no

Font
Theme

အခန်း ၅၄

Translator - D

တစ်ညလောက်ပဲအိပ်ပြီး ဆိုးလ်ကိုပြန်ဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ ကျွန်မ ဂင်ဖို အိမ်ကနေ မထွက်နိုင်ခဲ့တာ အခုဆို နှစ်ရက်မြောက်ရှိနေပါပြီ။ မနေ့မနက်ကတော့ အရက်နာကျတာလို့ပဲ ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြင်းထန်တဲ့ အော့အန်ခြင်းနဲ့အတူ ဖျားသလို လက္ခဏာတွေ ပြလာခဲ့တယ်။ တကယ်တမ်း ကျွန်မ ဒီအိမ်ကနေ မထွက်နိုင်ခဲ့တာက အကြီးအကျယ် ဖျားနေလို့ဆိုတာထက် ဟောဒီခန္ဓာကိုယ်နဲ့ ငါးထပ်လှေကားကို ဘေးကင်းကင်း ဆင်းနိုင်မဲ့ ယုံကြည်ချက် မရှိတာကြောင့်လည်း ပါတာပေါ့။

ကိုယ်အပူချိန်ကတော့ တက်လိုက်ကျလိုက်ပါပဲ။ ကျွန်မလည်း တောက်တိုမည်ရ ဝန်ဆောင်မှုပေးတဲ့ စင်တာကိုရှာပြီး အဖျားပျောက်ဆေးနဲ့ လတ်တလော လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကို မှာယူခဲ့ရတယ်။ ရေချိုးခန်းသုံး ပစ္စည်းတွေ၊ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ၊ နွေးထွေးတဲ့ စောင်၊ တစ်ရှူးကအစ လဲလှယ်ဖို့ အတွင်းခံတွေအထိပေါ့။ တစ်ခုခုစားလိုက်ရင် ပြန်အန်ထွက်လာမှာ စိုးရိမ်တာမို့ တစ်ကြိမ်ပဲ မှာယူဖြစ်ခဲ့တဲ့ စားစရာကိုတော့ မစားဖြစ်ဘဲပစ်ထားတဲ့ ဂင်ချီရေခဲသေတ္တာထဲကို လွှင့်ပစ်သလို ထည့်ထားလိုက်မိတယ်။

ဒီလို ခေတ်ဟောင်းအိမ်ရာတွေက အအေးဒဏ်ကို မခံနိုင်တာ သဘာဝပါပဲ။ ဒီနေ့က ၁၂ လပိုင်းထဲကို စတင်ဝင်ရောက်လာတဲ့ နေ့ပေါ့။ အိမ်ငှားထွက်သွားကတည်းက ဂတ်စ်လိုင်းကို ဖြတ်ထားခဲ့တဲ့အတွက် အိမ်အတွင်းပိုင်းက ရေခဲတိုက်လို အေးစက်နေတာပါ။

မူးနေတဲ့ စိတ်နဲ့တုန်းကတော့ တက်ကြွစွာပဲ အိမ်သန့်ရှင်းရေး လုပ်ခဲ့မိသေးသလို၊ ဒီအိမ်မှာ ပထမဆုံး နိုးလာတုန်းကလည်း နာရီဝက်လောက်ဆို အဆင်ပြေသွားမှာပါလို့ တွေးခဲ့ပေမဲ့... နောက်ဆုံး ရုံးဆင်းချိန် နီးလာတဲ့အခါမှာတော့ တောင့်မခံနိုင်တော့ဘဲ မြို့ပြဂတ်စ်လိုင်း ပြန်ဆက်ဖို့ လျှောက်ထားလိုက်ရပါတော့တယ်။ အဲ့ဒီလိုလုပ်မှသာ နောက်နေ့ကစပြီး ရေနွေးနဲ့ ရေချိုးနိုင်မှာဖြစ်သလို၊ မအေးတဲ့အိမ်ထဲမှာ အနားယူနိုင်မှာ ဖြစ်တာကြောင့်ပါ။

ဒီမှာ တစ်ရက်နှစ်ရက်လောက် ထပ်နေဖို့ အချိန် ရှိ၊မရှိကိုလည်း သံသယဖြစ်မိပေမဲ့ လက်ရှိမှာတော့ အဆုံးသတ်ကို မမြင်ရသေးသရွေ့ ဒါက အကောင်းဆုံးနည်းလမ်းလို့ တွေးခဲ့တာလေ။ အစုံအလင် လုပ်နေရင်းနဲ့တောင် ဒီအိမ်ကနေ ထွက်သွားဖို့ မတွေးနိုင်အောင် ဒီလောက်အထိ နုံးချည့်နေတဲ့ ဦးနှောက်ကလည်း ပုံမှန်မဟုတ်တော့ပါဘူး။ ကွာရှင်းဖို့ ရက်ပိုင်းပဲလိုတော့တဲ့ အခြေအနေမျိုးမှာတောင်မှပေါ့။

အဲ့ဒီလိုနဲ့ နှစ်ညတိုင်တိုင် အအေးဒဏ်ကိုခံပြီးတဲ့နောက်မှာ ထူးဆန်းစွာပဲ ကျွန်မ နည်းနည်းသက်သာလာခဲ့တယ်။ မနက် ၁၁ နာရီမှာ ရောက်လာမဲ့ နည်းပညာဝန်ထမ်းရဲ့ လူခေါ်ဘဲလ်သံကြားမှ နိုးလာရတဲ့အထိ အကြာကြီး အိပ်ပျော်သွားခဲ့တာမို့ ဒါကလည်း သဘာဝကျပါရဲ့။ ကျွန်မ အလန့်တကြား နိုးလာပြီးတော့ မျက်နှာနဲ့ အဝတ်အစားကို အမြန် သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး တံခါးဖွင့်ပေးလိုက်တယ်။ အင်မတန် ပျာယာခတ်သွားခဲ့တာမို့ မနေ့ကထက်ပိုပြီး ပုံမှန်လမ်းလျှောက်နိုင်နေပြီဆိုတာနဲ့ ခေါင်းမူးသက်သာသွားပြီဆိုတဲ့ အချက်ကိုတော့ အချိန်အနည်းငယ်ကြာမှ သတိထားမိခဲ့တာပါ။

အဲ့ဒီဝန်ထမ်းက အိမ်ထဲကို တစ်ချက်ချင်း ထူးဆန်းသလို ကြည့်နေတာရော၊ ကျွန်မရဲ့ သရဲလို ရုပ်ပျက်ဆင်းပျက်ပုံစံကို ကြည့်နေတာပါ ခံစားမိတာကြောင့် အားနာနာနဲ့ ပြုံးပြလိုက်မိတယ်။ ဘယ်သူကြည့်ကြည့် ထူးဆန်းတဲ့ မြင်ကွင်းဖြစ်နေမှာ အသေအချာပါပဲ။ ဘာမှမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေတဲ့ အိမ်ထဲမှာ အလုပ်လုပ်ရမဲ့ နေ့လယ်ခင်းအထိ အိပ်ရာထခါစရုပ်နဲ့ မိန်းမကို တွေ့နေရတာမဟုတ်လား။

ဘာပဲဖြစ်ဖြစ် ဂတ်စ်လိုင်း ပြန်ဆက်ပြီးသွားရင်တော့ ရေနွေးနဲ့ အေးအေးလူလူ ရေချိုးပြီး စိတ်ကို ပြန်စုစည်းနိုင်တော့မယ်လို့ တွေးလိုက်မိတယ်။ စောင့်နေတုန်း ပိတ်ထားတဲ့ ဖုန်းကို ပြန်ဖွင့်လိုက်တယ်။ အားကုန်နေလို့ အားသွင်းထားရုံပဲရှိသေးတာကို ပြန်ဖွင့်ဖို့တောင် အချိန်မရဘဲ အိပ်ပျော်သွားခဲ့တာလေ။

ရှေ့နေဂင်ဆီက ဖုန်းကို လွတ်သွားမလားဆိုပြီး ရုတ်တရက် စိုးရိမ်စိတ် ဝင်လာတော့တယ်။ အခုမှပဲ ဦးနှောက်က လက်တွေ့ကမ္ဘာဆီ ပြန်ရောက်လာတာပါ။ တော်သေးလို့ ဖုန်းမဖြေလိုက်ရတဲ့ စာရင်းအချို့ ရှိနေပေမဲ့ ရှေ့နေဂင်ဆီက ဖုန်းတော့ မရှိသေးပါဘူး။ ကျွန်မလည်း ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို အောက်ဆုံးအထိ ဆွဲချကြည့်လိုက်တယ်။ ဘန်ယူဂျောင်းနဲ့ ဂင်ယွန်းဟျောင်းတို့ဆီက ဖုန်းတွေကြားထဲမှာ ဝူဂျင်ဟာက မနေ့ညနေကရော၊ ညပိုင်းကရော၊ ဒီနေ့မနက်မှာပါ တစ်ခါစီ ဖုန်းခေါ်ထားတာကို တွေ့လိုက်ရတယ်လေ။

သူ ညနေပိုင်း အိမ်ကို ခဏဝင်လာခဲ့တဲ့ပုံပဲလို့ သာမန်ကာလျှံကာတွေးရင်း သူငယ်ချင်းတွေဆီကိုတော့ စာတစ်စောင်စီ ပို့ထားလိုက်တယ်။

“လူကြီးမင်း။”

“အာ၊ ဟုတ်ကဲ့။”

“ဒီမှာ လက်မှတ်လေး ထိုးပေးပါဦး...”

“ဟုတ်ကဲ့။”

“တပ်ဆင်ခကို ငွေသားနဲ့ပဲ ပေးမလား၊ ဒါမှမဟုတ်...”

“...နင် ဒီမှာ ဘာလုပ်နေတာလဲ။”

ဘယ်အချိန်က အိမ်ထဲရောက်နေမှန်းမသိတဲ့ ဂင်ယွန်းဟျောင်းကို မြင်လိုက်ရတော့ ကျွန်မရော ဝန်ထမ်းပါ ကြောင်တောင်တောင်ဖြစ်သွားရတယ်။ ဒါပေမဲ့ ဂင်ယွန်းဟျောင်းရဲ့ မျက်နှာထားက ကျွန်မတို့ထက်တောင် ပိုပြီး အံ့သြမှင်တက်နေတဲ့ ပုံစံမျိုးပါ။

“...အာ၊ လောလောဆယ် ဒီမှာပါရှင့်။ ကျေးဇူးတင်ပါတယ်နော်။"

“ဟုတ်ကဲ့။ ဘွိုင်လာက အရင်ကအတိုင်း ဖွင့်ထားပေးတာမို့လို့ အပူပေးဖို့ မလိုအပ်ရင်တော့ သီးသန့် ပြန်ပိတ်ထားလိုက်ပါခင်ဗျ။”

“ဟုတ်ကဲ့။”

ကျွန်မ အရင်ဆုံး ဝန်ထမ်းကို ပြန်လွှတ်လိုက်တယ်။ ဂင်ယွန်းဟျောင်းကတော့ ဧည့်ခန်းအလယ်မှာ မတ်တပ်ရပ်ပြီး အိမ်ထဲကို ဝေ့ဝဲကြည့်နေရင်း ကျွန်မ အိပ်နေခဲ့တဲ့ အခန်းကို တွေ့သွားတော့ မျက်မှောင်ကြုတ်သွားတယ်။

“နင်က ဒီမှာ အိမ်ထောင်စုစာရင်းတောင် သွင်းနေပြီလား။”

တခြားသူတွေ အမြင်မှာတော့ ဘာမှမရှိတဲ့အိမ်လို့ ထင်ရဦးမှာဖြစ်ပေမဲ့ ဂင်ယွန်းဟျောင်း နောက်ဆုံးမြင်ခဲ့တုန်းကထက်စာရင် ပစ္စည်းတွေ တော်တော်လေး များနေပါပြီ။ ကျွန်မလည်း သက်ပြင်းချသလို ရယ်လိုက်မိတယ်။

“နင်ကမှ ဒီကို ဘာလာလုပ်တာလဲ။”

“ဧကန္တ တကယ်ပဲ ရှိနေမလားဆိုပြီး လာကြည့်တာ။ ဒီအတိုင်း ဒီမှာမရှိကြောင်း သေချာအောင်ပဲ လာကြည့်တာလေ။”

“အလုပ်များတဲ့လူက ဘာလို့ အဲ့ဒီလောက်အထိတောင် လုပ်နေရတာလဲ။"

“ဒါပေမဲ့ တံခါးက ပွင့်နေတာကိုး။ စကားပြောသံတွေပါ ကြားနေရတာဆိုတော့။ ကျိန်းသေပေါက် အိမ်အလွတ်ကြီးကို တကယ် ထူးဆန်းနေတာပေါ့။ ဒါတောင်မှ မဟုတ်လောက်ပါဘူးလို့ တွေးပြီး ဝင်လာတာ၊ တကယ်ကြီး ရှင်းဟီဂျူ ဖြစ်နေမယ်လို့... ဝါး၊ နင်ကတော့ တကယ် ထင်မှတ်မထားတာတွေ လုပ်ပြနိုင်တာပဲ။”

“ဟဲ့၊ နင်လည်း အတူတူပဲလေ။ ဒီကို ဘာလို့ လာတာလဲလို့။”

“မနက်က ကား ကောင်းကောင်းပြန်ယူသွားနိုင်ရဲ့လားလို့ အေးအေးဆေးဆေး မေးတာကို နှစ်ရက်တိတိ အကြောင်းမပြန်ဘူးလေ။ ငါ့ကို ငြင်းလိုက်လို့ စာမပြန်တာများလား မှတ်နေတာကို ဘန်ယူဂျောင်းကိုလည်း အဲ့ဒီလိုပဲ လုပ်ထားတယ်ဆိုတာ သိလိုက်ရလို့။”

“အာ... အဲ့ဒါက ခုနကမှ တွေ့တာ။ ငါ ပြန်စာပို့ထားတာ မတွေ့ဘူးလား။”

“ဟဲ့၊ နင်က နှစ်ရက်တောင် ပစ်ထားပြီးမှ ငါ့ကို ခုနက စာပို့တာ မတွေ့ဘူးလားလို့ မေးရလား။”

“အဲ့ဒါက အဲ့ဒီလို ဖြစ်သွားတာလား။”

ကျွန်မ အားနာသလို မျက်နှာထားလုပ်လိုက်တော့ ဂင်ယွန်းဟျောင်းက အနားကို တိုးကပ်လာပြီး ကျွန်မမျက်နှာကို စစ်ဆေးသလိုမျိုး ငုံ့ကြည့်လာတယ်။ သေချာကြည့်လေလေ သူ့မျက်နှာက ပိုပြီး မကျေမနပ် ဖြစ်လာလေပါပဲ။

“ကောင်းကောင်း ပြန်ရောက်တယ်လို့လည်း အကြောင်းမပြန်ဘူး။ နောက်ဆုံးတွေ့တုန်းကလည်း အရက်နာကျခါစ ပုံစံမျိုးနဲ့။ နင့်ရဲ့ ဒီလို ရွဲနေတဲ့ ခန္ဓာကိုယ်ကို မြင်လာတာ အနှစ်နှစ်ဆယ်လောက် ရှိပြီဆိုတော့... နင် ဘာဖြစ်နေမလဲဆိုတာ ငါ့စိတ်ကူးထဲမှာတင် သိနေပြီးသား။”

“ဘာမှမဟုတ်ဘူး။ အဲ့ဒီနေ့က အအေးမိသွားလို့လေ။ မနေ့ကတော့ ကိုယ်ပူတအားတက်ပြီး တော်တော်လေး နေမကောင်းဖြစ်သွားတာ။ အဲ့ဒါကြောင့် ဖုန်းကိုလည်း သိပ်မကြည့်ဖြစ်တာပါ။”

“တွေ့လား။ ငါ ထင်ထားတဲ့အတိုင်းပဲ မဟုတ်လား။”

“......”

“ဒါကြောင့်လည်း နင်က ငါ့ကို အမြဲတမ်း စိတ်ပူအောင် လုပ်တာလေ။”

ပူရှိန်းရှိန်း နဖူးပေါ်ကို အေးစက်တဲ့ လက်တစ်ဖက် လာထိခဲ့တယ်။ ဂင်ယွန်းဟျောင်းက စုတ်သပ်ရင်း ညည်းလိုက်တယ်။

“ဂတ်စ်တောင် မချိတ်ရသေးတဲ့ အိမ်မှာ ဒီခန္ဓာကိုယ်နဲ့ နှစ်ရက်တိတိ အိပ်နေတယ်ပေါ့လေ။ ဒီလိုပုံစံ ဖြစ်သွားတဲ့အထိလား။”

“...ရုပ်ကပဲ မကောင်းတာ။ အထဲကတော့ အခု အဆင်ပြေနေပါပြီ။ ဒါတောင် ဆိုးလ်အထိ ကားမောင်းသွားတာထက်စာရင် ဒီမှာနေတာက ပိုကောင်းမယ် ထင်လို့လေ...”

“ခေါ်လိုက်ရင် ရတာပဲကို။”

“......”

“ခေါ်လိုက်ရင် ရနေတာပဲ။”

အာ...အရူးလိုကောင် ဂင်ယွန်းဟျောင်း။ ကျွန်မ ခေါင်းကို အသာလေးစောင်းပြီး ယွန်းဟျောင်းရဲ့လက်ကို ဖြည်းဖြည်းချင်း ရှောင်လိုက်တယ်။ သူက ဘာမှမဖြစ်သလို လက်ကိုပြန်ရုပ်ပြီး ဆူပါတော့တယ်။

“ဖုန်းက အလှပြထားတာလား၊ လက်ချောင်းတွေကိုပဲ အလှထားတာလား။ နှစ်ခုထဲမှာ တစ်ခုကတော့ ဘာမှသုံးစားလို့မရတဲ့ပုံပဲ။”

“ငါ့ခန္ဓာကိုယ်ကပဲ သုံးစားမရဖြစ်နေတာ။ အခုတော့ သက်သာနေပါပြီ။”

“အခုမှ ဂတ်စ်လိုင်းဆက်တော့ ဘာထူးမှာလဲ။ ဆိုးလ်ပြန်ရမဲ့သူက။”

“ဘာပဲဖြစ်ဖြစ် ပြန်လာမှာပဲလေ။ နေမှာပဲကို။”

“တကယ်ကြီး ဒီမှာ နေမှာလား။”

ကျွန်မရဲ့ မျက်နှာရိပ်မျက်ကဲကို အကဲခတ်ရင်း မေးနေတဲ့ ဂင်ယွန်းဟျောင်းရဲ့ မျက်နှာက ကျွန်မကို ဟီရှင်းရဲ့ အိမ်မက်အကြောင်း မေးခဲ့တုန်းကနဲ့ အတူတူပါပဲ။ ကျွန်မရဲ့ ဆန္ဒကို မေးတာထက်၊ ကျွန်မ တကယ်ပဲ အဲ့ဒီလို လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယမျိုးနဲ့လေ။

ကျွန်မ အိမ်ကို တစ်ချက် ဝေ့ဝဲကြည့်လိုက်တယ်။ ညဘက်ပြန်ရောက်တုန်းကတော့ မူးနေလို့၊ နောက်တစ်နေ့မှာတော့ အဖျားတက်ပြီး သတိလက်လွတ်ဖြစ်နေခဲ့တာမို့လို့ ဒီအိမ်မှာ ဘာမှမတွေးဖြစ်ခဲ့တာက အံ့သြစရာပါပဲ။

နေ့တိုင်း နေမကောင်းဖြစ်ဖို့ အစီအစဉ်မရှိသရွေ့တော့ သိပ်ပြီး ယုံကြည်မှုမရှိပေမဲ့...အဲ့ဒီလိုဆိုပေမဲ့လည်း ဒီလောက်ဆိုရင် အဆင်ပြေလောက်မယ်မဟုတ်လား။ ကျွန်မ ခေါင်းညိတ်လိုက်မိတယ်။

“ငါက ဒီမှာမဟုတ်ရင် တခြားဘယ်မှာများ နေစရာရှိဦးမှာလဲ။”

“ဟိုအိမ်က ပိုက်ဆံမပေးဘူးလား။ နစ်နာကြေးတို့ ဘာတို့လေ။”

“ပေးတယ်။”

“ဒါဆိုလည်း ဒါကြီးကို ပစ်လိုက်ပါတော့ဟာ။”

“အိမ်ငှားထွက်သွားပြီးမှ အနိုင်နိုင် နံရံကပ်စက္ကူတွေတောင် အသစ်ပြန်ကပ်ထားတာကို...”

“သူဌေးအသိုင်းအဝိုင်းအထိ ရောက်ခဲ့ပြီးမှ အခုအထိ အဲ့ဒီလိုဟာတွေကို နှမြောနေတုန်းပဲလား...”

“ဘာပဲဖြစ်ဖြစ် ရောင်းမထွက်ဘူးလေ။ အိမ်ငှားလည်း မရှိတော့... အလဟဿ အပျက်စီးခံမဲ့အစား ငါပဲ နေလိုက်တော့မယ်။ ဒီလိုပဲ။”

“အဲ့ဒါကြောင့် ဒီမှာပဲ ဆက်နေတော့မယ်ပေါ့။”

“အရင်ဆုံး ရေချိုး၊ စိတ်နည်းနည်း ပြန်စုစည်းပြီး... အဲ့ဒီကျမှ စဉ်းစားမလို့။ ငါနိုးတာ ၁၀ မိနစ်တောင် မပြည့်သေးဘူးထင်တယ်...”

“အရင်ဆုံး ဆေးရုံသွား။”

ဂင်ယွန်းဟျောင်းက ကျွန်မစကားကို ပြတ်ပြတ်သားသား ဖြတ်ပြောခဲ့တယ်။ ကျွန်မလည်း ခေါင်းကို ပြတ်ပြတ်သားသားပဲ ခါလိုက်တာပေါ့။

“မသွားချင်ဘူး။”

“ဘာလို့လဲ။”

“ဆေးရုံသွားလည်း မသက်သာဘူးလေ။ အနားယူလိုက်ရင် ရပြီ... ဆေးလည်း သောက်ထားတယ်။”

“နင် ဆေးရုံမုန်းတာ သိပေမဲ့ သွားလိုက်တာ ပိုကောင်းမယ်။ ငါ အခု အချိန်သိပ်မရဘူး။ နင့်ကို ဆေးရုံပို့ပေးပြီးမှ ပြန်သွားရမှာ။”

“မသွားဘူး... ငါ အရင်ဆုံး ရေချိုးဦးမယ်။ အိပ်နေတုန်းက ချွေးတွေ တအားထွက်ထားလို့...။ အလုပ်များရင် မြန်မြန်သွားတော့လေ။ အားနာလိုက်တာ။”

“ခေါင်းမာလိုက်တာလည်း လွန်ရော။ တကယ်။”

“ငါ အသက်ရှိ၊ မရှိ လာစစ်ပေးလို့ ကျေးဇူးပဲ။”

ကျွန်မ ယွန်းဟျောင်းရဲ့ ပုခုံးကိုပုတ်ပြီး ရေချိုးခန်းထဲ ဝင်ခဲ့လိုက်တယ်။

တခြားအချိန်ဆိုရင်တော့ 'ကျေးဇူးတင်ပါတယ်' လို့ သုံးကြိမ်လောက်ပြော၊ 'အားနာပါတယ်' လို့ ငါးကြိမ်လောက်ပြောပြီးတော့ အရသာရှိတဲ့ နေ့လယ်စာ ကျွေးပြီး နောက်မှ အကြွေးပြန်ဆပ်မဲ့အကြောင်း ကတိတွေပေးမိမှာ ဖြစ်ပေမဲ့ အခု မဟုတ်တော့ပါဘူး။ ကျွန်မတို့ကြားမှာ နှစ်ရက်ပဲ ကွာခြားသွားခဲ့တာလေ။

နောက်ဆုံးတော့ ဒီအိမ်မှာ ရေနွေးထွက်လာပါပြီ။ အနည်းဆုံးတော့ လွန်ခဲ့တဲ့ ၂ ညနဲ့ ၃ရက်အတွင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေထဲမှာ အကောင်းဆုံးပါပဲ။ ကျွန်မ တတ်နိုင်သလောက် အဲ့ဒီအချက်ကိုပဲ ကျေနပ်နေရင်း ဘာမှမတွေးမိအောင် ကြိုးစားခဲ့တယ်။ ဟောင်းနွမ်းနေတဲ့ ရေချိုးကန်ထဲမှာ မတ်တပ်ရပ်ရင်း ရေပန်းကကျလာတဲ့ ရေတွေကို ခံယူပြီး အချိန်တွေကို သတ်ပစ်နေခဲ့တာပေါ့။

၁၂ လပိုင်း။ ပြီးတော့ ၁ လပိုင်း။ အဆုံးသတ်မှာလည်း အဆုံးသတ်က ရှိနေဦးမှာပါ။ အချိန်တွေက အခုအထိ အလှမ်းဝေးနေတုန်းပါပဲ။ စိတ်ကိုပြန်စုစည်းနိုင်ပြီဆိုတာနဲ့ ဝူဂျင်ဟာဆီကို တန်းရောက်သွားတဲ့ ကျွန်မရဲ့ အတွေးတွေကြောင့် ဟက်ခနဲ ရယ်မိသွားတယ်။

လှုပ်ရှားမှ ဖြစ်မယ်။ အဲ့ဒီလို စိတ်ပိုင်းဖြတ်ထားပေမဲ့လည်း တစိမ့်စိမ့်ကျနေတဲ့ ရေအောက်မှာပဲ အကြောင်သား ငေးငိုင်ချင်နေတဲ့ ခန္ဓာကိုယ်ကို ကျွန်မ အတင်းအကျပ် လှုပ်ရှားလိုက်တယ်။ ခေါင်းလျှော်၊ ကိုယ်တိုက်၊ တဘက်နဲ့ ဆံပင်သုတ် အစရှိတဲ့ လွယ်လင့်တကူ အလုပ်လေးတွေက ကမ္ဘာပေါ်မှာ အခက်ခဲဆုံး အလုပ်တွေလို ခံစားနေရတယ်လေ။

ကျွန်မ ရေအေးနဲ့ မျက်နှာကို အကြာကြီး သစ်လိုက်တယ်။ အဲ့ဒီနောက်မှာလည်း လက်ဆေးကန်မှာ ခေါင်းမှောက်ပြီး အကြာကြီး နေနေမိပါသေးတယ်။ ပြီးမှ လွန်ခဲ့တဲ့ နှစ်ရက်က ဝတ်လာခဲ့တဲ့ ဆွယ်တာနဲ့ စကတ်ကို ဖြည်းဖြည်းချင်း ဝတ်လိုက်တယ်။ အေးစက်ပြီး စိုထိုင်းနေတဲ့ ဆံပင်တွေ လည်ပင်းနောက်ဘက်ကို လာထိတိုင်း ချမ်းစိမ့်သွားပေမဲ့ အတော်လေးတော့ လန်းဆန်းသွားတယ်လေ။

အဲ့ဒီလိုနဲ့ ရေချိုးခန်းထဲက ထွက်လာတော့ ဂင်ယွန်းဟျောင်းက ရှိနေတုန်းပါပဲ။

“ဘာလို့ တစ်နာရီတောင်ကြာအောင် ရေချိုးနေတာလဲ။”

“...ဘာလို့ အခုအထိ မသွားသေးတာလဲ။”

“မသွားသေးတာ မဟုတ်ဘူး၊ အခုပဲ သွားတော့မှာမို့လို့ တော်တော့။ ဆန်ပြုတ် ဝယ်လာခဲ့တယ်။”

“...အာ၊ ဘာလို့ အဲ့ဒီလို လုပ်တာလဲ။”

“ဘာကို ဘာလို့လဲ။”

“...အားနာစရာတွေ ဘာလို့ ဆက်တိုက် လုပ်နေတာလဲလို့။”

“အားနာရင် ကောင်းကောင်းစား။ ငါ သွားပြီ။”

ကျွန်မ ဆန်ပြုတ်ဘူးတွေ ထည့်ထားတဲ့ အိတ်ကို လက်ခံယူပြီး ကြမ်းပြင်ကိုပဲကြည့်ရင်း နှုတ်ဆက်လိုက်တယ်။

“ကျေးဇူးပဲ။ ကောင်းကောင်းစားလိုက်မယ်။”

“ဒီနေ့ရော ဒီမှာပဲ အိပ်မှာလား။”

“မသိသေးဘူး။”

“ညဘက် တစ်ခါ ထပ်လာခဲ့မယ်။”

“မလာနဲ့။ မလာခဲ့နဲ့။”

