အခန်း ၄၉
Translator - D
နောက်ဆုံးအကြိမ် ဆက်ဆံမှုပြီးကတည်းက ၇၂ နာရီဝန်းကျင် ခန့်မှန်းခြေကို ကျော်လွန်သွားခဲ့ပြီဖြစ်သလို အဲ့ဒီမတိုင်ခင်ကလည်း လဝက်ကျော်ကြာအောင် သူနဲ့ မရေတွက်နိုင်အောင် အကြိမ်ကြိမ် ပတ်သက်ခဲ့ပြီးသားဖြစ်တာကြောင့် လက်တွေ့မှာ ထိရောက်မှုရှိမှာမဟုတ်မှန်း သိနေပေမဲ့လည်း ကျွန်မ ဆေးရုံကိုသွားပြီး အရေးပေါ်တားဆေး သောက်ခဲ့တယ်။
ဒါက ကျွန်မဘက်က အစွမ်းကုန် ကြိုးစားခဲ့တာပဲလို့ တွေးလိုက်တော့မှ စိတ်က နည်းနည်းလေးပိုပြီး သက်သာရာရသွားတော့တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးဖို့သက်သက်ထက် မပိုတဲ့ လုပ်ရပ်မျိုးဆိုမဲ့လည်း အသုံးဝင်မှုကိုတော့ လက်တွေ့သုံးလိုက်တာပေါ့။
ကိုယ်ဝန်စစ်ဆေးတံ ငါးခုတောင် ဝယ်ထားခဲ့ပေမဲ့ ချက်ချင်းတော့ မစစ်ရဲသေးပါဘူး။ အပေါင်းလက္ခဏာပြလည်း မဟုတ်နိုင်သလို၊ အနုတ်လက္ခဏာပြလည်း မဟုတ်နိုင်သေးတဲ့ ကာလမျိုးမို့လို့ပါ။ ပထမဆုံးအကြိမ် ကိုယ်ဝန်ရတုန်းကလည်း အဲ့ဒီလိုအချိန်အတောအတွင်းမှာ ညှဉ်းဆဲခံရသလို ခံစားခဲ့ရတာကြောင့် အခုလည်း တအားစောစောစီးစီးနဲ့ မျှော်လင့်ချက် မထားချင်ဘူးလေ။
ကျွန်မ ကိုယ်ဝန်စစ်ဆေးတံတွေ အားလုံးကို အဝတ်လဲခန်းထဲက အံဆွဲထဲမှာ ထည့်ထားလိုက်ပြီး အခုဆိုရင် သိပ်မလိုတော့တဲ့ ဓမ္မတာလာမဲ့ရက်ကိုပဲ စောင့်နေခဲ့တယ်။ ဓမ္မတာသာ လာလိုက်ရင် အရာအားလုံး ပြေလည်သွားမယ်လို့ ထင်မိတာကြောင့်ပါ။
ဝူဂျင်ဟာက တစ်ခါတလေ မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ အိမ်ကို ဝင်လာတတ်ပေမဲ့ အိပ်တော့မအိပ်ခဲ့ပါဘူး။ သူ ဘယ်မှာသွားနေသလဲလို့ တစ်ခါတစ်ရံ သိချင်မိပေမဲ့လည်း ကျွန်မတို့ကြားမှာ ဒါက ကောင်းတဲ့စိတ်ဝင်စားမှုမျိုး မဖြစ်နိုင်ဘူးထင်လို့ အောင့်အည်းထားလိုက်ရတယ်။
ကျွန်မနဲ့ မျက်လုံးချင်းတောင် မဆုံတာက ခဏခဏပဲမို့လို့ တကယ်တော့ ကောင်းကောင်းမွန်မွန် စကားပြောဖို့တောင် မဖြစ်နိုင်ခဲ့ပါဘူး။
ဒီလောက်တောင် ကျွန်မကို မကြည့်နိုင်ဘဲနဲ့ ဘာလို့ လာနေရတာလဲ...။ နေကောင်းလားလို့ မေး၊ ဘယ်နားက နာနေသေးလဲလို့မေးပြီး နေကောင်းပါတယ်၊ မနာတော့ပါဘူးလို့ ဖြေရင်လည်း မယုံသလိုမျိုး ကျွန်မရဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီးမှ ခေါင်းလွှဲသွားတတ်တာမျိုးပါ။ နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်ဆိုပြီးတော့လည်း သေသေချာချာ တောင်းပန်ပါသေးတယ်။ အဲ့ဒီလို တောင်းပန်ပြီးရင်တော့ အဆုံးသတ်ပါပဲ။
သူ့အနေနဲ့ နှောင့်ယှက်စရာကိစ္စမျိုး အခုအထိ မရှိသေးတဲ့ ကျွန်မကတော့ door lock ပိတ်သွားတဲ့အသံကို နားထောင်ရင်း ဗလာကျင်းနေတဲ့ ဒီအိမ်ကြီးထဲမှာ ကျန်ရစ်ခဲ့တာပေါ့။ ကျောင်းဆင်းချိန် ကစားကွင်းထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ ဆယ်နှစ်သား ကလေးတစ်ယောက်လို ဘာမှမလုပ်ဘဲနဲ့လေ။
ဒီမှာနေရမဲ့ရက်က အခုဆိုရင် ဘယ်နှရက်လောက် ကျန်ဦးမလဲ။ ကျွန်မ ထင်ထားတာထက် လပိုင်းလောက် ပိုပြီးနေမိရာက နေရာအနှံ့အပြားမှာ ပြန်ပြီး စွဲထင်လာတဲ့ နေ့စဉ်ဘဝရဲ့ အငွေ့အသက်တွေကို တစ်ခုချင်းစီ ပြန်သိမ်းဆည်းခဲ့တယ်။ တချို့နေရာတွေမှာ ကျွန်မ တစ်ယောက်တည်း ပျင်းရိစွာ ဖြတ်သန်းခဲ့ရတဲ့ နေ့လယ်ခင်းတွေ ကျန်ရှိနေသလို၊ တချို့နေရာတွေမှာတော့ သူနဲ့ ပြင်းပြင်းထန်ထန် ရန်ဖြစ်ခဲ့တဲ့ ညနေခင်းတွေ ကျန်ရှိနေတယ်လေ။
ပြန်လှည့်ကြည့်ရင် အားလုံးက မကောင်းခဲ့တာတော့ မဟုတ်ပါဘူး။ သူ ဒီလောက်အထိ အပြစ်ရှိသလို ခံစားနေရတဲ့ ကျွန်မတို့ရဲ့ နောက်ဆုံး နေ့စဉ်ဘဝရောပေါ့။
ဒါကြောင့် ဒါက ကျွန်မအပိုင်မဟုတ်ဘူးလို့ စည်းခြားထားပြီး၊ ကျွန်မအပိုင်မဟုတ်တဲ့ ဘယ်အရာကိုမှ သံယောဇဉ်မတွယ်သလို နေထိုင်လာခဲ့ပေမဲ့လည်း မလွှဲမရှောင်သာ ကျင့်သားရသွားတာတွေက အများကြီးပါပဲ။ တစ်ချိန်က ကောင်းမွန်တဲ့ အမှတ်တရတွေ စွဲထင်နေတာကြောင့်ပါ။
ကျွန်မအပိုင်မဟုတ်ဘဲနဲ့ ကျွန်မအပိုင်လို့ ထင်ယောင်ထင်မှားဖြစ်စေခဲ့တဲ့ အရာတွေပေါ့။
အဲ့ဒီလို အထင်မှားမိရင် နောက်ပိုင်းမှာ ပြန်ပေးရမဲ့အရာတွေကို ဆုံးရှုံးလိုက်ရသလိုမျိုး ခံစားရတတ်ပါတယ်။ တစ်ခုလေး ချိုးဖောက်မိလိုက်တာနဲ့ ဝေါခနဲ ပြိုကျသွားတော့မဲ့ စည်းတစ်ခု ရှိနေတယ်လေ။ ကျွန်မ ဝူဂျင်ဟာကို ကြည့်တိုင်း ခံစားရပြီး မှတ်ကျောက်တင်ထားခဲ့သလိုမျိုးပေါ့။ ကျွန်မက သူ့ကို ပိုင်ဆိုင်ခဲ့ဖူးတာမှမဟုတ်တာ။ ဒါကြောင့် ဆုံးရှုံးမှုဆိုတာကိုလည်း မသိနားမလည်သင့်ပါဘူး။
အဝတ်လဲခန်းကို နောက်ဆုံးအကြိမ်အဖြစ် သိမ်းဆည်းရင်းနဲ့ ဝူဂျင်ဟာရဲ့ အဝတ်အစားတွေ စီရရီ ရှိနေတဲ့ဘက်ကို ကြည့်လိုက်မိတယ်။ အဲ့ဒီဘက်ကို အသာလေး တိုးကပ်သွားရင် အမြဲတမ်း သူ့ဆီကရနေကျ ထူးခြားပြီး အေးမြစူးရှတဲ့ ရနံ့လေး ရတတ်တယ်လေ။ ခိုးပြီး တစ်ခုလောက် ယူသွားလိုက်ရမလားဆိုတဲ့ ကလေးကလား အတွေးမျိုး ခဏဝင်လာသေးပေမဲ့ အသက်ကို တစ်ချက် ပြင်းပြင်းရှူသွင်းလိုက်ရုံလေးနဲ့ပဲ ကျေနပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
အခုဆိုရင် ၅ နှစ်နီးပါး ရှိပါပြီ။ သူ့ရဲ့ ရနံ့ထဲမှာလည်း ကျွန်မ သူ့ကို သိခဲ့တဲ့ အချိန်တွေ စွဲထင်နေတာပေါ့။ နောက်ထပ်တစ်ကြိမ် ပိုပြီးပြင်းပြင်းရှူသွင်းလိုက်တာနဲ့ပဲ လောဘကို ဖြည့်ဆည်းလိုက်ပါတော့တယ်။
****
"ဒီကိုလာပြီး မှန်တစ်ချက် ကြည့်စမ်းပါဦး။ ဘယ်လိုလဲ။"
"လိုက်ပါတယ်။"
ဂန်ဂျူဂယောင်းက နှုတ်ခမ်းကိုမဲ့ပြီး မှန်ထဲကနေ ကျွန်မကို ကြည့်နေခဲ့တယ်။ ကျွန်မလည်း ပိုပြီး နီးနီးကပ်ကပ် တိုးသွားပေးလိုက်တယ်။ မှန်ထဲမှာ အတူတူ ပေါ်လာတော့ ကျွန်မကိုယ်ကျွန်မထက် ဂန်ဂျူဂယောင်းဆီကိုပဲ အလိုလို မျက်စိရောက်သွားမိတာပါ။ အသက်ကြီးလာရင်တောင် အနုပညာရှင်ဖြစ်ဖို့ မွေးလာတဲ့သူကတော့ အနုပညာရှင်ပဲ ထင်ပါရဲ့။
သူက အဲ့ဒီတော့မှ စိတ်တိုင်းကျသွားတဲ့အလား ကျွန်မကို ဒီအတိုင်း ငြိမ်ငြိမ်လေး နေခိုင်းပြီး တခြားအိတ်တစ်လုံးကို ကောက်ကိုင်လိုက်တယ်။ ဂန်ဂျူဂယောင်းရဲ့ ပုံမှန်အကြိုက်တွေထက်စာရင် နည်းနည်းရိုးရှင်းတဲ့ ပွဲတက်ဒီဇိုင်းမျိုးပါ။
"ဒါကရော ဘယ်လိုလဲ။"
"နည်းနည်း ငြီးငွေ့စရာမကောင်းဘူးလားရှင့်။"
"ဘာ။"
ဂန်ဂျူဂယောင်းက ဘာကြောင့်မှန်းမသိ နည်းနည်းအံ့ဩပြီး ကြောင်သွားတဲ့ မျက်နှာထားမျိုး ဖြစ်သွားခဲ့တယ်။ ကျွန်မ အဲ့ဒီလောက်အထိ ကြီးကြီးမားမား မလေးမစား ပြောလိုက်မိတာလား။ ကျွန်မ အသာလေးပဲ ဆက်ပြောလိုက်တယ်။
"အမေ ပုံမှန်ကိုင်နေကျ အိတ်တွေထက်စာရင် ပြောတာပါ။"
"အမြင်မရှိတာတော့ မဟုတ်ဘူးပဲ။"
"ခဏခဏ တွေ့နေရတာဆိုတော့လေ။"
ကျွန်မရဲ့ နောက်ဆက်တွဲစကားကြောင့် စိတ်အေးသွားသလိုမျိုး သူ ခေါင်းညိတ်လိုက်တာကလည်း နည်းနည်းတော့ မသဘာဝကျပါဘူး။ ကျွန်မရဲ့ အမြင်က ဘယ်တုန်းကတည်းက အရေးပါသွားလို့လဲ... ဒါက ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး။ လက်မထပ်ခင်နဲ့ လက်ထပ်ပြီး တစ်လအတွင်းမှာ ဂန်ဂျူဂယောင်းနဲ့ ငြီးငွေ့စရာကောင်းအောင် ဈေးဝယ်ထွက်ခဲ့ဖူးတဲ့ ရလဒ်အရဆိုရင် သူက ဘယ်သူ့စကားကိုမှ နားထောင်တတ်တဲ့ စရိုက်မျိုး မဟုတ်ဘူးလေ။ ဒါပေမဲ့လည်း ဘာအတွေးမှမရှိဘဲ ကောင်းပါတယ်ဆိုပြီး လက်ခုပ်တီးနေတာမျိုးကိုလည်း မုန်းတာကြောင့် လက်အောက်ငယ်သားတွေဆီကနေ မကျေနပ်ချက်တွေ၊ အပြစ်တင်သံတွေကို အလိုလို ရရှိတတ်တဲ့ ပုံမှန် "မကောင်းတဲ့ ဆရာကတော်" အမျိုးအစားပါပဲ။
"ဟုတ်ပါရဲ့။ ငါကိုင်ရလောက်အောင်တော့ မဟုတ်ဘူးပဲ။"
တကယ်တော့ သူ့ရဲ့ အပြုအမူကပဲ ထူးဆန်းနေတာ မဟုတ်ပါဘူး။ 'ကိုင်ဖို့ မသင့်တော်တာ' ကလည်း စောစောက သူကိုင်ပြတဲ့ အိတ်တစ်လုံးတည်း မဟုတ်ဘူးလေ။ သူ့ရဲ့ Personal Shopper ပြင်ဆင်ပေးထားတဲ့ ဒီနေ့အတွက် အခန်းထဲမှာ တစ်ခါတုန်းက လိုက်လာဖူးတဲ့အချိန်တွေနဲ့ လုံးဝကို ကွဲပြားခြားနားတဲ့ အရောင်အသွေးတွေ ပြည့်နှက်နေတာပါ။ အရင်ကဆို ဥဒေါင်းငှက်လိုမျိုး တောက်တောက်ပြောင်ပြောင် လှပတဲ့အမြင်မျိုး ပေးခဲ့ပေမဲ့ အခုတော့ သူ နာရေးသွားတဲ့အခါမျိုးမှာမှ တစ်ခါတလေ ကိုင်တတ်တဲ့ အရောင်ဖျော့ဖျော့ အိတ်တွေနဲ့ ဖိနပ်တွေသာ အဓိက ဖြစ်နေလို့ပါပဲ။
"ကဲ၊ ဒါကရော။"
"အရောင်က မှိုင်းပေမဲ့ ထူးထူးခြားခြား ဒီဇိုင်းလေးပဲ။"
"...ထူးထူးခြားခြားဆိုတာ ဘာကိုပြောတာလဲ။ ဘာသဘောလဲ။"
"မှိုင်းနေရင်တောင်မှ ငြီးငွေ့စရာမကောင်းဘူးလို့ ပြောတာပါ။ အမေနဲ့ လိုက်ဖက်ပါတယ်။"
ဟင်း...သူက စိတ်မပြတ်နိုင်သလို သက်ပြင်းချရင်း ခေါင်းကို အသာစောင်းကြည့်လိုက်ပြီးတော့ အိတ်ကို နောက်တစ်လုံး ပြောင်းကိုင်ပြန်တယ်။ ဒီလိုလုပ်နေတဲ့ အချိန်တစ်လျှောက်လုံး ကျွန်မက ဘာလို့ မှန်ထဲမှာ ဆက်ရှိနေပေးရတာလဲဆိုတာ သံသယဖြစ်မိပေမဲ့ ဂန်ဂျူဂယောင်းက မှန်ထဲကနေ ကျွန်မရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး အမြင်မေးနေတာကြောင့် ကျွန်မလည်း ငြိမ်ငြိမ်လေးရပ်ပြီးတော့ စကားလုံးတွေ အတင်းရှာကြံပြီး မှတ်ချက်ပေးနေရတာပေါ့။
ဒီလိုနေရတာက တကယ့် ယောက္ခမနဲ့ ချွေးမလိုပါပဲ။ ကျွန်မဘက်က နည်းနည်းတော့ အစေခံနဲ့ ပိုတူနေပေမဲ့... အဲ့ဒီထဲမှာမှ အချစ်ခံရဆုံး အစေခံတစ်ယောက်လောက်အတိုင်းအတာအထိ ဆက်ဆံရေး ကောင်းတဲ့ပုံပေါ့။ ဂန်ဂျူဂယောင်းက ကျွန်မကို သူ့ချွေးမလို့ အမည်တပ်ပြီး ခေါ်ထုတ်လာတာဆိုတော့ ချွေးမလို့ပဲ သတ်မှတ်လိုက်လည်း ရတာပဲလေ။
အသက်အရွယ် ဘယ်လောက်ပဲဖြစ်ဖြစ် ပိုလှတဲ့အိတ်ကို ရှာဖွေရင်း စိတ်အားထက်သန်စွာ ကိုင်ကြည့်နေတဲ့ပုံစံက ကျွန်မရဲ့ ရွယ်တူ သူငယ်ချင်းနဲ့လည်း တူနေပြန်ပါတယ်။ ကျွန်မလည်း သင့်တော်သလိုပဲ စကားထောက်ပေးရင်း အချိန်ဖြုန်းနေလိုက်တယ်။
တစ်နာရီလောက် ကြာသွားပြီလား။ ဂန်ဂျူဂယောင်းက ကိုင်ကြည့်စရာရှိတာတွေ အကုန်ကိုင်ကြည့်ပြီးသွားလို့လားမသိ၊ အရွယ်အစားအလိုက် အိတ်ခြောက်လုံး ရွေးထုတ်ခဲ့တယ်။ ဖိနပ်တွေကိုလည်း ကျွန်မရဲ့ အမြင်ကို မေးပြီးတော့ ခြောက်ရံရွေးခဲ့ပြန်တယ်။ ထူးဆန်းတာက ကျွန်မရဲ့ အမြင်ကို အများကြီး ထည့်သွင်းစဉ်းစားထားသလို ခံစားရတာကြောင့် Personal Shopper ကျွန်မတို့ရှေ့မှာ စုစည်းပေးထားတဲ့ ရလဒ်တွေကို ကြည့်ရင်း ကျွန်မ နည်းနည်းအံ့ဩနေခဲ့တယ်။ ခြောက်လုံးထဲမှာ လေးလုံးက ကျွန်မ လှတယ်လို့ ပြောခဲ့တဲ့ အရာတွေ ဖြစ်နေတာကြောင့်ပါ။ ကျန်တဲ့ နှစ်လုံးကတော့ ကျွန်မ ဘာမှ ထွေထွေထူးထူး မပြောခဲ့တဲ့ အရာတွေပေါ့။
"ဖိနပ်ဆိုဒ်တွေကိုတော့ ပြောထားတဲ့အတိုင်း အကုန်လုံး ၃၈ ဆီ ပြောင်းခိုင်းထားပါတယ်၊ ပါမောက္ခကြီး။ ခဏနေရင် အတွင်းရေးမှူး လီ ရောက်လာတော့မှာမို့လို့၊ အေးအေးဆေးဆေး လက်ဖက်ရည်လေး သောက်နေမယ်ဆိုရင် ဘယ်လိုလဲရှင့်။"
ကျွန်မ ခေါင်းကို ငဲ့စောင်းလိုက်မိတယ်။ ယောက္ခမရဲ့ ဖိနပ်ဆိုဒ်က ၃၈ လား၊ ၃၇ လား...။ ၃၇ မဟုတ်ဘူးလား။ အဲ့ဒီလို တွေးနေတုန်းမှာပဲ Personal Shopper က အမြဲတမ်း ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ကျွန်မဘက်ကို လှည့်ပြီး ရုတ်တရက် စကားလာပြောခဲ့တယ်။
"ကောင်းလိုက်တာနော်။ အခုခေတ်မှာ ချွေးမကိုချစ်တာ ယောက္ခမပဲလို့ ပြောကြတဲ့အတိုင်း ကျွန်မတို့ ပါမောက္ခဂန်က ကွက်တိဖြစ်နေတာပဲ။"
"ရှင်။"
"သူ့ကို 'ရော့၊ ဒါ နင့်အတွက်၊ ရွေးလိုက်' လို့ ပြောရင် ကြည့်မှာမဟုတ်ဘူးဆိုပြီး ပါမောက္ခကြီးက တမင်တကာ သူ့ဘာသာသူ ကိုင်သလိုပုံစံနဲ့ ရွေးခဲ့တာပါ။ တစ်ခုချင်းစီကို သေသေချာချာ မေးရင်းနဲ့လေ။"
"......"
"ပုံမှန် ယူနေကျ အပြင်အဆင်တွေနဲ့ လုံးဝ တခြားစီ ဖြစ်နေတာမဟုတ်လားရှင့်။"
"ငါ့ကို အရှေ့မှာထားပြီး အတင်းပြောနေတာလား။"
"ပါမောက္ခကြီးရဲ့ ခြေဆုံးခေါင်းဆုံး အပြင်အဆင်တွေက ကျွန်မရဲ့ ဂုဏ်တစ်မျိုးပဲဆိုတာ မသိဘူးလားရှင့်။ လူတစ်ယောက်ချင်းစီမှာ အကြိုက်က ကွဲပြားတတ်တာပဲမဟုတ်လား။ ကျွန်မတို့ ချွေးမလေးကတော့ အရမ်းကို ရိုးရှင်းပြီး အဆင့်မြင့်တဲ့ အကြိုက်မျိုး ရှိနေတာကိုး။"
"ဒါဆို ငါကတော့ အထက်တန်းမကျတဲ့ အကြိုက်မျိုး ရှိတယ်လို့ ပြောနေတာလား၊ ဘာလဲ။"
"စကားကို အထအနကောက်ပြန်ပါပြီ။ ဘာပဲဖြစ်ဖြစ်ပါ။ မှန်ရှေ့လာကြည့်ဦးလို့ ပြောနေတာကို ကြည့်ပြီး ကျွန်မလည်း ရယ်ချင်စိတ်ကို တော်တော် ထိန်းထားလိုက်ရတယ်။ ကိုယ့်ဟာကိုယ် ကိုင်ထားတာဆိုပေမဲ့ ချွေးမနဲ့ လိုက် မလိုက် တစ်ခါလောက် ပြကြည့်ချင်နေတာဆိုတော့ အဲ့ဒီလိုမျိုး အတင်းအကျပ်ပေါ့။"
"ဘာဖြစ်လဲ။ ငါက ဘယ်လောက်တောင် သဘာဝကျလိုက်လဲ။"
"အဲ့ဒီလိုမျိုး မဟုတ်ပါဘူးဆို၊ ပါမောက္ခကြီးရဲ့။"
ကျွန်မ အခုမှပဲ ဂန်ဂျူဂယောင်းရဲ့ သဘာဝမကျတဲ့ အပြုအမူတွေကို နားလည်သွားတော့တယ်။ ကျွန်မ ကြိုက်လောက်မဲ့ အရာတွေနဲ့ အခန်းကို ဖြည့်ထားပြီးတော့ ကျွန်မနဲ့ လိုက်ဖက်မဲ့ အိတ်တွေကိုကိုင်ပြီး မေးခဲ့တာကို.... ကျွန်မက ငြီးငွေ့စရာကောင်းတယ် ဘာညာ ပြောလိုက်တော့ လန့်သွားတာ။ ပြီးတော့ သိပ်ပြီး စိတ်မပါတဲ့ မျက်နှာထားနဲ့ ကိုင်ခဲ့ပေမဲ့ ကျွန်မက လှတယ်လို့ ပြောလိုက်တော့မှ မတတ်သာဘဲ အိတ်ကို နောက်တစ်ခါ ပြန်ကြည့်တာ...
ဘာစကား ပြောရမှန်း မသိတာကြောင့် ကျွန်မ မျက်လုံးတွေကို ဟိုဟိုဒီဒီ ကစားနေမိတယ်။ ဂန်ဂျူဂယောင်းရဲ့ မျက်ရိပ်ပြမှုကြောင့် Personal Shopper က တခြား ဝန်ထမ်းတွေကိုခေါ်ပြီး အခန်းထဲက ထွက်သွားခဲ့တယ်။ ယောက္ခမက လက်ဖက်ရည်ခွက်ကိုကိုင်ရင်း မေးလာတယ်။
"ဘာလဲ။ စိတ်တိုင်းမကျလို့လား။"
"......မဟုတ်ပါဘူး။"
"တချို့က နင်ကြိုက်တယ်လို့ ပြောခဲ့တာတွေပဲ၊ တချို့ကတော့... နင်က ငါ့ကိုပဲ ကြည့်ပြီး လိုက်တယ်၊ မလိုက်ဘူး ပြောနေတော့ နင့်စံနှုန်းနဲ့ဆို လုံးဝ စဉ်းစားမိမှာ မဟုတ်ဘူးထင်လို့၊ ငါ့အမြင်မှာ နင်နဲ့ လိုက်ဖက်မယ် ထင်တာတွေကို ရွေးလိုက်တာ။ ဆက်ဆက် ဒီလိုမျိုး လူကို မွန်းကျပ်ပြီး ရင်ကွဲမတတ်ဖြစ်စေမဲ့ ပုံစံမျိုးတွေကိုပဲ ကြိုက်တာ မဟုတ်လား။"
"ဟုတ်ကဲ့။ မှန်ပါတယ်။"
ကျွန်မဆီကနေ ရယ်သံသဲ့သဲ့ ထွက်လာခဲ့တယ်။ အကြောင်းရင်းမရှိဘဲ ပြုံးရင်းနဲ့ ခေါင်းညိတ်ပြလိုက်တော့ ဂန်ဂျူဂယောင်းက ကြောင်အမ်းအမ်းမျက်နှာနဲ့ ကြည့်လာတယ်။
“ဘာဖြစ်လို့လဲ။”
“မဟုတ်ပါဘူး။ ကျေးဇူးတင်လို့ပါ။ ကျေးဇူးတင်ပေမဲ့….”
“မယူဘူးဆိုတဲ့ စကားတော့ မပြောနဲ့နော်။ ငါက ဟိုလူတွေရှေ့မှာ ဒီလောက်တောင် သရုပ်ဆောင်ပြထားတာကို နင်ကမယူရင် ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ။”
“ဒါပေမဲ့ ဒါကတော့ နည်းနည်း.....”
“မျက်နှာပူလို့ ဝယ်ပေးတယ် မှတ်နေတာလား။ ပိုက်ဆံတွေ ပိုလျှံပေါသောနေတာလည်းမဟုတ်ဘဲနဲ့ တစ်သက်လုံး ကိုင်မှာလည်းမဟုတ်တဲ့ အိတ်တွေကို။”
“ကျွန်မ ဂျင်ဟာနဲ့ နောက်တစ်ပတ်ဆိုရင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးတော့မှာပါ၊ အမေ။”
“သိတယ်။”
“အဲ့ဒါကြောင့် ပေးတာလားရှင့်။”
ဂန်ဂျူဂယောင်းက ခဏလောက် ဘာမှမပြောဘဲ တိတ်နေခဲ့တယ်။ ပြီးမှ ဘာမှမဟုတ်သလို စကားတစ်ခွန်း ပြောလာတယ်။
“အဲ့ဒါကြောင့်ပေးတာဆိုရင် ပိုတောင်ပေးရဦးမှာပေါ့။”
“အဲ့ဒါကို ဒါလေးပဲ ပေးတာလားရှင့်။”
ကျွန်မက နောက်သလိုပြောင်သလို မေးလိုက်တော့ ဂန်ဂျူဂယောင်းက မျက်စောင်းထိုးကြည့်လာတယ်။
“အဲ့ဒါကြောင့် ပေးတာမဟုတ်ဘူး။ ဒီအတိုင်း… တစ်ခုခု ဝယ်ပေးချင်လို့။ နင် ငါ့ချွေးမ ဖြစ်နေတုန်းလေး။ ဂျင်ဟာပိုက်ဆံနဲ့ မဟုတ်ဘဲ ငါ့ပိုက်ဆံနဲ့။”
“…….”
“နင့်အပေါ် မကောင်းခဲ့တာတွေ များလွန်းလို့ ဒါနဲ့တော့ ဘယ်လိုမှ မကာမိမှန်း သိပါတယ်။ ဒါပေမဲ့ အများကြီး ပေးပြန်ရင်လည်း နင်က ကြိုက်မဲ့ကလေးမျိုးမှ မဟုတ်တာ။ အရင်က ဂျင်ဟာပိုက်ဆံနဲ့ အိတ်တွေ အပုံလိုက် ဆယ်ဂဏန်းလောက် ဝယ်ပေးတုန်းကလည်း နင်က ကိုင်နေကျ အိတ်တွေပဲ ကိုင်ခဲ့တာလေ။”
“အဲ့ဒါတွေကိုပဲ ကျွန်မ သဘောကျလို့ပါ။”
“အဲ့ဒါကိုကြည့်ပြီး တစ်ခါတလေကျတော့လည်း မရှိဆင်းရဲသား ပီသတယ်လို့ ထင်မိသလို၊ တစ်ခါတစ်ခါကျတော့လည်း ဘာလို့ ဒီလောက်တောင် အနေအေးရတာလဲလို့ တွေးမိပြန်ရော… ဂျီဟျွန်းကို နင့်အကြောင်း အတင်းပြောတော့ သူက ငြိမ်ပြီး နားထောင်နေရင်းနဲ့ မေးတယ်လေ။ 'ဒါဆို ပါမောက္ခကြီးက ချွေးမက သားဖြစ်သူရဲ့ ပိုက်ဆံကို မသုံးလို့ မကြိုက်တာလား' တဲ့။”
“…….”
“နင်သာ ပိုက်ဆံတွေ သုံးဖြုန်းခဲ့ရင်လည်း 'ဂျင်ဟာ့ပိုက်ဆံတွေကို အကုန် ဖြုန်းတီးနေတယ်' ဆိုပြီး ငါက အတင်းပြောဦးမှာ သေချာတယ်။ ငါ့ပါးစပ်ကတော့လေ။”
နင်က တကယ် အဆင်ပြေတဲ့ကလေးကို… ဂန်ဂျူဂယောင်းရဲ့ တီးတိုးရေရွတ်သံထဲမှာ နောင်တတွေ စွဲထင်နေခဲ့တယ်။ နောက်ဆုံးမှာ ကျွန်မက ထွက်သွားပေးတော့မှာမို့လို့ ဒီလိုစကားမျိုး ကြားရတာ ဖြစ်နိုင်ပေမဲ့ ဂန်ဂျူဂယောင်းရဲ့ စကားတွေထဲမှာတော့ ထူးဆန်းစွာပဲ ဟန်ဆောင်မှုကို ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့် သူ တကယ်ပဲ နှမြောတသဖြစ်နေတယ်လို့ ခံစားရပြီး… ကျွန်မကလည်း မာနမရှိစွာနဲ့ပဲ အဲ့ဒီခံစားချက်လေးကို သဘောကျနေမိပြန်ပါတယ်။
“ဒီအတိုင်း နှစ်ယောက်သား တိုးတိုးတိတ်တိတ်ပဲ တွေ့နေကြရင် ကောင်းသား။”
“…….”
“အကုန် ဂျင်ဟာ့အမှားတွေပဲပေါ့။ သူကတော့ တစ်သက်လုံး အဲ့ဒီလို အမှားမျိုး လုပ်မှာမဟုတ်ပါဘူးလေလို့ ထင်ထားခဲ့တာကို… သွေးက စကားပြောတယ်ထင်ပါရဲ့။”
“အဲ့ဒီလို မဟုတ်ပါဘူး။ ကျွန်မမှာလည်း…တာဝန်ရှိပါတယ်။”
“ဒီလိုကိစ္စမျိုးဆိုတာ ပုံမှန်ဆို ယောက်ျားတွေကိုပဲ အပြစ်တင်ရတာ။ ကိုယ့်သားပဲဖြစ်ဖြစ်၊ သူများသားပဲဖြစ်ဖြစ်… ကလေးရလာလို့ သူတို့အတွက် ဘာများနစ်နာစရာရှိလဲ။”
“ဂျင်ဟာလည်း အများကြီး နစ်နာခဲ့ရတာပဲမဟုတ်လား။”
“…….”
“ကျွန်မ တကယ် အဆင်ပြေပါတယ်၊ အမေ။”
“အဆင်ပြေရင် လက်ခံလိုက်။ ဘယ်နှခုမှလည်း မရှိတာကို။”
ဝူဂျင်ဟာရဲ့ အတွင်းရေးမှူးဟောင်းပီပီ စာရင်းဇယားတွေကို ကြိုကြည့်တတ်တဲ့ အကျင့်အရ ကျွန်မကတော့ သိပ်ပြီးမယူချင်ခဲ့ပါဘူး။ ရိုးရိုးရှင်းရှင်း ထုပ်ပိုးထားတဲ့ ပစ္စည်းလေးတွေလို့ ပြောပေမဲ့ တစ်ထိုင်တည်းမှာတင် ဝမ်သိန်း ၃၀၀ ကျော်ထက်မနည်း ကုန်ကျသွားခဲ့တာကိုး။
ကျွန်မ ဘာမှပြန်မပြောဘဲ နေနေတာကြောင့် ဂန်ဂျူဂယောင်းက လက်ဖက်ရည်ခွက်ကို ဒေါက်ခနဲ ချပြီး ကျွန်မကို ကြည့်လာပါတော့တယ်။
****
Miel's Translations