အခန်း ၂၉
Translator - D
-သိပြီ။ ကိုယ်လေးလက်ဝန်နဲ့ဖြစ်နေတာက နင်ဆိုတော့ ငါပဲ လာရမှာပေါ့။
ယောက္ခမက ရှောရှောရှူရှူပဲ ပြောခဲ့တယ်။ ဖုန်းချသွားတာနဲ့ ဖိနှိပ်မျိုသိပ်ထားတဲ့ သက်ပြင်းလည်း ပေါက်ကွဲထွက်လာပါတော့တယ်။
ဝူဂျင်ဟာပြောခဲ့သလိုပဲ ကျွန်မ ဝူဆုန်းဝန်းကို သွားစရာမလိုတာလည်း ဖြစ်လောက်မလားမသိပါဘူး။ ယောက္ခမက အားလုံးကို ကြည့်ရှင်းသွားမှာမို့လို့လေ။
ကျွန်မ မသိစိတ်ကနေ ယောက္ခမကို အမြင်မကြည်ဖြစ်စေမဲ့ တစ်ခုခုများရှိနေမလားလို့ အိမ်ကိုလှည့်ပတ်စနည်းနာပြီးမှ ခပ်တိုးတိုးရယ်လိုက်မိတယ်။ နောက်ဆုံးတော့လည်း အဆုံးအထိ အဲ့ဒီအမျိုးသမီးရဲ့အရှေ့မှာ အမြင်လှအောင် လုပ်ဖို့လိုတာပါပဲ။ ကျွန်မကိုယ်ထဲမှာ အမြစ်တွယ်နေပြီးသား ကျိုးနွံဝပ်တွားတတ်တဲ့သဘာဝက စိတ်ပျက်စရာပါ။ ဒီအတိုင်း ထိုင်စောင့်နေရင် ယောက္ခမ ရှိမနေတာတောင် အကျင့်ပါနေတဲ့အတိုင်း သူ့ရဲ့တုံ့ပြန်မှုကို သတိထားမိနေမှာစိုးတဲ့အတွက် ဝူဂျင်ဟာ ဧည့်ခန်းထဲမှာထားခဲ့တဲ့ စာအုပ်ကိုဖတ်ရင်း အချိန်ဖြုန်းနေလိုက်တယ်။
၂နာရီထိုးတော့ လူခေါ်ဘဲလ် မြည်လာတယ်။
"ရောက်လာပါပြီလား။"
အိမ်အဝင်မှာပေါ်လာတဲ့ ကျွန်မကိုမြင်တော့ ယောက္ခမက နောက်ကျောဘက်မှာ တံခါးတောင်မပိတ်သေးခင် သူ့ရဲ့အတွင်းရေးမှူးကို ပြန်လွှတ်လိုက်တယ်။
တံခါးပိတ်သွားပြီး တော်တော်ကြာတဲ့အထိ တိတ်ဆိတ်မှုက ရစ်ဝဲနေဆဲပါ။ ကျွန်မဗိုက်ကို အတန်ကြာအောင် စူးစူးစိုက်စိုက် ကြည့်ပြီးတဲ့နောက်မှာ ယောက္ခမက စိတ်လှုပ်ရှားစွာ မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး အသက်တောင်မရှူဘဲ ကျွန်မဘေးကနေဖြတ်ပြီးတော့ အိမ်ထဲဝင်သွားလိုက်တယ်။
"မြန်မြန်ဝင်မလာဘဲ ဘာလုပ်နေတာလဲ။"
ယောက္ခမ ပိုပိုပြီး စိတ်ဆတ်လာတာနဲ့အမျှ ကျွန်မက ပိုပြီးတည်ငြိမ်လာခဲ့တယ်။ တစ်ချိန်က ကလေးကို ပျက်ကျသွားစေဖို့ မျှော်လင့်ခဲ့တဲ့ ယောက္ခမက အခုတော့ ရုတ်တရက် ကလေးကို လိုအပ်လာပြီး မြို့လယ်ခေါင်မှာ ပိုက်ဆံအိတ်ပျောက်သွားတဲ့သူလို ဧည့်ခန်းအဝင်ဝမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတယ်လေ။ ကလေးမရှိတော့တာကို အခုမှ သိသွားတာပါ။
"ဘာလဲ။ ဘယ်လိုဖြစ်တာလဲ။ တကယ်ပဲ...ဟင်။ ပြောစမ်းပါဦး။ ကလေးက အခု လရင့်လာပြီကို နင့်ဗိုက်က..."
"....ကိုယ်ဝန်ပျက်ကျသွားပါတယ်။"
"အခု ကလေးက လရင့်နေပြီကို ဘာလို့ အခုမှလာပြီး ပျက်ကျရတာလဲ။ နင့်ထက်ပိုစောပြီး လမစေ့ဘဲမွေးတဲ့ကလေးတွေတောင်မှ ကောင်းကောင်းအသက်ရှင်တာကို။ ခန္ဓာကိုယ်ကို ဘယ်လောက်တောင် ပေါ့ပေါ့ဆဆထားလို့..."
"နှစ်ပတ် သုံးပတ်...တစ်လလောက်ရှိပါပြီ။"
"ဘာ။"
"ဂျင်ဟာက ကျွန်မရဲ့ခံစားချက်ကို ထည့်တွေးပြီး အမေ့ကို သူကိုယ်တိုင်ပြောပြမယ်လို့ ပြောခဲ့ပေမဲ့ စောစောက ဖုန်းပြောမှပဲ သိလိုက်တာပါ။ အမေ အခုအထိ မသိသေးဘူးဆိုတာကို။"
ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမလိမ်တတ်ဘူးလို့ ထင်ထားခဲ့ပေမဲ့ ဒီအတိုင်း အသေးအဖွဲအချက်အလက်လေးတစ်ခုပဲလို့ တွေးလိုက်တဲ့အခါ စကားတွေက အလွယ်တကူ ထွက်လာတော့တယ်။ ယောက္ခမက နုနယ်သိမ်မွေ့တဲ့ လက်ကလေးနဲ့ သူ့နဖူးသူဖိပြီး စိတ်တိုစွာနဲ့ တီးတိုးရေရွတ်ခဲ့တယ်။
"ပျက်ကျမယ်ဆိုလည်း စောစောစီးစီး ပျက်ကျလိုက်ရောပေါ့။"
ထင်တဲ့အတိုင်း ယောက္ခမပြောလိမ့်မယ်လို့ မှန်းထားခဲ့သလို စကားတွေက တစ်လုံးတောင်မလွဲဘဲ ထွက်လာတာပါ။
"စောစောစီးစီးသာ သိခဲ့မယ်ဆိုရင်၊ ငါ...ဟင့်အင်း၊ ဟင့်အင်း။ အဲ့ဒီကောင် ဂျင်ဟာက နင့်ကို ကျိန်းသေပေါက် ကာကွယ်ပေးဦးမှာပဲပေါ့။ ထုံးစံအတိုင်းလေ။ အဲ့ဒီ ကျက်သရေတုံးနဲ့တော့..."
"အရင်ဆုံး ထိုင်လိုက်မလားရှင့်။"
"ထိုင်ရမယ်ပေါ့လေ။ ကလေးမရှိတော့တာကို သုံးလေးပတ်လောက် ဖုံးကွယ်ထားပြီး အခု ငါ့ကို ထိုင်ဖို့လာပြောနေတာလား။"
ကျွန်မကို အပြစ်တင်ပြောဆိုနေရင်းကပဲ ကုလားထိုင်ပေါ်ကို ဆောင့်ကြီးအောင့်ကြီးနဲ့ ထိုင်ချလိုက်တဲ့ ယောက္ခမရဲ့ပုံစံက အခြေအနေနဲ့မလိုက်ဖက်စွာ နည်းနည်းရယ်စရာကောင်းနေခဲ့တယ်။ ကျွန်မလည်း သူ့ဘေးကခုံမှာ ဝင်ထိုင်လိုက်တယ်။ နားထင်ကို တင်းတင်းဖိထားတဲ့ လက်ရဲ့အောက်က ယောက္ခမရဲ့စူးစူးရှရှအကြည့်ဟာ ကျွန်မဆီကနေ ခွာမသွားခဲ့ပါဘူး။
"တကယ်ပဲ ဗိုက်ကြီးနေတုန်း ဘာတွေလုပ်လို့များ..."
"....ရုတ်တရက် ဗိုက်ကနာလာပေမဲ့ အဲ့ဒါကို ဗိုက်နာတာမှန်း မသိခဲ့ပါဘူး။"
"အဲ့ဒီတော့ တစ်ချိန်လုံး အိမ်မှာပဲ နေနေလိုက်ရောလား။"
ယောက္ခမက မေးရင်းနဲ့ ရွဲ့သလိုလို ရယ်ခဲ့တယ်။ ကျွန်မက တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြောလိုက်တယ်။
"အရင်ကတည်းက တစ်ခါတလေ ဗိုက်ထဲကနေ တော်တော်လေး နာနေခဲ့တာဆိုပေမဲ့ စစ်ဆေးမှုတွေမှာတော့ အမြဲတမ်း မူမမှန်တာ ဘာမှမရှိဘူးလို့ပဲ ပြခဲ့တာပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ ဘယ်လိုဖြစ်မှန်းမသိ ထူးဆန်းနေသလိုပဲမို့လို့....ခံစားချက်က တော်တော်လေး ထူးဆန်းနေလို့ ၉၁၁ ကို ဖုန်းဆက်ခဲ့ပါတယ်။ နာတာက တဖြည်းဖြည်းနဲ့ ပြင်းထန်လာပြီး သွေးတွေဆင်းလာတော့တာပါပဲ။"
တစ်ယောက်တည်း အိမ်ထဲမှာ ဒယီးဒယိုင် လျှောက်သွားပြီး ဖုန်းရှာခဲ့ရတဲ့ အဲ့ဒီအခိုက်အတန့်ကို ကျွန်မ တတိယလူနေရာကနေ ပြန်တွေးကြည့်ဖို့ ကြိုးစားလိုက်တယ်။ ဖုန်းကို ဘယ်မှာမှ ရှာမတွေ့ဘဲ နောက်ဆုံးမှာ လေးဘက်ထောက်ပြီး တွားသွားခဲ့ရတာလေ။ ရပ်လိုက်မိတဲ့နေရာတိုင်းမှာ မှီနေလိုက်၊ လဲကျသွားလိုက်၊ မွစာကြဲနေတဲ့ ပစ္စည်းတွေရဲ့ဘေးမှာ လှဲနေရင်း အသက်ရှူဖို့ ကြိုးစားလိုက်နဲ့ ကလေးကို မကယ်နိုင်ခင် အဲ့ဒီမှာတင် သေသွားမလားဆိုတဲ့ အကြောက်တရားထဲကနေ အဲ့ဒီလို ဖုန်းဆက်ခဲ့ရတာပါ။
အဆုံးမရှိတော့ဘူးလားမှတ်ရတဲ့ ဖုန်းဝင်သံကို နားထောင်ရင်း။
အဲ့ဒီလိုနဲ့ ဝူဂျင်ဟာကို လက်လွှတ်ခဲ့တာပါ။
"၉၁၁ ရောက်လာတော့ ကျွန်မလည်း သတိလစ်တစ်ချက် မလစ်တစ်ချက်နဲ့ မြောနေပါပြီ။ သတိလစ်သွားတယ်ထင်ပါတယ်။ လူနာတင်ယာဉ်ထဲမှာ တစ်ခုခုပြောခဲ့တာကိုတော့ မှတ်မိပေမဲ့ ဘာပြောခဲ့မှန်း မမှတ်မိတော့ပါဘူး။ အရေးပေါ်ခွဲစိတ်ရမယ်ဆိုပြီး လူတွေက ကျွန်မကို အဝတ်လဲပေးကြပေမဲ့ အဲ့ဒီအချိန်မှာလည်း သွေးက နည်းနည်းချင်းစီ ဆင်းနေတုန်းပါပဲ။ ခဏနေတော့ ရေမြွှာပေါက်သွားပါတယ်။"
"..."
"ခွဲခန်းပဲ မြန်မြန်ဝင်လိုက်ရင် အားလုံးအဆင်ပြေသွားလိမ့်မယ်ဆိုပြီး ကြားလိုက်တာကို ရှင်းရှင်းလင်းလင်း မှတ်မိတယ်ဆိုတော့... အဲ့ဒီနောက်ပိုင်း ဘယ်သူ ဘာပြောပြော နားမထောင်ဘဲ နေခဲ့မိတာလားမသိပါဘူး။ ဆက်တိုက် သတိရတစ်ချက်မရတစ်ချက် ဖြစ်နေပေမဲ့....ခွဲစိတ်မှုလုပ်မဲ့အချိန်အထိလေးပဲ ဘယ်နည်းနဲ့ဖြစ်ဖြစ် အားတင်းထားချင်ခဲ့တာပါ။ ဒါပေမဲ့ ရုတ်တရက်ကြီး ကျွန်မ ခွဲခန်းထဲတောင် မဝင်ရသေးခင် တစ်ယောက်ယောက် ပြောနေတာကို ကြားလိုက်ရပါတယ်....ကလေး ထွက်လာပြီဆိုပြီး။ ထွက်လာပြီး သေသွားပြီတဲ့။ ပြီးတော့ ကျန်တာတွေကို မြန်မြန်ဖယ်ပစ်မှဖြစ်မယ်တဲ့..."
"..."
"ကျွန်မ ဘာမှမလုပ်ခဲ့ပါဘူး၊ အမေ။ လျှောက်ပြီးတော့လည်း မသွားခဲ့ပါဘူး။ မလုပ်နဲ့လို့ မှာထားတာတွေကို ဘာတစ်ခုမှမလုပ်ဘဲ နေခဲ့တာပါ။"
"..."
"ပါမောက္ခဟန်ပြောသလိုပဲ၊ ဒီအတိုင်း ကျွန်မက တော်တော်လေး ကံဆိုးတာပါ။"
နောက်ဆုံးတော့ ယောက္ခမရဲ့စကားက မှန်ပါတယ်။ မိသားစုနောက်ခံက ဘယ်လိုပဲရှိပါစေဦး အဲ့ဒီလို ကံဆိုးမကို ခေါ်လာတာကတော့ မဟုတ်သေးပါဘူးလို့ သူ့ရဲ့အတွင်းရေးမှူးကို တိုင်တည်ပြီး ရင်ဖွင့်ညည်းညူနေတဲ့ တံခါးအလွန်က အသံ။ ငယ်ငယ်ရွယ်ရွယ်မှာ မိဘတွေရော၊ မောင်ရော၊ တစ်မိသားစုလုံး သေသွားကြတာတောင် တစ်ယောက်တည်း ရှင်ကျန်ခဲ့တဲ့ ကံက ဘယ်လောက်တောင် ပြင်းလိုက်သလဲဆိုပြီး။ အဲ့ဒီလို ပြင်းထန်တဲ့ကံက ငါတို့ ဂျင်ဟာကိုပါ ဖမ်းစားသွားရင် ဘယ်လိုလုပ်မလဲဆိုပြီး...
လူဆိုတာ သိသလောက်ကို မြင်နိုင်ကြတာ ထုံးစံပါ။ 'ငါတို့ ဟီဂျူက မိသားစုအသိုင်းအဝိုင်းကောင်းကောင်းမှာ သွန်သင်ဆုံးမမှုကောင်းကောင်းနဲ့ ကြီးပြင်းလာမှန်း သိသာတယ်။ ကလေးရဲ့မျက်နှာကိုကြည့်ရုံနဲ့ မိဘရဲ့ ပြုစုပျိုးထောင်ပုံကို သိနိုင်တာမို့လို့။ တကယ့်ကို လူယဉ်ကျေး ပညာတတ်ပုဂ္ဂိုလ်တွေပဲဖြစ်ရမယ်...' လို့ အဆုံးမရှိအောင် ချီးမွမ်းခန်းဖွင့်ခဲ့သူက 'ဘာမှမသိမတတ်တော့ လုပ်လိုက်သမျှတိုင်းမှာ မိဘမရှိမှန်း သိသာနေတာပေါ့။' ဆိုပြီး ပြောင်းလဲသွားတတ်တာ လူပါပဲ။
ဘယ်သူပဲဖြစ်ဖြစ် ကျွန်မကိုသိသလောက် ကျွန်မ ထုတ်ပြခြင်းမရှိတဲ့ အောက်ခြေအထိ မြင်ကြပါတယ်။ တစ်ချိန်က ကျွန်မရဲ့ အကောင်းဆုံးကို မြင်တဲ့သူတွေတောင် နောက်ဆုံးမှာ အဆိုးဆုံးကို မြင်သွားတတ်ကြတယ်လေ။ တစ်ချိန်က သူ့အောက်မှာရှိခဲ့တဲ့ ကျွန်မလိုလူအပေါ် သဘောကောင်းကြင်နာပေးတဲ့ ဆရာကတော်ဖြစ်ပေးခဲ့သူ ကျွန်မအရှေ့က ယောက္ခမလိုမျိုးပေါ့။
"....နင် ဒီအတိုင်း ကံကိုက အဲ့ဒီလိုပဲ။ ကံက တအားကို ညစ်ပတ်တာ။"
ယောက္ခမက မျက်နှာကို လက်နဲ့အုပ်ပြီး တီးတိုးရေရွတ်ခဲ့တယ်။ ဒါပေမဲ့ စွပ်စွဲနေတာနဲ့တော့ မတူပါဘူး။ ခေါင်းပြန်မော့လာတဲ့ချိန်မှာ ပြခဲ့တဲ့ မျက်နှာထားက ထူးထူးဆန်းဆန်း နာကျင်ခံစားနေရတဲ့ပုံပေါ်နေတာကြောင့်ပါ။
"အဲ့ဒီလိုဆိုတိုင်း အဲ့ဒါက နင့်အမှားဘယ်ဟုတ်ပါ့မလဲ။"
"..."
"...ငါက၊ မပြောသင့်တဲ့စကားကို ပြောလိုက်မိတာ။ နင် မကြားသင့်တဲ့စကားကို ပြောခဲ့မိတာ။ တခြားတော့မသိပေမဲ့...နင့်ကလေးဆိုတော့ နင်လည်း နှလုံးသားတစ်ခုလုံးပုံပြီး ချစ်ခဲ့မှာပေါ့။"
ဆက်ပြောလာတဲ့စကားတွေက တောင်းပန်စကားနဲ့တူနေတာကြောင့် ကျွန်မလည်း မယုံသင်္ကာနဲ့ မရေမရာဖြစ်ခဲ့ရတယ်။ တုန်ယင်နေတဲ့ အကြည့်က ကျွန်မမျက်နှာကို ဦးတည်နေတယ်လေ။ အဲ့ဒီနောက်မှာ။
"....အများကြီး နာတယ်မဟုတ်လား။"
ရုတ်တရက် အစိမ်းသက်သက်ဖြစ်နေတဲ့အသံက ရင်ကို နက်ရှိုင်းစွာထိုးဖောက်ပြီး မေးလာခဲ့တယ်။ ဘယ်လိုတုံ့ပြန်ရမယ်မှန်း မသိခဲ့ပါဘူး။ ကိုယ်မသိတဲ့လူကို ကြည့်နေရသလိုပါပဲ။ မျက်နှာနဲ့ အသံက အတူတူပဲဆိုပေမဲ့ အဲ့ဒီစကားတိုတိုလေးတစ်ခွန်းက လုံးဝ တခြားလူတစ်ယောက် ပြောနေသလိုပဲလေ။
ယောက္ခမက ရုတ်တရက် ဖြူဖျော့နေတဲ့မျက်နှာကိုပွတ်ပြီး ပြောခဲ့တယ်။
"အဲ့ဒီလောက် လရင့်နေမှ ကလေးပျက်ကျတယ်ဆိုရင် ကလေးမွေးလိုက်တာနဲ့ အတူတူပဲ။ ဘယ်သူမှ ဂုဏ်မပြုကြတာ၊ ကလေးက သေသွားပြီး မရှိတော့တဲ့ အချက်ကိုပဲ ဖယ်လိုက်မယ်ဆိုရင်ပြောပါတယ်။"
"..."
"....အဲ့ဒါက ဘယ်လိုခံစားချက်မှန်း ငါက အသိဆုံးကို...ငါက ဘယ်လိုများ အဲ့ဒီလိုစကားမျိုးကို ပြောခဲ့ရတာလဲ။"
"အမေ။"
"ဆိုးတယ်မဟုတ်လား။ သေချင်တယ်မဟုတ်လား...အဲ့ဒါကို ငါက ကောင်းကောင်းသိရဲ့သားနဲ့ ဘယ်လိုများ နင့်အပေါ် အဲ့ဒီလိုလုပ်ခဲ့မိတာလဲ။"
****
Miel's Translations