ကျေးဇူးတင်စကားကိုတော့ ကြမ်းပြင်ကို ကြည့်ပြီး ပြောခဲ့ပေမဲ့၊ မလာနဲ့ဆိုတဲ့ စကားကိုတော့ သူ့မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်မိတယ်။ ဂင်ယွန်းဟျောင်းက အသက် ၂၀ တုန်းကလိုမဟုတ်ဘဲ တည်ငြိမ်တဲ့ အကြည့်တွေနဲ့ ကျွန်မကို ပြန်ကြည့်လာတယ်။ ဒါတောင်မှ ကျွန်မမျက်လုံးထဲမှာတော့ သူက အရင်ကလို အဲ့ဒီမျက်နှာအတိုင်း ရှိနေသလိုပါပဲ။

ဒါပေမဲ့လည်း ပြောသင့်တာကိုတော့ ပြောရမှာပေါ့။

“နောက်ဆို ဒီကိုမလာနဲ့တော့၊ ဂင်ယွန်းဟျောင်း။”

“မရဘူး။”

“မလာနဲ့။ ဒီအတိုင်း အဲ့ဒီလိုပဲ လုပ်ပေး။ ငါကွာရှင်းလိုက်ရင်လည်း မလာနဲ့။”

“နင် စိတ်တွေရှုပ်ပြီး လူလည်း ပင်ပန်းနေမှန်း ငါသိတယ်။ ထပ်ပြီး နှိပ်စက်ဖို့ စိတ်ကူးမရှိတာမို့လို့ အလေးအနက်တွေ လိုက်တွေးမနေနဲ့။ အဲ့ဒီလို လုပ်ဖို့လည်း မလိုဘူးမဟုတ်လား။”

“အခုအချိန်တော့ လိုအပ်တယ်။”

“...အသုံးချတာဖြစ်ဖြစ် လုပ်လိုက်စမ်းပါ။ ခဏလောက် မျှော်လင့်ချက်ပေးတာဖြစ်ဖြစ်လုပ်။ အဲ့ဒါက အဲ့ဒီလောက်တောင် ခက်ခဲလို့လား။”

“အသုံးချဖို့အတွက် ငါက နင့်ကို အရမ်းသဘောကျတယ်၊ ယွန်းဟျောင်းရဲ့။”

“…….”

“နင့်ကို တအားသဘောကျလို့ လုပ်လို့မဖြစ်တာ။"

“...ညကျရင် တစ်ခေါက် ထပ်လာခဲ့မယ်။”

“ယွန်းဟျောင်း။”

“နင် နေကောင်းရဲ့လားဆိုတာလေးပဲ ခဏလာကြည့်မှာ။ အကယ်၍ တစ်နေရာရာကို သွားမယ်ဆိုရင်လည်း သွားမဲ့အကြောင်း ပြောခဲ့ဦး။”

ကျွန်မ ဘာစကားမှ ပြန်မပြောနိုင်ဘဲ ကျောခိုင်းထွက်သွားတဲ့ ဂင်ယွန်းဟျောင်းကို ကြည့်နေမိတယ်။ တံခါးပိတ်သွားပြီးတဲ့နောက်မှာတော့ လက်ထဲမှာ ကိုင်ထားတဲ့ ဈေးဝယ်အိတ်ကို အကြာကြီး ငေးကြည့်နေမိပြီး...အဲ့ဒီအတိုင်းထားလိုက်ဖို့ ဘယ်လိုမှ အသာလေးမနေနိုင်တဲ့ ခံစားချက်မျိုး ဖြစ်လာတယ်လေ။ ကျွန်မ အရှေ့အနောက်ပြတင်းပေါက်တွေကိုဖွင့်ပြီးတော့ လေဝင်လေထွက်ကောင်းအောင်လုပ်ပြီး ရှုပ်ပွနေတဲ့ အခန်းကို ရှင်းလင်းလိုက်တယ်။ ပြီးတော့ ဗလာဖြစ်ပြီး သန့်ရှင်းနေတဲ့ အိမ်ကို ဟိုဟိုဒီဒီ အကြောင်းပြချက်မရှိဘဲ လိုက်ကြည့်နေမိပြန်တယ်။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment