no

Font
Theme

အခန်း ၅၁

Translator - D

ဘန်ယူဂျောင်းတစ်ယောက် စကားလုံးတွေ ပီသအောင်မပြောနိုင်ဘဲ ဗလုံးဗထွေး စဖြစ်လာပြီဆိုရင် များသောအားဖြင့် ဘာမှမမှတ်မိတတ်တာ ထုံးစံပါပဲ။ ဒါက သူ့ရဲ့ အသိသာဆုံး ​အမူးလွန်တဲ့ အပြုအမူပေါ့။ ကျွန်မလည်း ဒီဝိုင်းကတော့ ပြီးပြီဆိုတဲ့သဘောနဲ့ ခေါင်းတခါခါလုပ်လိုက်မိတယ်။ ဂင်ယွန်းဟျောင်းကတော့ အမြည်းနှစ်ခုလောက် ကောက်စားနေရာကနေ ဇွန်းကို ပါးစပ်မှာတေ့လျက်သားနဲ့ အံ့သြတကြီး ကြောင်အမ်းအမ်းနဲ့ပါ။

“ဝါး... လူကို အလကားသက်သက် ခေါ်ထုတ်ပြီးတော့ ဒရိုက်ဘာလိုပါ ခိုင်းနေတာလား...ဘန်ယူဂျောင်း ပြောပုံကိုလည်း ကြည့်ပါဦး။”

“ယူဂျောင်းပြောတာ မှန်တယ်။ အခုမှ အတူတူသောက်ဖို့ဆိုတာလည်း နောက်ကျနေပြီဆိုတော့ ငါတို့ကို အိမ်ပဲလိုက်ပို့ပေးတော့။”

“နင်လည်း သူ့အတိုင်းပဲ အရှက်မရှိတော့တာလား။”

“အင်း။”

“ဘယ်လောက်နဲ့လဲ။”

“နည်းနည်းတော့ ဈေးကြီးတယ်။”

“ဟဲ့... ငါတို့မှာ... ငါတို့မှာလည်း အကုန်.. အဲ့ဒီလိုဖြစ်စရာအကြောင်းရင်းတွေ ရှိလို့ပါဟယ်...”

ဘန်ယူဂျောင်းက တကယ့်ကို မျှော်လင့်ချက်မဲ့နေသလို လေသံလေးနဲ့ ပြောလိုက်တာကြောင့် ဂင်ယွန်းဟျောင်းလည်း တစ်ချက် ဆတ်ခနဲတွန့်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ဘန်ယူဂျောင်းက ရုတ်တရက် ခွက်ထဲမှာ ကျန်နေတဲ့ ဆိုဂျူတွေအကုန်လုံးကို အကုန်မော့ချပစ်တော့တယ်။ ခဏလေးအတွင်းမှာပဲ ဖြစ်သွားတာပါ။ 'အေး... ကုန်အောင်သာ သောက်လိုက်တော့...' ဆိုပြီး ဘေးကနေ ယွန်းဟျောင်းရဲ့ သက်ပြင်းချသံ ထွက်လာတော့တယ်။

“အကြောင်းရင်းက ဘာလဲ။ ဒါနဲ့ နေပါဦး၊ ဖောက်ပြန်တယ်ဆိုတာက ဘာလဲ။ ဘယ်သူက ဖောက်ပြန်လို့လဲ။”

“အဲ့ဒါက ဖောက်ပြန်တဲ့အဆင့်အထိတော့ မဟုတ်သေးပါဘူး...ဟင့်အင်း... ဟီဂျူပြောတော့ ဖောက်ပြန်တာတဲ့...”

“ဖောက်ပြန်တာ အမှန်ပဲ။ သူတော့ အခု တကယ် သွားပြီ။”

“ဘန်ယူဂျောင်းရဲ့ ရည်းစားလား။”

“အင်း။”

“အဲ့ဒီ မင်းသားအလောင်းအလျာဆိုတဲ့ တစ်ယောက်လား။”

“မင်းသားဖြစ်စရာလား။”

ဘန်ယူဂျောင်းက မျက်နှာကို ရှုံ့မဲ့ပြီး ဂင်ယွန်းဟျောင်းကို ငေါက်ငမ်းသလို မေးခဲ့တယ်။ အတည်ပေါက်နဲ့ လုပ်နေတာဆိုပေမဲ့ ပြောပုံဆိုပုံက သိပ်ကိုအဓိပ္ပာယ်မရှိလွန်းတာကြောင့် ရယ်ပဲရယ်ချင်လာရတာပေါ့။ ဂင်ယွန်းဟျောင်းက သက်ပြင်းတစ်ချက်ချပြီး ရုတ်တရက် အမြည်းတွေကို တစ်ပြိုင်တည်း အများကြီး ကောက်စားလိုက်တယ်။ ပြီးမှ ချက်ချင်း ထရပ်ပြီးတော့ ဘန်ယူဂျောင်း ထိုင်နေတဲ့ဘက်ကိုသွားပြီး သူ့ကို အတင်းဆွဲထူခဲ့တယ်။

“သွားကြစို့။”

“အခုပဲလား။ နင်ရောက်လာတာမှ မကြာသေးဘူးလေ။”

“ဒီထက်ပိုသွားရင် သူ လေးဘက်ထောက်ပြီး သွားတော့မှာ နင်လည်း အသိပဲမဟုတ်လား။ အခုပဲ ရပ်မှပေါ့။”

ဒါက ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျွန်မလည်း ခေါင်းညိတ်ပြီး သူတို့နှစ်ယောက်နောက်ကနေ လိုက်ခဲ့တယ်။ ထိုင်နေတုန်းကတော့ တော်သေးတယ်လို့ ထင်ခဲ့ပေမဲ့ အခုမှပဲ မူးတဲ့အရှိန်က တစ်ကိုယ်လုံးအထိ တစ်ပြိုင်နက်တည်းဝင်လာတာပါ။ ယိုင်တိုင်တိုင်ဖြစ်သွားတဲ့ ခြေလှမ်းတွေကို ပြန်ထိန်းရင်း ကျွန်မ ဘောက်ချာကို ကောက်ယူလိုက်တယ်။

“အဲ့ဒီအရူးကောင်နဲ့ မနက်ဖြန် အလုပ်မသွားခင် ချက်ချင်း လမ်းခွဲလိုက်။ ကြားလား။”

“အင်း......”

“အဖြေက ရှည်လိုက်တာ။ အသံရှည်ဆွဲပြီးတော့။ တခြားအတွေး လျှောက်မတွေးနဲ့နော်။ သိလား။ ဒီအတိုင်း လမ်းခွဲလိုက်ရုံပဲ။”

“အင်း...သိပါတယ်...”

“ဘန်ယူဂျောင်းရာ နင်က ဘာတွေများ လိုအပ်ချက်ရှိနေလို့ အဲ့ဒီလို အသုံးမကျတဲ့ကောင်မျိုးနဲ့မှ တွဲနေရတာလဲ။”

“မှန်တာပဲ။”

အရှေ့ကနေ ကြားနေရတဲ့ တကယ့် အလေးအနက် စကားဝိုင်းကို နားထောင်ရင်း ကျွန်မ ခပ်ဖွဖွ ရယ်မိသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုးလာရင် မှတ်မိမှာမဟုတ်တာကို အလေးအနက်ထားပြီး အကြိမ်ကြိမ် ကတိတောင်းလိုက်၊ အတည်ပြုလိုက် လုပ်နေတာက တကယ့် ဂင်ယွန်းဟျောင်း စတိုင်လ်ပါပဲ။

အဲ့ဒီလိုနဲ့ ဆိုင်ထဲက ထွက်လာပြီး ကျွန်မတို့ ဂင်ယွန်းဟျောင်းရဲ့ ကားကို စီးခဲ့ကြတယ်။ နောက်ခန်းမှာ ထိုင်ခိုင်းထားပေမဲ့ အဲ့ဒီအတိုင်း ဘေးတိုက် လဲကျသွားတဲ့ ယူဂျောင်းက ရုတ်တရက် ဂင်ယွန်းဟျောင်းရဲ့နာမည်က ဂင်ယွန်းဆူလိုပဲ 'ယွန်း' နဲ့ စတာချင်း တူတယ်ဆိုပြီးတော့ ကားပေါ်က ဆင်းတဲ့အထိ အပြစ်မရှိတဲ့ ဂင်ယွန်းဟျောင်းကို တရစပ် ဆဲဆိုသွားတော့တယ်။ ဂင်ယွန်ဟျောင်းအတွက်တော့ ဘာမှအဖတ်မတင်တဲ့နေ့ပါပဲ။

တော်သေးလို့ ယူဂျောင်းတို့အိမ်က ၁၀ မိနစ်ခရီးလောက်ပဲ ဝေးတာကြောင့် ကျွန်မတို့ သူ့ကို အိမ်ထဲအထိ မြန်မြန်လေး ပို့ပေးနိုင်ခဲ့တယ်။ ယူဂျောင်းက မိဘတွေနဲ့ အတူနေတာဆိုတော့ ယူဂျောင်းအမေ ဆွဲထားတာကြောင့် အဲ့ဒီအိမ်မှာ နာရီဝက်လောက် ထပ်နေခဲ့ရတာကလွဲလို့ပေါ့။ ဆယ်နှစ်လောက်ကြာမှ ပြန်တွေ့ရတဲ့ သမီးဖြစ်သူရဲ့ သူငယ်ချင်းတွေအတွက် တစ်ခုခု ကျွေးချင်လွန်းလို့ အလုပ်ရှုပ်နေတဲ့ အဒေါ်ကြီးကိုကြည့်ပြီး ကျွန်မတို့လည်း အားနာနာနဲ့ ထိုင်စောင့်ရင်း လိမ္မော်သီးတွေကို ငြီးငွေ့လောက်တဲ့အထိ စားပြီးမှပဲ ထွက်လာနိုင်ခဲ့တယ်။

အဲ့ဒီအိမ်မှာလည်း ဝူဂျင်ဟာအကြောင်းက မပါမဖြစ်ပေါ့။ အဲ့ဒီနာမည်သာမရှိရင် ကျွန်မက ဘယ်ကိုမှ တစ်ယောက်တည်း မသွားနိုင်တဲ့လူလိုမျိုး ခံစားရတဲ့အထိပါပဲ။

သူ့အကြောင်းတွေ ပါလာရင်လည်း ဘာမှမသိသလို ဟန်ဆောင်နားထောင်နေရတာက နေရာအနှံ့မှာ လိမ်ညာနေရသလို ခံစားချက်မျိုး ပေးနေခဲ့တယ်။ ဝူဂျင်ဟာနဲ့ ထာဝရ အတူနေသွားမဲ့ မိန်းမလို ဟန်ဆောင်နေရသလိုမျိုးပေါ့။ တကယ်တမ်းမှာ အဲ့ဒီနာမည်ကျော်လှတဲ့ လူက ကျွန်မနဲ့ ဘာမှမသက်ဆိုင်တော့တဲ့သူ ဖြစ်လာတော့မှာကိုး။

“ကွာရှင်းတာကရော။”

ဒါကြောင့် ကွာရှင်းမဲ့အကြောင်း အမေးခံရတာက ပိုပြီး စိတ်ပေါ့ပါးစေခဲ့တယ်။ အနည်းဆုံးတော့ အပေါ်ယံအခွံကို ခွာချလိုက်သလိုမျိုး ဖြစ်သွားတာကြောင့်ပါ။ ကျွန်မ ဂင်ယွန်းဟျောင်းကို တစ်ချက်ကြည့်ပြီး ပြန်ဖြေလိုက်တယ်။

“လုပ်မှာပေါ့။”

“မဟုတ်ဘူးလေ၊ ဘယ်လိုဖြစ်သွားပြီလဲလို့။”

“မကြာတော့ဘူး။”

“မကြာခင်။”

“အင်း။ မကြာခင်ပဲ။”

ကျွန်မရဲ့ အဖြေအဆုံးမှာ ကားအတွင်းခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့တယ်။

ကားပြတင်း အပြင်ဘက်က ဖြတ်သန်းသွားတဲ့ ရင်းနှီးပြီးသား ရပ်ကွက်မြင်ကွင်းကို ငေးကြည့်ရင်း လေးလံနေတဲ့ခေါင်းကို နောက်မှီပေါ် မှီချလိုက်တယ်။ အတွေးပေါင်းစုံ ခေါင်းထဲဖြတ်ပြေးလို့ပေါ့။ အချိန်က ၁၀ နာရီတောင် ထိုးနေပြီဆိုတော့ ဂင်ဖိုမှာပဲ အိပ်လိုက်ရမလား။ ကားကလည်း ဒီမှာရှိနေသလို အဲ့ဒီအိမ်အထိ သွားဖို့ဆိုရင် ယွန်းဟျောင်းက တော်တော်လေး ပတ်မောင်းပေးရမှာလေ။

“ငါ ဂင်ဖိုမှာပဲ အိပ်လိုက်တော့မယ်။”

“ဘာလို့လဲ။ ကားကြောင့်လား။”

“အင်း။ နင် တကူးတက လမ်းပတ်မောင်းပေးရမှာလည်း အားနာလို့။”

“ဂင်ဖိုအထိ အလကားလာခဲ့ရတာပဲကို လမ်းနည်းနည်း ပတ်ရတာ ဘာဖြစ်လဲ။”

“နည်းနည်း ကားမူးချင်သလိုလည်း ဖြစ်နေလို့... အဲ့ဒါကြောင့်။ ဝေးဝေးမသွားနိုင်တော့ဘူး။”

“အရက်နာပြန်ထလာတာတော့ မဟုတ်ပါဘူးနော်။”

“မဟုတ်ပါဘူး... အဲ့ဒီလောက်ကြီးတော့။”

ဂင်ယွန်းဟျောင်းက နောက်ထပ် ပြန်မပြောတော့ဘဲ ကျွန်မရဲ့ အိမ်ဟောင်းရှိရာဘက်ကို လမ်းကြောင်းပြောင်းလိုက်တယ်။ နေလို့ကောင်းလာပြီဆိုပြီး တွေးလိုက်တိုင်း ရင်ထဲက ပြန်ပြန်ပြီး ပျို့တက်လာတာပါ။ တမင် ပြတင်းပေါက်အပြင်ဘက်ဆီ အကြည့်လွှဲလိုက်တဲ့အချိန်မှာပဲ ဘေးနားကနေ မေးခွန်းတစ်ခု ပျံဝင်လာခဲ့တယ်။

“...ဒါနဲ့ မကြာခင်ဆိုတာ။ အဲ့ဒါက ဘယ်တော့လဲ။”

“နောက်အပတ်။”

“ဘာ။”

“ဘာလို့ အံ့သြနေတာလဲ။”

“အာ... ဒီအတိုင်း...”

“ဘာဖြစ်လို့လဲ။”

“မလှုပ်တလှုပ်နဲ့မို့လို့ လုပ်ဖြစ်လောက်မယ် ထင်မထားလို့များလားမသိဘူး။ မသိတော့ပါဘူး...ရား။ ဘာပဲဖြစ်ဖြစ် အရင်ဆုံး ဂုဏ်ပြုပါတယ်။”

“ဂုဏ်ပြုခံရမဲ့ကိစ္စလား။”

“နင် လုပ်ချင်တာဆို။ လုပ်ချင်တာကို လုပ်လိုက်ရတာပဲလေ။”

“အဲ့ဒါလည်း ဟုတ်သားပဲ။ စိတ်ချမ်းသာသွားပြီ။”

တကယ် စိတ်ချမ်းသာသွားတာက မှန်ပေမဲ့ ကားမူးတာကို အောင့်အည်းပြီး ပြောနေရတဲ့ လေသံကတော့ သိပ်ပြီး အခြေအနေမကောင်းလှတာကြောင့် စိတ်မကောင်းစရာပါပဲ။

“ဒါဆို အဲ့ဒီလူနဲ့က အခု...”

“ခွဲနေကြတယ်။”

“အာ။”

“ကန်တော့ပွဲ မတိုင်ခင်ကတည်းက။”

“တော်တော်ကြာပြီပဲ။”

“အင်း။ တော်တော်ကြာပြီ။”

“...ဘာလို့ ငါ့ကို မပြောခဲ့တာလဲ။”

“ဒီနေ့ တွေ့သမျှလူတိုင်းက အဲ့ဒီစကားပဲ ပြောနေကြပါလား...”

“နင် ဒီနေ့မှ လူနှစ်ယောက်ပဲ တွေ့ရသေးတယ် မဟုတ်ဘူးလား။”

သူ့ရဲ့ ထောက်ပြချက်က ကျိုးကြောင်းဆီလျော်နေတာကြောင့် ကျွန်မ ရယ်လိုက်မိတယ်။

“အားလုံး အဆင်ပြေသွားပြီဆိုမှ ပြောပြချင်လို့လေ။ ဒီကိစ္စတွေ အကုန်ပြီးသွားရင်... နင့်ကိုဖြစ်ဖြစ်၊ ယူဂျောင်းကိုဖြစ်ဖြစ်။”

“ခွဲနေကြပြီဆိုကတည်းက အဆုံးသတ်သွားပြီပဲပေါ့။”

“အခြေအနေလေးတွေရှိနေလို့ အဲ့ဒီလိုတော့ မဖြစ်လိုက်ဘူး။ တကယ်တော့ နောက်ထပ် နည်းနည်းလောက် ထပ်စောင့်ပြီးမှ အဆုံးသတ်မှာ။”

“......ငါ နင့်ကို စိတ်ပူနေတာ သိရဲ့လား။”

“အင်း။ သိတယ်။ အဲ့ဒါကြောင့် တောင်းပန်ပါတယ်။”

“...ချီးပဲ၊ ဖုန်းကိုလည်း နှစ်ပတ်ကျော်အောင် ပိတ်ထားပြီးတော့။”

မကြာခင် ကွာရှင်းတော့မဲ့ ခင်ပွန်းဆီမှာ တစ်ချိန်လုံး အကျဉ်းချခံထားရလို့ပါဆိုပြီးတော့ ပြောလို့မဖြစ်ဘူးလေ။ ကျွန်မလည်း ကြောင်တောင်တောင်နဲ့ ဆင်ခြေကောင်းကောင်း စဉ်းစားလိုက်ပေမဲ့ အခုလို ခေါင်းမကြည်တဲ့ အခြေအနေမှာတော့ ဘာမှ ပေါ်မလာခဲ့ပါဘူး။

“အတွေးတွေ များနေလို့ အဲ့ဒီလိုပေါ့။”

“ဖုန်းဖွင့်ထားပြီး တွေးလို့မရဘူးလား။”

အဲ့ဒီအချိန်ကနေ အခုအထိဆိုရင် အချိန်တွေ တော်တော်ကြာခဲ့ပါပြီ။ အဲ့ဒီနောက်ပိုင်းမှာ ဘာမှမဖြစ်သလို မကြာမကြာ မက်ဆေ့ဂ်ျပို့နေခဲ့တဲ့ ယွန်းဟျောင်းက တကယ်တမ်းမှာ တော်တော်လေး ဒေါသထွက်နေခဲ့တယ်ထင်ပါရဲ့။ သူ့မျက်နှာက ပျက်ယွင်းလို့လေ။

“ဒီအတိုင်း ဖုန်းလေးဖြစ်ဖြစ် ဖွင့်ထားမှပေါ့။ ဖုန်းမကိုင်လည်း ရတာမို့လို့ ဒီအတိုင်း ဖွင့်ရုံလေး ဖွင့်ထားရောပေါ့။”

“…….”

“အဲ့ဒီလိုဆိုရင် သူ့ခမျာ အနည်းဆုံးတော့ ဖုန်းအားသွင်းဖို့ သတိရှိသေးတာပဲဆိုပြီး တွေးလို့ရတယ်လေ။ ထွေထွေထူးထူး ကိစ္စတော့ မရှိလောက်ဘူး၊ ငါ့ဖုန်းကိုပဲ မကိုင်တာနေမှာဆိုပြီး... စိတ်အေးရသေးတာပေါ့။”

“တောင်းပန်ပါတယ်။”

“ကလေးကလည်းပျက်ကျ၊ နာမည်ကြီးခင်ပွန်းနဲ့လည်း ကွာမလိုလို၊ မကွာမလိုလိုလုပ်၊ ရုတ်တရက်ကြီး အထုပ်တွေ အကုန်ဆွဲပြီးတော့ ဂင်ဖိုအိမ်အထိပါရောက်လာ... အဲ့ဒါတောင်မှ ဖုန်းက အဲ့ဒီလောက်ကြီး ပိတ်ထားတယ်ဆိုတော့။ ဆယ့်ငါးရက်လောက်ကြီး အဆက်အသွယ် လုံးဝမရဘူးဆိုတော့... ဒီတစ်ခါ နင် ဘာတွေများ ဖြစ်နေလို့ အဲ့ဒီလို ဖြစ်နေရတာလဲဆိုပြီး......”

“…….”

“နင်ဆိုရင်ရော မကြောက်ဘူးလား။ ငါတော့ နင့်ကို တအားကြောက်တာ။”

“တောင်းပန်ပါတယ်၊ ယွန်းဟျောင်းရယ်။”

“ထပ်ပြီး တစ်ခုခု ဖြစ်နေတာလား။ တစ်ခုခုကို... ထပ်ပြီး အတွေးချော်နေတာလား ဆိုပြီးတော့။”

“...အဲ့ဒီတုန်းက အဲ့ဒီကိစ္စက အထင်လွဲတာပါလို့ ပြောခဲ့သားပဲ။”

“ရှစ်လပိုင်းတုန်းက။ ဂင်ဖိုကို သွားမယ်ဆိုပြီး ငါ့ကို ခေါ်တုန်းက နင့်မျက်နှာ ဘယ်လိုဖြစ်နေလဲ သိလား။”

“…….”

“အတိအကျ အဲ့ဒီတုန်းကနဲ့ အတူတူပဲ။ နင် အန်ယန်းကနေ ရုတ်တရက် ပျောက်သွားတုန်းကလိုမျိုး။”

“ငါ အဲ့ဒီတုန်းက တကယ် ထူးထူးဆန်းဆန်းတွေ ဘာမှမတွေးခဲ့ပါဘူးဆို။”

“တစ်ချိန်ချိန် သေသွားလည်း မထူးတော့ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေခဲ့တာ။ အဲ့ဒီတုန်းက နင်က။”

ကျွန်မ နှုတ်ခမ်းကိုပဲ ဖွင့်လိုက်ပိတ်လိုက် လုပ်နေမိတော့တယ်။ ရုတ်တရက် ကိုယ့်ရဲ့ အတွင်းစိတ်အထိ အမြင်ခံလိုက်ရသလို ခံစားချက်ကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားတာလေ။

“အဲ့ဒီတုန်းကနဲ့ အတူတူပဲလို့။”

“...ယွန်းဟျောင်း။”

“နင် တကယ်ပဲ ဘာဖြစ်နေတာလဲ။”

“…….”

“အိမ်ထောင်ကျတဲ့အထိ ဘာလို့ အဲ့ဒီလိုဖြစ်နေရတာလဲ၊ ချီးပဲ။”

“…….”

“တစ်ခုလောက်လေးတော့ ချောချောမွေ့မွေ့ ဖြစ်သွားမှပေါ့။ အဲ့ဒီလိုဆိုပေမဲ့လည်း ချီးပဲ။ တစ်ခါလောက်တော့ ကံလေးကောင်းဦးမှပေါ့။”

“ယွန်းဟျောင်း။”

“တကယ်ပဲ တစ်ခါလောက်လေး ပျော်ပျော်ရွှင်ရွှင် နေသွားဖို့ ဘာလို့မဖြစ်ရတာလဲ။ နင်လေ။”

“ငါ အဆင်ပြေပါတယ်။”

“…….”

“ငါ တကယ် အဆင်ပြေပါတယ်၊ ယွန်းဟျောင်းရယ်။”

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment