no

Font
Theme

အခန်း ၃၁

Translator - D

"ဟီဂျူ။"

"ရှင်။"

ယောက္ခမက ကျွန်မကိုခေါ်ပြီး ခဏလောက် ဘာမှမပြောဘဲ နေနေခဲ့တယ်။ ကျွန်မလည်း ကားမောင်းတာကိုပဲ အာရုံပြန်စိုက်လိုက်တယ်။ ကားနဲ့လာခေါ်ပြီးတော့ ရုတ်တရက် 'နင့်ကားနဲ့ သွားကြမယ်' ဆိုပြီး လက်ဆွဲခေါ်လာလို့ အစီအစဉ်က ဒီလိုဖြစ်သွားတာပါ။ ယောက္ခမက ဒရိုက်ဘာကို ပြခန်းမှာ ကားသွားထားခိုင်းပြီး သူကတော့ ရှေ့ခန်းမှာဝင်ထိုင်ခဲ့တယ်။

ယောက္ခမရဲ့ အတွင်းရေးမှူးလည်းမရှိ၊ ဒရိုက်ဘာလည်းမရှိတဲ့အတွက် တိတ်ဆိတ်မှုက ပြင်းထန်လှပါတယ်။ ပန်းချီပြခန်းကိုရောက်ဖို့ နာရီဝက်လောက် သွားရဦးမှာပါ။ ပြောစရာစကားလည်း မရှိတာကြောင့် ကျွန်မအတွက်တော့ အချိန်က ကြာနေသလိုပါပဲ။

"နင့်ကို မုန်းလို့ အဲ့ဒီလိုလုပ်ခဲ့တာမဟုတ်ဘူး။"

အဲ့ဒီလိုနဲ့ တော်တော်လေးကြာပြီးမှ ဂန်ဂျူဂယောင်း ပါးစပ်ပြန်ဖွင့်လာတဲ့အခါ ကျွန်မလည်း နည်းနည်းကြောင်သွားခဲ့ရတယ်။ ယောက္ခမစကားပြောလိုက်တော့ ကျန်တဲ့အချိန်က ပိုပြီးကြာသွားသလိုပဲလေ။

"မနှစ်တုန်းကအထိ နင့်ကို ငါ ဘယ်လောက်ချစ်ပြီးတန်ဖိုးထားခဲ့မှန်း သိတယ်မဟုတ်လား။"

"…ရှင်။"

"ငါတို့ ဂျင်ဟာရဲ့ရုံးခန်းကို လာတိုင်း၊ ငါ့သားအကြောင်းမေးဖို့ နင့်ဆီကို လာတွေ့တိုင်းလေ။ ရင်းနှီးလာတော့ မျက်နှာလေးမြင်ရုံနဲ့တင် ပျော်ရလို့ ဘယ်ပဲသွားသွား ပြန်လာတိုင်း နင့်အတွက် လက်ဆောင်၊ ဂျင်ဟာနဲ့အတူတူစားဖို့ စားစရာတွေ အမျိုးမျိုးယူလာပေးခဲ့တာ…"

"ဟုတ်ကဲ့၊ အဲ့ဒီလိုပါပဲ။"

"ဉာဏ်လေးကလည်းကောင်း၊ လှကလည်းလှ၊ အမြော်အမြင်လည်းရှိ၊ ယဉ်ယဉ်ကျေးကျေးနဲ့ လူမှုဆက်ဆံရေးကလည်း ကောင်းတယ်လေ။ ငါ့သားက ငါ့ဘာသာကြည့်ရင်တောင် တော်တဲ့သူဆိုတော့ တစ်နေကုန် သူ့အတွင်းရေးမှူးအဖြစ် အတူတူရှိနေရရင် မကောင်းတဲ့အကြံ ကြံမိမယ်ဆိုလည်း အပြစ်မပြောသာဘူး။ ဒါပေမဲ့ နင်ကတော့ အဲ့ဒီလိုမဟုတ်ဘူးလေ။"

"……"

"ဖုံးကွယ်ထားရင်တောင် ငါက သိမှာ။ ငါက လူတွေကို ဘယ်လောက်အများကြီး တွေ့ဖူးထားလဲ။ မျက်လုံးကိုကြည့်ရုံနဲ့တင် သိတာပေါ့။ နင့်မျက်လုံးလေးတွေက အရမ်းကိုကြည်လင်နေလို့…အဲ့ဒါကြောင့် နင့်ကို အစကတည်းက သဘောကျခဲ့တာ။ ၄ နှစ်လုံး ငါစိတ်ပူခဲ့တာ နင့်ကိုမဟုတ်ဘူး၊ ငါ့သားကိုပဲ။"

သူက သေသပ်တဲ့ အဖြူရောင်လက်ကိုင်အိတ်ကို ပေါင်ပေါ်တင်လျက် ထိုင်နေပြီး လက်သည်းကို သေချာပုံသွင်းထားတဲ့ လက်ဖျားလေးတွေနဲ့ တောက်နေရင်း ကားပြတင်းအပြင်ဘက်ကို ငေးကြည့်နေတာပါ။ ဂန်ဂျူဂယောင်းရဲ့လေသံက လုံးဝ ပြောင်းလဲသွားခဲ့တယ်။ အရင်ကအတိုင်း နားထောင်သူကို အင်မတန် နိမ့်ကျသွားစေတဲ့စကားလုံးတွေကို နူးညံ့ပြီး ညင်သာတဲ့အသံနဲ့ ပြောနေတာလေ။ အဲ့ဒါနဲ့တင် လွန်ခဲ့တဲ့တစ်နှစ်ကို ပြန်ရောက်သွားရသလိုပါပဲ။

"ဂျင်ဟာ ကိုရီးယားကို ပြန်လာပြီး အမှုဆောင်အရာရှိအဖြစ် ရာထူးတိုးတော့ အချိန်ခဏလေးအတွင်းမှာ အတွင်းရေးမှူး ခြောက်ယောက်လောက် ပြောင်းလိုက်ရတယ်မဟုတ်လား။ ပြီးတော့ နင်က အဲ့ဒီနေရာကို ရောက်လာတယ်လေ။"

“ဟုတ်ကဲ့။"

"နင့်ရဲ့အရည်အချင်းတွေက အတွင်းရေးမှူးလုပ်ဖို့အတွက် နှမြောစရာကောင်းလောက်အောင် ကောင်းနေပြီး ကိုယ်ရေးမှတ်တမ်းက ဓာတ်ပုံကလည်း တအားလှတော့...ငါလည်း မသင်္ကာမဖြစ်ဘဲ မနေနိုင်ဘူးပေါ့။ ဒါပေမဲ့ ဒီအတိုင်း အဆင်ပြေနေတဲ့ပုံပဲဆိုတော့ လက်မထပ်ခင်အထိ အဆင်ပြေလောက်မှာပါလေဆိုပြီး တွေးခဲ့တာ။ မိန်းမနဲ့ပတ်သက်ရင် ကျောက်တုံးလားမှတ်ရအောင် သွေးအေးတဲ့လူက နင့်ကို ရုပ်လေးလှရုံနဲ့ ခန့်မှာမဟုတ်ဘူးလို့ တွေးခဲ့တာလေ။ နင့်ကို ခိုင်းသတ်နေတာတွေကြည့်ပြီး တကယ် အဲ့ဒီလိုမဖြစ်နိုင်ဘူးပဲ ထင်ခဲ့တာ..."

“…”

"ဒါပေမဲ့ နင်နဲ့ လက်ထပ်ဖြစ်သွားလိမ့်မယ်လို့တော့ တစ်ခါလေးတောင် မတွေးခဲ့ဖူးဘူး။"

“…”

"အရမ်းကို ဖြူစင်တာပဲလို့ ထင်ခဲ့တဲ့ မျက်လုံးတွေကို တွေးမိရင် တအားကို အလှည့်စားခံရသလိုပဲ။ အလှည့်စားခံရတာကို သည်းမခံနိုင်ဘူး။ ပြီးတော့ နင့်ရဲ့မိသားစုကလည်း...စုတ်ပြတ်နေတာလေ။ ကောင်းကောင်းကြီးပြင်းလာရတဲ့ လူလတ်တန်းစားအိမ်ကသမီးလို့ ထင်ထားခဲ့တာကို ငယ်ငယ်ကတည်းက ဒုက္ခမျိုးစုံကြုံခဲ့ရတဲ့ ခက်ခက်ခဲခဲဘဝမျိုး ရှိခဲ့တာပဲ။ နင့်ကိုတွေးလိုက်ရုံနဲ့တင် ဒီလိုလည်း အလှည့်စားခံရ၊ ဟိုလိုလည်း အလှည့်စားခံရသလို ခံစားရတယ်။ ပြီးတော့ အခုမှ အဲ့ဒီနေရာကို ရောက်ရုံလေးရှိသေးတဲ့ ဂျင်ဟာရဲ့ဘဝကို ဖျက်ဆီးပစ်မှာ တအားကြောက်မိလို့..."

“…”

"ဟုတ်တယ်။ ဒီအတိုင်း နင့်မှာ လိုအပ်ချက်တွေ တအားများနေလို့ မုန်းတာ။"

“…”

“ငါ့အတိုင်းပဲ။”

မီးပွိုင့်မီးနီကြောင့် ကားရပ်သွားတော့ ကျွန်မ ဂန်ဂျူဂယောင်းရဲ့ နောက်ဆုံးစကားကို စိတ်ထဲမှာပြန်တွေးရင်း သူ့ကို လှည့်ကြည့်လိုက်တယ်။ သူက အခုအထိ ပြတင်းပေါက် အပြင်ကို ငေးကြည့်နေဆဲပါ။

"ဂျင်ဟာအဖေက ငါနဲ့ လက်ထပ်ခဲ့ရုံလေးနဲ့ ဘဝပျက်သွားတာလေ၊ ဂျင်ဟာက သူ့ဝမ်းကွဲတွေ အဘိုးအဘွားတွေဆီကနေ ရခဲ့သလို အခွင့်ထူးတွေ ဘာတစ်ခုမှမရဘဲ ကြီးလာရတာ။ သူ့အဖေကို ဥက္ကဋ္ဌဝူက မကြည်ဖြူတော့ အကြီးဆုံးမြေးလို တစ်ခါမှ အဆက်ဆံမခံခဲ့ရဘူး။ တခြားမြေးတွေလို လက်ပွန်းတတီးလည်း ပျိုးထောင်မခံခဲ့ရတော့ အချစ်လည်း မခံရဘူးပေါ့။"

“…”

"မိန်းမနဲ့ကလေးကိုပစ်ခဲ့တဲ့ မကောင်းတဲ့ကောင် ဂျင်ဟာအဖေအတွက်တော့ စိတ်မကောင်းမဖြစ်ပေမဲ့ အပြစ်မရှိတဲ့ ဂျင်ဟာအတွက်တော့ စိတ်မကောင်းဖြစ်ရတယ်။ အဲ့ဒါကြောင့် သူ ကောင်းကောင်းမွန်မွန်လေး တစ်အိုးတစ်အိမ် ထူထောင်နိုင်အောင်လို့ တအားကြိုးစားခဲ့တာ။ ပြီးပြည့်စုံတဲ့အိမ်တွေက မိန်းကလေးတွေကို အိမ်ခေါ်လာတော့လည်း သူက ဒီအတိုင်း ငြင်းပစ်တာပဲ။ စိတ်ကျဉ်းကျပ်လွန်းလို့ သေတော့မလိုပါပဲဆို။ ဒီအတိုင်း သူ့ကို လှေကားပေါ် နောက်တစ်ဆင့်လေးပဲရောက်အောင် ပို့ပေးဖို့လိုတော့တာကို။ အဲ့ဒါက သူ့အတွက် ဘယ်လောက်အထိ အထောက်အကူဖြစ်စေမှန်း နားလည်ရင်ကောင်းမှာပဲ...ယောက္ခမအသိုင်းအဝိုင်းရဲ့ အကူအညီနဲ့ နေသင့်တယ်ဆိုတာကိုလေ။ ထက်မြက်မှန်းတော့သိပေမဲ့ ဥက္ကဋ္ဌဝူကို မျက်နှာပြလို့လှမဲ့ ကိစ္စလေးတစ်ခုလောက်တော့ လုပ်မှပေါ့..."

“…”

"အဲ့ဒီလောက် ခေါင်းကြောမာမာနဲ့ ငြင်းနေတဲ့ကောင်က နောက်ဆုံးကျတော့ နင့်ကို ခေါ်လာတော့တာပဲ။ ငါ တစ်ခါလေးတောင် စိတ်မကူးကြည့်ဖူးတဲ့ နင့်ကိုမှလေ။ နင်က တစ်ခါမှ လိမ်ညာခဲ့တာမျိုးမရှိပေမဲ့ လှည့်စားသွားသလို ခံစားရတာက အဲ့ဒီအရာလေးတစ်ခုအပေါ်မှာ အများကြီး မျှော်လင့်ချက် ထားခဲ့မိလို့...အဓိပ္ပာယ်မရှိဘူးမဟုတ်လား။ သူက သူ့မိဘတွေရဲ့လမ်းစဉ်အတိုင်း တစ်ထေရာတည်းကိုလိုက်တာ၊ အဘိုးတွေ အဘွားတွေ အတန်တန်ကန့်ကွက်တဲ့ အိမ်ထောင်ရေးကိုမှ။ သူ့အဖေ ဘာကြောင့် အပယ်ခံဖြစ်ခဲ့ရတယ်မှတ်နေလဲ။ အမေတစ်ယောက်လုံး အဲ့ဒီအိမ်မှာ မရှိတဲ့လူလိုမျိုး အဆက်ဆံခံခဲ့ရတာကို အခု သူ့မိန်းမပါ အဲ့ဒီလိုဖြစ်ရပြီ။ တအားရူးမိုက်ရာမကျဘူးလား။"

"ဟုတ်ပါရဲ့။"

ကျွန်မ တည်တည်ငြိမ်ငြိမ်ပြန်ပြောလိုက်တော့ ယောက္ခမက ခြောက်ကပ်ကပ်ရယ်ခဲ့တယ်။

"နောက်ဆုံးတော့ ဂျင်ဟာရဲ့ ရွေးချယ်မှုပဲကို ငါက ​နင့်အပေါ်မှာ ဒေါသတွေပုံချခဲ့မိတယ်။ ဂျင်ဟာအပေါ်...ငယ်ငယ်က ခွင့်မလွှတ်နိုင်စရာအမှားတွေ လုပ်ထားပြီးသားလေ။ တကယ်ပြောတာ။ သူ့အတွက်တော့ ငါက အပြစ်သားပဲ။"

"..."

"အဲ့ဒီတုန်းက ငါ့မှာ သတိကပ်တဲ့နေ့ဆိုတာ ခပ်ရှားရှားပဲ။ ဂျင်ဟာအပေါ် လုပ်ခဲ့တဲ့အရာတွေကို ပြန်တွေးလိုက်ရင် ရဲတောင်အဖမ်းခံရသင့်တာ...အဲ့ဒါကြောင့် အခုအထိ သူ့ကို ​ထိတောင်မထိနိုင်ဘူး။ တစ်ခါတလေ သူ့ကို စကားတောင်မပြောနိုင်ဘူး။"

အိမ်ထောင်ရေး နိဋ္ဌိတံတော့မှပဲ ခင်ပွန်းဖြစ်သူရဲ့ ငယ်ဘဝ တစ်ပိုင်းတစ်စကို ကြားရတော့တယ်။ ဖခင်က မယားနဲ့သားကို ပစ်ခဲ့တဲ့ လုံးဝ မကောင်းတဲ့ကောင်ဖြစ်ပြီး အမေက သူငယ်ငယ်မှာ ခွင့်မလွှတ်နိုင်စရာလုပ်ရပ်တွေ အများကြီးလုပ်ခဲ့ပါတယ်ဆိုပြီး ဝန်ခံနေတယ်လေ....ကျွန်မကတော့ သူနဲ့ ကွာရှင်းမှုကို လက်စသတ်ဖို့အတွက် လမ်းမပေါ်မှာ ကာမောင်းလို့ပေါ့။ ဝူဂျင်ဟာနဲ့ပတ်သက်ပြီး နောက်ဆုံးသိရတဲ့အရာက သူ့အတွက် ပျော်ရွှင်ရတဲ့အချိန်အကြောင်းဖြစ်ခဲ့ရင် ကောင်းမှာပါ။

"ငါလည်း တအားဒေါသထွက်လွန်းလို့ နင့်အပေါ်မှာ အကုန်ပေါက်ကွဲခဲ့မိတယ်...အဲ့ဒီလို မလုပ်ခဲ့သင့်တာကို။ ဘယ်လောက်ပဲတွေးတွေး နင့်ကလေး အဲ့ဒီလိုဖြစ်သွားရတာ ငါ့ကြောင့်ပဲထင်တယ်..."

"..."

"ဟင့်အင်း၊ အဲ့ဒါပဲဖြစ်မှာ။ ငါ့ကြောင့်သာမဟုတ်ရင် နင့်ကို ကိုယ်ရောစိတ်ပါ ထိခိုက်အောင် ညှဉ်းဆဲမဲ့အရာ တခြားဘာများရှိဦးမှာလဲ။"

"...အဲ့ဒီလိုမဟုတ်ပါဘူး။"

ဟန်နမ်ဒုံအိမ်ကနေ ထွက်လာပြီးတဲ့နောက်မှာ ယောက္ခမနဲ့ကျွန်မ အချင်းချင်းဆက်သွယ်ဖြစ်တာက လက်ချိုးရေလို့ရတဲ့ အရေအတွက်ပါ။ အရာအားလုံးအတွက် ယောက္ခမကို နာကြည်းချင်ပေမဲ့ နောက်ဆုံးတော့ သူက ဒီအတိုင်း နောက်ခံတစ်စိတ်တစ်ပိုင်းလောက်ပါပဲ။ ဒီအတိုင်း အဲ့ဒီနေရာမှာရှိနေတဲ့အတွက် အဲ့ဒီအိမ်က တခြားဘယ်သူမဆို လုပ်လောက်မဲ့အရာကို လုပ်ခဲ့ရုံပါ။

"နောက်ဆုံးတော့ ငါက တစ်ထေရာတည်း လိုက်လုပ်မိတာပါလား။"

သူ့ကိုယ်သူ ဘယ်သူနဲ့ ယှဉ်ကြည့်နေမှန်းမသိ ရုတ်တရက်ထွက်လာတဲ့ စကားကြောင့် ကျွန်မ ကြောင်သွားခဲ့တယ်။ အရှေ့ကလမ်း ရှင်းသွားတော့ ကျွန်မ လီဗာကိုဖြည်းဖြည်းနင်းပြီး ဂန်ဂျူဂယောင်းကို တစ်ချက်ကြည့်လိုက်တဲ့အခါ သူက ကျွန်မကို ကြည့်နေပြီးသားပါပဲ။

"၁၉၈၅ မှာ ငါ ကလေးပျက်ကျခဲ့တာ။"

“…”

"ဂျင်ဟာမတိုင်ခင်။ အဲ့ဒီတုန်းက ငါ့အသက် ၂၂နှစ်ပဲရှိသေးတယ်။"

"တအားငယ်သေးတာပဲ။"

"ဟုတ်တယ်။ ကလေးက...ရှစ်လနီးပါးတောင်ရှိနေပြီလေ။"

“…”

"တကယ်တော့ လမစေ့ဘဲမွေးတာ။ ကလေးက အသေလေးထွက်လာတော့ အသေမွေးဖြစ်သွားတာပေါ့။ လမစေ့ဘဲမွေးလို့မဟုတ်ဘူး၊ ဗိုက်ထဲမှာကတည်းက သေနေပြီးသား။"

"...တော်တော်လေး ပင်ပန်းခဲ့ရမှာပေါ့။"

"အစက လက်တွေ့လို့ မခံစားရဘူး။ တအားကိုမရင့်ကျက်သေးလို့ 'ဗိုက်က တဖြည်းဖြည်းပူလာတော့ ဘယ်လိုများမွေးရပါ့မလဲဆိုပြီး ကြောက်နေခဲ့တာကို ဒီလိုဖြစ်သွားတာလည်း ကောင်းသွားတာပဲလားမသိဘူး...' ဆိုပြီး တွေးခဲ့တာ။"

“…”

"တကယ် အဲ့ဒီလိုဖြစ်သွားတာပဲ ကောင်းပါတယ်လေလို့တွေးပြီး ငိုခဲ့တာ။ အဲ့ဒါကလွဲပြီး ကလေးသေသွားလို့ကောင်းတာ တခြားဘာမှရှာကြည့်လို့မရခဲ့ဘူး။ အိမ်ထောင်ကျတာနဲ့ ငါကပဲအကြွေးတင်နေသလိုလို ပိုက်ဆံပဲ လာလာတောင်းနေတဲ့ မိဘတွေရဲ့လက်ကနေလွတ်မှာပဲ၊ တော်ပေ့ကောင်းပေ့ဆိုတဲ့ ခင်ပွန်းကတော့ ငါ့ကို ကာကွယ်ပေးပြီး သူ​​ဌေးအိမ်မှာ ဇိမ်နဲ့နေရတဲ့ဘဝမျိုးရမှာပဲလို့ ထင်ခဲ့တာလေ...ဒါပေမဲ့ တကယ့်တကယ် အဲ့ဒီမိသားစုထဲကို ဝင်ပြီးသွားတဲ့နောက်ပိုင်းမှာ တစ်ရက်လေးတောင် မပျော်ခဲ့ရဘူး။ အဲ့ဒါကြောင့် ကိုယ့်ဘက်မှာရှိပေးမဲ့သူကို လိုချင်ခဲ့တာ။ အဲ့ဒီကလေးလေး မွေးလာမှာကိုပဲ မျှော်နေခဲ့တာလေ။"

လွန်ခဲ့တဲ့တစ်လက ဆေးရုံခုတင်မှာ လှဲနေခဲ့တဲ့ကျွန်မကနေ ၂၂နှစ်အရွယ် ကျွန်မအဖြစ် ပြောင်းသွားပုံကို တွေးကြည့်လိုက်တယ်။ မဟုတ်လည်း ၂၂နှစ်အရွယ်ကျွန်မ ဘာလုပ်နေခဲ့သလဲဆိုပြီးတော့ပေါ့။

ဘယ်တစ်ခုကိုပဲတွေးကြည့်ပါစေ အခုလက်ရှိကနေ အဝေးကြီးဝေးကွာနေသလိုပါပဲ။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment