no

Font
Theme

အခန်း ၅၉

Translator - D

“…….”

“နာကျင်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်……”

အဆုံးသတ်မှာ ကျွန်မကို ငိုကြွေးစေခဲ့တဲ့ သူ့ရဲ့ အဓိပ္ပာယ်မဲ့ တောင်းပန်စကားတွေထက် အများကြီး ပိုပြီးတော့ပေါ့။

ကျွန်မရဲ့ ခါးကို ဖက်ထားတဲ့ သူ့လက်ကလည်း အဝတ်ချင်းပွတ်တိုက်မိရာကနေ အနည်းငယ် ဝေးကွာသွားပြီးတော့ ဝူဂျင်ဟာက အိမ်ရှေ့အဝင်ပေါက်မှာပဲ အကြာကြီးရပ်ပြီး ကျွန်မကို တောင်းပန်နေခဲ့တယ်။ ကြာရှည်လှတဲ့ တောင်းပန်စကားတွေကို ကျွန်မ စိတ်ကုန်လာလို့ သူ့ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်ကို အရင်ဆွဲပြီး အိမ်ထဲဝင်သွားတဲ့အထိပါပဲ။

ကိုယ့်အိမ်မှာကိုယ် လမ်းပျောက်နေတဲ့လူလို ကြောင်အမ်းအမ်း ရပ်နေတဲ့ သူ့ကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်ပြီး၊ ကျွန်မကတော့ လက်ဆေးမလို့ဆိုတဲ့ ဆင်ခြေနဲ့ ရေချိုးခန်းထဲ ဝင်လာလိုက်တယ်။ ပါမောက္ခ ဟန်ဆီကို ဖုန်းဆက်လိုက်ပေမဲ့လည်း အနာကို ပိုးသတ်ဖို့ကတော့ အရေးကြီးနေတုန်းပါပဲ။ ကျွန်မ ရှေးဦးသူနာပြုသေတ္တာကို ယူလာပြီး သူ့မျက်နှာချင်းဆိုင်က စားပွဲခုံစွန်းမှာ အသာလေး ဝင်ထိုင်လိုက်တယ်။

အင်္ကျီပေါ်မှာ စိမ့်ထွက်နေတဲ့ သွေးတွေကိုကြည့်ရသလောက် လက်ကောက်ဝတ်ဒဏ်ရာက အကြီးဆုံး ဖြစ်လောက်ပေမဲ့၊ အနောက်တိုင်းဝတ်စုံကုတ်အင်္ကျီကို ချွတ်လိုက်တဲ့အခါ လက်ဖဝါးထဲမှာ ပြည့်နှက်နေတဲ့ ဖန်ကွဲစတွေနဲ့ ပွတ်မိသွားမှာကို စိုးရိမ်မိပါတယ်။ ဝူဂျင်ဟာက ကျွန်မ အကြည့်ရဲ့ အဓိပ္ပာယ်ကို နားလည်သွားလို့ပဲလားမသိ၊ ရုတ်တရက် ဘာမှမဖြစ်သလိုမျိုး ကုတ်အင်္ကျီကို ချွတ်ခဲ့တယ်။ ဘယ်နေရာမှ မထိခိုက်ထားတဲ့ လူတစ်ယောက်လိုပဲ ဂရုမစိုက်လွန်းတာကြောင့် ကြည့်နေတဲ့ ကျွန်မတောင် စိတ်ပျက်မိတဲ့အထိပါပဲ။

“...ဒါက ဘယ်လိုဖြစ်တာလဲ။”

“ချွဲထယ်ဆော့ကို ပြဿနာသွားရှာရင်းနဲ့။”

ဘာမှမဖြစ်သလို ပြောလာတဲ့ အဖြေကလည်း အတူတူပါပဲ။ အကွက်လိုက် ပေကျံနေတဲ့ အင်္ကျီလက်ဖျားတွေနဲ့မတူဘဲ လက်ကောက်ဝတ် တစ်ဝိုက်ကတော့ သွေးတွေနဲ့ ရွဲစိုလို့ပါ။ ပစ္စည်းအနည်းငယ်လောက် ရိုက်ခွဲရုံနဲ့တော့ ဒီလောက်အထိဖြစ်လာစရာ အကြောင်းမရှိဘူးလေ။

ဒါပေမဲ့ ထပ်မေးလည်း သူက သေချာဖြေမှာ မဟုတ်တာကြောင့်၊ ကျွန်မ အရင်ဆုံး သူ့ရဲ့ အင်္ကျီလက်ဖျားက ကြယ်သီးတွေကို ဖြုတ်ပြီးတော့ သတိထားပြီး လိပ်တင်လိုက်တယ်။

“…….”

“ကြည့်မကောင်းလို့ မကြည့်နဲ့တော့။ ငါ့ဘာသာ လုပ်လိုက်မယ်။”

အများကြီး ထိခိုက်ထားမယ်လို့ ခန့်မှန်းထားတဲ့တိုင် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ခေါင်းထဲ ဗလာဖြစ်သွားတော့တယ်။ သူက ကျွန်မလက်ကို အသာအယာ တွန်းဖယ်ပြီး ဒဏ်ရာကို ကျွန်မဘက်က မမြင်ရအောင် ကိုယ်ကို လှည့်သွားတယ်လေ။

ကျွန်မလည်း အဲ့ဒီလက်ကောက်ဝတ်ကို စိတ်တိုတိုနဲ့ ပြန်ဆွဲယူပြီးတော့ ကျွန်မဘက်ကို မြင်ရအောင် လှည့်လိုက်မိတယ်။

“ထိုးထားတာလား။”

“မဟုတ်ဘူး။”

“ဂျင်ဟာက ကိုယ့်လက်နဲ့ကိုယ် ထိုးလိုက်တာလားလို့။”

“ထွေထွေထူးထူးမဟုတ်ဘူး။”

ဒါက လျော်ကန်တဲ့အဖြေ မဟုတ်ဘူးလေ။ ပုံမှန်မဟုတ်တာကတော့ ပြောနေဖို့တောင်မလိုတော့ပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကိုယ် လှီးဖြတ်ပြီး ဖန်ကွဲစတွေထဲ လက်ကို ထိုးထည့်တာနဲ့မလောက်သေးလို့၊ ကိုယ့်လက်နဲ့ကိုယ် လက်မောင်းကို ထိုးတယ်ဆိုတာက မူးနေလို့ လုပ်မိတဲ့ကိစ္စပဲဆိုပြီး သတ်မှတ်လို့မရတော့ဘူးမဟုတ်လား။

သူ တမင်လုပ်ခဲ့မှန်း အရက်ဆိုင်မှာကတည်းက သိခဲ့ပေမဲ့ ဒါကတော့ တော်တော်လေး အတိုင်းထက်အလွန် ဖြစ်သွားပါပြီ။

ကျွန်မ သူ့ကို စိုက်ကြည့်ရင်း နေရာက ထရပ်လိုက်တယ်။ အသက်ရှူနှုန်းပါ ပြင်းထန်လာသလိုပါပဲ။

“ဟီဂျူ။”

“နားမလည်ဘူး... ကျွန်မ၊ တကယ်ပဲ ရှင့်ကို နားမလည်နိုင်တော့ဘူး။”

“နားမလည်တာ သဘာဝကျတယ်။”

ဘာမှမဖြစ်သလို ပြန်ပြောလာတဲ့ သူ့စကားက ကျွန်မရဲ့ ဒေါသကို ပိုပြီး ဆွပေးလိုက်သလိုပါပဲ။ ဒေါသထွက်လွန်းလို့ မျက်ရည်တောင် ထွက်လာတော့မလိုပဲလေ။

“...တကယ်ပဲ ဘာအတွက် ဒီလောက်အထိ လုပ်ရတာလဲ။”

“…….”

“ကျွန်မ စိတ်ပျော့သွားမယ် ထင်လို့လား။ ရှင် ဒဏ်ရာရတာ မြင်ရင် စိတ်မကောင်းဖြစ်ပြီး ထိုင်ငိုမယ်မှတ်နေတာလား။ အပြစ်ရှိသလို ခံစားရမယ် ထင်လို့လား။ မဟုတ်ဘူးနော်၊ ဝူဂျင်ဟာ အခုလို လုပ်နေတာတွေက ရွံစရာကောင်းရုံတင်မကဘဲ ကြက်သီးထဖို့တောင်ကောင်းပါသေးတယ်။”

“…….”

“ဘယ်သူက မိန်းမတစ်ယောက်ကို ဆွဲထားဖို့အတွက် ဒီလိုမျိုးတွေ လုပ်မှာလဲ……. ရှင်က တကယ့် အရူးပဲ။ စိတ်ရောဂါသည်လိုပဲ။…. အဲ့ဒါတွေ အကုန်ထားလိုက်ပါဦး၊ ကျွန်မ ခဏလောက် စိတ်ယိမ်းယိုင်သွားတယ်ဆိုရင်တောင် ဘာတွေများ ပြောင်းလဲသွားမှာမို့လို့လဲ။ ဘာတွေ ပြောင်းလဲသွားမှာလဲ၊ တကယ်ပဲ။”

“...ဘာမှ မပြောင်းလဲရင်လည်း ကိစ္စမရှိဘူး။”

အိပ်မက်ဆန်ဆန် ရီဝေဝေဖြစ်နေတဲ့ မျက်ဝန်းတွေက ကျွန်မဆီကို ဦးတည်လာတယ်။ အဲ့ဒီအကြည့်အောက်မှာ လည်ချောင်းထဲက ဝင်သက်ထွက်သက်တွေ အပြင်ကို ထွက်မလာတော့ဘဲ ပိတ်ဆို့သွားသလိုပါပဲ။

“ဒီအတိုင်း မင်းမျက်နှာလေး တစ်ခါလောက် ထပ်မြင်ရအောင် လုပ်ခဲ့တာမို့လို့။”

“…….”

“ပြီးတော့ မင်း ရောက်လာခဲ့ပေးတာမို့လို့…. အဲ့ဒါကြောင့် အဆင်ပြေခဲ့သလို၊ အခုလည်း အဆင်ပြေတယ်။ ဟီဂျူ။”

ကျွန်မကတော့ တစ်စက်လေးတောင် အဆင်မပြေပါဘူး။ အရူးကောင်။ အရင်ကရော အခုရော ကျွန်မရဲ့ စိတ်ကို တစ်စက်ကလေးမှ ဂရုမစိုက်တာကတော့ တစ်ပုံစံတည်းပါပဲလားလို့ပဲ တွေးနေမိတော့တယ်။ ငိုချင်စိတ်ကိုလည်း အောင့်ထားရတာပေါ့။

“အရူးကောင်လိုဖြစ်နေမှာပေါ့။ တောင်းပန်ပါတယ်။”

ဝူဂျင်ဟာက ကျွန်မရင်ထဲက ခံစားချက်ကို ထွင်းဖောက်မြင်နေသလို အလိုက်သင့်လေး ထပ်ပြီးတောင်းပန်လာပြန်တယ်။ ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဒဏ်ရာကိုဆေးဖို့အတွက် ရေသွားယူဖို့ ထွက်ပြေးသလိုမျိုး ခပ်သွက်သွက် လျှောက်သွားလိုက်မိတယ်။

ပြောလိုက်တဲ့ စကားအတိုင်း ကြက်သီးထစရာကောင်းနေရင်တောင်မှ တော်သေးဦးမှာပါ။ ဘယ်လောက်အထိ ရူးနေတာလဲလို့ တွေးပြီးတော့ပဲဖြစ်ဖြစ် ထွက်ပြေးချင်စိတ်ပေါက်သွားရင် ကောင်းမှာပဲလို့ တွေးမိတယ်လေ။ ဒါပေမဲ့ အစကနေ အဆုံးအထိ ဒေါသတွေပဲ ထွက်နေမိခဲ့တယ်။ ဒေါသထွက်လွန်းလို့ သေချင်နေတဲ့ အခြေအနေပါပဲ။

ကျွန်မ သူ့ကို ဘယ်လောက်တောင် ချစ်ခဲ့ရလဲ၊ ကျွန်မ သူ့ကို ဘယ်လောက်တောင် တန်ဖိုးထားခဲ့ရလဲ……။ ဘယ်နေရာမှာမဆို လွှင့်ပစ်လိုက်လို့ရတဲ့ အမှိုက်တစ်ခုလိုမျိုး ကိုယ့်ခန္ဓာကိုယ်ကိုယ် နှိပ်စက်ခဲ့တာက... ခဏတာလေး ကျွန်မရဲ့ အာရုံစိုက်မှုကိုရဖို့အတွက်ပဲဆိုတာ ကျွန်မ မယုံနိုင်ပါဘူး။

ကျွန်မက သူ့အတွက်ဆို ဘာတွေအထိ လုပ်ခဲ့ရလဲ။ ဘာစကားတွေအထိ ပြောခဲ့ရလဲ……

“ငါ့ဘာသာ လုပ်လိုက်မယ်။”

ဖန်ကွဲစတွေ စိုက်နေတဲ့ လက်နဲ့ပဲ သူက ရေသန့်ဘူးကို ကိုင်မယ်လို့ ဇွတ်တောင်းဆိုနေပြန်တယ်။ ကျွန်မ သူ့ကို စိုက်ကြည့်လိုက်ပြီးမှ လျစ်လျူရှုပြီး မျက်လုံးကို အောက်ချလိုက်တယ်။

ရေနဲ့ နည်းနည်းချင်းစီ ဆေးချလိုက်တော့ ချွန်တဲ့အရာတစ်ခုနဲ့ အကြိမ်ကြိမ် အထိုးခံထားရတဲ့ ဒဏ်ရာတွေ ပေါ်လာတော့တယ်။ တစ်ကြိမ်တည်းတင်မဟုတ်ဘဲ အကြိမ်ကြိမ်ပေါ့။ ကျွန်မရဲ့ မျက်နှာကြွက်သားတွေ ကျောက်ရုပ်လို တောင့်တင်းသွားတာကို ခံစားလိုက်ရတယ်။ လှောင်ရယ်သံလေးဖြစ်ဖြစ် ထုတ်ချင်ပေမဲ့ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေက ပွင့်မလာခဲ့ပါဘူး။

“…ဟီဂျူရယ်။”

“……”

“ငါ့ကို ကြည့်ပါဦး။”

“…ပါမောက္ခ ဟန် ခဏနေ ရောက်လာတော့မှာပါ။ အရိုးအကြောအထူးကု ပါမောက္ခကိုပါ ခေါ်လာမယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် အခုကတော့ ပိုးသတ်တာလောက်ပဲ အရင်လုပ်ထားပြီး ပတ်တီး ချက်ချင်း စည်းရအောင်။”

“ဒဏ်ရာကို မကြည့်နဲ့။ ရွံစရာကြီးမဟုတ်လား။”

ကျွန်မ ဘာမှပြန်မပြောဘဲ သူ့လက်မောင်းပေါ်ကို ပိုးသတ်ဆေးတွေ လောင်းချလိုက်တယ်။ ဒဏ်ရာတွေနဲ့ ပျက်စီးနေတဲ့ လက်မောင်းကနေ ကွဲရာအရှည်ကြီး ကျန်နေတဲ့ လက်ဖမိုးအထိပေါ့။ ကြည်လင်တဲ့ အရည်တွေက ဘယ်လောက်တောင် နာကျင်စေမယ်မှန်း သိပေမဲ့ ကျွန်မ ဂရုမစိုက်ပါဘူး။ တတ်နိုင်မယ်ဆိုရင် ဒဏ်ရာတွေထဲအထိ အကုန်မွှေနှောက်ပစ်ချင်မိတာပါ။ ကိုယ့်ခန္ဓာကိုယ်ကို အဲ့ဒီလောက်တောင် တန်ဖိုးမထားဘူးဆိုရင် အကုန်လုံး ပျက်စီးသွားအောင် လုပ်လိုက်ပါလားဆိုပြီး။ သေလောက်အောင် နာကျင်နေတော့ဆိုပြီး။

“…မငိုဘဲနဲ့ ငါ့ကို ကြည့်စမ်းပါ။”

ဒါပေမဲ့ သူကတော့ နာကျင်သံ တစ်စက်ကလေးတောင် မထွက်ဘဲ ကျွန်မကို ပြောလာခဲ့တယ်။

ပေါက်ခနဲ ကျလာတဲ့ မျက်ရည်တွေကိုတောင် မသုတ်နိုင်ဘဲ ကျွန်မ သူ့ကို စိုက်ကြည့်နေမိတော့တယ်။ ကျွန်မကို ကြည့်နေတဲ့ ခြောက်ကပ်ကပ် မျက်နှာပေါ်မှာ အပြုံးရေးရေးလေးတစ်ခု ပွင့်လန်းလို့ပါ။

“…မင်း အခုလို ခဏလောက် ယိမ်းယိုင်သွားရုံနဲ့တင် အရာအားလုံးက ပြောင်းလဲသွားတာပဲ။ ရှင်းဟီဂျူရဲ့။”

“ဘယ်သူက ယိမ်းယိုင်လို့လဲ။”

“မင်းက အဆင်ပြေပါတယ်လို့ပဲ ပြောလိုက်ရုံနဲ့ ငါ အရာအားလုံးကို လျစ်လျူရှုနိုင်တယ်။”

“……"

“အခုပဲဖြစ်ဖြစ်။”

သူက အခွင့်အရေး အနည်းငယ်လေးကိုတောင် လက်မလွှတ်ဘဲ ကမ်းလှမ်းလာပြန်တယ်။ အဲ့ဒီလိုလုပ်ဖို့အတွက် သူ ဘာတွေကို စတေးရမယ်မှန်း အဆုံးအထိ မပြောတာကတော့ ဝူဂျင်ဟာပီသပါပေတယ်။ ကျွန်မက ဘာမှမသိဘူးလို့ ထင်နေပြီး အဲ့ဒါက အရမ်းလွယ်တဲ့ ကိစ္စတစ်ခုလို ပြောနေတာကလည်း အတူတူပါပဲ။

နောက်ထပ် နှစ်ပိုင်းလောက်ကြာရင်ဖြစ်ဖြစ် နောင်တရမှာကိုများ။ ဘယ်လောက်တောင် မိုက်မဲတဲ့လုပ်ရပ်ကို လုပ်မိခဲ့တာလဲဆိုပြီး တစ်သက်လုံး နောင်တနဲ့ ရှင်သန်နေရမှာကိုများ……ကျွန်မက အဆင်ပြေပါတယ်လို့ ပြောလိုက်ရုံနဲ့ အကုန်လုံးကို စွန့်လွှတ်နိုင်တယ်ဆိုပြီး ပြောနေတာကတော့။

ဒါတွေအားလုံးက ကျွန်မအတွက် မဟုတ်ဘဲ သူ့ကိုယ်သူအတွက်ပဲဆိုတာကို သိလိုက်ရတော့၊ ချက်ချင်း ထင်ရာစိုင်းမဲ့ ဝူဂျင်ဟာကို မြင်ယောင်လာမိတယ်။ အဲ့ဒီလို ဝူဂျင်ဟာကို မဟုတ်သလိုဟန်ဆောင်နေပေမဲ့လည်း တကယ်တော့ ဝမ်းသာနေမှာဖြစ်တဲ့ ကျွန်မရဲ့ စိတ်ပုပ်စိတ်ယုတ်ကိုလည်း မြင်လာတယ်လေ။

ကျွန်မရဲ့ပါးကို ပွတ်သပ်နေတဲ့ သူ့လက်ကို ဂရုတစိုက် အောက်ကိုဆွဲချလိုက်တယ်။ ရှေးဦးသူနာပြုသေတ္တာထဲကနေ ပတ်တီးပြားတွေကို မွှေနှောက်ရှာရင်း အကြည့်ကိုလည်း အောက်ချလိုက်တာပေါ့။

“လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ဓမ္မတာစခဲ့တာပါ။”

“……။”

“ပြောပြထားသင့်တယ်ထင်လို့။”

ကျွန်မ နောက်ဆုံးမှာ ကိုယ်ဝန်မရခဲ့ဘူးဆိုတဲ့ သတင်းကို ကြားရတာတောင် သူကတော့ ဘာမှမထူးခြားသလို ခေါင်းကို အသာအယာ ညိတ်ပြခဲ့တယ်။

ကျွန်မလည်း သူ့လက်မောင်းက ဒဏ်ရာကို ပတ်တီးစည်းပေးနေတာ အဆုံးသတ်လိုက်တယ်။ ချက်ချင်းဆိုသလို အပြင်ဘက်ကို ရဲခနဲ ထွက်လာတဲ့ သွေးတွေကို မြင်နေရပါတယ်။ အဲ့ဒီသွေးတွေကို ကျွန်မ ငေးကြည့်နေမိတုန်းမှာပဲ သူက ပြောလာခဲ့တယ်။

“အတော်ပဲဖြစ်သွားတာပေါ့။”

“…….”

“မင်း လိုချင်တဲ့အတိုင်း ဖြစ်သွားပြီမို့လို့။”

ကျွန်မ ဘာစကားမှမပြောဘဲ ဖန်စလေးတွေ စိုက်ဝင်နေတဲ့ သူ့ရဲ့ဘယ်ဘက်လက်ကို ကျွန်မပေါင်ပေါ် တင်လိုက်တယ်။ ဇာဂနာနဲ့ အဲ့ဒီအစလေးတွေကို ဆွဲထုတ်ရင်း အသားထဲ ပိုပြီး ထိုးစိုက်သွားတာတောင် သူက နာကျင်မှုကို မသိတဲ့လူလို ကျွန်မမျက်နှာကိုပဲ စိုက်ကြည့်နေတာပါ။

ဒီလိုဖြစ်လာမဲ့အစား ကျွန်မမျက်နှာကိုတောင် မကြည့်ရဲခဲ့တဲ့ အချိန်တွေက ပိုကောင်းပါသေးတယ်။ မူးမနေဘဲ အဝေးကနေ အကွာအဝေးတစ်ခု ခြားထားခဲ့တဲ့အချိန်တွေက ပိုပြီး အဆင်ပြေခဲ့တာပါ။ သူ့ရဲ့ စိတ်ရင်းတွေကို ဒီလိုမျိုး အရှိအတိုင်း အတိုင်းအသားကြီး ချမပြခဲ့တဲ့ အချိန်တွေက ပိုပြီးတော့ ခံသာခဲ့ပါသေးတယ်။

သူ့ရဲ့ စိတ်အခြေအနေကို မသိခဲ့ရတဲ့ အချိန်တွေက ပိုပြီးတော့ ကောင်းခဲ့တာလေ။

ဒါမှမဟုတ် ကျွန်မတစ်ယောက်တည်း ချစ်နေခဲ့တဲ့ အချိန်တွေက ပိုပြီးသာယာခဲ့တာပါ။ မရေရာတဲ့ အနာဂတ်ကို ဒီအတိုင်းလေး ငေးကြည့်နေခဲ့ရတဲ့ အချိန်တွေ၊ သူ့မှာ ဘာမှမရှိဘူးလို့ ထင်ခဲ့မိတဲ့ အချိန်တွေက ပိုပြီး ခမ်းနားခဲ့ပါသေးတယ်။

သူလည်း နာကျင်တတ်တယ်ဆိုတာကို စိတ်ကူးထဲတောင် ထည့်မတွေးခဲ့မိတဲ့ အချိန်တွေပေါ့။

“……မငိုပါနဲ့။ တောင်းပန်ပါတယ်။”

“…….”

“ငိုအောင်လုပ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်လို့။”

ငါ ရူးသွားလို့ အဲ့ဒီလို လုပ်မိသွားတာပါ။ မင်းကို တစ်ခါလောက်ပဲဖြစ်ဖြစ် တွေ့ချင်လို့၊ မင်းရဲ့ အာရုံစိုက်မှုကို ခဏလောက်ပဲဖြစ်ဖြစ် ရချင်လို့... မှားသွားပါတယ်...။ ရွံစရာကောင်းလောက်အောင် အရှက်မရှိတဲ့ ဝန်ခံစကားတွေက ဆက်တိုက် ထွက်ပေါ်လာခဲ့တယ်။

ကျွန်မ ဖယ်ရှားပေးနိုင်သလောက် ဖန်စတွေကို အကုန်နီးပါး ဖယ်ထုတ်ပေးပြီးတဲ့နောက်မှာ မလိုအပ်ဘဲ စေတနာဒေါသအပြည့်နဲ့ လိုတာထက်ပိုတဲ့ ပိုးသတ်ဆေးတွေကို အားရပါးရ လောင်းချပစ်လိုက်ပြီးမှပဲ လက်ဗလာနဲ့ စိုရွှဲနေတဲ့ မျက်နှာကို သုတ်လိုက်မိတယ်။

မျက်ရည်တွေကတော့ သတိမထားမိဘဲ စီးကျနေဆဲပါ။ ဘာခံစားချက်မှမရှိဘဲ စီးကျနေတာကို အထင်အသား မြင်နေရမှာဖြစ်ပေမဲ့လည်း ဝူဂျင်ဟာကတော့ ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံး သတ္တဝါလေးကို ကြည့်နေသလို ဝမ်းနည်းကြေကွဲတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။

တကယ်တော့ ကျွန်မက တစ်စက်ကလေးမှ မဝမ်းနည်းပါဘူး။ ကိုယ့်လက်နှစ်ဖက်လုံးကို နုပ်နုပ်စဉ်းသလို ဖျက်ဆီးပစ်ခဲ့တဲ့လူကိုများ...

အေးစက်နေတဲ့ သူ့လက်တွေက မျက်ရည်စိုနေတဲ့ ကျွန်မလက်တွေကို ဆွဲယူသွားခဲ့တယ်။ ဖယ်ထုတ်ပစ်နေတဲ့ ကျွန်မရဲ့ လက်ဖျားလေးတွေဆီကို သူ့နှုတ်ခမ်းတွေ လာထိတွေ့တော့တယ်။ လူခေါ်ဘဲလ်သံ မြည်လာတဲ့အထိ အဆက်မပြတ် ကျရောက်နေတဲ့ အနမ်းလေးတွေကြားထဲမှာ ကျွန်မ တဒင်္ဂ မျက်လုံးမှိတ်ထားလိုက်မိတယ်။

သူ ကုသမှုခံယူနေတဲ့ မြင်ကွင်းတွေက အိပ်မက်တစ်ခုလို ဖြတ်သန်းသွားခဲ့တယ်။ လူတွေရဲ့ စကားပြောသံတွေကလည်း လက်တွေ့မဆန်စွာ ကျော်လွန်သွားတာပါ။ အချိန် ဘယ်လောက်တောင် ကုန်ဆုံးသွားပြီမှန်း မသိတော့ပါဘူး။

လူတွေအားလုံး ထွက်သွားပြီးတဲ့နေရာမှာ အချင်းချင်း ပြန်ကြည့်နေမိတဲ့ ကျွန်မတို့နှစ်ယောက်ကို မြင်လာမိပြန်တယ်။ စူးရှရှ ပိုးသတ်ဆေးနံ့ကပဲ အာရုံကြောအရင်းမှာ ရစ်ဝဲလို့ပါ။ အခု ထရတော့မယ်၊ သူ့ကို အိပ်ရာပေါ် ပို့ပေးရမယ်... အဲ့ဒီအတွေးတွေက ခေါင်းရဲ့အပြင်ဘက်ကနေ ရောက်လာခဲ့တယ်။

ကျွန်မ သူ့မျက်လုံးတွေကို ထပ်မကြည့်တော့သလို ဘာစကားမှလည်း ပြန်မပြောခဲ့ပါဘူး။ လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ သူ့ကို တွဲပေးဖို့ ကြိုးစားခဲ့ပေမဲ့ ဝူဂျင်ဟာက ကျွန်မအကူအညီမပါဘဲ လျှောက်နိုင်ခဲ့ပါတယ်။ တွဲကူပေးဖို့ ပြင်ခဲ့တဲ့ ကျွန်မလက်ကိုတော့ သူ့လက်ဖဝါးထဲ ပြောင်းပြီး ထည့်ထားရင်းနဲ့ပေါ့။

သူ့လက်ထဲမှာ မရှိတဲ့ တခြားလက်တစ်ဖက်နဲ့ ခေါင်းအုံးပေါ်က သူ့ခေါင်းကို ဖိနှိပ်ပေးလိုက်တယ်။ သူက ကျွန်မရဲ့ လှုပ်ရှားမှုနောက်ကို အလိုက်သင့်လေးပါပြီး လှဲချရင်း ကျွန်မကို မော့ကြည့်နေတာပါ။

လက်တစ်ဖက်က သူ့လက်ထဲမှာ အဖမ်းခံထားရဆဲဖြစ်ပြီး ကျန်တဲ့လက်တစ်ဖက်ကတော့ သူ့ခေါင်းရင်းမှာ ထောက်ထားမိလျက်သားပေါ့။ ဝူဂျင်ဟာက သူ့ခေါင်းရင်းမှာ ရှိနေတဲ့ ကျွန်မလက်ကို အင်မတန် နှေးကွေးစွာ လှမ်းဖမ်းလိုက်တာကို မြင်လိုက်ရတယ်။

အဲ့ဒီအခိုက်အတန့်မှာပဲ သူ ဘာလို့ တခြားနေရာမဟုတ်ဘဲ လက်ကိုမှ တမင်ဖျက်ဆီးခဲ့မှန်း သဘောပေါက်သွားတော့တယ်။ ဘာလို့ နှစ်ဖက်လုံးကို အဲ့ဒီလောက်တောင် ပျက်စီးအောင် လုပ်ခဲ့ရသလဲဆိုတာကိုရောပေါ့။

သူ အလိုရှိတဲ့အတိုင်း ကျွန်မရဲ့ ခန္ဓာကိုယ်က သူ့အပေါ်ကို ပြိုလဲကျသွားတော့တယ်။ ခါးချင်း နီးကပ်စွာ ပွေ့ဖက်ခံလိုက်ရပြီး လည်ပင်းဆီ သူ့နှုတ်ခမ်းတွေ တိုးဝင်လာတဲ့အချိန်မှာတောင် ကျွန်မ သူ့ကို တွန်းမထုတ်နိုင်ခဲ့ပါဘူး။ အားလုံး လက်လွန်ခြေလွန် ဖြစ်ခဲ့ပြီးသားလေ။ စုတ်ပြတ်သတ်နေတဲ့ သူ့လက်တွေကို ကျွန်မ မရက်စက်နိုင်ပါဘူး။

အစောကြီးကတည်းက၊ တွဲပေးဖို့လုပ်ခဲ့တဲ့လက် ပြန်အဖမ်းခံလိုက်ရတဲ့ အဲ့ဒီအချိန်ကတည်းကပေါ့။ သူက တကယ့် လူလည်ပဲလို့ တွေးနေမိပေမဲ့လည်း ပတ်တီးကြားကနေ ပြန်စိမ့်ထွက်လာတဲ့ သွေးတွေကို မြင်လိုက်ရတဲ့အခါ ကျွန်မမှာ ခုခံချင်တဲ့ စိတ်ဆန္ဒတွေ ပျောက်ဆုံးသွားခဲ့ရတယ်။

သူက ကျွန်မကို တစ်ခုခု လုပ်ချင်တာထက်၊ သူ ဘာပဲလုပ်လုပ် ကျွန်မက သူ့ရဲ့ ဒဏ်ရာရနေတဲ့ လက်တွေကို မတွန်းဖယ်နိုင်ကြောင်း အတည်ပြုချင်နေတဲ့ ပုံစံမျိုးပါပဲ။

ဥပမာအားဖြင့် ကျွန်မက အခုအထိ အဲ့ဒီလိုကိစ္စလေးတွေအပေါ်မှာ စိတ်ပူနေတုန်းပဲဆိုတဲ့ အချက်ကိုပေါ့။

ဝူဂျင်ဟာကို ငုံ့မိုးကြည့်နေတဲ့ မြင်ကွင်းက ပြောင်းပြန်ဖြစ်သွားပြီး ကျွန်မ သူ့အောက်ကို ရောက်သွားခဲ့တယ်။ သူက စောစောကထက် နည်းနည်း ပိုပြီး ပျော်နေတဲ့ပုံပါ။ အသာအယာ နမ်းရှိုက်ရင်းနဲ့ ကိုယ်ကို တစ်ဝက်လောက် လှည့်လိုက်တော့ ကျွန်မတို့နှစ်ယောက် ဘေးတိုက် အနေအထားနဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားတော့တယ်။ ရမ္မက်ဇောကို မခံစားရပေမဲ့လည်း ဒီလိုမျိုး နူးညံ့မှုတွေက တစ်ခါတလေမှာ ရမ္မက်ထက်တောင် ပိုပြီး အန္တရာယ်ရှိတတ်ပါတယ်။

ကျွန်မ သူ့ကို တွန်းမထုတ်ဘဲ ပွေ့ဖက်မှု လျော့ရဲသွားတဲ့ အခိုက်အတန့်မှာ ကိုယ်ကိုထဖို့ ကြိုးစားခဲ့ပေမဲ့ တမင်ဖျက်ဆီးထားတဲ့ ဝူဂျင်ဟာရဲ့ လက်တွေက ကျွန်မကို ချက်ချင်း ပြန်ဖမ်းဆွဲခဲ့တယ်။ ကျွန်မသာ ရုန်းကန်နေမယ်ဆိုရင် ပတ်တီးပေါ်က သွေးကွက်တွေ ပိုပြီးပြန့်လာတော့မလို ထင်ယောင်ထင်မှား ဖြစ်မိရတာပေါ့။ အတင်းအကျပ် အင်အားသုံးတာထက် ပိုဆိုးတဲ့ ချုပ်နှောင်မှုပါပဲ။ ကျွန်မ ထပ်ပြီး မခုခံနိုင်တော့ဘဲ သူ့ကို နာကြည်းစွာနဲ့သာ စိုက်ကြည့်နေမိတော့တယ်။

သူက အရာရာကို နားလည်နေတဲ့အလား ကျွန်မနဖူးကို နမ်းလိုက်ရာက၊ နှုတ်ခမ်းကို ထပ်နမ်းပြီး၊ နောက်ဆုံးမှာ မျက်လုံးချင်း ဆုံလာတယ်။

“Sex မလုပ်ဘူး။”

“…….”

“လက်နဲ့တောင် မထိဘူး။ ဘာမှ မလုပ်မှာမို့လို့……”

“…….”

“ခဏလေးပဲ ဒီအတိုင်းလေး နေပေးပါ။”

“…….”

“ခဏလေး၊ ၁၀ မိနစ်လောက်လေးပဲ... ဒီအတိုင်း ရှိနေပေးပါ။”

ကျွန်မ ဘာစကားမှ မပြောဘဲ သူ့ရင်ခွင်ထဲမှာ ကိုယ်ကိုလှည့်ပြီး အပြင်ဘက်ကို ငေးကြည့်နေမိတယ်။ ဒါကို လုံးဝဥဿုံ ငြင်းဆန်မှုလို့ ယူဆသွားတာပဲလားမသိ၊ သူက ကျွန်မပုခုံးပေါ် မျက်နှာအပ်ရင်း ခပ်တိုးတိုး ပြောလာခဲ့တယ်။

“အဲ့ဒါတောင် မကြိုက်ဘူးဆိုရင် ၅ မိနစ်လောက်ပဲ အောင့်အည်းပြီး နေပေးပါ။”

“…….”

“အဲ့ဒါမှ မဟုတ်ရင်လည်း ၁ မိနစ်လောက်ပေါ့၊ ဟီဂျူရယ်။”

“…….”

“ဒီအတိုင်း၊ ဒီလိုလေး ၁ မိနစ်လောက်ပဲ...”

ဒီလိုတောင်းဆိုမဲ့အစား အတင်းအဓမ္မ sex လုပ်ဖို့ပဲ ကြိုးစားခဲ့ရင်တောင် စိတ်က ပိုပြီး သက်သာရာရဦးမှာပါ။ သူ့ဒဏ်ရာတွေ ဘာဖြစ်ဖြစ်၊ သွေးတွေ ဘယ်လောက်ပဲ ထွက်ထွက် ဂရုမစိုက်ဘဲ ဝူဂျင်ဟာကို ကန်ထုတ်ပြီး တွန်းဖယ်ပစ်လို့ ရတာမို့လို့လေ။

ဒါပေမဲ့ ၅ မိနစ်လောက်ပဲ ပွေ့ဖက်ခွင့်ပေးဖို့ တောင်းဆိုနေတဲ့ ဒီလက်တွေကို ကျွန်မ ဘယ်လိုများ ရက်ရက်စက်စက် တွန်းထုတ်နိုင်မှာလဲ။ စုတ်ပြတ်သတ်နေတဲ့ ခန္ဓာကိုယ်နဲ့ ၁ မိနစ်လောက်ပဲ ဘေးမှာ ရှိနေပေးဖို့ အသနားခံနေတဲ့ ဒီလူကို ဘယ်လိုစကားလုံးမျိုးနဲ့များ ငြင်းပယ်နိုင်မှာလဲ...

သူက ကျွန်မရဲ့ ကုပ်သားလေးပေါ် မျက်နှာအပ်ထားပြီး ကျွန်မကတော့ ဟာလာဟင်းလင်း ဖြစ်နေတဲ့ လေဟာနယ်ကို ငေးကြည့်နေမိတယ်။ နာရီလက်တံ စက္ကန့်သံတောင် မကြားရတဲ့ အခန်းထဲမှာ ဘယ်သူကမှ အချိန်ကို တိုင်းတာဖို့ မကြိုးစားခဲ့ကြပါဘူး။

ဝူဂျင်ဟာက ကျွန်မကို အင်မတန် အားမပါစွာ ပွေ့ဖက်ထားခဲ့ပြီး၊ အဲ့ဒါက အဲ့ဒီညအတွက် အရာအားလုံးပဲ ထင်ပါတယ်။

နိုးလာတော့ ကျွန်မ တစ်ယောက်တည်းပါပဲ။ မကြာသေးခင်က ရိုးရှင်းတဲ့ မနက်ခင်းတွေလိုပဲပေါ့။ ကျွန်မ အသာလေး ထိုင်နေရင်း အရုဏ်တက်ချိန်တုန်းက သူ လဲလျောင်းနေခဲ့တဲ့ နေရာကို အကြာကြီး ငေးကြည့်နေမိတယ်။ အသာအယာလေးတောင် မပွတ်သပ်ရဲခဲ့ပါဘူး။ တစ်စုံတစ်ရာသော အနွေးဓာတ်လေး ကျန်နေခဲ့ရင် အဲ့ဒါက နှမြောစရာကောင်းမှာဖြစ်သလို၊ တကယ်လို့ အေးစက်နေခဲ့ပြီဆိုရင်လည်း ဝမ်းနည်းစရာကောင်းနေမှာမို့လို့ပါ။

မီးဖိုထဲ ထွက်လာတော့ စားပွဲအစွန်းမှာ သပ်သပ်ရပ်ရပ် တင်ထားတဲ့ စာရွက်စာတမ်းတွေကို တွေ့လိုက်ရတယ်။ မနေ့က ရှေ့နေဂင် ကျွန်မရှေ့မှာ ရေးဆွဲခဲ့တဲ့အရာနဲ့ ထပ်တူပါပဲ။ ဒီစာရွက်က နေ့ခင်းပိုင်းမှာ ကျွန်မဆီကနေတစ်ဆင့် အဲ့ဒီနေ့ ညနေမှာတင် ဝူဂျင်ဟာဆီ ချက်ချင်း ရောက်သွားခဲ့မှန်း အခုမှပဲ သိလိုက်တော့တယ်။

သူ မရမက ကျွန်မမျက်နှာကို နောက်တစ်ခါ ထပ်တွေ့ဖို့ ဇွတ်အတင်း လုပ်ခဲ့ရတဲ့ အကြောင်းရင်းကိုလည်း သိလိုက်ရတာပေါ့။

ကျွန်မ စာရွက်ကို ကိုင်ကြည့်ရင်း ဝူဂျင်ဟာရဲ့ နေရာမှာ ဖြည့်စွက်ထားတာကို စိုက်ကြည့်နေမိတယ်။ တခြားအရာအားလုံးက ရှေ့နေဂင်ရဲ့ လက်ရေးတွေဆိုပေမဲ့ ဝူဂျင်ဟာဆိုတဲ့ နာမည်သုံးလုံးကတော့ သူ့ရဲ့ ကိုယ်ပိုင်လက်ရေးပါ။ အနည်းငယ်စောင်းပြီး ခတ်ထားတဲ့ တံဆိပ်တုံးလေး အပါအဝင်ပေါ့။

ဝူဂျင်ဟာ နောက်ဆုံးတော့ သဘောတူလိုက်ပြီဆိုတာ ဝမ်းသာစရာပါပဲ။ အဲ့ဒီအသိကြောင့်ပဲလားမသိ၊ သူနဲ့ မိုးလင်းတဲ့အထိ အရင်က ရှေးဟောင်းနှောင်းဖြစ်တွေ အဓိပ္ပာယ်မရှိပြောရင်း တစ်ညတာကုန်ဆုံးခဲ့ပေမဲ့ ခေါင်းကတော့ ကြည်လင်နေခဲ့တယ်။ ကျွန်မ စာရွက်စာတမ်းတွေကို အိတ်ထဲ ကြိုထည့်ထားလိုက်ပြီး ရိုးရိုးရှင်းရှင်းပဲ မနက်စာ ပြင်စားလိုက်တယ်။ ဒါက ဒီအိမ်မှာစားရမဲ့ နောက်ဆုံး ထမင်းတစ်နပ်ပေါ့။

အိမ်ပြောင်းဖို့အတွက် ဝူဆုန်းဝန်းကနေ မနက်စောစောကတည်းက ဝန်ထမ်းတချို့လွှတ်ပေးဖို့ လုပ်ထားပြီးသားပါ။ လူတွေ ရောက်မလာခင် မနေ့က မပြီးသေးတဲ့ အလုပ်တွေကို လက်စသတ်ဖို့ အဝတ်လဲခန်းထဲမှာ ခဏလောက် အချိန်ဖြုန်းလိုက်တယ်။ မနေ့က ဒေါသပါထွက်စေခဲ့တဲ့ တိပ်လိပ်ကို အခန်းထဲ ဝင်လိုက်တာနဲ့ အမှတ်မထင် တွေ့လိုက်ရတာမို့ စိတ်ပျက်စရာတောင်ကောင်းနေပါသေးတယ်။

အစီအစဉ်တွေက မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားခဲ့တယ်။ အထုပ်အပိုးတွေက ပြီးခဲ့တဲ့အကြိမ် ဂင်ဖိုကို သွားတုန်းကထက် နည်းနည်း ပိုများလာပေမဲ့ အမျိုးသားဝန်ထမ်း သုံးယောက်တောင်ရှိတာကြောင့် ပုံးတွေပုံနေတဲ့ အခန်းကလည်း ခဏတွင်းချင်း လွတ်သွားတာပါပဲ။

နောက်ဆုံးအနေနဲ့ ဥယျာဉ်ထဲကို ခဏလောက် လှမ်းကြည့်လိုက်တော့ သစ်ရွက်တစ်ရွက်တောင် မကျန်တော့တဲ့ ကျွန်မရဲ့ ပျိုးပင်လေးကို မြင်လိုက်ရတယ်။ အရာအားလုံးက ကျွန်မ ဖြစ်စေချင်ခဲ့သလို အတော်လေး သပ်ရပ်သွားခဲ့ပါပြီ။ အခု စိုးရိမ်စရာရှိတာက ဝူဂျင်ဟာ တစ်ယောက်တည်းဆိုပေမဲ့ ဘယ်သူ့ထက်မဆို ပိုပြီး ကောင်းကောင်းမွန်မွန် ရှင်သန်သွားမှာကလည်း ဝူဂျင်ဟာပဲဆိုတာ ကျွန်မ သိနေပါတယ်။

သူ လိုလားခဲ့တဲ့ အရာအားလုံးက သူ့အနီးအနားမှာပဲ ရှိနေခဲ့တာမဟုတ်လား။ ကျွန်မ ပျိုးပင်ဆီကနေ မျက်နှာလွှဲလိုက်တယ်။

မီးဖိုထဲ ပြန်ဝင်ပြီး စာရွက်စာတမ်းတွေ ရှိခဲ့တဲ့နေရာမှာ လက်စွပ်ကို ချွတ်ထားခဲ့တယ်။ ဘေးမှာတော့ စောစောကတည်းက တင်ထားတဲ့ ကားသော့တစ်စုံနဲ့ တိုက်ခန်း သော့ကတ်က သပ်သပ်ရပ်ရပ်ပါပဲ။

[ဆရာကတော်။ မနက်ဖြန် မနက် ၁၁ နာရီခွဲ ဆိုးလ်မိသားစုတရားရုံးမှာ တွေ့ပါမယ်။] AM 8:12

ရှေ့နေဂင်ဆီက ရောက်လာတဲ့ စာကို စစ်ဆေးပြီး ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်ရာက အိမ်ရှေ့တံခါးကနေ မထွက်ခင်မှာပဲ ပြန်ထုတ်လိုက်မိတယ်။

[အတွင်းရေးမှူးချွဲ။ ဂျင်ဟာအိမ်မှာ ကျန်ခဲ့တဲ့ ကျွန်မ ပစ္စည်းတွေကို ဟန်နမ်ဒုံက ဆရာကတော်ဆီ အပ်ပါတယ်လို့ ပြောပေးပါဦး။ အဆင်ပြေသလို ကြည့်ကြပ်စီစဉ်ပေးပါလိမ့်မယ်။] AM 8:13

[ဒု-ဥက္ကဋ္ဌကိုလည်း အဲ့ဒီအတိုင်းပဲ ပြောပေးပါ။] AM 8:14

စာတို နှစ်စောင်တည်းနဲ့တင် ကျွန်မက သူတို့နဲ့ မသက်ဆိုင်တဲ့လူ ပြန်ဖြစ်သွားပါပြီ။ အချိန်တိုလေးအတွင်းမှာပဲ အလှမ်းဝေးကွာလှတဲ့ စိမ်းသက်မှုတွေ ပေါ်လာတော့တယ်။ ကျေနပ်စရာကောင်းလောက်အောင် မူလနေရာကို ပြန်ရောက်သွားခဲ့ပြီပေါ့။

ကုန်လွန်သွားတဲ့ နွေရာသီလိုပဲ ကျွန်မနောက်ကျောမှာ တံခါးချပ်က ပိတ်သွားပါတော့တယ်။

****

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment