no

Font
Theme

အခန်း ၃၃

Translator - D

စီမံခန့်ခွဲမှုရှေ့တန်းကနေ အနားယူလိုက်ပြီးတဲ့နောက်မှာ မကြာမကြာ ပို့ချမှုတွေပေးလေ့ရှိပါတယ်။ ခေတ်ရှေ့ပြေးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သူ ဆုန်ယောဆွန်းက သူ့မြေးအရွယ် လူငယ် ကျောင်းသူမလေးတွေအတွက် ပိုကျယ်ပြန့်တဲ့ လမ်းကြောင်းတွေကို ပြပေးချင်တာတဲ့လေ။ မိန်းမတွေကို ပိုပြီးတော့ အတ္တကြီးစေချင်တယ်တဲ့။ အဲ့ဒီလိုနဲ့ ပိုပြီးကြီးကျယ်တဲ့သူတွေ ဖြစ်လာစေချင်တာပါ။

"ငါ့အမေက ချွန်းချောင်းပြည်နယ်မှာ နာမည်ကြီးတဲ့ မြေရှင်ကြီးရဲ့သမီးဖြစ်ခဲ့ပေမဲ့ သူ့ခမျာ မူလတန်းတောင် မပြီးခဲ့ရှာဘူး။ လက်ထပ်ပြီးတော့ လင်ရဲ့စကားကို မြေဝယ်မကျနားထောင်ပြီး ဘဝကို ရိုးရိုးရှင်းရှင်းနေခဲ့တာ။ ငါ့ယောက္ခမကတော့ တောသူတောင်သား လယ်သမားတစ်ယောက်ရဲ့သမီးပေါ့။ ခက်ခက်ခဲခဲ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ချွေးမတစ်ယောက်အနေနဲ့ ဘဝကို ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရတာလေ။ သူ့အတွက် ငါလိုချွေးမမျိုးက နတ်ဆိုးနဲ့ ဘယ်ခြားပါ့မလဲ။ အဲ့ဒါကြောင့်ပဲ သေတဲ့အထိ ငါ့ကို မုန်းသွားတာ။"

"..."

"ငါကတော့ ငါတို့အချင်းချင်းကြားမှာ အဲ့ဒီလိုတွေ မဖြစ်စေချင်ဘူး။ တစ်ယောက်ကိုတစ်ယောက် မမုန်းစေချင်ဘူး။ တစ်ယောက်ရဲ့ကျဆုံးခန်းကိုတစ်ယောက် မလိုချင်ကြရင်ကောင်းမယ်။ သွေးတစ်စက်မှမနှောပေမဲ့ ငါတို့က တစ်ဖွဲ့တည်းသားတွေပဲ။ တစ်ယောက်ကိုတစ်ယောက် ကူညီရမှာ၊ ဆွဲချရမှာမဟုတ်ဘူး။ ငါ့ဘဝက မပြည့်စုံရင်တောင် ငါ့သမီးကတော့ အဲ့ဒီလိုမဖြစ်ရဘူး၊ ငါ့ချွေးမကိုတော့ ငါ့လိုမနေစေရဘူး။ အဲ့ဒီလိုစိတ်နဲ့ နေသွားရမယ်။"

အခု ဂန်ဂျူဂယောင်း ဘာတွေးနေလောက်မလဲ။ မျက်လုံးစွေပြီး တစ်ချက်အကဲခတ်လိုက်ပေမဲ့ မိန့်ခွန်းအပေါ် အာရုံစိုက်ထားတဲ့ မျက်နှာမှာ ဘယ်လို ပုဂ္ဂိုလ်ရေးခံစားချက်ကိုမှ မတွေ့ခဲ့ရပါဘူး။

ကျွန်မရဲ့ လက်ထပ်ပွဲနေ့မှာ ဂန်ဂျူဂယောင်းက ဆုန်ယောဆွန်းကို အကြီးအကျယ် ဂရုစိုက်ပြီး ပင့်ထားခဲ့တာပါ။ သူ့ကလေးကို သတ်ခဲ့တဲ့မိန်းမကို ကယ်တင်ရှင်ကြီးလို ပြုမူဆက်ဆံတာလေ။

"ငါ ဆုန်ယောဆွန်းရဲ့ဘဝမှာ ယောက်ျားတွေက လမ်းညွှန်သွန်သင်ပေးခဲ့တာဆိုပေမဲ့ နင်တို့အတွက်တော့ ငါက ခေါင်မိုးလိုပဲ။ နင်တို့ရဲ့ ခင်ပွန်းတွေ ဘယ်လောက်ပဲ မိုက်မဲကြပါစေ နင်တို့တွေ ထက်မြက်နေရင် ရပြီ။"

"..."

"မိန်းမတစ်ယောက်အနေနဲ့ ငါက ကောင်းကောင်းပိုသိပြီး ပိုကူညီနိုင်တာပေါ့။ မိန်းမသားဆိုတာမလာခင် နင်တို့လည်း လူသားတွေပဲ။ ကြီးကြီး သေးသေး ကိစ္စမရှိပေမဲ့ နင်တို့ရဲ့နာမည်တွေကို တစ်နေရာရာမှာတော့ ချန်ထားခဲ့စေချင်တယ်။ နင်တို့သမီးတွေကို တစ်သက်လုံး ဒီအတိုင်း မိန်းမသားတွေအဖြစ်နဲ့မဟုတ်ဘဲ လူသားတွေအဖြစ် နေသွားစေချင်တယ်။ ဘာပဲပြောပြော ခေတ်ကောင်း စနစ်ကောင်းမှာ မွေးလာကြတဲ့သူတွေပဲမဟုတ်လား။"

"..."

"ငါ့ယောက္ခမဆိုရင် တစ်သက်လုံး ငါ့ရဲ့​တောင်ပံတွေကို ညှပ်ပစ်ဖို့ပဲ ကြိုးစားခဲ့တာ။ သူက မိန်းမတွေအားလုံး ကျွန်လိုပဲ ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲ နေသွားသင့်တယ်လို့ ထင်ထားတာလေ။ ငါက အဲ့ဒီလိုမနေလို့ မျက်မုန်းကျိုးတာပေါ့။ သူ့ကို နှိပ်ကွပ်ခဲ့တဲ့ ယောက္ခမတွေထက်တောင် ငါ့ကို ပိုမုန်းသေးတာ။ အဲ့ဒါကြောင့် ကိုယ်က ဇနီးကောင်းလိုနေရရုံနဲ့ ကျေနပ်တင်းတိမ်တယ်ဆိုတိုင်း ကိုယ့်ချွေးမကိုပါ အဲ့ဒီအတိုင်းနေဖို့ ဖိအားမပေးရဘူး။ သူတို့ကို မြှင့်တင်ပေးတဲ့ အမေမျိုးပဲဖြစ်ပါစေ၊ ဆွဲချတဲ့အမေမျိုး မဖြစ်စေနဲ့။"

ကျွန်မ ဆုန်ယောဆွန်းရဲ့စကားတွေမှာ စိတ်ရင်းအမှန်လေး နည်းနည်းလောက်များပါလေမလားလို့ ရှာကြည့်ဖို့ကြိုးစားမိတယ်။ ကိုယ်တိုင်ကတော့ ရည်မှန်းချက်ကြီးတဲ့ဘဝကို နေခဲ့ပေမဲ့ ချွေးမတွေကိုတော့ သူ့သားတွေအတွက် ကျွန်တွေလိုပဲရှိစေချင်တဲ့ ယောက္ခမအိုကြီးရဲ့ မျက်နှာကို မြင်အောင်ကြည့်ဖို့ ကြိုးစားရင်းနဲ့ပေါ့။

ဒါပေမဲ့ မြင်ရတာဆိုလို့ ပုံမှန်နဲ့မတူတဲ့ စိတ်ရင်းအမှန်အပြင် မရှိခဲ့ပါဘူး။ သူ့အနားမှာရပ်နေကြတဲ့ ချွေးမတွေကို ကြည့်တဲ့အကြည့်က အင်မတန် နွေးထွေးလှပါတယ်။

တဒင်္ဂတော့ ထူးဆန်းလွန်းလို့ ဝူဂျင်ဟာနဲ့ ကွာရှင်းမဲ့ကိစ္စကိုတောင် မေ့သွားလုမတတ်ပါပဲ။

"ဥက္ကဋ္ဌဝူနဲ့ ငါ့မှာ အချိန် ဘယ်လောက်ကျန်သေးမှန်း မသိဘူး။ အများကြီးတော့ ဘယ်ကျန်ပါ့မလဲ။ နောင်တဆိုပြီးမကျန်ရအောင် ကြိုးကြိုးစားစား နေခဲ့ကြပေမဲ့ စိတ်မဖြောင့်နိုင်တာရှိခဲ့မယ်ဆိုရင် ငါတို့မရှိတော့တဲ့နောက်မှာ နင်တို့တွေ တစ်ယောက်တစ်ကွဲ ဖြစ်ကုန်ကြမှာကိုပဲ။ ငါ့သားတွေအပေါ် အများကြီး မျှော်လင့်မထားဘူး။ ယောက်ျားတွေက ရိုးရှင်းတယ်။ ရေတိုအကျိုးအမြတ်အတွက်၊ အရှုံးအတွက် ကိုယ့်ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်မဲ့အမျိုးအစားတွေ။ ဒါပေမဲ့ မိန်းမတွေကတော့ ရေရှည်ကို ကြည့်ကြတယ်မဟုတ်လား။ ခင်ပွန်းတွေထက်၊ အစ်ကိုတွေမောင်တွေထက် ပိုပြီးတော့လေ။"

"..."

"ကိုယ့်ရဲ့ဗဟိုချက်ကို မြဲမြဲဆုပ်ကိုင်ထားမှဖြစ်မယ်။ ဘယ်သူတွေဘာပြောပြော ​နင်တို့က WK ရဲ့ လူတွေပဲ။ ဒီအတိုင်း ဝူမိသားစုနဲ့ လက်ထပ်ပြီး ဒီမိသားစုအတွက် ကလေးမွေးပေးထားတဲ့ မိန်းမတွေမဟုတ်ဘူး။ သွေးမကွဲဘဲ စည်းစည်းလုံးလုံးနေကြ။ ဘယ်လောက်ပဲ ကြီးလှတဲ့တောင်ဖြစ်နေပါစေ ပြိုကွဲရင် နောက်ဆုံးတော့ သဲဖြစ်သွားတာပဲ။ နင်တို့ တစ်ယောက်ချင်းစီကို ကိုယ်ပိုင်ရှယ်ယာနဲ့ ကိုယ်ပိုင်တာဝန်တွေ ပေးခဲ့မယ်။ သူများပိုင်တဲ့အရာကိုတော့ တပ်မက်လို့မဖြစ်ဘူး။"

"..."

"ဒါရိုက်တာ​ဂျောင်၊ အရှေ့ထွက်လာခဲ့။"

ဒီအခန်းထဲမှာရှိနေတဲ့သူ အများစုက ကျွန်မ တွေ့ဖူးပေမဲ့ မမှတ်မိတော့တဲ့ မျက်နှာတွေဖြစ်ပြီး ကျန်တဲ့လူတွေကတော့ လုံးဝမသိတဲ့သူတွေပါ။ ကျွန်မရဲ့ မင်္ဂလာဆောင်မှာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် အကုန်ဆုံခဲ့ကြတာဆိုတော့ သူတို့အားလုံး ကျွန်မကို သိကြပေမဲ့ ကျွန်မကတော့ ဒီမိသားစုဝင်တွေအားလုံးကို မသိပါဘူး။

ဒါပေမဲ့ အရှေ့ထွက်သွားတဲ့ အမျိုးသမီးရဲ့ မျက်နှာကိုတော့ ကောင်းကောင်းသိပါတယ်။ သူက ဥက္ကဋ္ဌဝူနဲ့ ပြခန်းဒါရိုက်တာဆုန်ရဲ့ ဒုတိယချွေးမ ဝူဂျင်ဟာရဲ့ ပထမအဒေါ်ပါပဲ။

ကျွန်မဘေးမှာ လက်ကိုင်အိတ်ကိုကိုင်ထားတဲ့ ဂန်ဂျူဂယောင်းရဲ့လက်က လက်သီးတင်းတင်းဆုပ်သွားတော့တယ်။

"ငါမရှိတော့ရင် ဒါရိုက်တာဂျောင်က ဗဟိုမဏ္ဍိုင်အဖြစ် ရှိသွားလိမ့်မယ်။ ငါ့သမီးကြီး ဂျွန်ဟီးက သူ့အလုပ်အပေါ်သူ ရည်မှန်းချက်ကြီးလွန်းတယ်ဆိုတော့ ဗဟိုမဏ္ဍိုင်အဖြစ် ရှိနိုင်မှာမဟုတ်ဘူး။ ဒါရိုက်တာဂျောင်က အကြီးဆုံးချွေးမ မဟုတ်ဘူးဆိုပေမဲ့ ချွေးမတွေထဲမှာ အသက်အကြီးဆုံးဖြစ်သလို မိသားစုအတွက်လည်း အတွင်းရော၊ အပြင်ပါ မလစ်ဟင်းရအောင် အများကြီး ပံ့ပိုးပေးခဲ့တဲ့သူပဲ။ ရှေးလူကြီးဖြစ်တဲ့ ဥက္ကဋ္ဌဝူဆိုရင် 'သားလေးယောက် တစ်ဆက်တည်းမွေးပေးတဲ့ ချွေးမမျိုး ဘယ်မှာသွားရှာမလဲ' လို့ ခဏခဏပြောရင်း ချစ်ရှာတာ။"

"..."

"နေရာက လူကိုဖန်တီးတယ်ဆိုသလိုပဲ ယောက္ခမ အချစ်ခံရပြီး အကြီးဆုံးချွေးမ မဟုတ်ပေမဲ့ အကြီးဆုံးချွေးမလို ဆက်ဆံခံရတော့ သူ့အရည်အချင်းကလည်း တဖြည်းဖြည်း မြင့်လာပြီး မိဘနဲ့ ကလေးတွေကြားမှာ ပေါင်းကူးတံတားလို၊ မောင်နှမတွေရဲ့ ပဋိပက္ခကြားမှာ ဖြန်ဖြေညှိနှိုင်းရေးသမားလို နေပေးနိုင်တာပေါ့။ သူက နင်တို့အားလုံး အမြဲတမ်း မှီခိုအားကိုးလို့ရတဲ့သူဆိုတာ ငါ အာမခံတယ်။"

အကြီးဆုံးချွေးမဖြစ်တဲ့ ဂန်ဂျူဂယောင်းရဲ့ ဖြစ်တည်မှုက လုံးဝအရေးမပါသလိုပါပဲ။

"ကျန်တဲ့သူတွေကလည်း ကျေးဇူးပြုပြီး စိတ်မကောင်းမဖြစ်ကြဘဲ ငါ့ဆန္ဒအတိုင်း လိုက်လုပ်ပေးကြပါ။ နားလည်တယ်နော်။"

"ဟုတ်ကဲ့။"

ဆုန်ယောဆွန်း စကားတွေဆက်ပြောနေချိန်မှာ သူတို့တွေ ညီညွတ်ရေးစု​ဝေးပွဲဆိုတဲ့နာမည်နဲ့ သွေဖည်နေကြကြောင်းကိုပဲ တွေးနေမိတယ်။ စိတ်ရင်းမမှန်မှုလေး တစ်စွန်းတစ်စလောက်ဖြစ်ဖြစ် ရှာတွေ့ခဲ့မယ်ဆိုရင်တောင်မှ ပို​လွယ်လောက်ဦးမယ်ဆိုပေမဲ့ အားလုံးက အရမ်းကို စိတ်ရင်းအတိုင်းဖြစ်နေတာ မယုံနိုင်စရာပါပဲ။ ပြီးတော့ အဲ့ဒီအတွက်ကြောင့် လုံးဝကို အဓိပ္ပာယ်မရှိတော့ပါဘူး။

ချွေးမကို သားအတွက် အလှဆင်တန်ဆာတစ်ခုအပြင် ပိုမတွေးတာက။ နေ့စေ့လစေ့ မွေးခါနီးကလေးကို အသုံးမဝင်တဲ့ပစ္စည်းလို ရှင်းပစ်တာက။

'အပိုတွေကဲပြနေတာ ဒီလောက်နဲ့ရပ်တော့၊ ထပြီးတော့ ဒီညကစပြီး ယောက်ျားကို ပြန်လက်ခံဆိုပြီး ပြောခဲ့တာ။'

'ဒီတစ်ခါရလာမဲ့ကလေးက အီလ်ဂယောင်းရဲ့ တကယ့် သွေးသားဖြစ်မှာပဲဆိုတော့ ကလေးပျက်သွားပြီး တစ်ခါအပစ်ခံထားရပြီးသား ခန္ဓာကိုယ်ဖြစ်နေပေမဲ့လည်း သဘောထားကြီးကြီးနဲ့ ကျော်သွားပေးမယ်တဲ့လေ။ အီလ်ဂယောင်းရဲ့ကလေးကို ရမယ်ဆိုရင် အဲ့ဒါက သန့်စင်လိုက်တာပဲတဲ့။'

အလင်းရသွားသလို ဟန်ဆောင်ရတာက အဓိပ္ပာယ်ရောရှိလို့လား။

"ငါတို့တွေ အကြာကြီး ကောင်းကောင်းနေသွားမှဖြစ်မှာ။ သဲအဖြစ်နဲ့မဟုတ်ဘဲ တောင်ကြီးအဖြစ် နေသွားရမယ်။ အဲ့ဒါကို စိတ်ထဲမှတ်ထားကြ။"

ဒါပေမဲ့ အခုတော့ အဲ့ဒါတွေအားလုံးက စိတ်ရင်းအမှန်မှန်း နားလည်သွားပါပြီ။ သူ့ချွေးမတွေကို ဦးဆောင်လမ်းပြလုပ်ဖို့ စိတ်ခွန်အား၊ ဒီအတိုင်း မိန်းမသားတွေအဖြစ်မဟုတ်ဘဲ လူသားတွေအဖြစ် နေစေချင်တယ်ဆိုတဲ့ စကား။

ဆုန်ယောဆွန်းအတွက် ဂန်ဂျူဂယောင်းက ဒီအတိုင်း သူရှေ့ဆောင်လမ်းပြမလုပ်ချင်တဲ့လူ ဖြစ်နေခဲ့တာပါ။ သူ့အတွက် ဂန်ဂျူဂယောင်းက "လူ" မဟုတ်ခဲ့တာကြောင့်ပဲဖြစ်မလား။ ဂန်ဂျူဂယောင်းက ဘယ်သူ့သမီးမှ မဖြစ်ခဲ့တဲ့ပုံပါပဲ။

ကျွန်မအတွက် အမြဲတမ်း အင်မတန် တောက်ပပြီး ကြီးကျယ်မြင့်မြတ်သလို ထင်ခဲ့ရတဲ့သူ၊ ကျွန်မကို အမြဲတမ်း သေးသိမ်သလို ခံစားရအောင်လုပ်နိုင်တဲ့သူက ဒီနေရာမှာတော့ ဘာမှမဟုတ်ခဲ့ပါဘူး။

ကျွန်မ ဝူဂျင်ဟာကို လက်ထပ်ခဲ့တဲ့အတွက် ဂန်ဂျူဂယောင်း ဘယ်လောက်တောင် စိတ်ဆင်းရဲခဲ့ရမလဲဆိုတာကို နောက်ဆုံးတော့ နားလည်သွားပါပြီ။

သူက တစ်သက်လုံး အဲ့ဒီလို နေလာခဲ့ပြီးသားကို...သူ့လိုပဲ တစ်သက်လုံး ထပ်ပြီး အဲ့ဒီလိုနေသွားရမဲ့ မိန်းမက သူ့သားရဲ့ဇနီးဖြစ်နေတယ်ဆိုတဲ့အချက်။

[ဘာသာပြန်မှတ်ချက် : အရင်တစ်ပတ်က ဂျင်ဟာရဲ့အဘွားကို 'ဆုန်ရဲဆွန်း' ဆိုပြီး ရေးထားမိတယ်။ အခု သေချာပြန်ကြည့်မှ 'ဆုန်ယောဆွန်း' ဖြစ်နေလို့ ပြန်ပြင်ထားပါတယ်။]

****

ငြီးငွေ့စရာ စားသောက်ပွဲ ပြီးဆုံးသွားပါပြီ။

ပြတိုက်ဒါရိုက်တာဆုန် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်ပို့ချသူရဲ့ ပို့ချမှုစတင်ဖို့ နာရီဝက်လောက် လိုပါသေးတယ်။ တစ်ချက် တစ်ချက် ကျွန်မဆီရောက်လာတဲ့ အကြည့်တွေရှိပေမဲ့ ကျွန်မ ကြားရလောက်တဲ့ ပြောစရာတော့ ဖြစ်မလာခဲ့ပါဘူး။ ကျွန်မကိုကြည့်ရင်း ပေါ်တင် တီးတိုးပြောနေကြသူတချို့ရှိပေမဲ့ တရားဝင် ဆွေးနွေးစရာ အကြောင်းအရာဖြစ်မလာတာပဲ တော်ပါသေးရဲ့။  

စားသောက်လို့ပြီးသွားတာနဲ့ ဂန်ဂျူဂယောင်းက ပြခန်းဒါရိုက်တာဆုန်နောက်ကို လိုက်သွားခဲ့တာပါ။ သူတို့ မြင်ကွင်းက ပျောက်သွားတယ်ဆိုရင်ပဲ အကြည့်တွေက ပိုပြီး ပေါ်ပေါ်တင်တင် ဖြစ်လာတော့တာပါပဲ။

ဒါပေမဲ့ ကျွန်မအနီးအနားမှာ ရှိနေကြသူတွေကတော့ ကျွန်မရဲ့ဗိုက်ကို တစ်ချက်လေးတောင်မကြည့်ဘဲ နိစ္စဒူဝအကြောင်းအရာတွေကိုသာ တည်တည်ငြိမ်ငြိမ်ပြောနေခဲ့ကြတယ်။ ဂန်ဂျူဂယောင်း ကျွန်မကိုဝယ်ပေးတဲ့ အဝတ်အစားတွေအကြောင်း၊ ရုတ်တရက်အေးလာတဲ့ ရာသီဥတုအကြောင်း၊ သူတို့တက္ကသိုလ်တွေအကြောင်းနဲ့ သူတို့ရဲ့ အလုပ်တွေအကြောင်း...

ကျွန်မအရွယ် အမျိုးသမီးအများစုက အိမ်ထောင်ကျပြီးတဲ့နောက်မှာတောင် သူတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ အောင်မြင်နေကြပြီး ကြီးကျယ်တဲ့ ဘွဲ့ထူးရာထူးတွေ ရရှိထားကြတာဖြစ်နေတယ်လေ။ ဥက္ကဋ္ဌဝူ ချွေးမတွေရဲ့ စီးပွားရေး လှုပ်ရှားမှုကို လက်မခံဘူးဆိုတာက ပြင်ပလှုပ်ရှားမှုတွေကို ပြောတာမဟုတ်ဘဲ 'အသက်မွေးဝမ်းကြောင်း' အတွက် အလုပ်တွေကို ပြောတာထင်ပါရဲ့။

အိမ်ထောင်ပြုလိုက်တဲ့အတွက်ကြောင့် အဲ့ဒီ လက်သင့်မခံနိုင်စရာ အလုပ်ကို လက်လွှတ်ခဲ့တဲ့ ကျွန်မမှာတော့ သူတို့ကိုပြောစရာ ဘာမှမရှိဘူးပေါ့။ ကျွန်မလည်း သဘာဝကျကျလေး လစ်ထွက်လို့ရအောင် သောက်စရာတစ်ခွက်လောက် ဟန်ပြယူပြီး ပန်းချီတွေရှေ့မှာ လှည့်ပတ်ကြည့်နေလိုက်တယ်။ ဒီပြခန်းမထဲမှာတော့ ဘယ်ပဲသွားသွား စိတ်ဝင်တစား ကြည့်စရာလိုဖြစ်နေမယ်မှန်းသိပေမဲ့ ကျွန်မကိုယ်တိုင်အတွက်လည်း ကြည့်စရာလေးလိုသေးတယ်လေ။

ဂန်ဂျူဂယောင်းက ကျွန်မအတွက် တစ်ခုတည်းသော အကာအကွယ်ဒိုင်းဖြစ်တယ်ဆိုတာ နည်းနည်းတော့ ရယ်စရာပါပဲ။ ပြီးတော့ သူမရှိတာနဲ့ ဒီလိုဖြစ်လာတယ်ဆိုတဲ့ အချက်ကရောပေါ့။

"အပေါက်ဖြစ်တော့မှာပဲနော်။ မဟုတ်ဘူးလား။"

ကျွန်မ ဘေးမှာ ရုတ်တရက်ပေါ်လာတဲ့ အမျိုးသမီးကို လှည့်ကြည့်လိုက်တယ်။ အညိုရောင် ကုပ်ဝဲဆံပင်၊ ခြောက်ကပ်ကပ်မျက်နှာထား၊ ပြုံးနေတဲ့မျက်နှာနဲ့ သူစိမ်းတစ်ယောက်။

မင်္ဂလာပွဲမှာတုန်းက ဒီအတိုင်း ရေးတေးတေးမှတ်မိတဲ့မျက်နှာ မဟုတ်ပါဘူး။ အခုက သူ့ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပဲဆိုတာ ကျိန်းသေပါတယ်။ ခပ်လှမ်းလှမ်းမှာ ရပ်နေခဲ့တဲ့ ဒီအမျိုးသမီးက ဝူဂျင်ဟာရဲ့ ဝမ်းကွဲတစ်ယောက်နဲ့ မကြာခင်စေ့စပ်တော့မှာဆိုပြီး စောစောက နားစွန်နားဖျား ကြားလိုက်ရတယ်လေ။

"ကျေးဇူးကြောင့် ရှင်နိုင်ခဲ့တာပါ။ လက်ထပ်ဖို့မပြောနဲ့ စေ့တောင်မစေ့စပ်ရသေးတာ ဒီလိုပွဲမျိုးကိုခေါ်ပြီးတော့...တွေ့တာနဲ့ မျောက်ပွဲပြသလို ဝိုင်းကြည့်ပြီး ဝေဖန်ခံရတော့မှာပဲလို့ တွေးထားခဲ့တာလေ။"

"..."

"ဒါပေမဲ့ အားလုံးက အဲ့ဒီဘက်ကိုပဲ ကြည့်နေကြတော့ ကျွန်မကို မကြည့်အားကြတော့ဘူးပေါ့။"

"အာ။"

"ရှင်းဟီဂျူမဟုတ်လား။"

"ဘယ်လိုလုပ် သိနေတာလဲရှင့်။"

"ကျွန်မက ဂျန်ယွန်းဆောပါ။"

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment