ်ဖြစ် ဟို ဦးနှောက်မပါတဲ့ဟာတွေက သူတို့လိုကလေးမျိုးတွေပဲ စောစောစီးစီး ထိုင်မွေးနေကြတာ။ ဝူဆုန်းဝန်း အိမ်ဝင်းထဲမှာ အဲ့ဒီဟာလေးတွေကို တန်းစီပြီး အပြိုင်အဆိုင် ကြွားပြနေလိုက်ကြတာများမြင်ရရင် သူတောင်းစားအုပ်ကြီးကျလို့ရယ်။'
[ဘာသာပြန်မှတ်ချက် : ကာတူဆာ* (KATUSA) - Korean Augmentation To The United States Army
Caltech* - Califonia Institite of Technology]
'...ဥက္ကကြီးက ကလေးတအားချစ်တတ်လို့ပါ။'
'အဲ့ဒီလိုဆိုမှ နင့်ဗိုက်ကရော တကယ်ပဲ ဘယ်တော့မှပူမှာလဲ။ ဘာဖြစ်လို့ ကိုယ်ဝန်နဲ့ကို ဗိုက်မထွက်သေးရတာလဲ။'
'အခုမှ ၄လခွဲပဲရှိသေးလို့ထင်ပါတယ်။'
'ဒီနှစ်ကျေးဇူးတော်ကန်တော့ပွဲက ဘယ်တော့ပါလိမ့်...ဘယ်လောက်ပဲ နင့်ကို စုတ်ပဲ့နေလို့ သဘောမကျဘူးဆိုရင်တောင် ဝူမိသားစုရဲ့မြေးက နင့်ဗိုက်ထဲမှာရှိနေတာကိုမြင်ရင် ဂျင်ဟာအပေါ် အမြင်မကြည်တာတွေလည်း ပြေသွားမှာပဲ။ အဲ့ဒီအချိန်ကျရင် ဗိုက်က တောင်လိုပူနေမှဖြစ်မှာကို...Due date က ၁၁လပိုင်းလို့ ပြောထားတယ်မဟုတ်လား။'
'ဟုတ်ကဲ့။'
'အဲ့ဒီလိုဆို နည်းနည်းလောက်တော့ ဂုဏ်ရှိမှာပဲ။ ဟူး၊ စိတ်မောစရာကောင်။ တကယ် အိမ်ထောင်ပြုတာလေးကိုပဲ ဥက္ကဋ္ဌကြီးခိုင်းတဲ့အတိုင်း လုပ်ခဲ့မယ်ဆိုရင် ဟိုးအရင်ကတည်းက အကြီးဆုံးမြေးဆိုတဲ့နေရာကိုရပြီး ဟိုကောင် ဂျင်ဂီရဲ့ခေါင်းပေါ်မှာ ရှိနေမှာကို...ရုပ်ရှင်ရုံတွေပဲ စီမံနေရလိမ့်မယ်လို့ ဘယ်လိုလုပ်ထင်ထားမှာလဲ။ သားအကြီးဆုံးကမွေးလာတဲ့ အကြီးဆုံးသားဖြစ်နေတဲ့အပြင် အဲ့ဒီလိုမဟုတ်ရင်တောင် စတုတ္ထမျိုးဆက်မှာ သူ့အပြင် ကြည့်စရာလူမရှိတာ ဥက္ကဋ္ဌကြီးလည်းအသိပဲ။ 'ဂျင်ဟာ မင်း အခု အိမ်ထောင်ပဲပြုလိုက်ရင်ရပြီ' ဆိုပြီး ပါးစပ်က တတွတ်တွတ်ပြောနေတာကို အဲ့ဒါလေးတစ်ခုကိုပဲ အခုလို မြောင်းထဲလွှင့်ပစ်လိမ့်မယ်မှန်း ဘယ်သိမလဲလေ။ ဘယ်သူက ထင်မှာလဲ...ဟိုက အသုံးမကျတဲ့ဟာတွေတောင်မှ အိမ်ကြီးအိမ်ကောင်းက သမီးတော်တွေကို ဥက္ကဋ္ဌကြီးအလိုရှိရင် အသုံးချနိုင်အောင်ခေါ်လာပြီး လက်ထပ်ကြတာကို။'
'တောင်းပန်ပါတယ်။'
'နင်က တောင်းပန်လိုက်လို့ အိမ်ကြီးအိမ်ကောင်းမှာ ပြန်မွေးလာမှာလည်းမဟုတ်၊ သေသွားတဲ့မိဘတွေလည်း ပြန်ရှင်လာမှာမဟုတ်တာကို ဘာလုပ်ရမှာလဲ။'
'...'
'နင့်မှာလည်း ပြစရာဆိုလို့ မျက်နှာလှလှလေးအပြင်မရှိဘူးဆိုတော့ ကလေးအကြောင်းပြပြီး စားချင်တာ ဟိုဟာဒီဟာတွေ အကုန်လျှောက်စား၊ ပုံပျက်ပန်းပျက် ဝလာတာမျိုးတွေ မဖြစ်စေနဲ့။ ခန္ဓာကိုယ်ကို လှအောင်ထိန်းသိမ်း။ နားလည်လား။'
'နားလည်ပါတယ်။'
'သားဖွားမီးယပ်ဆေးခန်းထက် အရေပြားအလှအပထိန်းသိမ်းရေးဆေးခန်းဆီ ပိုပြီးဝီရိယရှိရှိသွားမှဖြစ်မှာ။ အရင်တစ်ခါ ဂျီဟျွန်းခေါ်သွားတဲ့နေရာရှိတယ်မဟုတ်လား။ အဲ့ဒီကိုသွား။ ငွေအကုန်ကြိုရှင်းပြီးသားမို့လို့။ ကိုယ်ဝန်ဆောင်တွေကို အထူးပြုပြီး ကုပေးတာဆိုတော့ ယုံသာယုံလိုက်။'
'ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။'
'ဝူဆုန်းဝန်းကန်တော့ပွဲမတိုင်ခင် တစ်လအလိုကျရင် ငါနဲ့အတူ ငါသွားနေကျနေရာကိုလိုက်ခဲ့။ တစ်ပတ်သုံးခါသွားရမှာ။ ချို့ယွင်းချက်ကလည်း ချို့ယွင်းချက်ဆိုပေမဲ့ လက်သင့်ခံနိုင်စရာ ချို့ယွင်းချက် ဖြစ်ရမှာပေါ့။ မဟုတ်ဘူးလား။ နင်က တင့်တင့်တယ်တယ်မရှိနေရင် ငါတို့ ဂျင်ဟာပဲ အရူးလိုဖြစ်နေမှာလေ။'
ကျွန်မ လွန်ခဲ့တဲ့လအနည်းက ဖုန်းပြောခဲ့တာကို ပြန်တွေးရင်းကနေ အဲ့ဒီတုန်းကလိုပဲ ဖုန်းကိုင်ထားရင်းနဲ့ ပြက္ခဒိန်ကို ကြည့်လိုက်တယ်။ အခု ကျေးဇူးတော်အောက်မေ့ကန်တော့ပွဲနေ့ရောက်ဖို့ ဆယ်ရက်တောင်မလိုတော့ပါဘူး။ နောက်နှစ်ရက်သာ ထပ်ပြီးကုန်သွားမယ်ဆိုရင် ကျွန်မဘက်ကစပြီး မလွှဲမရှောင်သာ ဖုန်းဆက်ရတော့မှာပါ။ အတားခံရမယ်ဆိုရင်တောင် ဝူဂျင်ဟာကိုပေးထားတဲ့ မပီမပြင်ကတိကို လျစ်လျူရှုမိလောက်ပါတယ်။
"အရင်စပြီး ဆက်သွယ်လာလို့ ကျေးဇူးတင်ပါတယ်၊ အမေ။"
ကျွန်မရဲ့ ကျေးဇူးတင်စကားက စိတ်ရင်းနဲ့ဆိုပေမဲ့ ရွဲ့နေသလိုဖြစ်နေလောက်မှာပါပဲ။ ဖုန်းတစ်ဖက်ကနေ နှာခေါင်းရှုံ့ရယ်သံကို ကြားလိုက်ရတယ်။
-ငါနဲ့ ဖုန်းလေးတစ်ကောလ်လောက် ပြောလိုက်ရင် ဗိုက်ထဲမှာ အကောင်းတိုင်းရှိနေတဲ့ ကလေးပဲ ထွက်ကျလာတော့မှာကျနေရော....
"တောင်းပန်ပါတယ်။"
-နင့်ပြောတာမဟုတ်ဘူးဟေ့။ ဂျင်ဟာ၊ သူကတော့ တကယ်ပဲ အမေကို သေအောင်လုပ်နေတာနော်၊ မဟုတ်ဘူးလား။ လေးစားရမဲ့လူကို ယောက္ခမဆိုးဆိုးဖြစ်အောင်လုပ်တာကတော့ တရားလွန်တာပေါ့။ ဒီတစ်လျှောက်လုံး ငါက ဘာတွေများ လုပ်ခဲ့လို့လဲ။ ဘာကျောထောက်နောက်ခံမှမရှိတဲ့ မိဘမဲ့ ချွေးမကို ကလေးမွေးတဲ့အထိ ခေါ်ထားပေးပြီး မီးဖွားပြီးသွားရင်လည်း ကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးဖို့ ကတိပေးထားတာကို။ ယောက္ခမက ချွေးမကို အကြံပေးဆုံးမစကားလေး တစ်ခွန်းနှစ်ခွန်းလောက် ပြောတာလည်းမြင်ရော တစ်ခါတည်း မိန်းမကိုခေါ်ပြီး ထွက်သွားလိုက်တာများ...
"..."
-ဂျင်ဟာလို လင်မျိုးလည်း နောက်ထပ်မရှိနိုင်တော့ဘူး။ ကျေးဇူးတင်ပြီးတော့သာနေသွား၊ ကလေးမရေ။
ကိုယ့်သားကိုယ် တိုင်တည်နေတဲ့ ခနဲ့တဲ့တဲ့စကားတွေကြောင့် ကျွန်မလည်း မြင့်တက်လာတဲ့ရယ်ချင်စိတ်ကို ထိန်းထားလိုက်ရတယ်။
-အနောက်တစ်ချက်လှည့်မကြည့်ဘဲ ငါတို့နဲ့ ရေစက်ဖြတ်တော့မလိုလုပ်နေလို့ သည်းခံထားတာနော်။ ဒါပေမဲ့ ငါက အဲ့ဒီလိုနေပေးတယ်ဆိုတိုင်း နင်က ဒီလိုအချိုးမျိုးချိုးလို့ရရောလား။ လင်က မိဘကို မိဘမှန်းမသိအောင် ရူးနေပြီဆိုရင်လည်း နင်ကတော့ အမေနဲ့ ကျွန်မက အဲ့ဒီလိုမဟုတ်ပါဘူးဆိုပြီး ကြားဝင်စေ့စပ်တာဖြစ်ဖြစ်၊ အထင်လွဲနေတာတွေကို ရှင်းပေးတာပဲဖြစ်ဖြစ် လုပ်မှပေါ့။ ဟီဂျူရယ်၊ နင့်မလဲ ဇာစ်မြစ်လုံးဝမရှိတာမျိုး မဟုတ်တာကို၊ ယဉ်ကျေးမှုလေးဘာလေး မရှိဘူးလား။ လက်မထပ်ခင် ငါတို့ချင်း နှစ်တွေဘယ်လောက်အကြာကြီး သိခဲ့ကြလဲ။ တကယ် နင့်ကို ဒီလိုမှန်း မသိခဲ့ဘူး....
"...တောင်းပန်ပါတယ်၊ အမေ။ ဒါပေမဲ့ ဂျင်ဟာရဲ့စိတ်နေစိတ်ထားကိုလည်း အမေက အသိဆုံးပါ။ ဘူးဆို ဖရုံမသီးတဲ့သူမဟုတ်လား။"
ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်တဲ့ အခြေအနေတွေဆိုပေမဲ့လည်း စကားတွေက အကျင့်ပါနေတဲ့အတိုင်း အလွယ်လေး ထွက်လာခဲ့တယ်။ ဒါပေမဲ့ ယောက္ခမကလည်း တစ်ခုခုဆို အကျယ်ချဲ့တတ်တဲ့သူဆိုတော့ သူ့စကားတွေရဲ့ တစ်ဝက်လောက်ကို ဆင်ခြင်ချင့်ချိန်ပြီး ယုံရတာပေါ့။
"ဂျင်ဟာက လူတကာထက်ပိုပြီး အမေ့အတွက် တွေးပေးပြီးတော့ အဲ့ဒီလိုလုပ်တာနေမှာပါ။ အခုတလော အတန်းတွေနဲ့ အလုပ်များနေရမှာကို ကျွန်မအတွက်နဲ့ သက်သက်မဲ့ အာရုံများနေရမယ်ဆိုပြီးတော့လေ။"
-အပြောချည်းပဲနော်။ အေးလေ၊ မိဘရဲ့စိတ်နဲ့ သားသမီးရဲ့စိတ်ချင်းတော့ ဘယ်တူပါ့မလဲ...ဒါပေမဲ့လည်း ဂျင်ဟာရဲ့မိန်းမဆိုတော့ ငါမှမဟုတ်ရင် ဘယ်သူက နင့်ကို ကြည့်ရှုစောင့်ရှောက်မှာလဲ။ နေ့လယ် ၁၂နာရီ ဂျီဟျွန်းကို လွှတ်လိုက်မှာမို့လို့ လောလောဆယ် ဟန်နမ်ဒုံကို လာခဲ့။ နင့်ကြောင့်နဲ့ ပြင်ဆင်ရမှာတွေက တစ်ခုနှစ်ခုလေးမဟုတ်လို့။
"ဟို၊ အမေ။"
-မလာနိုင်ဘူး မပြောနဲ့။ အခု ကျေးဇူးတော်အောက်မေ့ကန်တော့ပွဲက ဆယ်ရက်တောင်မလိုတော့ဘူး။ ပြင်ဆင်စရာတွေ ဘယ်လောက်တောင်များလိုက်လဲ။ အဲ့ဒါကို ဒီအတိုင်းနေနေသေးတာလား...အဲ့ဒီနေ့ ဝူဆုန်းဝန်းကို မလာဘူးလို့ပြောတာက ဂျင်ဟာ ငါ့ကို သက်သက်မဲ့ ခြောက်ဖို့လုပ်တာဆိုပေမဲ့ အသာလေးထိုင်နေပြီး သူ့ကို လွှတ်ထားလိုက်ရင် ငါတို့ပဲ အရှက်တကွဲ အကျိုးနည်းတွေဖြစ်ကုန်မှာပေါ့။ ပြီးတော့ ကြားထားလား။ အနုပညာပြခန်းမှာ အမျိုးသမီးတွေ စုဝေးကြမဲ့အကြောင်း။ ဒါရိုက်တာကြီးက ဒီနှစ် ခြောက်ရက်စောပြီး တွေ့ချင်တယ်တဲ့။ အဲ့ဒါက နှစ်ရက်ပဲလိုတော့တယ်။ နင့်ကို ပွဲထုတ်လို့မျက်နှာပန်းလှအောင် ဘယ်အချိန် သွားပြင်ဆင်ပေးရမှာတုန်းဟဲ့....
"တကယ်တော့ တိုင်ပင်စရာလေးရှိပါတယ်။"
-ပြောလေ။
"လူချင်းတွေ့ပြီး ပြောချင်တာပါ။"
-အဲ့ဒါဆို နောက်မှ ထွက်လာပြီး....
"....အခု ဂျင်ဟာရဲ့အိမ်ကို လာခဲ့စေချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်ပါ။"
-အခု ဗိုက်လေးနည်းနည်းထွက်လာတော့ ယောက္ခမကို သွားဦးဟဲ့၊ လာဦးဟဲ့ ခိုင်းစားလို့ရပြီမှတ်နေတာလား။
ယောက္ခမက နောက်သလိုလို မေးခဲ့တာဆိုပေမဲ့ ကျွန်မမှာတော့ တုန်လှုပ်နေတဲ့သက်ပြင်းကို မျိုချဖို့လုပ်ရင်း မအားရတာနဲ့တင် ပြုံးဖို့အနိုင်နိုင်ပါပဲ။ ဘယ်အချိန်တွေမှာ၊ ဘယ်လိုတွေ စောင့်ကြည့်ခံနေရတယ်၊ ဝူဂျင်ဟာ ကျွန်မအပေါ် ဘယ်လောက်အထိ စိတ်ချမှုရှိသလဲဆိုတာကို အခုအထိ ခန့်မှန်းကြည့်လို့မရသေးဘူးလေ။ အဲ့ဒီလိုအခြေအနေမှာ ကိုယ့်သဘောနဲ့ကိုယ် ဟန်နမ်ဒုံကို သွားလိုက်မယ်ဆိုရင် ကျွန်မရဲ့ရည်ရွယ်ချက်က သိသာနေမှာဖြစ်ပြီး အခုတလော အနေအထားကို ကောင်းလာအောင်လုပ်ဖို့ ကြိုးစားထားခဲ့တဲ့ တိုးတက်မှုကလည်း အကုန် သဲထဲရေသွန်ဖြစ်ကုန်မှာပါ။
ဒါပေမဲ့ ကိုယ်ရံတော်တွေက ယောက္ခမလာမယ်ဆိုတာကို ဘယ်လိုလုပ်ကြိုသိနိုင်မှာလဲ၊ ရောက်လာခဲ့ရင်ရော ဘာလုပ်ပိုင်ခွင့်နဲ့ တားနိုင်မှာလဲ။
ဘာပဲဖြစ်ဖြစ် ရက်ပိုင်းလောက်လေးပဲ ကွာတာဆိုပေမဲ့ ဝူဂျင်ဟာကို စောစောစီးစီး လှုပ်ရှားရအောင် လုပ်နေစရာမလိုပါဘူး။ အစီရင်ခံချက်က စောစောရောက်သွားရင် ကျွန်မတောင် ယောက္ခမအိမ်မရောက်လိုက်ခင် အတားခံရနိုင်တယ်လေ...အင်မတန်အလုပ်များလှတဲ့ ဝူဂျင်ဟာက ကျွန်မကိစ္စတစ်ခုတည်းကိုပဲ စောင့်ကြည့်နေနိုင်မှာမဟုတ်တာကြောင့် ယောက္ခမနဲ့ တွေ့တာက သီအိုရီအရပြောရရင် ဖြစ်နိုင်တဲ့ကိစ္စပါ။ ဟန်နမ်ဒုံမှာဖြစ်ဖြစ်၊ တခြားဘယ်မှာပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ ကျွန်မ အိမ်ကနေ ထွက်လိုက်တဲ့အခိုက်အတန့်မှာ ယောက္ခမနဲ့တွေ့တာက ကျွန်မရဲ့ ရည်ရွယ်ချက်ရှိရှိရွေးချယ်မှု ဖြစ်သွားပါပြီ။
ဒီကိစ္စကို လုံးဝ ကျွန်မဘက်က ဘယ်လိုမှမတတ်သာတဲ့ပုံစံမျိုး ပေါ်စေချင်ပါတယ်။ ဒီဖုန်းလေးတစ်ကောလ်ကို စောင့်ခဲ့ရသလိုမျိုး အဆုံးအထိ သူ့ကိုပေးထားတဲ့ကတိကို တည်ပြီးတော့ပေါ့။
****
Miel's Translations