no

Font
Theme

အခန်း ၅၇

Translator - D

သွေးစလေးမြင်ပြီး ရာသီသွေး စတင်ဆင်းလာတာနဲ့အမျှ အရာရာတိုင်းက မူလအတိုင်း ပြန်လည်ပြည့်စုံသွားသလိုပါပဲ။ ကျွန်မ နောက်ဆုံးတော့ ဥက္ကဋ္ဌ ဝူရဲ့ လူယုံတော်ဖြစ်တဲ့ အတွင်းရေးမှူးချုပ် ဂျောင်နဲ့ တွေ့ဖြစ်ခဲ့တယ်။ လက်မထပ်ခင် သဘောတူစာချုပ် မူကြမ်းကို ရေးဆွဲခဲ့တဲ့ ရှေ့နေဂင်လည်း အတူတူပဲပေါ့။

ကျွန်မရဲ့ အစအဆုံး ပူးပေါင်းဆောင်ရွက်ပေးတဲ့ သဘောထားကို ဥက္ကဋ္ဌဝူတို့ ဇနီးမောင်နှံက အသိအမှတ်ပြုတယ်လို့ သူတို့က ပြောရင်း ပြီးခဲ့တဲ့တစ်ခေါက်ထက်တောင် ပိုပြီးများပြားတဲ့ အကျိုးခံစားခွင့်တွေကို ကမ်းလှမ်းလာကြတယ်။ ကာလပေါက်စျေး ၃.၅ ဘီလီယံတန်ဖိုးရှိတဲ့ ပန်းချီကားတစ်ချပ်၊ အပ်ဂူဂျောင်က တိုက်ခန်းတစ်ခန်း၊ ဂျမ်ရှီးလ်မှာရှိတဲ့ ကုန်တိုက်တစ်ခုရဲ့ အထပ်တစ်ထပ်၊ ပြီးတော့ တခြားအထွေထွေကုန်ကျစရိတ်တွေအတွက်ဆိုပြီး ငွေသား ဝမ် ၁ ဘီလီယံ။

အတွင်းရေးမှူးချုပ် ဂျောင်ရဲ့ ရှင်းပြချက်တွေကို နားထောင်နေရင်း ယောက်ျားတစ်ယောက်ကို ငိုအောင်လုပ်ခဲ့ရုံလေးနဲ့ ဒါက အဆမတန်များပြားလွန်းတဲ့ လျော်ကြေးပဲလို့ ကျွန်မ တွေးနေမိတယ်။ ဥက္ကဋ္ဌဝူတို့ ဇနီးမောင်နှံ ကျွန်မကို ပေးမဲ့ ပိုင်ဆိုင်မှုတွေကို စုစုပေါင်းလိုက်ရင် ဝမ် ၁၀ ဘီလီယံကိုတောင် အသာလေး ကျော်သွားမှာလေ။ သူတို့အတွက် ဘာမှမဟုတ်ပေမဲ့ ကျွန်မအတွက်တော့ အများကြီးမှန်း သိနေကြတာမို့ ဒီလောက်အထိ အပိုတွေ ဖြုန်းတီးနေဖို့ မလိုပါဘူး။

ကျွန်မက ဝူဂျင်ဟာနဲ့ တစ်နှစ်တောင် အတူမနေခဲ့ရတဲ့ ဇနီးသည်ပဲမဟုတ်လား။ အဲ့ဒီအိမ်အတွက် ကလေးတစ်ယောက် ယူပေးပြီး ထွက်သွားရမှာလည်း မဟုတ်သလို၊ တစ်နေ့မှာ လက်ဗလာနဲ့ နှင်ထုတ်ခံရရင်တောင် လက်ခံပါ့မယ်ဆိုတဲ့ လက်ထပ်စာချုပ်မှာတောင် သေသေသပ်သပ် လက်မှတ်ထိုးပေးထားခဲ့ပြီးသားမို့လို့ ဒီလိုပေးကမ်းမှုတွေက အလကားတောင် ဖြစ်နေပါသေးတယ်။

ဒါက ဝူဂျင်ဟာကို အခုအချိန်မှာ ဘယ်လောက်တောင် အရေးတယူ ရှိနေကြသလဲဆိုတာကို ပြနေတာပဲဖြစ်မှာပေါ့။ အဲ့ဒါကြောင့် ကျွန်မဘက်က ဘာသံမှ ထွက်မလာဖို့ သူတို့အတွက် အရေးကြီးနေတာလေ။ သူ့အတွက်တော့ ကောင်းတဲ့ကိစ္စပါပဲ။

လူတိုင်းပြောကြသလို 'ယောက်ျားတစ်ယောက်ကို ကောင်းကောင်းမြှူဆွယ်နိုင်လို့' ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့တဲ့ ကျွန်မအတွက်လည်း ဒါက ကောင်းတဲ့ကိစ္စပါ။

အသေအလဲ စဉ်းစားကြည့်ရင်လည်း သေတဲ့အထိ ငွေရေးကြေးရေး ပူစရာမလိုဘဲ နေသွားလို့ရပြီဆိုပေမဲ့...အခုထိတော့ ဘာမှမခံစားရသေးပါဘူး။ တကယ်လို့လည်း မထင်မိသေးဘူးလေ။ ပိုင်ရှင်တွေက ကြည်ဖြူစွာ ပေးခဲ့တာဆိုပေမဲ့လည်း ကိုယ်နဲ့မထိုက်တန်တဲ့ အရာတစ်ခုကို ခိုးယူထားမိသလိုပါပဲ။

တစ်သက်လုံး ဒါက ငါ့ပိုင်ဆိုင်မှုပါလို့ ထုတ်မပြောရဲသလို၊ အဖမ်းခံရမှာကြောက်လို့ ပြန်ထုတ်ရောင်းလို့လည်းမရဘဲ သေတဲ့အထိ ဘယ်သူ့ကိုမှ ပြောပြလို့မရတဲ့ ခိုးရာပါပစ္စည်းတစ်ခုလိုပေါ့။

ကျွန်မရဲ့ အခြေအနေနဲ့ ဆင်တူတဲ့ ဒရာမာတွေထဲက မင်းသမီးတွေလိုမျိုး၊ ကိုယ့်ရဲ့ဖြူစင်မှုကို သက်သေပြဖို့အတွက် နောက်ဆုံးမှာ ဒါတွေအားလုံးကို ငြင်းဆန်လိုက်တဲ့ ပြကွက်တွေကို ကျွန်မ ပြန်ပြီး ပုံဖော်ကြည့်မိတယ်။ သူတို့ရှေ့မှာ ချပေးထားတဲ့ ငွေထုပ်ကို ဘာမှသံယောဇဉ်မတွယ်နေဘဲ ထားခဲ့ပြီး ထွက်သွားတဲ့အခန်း၊ မင်းသားရဲ့အမေ ပေးခဲ့တဲ့ ဝမ် ၅၀ မီလီယံတန် ချက်လက်မှတ်ကို ငိုပြီးတော့ မင်းသားဆီ ပြန်ပေးလိုက်တဲ့အခန်း၊ အရှက်ရမှုနဲ့ အစော်ကားခံရမှုတွေကြောင့် တုန်ယင်နေတဲ့အခန်း၊ ဒီပိုက်ဆံတွေမရှိလည်း အခုအထိ ကောင်းကောင်းရှင်သန်လာခဲ့တာပဲဆိုပြီး ကြွေးမြီတွေပဲရှိတဲ့ ပင်ပန်းဆင်းရဲလှတဲ့ လက်တွေ့ဘဝထဲကို မိုက်မိုက်မဲမဲ ပြန်သွားကြတဲ့အခန်းတွေ....

ကျွန်မမှာတော့ သူတို့လို မိဘတွေဆီက အမွေရထားတဲ့ ကြွေးမြီတွေလည်း မရှိ၊ ဖျားနာနေတဲ့ မိဘတွေလည်း မရှိ၊ အချိန်ပိုင်းအလုပ်တွေ နှစ်ခုသုံးခု လုပ်နေဖို့လည်း မလိုသလို၊ မိဘတွေအစား ပြုစုပျိုးထောင်ပေးရမဲ့ မောင်လေးညီမလေးတွေလည်း မရှိပါဘူး။

တကယ်လို့ ယောက္ခမတွေ သူတို့ရှေ့ကို ချပေးလိုက်တာက ဝမ် ၅၀ မီလီယံ မဟုတ်ဘဲ ၅ ဘီလီယံသာဆိုရင် သူတို့ရဲ့ မြင့်မြတ်တဲ့ ရွေးချယ်မှုတွေက ပြောင်းလဲသွားမလား။ အများစုကတော့ ပြောင်းလဲသွားကြမှာပါ။ ဝမ် ၅၀ မီလီယံက လူတစ်ယောက်ရဲ့ဘဝကို မပြောင်းလဲနိုင်ပေမဲ့ ဝမ် ၅ ဘီလီယံကတော့ မိသားစုတစ်ခုလုံးရဲ့ဘဝကို ပြောင်းလဲပစ်နိုင်တယ်လေ။ ဒါ့အပြင် သူတို့မှာက ကိုယ့်ကိုယ်ကိုယ် စတေးတယ်ဆိုတဲ့ ဆင်ခြေကောင်းလေးတွေလည်း ရှိနေတာကိုး။ ငါ့အတွက်မဟုတ်ဘဲ သနားစရာကောင်းတဲ့ ငါ့မိသားစုတွေအတွက်ဆိုရင်တော့ အချစ်ဆိုတာက ဘာအရေးကြီးလို့လဲဆိုပြီးတော့ပေါ့…

လက်ခံရင်လည်း မြင့်မြတ်နိုင်သလို၊ လက်မခံရင်လည်း မြင့်မြတ်နိုင်တဲ့ မင်းသမီးတွေနဲ့ယှဉ်ရင် ဘာဆင်ခြေမှပေးစရာမရှိတဲ့ ကျွန်မကတော့ အတွင်းရေးမှူးချုပ် ဂျောင်က အချက်အလက်တစ်ခုချင်းစီအလိုက် ထပ်လောင်းပြောကြားနေတဲ့ စည်းကမ်းချက်တွေကို ငြိမ်သက်စွာ နားထောင်နေလိုက်တယ်။ ရမဲ့ပိုက်ဆံကလွဲလို့ ဘာမှအရေးမကြီးတဲ့ လူတစ်ယောက်လိုမျိုးပေါ့။

တကယ်တော့ ဖြစ်ရပ်က ဆန့်ကျင်ဘက်သာ ဖြစ်သင့်ပါတယ်။ ပြတိုက်မှူးဆုန်က ကျွန်မကို ဝမ် ၅၀ မီလီယံပဲ ပေးခဲ့ရင်တောင် လက်ခံမိမှာမို့လို့ပါ။ ပမာဏက ပြဿနာမဟုတ်ပါဘူး။ ဘယ်လောက်ပဲဖြစ်ဖြစ် တန်ဖိုးတစ်ခု သတ်မှတ်ခံရဖို့ကသာ အရေးကြီးခဲ့တာပါ။ ကျွန်မက တစ်ခုခုကို ပြန်ရမှ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို ရောင်းစားပစ်တယ်ဆိုတာက ပိုပြီးအရေးကြီးခဲ့တာလေ။ စျေးပေါပေါနဲ့ဖြစ်ဖြစ်၊ မယုံနိုင်လောက်အောင် စျေးကြီးကြီးနဲ့ဖြစ်ဖြစ်…

'နင့်အတွက် အဲ့ဒီလောက်တန်ဖိုးရှိတယ်လို့ထင်ရင် ဆက်ပြီးတွယ်ကပ်နေလိုက်။'

ဝူဂျင်ဟာရဲ့အိမ်ကနေ အဝတ်တစ်ထည်တောင် ယူမသွားဘူးလို့ တွေးခဲ့တဲ့ ကျွန်မကိုယ်ကျွန်မ ရယ်ချင်မိသွားတယ်။ ရှင်ပေးခဲ့တဲ့ ပိုက်ဆံတွေကို တစ်ပြားမှ မသုံးခဲ့ပါဘူးလို့ ရဲရဲဝံ့ဝံ့ ပြန်ပေးဖို့ ကြံစည်ခဲ့တဲ့ အဲ့ဒီကြီးကျယ်လှတဲ့ လူနေမှုစရိတ်တွေကလည်း ရယ်စရာကောင်းနေတယ်လေ။

ကျွန်မအတွက်တော့ ကြည့်ရတာ ရယ်စရာကောင်းတဲ့ပုံစံပါပဲ။ ဟုတ်ပါရဲ့၊ အဲ့ဒီလိုဖြစ်နေမှပဲ အရှက်ရပြီး ခေါင်းမဖော်နိုင်မှာပေါ့။ အဲ့ဒီလိုမှပဲ တစ်ညတာ စိတ်ရူးပေါက်မှုနဲ့ သူ့ကို ဆွဲမထားနိုင်မှာပေါ့။

အဲ့ဒီလိုမှပဲ တစ်ခါတစ်လေ မှားယွင်းပြီး….တကယ်တော့ ဒီအတိုင်း အတူတူရှိနေချင်ပါတယ်ဆိုတဲ့ စကားမျိုးကို မပြောမိမှာပေါ့... ဒါကြောင့် ရယ်စရာကောင်းနေတာကသာ အမှန်ကန်ဆုံးပါပဲ။

'ဂျင်ဟာက နင့်ကြောင့် အဲ့ဒါတွေကို ဆုံးရှုံသွားလည်းဖြစ်တယ်လို့ တွေးတယ်ဆိုရင်ပေါ့။'

ကျွန်မ အဲ့ဒီလို တွေးမိမဲ့နေ့ဆိုတာ တစ်ရက်ကလေးတောင် ရှိလာမှာ မဟုတ်လို့ပါ။

“နစ်နာကြေးကိုတော့ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲကြောင်း အတည်ပြုလျှောက်ထားလွှာကို မိသားစုတရားရုံးဆီ တင်သွင်းပြီး နှစ်ရက်မြောက်နေ့မှာ ပေးပါမယ်။ ကျန်တဲ့အပိုင်းတွေကိုတော့ သတ်မှတ်ထားတဲ့ရက်မှာ ကွာရှင်းမှုမှတ်ပုံတင်ပြီးတာနဲ့ တစ်ပြိုင်နက် ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းလုပ်ငန်းစဉ်တွေကို တစ်ပါတည်း ဆောင်ရွက်ပေးသွားမှာပါ။ ပန်းချီကားကတော့ တန်ဖိုးလည်း အင်မတန်ကြီးမားသလို၊ ပြတိုက်မှူး ဆုန်ကလည်း အနုပညာပစ္စည်းတွေကို ကိုင်တွယ်တဲ့နေရာမှာ အရမ်းစေ့စပ်သေချာလွန်းတော့ အချိန်နည်းနည်း ပိုကြာနိုင်ပေမဲ့…ဖြစ်နိုင်ရင်တော့ ဆရာကတော် တိုက်ခန်းလွှဲပြောင်းရယူမဲ့နေ့မှာ အမှတ်တရလက်ဆောင်လိုမျိုး အိမ်ထဲမှာ ကြိုတင်ချိတ်ဆွဲထားပေးဖို့ သူက အလိုရှိပါတယ်ဗျ။”

အမှတ်တရလက်ဆောင်တဲ့...

ယဥ်ကျေးသိမ်မွေ့လှတဲ့ ခင်ပွန်းရဲ့ အဘွားဖြစ်သူရဲ့ စကားလုံးရွေးချယ်မှုကို ကျွန်မ အံ့သြမိသွားတယ်။

အခုလို ကျွန်မ ထွက်သွားပေးတာက ဝူဂျင်ဟာအတွက် ဘယ်လောက်တောင် အကျိုးရှိစေသလဲဆိုတာနဲ့ သူ့ဘေးမှာ ကျွန်မရှိနေခဲ့တာက ဘယ်လောက်တောင် အန္တရာယ်များခဲ့သလဲဆိုတာကို တစ်ပြိုင်နက်တည်း သိရှိသွားအောင် လုပ်လိုက်တဲ့ ကြင်နာဟန်ပြ ထိုးနှက်ချက်တစ်ခုပဲပေါ့။

“...ကျေးဇူးတင်ပါတယ်လို့ စကားပါးပေးပါရှင့်။”

“ဒါဆို အဆုံးအထိ ကောင်းကောင်းလေး ဆောင်ရွက်ပေးဖို့ တောင်းဆိုပါရစေ၊ ဆရာကတော်။”

အသက်အရွယ်ရနေပြီဖြစ်တဲ့ အတွင်းရေးမှူးချုပ်က ကျွန်မကို ခါးညွှတ်ပြီး အရိုအသေပေး နှုတ်ဆက်ခဲ့တယ်။ ကျွန်မကိုယ်တိုင် ဖြည့်စွက်စရာမလိုတဲ့ စာရွက်စာတမ်းတွေပေါ်မှာ တံဆိပ်တုံးကိုတောင် တခြားသူက သေသေသပ်သပ် ရိုက်နှိပ်ပေးနေတာကို ကျွန်မ ငြိမ်ပြီးကြည့်နေမိတာပေါ့။ ဝူဂျင်ဟာရဲ့ တံဆိပ်တုံးကတော့ မအပ်နှံရသေးပုံရပြီး သူ့နေရာလေးက လစ်ဟာနေတုန်းပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝူဂျင်ဟာ ငိုနေခဲ့တာကို ကျွန်မ သတိရလာမိတယ်။

တကယ်လို့သာ ကျွန်မက သူ့ကို ချစ်နေသေးတယ်လို့ ပြောခဲ့ရင် ဘာဖြစ်သွားမလဲ။ ကျွန်မက သူ့ဘေးမှာ ဆက်ပြီး ရှိနေချင်သေးတယ်လို့ ပြောခဲ့ရင်၊ တကယ်တော့ သူ့ကို ထားမသွားချင်ဘူးလို့ ပြောခဲ့ရင် သူ ဒီစာရွက်စာတမ်းတွေကို ဘယ်လိုများ ကိုင်တွယ်ဖြေရှင်းမလဲ။ အခုလို မြင်ကွင်းမျိုးအစား၊ ဒီနေ့ ကျွန်မ ဘယ်နေရာမှာ ဘာကို ကြည့်နေမိမလဲ...

အဲ့ဒီလိုဖြစ်လာစရာ အကြောင်းမရှိပေမဲ့လည်း ခေတ်စားနေတဲ့ ဒရာမာတွေထဲကလို ဝူဂျင်ဟာက ကျွန်မအတွက် အရာအားလုံးကို စွန့်လွှတ်လိုက်တဲ့ပုံစံမျိုးကို ကျွန်မ တစ်ချက်လေး စိတ်ကူးယဉ်ကြည့်လိုက်မိတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ စိတ်ထဲမှာ မကောင်းလှပါဘူး။

သူ ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ဆုံးရှုံးပြီး သိမ်ငယ်သွားမဲ့ ပုံစံမျိုးကို မတွေ့ချင်လို့ မဟုတ်ဘဲ၊ သူ့ကို အဲ့ဒီလောက်အထိ ပျက်စီးသွားစေတာတောင်မှ သူ့ဘေးမှာ ရှိနေရလို့ ပျော်နေပါတယ်ဆိုပြီး ပြုံးနေမဲ့ ကျွန်မရဲ့ အရှက်မရှိတဲ့ စိတ်ကူးထဲက မျက်နှာထားကို ရွံရှာမိလို့ပါ။

တစ်ချက်လေး စိတ်ကူးယဉ်ကြည့်လိုက်ရုံနဲ့တင်ပေါ့။

ကျွန်မ အိမ်ထဲက ပစ္စည်းတွေကို တစ်ခုချင်းစီ ပြန်ပြီး စနစ်တကျ သိမ်းဆည်းခဲ့တယ်။ သူ နဂိုက မထားခဲ့တဲ့ အလှဆင်ပစ္စည်းတွေကို ဖယ်ရှားလိုက်ပြီး ကျွန်မ အဆင်ပြေသလို နည်းနည်းချင်းစီ ရွှေ့ထားခဲ့တဲ့ ပရိဘောဂတွေရဲ့ တည်နေရာတွေကိုလည်း တတ်နိုင်သမျှ မူလအတိုင်း ပြန်ထားခဲ့တယ်။ ပြီးခဲ့တဲ့ အခေါက်တုန်းကတော့ ဒီလိုမျိုးလုပ်ဖို့ကိုတောင် မဝံ့မရဲ ဖြစ်ခဲ့ရတယ်လေ။

နဂိုပစ္စည်းတွေကတော့ သေတ္တာတွေနဲ့ ခွဲပြီးသားမို့လို့၊ ဒီနောက်ပိုင်း လပိုင်းအတွင်း ထုတ်သုံးဖြစ်ခဲ့တဲ့ ပစ္စည်းတွေကိုပဲ ပြန်ထည့်ပြီး တိပ်ပတ်လိုက်တာနဲ့ ပြီးသွားပါပြီ။ သုံးပြီးသား လူသုံးကုန်ပစ္စည်း အများစုကိုတော့ အမှိုက်အိတ်ထဲပဲ ထည့်လိုက်တယ်။ ရင်းနှီးနေတဲ့ ခံစားချက်ကြောင့် ကျွန်မ ရယ်မိသွားတယ်လေ။

သိပ်ပြီး ငြီးငွေ့ထိုင်းမှိုင်းမနေခဲ့တာတောင် အချိန်တွေက တရိပ်ရိပ် ကုန်ဆုံးသွားခဲ့တယ်။ စာရွက်စာတမ်းတွေ ရေးထိုးဖို့ ထွက်သွားခဲ့တဲ့ နေ့လယ်ခင်းတုန်းက ကိစ္စတွေက မနေ့တစ်နေ့ကလိုပါပဲ။

ဒီအိမ်ကနေ ထွက်သွားဖို့ ကြိုးစားခဲ့တာ ဘယ်နှကြိမ်တောင် ရှိခဲ့ပြီလဲ... အခုတော့ အချည်းနှီးဖြစ်သွားစရာ အကြောင်းမရှိတော့တာမို့ ဒီနေရာမှာ အဓိပ္ပာယ်မရှိ ပြန်ပြီး ထိုင်နေစရာလည်း မလိုတော့ပါဘူး။

အရှက်မရှိတဲ့ လူတစ်ယောက်လို ဖြစ်နေပြီမို့လို့ လက်ထပ်ပြီးနောက်ပိုင်း ရခဲ့တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း နာရီဝက်လောက် ထပ်ပြီးစဉ်းစားနေမိပြန်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အစက ဆုံးဖြတ်ထားခဲ့တဲ့အတိုင်းပဲ အကုန်လုံးကို ထားခဲ့ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

နစ်နာကြေးငွေတွေ အများကြီး ရယူပြီး ထွက်သွားမဲ့ အခြေအနေမှာ ဒီလောက်လေး လုပ်ပြရုံနဲ့ သိက္ခာရှိတဲ့လူလို့ အထင်ခံရချင်နေရင်တော့ အဲ့ဒါက ပြဿနာပဲပေါ့။ ကြည့်ရုံနဲ့ သိသာနေတဲ့ ဟန်ဆောင်မှုတစ်ခုထက် မပိုပါဘူး။ ဒါပေမဲ့ တကယ်တမ်းလည်း ကျွန်မ ဘာတစ်ခုမှ မလိုချင်တော့တာပါ။

ဝူဂျင်ဟာနဲ့ လက်ထပ်ထားတဲ့ အခြေအနေမျိုးမှာမှ ကျွန်မအနေနဲ့ ပိုင်ဆိုင်ခွင့်ရှိတဲ့ ပစ္စည်းတွေပဲလေ။ ကွာရှင်းလို့ရတဲ့ ဆုလာဘ်ကတော့ ကွာရှင်းတာဖြစ်လို့ ထားလိုက်ဦး... နောင်မှာ ရလာမဲ့ များပြားလှတဲ့ ပိုင်ဆိုင်မှုတွေကလည်း ကျွန်မနဲ့ မဆိုင်သလို ခံစားနေရပေမဲ့ ဒီနှစ်ခုကတော့ လုံးဝကွဲပြားတဲ့ ခံစားချက်မျိုးပါ။ ဝူဂျင်ဟာရဲ့ ပိုက်ဆံနဲ့ ဝယ်ထားပြီး ဂန်ဂျူဂယောင်းရဲ့ အမြင်နဲ့ ရွေးချယ်ထားတဲ့ ပစ္စည်းတွေမို့လို့ အိမ်ထောင်ရေး ပြီးဆုံးသွားတဲ့ ကျွန်မအတွက်တော့ ပုံစံတကျ ခွဲတမ်းထဲမှာတောင် ပါဝင်စရာ မလိုပါဘူး။

ဒါတောင်မှ အဝတ်လဲခန်းထဲမှာ စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာနဲ့ ကျွန်မ ရပ်နေမိတယ်။ ဒီပစ္စည်းတွေကို ဒီအတိုင်း ထားခဲ့တာကလည်း သူတစ်ပါးကို ဒုက္ခပေးသလို ဖြစ်နေမလားဆိုပြီးတော့ပါ။ တစ်ခုချင်းစီက အဖိုးတန်လွန်းတာမို့ သူ့အတွက်ဆိုပြီး ကျွန်မ သဘောနဲ့ကျွန်မ လွှင့်ပစ်လိုက်လို့လည်း မရပါဘူး။ လူခေါ်ပြီး ကြိုတင် ရှင်းလင်းထားရမလား စဉ်းစားမိပေမဲ့ ဝူဂျင်ဟာကလည်း ဒီအိမ်ကို သိပ်လာတတ်တာ မဟုတ်တော့ ဂန်ဂျူဂယောင်းကိုပဲ အကူအညီတောင်းတာက ပိုကောင်းမယ်လို့ တွေးလိုက်မိတယ်။

ကြိုပြောလိုက်ရင် အကုန်လုံး ထုပ်ပိုးပြီးတော့ ယူသွားဆိုပြီး ပြန်ပေးမဲ့လူမျိုးမို့လို့ ကိစ္စအားလုံး ပြီးသွားမှပဲ ပြောတာက မှန်ပါလိမ့်မယ်...

သန်ဘက်ခါလောက်မှ ခိုးကြောင်ခိုးဝှက် ဖုန်းဆက်လိုက်မယ်လို့ ကိုယ့်ဘာသာ နိဂုံးချုပ်လိုက်ပြီးနောက်မှာ ဂန်ဂျူဂယောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်မကို လက်ဆောင်ပေးထားတဲ့ ပစ္စည်းတွေကို ပုံးအသစ်တစ်ခုထဲ ထည့်လိုက်တယ်။ အနည်းဆုံး ဒီပစ္စည်းတွေကတော့ ကျွန်မ ထွက်သွားမဲ့ အထိမ်းအမှတ်အနေနဲ့ ပေးထားတာမို့လို့ ယူသွားသင့်တယ်ဆိုပြီး ထင်မိတာကြောင့်ပါ။

တစ်ခါမှ မစီးဖြစ်သေးတဲ့ ဖိနပ်တွေအပေါ်မှာ Dust bag တွေနဲ့ထည့်ထားတဲ့ တန်ဖိုးကြီးအိတ်တွေက ဖြစ်သလို ပုံထပ်လို့ပါ။ ပိုက်ဆံတွေ ဘယ်လောက်ပဲ များလာပါစေဦး၊ အိတ်တွေ ထပ်ဝယ်စရာမလိုတော့ဘူးဆိုတဲ့ အတွေးနဲ့တင် ကျွန်မဆီကနေ ခွီခနဲ ရယ်သံတစ်ခု ထွက်လာတော့တယ်။

အဲ့ဒီအချိန်မှာပဲ အနည်းငယ်ဟနေတဲ့ တံခါးအပြင်ဘက်ကနေ ဖုန်းမြည်သံတစ်ခု ကြားလိုက်ရတယ်။ ကျွန်မလည်း ပုံးတွေကို ဆက်ပြီးထုတ်ပိုးဖို့ပဲ စိတ်ကူးထားတာကြောင့် အဲ့ဒီအသံကို လျစ်လျူရှုထားလိုက်တယ်လေ။ စောစောက သုံးလက်စ တိပ်ခွေ ပျောက်နေတာမို့ တော်တော်ကြာအောင် လိုက်ရှာနေရတာပါ။ အဲ့ဒီအတောအတွင်းမှာလည်း ဖုန်းက ဆက်တိုက်မြည်နေတုန်းပါပဲ။ အဝေးကနေ ကြားနေရတာမို့ အသံက သိပ်မကျယ်ပေမဲ့ လုံးဝဥပေက္ခာပြုဖို့ကျတော့လည်း ခက်နေပြန်တယ်။

တိပ်ခွေကလည်း လိုက်ရှာနေတာ ရှာမတွေ့သေးတဲ့ကြားထဲ ဖုန်းသံကပါ ပါနေတော့ စိတ်လည်းတိုလာတော့တာပေါ့။

ရပ်သွားပြီထင်လိုက်တိုင်း ထပ်ခါတလဲလဲ ပြန်မြည်လာတဲ့ ဖုန်းသံက ပိုဆိုးလာခဲ့တယ်။

ကျွန်မလည်း နောက်ဆုံးတော့ အပေါ်ယံပဲ ဟနေသေးတဲ့ ပုံးကို ဒီအတိုင်းထားခဲ့ပြီး အဝတ်လဲခန်းထဲကနေ ထွက်လာခဲ့လိုက်တယ်။ မှောက်ထားတဲ့ ဖုန်းကို ကောက်ကိုင်လိုက်တော့ ဝူဂျင်ဟာဆိုတဲ့ နာမည်က ထင်ထင်ရှားရှား ပေါ်နေတယ်လေ။ စိတ်တိုနေတာကြောင့် မြန်နေတဲ့ အသက်ရှူသံတွေက အနည်းငယ် ပြန်ငြိမ်သွားခဲ့တယ်။ စိတ်ထဲမှာ ကြည်နူးသွားတာမျိုးလည်း မဟုတ်သလို၊ စိတ်တိုတာတွေ ပျောက်သွားတာမျိုးလည်း မဟုတ်ဘဲနဲ့ အလိုလိုနေရင်း အဲ့ဒီလို ဖြစ်သွားခဲ့တာပါ။

“……ဟယ်လို။”

-အာ... ဟီဂျူလားဗျ။

“ဘယ်သူလဲရှင့်။”

ဖုန်းထဲကကြားနေရတဲ့ အသံက အစိမ်းသက်သက်ပါပဲ။ ကျွန်မ ကိုယ်တိုင်တောင် သတိမထားမိဘဲ သံသယစိတ်နဲ့ မေးလိုက်တော့ တစ်ဖက်ကနေ အကျပ်ရိုက်နေတဲ့ပုံစံမျိုးနဲ့ ရယ်သံသဲ့သဲ့ ကြားလိုက်ရတယ်။

-ကျွန်တော်က ဂျင်ဟာ့သူငယ်ချင်းပါ။ ဟို... အဲ့ဒီဘက်က ခင်ပွန်းဖြစ်သူကို လာခေါ်ပေးလို့ ရမလားလို့။

ကျွန်မက ဘာလို့လဲ။ ရှင်တို့မသိလို့ပါ၊ ကျွန်မတို့က အဲ့ဒီလို ပတ်သက်မှုမျိုး မရှိတော့ဘူး။ ရှင့်ဘာသာရှင်ပဲ အဆင်ပြေသလို လုပ်လိုက်ပါ။

အဲ့ဒီလိုမျိုး အေးစက်စက် အဖြေစကားတွေက ခေါင်းထဲမှာ ဝဲလည်နေပေမဲ့ တစ်ခုမှတော့ အသံထွက်မလာခဲ့ပါဘူး။

ကျွန်မလည်း အသံတိတ်နေရင်း ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကိုပဲ အသာလေး လှုပ်ရှားနေမိတယ်။

အဲ့ဒီအချိန်မှာပဲ ဟိုဘက်က အမျိုးသားက စကားကို အလျင်အမြန် ဆက်ပြောလာခဲ့တယ်။

- သူ အရက်တွေ အများကြီး သောက်ထားလို့ပါ။ ကျွန်တော်လည်း တော်တော်လေး မူးနေတာဆိုတော့ အိမ်အထိ လိုက်ပို့ပေးနိုင်မဲ့ အခြေအနေ မဟုတ်လို့လေ။

ဝူဆွန်းဝန်းမှာ ၂၄ နာရီလုံး အဆင်သင့်ရှိနေတဲ့ ဒရိုက်ဘာတွေ ဘယ်နှစ်ယောက်တောင်လဲ။ ဒါမှမဟုတ်လည်း သူများတွေလိုပဲ အငှားယာဉ်မောင်းကို ဘာလို့ မခေါ်နိုင်ရတာလဲ....

အဓိပ္ပာယ်မရှိတဲ့ အတွေးတွေ ဝင်လာခဲ့တယ်။ အခုမှ ၁၂ နာရီတောင် မထိုးသေးတာမို့ သိပ်ပြီးလည်း နောက်ကျနေတာမျိုး မဟုတ်ပါဘူး။ ရှေ့တင်ရှိနေတဲ့ ကွာရှင်းမဲ့ကိစ္စကို ခဏဖယ်ထားဦး၊ ကျိန်းသေပေါက် ကျွန်မ ဖြစ်နေရမဲ့ အကြောင်းရင်းလည်း မရှိဘူးလေ။

ဒါပေမဲ့လည်း ဝူဂျင်ဟာက ဒီလိုမျိုး သိသာလွန်းတဲ့ ဆင်ခြေတွေပေးပြီးတော့ တခြား တုံးအတဲ့ ယောက်ျားတွေလိုမျိုး သူငယ်ချင်းကို အသုံးချတဲ့ ကလေးကလား အပြုအမူမျိုးအထိ လုပ်ပါ့မလားလို့ တွေးမိနေတာကြောင့်....

ဖုန်းကိုလည်း ချက်ချင်း မချနိုင်ဘဲ ဖြစ်နေခဲ့တယ်။

- ပြီးတော့ ကြိုပြီး စိုးရိမ်နေမှာစိုးလို့ မပြောဘဲနေမလို့ကို... ဂျင်ဟာ နည်းနည်း ထိခိုက်ထားလို့ပါ။

“……ထိခိုက်တယ် ဟုတ်လား။”

ထိခိုက်ထားရင် အရေးပေါ်ဌာနကို အရင်သွားတာ ပိုမကောင်းဘူးလားလို့ ပြောမလို့ပဲရှိသေးရာက တကယ်ပဲ အလိုလို မေးခွန်းထုတ်လိုက်မိတယ်။ ကျွန်မ ကြောင်သွားမိတာပေါ့။

-ဆေးရုံသွားရလောက်တဲ့အထိတော့ မဟုတ်ပေမဲ့ တစ်ယောက်တည်း လွှတ်လိုက်ဖို့ကျတော့လည်း မဖြစ်လို့ပါ။

အဲ့ဒါဆိုရင်လည်း ဆက်ပြီး မပြောဘဲနေလိုက်ပါတော့လားလို့ ပြန်ပြောရမဲ့အစား…

“အရင်ဆုံး လိပ်စာကို မက်ဆေ့ဂ်ျနဲ့ ပို့ပေးထားပါ။”

နောက်ဆုံးတော့ အဲ့ဒီလူရဲ့ အလိုကျအတိုင်းပဲ ကျွန်မ အဲ့ဒီလို ပြောထွက်သွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူက အရက်မူးနေပြီး အသိစိတ်ရှိနေတာလည်း မဟုတ်တော့ ဒီလောက်က ကိစ္စမရှိပါဘူး။ ကူညီပေးလိုက်လို့လည်း အဆင်ပြေမှာပါ။ ဒီလောက် ဟာကွက်လေးကတော့ ဘာမှမဖြစ်ဘူး....

ဘာပဲဖြစ်ဖြစ် သူ ဘာမှမှတ်မိမှာမဟုတ်တာကို သိနေတာကြောင့်ပါ။ ကျွန်မလည်း ကားသော့ကို အသည်းအသန် ကောက်ကိုင်ရင်း ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံး ပြုံးလိုက်မိတယ်။ တကယ်တော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ကို တစ်ခေါက်လောက် ထပ်မြင်ချင်နေတာပဲလေ....နည်းနည်းလေး ထိခိုက်သွားတယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တင် ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ရတာပဲ မဟုတ်လား။

ရောက်သွားတဲ့ လိပ်စာက အရောင်းအဝယ်မလုပ်တော့တဲ့ ဘားတစ်ခု ဖြစ်နေခဲ့တယ်။ လမ်းမကြီးပေါ်မှာ မီးတွေ လင်းထိန်နေတုန်းဆိုပေမဲ့ ဆိုင်းဘုတ်မီးတွေက ငြိမ်းနေပြီး အတွင်းထဲကိုလည်း မမြင်ရတာကြောင့် တက္ကစီပေါ်က ဆင်းလိုက်တဲ့ ကျွန်မ ဒီနေရာ ဟုတ်ရဲ့လားလို့ ခဏလောက် တွေဝေသွားမိတာပေါ့။ အနီးအနားမှာ ဝူဂျင်ဟာရဲ့ ကားရှိနေတာကို တွေ့လိုက်ရမှပဲ မှားစရာမရှိဘူးဆိုတာ သိလိုက်ရတယ်။ ဆိုင်ရှေ့မှာ ဟိုကြည့်ဒီကြည့် လုပ်နေတုန်း ဆိုင်ထဲက တံခါးပွင့်လာခဲ့တယ်။

ဆိုင်အတွင်းပိုင်းက မှုန်ပျပျမီးရောင်အောက်မှာ တွေ့လိုက်ရတဲ့ မျက်နှာက တစ်နေရာရာမှာ မြင်ဖူးသလိုမျိုး ရင်းနှီးနေတယ်လေ။

“မင်္ဂလာဆောင်တုန်းက တစ်ခါ နှုတ်ဆက်ဖူးတယ်ဗျ။ မမှတ်မိတော့ဘူးထင်တယ်။”

“……ဟင်အင်း၊ မှတ်မိပါတယ်။”

သူက အကုန်ပြောပြနေတာမို့ မှတ်မိသွားတာပါ။ အဲ့ဒီတုန်းက ခဏလေးပဲ ဖြတ်ခနဲ နှုတ်ဆက်ခဲ့တာကို ပြန်သတိရလာခဲ့တယ်။ မင်္ဂလာဆောင်ကြောင့် စိတ်တွေ ရှုပ်ထွေးနေတဲ့ကြားထဲကနေတောင် အဲ့ဒီလူရဲ့ စကားကို ဝူဂျင်ဟာက ဘာဟန်ဆောင်မှုမှမပါဘဲ ရယ်မောနေတာကိုကြည့်ပြီး သူတို့နှစ်ယောက် တော်တော်လေး ခင်ကြတာပဲလို့ တွေးခဲ့ဖူးတယ်လေ။

စိတ်ထားသေးသိမ်စွာနဲ့ပဲ နည်းနည်းတောင် မနာလိုဖြစ်ခဲ့မိပါသေးတယ်။

“ဒီဘက်ကို လာပါဗျ။”

ဘယ်သူမှမရှိတဲ့ ဆိုင်အလွတ်ထဲကို အရင်ဦးဆောင်ပြီး ဖြတ်လျှောက်သွားတဲ့ လူက ကြည့်ရသလောက် တော်တော်လေးကို အကောင်းအတိုင်းပါပဲ။ ကျွန်မလည်း ကိုယ်တိုင်တောင်မသိလိုက်ဘဲ သူ့နောက်ကို လိုက်လျှောက်သွားရင်းနဲ့ သံသယစိတ်ကို ဖျောက်လို့မရခဲ့ပါဘူး။

ဒီလောက်အခြေအနေ ကောင်းနေတဲ့လူက ဘာဖြစ်လို့ ကျွန်မရဲ့အကူအညီ လိုအပ်နေရတာလဲဆိုတာကိုပေါ့။

“……ကျွန်မက မကြာခင် ကွာရှင်းတော့မဲ့လူဆိုတာ သိရဲ့လား။”

“ဟုတ်ကဲ့။”

****

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment