no

Font
Theme

အခန်း ၅၂

Translator - D

၁၇ နှစ်အရွယ် ယွန်းဟျောင်းက အန်ဆန်အထိ၊ ပြီးတော့ အန်ယန်းမှာရှိတဲ့ ဘကြီးတို့ အိမ်အသစ်အထိ ကျွန်မဆီကို မကြာမကြာ လာတတ်ပါတယ်။ တစ်ချိန်တုန်းကတော့ အဲ့ဒါက ကျွန်မအတွက် တစ်ခုတည်းသော ထွက်ပေါက်လေးလိုပါပဲ။ ဦးနှောက်က ချို့ယွင်းသွားသလို ဘာကိုမှ ခံစားလို့မရအောင် ထုံထိုင်းနေခဲ့ပေမဲ့ ဂင်ယွန်းဟျောင်း ရောက်လာတဲ့အခါမှာတော့ လူတစ်ယောက်ကို တွေ့ရလို့ ဝမ်းသာတယ်ဆိုတဲ့ ခံစားချက်မျိုးလောက်တော့ ခံစားလို့ရခဲ့တယ်လေ။

၁၈ နှစ်အရွယ်ရောက်တော့ တစ်ခါတစ်ရံ ပြုံးနိုင်လာခဲ့တယ်။ အနည်းဆုံးတော့ သူ့ရှေ့မှာပေါ့။ ယွန်းဟျောင်းက ကျွန်မမျက်နှာလေး တစ်ချက်မြင်ရဖို့အတွက် ညဘက် စာကျက်ချိန်တွေမှာ ထွက်ပြေးလာတတ်သလို၊ ပန်းချီသင်တန်းတွေကိုလည်း လစ်ပြီး အန်ယန်းမှာရှိတဲ့ ကျွန်မဆီကို မေ့နေလောက်တဲ့အချိန်တိုင်း ပေါ်လာတတ်ပါတယ်။

အဲ့ဒီလို ရောက်လာပေမဲ့လည်း ထူးထူးခြားခြား ဘာမှမလုပ်ပါဘူး။ ပြန်စဉ်းစားကြည့်ရင် သမီးရည်းစားခံစားချက်လို အရာမျိုးနဲ့ နှိုင်းကြည့်လို့မရတဲ့ အတွေးပါပဲ။ ကျွန်မတို့က ငယ်ငယ်လေးကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြတာ မဟုတ်လား။

ဂင်ယွန်းဟျောင်းက ကျွန်မ ကောင်းကောင်းမွန်မွန် နေရဲ့လားဆိုတာကို တစ်ခါတစ်ရံ လာစစ်ဆေးချင်ရုံသက်သက်ပါတဲ့လေ။ အန်ယန်းအထိ ရောက်လာပြီး ရပ်ကွက်ထဲက ကုန်စုံဆိုင်ရှေ့မှာထိုင်ရင်း ရေခဲချောင်းကို တစ်ယောက်တစ်ဝက် ခွာစားကြတယ်၊ မဟုတ်လည်း ခေါက်ဆွဲခြောက်ဘူး အတူတူစားရင်း အဓိပ္ပာယ်မရှိတဲ့ စကားတွေကို အကြာကြီး ပြောဖြစ်ကြတယ်။ ပြီးမှ သူက နောက်ဆုံးကားမီအောင် ပြန်သွားတတ်တာပါ... အဲ့ဒါပါပဲ။ သူ့မိဘတွေ ကွာရှင်းတဲ့နေ့က သူရောက်လာပြီး ကျွန်မကို ကြက်ကြော်တောင် ဝယ်ကျွေးသွားပါသေးတယ်။ မိဘတွေ ကွာရှင်းလိုက်လို့ မုန့်ဖိုးတွေ အများကြီး ပိုရလာတယ်ဆိုပြီးတော့လေ။

အဲ့ဒီအတိုင်းလေး ဆက်သွားရင်း ကျွန်မတို့လည်း တဖြည်းဖြည်း အဆက်အသွယ်ကျဲပြီး သဘာဝကျကျလေး ဝေးကွာသွားလောက်ပါတယ်။ ဘကြီးသာ ကျွန်မတို့ကို တွေ့မသွားခဲ့ရင်ပေါ့။

‘ဒီ ခွေးမတော့...’

အဲ့ဒီနေ့က ကျွန်မတို့နှစ်ယောက် ကုန်စုံဆိုင်ရှေ့က လူသွားလမ်းဘေး အုတ်ခုံလေးမှာ ယှဉ်ထိုင်ပြီး ချောကလက်နို့ဘူးလေးတွေ ကိုင်ထားရင်း ယွန်းဟျောင်းရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအကြောင်း ပြောနေခဲ့ကြတာပါ။ ကျွန်မရဲ့ ဆံပင်တွေ အနောက်ကနေ ရုတ်တရက် အဆွဲခံရပြီး ဒေါသတကြီး ဆွဲခေါ်မခံရခင်အထိပေါ့။

မမျှော်လင့်ဘဲ လူသွားလမ်းအလယ်မှာ ပစ်ချခံလိုက်ရပြီး ဗိုက်ကိုလည်း အကန်ခံခဲ့ရတယ်။

‘သွားစရာမရှိတာလို့ ခေါ်ထားပြီး သမီးအရင်းလို ကျွေးမွေးပြုစု၊ ပညာသင်ပေးထားတာကို... အခုကတည်းက ညတိုင်း ယောက်ျားလေးနဲ့ ပွေရှုပ်နေပြီပေါ့လေ။ ဟမ်။’

‘......’

‘စောက်ကောင်မ... လူကြီးက မေးနေတာကို ဘာလို့ ပြန်မဖြေတာလဲ။’

ကျွန်မရဲ့ ဆံပင်တွေကိုဆွဲပြီး မျက်နှာနားကို ငုံ့လာတော့ အရက်နံ့က ထောင်းခနဲ ထွက်လာခဲ့တယ်။ဘကြီး အမူးလွန်ပြီး မူမမှန်တော့မှန်း သိလိုက်တော့တာပေါ့။ သူက လူကောင်းပကတိအချိန်မှာလည်း ကျွန်မကို ရိုက်သလို၊ မူးနေရင်လည်း ရိုက်တတ်တဲ့သူပါ။ ဒါပေမဲ့ တခြားလူတွေရှေ့မှာတော့ ကျွန်မကို မျက်စောင်းတောင် ထိုးလေ့မရှိပါဘူး။ သမီးအရင်းတွေရှေ့မှာတောင်လေ။

သူ့ရဲ့ ဟန်ဆောင်ကောင်းမှုတွေက ကျွန်မကို ကာကွယ်ပေးထားခဲ့တာပါလားဆိုပြီး အဲ့ဒီနေ့ကမှ ပထမဆုံး သိလိုက်ရတော့တယ်။ လမ်းလယ်ခေါင်မှာ ဝတ်လစ်စားလစ် ပစ်ချခံလိုက်ရသလို ခံစားချက်မျိုးပါပဲ။ ကျွန်မက ဘာတန်ဖိုးမှမရှိတဲ့ လူတစ်ယောက်ဆိုတာ အထင်အရှား ပေါ်လွင်သွားသလို၊ ဒီလိုမျိုး အနှိမ်ခံရဖို့ ထိုက်တန်တဲ့သူမှန်း သိကုန်ကြပြီလေ...

အောက်စိုက်ချထားတဲ့ မြင်ကွင်းထဲမှာ အဝေးကနေ တမင်ရှောင်သွားကြတဲ့ လူတွေရဲ့ ခြေထောက်တွေကို မြင်နေရတယ်။ ပြီးတော့ ယွန်းဟျောင်းကိုလည်း မြင်နေရပါတယ်။

ကျွန်မနဲ့အတူ ပြုံးရယ်ပြီး ထိုင်နေခဲ့တဲ့ နေရာမှာပဲ ကျောက်ရုပ်လို တောင့်တင်းနေရင်း တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ ဒီလို ထိတ်လန့်စရာမျိုး မကြုံဖူးတဲ့ပုံစံနဲ့ ကျွန်မကို ကြည့်နေခဲ့တာပါ။

‘ကျောင်းထွက်ပြီးတော့ တစ်နေရာရာမှာ ခန္ဓာကိုယ်ရောင်းစားပြီး အသက်ရှင်ရမဲ့ အောက်တန်းစားဘဝကို သနားလို့ ကယ်တင်ပေးထားပါတယ်ဆိုမှ ကိုယ့်သဘောနဲ့ကိုယ် အခုကတည်းက ပြည့်တန်ဆာ ဖြစ်နေပြီပဲ။ ငါတို့ ဟီဂျူလေး...'

‘......’

‘နင်က တကယ် ကျေးဇူးမသိတဲ့ကောင်မပါလား။ ငါတို့မျက်နှာကိုလည်း တစ်စက်ကလေးမှ ထည့်မတွက်ဘူး။ ထည့်တွက်တယ်ယ်ဆိုရင် အရပ်ထဲမှာ ဒီလိုမျိုး ညစ်ပတ်တဲ့အလုပ်ကို ဘယ်လိုများ လုပ်ရက်ရတာလဲ။ ရှက်ရကောင်းမှန်းလည်း မသိဘူး။ ငါတို့ ဂျီယောင်းသာ နင့်ကိုအတုယူပြီး ယောက်ျားတွေဆီ ခန္ဓာကိုယ်ရောင်းစားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဟမ်။ ကျေးဇူးကို ရန်သူလို တုံ့ပြန်တာလည်း အတိုင်းအဆလေးတော့ ရှိဦးမှပေါ့။ ငါက စောက်ကျိုးနည်း ဒီလိုဖြစ်ဖို့...’

ဘကြီးက ကျွန်မ မျက်နှာပေါ်ကို တံတွေးတွေစဉ်အောင် ဆဲဆိုကြိမ်းမောင်းနေတဲ့အချိန်မှာ ကျွန်မကတော့ ယွန်းဟျောင်းရဲ့ မျက်နှာကိုပဲ စိုက်ကြည့်နေခဲ့မိတယ်။ သူ ခဲရာခဲဆစ် ထရပ်ပြီး ဒီဘက်ကို ရုတ်တရက် ပြေးလာတာ မြင်နေရသလို၊ ဘကြီးရဲ့ ပခုံးကို ဆွဲလှည့်လိုက်တာပါ မြင်နေလျက်ကလည်း။

ကျွန်မကတော့ အဲ့ဒီမျက်နှာကိုပဲ ဆက်ပြီးစိုက်ကြည့်နေဆဲပါ။

‘လွှတ်လိုက်ပါ၊ ဦးလေး။’

‘ကျောင်းသားက အိမ်ပြန်တော့။ အိမ်တွင်းရေးကိစ္စမို့လို့။’

‘လွှတ်လိုက်တော့လို့၊ ချီးပဲ။’

‘ဒီစောက်ကလေးက...’

‘ဘာလဲ၊ ဒီငါ ိုးကောင်ရဲ့။ လွှတ်လို့ ပြောနေတယ်လေ။’

ဂင်ယွန်းဟျောင်းက ဘကြီးကို ကန်ထုတ်ပြီး ကျွန်မကို ဆွဲဖမ်းခဲ့တယ်။ ဘေးကို လဲကျသွားတဲ့ ဘကြီးက ယွန်းဟျောင်းရဲ့ ခြေထောက်ကို လှမ်းဖမ်းထားပြီး ယွန်းဟျောင်းကလည်း ဘကြီးကို တစ်ခါ ထပ်ကန်လိုက်ပြန်တယ်။ အရာအားလုံးက အနှေးပြကွက်တွေလိုပါပဲ။

ဘကြီး ကျွန်မကို ရိုက်တဲ့အခါတိုင်း ကောင်းကင်ကြီး ကျွန်မခေါင်းပေါ် ပြိုကျလာသလို ခံစားရတတ်ပါတယ်။ အမြဲတမ်း လဲကျနေရတဲ့ ကျွန်မက သေးငယ်လွန်းနေပြီး၊ ကျွန်မကို ခွေးတစ်ကောင်လို ရိုက်နှက်နေတဲ့ လူကတော့ ကြီးမားလွန်းနေလို့လေ...။ ကျွန်မ အဲ့ဒီကောင်းကင်ကြီး ညစ်ပတ်တဲ့ လူသွားလမ်းပေါ်မှာ အရှက်တကွဲ လူးလှိမ့်နေတာကို ခေတ္တခဏ ငေးကြည့်နေခဲ့မိတယ်။

အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ကန်ချက်ကိုတောင် မခုခံနိုင်ဘဲ လူးလှိမ့်နေတဲ့ အသက် ၅၀ အရွယ် လူတစ်ယောက်။ ကျွန်မရဲ့ ရွံရှာစက်ဆုပ်ဖွယ် ကောင်းကင်ကြီးပေါ့။

အကန်ခံထားရတဲ့ ဗိုက်က မနာတော့ပါဘူး။ နာကျင်မှုကတောင် အနှစ်သာရမရှိတော့လောက်အောင် လစ်ဟာသွားတာကြောင့်ပါ။ ကျွန်မ ယိမ်းထိုးရင်း ထရပ်လိုက်ပြီး ဂင်ယွန်းဟျောင်းကို ဘကြီးဆီကနေ ဆွဲထုတ်လိုက်တယ်။

ယွန်းဟျောင်းကတော့ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မရဲ့ လက်ကောက်ဝတ်ကို အသည်းအသန် ဆွဲခေါ်ဖို့ ကြိုးစားနေခဲ့တယ်။

‘ယွန်းဟျောင်း၊ အခု ပြန်တော့။’

‘သွားရအောင်။ ငါတို့အိမ်ကို သွားရင် ရတယ်... အဲ့ဒါကြောင့် အခု သွားရအောင်။’

‘ငါ အဆင်ပြေတယ်။ ဒီလောက်နဲ့ ပြန်တော့။’

‘......’

‘အိမ်တွင်းရေးမို့လို့ စိတ်မပူနဲ့။’

‘...အပြက်မလို ကောင်မ... ဘယ်က လူမိုက်ကောင်နဲ့ သွားတွေ့လာတာလဲ... သူက တစ်ချီအိပ်ပေးရင် ငါ့ကို ရိုက်ပေးမယ်ဆိုပြီး ​ခိုင်းထားတာလား။’

‘......ချီးပဲ။’

‘မဟုတ်ပါဘူး။ မခိုင်းပါဘူး၊ ဘကြီးရယ်။’

‘ဒါဆိုရင် အဲ့ဒီ လူမိုက်ကောင်ကို ရဲတိုင်လိုက်၊ ပြီးတော့ လူနာတင်ကား ခေါ်ပေး... မြန်မြန်လုပ်။’

‘ယွန်းဟျောင်း၊ မြန်မြန်သွားတော့။’

‘......’

‘သွားပေးပါ၊ ယွန်းဟျောင်းရယ်။’

‘မြန်မြန်လို့... မြန်မြန် မလုပ်ဘူးလား...ဘာလုပ်နေတာလဲ။ ဒီအတိုင်းဆို ငါက လမ်းဘေးမှာတင် သေတော့မယ်။’

‘ဒါဆိုလည်း သေလိုက်လေ၊ ငါ ိုးကောင်ရဲ့။’

နောက်ဆုံးတော့ စိတ်မထိန်းနိုင်ဘဲ လှည့်ပြီး ဘကြီးကို ထပ်ကန်ဖို့ပြင်နေတဲ့ ဂင်ယွန်းဟျောင်းရဲ့ ခါးကို ဖက်ထားရင်း ကျွန်မ တောင်းပန်တိုးလျှိုးပြီး ပြန်ခိုင်းခဲ့ရတယ်။

'အဆင်ပြေတယ်။ တကယ် အဆင်ပြေလို့...ဘာမှမဟုတ်တဲ့ ကိစ္စမို့လို့ ပြန်လိုက်ပါတော့။ နင်ပြန်ပေးတာက ငါ့ကို ကူညီတာပါ။ ကျေးဇူးပြုပြီး သွားပေးပါ... မြန်မြန်သွားတော့...'

ကျွန်မ တကယ် ရှိခိုးမတတ် တောင်းပန်တော့မှပဲ ယွန်းဟျောင်းက အားမရှိသလိုနဲ့ နောက်ကို ဆုတ်သွားခဲ့တယ်။ ကျွန်မလည်း လဲကျနေတဲ့ ဘကြီးကို တွဲထူပြီး အိမ်ပြန်လာခဲ့တာပေါ့။

နောက်နေ့မနက် ကျောင်းသွားမဲ့လမ်းမှာ အိမ်ရာဝင်ပေါက်နားကိုဖြတ်တော့ ဂင်ယွန်းဟျောင်းကို တွေ့လိုက်ရတယ်။ သူ တစ်ညလုံး အိမ်မပြန်ခဲ့မှန်း သိလိုက်တော့တာပေါ့။ မနေ့က အကန်ခံထားရတဲ့ ဗိုက်က ရုတ်တရက် အောင့်လာသလိုပါပဲ။ ထွက်ပေါက်လေး ပိတ်ဆို့သွားသလိုပဲလေ။ သူ့မျက်ဝန်းတွေထဲမှာ ပြည့်နှက်နေတဲ့ စိုးရိမ်မှုတွေ၊ သနားကရုဏာတွေကြောင့်ပါ...

“ဟီဂျူ။”

အာ... နင်နဲ့ ဒီလိုမျိုး ပြုံးပြုံးရယ်ရယ် စကားပြောနိုင်မဲ့နေ့တွေ နောက်တစ်ခါ ပြန်ရောက်လာတော့မှာမဟုတ်ဘူးပဲ။ ကျွန်မ အဲ့ဒီလို သဘောပေါက်လိုက်မိတယ်။

ကုန်စုံဆိုင်မှာ ခေါက်ဆွဲခြောက်ဘူး ကျက်မဲ့အချိန်ကိုစောင့်ရင်း နင်က အနာဂတ်အကြောင်းတွေ ပြောတဲ့အခါ၊ ငါ့ဆီကို ဘယ်တော့မှ ရောက်မလာမဲ့ အနာဂတ်မျိုးဆိုရင်တောင်မှ ပြန်ပြောနိုင်ခဲ့သေးတာကို။ တကယ်ပဲ အဲ့ဒီလို ဖြစ်လာနိုင်သလိုမျိုးလေ။ နင် တက္ကသိုလ်တက်ပြီး ငါ မတက်နိုင်ရင်တောင်မှ။ နင် လုပ်ချင်တာတွေ လုပ်နေချိန်မှာ ငါ မလုပ်နိုင်ရင်တောင်မှ။ ငါတို့ရဲ့ အနာဂတ်ဘဝတွေက အများကြီး ကွာခြားသွားမှာဆိုပေမဲ့လည်း...

ခဏတာလေးမှာ ကျွန်မတို့က ဘာမှမခြားနားသလိုမျိုး ပြောဆိုနိုင်ခဲ့တယ်လေ။ အဲ့ဒီအချိန်မှာတော့ ကျွန်မ အသက်ရှူနိုင်ခဲ့ပါတယ်။

'ကျောင်းသွားမှပေါ့၊ ဂင်ယွန်းဟျောင်း။ ငါ အခု နောက်ကျနေပြီ။'

'ခဏလေး... ခဏလေးဆို ရပြီ။'

'သွားတော့၊ ယွန်းဟျောင်း။'

'ဟီဂျူရယ်...'

'သွားတော့လို့။'

'ကောင်းကောင်းထားပေးတယ်ဆို။'

'......'

'နင့်ဘကြီးနဲ့ ကြီးကြီးက နင့်ကို ကောင်းကောင်း ထားပေးတယ်ဆို...'

ယွန်းဟျောင်းက ငိုပြီး မေးလာခဲ့တယ်။ ကျွန်မလည်း အကြည့်ကို တခြားဆီ လွှဲလိုက်မိတော့တယ်။

'အင်း၊ ကောင်းကောင်းထားပေးကြတယ်။'

'အမြဲတမ်း အဲ့ဒီလို အရိုက်ခံနေရတာလား။'

'ဟင့်အင်း။'

'ရှင်းဟီဂျူ။'

'အရိုက်ခံရရင် ဘယ်လိုလုပ်ပြီး မခံရရင် ဘယ်လိုလုပ်မလို့လဲ။'

'ငါတို့အိမ်မှာ သွားနေရအောင်... ငါ့အမေက နင့်ကို သဘောကျတာပဲ...'

ကျွန်မ ရယ်မိသွားတယ်။

'ကလေးကလား စကားတွေ မပြောစမ်းပါနဲ့။'

'လခွမ်းထဲမှ ငါက ကလေး ဟုတ်နေတာပဲ၊ နင်လည်း ကလေးပဲ မဟုတ်ဘူးလား။'

'.....'

'နင်လည်း အခုအထိ ကလေးပဲ ရှိသေးတာကို။'

'အဲ့ဒါကြောင့်လည်း အဲ့ဒီအိမ်မှာ နေရတာပေါ့၊ ယွန်းဟျောင်းရယ်။'

'......'

'ငါက အခုအထိ ကလေးပဲ ရှိသေးလို့။'

အဲ့ဒီညက လမ်းကြားထဲမှာ ကျွန်မကို ရိုက်နေတဲ့ဘကြီးရဲ့ မျက်နှာကို တစ်စက်မှ မမှတ်မိပေမဲ့ ယွန်းဟျောင်းရဲ့ မျက်နှာကိုတော့ မှတ်မိနေခဲ့ပါတယ်။

လမ်းပေါ်မှာ အရိုက်ခံနေရတဲ့ ကျွန်မကို ကြည့်နေတဲ့ ယွန်းဟျောင်းရဲ့မျက်နှာ။

ရွံစရာ စကားလုံးမျိုးစုံနဲ့ အခေါ်ခံနေရတဲ့ ကျွန်မကို ကြည့်နေတဲ့ သူ့ရဲ့ မျက်နှာ။

'ရှေ့လျှောက် နင့်မျက်နှာကို မကြည့်နိုင်တော့ဘူး။ ရှက်လွန်းလို့။'

'......'

'ပန်းချီသင်တန်းကိုပဲ ကြိုးစားတက်ပြီး... အခု မလာနဲ့တော့၊ ယွန်းဟျောင်း။'

ဂင်ယွန်းဟျောင်းက အဲ့ဒီနေ့နောက်ပိုင်း အန်ယန်းကို မလာတော့ပါဘူး။ အဆက်အသွယ်ပဲ လုပ်ပါတော့တယ်။ စာမပြန်ရင် လိုက်လာမယ်ဆိုပြီး ကြောက်စရာမကောင်းတဲ့ ခြိမ်းခြောက်မှုမျိုး လုပ်တတ်လို့ ကျွန်မ တစ်ခါတလေ ဖုန်းကိုင်ပေးဖြစ်ခဲ့တယ်။ သူ့ရည်းစားအကြောင်း၊ ကျွန်မလည်း သိတဲ့ တခြားသူငယ်ချင်းတွေအကြောင်း၊ ကျွန်မ မသိတဲ့ သူ့ပတ်ဝန်းကျင်က လူသစ်တွေအကြောင်း...။ ကျောင်းမှာရော အိမ်မှာပါ စကားတစ်ခွန်းမှမပြောဘဲ နေလာတဲ့ ကျွန်မအတွက်တော့ ပြောပြစရာ ထွေထွေထူးထူး အကြောင်းအရာတွေ မရှိခဲ့ပါဘူး။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment