no

Font
Theme

အခန်း ၄၈

Translator - D

ဝူဂျင်ဟာအပြောအရဆို ကျွန်မက နှစ်ရက်ကျော်ကြာအောင် အိပ်ပျော်နေခဲ့တာပါတဲ့။ အဲ့ဒီအတောအတွင်းမှာ ပါမောက္ခဟန်က အကြိမ်ကြိမ် လာကြည့်ပေးခဲ့ပေမဲ့ အကြောဆေးသွင်းပေးတာကလွဲလို့ ဘာမှမလုပ်ပေးနိုင်ခဲ့ဘဲ ကျွန်မကတော့ ဒီအတိုင်း အိပ်မောကျနေခဲ့တယ်လို့ပြောတော့ အဲ့ဒီစကားကို လုံးဝ မယုံကြည်နိုင်ခဲ့ပါဘူး။

အချိန်တွေ အဲ့ဒီလောက်တောင် ကုန်ဆုံးသွားခဲ့တယ်ဆိုတာကို လက်တွေ့မကျသလို ခံစားနေရတယ်လေ။ တကယ်တော့ အိပ်မက်တောင် မမက်ခဲ့တာမို့လို့ သုံးလေးနာရီလောက်ပဲ ခဏမှေးပြီး နိုးလာတဲ့ ခံစားချက်မျိုးပါ။ ဒါပေမဲ့ ဆက်တိုက်သွင်းထားတဲ့ အကြောဆေးတွေကြောင့်ပဲလားမသိ၊ ကျွန်မကတော့ အရင်ကထက် အများကြီး နေလို့ကောင်းနေခဲ့တယ်။ ကျွန်မမှာ ရောဂါကြီးကြီးမားမား တစ်ခုခုရနေသလိုမျိုး မျက်နှာပျက်နေတဲ့ ဝူဂျင်ဟာရဲ့ မျက်နှာထားနဲ့ ဆန့်ကျင်ဘက်ပေါ့။

တစ်နာရီတောင်မပြည့်ခင်မှာပဲ ပါမောက္ခဟန်က တစ်ခေါက်ထပ်ရောက်လာခဲ့တယ်။ ဝူဂျင်ဟာက သံသယစိတ်တွေ ဝင်နေတဲ့လူတစ်ယောက်လို မေးခွန်းပေါင်းစုံကို တရစပ်မေးနေခဲ့ပြီး ပါမောက္ခဟန်ကတော့ အဲ့ဒီကြားထဲကနေ ကျွန်မကို မေးခွန်းတစ်ခုချင်းစီ လိုက်မေးနေတာပါ။ ဒါပေမဲ့ ကျွန်မမှာ ထူးခြားတဲ့လက္ခဏာရယ်လို့ မရှိတာကြောင့် နှစ်ယောက်စလုံး ပြောစရာမရှိဖြစ်သွားတော့တယ်။

“ဒီကိစ္စမှာ အကြောင်းရင်းက အရမ်းကို ရှင်းလင်းနေပြီးသားပါ။ သိပြီးသားဖြစ်လောက်မယ်ဆိုပေမဲ့...”

ပါမောက္ခဟန်ရဲ့ အကြည့်က ကျွန်မရဲ့ လက်တွေဆီ ရောက်လာခဲ့တယ်။ လက်ကောက်ဝတ်ကနေ လက်ဖမိုးအထိ ကျွန်မ မသိလိုက်တဲ့အချိန်မှာ ထိုးထားတဲ့ ဆေးထိုးအပ်တွေကြောင့်ဖြစ်နေတဲ့ အညိုအမည်းကွက်တွေက နေရာအနှံ့ ပြန့်ကြဲလို့လေ။

ဒါပေမဲ့ ဆရာဝန်က သာမန် အညိုအမည်းတွေထက် တခြားအရာကို ပိုပြီး အာရုံစိုက်ကြည့်နေမှန်း ကျွန်မ ခံစားမိလိုက်တယ်။ အကြောဆေး အဓိကသွင်းထားတဲ့ လက်က လက်ထိပ်ခတ်ခံထားရတဲ့ ညာဘက်လက် ဖြစ်နေတာကိုး။

လက်ကောက်ဝတ်မှာ အချိန်အကြာကြီး ချည်နှောင်ခံထားခဲ့ရသလိုမျိုး နီရဲနေတဲ့ အမှတ်အသားတွေ ကျန်နေတာကို အခုမှပဲ သတိထားမိသွားတော့တယ်။ နှစ်ရက်လောက်ပဲ ရှိသေးပေမဲ့ အမှတ်အသားတွေက သိသိသာသာကြီး ကျန်နေခဲ့တာပဲ...။ ကျွန်မ ဝူဂျင်ဟာကို ခိုးကြည့်လိုက်မိတယ်။ ဝူဂျင်ဟာရဲ့ အကြည့်ကတော့ ကျွန်မရဲ့ လက်ကောက်ဝတ်ဆီကနေ မခွာတမ်းစွဲမြဲနေတာပါ။

ဝူဂျင်ဟာ ကျွန်မကို ဘယ်လောက်ပဲ သေသပ်တဲ့ အဝတ်အစားတွေ ဝတ်ပေးထားပါစေ၊ ပေါ်နေတဲ့ လည်ပင်းတို့၊ လက်ကောက်ဝတ်တို့မှာ ကျန်နေတဲ့ နီစွေးစွေး အမှတ်အသားတွေကိုတော့ မြင်ကွင်းထဲကနေ ဖျောက်လို့ရမှာ မဟုတ်ဘူးလေ။ ကျွန်မရဲ့ တစ်ကိုယ်လုံးက ဝူဂျင်ဟာရဲ့ အမှတ်အသားတွေနဲ့ချည်း ပြည့်နှက်နေတာကိုး။

“အဲ့ဒါကြောင့် ကုထုံးက ရိုးရှင်းပါတယ်။ ဒုဥက္ကဋ္ဌဝူအနေနဲ့ လောလောဆယ် ဆရာကတော်ရဲ့ ခန္ဓာကိုယ်ကို လက်ဖျားနဲ့တောင် မထိဘဲနေပေးရင် ရပါပြီ။”

“…….”

“ဆရာကတော်ကတော့ လုံးဝ အနားယူပေးပါ။”

“ဟုတ်ကဲ့။”

မိသားစုဆရာဝန်က သူ့ကို ဒီလိုစကားမျိုး ဗြောင်ကျကျ ပြောထွက်လိမ့်မယ်လို့ ထင်မထားတာကြောင့် ကျွန်မ နည်းနည်းတော့ အံ့အားသင့်သွားပေမဲ့ အတတ်နိုင်ဆုံး ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်တယ်။ အားဆေးပုလင်း ကုန်ခါနီးတာကိုမြင်တော့ ပါမောက္ခဟန်က အခန်းအပြင်မှာ စောင့်နေတဲ့ သူနာပြုကိုခေါ်ပြီး အပ်ကို ထုတ်ခိုင်းခဲ့တယ်။

သူနာပြု ညွှန်ကြားတဲ့အတိုင်း အရက်ပြန်ဂွမ်းနဲ့ ဖိထားရင်း သွေးလေးတွေ စိမ့်ထွက်လာတာကို ငေးကြည့်နေတုန်းမှာပဲ အခန်းထဲက လူတွေ အကုန်လုံး အပြင်ထွက်သွားကြတယ်။ ကျွန်မလည်း ဆေးရုံမှာလိုမျိုး ခုတင်ခေါင်းရင်းမှာရှိတဲ့ အကြောဆေးချိတ်တိုင်ကို မော့ကြည့်နေမိရာကနေ ဂွမ်းကို သွားပစ်ဖို့ ကိုယ်ကိုထူလိုက်မိတယ်။

အဲ့ဒီအချိန်မှာပဲ အခန်းတံခါး ပွင့်လာပြီး ဝူဂျင်ဟာ ပြန်ဝင်လာပါတော့တယ်။

“ဘာလုပ်နေတာလဲ။”

“အာ……”

သူက ပျာတိပျာယာ အနားကို လျှောက်လာပြီး ထိုင်ချလိုက်တာကြောင့် ကျွန်မလည်း တော်တော်လေး ကြောင်သွားတာပေါ့။

“ဒါ သွားပစ်မလို့ပါ။”

ဝူဂျင်ဟာက သက်ပြင်းကို အရှည်ကြီးချလိုက်ရင်း ကျွန်မလက်ထဲက အရက်ပြန်ဂွမ်းကို ဆွဲယူသွားခဲ့တယ်။ အဲ့ဒီဂွမ်းကို ကြမ်းပြင်ပေါ် ဒီအတိုင်း ပစ်ချလိုက်တာက နားမလည်နိုင်စရာဖြစ်နေတာကြောင့် ခုတင်ပေါ်ကနေ ဆင်းဖို့လုပ်တော့မှ သူက စိတ်တိုတိုနဲ့ ပြန်ထပြီးတော့ ဂွမ်းကို ကောက်ပြီး အမှိုက်ပုံးဆီ လျှောက်သွားတော့တယ်။

“...စိတ်ဆိုးနေတာလား။”

“…….”

“ဘာလို့ ဒီလောက်တောင် စိတ်တိုနေတာလဲ။”

“...မင်းကရော။”

“ရှင်။”

ဝူဂျင်ဟာက ခုတင်နဲ့ မလှမ်းမကမ်းမှာရပ်ပြီး ကျွန်မကို ကြည့်နေခဲ့တယ်။ အတိအကျပြောရရင် ကျွန်မကို ကြည့်နေတာမဟုတ်ပါဘူး။ ကျွန်မရဲ့ လည်ပင်းတို့၊ ရင်ဘတ်နားတို့ကိုပဲ ကြည့်နေပြီး ကျွန်မမျက်လုံးတွေကိုတောင် တည့်တည့်မကြည့်ဝံ့တဲ့သူလို ပြုမူနေခဲ့တာပါ။

“မင်းက ဘာလို့ စိတ်မဆိုးတာလဲ။”

“ကျွန်မက ဘာလို့ စိတ်ဆိုးရမှာလဲ။”

“ငါသာဆိုရင် တစ်ယောက်ယောက် ငါ့ကို လည်ပင်းညှစ်သတ်ပေးရင်ကောင်းမယ်လို့ တွေးမိမှာကို၊ သေချင်လောက်အောင် ဖြစ်နေမှာကို... မင်းက ဘာလို့ အဲ့ဒီလို မဖြစ်ရတာလဲ။”

“…….”

“အခု... အခု ငါ့ကို စိတ်တောင်မဆိုးတော့ဘူးလား။”

“အဲ့ဒီတော့ ကျွန်မက ဘာလို့ ဂျင်ဟာကို...”

“ငါ့ကို စိတ်တောင်မဆိုးနိုင်လောက်တဲ့အထိ ငါက ငြီးငွေ့စရာဖြစ်နေပြီလား။”

“…….”

“ငါ့ကို မုန်းတောင်မမုန်းနိုင်လောက်အောင်...အခု ငါ့ကို စိတ်မဝင်စားတော့ဘူးလား။”

“…….”

“အရမ်း စိတ်ကုန်သွားလို့ အဲ့ဒီလိုလား။ ငါက မင်းကို... မင်းကို......”

သူက စကားကို ဆုံးအောင်မပြောနိုင်တော့ဘဲ လက်ဖဝါးတွေနဲ့ မျက်နှာကို သပ်လိုက်တယ်။ အဲ့ဒီလိုဆိုမှ သူ့မျက်နှာက အရင်ကထက်တောင် ပိန်ချောင်သွားသလိုပါပဲ။

ကျွန်မ အခု ကိုယ့်မျက်နှာကိုယ်မမြင်ရပေမဲ့ သူကမှ ခုတင်ပေါ်မှာ လှဲအိပ်နေရမဲ့ လူမမာနဲ့ ပိုတူနေလိမ့်မယ်ဆိုတာကိုတော့ ကျိန်းသေပေါက် အာမခံနိုင်ပါတယ်။

“...အတည်ပြုချင်ခဲ့တာ။ မင်း ငါ့ကို အခုအထိ ချစ်နေသေးတယ်ဆိုတာ၊ အစတုန်းကတော့ အဲ့ဒါကိုပဲ...အတည်ပြုချင်ခဲ့တာကို။ ငါတစ်ယောက်တည်း အရူးလိုမျိုး ဒီအိမ်ထောင်ရေးကို ဖက်တွယ်ထားတာ မဟုတ်ဘူးဆိုတာကို။”

“…….”

“မင်းလည်း နောက်ဆုံးတော့၊ ငါ့ကို ချစ်နေတာပဲမို့လို့။ အဲ့ဒါကြောင့် ဘာမှမဖြစ်ဘူးလို့... ချီးပဲ၊ အောက်တန်းကျတဲ့ကောင်က ဆင်ခြေပေးတာတောင် အောက်တန်းကျလိုက်တာ...အဲ့ဒါကြောင့် ကားပါကင်မှာ... အစကတည်းက နောင်တရခဲ့တာ။ မင်းရဲ့ကားနဲ့ တိုက်မိခဲ့တဲ့ အဲ့ဒီအချိန်ကတည်းက နောင်တရနေခဲ့တာ။ ချီးပဲ... ငါက အဲ့ဒီလို အရူးအလုပ်မျိုး လုပ်ခဲ့မိတယ်ဆိုတာကို မယုံနိုင်လို့၊ မင်းသာ ​မတော်လို့ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုပြီး... ရယ်ရတာက မင်း ကားပေါ်က မဆင်းခင်အထိ ငါဘာမှ မတွေးမိခဲ့ပေမဲ့၊ မင်း ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ဆင်းလာတော့မှ သေမတတ် ကြောက်သွားတာ။ တချို့အခိုက်အတန့်တွေက ပြန်ပြင်လို့ မရနိုင်တာမို့လို့...”

“…….”

“ငါက အဲ့ဒါကို တအားကြောက်နေခဲ့ပေမဲ့ မင်းပြောလိုက်တဲ့ စကားတွေကြောင့် စိတ်တွေလွတ်သွားတာ။ မင်းမျက်လုံးထဲမှာ မြင်နေရတဲ့ ငါ့ပုံစံက၊ မင်းပြောနေတဲ့ ငါ့အကြောင်းတွေက တအား ရွံစရာကောင်းလွန်းလို့ သည်းမခံနိုင်ခဲ့ဘူး။”

“…….”

“အဲ့ဒါကြောင့် မင်းက၊ ထပ်ပြီး၊ နည်းနည်းလေးတောင် ငါ့ကို မချစ်တော့မှာကို ကြောက်မိသွားလို့ပါ။ ဟီဂျူရယ်။”

သူက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့ စကားတွေကို အနိုင်နိုင် ပြန်ဆက်နေခဲ့တယ်။ မျက်လုံးတွေကတော့ အခုအထိ ကျွန်မကို မကြည့်ရဲသေးတဲ့ အခြေအနေမှာရှိနေဆဲပါ။

“နည်းနည်းလေးတောင်မှ... မင်းရဲ့စိတ်က ကျန်မနေတော့မှာကို ကြောက်လို့။ ငါ ဒီလိုမျိုးတွေ လုပ်ရင်တောင်မှ နောက်ဆုံးတော့ မင်းက ငါ့ကို ချစ်နေတုန်းပဲ မဟုတ်လားဆိုပြီး အတင်းအကျပ် တွန်းအားပေးလိုက်ရင် ငါ အသက်ရှူရတာ နည်းနည်း သက်သာသွားမယ်လို့ ထင်ခဲ့မိတာ။”

“...အဲ့ဒီတော့ အဆင်ပြေသွားရောလား။”

“ဟင့်အင်း။ အဆင်မပြေဘူး။ အသက်၊ မရှူနိုင်ဘူး၊ ဘာပဲလုပ်လုပ်......”

ကျွန်မ အချိန်နဲ့အမျှ ပြောင်းလဲသွားတဲ့ သူ့ရဲ့မျက်နှာကို သိနေပါတယ်။ သူ ဘယ်လောက်ပဲ ကျွန်မကို ဖျက်ဆီးဖို့ ကြိုးစားပါစေ၊ သူ ကိုယ်တိုင် ပျက်စီးနေသလောက်တော့ ကျွန်မက ပျက်စီးမသွားနိုင်ဘူးဆိုတာကိုရောပေါ့။

ဝူဂျင်ဟာနဲ့ မတူရတာက ကျွန်မက ကိုယ့်ရဲ့ မိုက်မဲပြီး သံယောဇဉ်အမျှင်တန်းနေတဲ့ အချစ်အပေါ်မှာတောင် ယုံကြည်ချက်ရှိတဲ့လူ ဖြစ်နေလို့ပါပဲ။ သူ့ကိုတော့ အမြဲတမ်း နုနယ်စွာ တုံ့ပြန်တတ်သလောက် ကျွန်မရဲ့ခံစားချက် အောက်ခြေကတော့ ခိုင်မာနေတယ်လေ။

ဘဝရဲ့ ဘယ်နေရာမှာမှ မသေချာမရေရာတဲ့ အတွေးမျိုး ရှိလိမ့်မယ်လို့ မထင်ရအောင် ပြည့်စုံလွန်းတဲ့သူ တဖြည်းဖြည်း ပြိုလဲနေတဲ့ပုံစံကို ကြည့်ရတာက ထူးဆန်းတဲ့ သနားကရုဏာစိတ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

“အသက်မရှူနိုင်ဘူး။ ချောက်ကမ်းပါးက အရှေ့မှာတင်ရှိနေတာကို မင်းက တဖြည်းဖြည်း ဝေးကွာသွားတာ၊ ဘယ်လောက်ပဲ ဖိအားပေးပါစေ နီးမလာတာကို စိုးရိမ်နေလို့... ချီးပဲ၊ ငါက၊ ငါက၊ ဟီဂျူရာ။”

“…….”

“ငါက မင်းကို နောက်ဆုံးတော့ သတ်ပစ်လိုက်မိပြီလို့ ထင်ခဲ့တာ။”

တွေးတောင်မတွေးမိတဲ့ စကားကြောင့် ကျွန်မ အားမပါစွာနဲ့ ရယ်မိသွားတယ်။

“အသက်ရှင်နေတာပဲမဟုတ်လား။”

“မင်း မျက်လုံးတွေ ဖွင့်မလာလို့။ ဘယ်လောက်ပဲ ခေါ်ခေါ် နိုးမလာလို့။”

“ပါမောက္ခဟန်က ဒီအတိုင်း အိပ်ပျော်သွားရုံပဲလို့ သေချာပေါက် ပြောခဲ့တာကို။”

“ငါကတော့ မင်း အခု ငါ့ရှေ့မှာ ဘာစကားပဲပြောပြော၊ အခုအထိ မျက်လုံးမဖွင့်နိုင်တဲ့ မင်းကို တွေးမိနေတုန်းပဲ။”

“…….”

“ငါက လုံးဝ ဖျက်ဆီးပစ်လိုက်လို့၊ နောက်ထပ် ပြန်မလှုပ်ရှားနိုင်တော့တဲ့ မင်းကိုပဲ တွေးမိနေတာ။”

“အဲ့ဒါက ဘာမှမဆိုင်တဲ့ အပူအပင်တွေပါ။”

“အဲ့ဒီနေ့က ကားပါကင်မှာ... မင်းကို ဒီအတိုင်း လွှတ်ပေးလိုက်ရမှာလို့ တွေးမိတယ်။”

“…….”

ခံစားချက်က ထူးဆန်းနေခဲ့တယ်။ ကျွန်မကတော့ သုံးလေးနာရီလောက်ပဲ အိပ်ပျော်သွားပြီး သူ့ကို ပြန်မြင်ရတဲ့ ခံစားချက်မျိုးဆိုပေမဲ့ သူကတော့ ကျွန်မကို လပေါင်းများစွာကြာမှ ပြန်တွေ့ရတဲ့လူလို ပြုမူနေတာကြောင့်ပါ။ ကျွန်မတို့နှစ်ယောက်စလုံးမှာ နှစ်ရက်ခွဲဆိုတဲ့ အချိန်အတိုင်းအတာနဲ့ ကိုက်ညီတဲ့ လက်တွေ့ကျကျခံစားချက်မျိုး ရှိမနေကြဘူး ထင်ပါရဲ့။

ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်တော့ တစ်မနက်အတွင်းမှာတင် ကမ္ဘာကြီးက ရုတ်တရက် ပြောင်းလဲသွားခဲ့တာပါပဲ။ မဆိုးလှတဲ့ အပြောင်းအလဲဆိုပေမဲ့ ရင်ထဲမှာ တစ်ခုခုက လှုပ်ခတ်နေခဲ့တယ်။ အကြောင်းရင်းကိုတော့ မသိနိုင်ခဲ့ဘူးပေါ့။

သူက ကျွန်မ နောက်ဆုံး ကိုင်ခဲ့တဲ့အိတ်ကို ဘေးနားမှာ ချပေးခဲ့တယ်။ ဖုန်း၊ ပိုက်ဆံအိတ်၊ ကားသော့... အားလုံး အထဲမှာ ရှိနေပါပြီ။ ကျွန်မလည်း နှလုံးသား အောက်ခြေအထိ ပြုတ်ကျသွားသလို ခံစားလိုက်ရတာကို အတတ်နိုင်ဆုံး လျစ်လျူရှုထားလိုက်တယ်။

အခုတော့ လွတ်လပ်သွားပြီလေ။ ရယ်စရာကောင်းပေမဲ့ သိပ်ပြီးတော့လည်း မပျော်မိတဲ့ လွတ်လပ်မှုမျိုးပေါ့။

“ကျန်တဲ့ ကားသော့ရော။”

“ဖျက်ဆီးပစ်လိုက်ပြီ။”

“...နောက်နေတာလား။”

“ဟင့်အင်း။”

“ကျွန်မပိုက်ဆံနဲ့ ဝယ်ထားတဲ့ ကျွန်မကားပါ။ ရှင်ဝယ်ပေးထားတာ မဟုတ်ပါဘူး။”

“အဲ့ဒီကားက အန္တရာယ်များလို့ မစီးနဲ့တော့။ ကားအသစ်က နောက်အပတ်ထဲမှာ ဝင်လာလိမ့်မယ်။”

“အဲ့ဒီအစား ကားတန်ဖိုးအတိုင်းပဲ ပိုက်ဆံပေးလိုက်ပါ။”

“အဲ့ဒါလည်း ပေးမယ်။”

“ကျွန်မပြောတာက ပိုက်ဆံပဲလိုချင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ မကြာခင် ကွာရှင်းတော့မဲ့ မိန်းမကို ရှင့်သဘောနဲ့ရှင် ဝယ်ပေးမဲ့ကား မဟုတ်ပါဘူး။”

ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီး ရပ်နေတဲ့ သူ့ကို ကျော်ဖြတ်ပြီး ကျွန်မ အိပ်ခန်းထဲက ထွက်လာခဲ့တယ်။ ဗိုက်ဆာနေပြီလေ။ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တော့ ဘာမှမရှိပါဘူး။ ကျွန်မကတော့ IV drip တွေနဲ့ ဆက်တိုက်နေခဲ့တာဆိုပေမဲ့ သူကရော ဘာတွေစားပြီး နေနေခဲ့တာပါလိမ့်။

အဖြေကတော့ ခြောက်ကပ်နေတဲ့ သူ့မျက်နှာမှာ အတိုင်းသားပါပဲ။ နှစ်ရက်အတွင်းမှာတင် သိသိသာသာကို ပိန်ချောင်သွားတာလေ။

“ထွက်ရအောင်။ ကျွန်မ ဗိုက်ဆာလို့။”

ဝူဂျင်ဟာက ကျွန်မစကားကိုကြားတော့ သူ အရှေ့မှာရှိနေရင် ကျွန်မအတွက် ရွံစရာကောင်းနေမှာကို ထမင်းရော မျိုကျပါ့မလားလို့ ပြန်မေးလာတယ်။

တကယ်ပဲ အံ့သြလွန်းလို့ အိတ်ကိုယူပြီး အိမ်ရှေ့တံခါးဆီ ထွက်လာတော့ သူက အနောက်ကနေ အင်မတန် သတိထားပြီး လိုက်လာခဲ့တယ်။ ရွံစရာကောင်းမှာကို ဘာလို့လိုက်လာတာလဲလို့ မေးတော့ တစ်ယောက်တည်းလွှတ်ရမှာ စိတ်ပူလို့တဲ့လေ။

ဓာတ်လှေကားထဲမှာတော့ မသိတဲ့လူတွေလို တစ်ဖက်စီ ခပ်ခွာခွာ ရပ်နေခဲ့ကြတာပါ။ ကားပါကင်ရောက်တော့လည်း သူက ကျွန်မအနောက်ကနေ လိုက်လာရုံသက်သက်ပါပဲ။

“ကျွန်မ အသက်ရှင်လျက်နဲ့ ကားလည်းမောင်းနိုင်နေတာ မဆန်းကြယ်ဘူးလားဟင်။”

“...အရှေ့ကိုပဲ ကြည့်မောင်းစမ်းပါ၊ ဟီဂျူရာ။”

အထွက်လမ်း အတက်ကိုမောင်းဖို့ သတ္တိမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကားရဲ့ မောင်းသူထိုင်ခုံမှာထိုင်ဖို့ ငြင်းဆိုခဲ့တဲ့ သူက အဲ့ဒီလိုပြောပြီး တခြားတစ်နေရာကိုပဲ ကြည့်နေခဲ့တယ်။ ကျွန်မတို့ မတော်တဆမှုဖြစ်ခဲ့တဲ့နေရာကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ။

အဲ့ဒီနေ့က ကျွန်မတို့ တကယ်ကို အရသာရှိတဲ့ ညစာကို စားခဲ့ကြတယ်။ နောက်ဆုံးအကြိမ်အဖြစ်ပေါ့။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment