no

Font
Theme

အခန်း ၆၇

Translator - D

ဒါပေမဲ့လည်း ဒီ ဖန်တစ်ရာတေနည်းလမ်းမှာ ဘေးထွက်ဆိုးကျိုးတစ်ခု ရှိတယ်ဆိုရင် တစ်ခါတလေ တိုက်တိုက်ဆိုင်ဆိုင် ခပ်လှမ်းလှမ်းမှာ ရှင်းဟီဂျူ ပေါ်လာရုံနဲ့ သခင်ကို စောင့်နေတဲ့ ခွေးလို ခေါင်းက ဆတ်ခနဲ ထောင်လာတတ်တာပါပဲ။

လက်ကိုင်ဖုန်းကို ကြည့်နေတာတောင် မေ့သွားပြီး ID ကတ်ကို နှိပ်ပြီးတော့ ထွက်လာတဲ့ ရှင်းဟီဂျူကို အကြောင်သား ငေးကြည့်နေမိတယ်။ အပေါ်ထပ် မှန်ပြတင်းပေါက်ကြီးရဲ့ အလွန်က ဝေးကွာတဲ့နေရာဆီ ငါ့အကြည့်တွေက ရှင်းဟီဂျူ လျှောက်လှမ်းရာအတိုင်း ပါသွားတာပေါ့။ အခရေးလစ် နံရံမှာ ထင်ဟပ်နေတဲ့ သူ့ရဲ့ဆံနွယ်လေးတွေ အနည်းငယ် ဖရိုဖရဲ ဖြစ်နေတာကို သတိထားမိသွားလို့လားမသိ၊ ရှင်းဟီဂျူက ချက်ချင်း စည်းထားတဲ့ ဆံပင်ကို ဖြေချလိုက်ပြီး လက်ချောင်းတွေနဲ့ ဘီးလို ထိုးဖွသပ်တင်ခဲ့တယ်။ ဒါပေမဲ့လည်း သူရဲ့ခြေလှမ်းတွေကတော့ တစ်စက္ကန့်လေးတောင် ရပ်တန့်မသွားပါဘူး။

တစ်နေရာရာကနေ သပ်ရပ်ကျော့ရှင်းတဲ့ အသွင်အပြင်နဲ့ ပေါ်လာတတ်တာကိုပဲ မြင်ဖူးခဲ့တဲ့အတွက် ကုမ္ပဏီအထဲမှာ လမ်းလျှောက်နေရင်းနဲ့ပဲ အဲ့ဒီလို ဆံပင်ကို ပြန်စည်းနှောင်နေတာက ဆန်းကြယ်နေသလိုပါပဲ။ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးနေစရာမလိုတဲ့အတိုင်းလေ။ အလုပ်ဆင်းချိန်မို့လားမသိ၊ သူ့မျက်နှာထားက ပြေလျော့နေသလိုပါပဲ။ သေသေသပ်သပ် အောက်နှိမ့်ပြီး အဝိုင်းလေး ထုံးထားခဲ့တဲ့ ဆံနွယ်တွေက ရေလှိုင်းလို ဖြန့်ကြက်သွားပြီး နွဲ့နှောင်းတဲ့ ကျောအလယ်အထိ ဒေါင်လိုက် ဝဲကျသွားရာကနေ၊ သူ့လက်ချောင်းတွေနောက်ကို လိုက်ပါပြီးတော့ အပေါ်ကိုမြှင့်ပြီး စည်းနှောင်ခံလိုက်ရတယ်။ ဖြူဝင်းတဲ့ ကုပ်သားလေး ပေါ်လာတော့တာပေါ့။ ငါလည်း အကျင့်ပါနေတဲ့အတိုင်း အဲ့ဒီမြင်ကွင်းကို ငေးမောကြည့်နေမိရာကနေ အပေါ်ကို မြှင့်စည်းထားတဲ့ ဆံနွယ်တွေရဲ့ အောက်မှာ အနည်းငယ် ပြောင်းလဲသွားတဲ့ သူ့ရဲ့ အငွေ့အသက်ကို ရှာဖွေတွေ့ရှိသွားတော့တယ်။ အဲ့ဒီအခိုက်အတန့်မှာတော့ အဲ့ဒီအရာကို ဆံပင်ပုံစံကြောင့်လို့ပဲ ထင်ခဲ့မိတာပါ။ ငါ့အကြည့်ရဲ့အဆုံးသတ်ဆီ ယောက်ျားတစ်ယောက် ပေါ်မလာခင်အထိပေါ့။

အဲ့ဒီလူကို ဦးတည်ပြီး ပန်းလေးလို ပြုံးရွှင်နေတဲ့ ရှင်းဟီဂျူရဲ့မျက်နှာကို အနှေးပြကွက်လို မြင်လိုက်ရတယ်။ သပ်ရပ်ကျော့ရှင်းစွာ ဝတ်ဆင်ထားတဲ့ အဲ့ဒီလူက ရှင်းဟီဂျူရဲ့ပခုံးကို ပွေ့ဖက်လိုက်တာပါ။ ပြုံးနေတဲ့ မျက်နှာကတော့ ရှင်းဟီဂျူနဲ့ ထပ်တူပါပဲ။

ဒီလိုခံစားချက်ကို မနာလို အမြင်ကတ်ခြင်းလို့ပဲ ခေါ်ရမလား။ စိတ်ဓာတ် မရိုးဖြောင့်နိုင်တော့တဲ့ ငါက ကိုယ့်ရဲ့ သေးသိမ်တဲ့ အတွင်းစိတ်ကို အရှိအတိုင်း ရင်ဆိုင်လိုက်ရတဲ့တိုင်အောင် သိပ်ပြီး မရှက်မိတော့ပါဘူး။ ထောက်ထားငဲ့ညှာတတ်တဲ့ အထက်လူကြီးကောင်းလို ခွဲဝေပေးခဲ့ဖူးတဲ့ လုပ်ငန်းတာဝန်တွေကို ရှင်းဟီဂျူဆီ မတရားပုံချပစ်ပြီး၊ သွားလေရာ နေရာတိုင်းမှာ နေ့ညမရွေး ရှင်းဟီဂျူကို ဘေးနားမှာ အတူတူထိုင်ခိုင်းထားခဲ့တယ်။

စောစောစီးစီး အလုပ်ပေးဆင်းလိုက်ရင်လည်း ဟိုကောင်နဲ့ သွားတွေ့မှာပဲဆိုတဲ့ အတွေးကို ပြန်မျိုချပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ရယ်ချင်လာရလောက်အောင် ကလေးကလားဆန်လှပေမဲ့ တကယ်တမ်း ရှင်းဟီဂျူကတော့ နဂိုလုပ်နေကျ အလုပ်ကို သဘာဝကျကျ လုပ်ဆောင်နေသလိုသာ ပြုမူခဲ့တာပါ။ တစ်ခါတလေများဆို သူ့ပုံစံက စိတ်လှုပ်ရှားတက်ကြွနေသလိုတောင် ထင်ရပါသေးတယ်။ ငါက သူ့ကို နှိပ်စက်နေမှန်းလည်း မသိရှာဘဲနဲ့လေ။

သောက်စားရတဲ့ ပွဲလမ်းတွေဆိုရင် ကြည့်ကြပ် ဖယ်ထုတ်ပေးခဲ့ပြီး၊ မဖယ်ထုတ်နိုင်ရင်လည်း ဘယ်လိုနည်းနဲ့မဆို တားဆီးကာကွယ်ပေးခဲ့ဖူးတာကိုလည်း ရပ်တန့်ပစ်လိုက်တယ်။ ပူပန်ပြီး ငဲ့ညှာပေးနေရတာကိုက အရူးတစ်ယောက်လို အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတာကြောင့်ပါ။ အဲ့ဒီရလဒ်ကြောင့် ကွန်ဆိုတီယမ်မှာ ပါဝင်တဲ့ လုပ်ငန်းကုမ္ပဏီတွေက လက်တွေ့တာဝန်ခံတွေအတွက် ပြင်ဆင်ပေးတဲ့ ဧည့်ခံညစာစားပွဲမှာ အနှစ်သာရမရှိ အားပေးစကားတွေကိုပါ တတွတ်တွတ်ပြောရတဲ့ အခြေအနေအထိ ရောက်သွားတော့တာပေါ့။

ဒုဥက္ကဋ္ဌကိုယ်တိုင် ကြွရောက်ပေးလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူးဆိုတဲ့ ဝမ်းမြောက်ဝမ်းသာ မြှောက်ပင့်စကားတွေအပေါ် ကျွန်တော်လည်း ထင်မထားဘူးဆိုတဲ့ အဖြေက ပါးစပ်ဖျားအထိ ထွက်လာလုနီးပါး ဖြစ်ခဲ့ရတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မိန်းမတစ်ယောက် မူးရူးနေတာကို ကြည့်မယ်ဆိုပြီး ငါးမန်းလို အငမ်းမရ ပြေးဝင်လာကြတဲ့ အကျည်းတန်မျက်နှာတွေကို ကြည့်ရင်းနဲ့လည်း ငါ အသာလေး အောင့်အည်း သည်းခံနေခဲ့တယ်။ ကာကွယ်မပေးတော့ဘဲ ပစ်ထားလိုက်ဖို့ ရွေးချယ်မှုမျိုး မဟုတ်ဘဲ၊ ကာကွယ်မပေးမိစေဖို့အတွက် အစွမ်းကုန် အောင့်အည်း တောင့်ခံနေရတဲ့ ပုံစံမျိုးပါ။

ငြင်းရကောင်းမှန်း မသိတဲ့ ရှင်းဟီဂျူက ငါ့ကို တစ်ချက်တစ်ချက် လှမ်းကြည့်ရင်း၊ ငါ့ကို ဆင်ခြေအဖြစ်သုံးပြီး ငြင်းရတဲ့အထိ လူတွေက အရက်ခွက်တွေကို တရစပ် ထိုးပေးနေခဲ့ကြတာလေ။ ကာကွယ်ပေးမှာလည်း မဟုတ်ဘဲနှင့် နောက်ဆုံးမှာ အမြင်ကတ်ပြီး စိတ်အနှောင့်အယှက် ဖြစ်လာရပြန်တယ်။ ဧည့်ဝတ်ပြုမှုကို ခံယူနေရတဲ့တိုင် အဲ့ဘက်ကိုချည်း အာရုံရောက်နေရလို့ သေသေချာချာ စကားစမြည် ပြောခဲ့ရတဲ့ မှတ်ဉာဏ်လည်း မရှိတော့ပါဘူး။ အရက်ကို နှုတ်ခမ်းနဲ့တောင် မထိမိသလောက်ပဲလေ။ တစ်ခွက်နှစ်ခွက်လောက်သာ သောက်ခဲ့ရပေမဲ့ မူးယစ်နေသလိုပါပဲ။ အခွင့်သာရင် ချက်ချင်း ထရပ်ပစ်လိုက်ချင်တဲ့ တွန်းအားတွေ ထွက်ပေါ်လာတော့တယ်။

အဲ့ဒီနောက် အဲ့ဒီတွန်းအားကို အပြည့်အဝ သတိပြုမိလိုက်တဲ့အချိန်မှာ၊ ရှင်းဟီဂျူက ငါ့ကိုခေါ်ပြီး ပွဲအပြင်ဘက်ကို ထွက်လာခဲ့ပြီးသား ဖြစ်နေပါပြီ။ အစပိုင်းမှာ နည်းနည်း သတိရှိပုံနဲ့ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေက အချိန်ကြာလာတာနဲ့အမျှ ဖရိုဖရဲ ယိမ်းထိုးလာရာကနေ လော်ဘီက ထွက်ခွာလာချိန်မှာတော့ ငါ့အပေါ် လုံးဝဥဿုံ မှီတွယ်လာတဲ့ အခြေအနေကို ရောက်သွားတော့တယ်။ အဲ့ဒီတော့မှ နောင်တတွေ ဝင်လာခဲ့ပေမဲ့ ရှင်းဟီဂျူကတော့ လုံးဝ အသိစိတ်လွတ်နေပြီး၊ ဝူဆုန်းဝန်းက ဒရိုက်ဘာလာကြိုဖို့ ချိန်းဆိုထားတဲ့ အချိန်နဲ့ကတော့ နှစ်နာရီလောက် ကွာနေပါသေးတယ်။ ထိုင်နေ​တုန်းကတော့ ကောင်းကောင်းမွန်မွန် ပြောဆိုနေတဲ့အတွက် ဒီလောက်အထိ မူးနေလိမ့်မယ်လို့...အေးလေ၊ အရင်တစ်ခေါက်ကလည်း ဒီအတိုင်းပဲ ဖြစ်ခဲ့တာကို။ ရှင်းဟီဂျူက လုံးဝ မူးမေ့မသွားခင်အထိ ဘာအရိပ်အယောင်မှ ပြသလေ့မရှိပါဘူး။

ဒရိုက်ဘာကို ဖုန်းပြန်ခေါ်လိုက်ရုံနဲ့ ပြီးပေမဲ့ သိပ်နောက်မကျသေးတဲ့ အချိန်ဖြစ်လို့ လော်ဘီမှာ ဖြတ်သန်းသွားလာနေကြတဲ့ လူတွေက အများကြီးရှိနေဆဲပါ။ ဒရိုက်ဘာ ရောက်လာဖို့ ကာလအပိုင်းအခြားက ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်လောက်ပဲ ကြာတော့မှာဆိုပေမဲ့၊ ဒီလောက် လင်းထိန်နေတဲ့ လော်ဘီကြီးထဲမှာ ရှင်းဟီဂျူကို ထိုင်ခိုင်းထားပြီး သူများကြည့်စရာအဖြစ် မဖန်တီးချင်ပါဘူး။ ငါလည်း ခဏလေးတောင် တွေဝေမနေတော့ဘဲ ဟိုတယ်အခန်း ယူလိုက်တော့တယ်။

အထူးတလည် တွေဝေမနေဘူးလို့ဆိုပေမဲ့ စိတ်ထဲမှာ မတင်မကျဖြစ်မှုတွေ မရှိခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တခြားနည်းလမ်းလည်း မရှိပြန်ဘူးလေ။ ရယ်စရာက အရင်တစ်ခါကနဲ့တူတဲ့ ဟိုတယ်လည်း ဖြစ်နေပါသေးတယ်။ တစ်လျှောက်လုံး အရင်ကကြုံတွေ့ဖူးပြီးသား ခံစားချက်က စိတ်ထဲမှာ ကန့်လန့်ခံနေတာပေါ့။ ဒါပေမဲ့လည်း သင်ခန်းစာယူစရာ စံနမူနာတချို့တော့ ရှိနေခဲ့ပါသေးတယ်။ အခန်းနှစ်ခန်း သီးသန့်ယူဖို့၊ လုံးဝ ကျောမပိုးဖို့….

မူးနေတဲ့ ရှင်းဟီဂျူက အင်မတန် ငြိမ်သက်လွန်းလို့ ခက်ခဲစရာတော့ မရှိခဲ့ပါဘူး။ အရှေ့ကို ယိမ်းထိုးပြီး လဲကျတော့မဲ့အချိန်တိုင်းမှာ စိုးရိမ်တကြီးနဲ့ ဆွဲထိန်းလိုက်ရင် သူ့ရဲ့ကိုယ်အလေးချိန်က ငါ့ဆီ ယိုင်ကျလာပြီး၊ ယိုင်ကျလာတဲ့ အတိုင်းအတာအလျောက် ရှင်းဟီဂျူရဲ့ ခန္ဓာကိုယ်ကလည်း ရင်ခွင်ထဲ တိုးဝင်လာပေမဲ့ စိတ်အနှောင့်အယှက် ဖြစ်စေတာက ငါ့ခေါင်းပဲဖြစ်ပြီး မူးနေတဲ့လူ မဟုတ်ခဲ့ပါဘူး။

ငါ ခဏနေတော့ အပေါ်ထပ်က အခန်းကို ရောက်သွားပြီး ရှင်းဟီဂျူကို လှဲလျောင်းပေးလိုက်တယ်။ ဓာတ်လှေကားထဲမှာကတည်းက မှေးစင်းနေခဲ့တဲ့ မျက်ခွံတွေ ပိတ်ကျသွားပါပြီ။ ခေါင်းအုံးပေါ်ကနေ လျှောကျသွားတဲ့ ခေါင်းလေးကို ပွေ့ထိန်းပြီး နေရာပြန်ချပေးလိုက်တော့ သူ့မျက်ခွံလေးတွေက အနည်းငယ် တုန်ယင်သွားခဲ့တယ်။

နိုးများသွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အဲ့ဒီအတိုင်း ပုံစံမပျက် ရပ်တန့်နေမိတဲ့ ငါက မျက်ခွံတွေရဲ့ အတွင်းဘက်မှာ အဓိပ္ပာယ်မရှိ မျက်လုံးကို အကြိမ်အနည်းငယ်ကစားပြီး ရှင်းဟီဂျူ ပြန်လည် အိပ်မောကျသွားတာကို သတိပြုမိပြီးမှ သက်ပြင်းချပြီး ခပ်ဖွဖွ ရယ်လိုက်မိတော့တယ်။ ကြီးမားတဲ့ အမှားကြီး ကျူးလွန်မိတော့မလို တောင့်ခဲသွားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ရယ်ချင်လာတာကြောင့်ပါ။ အိပ်ပျော်နေတာကို နှိုးလိုက်မိမလားဆိုပြီးတော့လေ။

အေးချမ်းစွာ အိပ်ပျော်နေတဲ့ သူ့ပုံစံကို ကြည့်နေရတော့ စိုးရိမ်ခဲ့သလို ယုတ်ညံ့တဲ့ ရမ္မက်စိတ်တွေ လှိုက်တက်မလာခဲ့ပါဘူး။ ဒီအတိုင်းလေး... နည်းနည်းလောက် ပိုပြီး ငေးကြည့်ချင်မိရုံပါ။ ရှင်းဟီဂျူရဲ့ မျက်နှာကို အသေအချာ မစိုက်ကြည့်ရတာ အတော်လေး ကြာသွားခဲ့ပါပြီ။

****

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment