no

Font
Theme

အခန်း ၂၂

Translator - D

ကျွန်မကို တစ်ခါမှ ဟင်းချက်မကျွေးဖူးဘူးဆိုတဲ့ အချက်ကို ဖယ်လိုက်မယ်ဆိုရင် ကျွန်မတို့ အတူတူ ထမင်းလက်ဆုံစားဖူးတာ ဘယ်နှခါလောက်ရှိမလဲ။ အတူတူ အလုပ်လုပ်ခဲ့တုန်းကတော့ မရေမတွက်နိုင်လောက်အောင်ပဲပေါ့။ ဒါပေမဲ့ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ တကယ်ပဲ ရေတွက်ကြည့်လို့ရပါတယ်။

သူက အိမ်မှာ ညစာစားတာရော၊ အိပ်ရာထရင် မနက်စာစားတာရောမရှိဘဲ ဒီအတိုင်း ခဏလေး နေရုံနေတာလေ။ ကျွန်မအိမ်ရယ်လို့ မခံစားမိပေမဲ့ သူ့အိမ်ပါလို့ ခံစားမိတာမျိုးလည်း မရှိပါဘူး။

သူ့ရဲ့အိမ်လို့တောင် မခံစားရတဲ့နေရာမှာ ကျွန်မ ဘာလုပ်နေခဲ့တာပါလိမ့်။ သူ လိုတောင်မလိုချင်တဲ့ ကလေးကို လွယ်ထားပြီးတော့လေ…ဒီလိုဆိတ်ငြိမ်မှုရဲ့အထဲမှာ အဲ့ဒီလိုတွေ လိုက်တွေးကြည့်လိုက်တော့ ကျန်နေတဲ့ ဘဝသက်တမ်းက ဟောင်းလောင်းပေါက်ကြီး ဖြစ်သွားသလိုပါပဲ။ အားတင်းထားဖို့ခွန်အားက လျော့နည်းလာလို့ လက်လွှတ်လိုက်ချင်ပါတယ်။

ကျွန်မ ဝူဂျင်ဟာ ပန်းကန်ဆေးစက်ထဲ ပန်းကန်တွေထည့်၊ ရေစစ်ပြီးတော့ ကျွန်မဆီကမ်းပေးပြီး အိမ်သန့်ရှင်းရေးလုပ်တဲ့ပုံစံကို တွေးကြည့်လိုက်တယ်။ ကျိန်းသေပေါက် ဒီတစ်ပတ်ကျော်လုံး တွေ့မြင်ခဲ့ရတဲ့ တစ်နေ့တာလုပ်ငန်းစဉ်ဆိုပေမဲ့ တကယ့်လက်တွေ့နဲ့မတူပါဘူး။

ဝူဂျင်ဟာက အလွန်အကျွံ အာရုံစိုက်ပြီး ကျွန်မကို မဆက်ဆံဖူးဘူးလေ။

ကျွန်မကို ဒီအတိုင်း နေသားတကျဖြစ်သွားအောင် လုပ်မလို့များလား။

ဒါမှမဟုတ် တကယ်ပဲ ကျွန်မကို စိုးရိမ်တာလား။

ပထမတစ်ခုဆိုရင်တော့ စဉ်းလဲဉာဏ်များတာပေါ့။ ဒုတိယတစ်ခုဆိုရင် အခုမှလာပြီး ဒါတွေအားလုံး ဘာများအသုံးဝင်တော့မှာလဲ။

အားလုံးက အဓိပ္ပာယ်မရှိတဲ့ နေ့ရက်တွေပါပဲ။ ကျွန်မ နည်းနည်းလေးတောင် သူ့ကို ရင်ခုန်စိတ်လှုပ်ရှားမိတာမျိုး မဖြစ်တော့ပါဘူး။ သူ ကျွန်မအတွက် ဘာတွေပဲလုပ်ပေးပါစေ အခု ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။

Sex ပဲဖြစ်ဖြစ် လုပ်တာကမှ ပိုကောင်းဦးမှာပါ။ အရင်တုန်းကအတိုင်း ကျွန်မဆီကလိုချင်တာ အဲ့ဒါအပြင်မရှိသလိုမျိုး sex ဖြစ်ဖြစ်လုပ်ပြီး နောက်ကြောင်းပြန်လှည့်မကြည့်ဘဲ အခန်းထဲကနေ ထွက်သွားတာက ပိုကောင်းမှာလေ။

ကျွန်မတို့ ပုံမှန် နေ့စဉ်ဘဝကို မျှဝေကုန်ဆုံးကြတယ်ဆိုတာမျိုး၊ နိုးတာနဲ့ သဘာဝကျသလိုမျိုး တစ်ယောက်ကိုတစ်ယောက်ရှာပြီး တစ်နေ့တာကို အတူတူကုန်ဆုံးကြတယ်ဆိုတာမျိုးကို စိတ်ကူးကြည့်လို့တောင် မရပါဘူး။ အခု အဲ့ဒါကို ကြုံတွေ့ခံစားနေရပြီဆိုပေမဲ့ပေါ့။

ကျွန်မ ထွက်ပြေးသလိုမျိုး ဖုန်းကိုယူလိုက်တယ်။

ယွန်းဟျောင်းဆီက ဝင်ထားတဲ့ဖုန်း တစ်ကောလ်။ မနေ့ကတည်းက သူ့ဆီကနေ မက်ဆေ့ဂ်ျတွေ အများကြီးဝင်ထားတာပါ။ ကျွန်မ တစ်ချက်ရပ်ပြီး သူပို့ထားတဲ့ နောက်ဆုံးမက်ဆေ့ဂ်ျကို ကြည့်လိုက်တယ်။

[နင် ကား ဘယ်တော့လာယူမှာလဲ။] 7:01 PM

ဂင်ဖိုမှာ စာချုပ်ချုပ်ခဲ့တဲ့ကားက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဝင်လာခဲ့တာပါ။ ကျွန်မက လက်ခံယူနိုင်တဲ့အနေအထားမှာ မရှိတာကြောင့် ယွန်းဟျောင်းကို သွားယူပေးဖို့ အကူအညီတောင်းထားခဲ့တာလေ။

ကျွန်မ လေဟာပြင်ထဲကို အကြောင်သားငေးကြည့်ရင်း ဝူဂျင်ဟာ သူ့အမေနဲ့ပတ်သက်တဲ့မေးခွန်းကို ပြန်ဖြေမသွားကြောင်း သတိရသွားပြီး ရက်တွေကို စရေတွက်လိုက်တယ်။

[ဘယ်မှာထားထားတာလဲ။ ငါ မနက်ဖြန်လာယူမယ်။] 7:15 PM

[စတူဒီယို ပါကင်မှာ။] 7:15 PM

ချက်ချင်း စာပြန်လာခဲ့တယ်။

[အားနာပါတယ်၊ အခြေအနေလေးတွေ ရှိနေလို့။] 7:15 PM

[နေလို့ထိုင်လို့ရော ကောင်းရဲ့လား။] 7:16 PM

ကိုယ်ရေးကိုယ်တာ အကူအညီတောင်းမှုကို လက်ခံဆောင်ရွက်ပေးပြီး ရှင်းပြချက်ရယ်လို့ ရေရေရာရာ မကြားရတာတောင်မှ သူ အရင်ဆုံးမေးတဲ့အရာက အဲ့ဒီလိုအရာပါ။

ဝူဂျင်ဟာကိုသာ အဲ့ဒီလိုပြောခဲ့ပေမဲ့ ယွန်းဟျောင်းကို မောင်လေးလို့ ခံစားရတာမျိုး သိပ်မရှိဖူးပါဘူး။ တစ်ခါတလေ အထိန်းအကွပ်မရှိစကားပြော၊ ကလေးလိုမျိုး ဆဲဆို၊ စိတ်ကောင်းမဝင်လည်း ငါ ိုး၊ စိတ်ကောင်းဝင်လည်း ငါ ိုး လုပ်တတ်ပေမဲ့ သူက ဟိုးအရင်ကတည်းက ကျွန်မထက်ပိုပြီး ရင့်ကျက်ပါတယ်။ လူကြီးတွေက ယွန်းဟျောင်းနဲ့ ကျွန်မကိုယှဉ်ပြီး သူ့ကို မရင့်ကျက်ရကောင်းလားလို့ ဆူတတ်ပေမဲ့ ကျွန်မက တကယ်တော့ သူတို့ထင်သလို ရင့်ကျက်တယ်ဆိုတာထက် စိတ်ထဲမှာ မကျေနပ်မှုတွေနဲ့ ပျက်စီးနေတာပါ။

[ရှင်းဟီဂျူ] 7:17 PM

[နင် အဆင်ပြေရဲ့လား။] 7:18 PM

အသက် ၁၇နှစ်။ အဲ့ဒီနေ့ရဲ့ နောက်ပိုင်းမှာပေါ့။ ခံစားချက်ရဲ့ အသေးစိတ် အစိတ်အပိုင်းလေးတွေက ရုတ်တရက် ပျောက်ကွယ်သွားပြီး ကြိုက်ခြင်း၊ မကြိုက်ခြင်းကြားက ကွာဟချက်ဟာလည်း အတိုင်းအဆမရှိ ကျဉ်းမြောင်းသွားခဲ့တယ်။ အသက်ရှိနေလို့သာ ရှင်သန်နေရုံဖြစ်တာကြောင့် အဲ့ဒီအပြင် အင်အားမရှိခဲ့ပါဘူး။ ကျွန်မ အစောကြီး စိတ်ကုန်ငြီးငွေ့နေခဲ့တယ်။ အများကြီး နေလာခဲ့ပြီးသားလိုပါပဲ။

အဲ့ဒါကြောင့် ထပ်ပြီးရှင်သန်နေလည်း ဒီလောက်ပဲ၊ ဒီလောက်နဲ့ ရှင်သန်တာကို ရပ်လိုက်ရင်လည်း ဒီလောက်ပဲလို့ ဝင်ပူးခံထားရသလို ပြောလိုက်တုန်းက ယွန်းဟျောင်းရဲ့မျက်နှာထား ဘယ်လိုမျိုးရှိခဲ့တာပါလိမ့်…ကျွန်မ အဲ့ဒီနေ့က ပြောလိုက်တဲ့စကားက ဂင်ယွန်းဟျောင်းအတွက် ချိန်းကြိုးဖြစ်သွားတာပဲဆိုတဲ့အတွေးမျိုး တစ်ခါတလေ တွေးမိပါတယ်။

‘ငါက နင် တကယ်ပဲ…သွားသေတော့မယ်လို့ ထင်သွားတာ…ငါ ိုး၊ နင် တစ်နေရာရာကို သွားပြီးတော့ ခုန်ချတော့မယ်ထင်ပြီး…နင် တကယ်ပဲ ငါက အသာလေး အလွတ်ပေးမယ်မထင်နဲ့။ ငါ ိုး၊ နောက်တစ်ခါ ငါနဲ့တွေ့ရင် သေမယ်သာမှတ်၊ တကယ်ပြောတာ…’

၂နှစ်ကြာပြီးတဲ့နောက် ဖုန်းထဲကနေ ကျွန်မကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အဲ့ဒီကလေးက ကျွန်မကို တွေ့တွေ့ချင်းပဲ မိုးထိုးနေတဲ့အရပ်ကြီးနဲ့ ဘတ်စ်ကားမှတ်တိုင်မှာ ကိုးရိုးကားယားရပ်ရင်း ငိုရုံသာငိုခဲ့တယ်။

ဂင်ယွန်းဟျောင်းသာ တစ်ချိန်က ကျွန်မအတွေးကို မသိခဲ့ဘူးဆိုရင် တိမ်ထူထူနေ့မှာ နေလေးတစ်ချက်သာသွားသလိုမျိုး ရုတ်တရက်ဆန်ဆန် ကျွန်မဘဝထဲဝင်လာပြီး ပျောက်ကွယ်သွားမှာပါ။ သံသယစိတ်လည်း ရှိနေမှာမဟုတ်ပါဘူး။ အဲ့ဒီလိုဆိုရင် ကျွန်မက မျက်နှာတောင်မသဲကွဲတဲ့ ခင်စရာလူအုပ်ထဲမှာ အုတ်ရောရော ကျောက်ရောရော ကျန်ခဲ့မှာလေ…

ယွန်းဟျောင်းနဲ့ ကျွန်မက အဲ့ဒီလိုနေတာ ကွက်တိသင့်တော်တဲ့ ဆက်ဆံရေးပါ။ သူက လူတွေကို သဘောကျပြီး လူတွေက သူ့ကို သဘောကျတယ်။ ငယ်ငယ်လေးကတည်းက မိန်းကလေးတွေကို ဘယ်လောက်တောင် ကြိုက်လိုက်သလဲ။

ဘာလုပ်လုပ် ပျော်စရာကောင်းတာတွေပဲ တွေ့မြင်ကြုံတွေ့ခံစားပြီး နေသွားရမဲ့လူရဲ့ဘဝမှာ အမြဲတမ်း မှောင်မှောင်မှိုင်းမှိုင်း documentary ရှိနေတာက ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ကိစ္စပါပဲ။

ဧကန္တ ထူးဆန်းတဲ့အတွေးတွေများ တွေးနေမလားဆိုပြီးတော့ အကဲမခတ်ဘဲမနေနိုင်ဖြစ်ပြီး တစ်ခါကများဆို ယွန်းဟျောင်းတစ်ယောက် ရည်းစားနဲ့ အထင်လွဲရတဲ့အထိ ကျွန်မကို စစ်ဆေးခဲ့တာပါ။ ယွန်းဟျောင်းက အဲ့ဒီရည်စားကောင်မလေးကို ဘယ်လောက်သဘောကျမှန်းသိနေတော့ ကျွန်မလည်း စိတ်မကောင်းဖြစ်ရတာပေါ့။

ကျိန်းသေပေါက် ဂင်ယွန်းဟျောင်းရဲ့ ရည်းစားတွေက ဆက်တိုက် ပြောင်းလဲနေပြီး ပလေးဘွိုင်းဗီဇနဲ့ ဂင်ယွန်းဟျောင်းက ထည်လဲတွဲသမျှ ရည်းစားတိုင်းကို တကယ် စိတ်ရင်းအသစ်နဲ့ သဘောကျပေမဲ့…ဘယ်လိုပဲဖြစ်ဖြစ် သူများအတွက် အနှောင့်အယှက်ဖြစ်ရတဲ့လူ ဖြစ်ရတာကို ကြိုက်တဲ့သူရယ်လို့ တစ်ယောက်မှမရှိပါဘူး။ ယွန်းဟျောင်းသာ လတ်တလောမှာ ရည်းစားထားနေတယ်ဆိုရင် ဒီလို မက်ဆေ့ဂ်ျတွေ ပို့လိုက် စာပြန်လိုက် ဘယ်လုပ်နေပါ့မလဲ။

စိတ်တိုင်းကျ အမြတ်ထုတ်စားလို့ရနေတာ ကံကောင်းတာပေါ့။

[နေပါဦး၊ ငါ ိုး၊ ဖတ်ပြီးတော့ ဘာလို့ စာမပြန်တာလဲ။] 7:20 PM

အချစ်လည်းရှိ၊ ရက်ရောမှုလည်းရှိတဲ့ ဝေဿန္တရာလက်သစ်ကြီးလေ။

[အဆင်ပြေတယ်။] 7:21 PM

[အဆင်ပြေလို့ ပြေတယ်ပြောတာလား၊ ပါးစပ်ပိတ်အောင်လို့ အဆင်ပြေတယ်ပြောတာလား။] 7:21 PM

[နှစ်ခုစလုံးပဲ။] 7:22 PM

[နင့်ယောက်ျားနဲ့ပဲ ဆက်နေဖို့လုပ်နေတာလား။] 7:22 PM

အဲ့ဒီလိုမဟုတ်ဘူး…ကျွန်မ မက်ဆေ့ဂ်ျကို ဆက်မရိုက်တော့ဘဲ ရပ်လိုက်တယ်။ အခု ဒီလိုနေနေရင်း အဲ့ဒီလိုစကားမျိုး ပြောရတာက ရယ်စရာကြီးလိုဖြစ်နေတာလေ။ ယွန်းဟျောင်းဘက်က ကြည့်ရင်လည်း ရယ်စရာဖြစ်နေမှာ ကျိန်းသေတာမို့ ကျွန်မ ပြန်စာ မရိုက်နိုင်ခဲ့ပါဘူး။

အဲ့ဒီအခိုက်အတန့်မှာ အရှေ့တံခါးကနေ ဝူဂျင်ဟာ ဝင်လာတဲ့အသံကို ကြားလိုက်ရတယ်။

[မနက်ဖြန်မှ တွေ့ပြီးပြောမယ်။] 7:23 PM

[လာရင်းကိစ္စလုပ်ပြီး ပြန်မှာ ကျိန်းသေနေတာကိုများ။] 7:23 PM

မက်ဆေ့ဂ်ျကို မပိတ်ခင် ယွန်းဟျောင်းရဲ့ နောက်ဆုံးစကားကိုကြည့်ပြီးတော့ ‘ရှီး’ လို့ ရယ်လိုက်ရင်း ကျွန်မက သူ အိမ်ထဲဝင်လာတာကို ကြည့်လိုက်တယ်။

ကျွန်မမျက်နှာကို ကြည့်လာတဲ့အကြည့်က ကျွန်မလက်ထဲမှာကိုင်ထားတဲ့ ဖုန်းဆီကို ဦးတည်သွားခဲ့တယ်။

ကျွန်မက သဘာဝကျကျလေး အဲ့ဒါကို အောက်ချပြီး ပြောလိုက်တယ်။

“မနက်ဖြန် ဒေါ်လေးနဲ့တွေဖို့ သွားမလို့။ သွားလို့ရမလား။”

“သွားမယ်လို့ ပြောပြီးနေပြီကို ဘာလို့ လာမေးနေသေးလဲ။”

“ရှင်က ထောင်ကြပ်လို လုပ်နေတာကိုး။”

ကိုယ်တိုင်တောင်မသိဘဲ နည်းနည်းခနဲ့သလိုလို ပြောလိုက်မိတယ်။ သူက ဘာမှမဖြစ်သလို မျက်နှာထားတည်တည်နဲ့ ပြန်မေးခဲ့တယ်။

“ဒေါ်လေးဆီကို ဘာဖြစ်လို့လဲ။”

“ဟိုတလောကပဲ ကားတိုက်မိပြီး ဆေးရုံတင်လိုက်ရလို့လေ။”

“ဘယ်တုန်းကလဲ။”

“နှစ်ပတ်၊ သုံးပတ်လောက် ရှိရောပေါ့။”

“ဘာလို့ ငါ့ကို မပြောပြတာလဲ။”

“ဂျင်ဟာနဲ့ သိပ်ပြီးဆိုင်တဲ့ကိစ္စ မဟုတ်လို့…”

“…”

“အမှန်တော့ အခုထိ တစ်ခါမှ သတင်းသွားမမေးရသေးဘူး။ ဒေါ်လေးက ကိုယ်ဝန်ဆောင်ဆိုတာ ဒီလိုနေရာမျိုး မလာရဘူးဆိုပြီး အကြောက်အကန်တားနေလို့။”

“ဘာဆိုင်လို့လဲ။ အဲ့ဒါနဲ့က။”

“ဒီအတိုင်း အယူသီးတာပဲပေါ့။ နာတဲ့သူတွေ၊ သေတဲ့သူတွေ နေ့တိုင်း ဝင်နေထွက်နေတဲ့နေရာကို မွေးတောင်မမွေးသေးတဲ့ကလေး ခေါ်လာလို့မရဘူးတဲ့။”

သိပ်ပြီးအဓိပ္ပာယ်မရှိတဲ့စကားကို ကြားလိုက်ရတော့ မျက်နှာထား ပြောင်းသွားလောက်မှာပဲလို့ ထင်ထားခဲ့ပေမဲ့ သူက အသာပဲ ခေါင်းညိတ်ခဲ့တယ်။ ကျွန်မက ခပ်ယဲ့ယဲ့ ပြုံးလိုက်တယ်။

“အခု ကလေးလည်းမရှိတော့ဘူးဆိုတော့ ကိစ္စမရှိတော့ဘူးပေါ့။”

“…”

ပေါ့ပေါ့လေးပြောလိုက်တဲ့ စကားဆိုပေမဲ့ သူက ဘာမှမပြောဘဲ မလှုပ်မယှက် ရှိနေခဲ့တယ်။ အဲ့ဒီလိုကနေ ပြောလာတာက။

“အင်းလေ။ သွားကြတာပေါ့။”

သွားကြမယ်တဲ့လား။ အတူတူသွားကြမယ်ဆိုတဲ့သဘောမျိုး ဖြစ်နေတာကြောင့် ကျွန်မလည်း မြန်မြန်ခေါင်းခါလိုက်တယ်။

“ကျွန်မတစ်ယောက်တည်းသွားလို့လည်း ရပါတယ်။”

“ငါအတူတူလိုက်မှာကို မကြိုက်ဘူးလား။”

ကျွန်မက တစ်ချက်လောက် ဘယ်လိုအဖြေမျိုး ပြန်ပေးရမလဲဆိုပြီး စဉ်းစားလိုက်တယ်။

ရှင်ကိုယ်တိုင် လိုက်ရလောက်အောင် အရေးကြီးတဲ့ကိစ္စမဟုတ်ဘူးလို့ ပြောရမလား။ အဲ့ဒါက သိပ်ပြီးဆိုင်တဲ့ကိစ္စ မဟုတ်ဘူးဆိုပြီးတော့ ဆင်တူတဲ့စကားမျိုး ပြောခဲ့ပြီးသားပဲလေ။ ဒေါ်လေးက ရှင့်ကို သဘောမကျဘူးလို့ ပြောလိုက်ရမလား။ အစက ဝူဂျင်ဟာကို သဘောမကျတာမှန်ပေမဲ့ ငွေလည်းမက်တဲ့သူဆိုတော့ အစကလောက် မ​ကြည်မှာမဟုတ်ပါဘူး။

ဒါပေမဲ့ အကြောင်းပြချက် ခိုင်လုံနေဖို့ လိုသလား။ ဘာအကြောင်းပဲဖြစ်ဖြစ် သူနဲ့အတူတူ ကျွန်မမိသားစုကိစ္စကို စီမံဖြေရှင်းရမှာ စိတ်မသက်မသာဖြစ်ရပါတယ်။

မကြာခင် ကွာရှင်းတော့မှာမို့လို့ပဲဖြစ်ဖြစ်၊ အဲ့ဒီလိုလုပ်ဖို့ ရည်မှန်းထားလို့ပဲဖြစ်ဖြစ်၊ သူ့ကို ကျွန်မမိသားစု အရင်းအချာတွေရဲ့ အသိုင်းအဝိုင်းထဲ ခဏလေးတောင် မသွင်းချင်လို့ပဲဖြစ်ဖြစ်…ဘာအကြောင်းရင်းပဲဖြစ်ဖြစ်ပါ။

“မလိုက်စေချင်ဘူးလား။”

ဝူဂျင်ဟာက ချက်ချင်းပဲ အခြေအနေကို နားလည်ခဲ့တယ်။ ကျွန်မက အရင်တုန်းကလို သူ့အတွက်တွေးပေးပြီး ငြင်းတာမဟုတ်ဘူးဆိုတာလောက်ကို တန်းပြီးနားလည်တဲ့ပုံပါပဲ။ တစ်ချက်တိတ်သွားတဲ့သူက တည်ငြိမ်စွာ ပြောခဲ့တယ်။

“သိပြီ။ မလိုက်တော့ဘူး။”

အဲ့ဒီနောက် အတွင်းရေးမှူးချွဲကို အတူလိုက်ခိုင်းဖို့ ဖုန်းဆက်လိုက်ချိန်မှာ ကျွန်မက အဆောတလျင် ထရပ်လိုက်တယ်။

“တော်ပါပြီ။ အတွင်းရေးမှူးချွဲကို အဲ့ဒါအထိပါ ဒုက္ခလိုက်မပေးပါနဲ့။”

“ကားမောင်းရတာ ပင်ပန်းတယ်။”

“…တစ်ယောက်တည်း သွားချင်လို့။ ကျွန်မ အဲ့ဒီလိုလုပ်တာကို ပိုပြီးစိတ်သက်သောင့်သက်သာရှိလို့။ အတွင်းရေးမှူးချွဲကို ဝန်ဖြစ်စေမှာစိုးလို့မဟုတ်ဘူး။”

သူက ဖုန်းကိုကိုင်ထားရင်းနဲ့ ကျွန်မကို အသာလေး ကြည့်နေခဲ့တယ်။

“ကျိန်းသေပေါက် ဝန်မပေးချင်တာလည်း မှန်တာပေါ့။ ဒါပေမဲ့ ဒီအတိုင်း မကြိုက်ဘူး။ ရှင့်လူတွေနဲ့ ရှိနေရတာကို။”

“…”

ကျွန်မက ဖုန်းကိုင်ထားတဲ့ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီးတော့ အောက်ကိုနှိမ့်ချလိုက်ပြီး မီးဖိုချောင်ဘက်ကို သွားလိုက်တယ်။ သူ့ဘာသာ ဘာပဲဝယ်လာပါစေ သူချက်ကျွေးတဲ့ အစားအသောက်တွေကို ဒီထက်ပိုပြီး ထိုင်မစားချင်တော့တာကြောင့် ကျွန်မလည်း အိတ်တွေကို မွှေနှောက်ခဲ့မိတယ်။

“ဟင်းချက်တာ ကျွန်မ လုပ်လိုက်မယ်။ အခု ဒီလောက်နဲ့…”

“…ထားခဲ့ပြီး သွားစမ်းပါ။”

သူက ကျွန်မလက်ကို အတင်းဆွဲဖယ်ပြီး လုပ်ဖို့ပြင်နေတဲ့အလုပ်ကို ဝင်လုပ်ခဲ့တယ်။ အသာတိတ်တိတ် ချက်ပြုတ်နေတဲ့ နောက်ကျောကို ကျွန်မလည်း ဒီအတိုင်း ကြည့်နေလိုက်တော့တယ်။

နောက်ဆုံးတော့လည်း မျက်နှာချင်းဆိုင်ထိုင်ပြီး ထမင်းစားဖြစ်ခဲ့ကြတာပါပဲ။ သူများတွေအတွက် သဘာဝကျတဲ့ကိစ္စကလည်း ကျွန်မတို့အတွက် သဘာဝမကျဘဲ သဘာဝမကျတာကို သဘာဝကျအောင်လုပ်နေတဲ့ ဝူဂျင်ဟာကိုကြည့်ရင်း နည်းနည်း ပျို့ချင်အန်ချင်ဖြစ်လာခဲ့တယ်။ ရိုးတိုးရိပ်တိတ်နဲ့ပေါ့။

