အခန်း ၃၄
Translator - D
မေးခွန်းနဲ့ ကိုက်ညီတဲ့အဖြေတော့ မဟုတ်ပါဘူး။ ကျွန်မ ဂျန်ယွန်းဆော ကမ်းပေးလာတဲ့လက်ကို အလိုလိုကိုင်ပြီး လက်ဆွဲနှုတ်ဆက်လိုက်မိတယ်။
"ဝူဆောင်း ကုန်သွယ်ရေးက ဥက္ကဋ္ဌဂျန်ရဲ့ သမီးပါ။"
ဘူဆန်က အဖြစ်အပျက်တွေ အတွေးထဲပြန်ပေါ်လာတော့တယ်။ အဲ့ဒီလိုဆိုပေမဲ့လည်း ဥက္ကဋ္ဌဂျန်ရဲ့သမီးက ကျွန်မနာမည်ကိုသိနေတာ သဘာဝမကျပါဘူး။
ကျွန်မ ရှုပ်ထွေးသွားတာကို နားလည်တဲ့အလား သူက ထပ်ပြောခဲ့တယ်။
"ကျွန်မတို့အဖေဆီက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုခံခဲ့ရတယ်ဆို။"
"..."
အဲ့ဒီအဖြစ်က ဥက္ကဋ္ဌဂျန် ကျွန်မကို လူမသိသူမသိ တိုးတိုးတိတ်တိတ် ကျေအေးငွေ မြိုးမြိုးမြက်မြက် ပေးခဲ့တာနဲ့ ပြီးသွားခဲ့တာပါ။ တရားဥပဒေအရ ထိပ်တိုက်ရင်ဆိုင်မှုတွေမရှိခဲ့ဘဲ သူတို့အတွင်းရေးမှူးနဲ့ ကျွန်မကြားမှာတင် ပြီးသွားတဲ့ကိစ္စလေ။ သူ့သမီးကို ပြောပြလိုက်တာ ဖြစ်နိုင်လောက်ပါ့မလား။ ဥက္ကဋ္ဌ ဂျန်ဆိုတာ သူ့သမီးအရွယ် ကျွန်မကို အဲ့ဒီလိုအကြည့်နဲ့ ကြည့်ပေမဲ့လည်း သူ့သမီးအကြောင်း ဝူဂျင်ဟာကို ပြောနေချိန်မှာတော့ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးဖြီးနေတဲ့လူလေ။
ကျွန်မမျက်နှာမှာ ရှိနေသေးတဲ့ နားမလည်နိုင်မှုကို တွေ့သွားလို့ပဲဖြစ်မလား ဂျန်ယွန်းဆောက အပြုံးလေးနဲ့ ပြောခဲ့တယ်။
"ကျွန်မတို့အမေက နည်းနည်းထိန်းချုပ်တတ်တဲ့သူလေ။ အဖေနဲ့ယှဉ်ရင် လူတွေအပေါ် ပိုက်ဆံသုံးတဲ့နေရာမှာလည်း ရက်ရောတယ်။"
"..."
"ပိုက်ဆံများများပေးတဲ့သူကမှ သူဌေးပေါ့။ အဖေက ကပ်စေးကုပ်တော့ သူ့ဝန်ထမ်းတွေသူ နှုတ်လုံအောင် မပိတ်နိုင်ဘူးလေး။ သူတစ်ယောက်တည်းသာ မသိတာ။"
ကျွန်မကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့သူရဲ့ သမီးကို ဘယ်လိုမျက်နှာထားနဲ့ ကြည့်ရမယ်မှန်း မသိတော့ပါဘူး။ အဲ့ဒါတင်မကသေးဘဲ တစ်ချိန်က ကျွန်မခင်ပွန်းနဲ့ လက်ထပ်ရခါနီးဖြစ်ခဲ့တဲ့ မိန်းမလေ။
သူနဲ့ မျက်နှာချင်းဆိုင်ရတာကို အနေခက်မိတာ ကျွန်မတစ်ယောက်တည်းလား။ ဂျန်ယွန်းဆောက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကျွန်မအင်္ကျီကို ကိုင်ကြည့်ပြီး 'အနီးကပ်ကြည့်တော့ ပိုတောင်လှနေတာပဲ' လို့ တီးတိုးရေရွတ်လိုက်တယ်။
အဲ့ဒီနောက် သူက ရယ်စရာကောင်းတာကို တွေးမိသွားတဲ့အလား ရုတ်တရက် ထရယ်ခဲ့တယ်။
"ဘာဖြစ်လို့ ပိုမတောင်းလိုက်တာလဲ။"
"ရှင်။"
"ကျွန်မတို့အဖေက ထင်ထားတာထက်တောင် ပိုပြီး ကပ်စေးနဲတဲ့သူ။ တစ်ခါတလေ ပါကင်ကြေးကိုတောင် တွန့်တိုတာပါဆို။ ပါကင်ထားတဲ့အချိန်လေး တစ်မိနစ် နှစ်မိနစ်လောက် ကျော်သွားတာနဲ့ အချိန်ကိုက်ဖြစ်အောင် မစီမံနိုင်တဲ့သူ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အပြစ်တင် အကျယ်တွေချဲ့ပြီး သူတို့လစာထဲကဖြတ်ဖို့ ပြောတာ။ ထောင်ဂဏန်းလောက်လေးကိုတောင် အဲ့ဒီလိုဖြစ်နေတာ သန်းချီရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်တော့ပေါ့။"
"..."
"ခြေထောက်လေးတောင် မထိလိုက်ရဘဲနဲ့ သိန်းဂဏန်းလောက်တောင် မကုန်ရမဲ့ကိစ္စကို 'အရှင်လတ်လတ် အရေခွံနွှာခံလိုက်ရတယ်' ဆိုပြီး ဖုန်းဆက်ပေါက်ကွဲနေတာ ကြားလိုက်ရတယ်လေ။ သူဘာပြောလဲ သိလား။ အဲ့ဒီအစား တရားအစွဲမခံလိုက်မိတာကို နောင်တရတယ်တဲ့။"
"..."
"ရှင်တို့ အဘွားယောက္ခမ ပြောတဲ့အတိုင်း ယောက်ျားတွေဆိုတာ ဘာကအရေးကြီမှန်း မသိကြဘူးနော်။"
အဲ့ဒီအဖြစ်က ဥက္ကဋ္ဌဂျန်အတွက် အဲ့ဒီလို ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမျိုး ဖြစ်စေခဲ့တာတော့ ကောင်းပေမဲ့ ကျွန်မကတော့ ဒီစကားဝိုင်းကို ထူးဆန်းတယ်လို့ ထင်နေဆဲပါပဲ။
"အာ၊ အမေနဲ့ အဲ့ဒီအကြောင်းပြောရင်း ဘယ်လောက်တောင် ရယ်ခဲ့ရသလဲလို့။ ကျွန်မတို့ကိုလည်း ပြောပြလို့မရဘဲ ရက်ပိုင်းလောက် အဲ့ဒီလိုကြီးဖြစ်နေတော့ ကျွန်မတို့လည်း သူ့အရှေ့မှာ ရယ်တောင်မရယ်နိုင်ပါဘူးဆို။"
"ရယ်စရာဖြစ်ခဲ့တယ်ဆိုတော့ တော်သေးတာပေါ့။"
"အဖေက အခုအထိလည်း အဲ့ဒီအကြောင်းပြန်တွေးရင် မြေကြီးကို ခြေတဆောင့်ဆောင့် ဖြစ်နေတုန်းပဲဆိုပေမဲ့ အခုတော့ ဟီဂျူအတွက် အဲ့ဒါက ပိုက်ဆံဘယ်ဟုတ်ပါ့တော့မလဲ။"
"ပိုက်ဆံပါပဲ။ အခုအထိလည်း။"
"ဘာလဲ....သူက မုန့်ဖိုးအများကြီးမပေးဘူးလား။"
"သူဆိုတာ။"
"ဝူဂျင်ဟာကို ပြောနေတာပါ။"
ကျွန်မ ဝူဂျင်ဟာအပေါ် ထင်မှတ်မထားလောက်အောင် ပေါ့ပေါ့ပါးပါးနဲ့တရင်းတနှီးရှိတဲ့ ရည်ညွှန်းချက်ကြောင့် နည်းနည်းကြောင်သွားမိတယ်။
'ကျွန်တော့်လိုကောင်အတွက် သမီးဖြစ်သူရဲ့ဘဝကို အလဟဿဖြုန်းတီးစရာမလိုဘဲ ပူးပေါင်းလို့ရပါတယ်။ နောင်တရမှာမဟုတ်ပါဘူး။'
'မောင်ရင် ယူလိုက်ရင်တောင် စီးပွားရေးဗျူရိုက ခွင့်ပြုပေးမှာမဟုတ်ဘူး။'
'အဲ့ဒါက ဝူဆောင်းအတွက်လည်း အတူတူပဲပေါ့။ အစကတည်းက တရားလွန်ဈေးတင်ထားမှန်းသိနေတာပဲ။ ဒါက သန်းငါးထောင် သက်သာအောင်လုပ်နိုင်မဲ့ အခွင့်အရေးပါ။'
'ဒီမှာမောင်ရင်...ငါတို့ ယွန်းဆောက ကိုယ်စားလှယ် ဝူဂျင်ဟိုနဲ့ ခဏတွဲခဲ့ဖူးလို့ ဒီလိုဖြစ်နေတာလား။ အဲ့ဒီကိစ္စကြောင့် စိတ်မတင်မကျဖြစ်နေတာလား။'
'နှစ်ယောက်သား ပတ်သက်နေမှန်းတောင် မသိပါဘူး။'
'သမီးဖြစ်သူ' ၊ 'နှစ်ယောက်သား...' ဝူဂျင်ဟာ ဂျန်ယွန်းဆောကို ရည်ညွှန်းပုံက အမြဲတမ်း ယဉ်ကျေးပြီး တရင်းတနှီးမရှိပါဘူး။ အခုလေးတင် ဂျန်ယွန်းဆော သူ့ကို 'သူ'၊ 'ဝူဂျင်ဟာ' ဆိုပြီး ခေါ်သလိုမဟုတ်ဘဲနဲ့ပေါ့။ အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိနေကြလိမ့်မယ်လို့ တစ်ခါမှ သံသယမဝင်ခဲ့မိတာလေ။
ဟင့်အင်း၊ ဒီတော့ ကျိန်းသေပေါက် ဖြစ်တည်မှုလောက်ကိုတော့ သိမှာဆိုပေမဲ့ ဧကန္တ တရင်းတနှီးသိနေလောက်တယ်ဆိုပြီး မထင်ခဲ့တာက...တွေးကြည့်တော့ ရယ်စရာပါပဲ။ ဘာပဲဖြစ်ဖြစ် ဝူဂျင်ဟာ ဘယ်သူနဲ့ပဲရင်းနှီးပါစေ ကျွန်မကိစ္စမဟုတ်ဘူးလေ။ ကျွန်မ အရေးမပါတဲ့အတွေးကို စိတ်ထဲကနေ ဖြတ်တောက်ပစ်လိုက်တယ်။
"အများကြီးပေးပေမဲ့...မုန့်ဖိုးယူရမဲ့ အသက်အရွယ်ကို ကျော်လာခဲ့ပါပြီ။"
"မဟုတ်မှ မသုံးဘူးလားဟင်။"
"ကျွန်မပိုက်ဆံ မဟုတ်လို့ပါ။"
"အာ၊ အဲ့ဒီလို type ထင်တယ်။ စင်ဒရဲလားဆိုပေမဲ့ စင်ဒရဲလားဖြစ်ရတာ မကြိုက်တဲ့ type မျိုးလေ။"
"..."
"ဂါဝန်ပါ အကုန်ဝတ်စားပြင်ဆင်လာပြီး ဒီမှာရှိနေရတာကို သဘောမကျတာ။"
ဂျန်ယွန်းဆောက ကွက်တိမှန်တဲ့စကားကို ပေါ့ပေါ့ပါးပါးပြောပြီးတော့ ကျွန်မနဲ့ လက်မောင်းချင်းချိတ်ပြီး နောက်ပန်းချီတစ်ချပ်ဆီကို လျှောက်သွားခဲ့တယ်။ သူများတွေအမြင်မှာတော့ တအား ခင်မင်တတ်သူနှစ်ယောက် စကားတပြောပြောနဲ့ ပန်းချီတွေကို အတူတူခံစားနေတဲ့ပုံပေါ်နေလောက်မှာပါပဲ။
"အဲ့ဒီလိုဆိုပေမဲ့လည်း သူပေးသမျှ အကုန်သုံးမှပေါ့။ ဝူဂျင်ဟာရဲ့ စရိုက်က သာမန်မဟုတ်ဘူးလေ။ နစ်နာကြေးလိုသဘောမျိုးပဲမဟုတ်ဘူးလား။"
"တကယ် နစ်နာကြေးအဖြစ်လိုအပ်တာ ဘာမှမရှိပါဘူး။"
သူ့ရဲ့ အေးတိအေးစက်နိုင်မှုအတွက် နစ်နာကြေးတော့ ဖြစ်လောက်တယ်ဆိုပေမဲ့ပေါ့။
ဂျန်ယွန်းဆောက ခေါင်းငဲ့လိုက်တယ်။
"တကယ်ပဲလား။ ကျွန်မကတော့ တွေ့လိုက်တိုင်း သူ့စရိုက်က ဆိုးလွန်းတယ်ထင်လို့ သဘောမကျတာကို။"
"..."
"ကိုရီးယား ပြန်မလာခင်တုန်းက သူ့ကို အီစီကလီလုပ်ဖို့ ကြိုးစားပြီးမှ စရိုက်ကဆိုးလို့ ပြန်ပြေးခဲ့ကြတဲ့ မိန်းကလေးတွေ အများကြီးလေ။ WK ရဲ့ အကြီးဆုံးမြေးဆိုပြီး စောစောစီးစီး မျက်နှာကောင်းရအောင် ဝင်ရောကြတဲ့ ယောက်ျားလေးတွေရောပဲ။ သူက ယောက်ျားမိန်းမ မခွဲခြားဘဲ အကုန်လုံးကို ပေါ်တင်အရှက်ကွဲအောင်လုပ်တာ။ လူတွေကို ချိုးနှိမ်တဲ့နေရာမှာလည်း တော်ပါ့...စကားပြောရင် အချိုးမပြေတာကိုတော့ လက်ခံတယ်မဟုတ်လား။"
"ဟင့်အင်း၊ အဲ့ဒီလို ဘယ်တော့မှမလုပ်ပါဘူး။"
"ကိုယ့်ယောက်ျားမို့လို့ ကာပြောပေးနေတာလား။"
"မဟုတ်တာ....တကယ် အဲ့ဒီလိုမဟုတ်ပါဘူး။"
"မဖြစ်နိုင်တာ။ လုံးဝ မကောင်းတဲ့ကောင်ကို..."
လက်လွတ်စပယ် ကျိန်ဆဲတတ်တဲ့လူစားမျိုးမဟုတ်သလို သူများကိစ္စကို ဘာသိဘာသာနေတတ်ပေမဲ့ ဘဝကို ဖြောင့်မတ်မှန်ကန်စွာ လုံ့လဝီရိယရှိရှိနေထိုင်နေရတာနဲ့ အလုပ်များနေလောက်မှာပါ။ သူသာ ကျွန်မအမြင်မှာ မကောင်းတဲ့ကောင် ဖြစ်နေမယ်ဆိုရင်တော့ မပြောတတ်ပေမဲ့ တစ်ထစ်ချ မကောင်းတဲ့ကောင်လို့ ပြောဖို့ကတော့ မသင့်တော်သလိုပါပဲ။
ကျွန်မ မယုံနိုင်သလိုဖြစ်နေတော့ ဂျန်ယွန်းဆောက ကျွန်မကို မရေမရာ ဆက်အကဲခတ်ရင်း ခနဲ့သလိုလို ရယ်လိုက်တယ်။
"...သဘောကျနေတဲ့သူရဲ့ အမြင်မှာတော့ တစ်မျိုးကွဲပြားနေတယ်ထင်ပါရဲ့။"
"ရှင်။"
"သူ ဘွဲ့ကြိုတက်ပြီး အမေရိကမှာနေတုန်းက ကျွန်မနဲ့ အတူတူပဲလေ။ ကျောင်းနေဘက်တွေပေါ့။ ဒီအတိုင်း အဲ့ဒီတုန်းက သူဘယ်လိုပုံစံလဲဆိုတာ ပြောပြတာမို့လို့ ယောက်ျားကိုလည်း သွားပြန်တိုင်မနေနဲ့ဦးနော်။"
"ဘာပဲဖြစ်ဖြစ် အဲ့ဒီလိုကိစ္စတွေကို ပြန်တိုင်ရလောက်တဲ့ ဆက်ဆံရေးလည်းမဟုတ်ပါဘူး။"
"ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။"
ကျွန်မ ပခုံးတွန့်ပြီး ဂျန်ယွန်းဆော ကြည့်နေတဲ့ ပန်းချီကို ကြည့်လိုက်တယ်။
****
Miel's Translations