အခန်း ၃၇
Translator - D
ကျွန်မ ခဏတဖြုတ်နေခဲ့တဲ့ နေရာက ကျွန်မ ဘာဆိုဘာမှမသိတဲ့ ကမ္ဘာတစ်ခုပါ။ အရေအတွက် ဘယ်လောက်မှန်းမသိရတဲ့ လူတွေက ကျွန်မကို၊ ကျွန်မတို့ကို စောင့်ကြည့်နေတယ်ဆိုတာ...
ရေအေးနဲ့ အလောင်းခံလိုက်ရတဲ့အလား ကျောရိုးတစ်လျှောက် ကြက်သီးထသွားခဲ့တယ်။ ကိုယ်နားမလည်တဲ့ နေရာတစ်ခုမှာ ရှင်သန်ဖို့အတွက် ကိုယ်တိုင်တောင် သတိမထားမိဘဲ ဘယ်လောက်တောင် အားစိုက်ကြိုးစားခဲ့သလဲဆိုတာကို တွေးမိတော့ ပိုလို့တောင် အံ့ဩမှင်တက်မိရပါတယ်။
"ဂျင်ဟာ အဲ့ဒါကို ဖုံးကွယ်ထားခဲ့ရတဲ့ အကြောင်းရင်းက ဘာလို့ထင်လဲ။"
"ရှယ်ယာ ဆက်ခံတဲ့နေရာမှာ သက်ရောက်မှုရှိလာမှာကို ရှောင်လွှဲဖို့..."
"ငါတို့တွေ နင့်ကို အရင်ဆုံး မောင်းထုတ်ကြမယ်မှန်း သိနေလို့။"
ပြီးတော့ အဲ့ဒါတွေအားလုံးက ကျွန်မအတွက်ပါတဲ့။
ကျွန်မနဲ့ အတူတူနေရဖို့အတွက်တဲ့လေ။
ဘာကြောင့်လဲ...မေးခွန်းတွေက အတောမသတ်ခဲ့ပါဘူး။ ကျွန်မ ဂန်ဂျူဂယောင်းကို ကြည့်လိုက်ပေမဲ့ ဂန်ဂျူဂယောင်းကလည်း ဘာကြောင့်မှန်းမသိ အံ့ဩမှင်တက်နေတဲ့ မျက်နှာထားနဲ့ ရှိနေခဲ့တယ်။
"အဲ့ဒါတွေအားလုံးကို တောင့်ခံပြီး ရှယ်ယာအမွေကိုသာ ဆက်ခံလိုက်မယ်ဆိုရင် အမည်ခံနဲ့ မဟုတ်တော့ဘူးဆိုတော့ လုံးဝ ငါတို့ ကြိုးဆွဲသလို ကတော့မှာမဟုတ်ဘူးလေ။ ဒီတော့ အဆုံးအထိ နင့်ကို ဆွဲထားနိုင်လောက်မလားမသိဘူးပေါ့။ လည်လိုက်တဲ့ကောင်..."
"..."
"အဲ့ဒါကြောင့် နင်ကပဲ ဂျင်ဟာကို ကူညီပေး။ ဂျင်ဟာအမေဆီကနေ နင့်အနေအထားအကြောင်း ကြားပြီးပြီ။ ကလေးကို ကောင်းကောင်းမစောင့်ရှောက်နိုင်ခဲ့တဲ့အကြောင်း၊ နင့်ရဲ့တာဝန်မကျေမှုအတွက် နက်နက်ရှိုင်းရှိုင်း နောင်တရနေတယ်ဆိုတဲ့အကြောင်း။"
"...ဟုတ်ကဲ့။"
"ကိုယ့်ဟာကိုယ် ကြည့်ကြပ်ပြီး ဘေးဖယ်ပေးမယ်ဆိုတာ ဘယ်လောက် တော်လိုက်တဲ့လုပ်ရပ်လဲ။ လက်ထပ်ပြီးတာနဲ့ ကွာရှင်းကြမယ်ဆိုတော့ တအားမြန်လွန်းလို့ ရှက်ဖို့ကောင်းပေမဲ့ သေသေသပ်သပ်လေး ဖြတ်မယ်ဆိုရင် မကြာဘူး မေ့သွားကြမှာပဲပေါ့။ အခု ဂျင်ဟာက နင့်ကို အရူးအမူးသဘောကျနေပေမဲ့ စောစောက ငါပြောခဲ့သလို မိန်းမတွေဆိုတာ ယောက်ျားတွေနဲ့ တူတာမဟုတ်ဘူး။ ချစ်နေတုန်းမှာတောင် တွေးကြသေးတဲ့အမျိုးလေ။ နင်က ထက်မြက်တဲ့ကလေးပါ။ တအားလည်း လိမ္မာရေးခြားရှိတယ်။"
"..."
"နင့်ဘာသာ မှန်ကန်ရာမှန်ကန်ကြောင်း ဆုံးဖြတ်ပြီးပြီဆိုတော့ နင့်ကို ကြောက်အောင်ခြောက်ဖို့ စိတ်ကူးမရှိဘူး။ ဒါပေမဲ့ ဂျင်ဟာကတော့ မတူဘူးပေါ့။ ဂျင်ဟာကို တကယ် အလေးအနက်ထားတယ်ဆိုရင် ဒီအရှုပ်အထွေးထဲ ဆွဲထည့်မခံရစေနဲ့။"
"..."
"အခြေချဖို့အတွက် ဆင်ခြေအနေနဲ့လည်းမသုံးနဲ့။ ပြီးတော့ ဘယ်လိုမှမတတ်သာလို့ပါဆိုတဲ့ ဆင်ခြေအောက်မှာ ဂျင်ဟာကိုလည်း မရောင်းစားနဲ့။"
"..."
"စောစောက ကြားခဲ့တာတွေ၊ ဂျင်ဟာအဖေ ရသင့်ရထိုက်တဲ့အရာတွေနဲ့၊ ရှေ့လျှောက် ဂျင်ဟာ ရမဲ့အရာတွေ။ နင့်ကိုယ်နင် အဲ့ဒီလောက် တန်တယ်ထင်ရင်လည်း ကပ်နေကြည့်ပေါ့။ နင့်ကြောင့် ဂျင်ဟာ အားလုံးကို ဆုံးရှုံးလိုက်ရလည်းဖြစ်တယ်လို့ တွေးတယ်ဆိုရင်ပြောပါတယ်။"
"..."
"အဲ့ဒီလိုမှမဟုတ်ရင်တော့ ယတိပြတ်ဖြတ်ပြီးသာ ထွက်သွား။ သူက သေမယ်လို့ပြောရင်တောင် ထွက်သွား။"
ဒီစကားတွေအားလုံးက ဝူဂျင်ဟာက ကျွန်မကိုချစ်ကြောင်း ကြေညာမောင်းခတ်နေသလို ကြားနေရတာက ပြဿနာပါ။
ကျွန်မမှာ တန်ဖိုးမရှိလို့ ထွက်သွားခိုင်းနေတဲ့ စကားလုံးတွေကိုလည်း ဝူဂျင်ဟာက အရှုံးကိုတောင် သည်းခံနိုင်လောက်အောင် ကျွန်မကိုချစ်တယ်လို့ ပြောနေသလို ကြားနေရတော့ ပြဿနာပဲပေါ့။ ကျွန်မက တအားရူးမိုက်လို့ နောက်ဆုံး အဲ့ဒီလောက်လေးနဲ့တင် မအောင်မြင်လိုက်တဲ့ ဒီအိမ်ထောင်ရေးအတွက် ဖြေသိမ့်ရာဖြစ်တာပဲလို့ တွေးမိတာက ပြဿနာပါပဲ။
နောက်ဆုံး အဲ့ဒီအတွက်ကြောင့် ပျော်တယ်ဆိုတဲ့အတွေးဝင်လာပြီး...ရယ်မိတော့မလိုပါပဲ။ ရယ်ပြီးရင် ငိုမိမယ်ထင်ပါရဲ့။
ကျွန်မ နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားလိုက်တယ်။
"...ဟုတ်ကဲ့။ နားလည်ပါပြီ။"
"ကောင်းကောင်းနားလည်တဲ့အတွက် ကျေးဇူးပဲ။ နောက်ခြောက်ရက်နေရင်လုပ်မဲ့ ကန်တော့ပွဲကို တက်စရာမလိုဘူး။"
"ဟုတ်ကဲ့။"
"ဥက္ကဋ္ဌဝူကလည်း နင့်ကို ဝမ်းမနည်းရအောင် သေချာဂရုစိုက်ပေးဖို့ ညွှန်ကြားထားတယ်။ ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာမလိုဘူး။ ဒီအခန်းထဲက ဟိုပန်းချီကို အခုချက်ချင်း ဖြုတ်မယ်။ နင့်ရဲ့ ရှယ်ယာအဖြစ် ထိန်းသိမ်းထားပေးရာကနေ ချက်ချင်း ငွေအဖြစ်ထုတ်ချင်ရင်လည်း ရောင်းပေးပြီး ပိုက်ဆံပေးမယ်။ တန်ဖိုးတက်အောင် စောင့်ချင်တယ်ဆိုရင်လည်း ဒီအတိုင်းပဲ ပေးလိုက်မယ်။ ငါ့သဘောအရတော့ ဒီအတိုင်း ကိုင်ထားဖို့ အကြံပေးချင်ပေမဲ့..."
ကျွန်မ စောစောက ဂျန်ယွန်းဆော အနီးကပ် ခံစားကြည့်ရှုနေတဲ့ ပန်းချီနဲ့ ခပ်ဆင်ဆင်ခံစားချက်မျိုး ပေးနေတဲ့ ပန်းချီကားချပ်ကို ကြည့်လိုက်မိတယ်။ နားတောင်မလည်နိုင်ခင် အံ့ဩမှင်တက်သွားစေတဲ့ ပန်းချီပေါ့။ ကြမ်းပြင်ကနေ မျက်နှာကြက်အထိမြင့်တဲ့ ပြတင်းပေါက်နဲ့မျက်နှာချင်းဆိုင် နံရံပေါ်မှာရှိနေတဲ့ ဧရာမပန်းချီကားချပ်ကြီးက အိမ်အများစုနဲ့ ဆံ့မှာမဟုတ်တဲ့ပုံပါ။
"ပန်းချီပေးမယ်ဆိုရင် အဲ့ဒီပန်းချီဆံ့မဲ့အိမ်လည်း ပေးရမှာပေါ့။ ပြီးတော့ ဒီဟာ။"
ဒါရိုက်တာဆုန်က တစ်ခါမှမပြောဖူးတဲ့ နူးနူးညံ့ညံ့လေသံနဲ့ပြောရင်း အပြုံးလေးနဲ့ စာအိတ်တစ်အိတ်ကို စားပွဲပေါ်မှာ လျှောပေးခဲ့တယ်။
"ဖွင့်ကြည့်လို့လည်းရတယ်။"
ဒရာမာထဲက ဇာတ်ဝင်ခန်းထဲမှာ ပိတ်မိနေသလိုပါပဲ။ ကျွန်မ တောင့်တင်းနေတဲ့လက်တွေနဲ့ စာအိတ်ကို ဖွင့်လိုက်တယ်။
"အဲ့ဒါက ပြန်နာလန်ထူအောင်လုပ်ဖို့ ပေးတာ။ ပင်ပန်းခဲ့ရတယ်မဟုတ်လား။"
ဝမ် သန်းသုံးရာတန် ချက်လက်မှတ်ပါ။ စရံငွေလိုပါပဲ။ နစ်နာကြေးက ဆောင်းတွင်းကြီးမှာ ခြေဗလာနဲ့ မောင်းထုတ်ခံရမယ်လို့ မပြောရုံတမည် ပြင်းထန်လှတဲ့ လက်မထပ်ခင် သဘောတူစာချုပ်ကို အဓိပ္ပာယ်မဲ့သွားစေရလောက်တဲ့အထိ ရက်ရက်ရောရောရှိလှပါတယ်။
ကျွန်မ ဒါကို ကျွန်မမှာ ဖြစ်ပျက်နေတဲ့ကိစ္စမဟုတ်သလို တစ်ချက်တွေးလိုက်တယ်။ ဒရာမာထဲက ဇာတ်လိုက်မင်းသမီးအများစုကတော့ ဒါမျိုးကို လက်မခံကြဘူးမဟုတ်လား...။ ကျွန်မ စာအိတ်ကို ဘယ်လိုနည်းနဲ့ အသာလေးငေးကြည့်နေမှန်း အာရုံခံမိသွားလို့ပဲဖြစ်မလား၊ ဒါရိုက်တာဆုန်က ထပ်ပြောခဲ့တယ်။
"လက်မခံရင် ငါတို့ကို လှည့်စားနေတယ်လို့ပဲ ယူဆမယ်။"
"..."
"ဂျင်ဟာအပေါ်ထားတဲ့ စိတ်ရင်းကို သက်သေပြဖို့ ကြိုးစားနေတာမဟုတ်ဘူးဆိုရင် မယူစရာအကြောင်းမရှိလို့။"
ကျွန်မ စာအိတ်ပေါ်မှာတင်ထားတဲ့ လက်ဖျားလေးတွေမှာ ဇွတ်မှိတ်အားထည့်ပြီး ကိုယ့်ဘက်ကို ဆွဲယူလိုက်တယ်။ လက်ထဲမှာကိုင်လိုက်ပေမဲ့ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားက နောက်ဆုံးမှာ ကျွန်မလျှာဖျားကို ရောက်မလာခဲ့ပါဘူး။ အသက်ရှူရတာကို စက်ဆုပ်မိပြီး ပျို့အန်ချင်သလို ဖြစ်လာတော့တယ်။
ဒါရိုက်တာဆုန်ပြောသလိုပဲ လက်မခံစရာအကြောင်းမရှိပါဘူး။ သူကလည်း မကြာခင် အရာအားလုံး ရတော့မှာဖြစ်သလို ကျွန်မက သူ အရာအားလုံးရနိုင်အောင် လက်လွှတ်ပေးလိုက်တာလေ။
ဘာပဲဖြစ်ဖြစ် ပေါင်းဖက်သင့်တဲ့ ဆက်ဆံရေးလည်းမဟုတ်တာကို။ ကျွန်မတို့ရဲ့ ပတ်သက်မှုက အစကတည်းကကို မှားယွင်းခဲ့တာပါ။ သူ့အတွက် ဘာခံစားချက်ကိုမှ သက်သေပြနေဖို့မလိုပါဘူး။
ဒါပေမဲ့ ဒါနဲ့သာဆိုရင် လုံးဝ နောက်ကြောင်းပြန်လှည့်လို့မရမဲ့မြစ်ကို ဖြတ်ကျော်သလိုဖြစ်သွားမှာပါပဲ။ ကျွန်မလိုချင်ခဲ့တဲ့ အဆုံးသတ်ထက်တောင် ပိုဝေးတဲ့ အဆုံးသတ်ပေါ့။
ကျွန်မက လမ်းခွဲကြေးကို လက်ခံခဲ့တာမို့လို့။
တကယ် အဲ့ဒီလိုလုပ်လို့ ဖြစ်ပါ့မလားလို့ ကျွန်မ ကိုယ့်ခေါင်းကိုယ်ဆုပ်ကိုင်ပြီး အရူးတစ်ပိုင်း ပြန်မေးမိတယ်။ အဲ့ဒီလိုလုပ်လို့ ဖြစ်ပါ့မလား။ အဆင်ပြေပါ့မလား။ နောင်တမရဘဲ နေနိုင်မှာလား။ လုံးဝလား။ သေချာရဲ့လား။ အဖြေက ပြန်မလာခဲ့ပါဘူး။
စာအိတ်ရဲ့ထောင့်စွန်းလေး မသိမသာတွန့်ကြေသွားခဲ့တယ်။ ဂန်ဂျူဂယောင်းက မိုက်မိုက်မဲမဲ မပြုမူဖို့ ပြောနေတဲ့အလား အဓိပ္ပာယ်ပါပါအကြည့်နဲ့ ကြည့်နေတာပါ။
အဲ့ဒီအခိုက်အတန့်မှာပဲ အဖြေပေါ်လာခဲ့တယ်။
"...ကောင်းကောင်းသုံးလိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ်။"
ကျွန်မတို့နှစ်ယောက်ကြားမှာ မြစ်တစ်စင်း လိုအပ်တယ်လေ။ နောက်တစ်ခါ ဘယ်တော့မှ ပြန်ကူးလို့မရအောင် နက်ရှိုင်းတဲ့မြစ်ပေါ့။
****
Miel's Translations