“အပေါ့အငန်ရော။”

“နည်းနည်းငန်တယ်။”

သူက ‘ရှီး’ ဆိုပြီး ရယ်ခဲ့တယ်။

“နောက်တစ်ခါ သိပ်မငန်အောင်လုပ်လိုက်မယ်။”

“နောက်တစ်ခါ ဒီအတိုင်း ဘာမှကိုမလုပ်ပါနဲ့။”

“ဒါဆို တခြားဟာချက်မယ်လေ။”

“တခြားဟာရောပဲ။ ဂျင်ဟာနဲ့ တစ်နေကုန် အတူတူရှိနေရတာ သိပ်ပြီး ပျော်ဖို့မကောင်းပါဘူး။”

လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းကတော့ စိတ်တောင်မကူးကြည့်ဖူးတဲ့ စကားပါ။ ဝူဂျင်ဟာက ပြုံးနေသယောင် ခပ်ရေးရေး မျက်နှာထားမျိုးနဲ့ ရှိနေခဲ့တယ်။ အမှန်တော့ ပြုံးနေတာနဲ့ နီးစပ်ပါတယ်။

“မင်းကို ပျော်အောင်လုပ်ပေးဖို့ နေနေတာမှမဟုတ်တာ။”

“တကယ်ပဲ ဒဏ်ပေးခံနေရသလို ခံစားချက်မျိုးပါ။”

“ဒဏ်ပေးနေတာပဲလေ။”

“ကျွန်မ လက်လေးတစ်ချောင်းတောင် မလှုပ်ရအောင်လုပ်တာက ဒဏ်ပေးတာလား။”

“မပျော်ဘူးဆို။ အဲ့ဒါဆို ဒဏ်ပေးတာပဲပေါ့။”

“အခု ဒီလောက်နဲ့ တော်ပါတော့။ အလုပ်သွားပါ။”

ဘာပဲဖြစ်ဖြစ် စိတ်အေးလက်အေးလည်း သိပ်ပြီးနေနိုင်တော့မှာမဟုတ်ပါဘူး။ သူ ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းတာနဲ့တူလောက်အောင် အလုပ်လုပ်တတ်တာကို ကျွန်မ သိနေတယ်လေ။ တစ်နေ့တလေတောင် ကောင်းကောင်းမနားတတ်ဘဲ နေလာရာက အခု ဒီအဖြစ်ကြောင့် သူ့ရဲ့အချိန်ဇယားမှာ အပေါက်အကြီးကြီး ဖြစ်လို့တောင်နေမှာပါ။

ကျွန်မက တစ်ဝက်နီးပါးစားထားတဲ့ ထမင်းပန်ကန်လုံးကို ငုံ့ကြည့်ရင်း ဆက်ပြောလိုက်တယ်။

“ဒီလိုမျိုး အတူတူရှိနေရတာကို မကြိုက်ပါဘူး။”

တစ်နေ့မှာ မျက်လုံးပွင့်လာတဲ့အခါ စိတ်က မသိမသာလေး အရည်ပျော်သွားမလား၊ ‘ဒီလောက်ဆို မဆိုးပါဘူး အဆင်ပြေပါတယ်လေ’ လို့ တွေးမိသွားမလား၊ ထပ်ပြီးတော့ အတုအယောင်မျှော်လင့်ချက်မှာ ခေါင်းက ထုံသွားဦးမလားဆိုပြီး ကြောက်မိပါတယ်။

ဝူဂျင်ဟာက ဘာမှမပြောခဲ့ပါဘူး။ ထမင်းဝိုင်းက တိတ်တဆိတ် အဆုံးသတ်သွားပါတော့တယ်။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment