အခန်း ၆၀
Translator - D
၁၂ နာရီ ကျော်သွားပြီ။
အမှန်အတိုင်းပြောရရင် အခုအထိ ငါတို့ကြားမှာ ဘာတွေဖြစ်ပျက်ခဲ့မှန်း နားမလည်နိုင်သေးဘူး။
ဇာတ်လမ်းရဲ့ အစကို ပြန်သွားကြည့်မယ်ဆိုရင် မှတ်ပုံတင်ဓာတ်ပုံလေးထဲက ရှင်းဟီဂျူကို တွေ့ရမှာပါ။ အဲ့ဒီတုန်းက မင်းအသက် ၂၅ နှစ်။ အသက် ၂၈ နှစ်အရွယ် ငါကတော့ တစ်ခါတလေကျရင် ရှေ့မှာ ဘာဖြစ်မယ်ဆိုတာကို လုံးဝမသိနိုင်သလိုနဲ့၊ တစ်ခါတလေကျပြန်ရင်လည်း အရာရာတိုင်းကို သိနေတယ်လို့ ထင်တတ်ပြန်ရော။
ကိုယ်ရေးရာဇဝင် စာရွက်ထဲမှာ ပါနေတဲ့ မင်းရဲ့ဘဝက ဒုတိယအမျိုးအစားပေါ့။ တော်တော်လေးကို ခန့်မှန်းရလွယ်တဲ့ ဘဝမျိုး။ အရည်အချင်းစစ်လက်မှတ်တွေက ရေးစရာနေရာတောင်မကျန်အောင် ပြည့်နှက်လို့။ ဘာသာစကား ကျွမ်းကျင်မှုကလည်း သိသိသာသာ ထူးချွန်သလို၊ ထိပ်တန်းတက္ကသိုလ်က ဆင်းလာတာဆိုတော့ ကိုယ်လုပ်နေတဲ့ အလုပ်နယ်ပယ်မှာလည်း ပညာအရည်အချင်းက တော်တော်လေး တောက်ပြောင်နေခဲ့တာလေ။
ပျမ်းမျှထက် ပိုပြီးတော့ ကြိုးစားပမ်းစား ရှင်သန်ခဲ့တဲ့၊ ပုံစံခွက်ထဲက လူလတ်တန်းစား မိသားစုရဲ့ သမီးတစ်ယောက်။ ကျောင်းလည်း တစ်ခါမှ မနားဖူးသလို၊ GPA ကလည်း ၄.၅ မှာ ၄.၂၈ တောင် ရထားတာ။ ဘွဲ့မရခင် ဘယ်လိုနည်းနဲ့မဆို အလုပ်ရဖို့အတွက် ရာထူးနိမ့်တဲ့အလုပ်ကိုတောင် ဝင်လုပ်ခဲ့တာကို ကြည့်ရင် မင်းရဲ့စရိုက်က ရိုးရှင်းနေတာပဲ။
မရေရာတဲ့ အခြေအနေကို တစ်ချက်လေးတောင် သည်းမခံနိုင်ဘဲ ဘေးကင်းစိတ်ချရမှုကိုပဲ အလေးထားတဲ့ လူစားမျိုး၊ လုံးဝ မဖြစ်နိုင်တဲ့ အိပ်မက်တွေကို ဘယ်တော့မှမမက်ဘဲ တစ်ချက်လေးတောင် မနားတတ်တဲ့ ကြိုးစားလွန်းပြီး ငြီးငွေ့စရာကောင်းတဲ့လူသား။
စိတ်ဝင်စားစရာမကောင်းတဲ့ ကိုယ်ရေးမှတ်တမ်းရဲ့ အဆုံးသတ်အထိ ငါ ပြန်ပြီး စေ့စေ့စပ်စပ် ကြည့်နေတုန်းမှာပဲ “လှတာတော့ တော်တော်လှတယ်မဟုတ်လား” လို့ မေးတဲ့အသံကို ကြားလိုက်ရတယ်။ မင်းရဲ့ နုံအတဲ့ အထက်လူကြီးက ငါ မင်းမျက်နှာကိုပဲ ကြည့်နေမယ်လို့ ထင်သွားလောက်အောင် ဓာတ်ပုံထဲက မင်းက တကယ်လည်း လှတာကိုး။ ငါလည်း ဘာအဓိပ္ပာယ်မှမရှိသလိုမျိုး ခေါင်းကိုသာ အသာအယာ ညိတ်ပြလိုက်တယ်။
နေလာတဲ့တစ်လျှောက်လုံး အရာရာတိုင်းက မင်းအတွက်တော့ လွယ်ကူနေခဲ့မှာပေါ့။ မွေးရာပါ ရုပ်ရည်ကြောင့် သွားလေရာမှာ လူချစ်လူခင် ပေါမယ်၊ စိတ်ပူစရာမရှိဘဲ ဘဝအတွက် ဘေးကင်းတဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်မယ်၊ ရောင့်ရောင့်ရဲရဲရှိမယ်၊ ပြီးတော့ ထောက်ပံ့မှုလည်း အသင့်အတင့်ရမှာပဲ.... တော်သင့်ရုံ ဉာဏ်ကောင်းတဲ့ ဦးနှောက်နဲ့၊ ပုံမှန်လုပ်နေကျ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်တာကလွဲလို့ တခြားဘာကိုမှ ဂရုမစိုက်ဘဲ အဲ့ဒီလိုမျိုး ကြိုးစားပမ်းစား ရှင်သန်နေရုံနဲ့ ခက်ခဲစရာ ဘာများရှိမှာလဲ။
အဲ့ဒါကမှ ခိုင်းစားလို့ကောင်းမဲ့ အမျိုးအစားပေါ့။ ဗီဇအရတော့ ငါ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အမျိုးအစားဆိုလည်း မမှားပြန်ဘူး။
“စစချင်း WK E&C ရဲ့ ပြည်ပလုပ်ငန်းဌာနမှာ အမှုဆောင်ဒါရိုက်တာရဲ့ အတွင်းရေးမှူးအဖြစ် ၁ နှစ် လုပ်တုန်းက စာချုပ်ချုပ်ဝန်ထမ်းပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဌာနမှူး ဘတ်ဟွီဟျွန်း မိခင်ကုမ္ပဏီကို ရာထူးပြောင်းသွားတော့ ရှင်းဟီဂျူကို ဒီဘက်ဆီ အထူးအကြံပြုပြီး လွှတ်လိုက်တာပါ။ အမြဲတမ်းဝန်ထမ်း ခန့်အပ်တဲ့ကိစ္စကြောင့် ကျွန်တော်တို့ အတွင်းရေးမှူးရုံးမှာလည်း အစပိုင်းမှာ စကားတွေ နည်းနည်းများခဲ့ရပေမဲ့ သူ့ရဲ့ အရည်အချင်းတွေက ဒီလိုဆိုတော့ အကုန်လုံး ပါးစပ်ပိတ်သွားကြတယ်လေ။ တကယ်တမ်းဆို အတွင်းရေးမှူးရုံးမှာ ထိုင်နေတဲ့ အပြိုင်အဆိုင် ဝင်ထားတဲ့သူတွေထက် အများကြီး သာနေတာမို့လို့....အခုအထိလည်း မျက်နှာလေးလှရုံနဲ့ ကောလိပ်ဆင်း အတွင်းရေးမှူးဌာနက လူတွေကိုတောင် ခန့်နေကြတာဆိုတော့လေ။”
“အတွင်းရေးမှူးလီ သိတဲ့အတိုင်း၊ လွန်ခဲ့တဲ့ ၂ ပတ်အတွင်း ကျွန်တော် လဲလိုက်တဲ့လူက ၆ ယောက်တောင် ရှိနေပြီ။ အဲ့ဒီထဲမှာ အတွင်းရေးမှူးရုံးကလူပဲ ၃ ယောက်ပါနေတာကို။”
“ဟုတ်ကဲ့၊ အများကြီး လိုအပ်ချက်တွေ ရှိခဲ့ပါတယ်....”
“ဒီကိုယ်ရေးရာဇဝင်ကို အခုမှ ပြပေးရတဲ့ အကြောင်းရင်းက။”
“အဲ့ဒါက.... ဌာနမှူးဘတ် ရှင်းဟီဂျူကို ဒီဘက်လွှတ်လိုက်တာက တကယ်တော့ ရာထူးရွှေ့တာကို ဆိုင်းငံ့ထားတာမို့လို့ပါ။ အထက်ကနေ ရာထူးအကြံပြုချက်ကို လက်ခံရရှိထားပြီးသားမို့လို့ သူကိုယ်တိုင်လည်း ချက်ချင်းငြင်းဖို့ ခက်နေတော့၊ အဲ့ဒီအတောအတွင်း ရှင်းဟီဂျူ အလုပ်ထွက်မသွားအောင် ဒီဘက်မှာ ထိန်းထားပေးရမှာပါ။”
“အာ။”
“ရှင်းဟီဂျူကို အမြဲတမ်းဝန်ထမ်းဖြစ်အောင် ဌာနမှူးဘတ် ကူညီပေးခဲ့တာက သူ့အတွက်တော့ ဆုလာဘ်တစ်ခုပေးလိုက်သလိုပါပဲ။ ဆုလာဘ်လို့ ပြောပေမဲ့လည်း အတွင်းရေးမှူးတွေ သဘောကျကြတဲ့ ထိပ်တန်းဥပဒေအကျိုးဆောင်လုပ်ငန်း ၄ ခုလည်း မဟုတ်သလို၊ ရှင်းဟီဂျူရဲ့ အခြေအနေနဲ့ဆိုရင် ဒါက သူ မတက်နိုင်တဲ့ အပင်မျိုးလည်း မဟုတ်တော့ ဒီလိုကမ်းလှမ်းချက်ကို လက်ခံခဲ့တာက သစ္စာရှိတာကြောင့်လည်း ဖြစ်မှာပေါ့.... အလုပ်မှာလည်း တော်တော်လေး အတွဲညီကြတယ်လို့ ကြားပါတယ်။ တရုတ်ပြည်တွင်းမှာဆိုလည်း ဧည့်ခံကျွေးမွေးရေးစွမ်းရည်က ထူးချွန်တယ်တဲ့လေ။ ဒီနှစ်မကုန်ခင်တော့ မရရအောင် ပြန်ခေါ်သွားမယ်ဆိုပြီး ပြောထားလို့ အတွင်းရေးမှူးရုံးကလွဲရင် ကျန်တဲ့ရာထူးတွေအတွက်ကတော့ စဉ်းစားစရာကို မလိုခဲ့တာပါ။”
မင်းသာ ဒီလောက်အထိ ဇီဇာမကြောင်ခဲ့ရင်ပေါ့။ ငါ့ကို ကြည့်နေတဲ့ အတွင်းရေးမှူးလီရဲ့ မျက်နှာမှာ ချန်လှပ်ထားတဲ့ စကားလုံးတွေကို မြင်နေရသလိုပဲ။ သူ့အတွေးနဲ့ မဆိုင်ဘဲ ငါလည်း အဲ့ဒီတော့မှပဲ တစ်ဝက်လောက် နားလည်သွားတော့တယ်။
“အတွင်းရေးမှူးရုံးမှာလည်း အထူးသဖြင့် ရုပ်ရည်က ထင်ထင်ရှားရှား လှနေတော့ ဖြတ်သွားဖြတ်လာ တွေ့မိတဲ့ အမှုဆောင်တွေဆီကလည်း ခေါ်ယူဖို့ တောင်းဆိုချက်တွေ အများကြီး ရှိခဲ့တာပါ။ တစ်ယောက်ချင်းစီကို လှည့်ပတ်ပြီး ငြင်းရတာ တော်တော်လေး ဒုက္ခရောက်ခဲ့ရတာကို.... တကယ်တော့ လူတစ်ယောက်ကို ကြည့်တဲ့မျက်စိကတော့ အတူတူပါပဲ၊ ဖြစ်နိုင်ရင် လှလှပပ မျက်နှာလေးကို ကြည့်ပြီး အလုပ်လုပ်ချင်ကြတာလည်း နားလည်ပေမဲ့ အခြေအနေက အဲ့ဒီလိုဆိုတော့ E&C မှာ ဌာနမှူးဘတ်ကို အလုပ်ပိုင်းအရပဲ ပံ့ပိုးပေးခဲ့တာ မဟုတ်ဘဲ တခြား ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိနေတာ မဟုတ်ဘူးလားဆိုပြီး စကားတွေ အမျိုးမျိုး ထွက်နေလို့။”
“အတွင်းရေးမှူးလီရဲ့ အမြင်အရရော ဘယ်လိုထင်လဲ။”
“သိပ်ပြီး ယုံကြည်ရတဲ့စကားတွေတော့ မဟုတ်ပါဘူး။”
“ဒါဆိုရင် ရှေ့လျှောက် ယုံကြည်ရတဲ့စကားတွေကိုပဲ ပြောပါ။”
“အာ.... တောင်းပန်ပါတယ်။”
“အရင်လူတွေနဲ့ယှဉ်ရင်တော့ စံနှုန်းထက် နည်းနည်းကျော်နေတာပဲ။”
ကိုယ်ရေးရာဇဝင်ကို အသာလေးချရင်း တီးတိုးရေရွတ်လိုက်တော့၊ အတွင်းရေးမှူးလီက မသိမသာနဲ့ ရှင်းဟီဂျူရဲ့ ဓာတ်ပုံကို လှမ်းကြည့်ပြီး ပြောလာတယ်။
“ပုံမှန်အားဖြင့် ဒီလိုအခြေအနေမျိုးဆိုရင် အိမ်ထောင်ကောင်းကောင်းကျဖို့ ရည်ရွယ်ချက်က အများစုပဲဆိုတော့။ ဒီလောက် ရုပ်ရည်မျိုးဆိုရင် အိမ်မက်လည်း မြင့်မြင့်မက်လို့ရသလို၊ အလုပ်အကိုင်အရလည်း ချဉ်းကပ်ရ လွယ်တယ်၊ ရုပ်လှရုံပဲရှိတဲ့ ကလေးတွေကြားထဲမှာဆိုရင် သူက အသိပညာ ဗဟုသုတလည်း များတဲ့ပုံပဲမဟုတ်လား။”
“အခုလေးတင် ယုံကြည်ရတဲ့စကားတွေကိုပဲပြောဖို့ တောင်းဆိုထားတာကို။”
အတွင်းရေးမှူး လီက ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာပျက်သွားပြီးတော့မှ ငါ့မျက်လုံးတွေကို တည့်တည့်ကြည့်လာတယ်။
“သူ့ရဲ့ ဘဝစီမံကိန်းကိုတော့ ဘယ်သူမှမသိနိုင်ပေမဲ့ အများစုကတော့ အဲ့ဒီလိုပဲတွေးဖို့ လွယ်ပါတယ်။ ဌာနမှူးအနေနဲ့ကတော့ အလုပ်နဲ့ ပုဂ္ဂိုလ်ရေးကို သေချာ ခွဲခြားနိုင်မှာဆိုပေမဲ့၊ သူ့ကို ဘေးမှာထားမယ်ဆိုရင် အဲ့ဒီလို စကားတွေ အတူတူ ထွက်လာနိုင်တာကိုတော့ ထည့်တွက်ထားရပါလိမ့်မယ်။”
ရှင်းဟီဂျူရဲ့ ဓာတ်ပုံကို ထပ်ကြည့်လိုက်ပေမဲ့ ဘာခံစားချက်မှ မဖြစ်မိခဲ့ဘူး။ ရှင်းဟီဂျူ ရုံးခန်းတံခါးကိုဖွင့်ပြီး ဝင်လာတဲ့ အခိုက်အတန့်မှာလည်း အတူတူပါပဲ။ အတွင်းရေးမှူးလီ ထိုင်ခဲ့တဲ့ နေရာမှာ သေသေသပ်သပ်ထိုင်ပြီး ငါ့ကို ပထမဆုံးအကြိမ် တည့်တည့်စိုက်ကြည့်နေတဲ့ မျက်နှာ၊ ယဉ်ကျေးတဲ့ မျက်ဝန်းတွေနဲ့ အမူအရာ၊ ဒူးပေါ်မှာ သေသေသပ်သပ် စုထားတဲ့ လက်နှစ်ဖက်.... အားလုံးက ပုံစံခွက်အတိုင်းပဲလေ။
“နိုင်ငံခြားဘာသာတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနကနော်။”
“ဟုတ်ပါတယ်။”
“ဘာသာစကား အမှတ်တွေကတော့ အကုန်လုံး ထူးချွန်နေတာပဲ။ ရှင်းဟီဂျူအနေနဲ့ တကယ်တမ်း အလုပ်ခွင်မှာ အသုံးချနိုင်တဲ့အဆင့်က ဘယ်လောက်အထိရှိလဲ။”
“အင်္ဂလိပ်စာကတော့ လုပ်ငန်းသုံးစကားပြန်အထိ၊ တရုတ်စာကလည်း အဲ့ဒီလိုပဲ လုပ်ငန်းသုံးစကားပြန်အထိ ရပါတယ်။ လိုအပ်မယ်ဆိုရင်ပေါ့။”
“ဂျပန်စာကရော။”
“ဂျပန်စာကတော့ နည်းနည်း လိုအပ်ချက်ရှိနိုင်ပေမဲ့ ကြိုတင်ညှိနှိုင်းမှုကနေစပြီး ပြည်တွင်း ဧည့်ခံကျွေးမွေးရေးအထိတော့ အဆင်ပြေပြေ လုပ်ဆောင်နိုင်တဲ့ အဆင့်ပါ။”
“ကောင်းတဲ့ အချက်ပဲ၊ ဒါပေမဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ကျွမ်းကျင်စကားပြန်ကို မသုံးဘဲ မင်းကိုပဲ အဆင့်ဆင့် ဖြတ်သွားတာက ပိုကောင်းတဲ့ ရွေးချယ်မှုလို့ ထင်လား။”
“ဘာကို အဓိကထားသလဲဆိုတဲ့အပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။ ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှုကို လိုချင်တယ်ဆိုရင် ပိုကောင်းတဲ့ ရွေးချယ်မှုတွေ ရှိနိုင်မှာဆိုပေမဲ့၊ ညှိနှိုင်းတဲ့ အဆင့်ကနေစပြီး လျှို့ဝှက်ချက် လိုအပ်တဲ့ ကိစ္စတွေမှာဆိုရင်တော့ လုံခြုံရေးက အသက်ပဲမဟုတ်လားရှင့်။”
“အဲ့ဒီလောက်အထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ပေါ့။”
“ကျွန်မက နှုတ်လုံပါတယ်။ လက်တွေ့ မကြုံရသေးခင်အထိတော့ သိနိုင်မှာ မဟုတ်ဘူးဆိုပေမဲ့ပေါ့။”
“မသိနိုင်ဘူးပေါ့။”
“ယုံကြည်မှုတည်ဆောက်ဖို့ အချိန်လိုအပ်တာတော့ သဘာဝကျပါတယ်။ ဒါပေမဲ့ အဲ့ဒါထက် ဒါက ရိုးရှင်းတဲ့ ဖြစ်နိုင်ခြေပြဿနာလို့ ထင်ပါတယ်။ လူနှစ်ယောက် သိနေတာထက် တစ်ယောက်တည်း သိတာက ပိုပြီး ဘေးကင်းသလို၊ နှုတ်ပိတ်ရတာလည်း တစ်ခါတည်းဆိုတော့ ပိုပြီး အဆင်ပြေမှာပါ။”
အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေကိုတောင် သည်းခံပြီး အရင်အထက်လူကြီးအပေါ် သစ္စာရှိနေတုန်းမှာ ထင်မှတ်မထားတဲ့ နေရာကို ရွှေ့ပြောင်းခံလိုက်ရတာဆိုတော့ စိတ်မပါတာကလည်း သဘာဝကျတာပေါ့။ ရှင်းဟီဂျူရဲ့ မျက်နှာမှာ စိတ်အားထက်သန်မှု တစ်စက်ကလေးတောင် မရှိတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေမိတယ်။ အဲ့ဒီလိုဖြစ်နေတာတောင် ခပ်တောင့်တောင့် အဖြေတွေကိုတော့ အကောင်းဆုံး ဖြေကြားနေတာကိုလည်း သတိထားမိလိုက်တယ်လေ။
ရှင်းဟီဂျူက ငါ့ဆီ ကိုယ်ရေးအကျဉ်း မရောက်ခင်ကတည်းက သတ်မှတ်ခံထားရပြီးသား လူသစ်ဖြစ်နေသလို၊ တခြားရွေးချယ်စရာလည်း မရှိတဲ့အတွက် လူတွေ့စစ်ဆေးတာမျိုးလည်း မလိုအပ်ပါဘူး။ ဒါက ဘာအဓိပ္ပာယ်မှ မရှိတဲ့ စကားဝိုင်းဖြစ်ပြီး ငါတို့နှစ်ယောက်လုံးလည်း အဲ့ဒါကို သိနေကြတယ်လေ။
ငါလည်း အချိန်ကို အနည်းဆုံးပဲဖြုန်းဖို့ ရည်ရွယ်ချက်နဲ့ စိတ်မပါလက်မပါ အပိုမေးခွန်းတစ်ခုကို မေးလိုက်တယ်။
“ရှင်းဟီဂျူက ဘာလို့ အတွင်းရေးမှူး ဖြစ်လာတာလဲ။”
“ရည်ရွယ်ခဲ့တာတော့ မရှိပါဘူး၊ ဖြစ်ပေါ်လာတဲ့ အခြေအနေအတိုင်း အလိုက်သင့်သွားရင်းနဲ့ပဲ အဲ့ဒီလို ဖြစ်လာတာပါ။”
စိတ်မပါတဲ့ မေးခွန်းနဲ့ လိုက်ဖက်စွာ အားမရှိတဲ့ အဖြေပါ။ ဒီစကား မတိုင်ခင်ကအထိ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်ဖို့ ကြိုးစားနေတဲ့ပုံစံက နှမြောဖို့တောင်ကောင်းနေပါသေးတယ်။
ထူးဆန်းတာက ရှင်းဟီဂျူရဲ့ အမူအရာက အဲ့ဒီအချိန်မှာ ပြောင်းလဲသွားတာပါပဲ။
“....အဲ့ဒါပဲလား။ ဒီအတိုင်းဖြစ်သွားတယ်ပေါ့လေ။”
“အကြံပေး ပါမောက္ခကြီးရဲ့ မိတ်ဆက်ပေးမှုကြောင့်ပါ။ ပါမောက္ခကြီးရဲ့ မိတ်ဆွေတစ်ယောက်က အင်္ဂလိပ်စာနဲ့ တရုတ်စာ နှစ်မျိုးလုံး တော်တဲ့လူတစ်ယောက် ချက်ချင်း အရေးပေါ် လိုအပ်နေတယ်ဆိုပြီး အကူအညီတောင်းလာတာကို....အဲ့ဒီမိတ်ဆွေက အရင်က ကျွန်မ တာဝန်ယူခဲ့တဲ့ WK Holdings က ဌာနမှူး ဘတ်ဟွီဟျွန်းပါ။ သူ့ရဲ့ အတွင်းရေးမှူးက မတော်တဆမှု ဖြစ်သွားလို့ ကွမ်ကျိုးခရီးစဉ်က နီးနေပြီဆိုတော့ အလုပ်ရှာဖွေရေး အေဂျင်စီတွေနဲ့ ဆက်သွယ်ဖို့ အချိန်မရှိတော့တာနဲ့....”
“ဌာနမှူး ဘတ်ဟွီဟျွန်းက ထားပါတော့၊ ရှင်းဟီဂျူကရော ဘာလို့လဲ။”
“ပါမောက္ခကြီးရဲ့ အမြင်မှာ မျက်နှာကောင်းရချင်လို့ပါ။”
“အာ၊ ဘွဲ့လွန်ကျောင်းလား။”
“ဟုတ်ကဲ့။”
ဟန်ဆောင်ထားတဲ့ အကြောင်းပြချက် အမျိုးမျိုးထက်စာရင် ဒါက ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်စေခဲ့တယ်။ ရှီးဆိုပြီး ရယ်လိုက်တော့ ရှင်းဟီဂျူရဲ့ သေသေသပ်သပ်ရှိနေတဲ့ နှုတ်ခမ်းအစုံကလည်း နည်းနည်းလေး ပျော့ပျောင်းသွားတော့တယ်။
“ပြီးတော့ ပါမောက္ခကြီးဆီကနေ ဘာသာပြန်အလုပ်တွေ ရနေတာမို့လို့....”
“အဆက်အသွယ်ပေါ့။”
“ဟုတ်ကဲ့။ အဆက်အသွယ်က အရေးကြီးပါတယ်။”
မြှောက်ပင့်တာကို သိမှာမဟုတ်ဘူးလို့ ထင်ရတဲ့ မိန်းမက တည်တည်ငြိမ်ငြိမ်နဲ့ ဝန်ခံလာတယ်။
“ဒါနဲ့ ဘာလို့ ပြန်မသွားတာလဲ။ ၁ နှစ်စာချုပ် ပြီးသွားတာတောင်။”
“ဌာနမှူး ဘတ်ဟွီဟျွန်းက အချိန်ကိုက် ကမ်းလှမ်းမှုတစ်ခု ပေးလာတာနဲ့....”
“အဲ့ဒါက အဲ့ဒီလောက်ကောင်းတဲ့ ကမ်းလှမ်းမှုမဟုတ်တာကို။”
“ဆိုးလည်းမဆိုးပါဘူး။”
“နဂို ရည်မှန်းချက်ကရော။”
“ဒီအတိုင်းလည်း မဆိုးတာမို့လို့ပါ။”
****
Miel’s Translations