no

Font
Theme

အခန်း ၅၃

Translator - D

အဲ့ဒီလိုနဲ့ အထက်တန်း နောက်ဆုံးနှစ် ရောက်လာချိန်။ ထူးထူးခြားခြားမရှိတဲ့ သာမန်ရက်သတ္တပတ်တစ်ခုမှာ။ တနင်္လာနေ့မနက် နိုးလာတော့ ရုတ်တရက် အမေ့ကို အရမ်းလွမ်းမိခဲ့တယ်။ အင်္ဂါနေ့ ရောက်တော့ရော၊ ဗုဒ္ဓဟူးနေ့ ရောက်တော့ပါ အမေ့ကိုပဲ အရမ်းလွမ်းနေမိတာလေ။ ကြာသပတေးနေ့မနက် ကျောင်းသွားဖို့ ဘတ်စ်ကားပေါ် တက်ခဲ့ချိန်မှာတောင် အဲ့ဒီအတွေးတစ်ခုတည်းနဲ့ပဲ ငိုင်နေမိခဲ့တယ်။ ကျောင်းသားတွေ ပြည့်ကျပ်နေတဲ့ ဘတ်စ်ကားထဲမှာ အတူရပ်နေတဲ့ ဂျီယောင်းက အရင်ဆင်းသွားတဲ့ ကလေးတွေကြားထဲ ရောပါသွားတာကို မြင်နေရတဲ့အချိန်မှာတောင်မှပေါ့။

ကလေးတွေ အုံလိုက်ကြီး အကုန်ဆင်းသွားတာကို ကျွန်မက ငေးကြည့်နေမိပြီး တံခါးပိတ်သံကြားမှပဲ လွတ်နေတဲ့ ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ ကျောင်းကို ကျော်သွားတာ မြင်နေရပေမဲ့လည်း ဘာခံစားချက်မှ မရှိခဲ့ပါဘူး။ အဲ့ဒီလိုနဲ့ ကျွန်မ ပါဂျူကို ဦးတည်သွားခဲ့တယ်။ ပါဂျူက အမေ့ရဲ့ မိဘအိမ်ရှိတဲ့အရပ်မို့ အမေ့ကို ပါဂျူမှာပဲ သဂြိုဟ်ခဲ့တာလေ။ သွားရတာက တော်တော်လေး အချိန်ကြာခဲ့ပါတယ်။ အတန်းပိုင်ဆရာမဆီက ဖုန်းဝင်လာတာကို မြင်တော့မှပဲ ဖုန်းပိတ်လိုက်မိတယ်။

အမေ့ ဈာပနပြီးကတည်းက ပထမဆုံးအကြိမ် ပြန်ရောက်လာတဲ့ အရိုးပြာတိုက်ပါပဲ။ အချိန်တွေ ရပ်တန့်နေသလို ငယ်ငယ်က ဟီရှင်းလေးရဲ့ ဓာတ်ပုံ၊ အဲ့ဒီဘေးမှာ ကျွန်မ ငယ်ငယ်ကပုံ၊ အမေ့ဓာတ်ပုံနဲ့ အားလုံးအစုံပါတဲ့ မိသားစုဓာတ်ပုံလေး ရှိနေခဲ့တယ်။

အဖေ နာရေးအိမ်မှာ အယ်လ်ဘမ်ကြီး ကိုင်ပြီး ဓာတ်ပုံတွေကို တွေဝေစွာ ရွေးနေခဲ့တာကို သတိရမိသွားတယ်။ အဖေရွေးပေးတဲ့ ဓာတ်ပုံကို ဦးလေးက လက်ခံယူပြီး မှန်ဘောင်သွင်းပေးနေတဲ့ ပုံရိပ်ကိုရောပေါ့။ နာရေးပြီးတဲ့နောက် ဟောဒီ မှန်အိမ်လေးထဲကို အဲ့ဒီဓာတ်ပုံတွေ ထည့်ပေးနေခဲ့တဲ့ အဖေ့ရဲ့ ကျောပြင်ကိုလည်း မြင်ယောင်နေမိတုန်းပါပဲ။

ဓာတ်ပုံလေးတွေကို တစ်ပုံချင်းစီ ကြည့်နေရင်းနဲ့ တစ်နေ့တာလုံး ကုန်ဆုံးသွားခဲ့တယ်။ ညနေစောင်းလောက်မှပဲ အရိုးပြာတိုက်ကနေ ထွက်လာခဲ့မိတယ်လေ။ ဟိုဟိုဒီဒီ ဘတ်စ်ကားတွေ အဆင့်ဆင့် ပြောင်းစီးခဲ့ရတာပေါ့။ မှတ်တိုင်မှာဆင်းပြီး နောက်တစ်စီးကို တစ်ယောက်တည်း စောင့်နေရတဲ့ အချိန်တိုင်းမှာ လမ်းပေါ်ကို ပြေးဝင်ချင်တဲ့စိတ်တွေ ပေါက်လို့လေ။ ဖြစ်နိုင်ရင် တကယ်ကြီး သေသွားချင်မိတာပါ။ မှတ်တိုင်တွေ တစ်ခုပြီးတစ်ခု ပြောင်းလာလေ၊ ကြောက်စိတ်တွေက ပျောက်ကွယ်သွားလေပါပဲ။ အခုစီးနေတဲ့ ကားကနေ နောက်တစ်ခါ ဆင်းတဲ့နေရာမှာတော့ ငါသေနိုင်လောက်မယ်လို့ပဲ တွေးနေမိတာလေ။

ဒါပေမဲ့ ဂင်ဖိုမြို့လယ်ခေါင်မှာ ဆင်းလိုက်မိတဲ့အခါ... ကျွန်မ အနည်းငယ် ရယ်ချင်စိတ်ပေါက်လာခဲ့တယ်။ အခုအထိ ကျွန်မက ဂင်ဖိုမှာ နေနေတုန်းလို့ထင်ပြီး ဒီအထိ မှားရောက်လာခဲ့တာကိုပေါ့။ အဲ့ဒီတော့မှပဲ အရှိန်အဟုန်လည်း လျော့သွားပြီး အစောပိုင်းက ဘာတွေတွေးခဲ့သလဲဆိုတာကိုတောင် မေ့ပြီးတော့ ဂျီယောင်းဆီ ဖုန်းဆက်ဖို့ ဖုန်းပြန်ဖွင့်လိုက်မိတယ်။ လွတ်သွားတဲ့ဖုန်းတွေက ဒါဇင်နဲ့ချီပြီး စုပုံလို့ပေါ့။ အတန်းပိုင်ဆရာမ၊ ဂျီယောင်း၊ ကြီးကြီး၊ ပြီးတော့ ယွန်းဟျောင်း။

ဖုန်းကို ကြည့်နေတုန်းမှာပဲ ယွန်းဟျောင်းဆီက ဖုန်းဝင်လာခဲ့တယ်။

'ချီးပဲ နောက်နေတာလား။ သေချင်လို့လား။ နင် တကယ်ပဲ ငါ့လက်နဲ့ သေချင်နေတာလား၊ ရှင်းဟီဂျူရဲ့။'

သေချင်နေခဲ့တာပါ၊ ဒါပေမဲ့ ရယ်ချင်စိတ်ပေါက်လာလို့ မသေဖြစ်တော့ဘူး။ ကျွန်မ ရွဲ့သံပါနေတဲ့ ရယ်သံကို မျိုချရင်း ပြန်ဖြေလိုက်တယ်။

'ဘာဖြစ်လို့လဲ။'

'ရှင်းဂျီယောင်းက ငါ့ဆီအထိ ဖုန်းဆက်လာတယ်။ မနက်က ဘတ်စ်ကားပေါ်ကနေ အတူတူ ဆင်းခဲ့တာ သေချာတာကို ဘယ်လောက်ပဲ ရှာရှာ နင်က မရှိတော့ဘူးတဲ့။ ကြားထဲမှာ နင်တို့အခန်းဘက် သွားကြည့်တော့လည်း မရှိလို့ ဆရာမကို မေးကြည့်တော့ နင် ဒီနေ့ ကျောင်းပျက်တယ်ဆိုပြီး ပြောတယ်တဲ့။'

'အာ...'

'အာ၊ ဟုတ်လား။ စောက်ကျိုးနည်း၊ အာ ပေါ့လေ။'

'ဒီနေ့ ကျောင်းပျက်တာ။ အထွေအထူး ဘာမှမဖြစ်ဘူး။'

'ကျောင်းသွားဖို့ ဘတ်စ်ကားစီးပြီး ကျောင်းအထိ သွားခဲ့တဲ့လူက ရုတ်တရက် အစအန ရှာမရအောင် ပျောက်သွားတာကို ဘာမှမဖြစ်ဘူးလို့ ပြောစရာလား။ ဘယ်သူက အထွေအထူးမဟုတ်ဘူးလို့ ထင်မှာလဲ။ အိမ်ကထွက်ပြေးတာလား၊ ပြန်ပေးဆွဲခံရတာလား။'

'အကုန် တစ်ခုမှမဟုတ်ဘူး။ တောင်းပန်ပါတယ်။ အခု အိမ်ပြန်တော့မှာ။'

'ငါ တကယ်က နင့်ကို...'

ကားတွေ ဖြတ်မောင်းသွားတဲ့ အသံတွေကြားထဲမှာ ဖုန်းထဲက ဂင်ယွန်းဟျောင်းရဲ့ အသံက ဝေဝါးပြီး ပျောက်ကွယ်သွားခဲ့တယ်။

'ဟယ်လို။'

'...ငါ နင့်ကို တကယ်ပဲ...သွားသေပြီ မှတ်နေတာ...ချီးပဲ နင်တော့ တစ်နေရာရာကိုတက်ပြီး ခုန်ချလိုက်ပြီ ထင်နေတာလို့...'

'......ဘာဖြစ်လို့လဲ။'

'နင့်ကို တကယ် အလွတ်မပေးဘူး၊ ချီးပဲ နောက်ကျလို့ ငါနဲ့တွေ့ရင် သေဖို့သာပြင်ထား၊ တကယ်...'

အဲ့ဒီနောက်ပိုင်း သူပြောသမျှ စကားဝက်လောက်က ဆဲရေးတိုင်းထွာတာတွေပဲဖြစ်ပြီး၊ ကျန်တဲ့တစ်ဝက်ကတော့ သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်သံတွေပါ။ ဒါပေမဲ့ ကျွန်မနားထဲမှာတော့ အဲ့ဒါကို 'အသက်ရှင်မနေရင် ဒီအတိုင်းမထားဘူး' လို့ ပြောနေသလို ကြားနေရပါတယ်။

'ဘာပဲဖြစ်ဖြစ် ငါ အဲ့ဒီလိုမလုပ်ပါဘူး။'

'ဒါနဲ့ အခု ဘယ်မှာလဲ။ ဘယ်မှာသွားပုန်းနေတာလဲ။'

'ပုန်းနေတာ မဟုတ်ဘူး... တကယ်တော့ အခု ဂင်ဖိုမှာ။'

'ဘာ။'

'အမေ့ဆီ သွားတာ... အပြန်မှာ သတိလက်လွတ်နဲ့ ဂင်ဖိုကိုလာတဲ့ ဘတ်စ်ကား စီးမိသွားလို့။'

'......'

'ငါက အခုအထိ ဒီမှာပဲ နေနေသေးတယ်လို့ ထင်သွားတာလေ။'

'ဘယ်မှာလဲဆိုတာ သေချာပြောစမ်း။'

မိနစ် ၂၀ တောင်မပြည့်ခင်မှာပဲ ဂင်ယွန်းဟျောင်းက ကျွန်မထိုင်နေတဲ့ ဟာလာဟင်းလင်း မှတ်တိုင်ဆီကို ရောက်လာခဲ့တယ်။ အနားအထိတောင် တန်းမလာနိုင်ဘဲ အဝေးကနေ ရပ်ကြည့်နေရင်းနဲ့လေ။ ကျွန်မကို ကြည့်ပြီး ဘာစကားမှ မပြောနိုင်ဘဲ ငိုနေခဲ့တာပါ။

ဒါက တစ်နှစ်အကြာမှ ပြန်လည်ဆုံတွေ့ခြင်းပါပဲ။ အဲ့ဒီနေ့ကစပြီးတော့ ကျွန်မ ဂင်ယွန်းဟျောင်းကို တစ်ဖန်ပြန်ပြီး လက်ခံခဲ့တယ်။

"...အဲ့ဒီတုန်းက နေရာပဲ။"

"အေးလေ။"

"ပြောလိုက်တာနဲ့ တန်းဖြတ်သွားတာ ဆန်းကြယ်လိုက်တာ။"

အဲ့ဒီတုန်းက မှတ်တိုင်လေးက ပြတင်းပေါက်အပြင်ဘက်မှာ ကျန်ရစ်ခဲ့ပြီး ခဏချင်းမှာပဲ ဝေးကွာသွားတော့တယ်။ ကျွန်မလည်း အတိတ်ရဲ့ အတွေးစတွေထဲကနေ ရုန်းထွက်လိုက်တော့တာပေါ့။

"ရင်ထဲရော အခု နည်းနည်း အဆင်ပြေသွားပြီလား။"

"ဟင့်အင်း။ အဆင်မပြေဘူးထင်တယ်။"

"အမူးလွန်တာပဲ၊ ရာနှုန်းပြည့်။"

"ဟုတ်လောက်တယ်။"

အဓိပ္ပာယ်မရှိ​တဲ့ စကားအနည်းငယ် အပြန်အလှန်ပြောပြီးတဲ့နောက်မှာ တိတ်ဆိတ်သွားခဲ့ပြန်တယ်။

အချိန် အနည်းငယ် ထပ်စီးဆင်းသွားပြီးတဲ့နောက်မှာ... ကားလေးကတော့ မသိလိုက်ခင် အိမ်ရာဝင်းတစ်ခုထဲကို ဆိုက်ရောက်လာခဲ့ပါပြီ။

"ရောက်ပြီ။ ကျေးဇူးပဲ။"

ရောက်ခါနီးပြီမို့ ခါးပတ်ကို အသာလေး အရင်ဖြုတ်လိုက်မိတော့ သတိပေးသံက ဆူညံစွာ မြည်လာတာကြောင့် ကျွန်မလည်း ခိုးကြောင်ခိုးဝှက်နဲ့ပဲ ခါးပတ်ကို ပြန်တပ်လိုက်ရတယ်။ ဆူညံသွားတဲ့ ကားထဲက အနေအထားက ပြန်ပြီး တိတ်ဆိတ်သွားပြန်ပါရော။ အပြစ်တင်စကား ပြောလောက်တယ်လို့ ထင်မိပေမဲ့လည်း ဂင်ယွန်းဟျောင်းက ဘာမှမပြောခဲ့ပါဘူး။ ကျွန်မလည်း ကျန်နေတဲ့ ခရီးအကွာအဝေးလေး ကုန်ဆုံးသွားတဲ့အထိ ငြိမ်ပြီး စောင့်နေလိုက်တယ်။

မကြာပါဘူး ကားလေးက အိမ်ရှေ့မှာ ဖြည်းဖြည်းချင်း ရပ်သွားတော့တယ်။ ခါးပတ်ကို တစ်ခါပြန်ဖြုတ်ဖို့ ပြင်လိုက်ပေမဲ့ ဂင်ယွန်းဟျောင်းက ကျွန်မလက်ကို လှမ်းတားခဲ့တယ်။

"ဘာလို့လဲ။"

"ရှင်းဟီဂျူ။ ငါ..."

"အင်း။"

"အခု နင့်ကို အဆင်မပြေစေချင်တော့ဘူး။"

"...ကျိန်စာတိုက်တာလား။"

"နင်က အဆင်ပြေပါတယ်လို့ ပြောနေပေမဲ့ ငါ့မျက်လုံးထဲမှာတော့ တစ်ခုမှ အဆင်ပြေနေတာ မရှိလို့လေ။"

ကျွန်မ စကားနာထိုးလိုက်ပေမဲ့လည်း ဂင်ယွန်းဟျောင်းကတော့ အလေးအနက်နဲ့ပါ။ ကျွန်မတို့ မျက်လုံးချင်း ဆုံသွားခဲ့ကြတယ်။ တစ်စုံတစ်ခုကို ပြန်မြင်ယောင်လာစေတဲ့ အဲ့ဒီအကြည့်မျိုးနဲ့ပေါ့။

"အဆင်ပြေအောင် မလုပ်ဘဲ ပျော်အောင်သာ နေတော့။"

"...အင်း၊ အေးပါ။"

"ပြီးတော့ ကွာရှင်းတာတွေ၊ ကိစ္စတွေ အကုန်ရှင်းပြီးသွားရင်။ ဟီဂျူ။"

"......"

"ဒီတစ်ခါ တကယ် ငါ့ဆီကိုလာခဲ့ပါ။"

အသက် ၂၀ အရွယ်တုန်းကအတိုင်းပါပဲ။ သတိလက်လွတ်ဖြစ်နေတုန်း အထိုးခံလိုက်ရသလို ခံစားချက်မျိုး။ အဲ့ဒီတုန်းက ကျွန်မတို့ 'ဒီကိစ္စကို' ဘယ်လိုဖြေရှင်းခဲ့ကြတာပါလိမ့်...။ ကျွန်မ မျက်လွှာချလိုက်ပြီး အတိတ်ကို ပြန်စဉ်းစားရင်း အရှေ့က ဂင်ယွန်းဟျောင်းကို ပြန်ကြည့်လိုက်မိတယ်။

ကျွန်မနဲ့အတူတူ အသက် ၂၉ နှစ်ထဲ ရောက်လာခဲ့တဲ့ ဂင်ယွန်းဟျောင်း။ အရင်ကထက် ပိုပြီး လူကြီးဆန်လာတဲ့ ဂင်ယွန်းဟျောင်း။ တည်ငြိမ်ပြီး နူးညံ့လာတဲ့ ဂင်ယွန်းဟျောင်း...။ အဲ့ဒီတုန်းကထက်စာရင် လိုအပ်ချက်ရှိနေတဲ့ အစိတ်အပိုင်းကို ရှာကြည့်ဖို့ ကြိုးစားပေမဲ့ အမှန်အတိုင်းပြောရရင် ရှာမတွေ့ခဲ့ပါဘူး။

အတင်းဖျစ်ညှစ်ပြီး တစ်ခုလောက် ရှာရမယ်ဆိုရင်တော့ သူ့ဘေးမှာ မိန်းကလေးတွေ အရမ်းများလွန်းတာလောက်ပဲ ရှိမှာပါ။ မိန်းကလေးတွေကတော့ များတာပဲလေ။ ဒါပေမဲ့ ယွန်းဟျောင်းက ကျွန်မအတွက် ယောက်ျားတစ်ယောက်အဖြစ် ရှိနေခဲ့တာမှ မဟုတ်တာ။ အဲ့ဒီတော့ အပြစ်ရှာနေဖို့လည်း မလိုတော့ဘူးပေါ့။

"ယွန်းဟျောင်း..."

"အင်း။"

"နင်က နှမြောစရာပဲ။ အဲ့ဒါလေ။"

ဂင်ယွန်းဟျောင်းက နှုတ်ခမ်းကို အသာအယာ ကွေးညွှတ်ပြီး ပြုံးခဲ့တယ်။

"ငါလည်း သိတာပေါ့။"

"သိရင် မလုပ်နဲ့လေ၊ ကိုယ့်ဘက်က နစ်နာမဲ့အလုပ်ကို။"

"ရှင်းဟီဂျူကတော့ တကယ် ပြတ်သားတာပဲ။"

"အဲ့ဒါကိုလည်း သိတယ်ဆိုရင် မလုပ်နဲ့။ အနာဟောင်းကို ပြန်အဆွခံရမဲ့အလုပ်မျိုး။"

"...ဘာလဲ၊ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ငြင်းလိုက်တာလား။"

"နင်က ငါ့ထက် အများကြီး သာတာမို့လို့ ငါ့ဘက်ကပဲ အငြင်းခံရတယ်လို့ သဘောထားလိုက်လည်း ရတယ်။"

"အဲ့ဒီလို ရှင်းလိုက်ရင် ငါက ပိုပြီး ကြည့်ရဆိုးသွားမှာ မသိဘူးလား။"

"အင်း၊ အဲ့ဒါကြောင့်လည်း နင်က ဘယ်သူ့ကိုမှ လိုက်ပြောမှာမဟုတ်မှန်း သိတယ်။"

"အေးပါ။"

"ပြီးတော့ ငါတို့တွေ တကယ့် သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေနိုင်မယ်ဆိုတာကိုလည်း သိတယ်။"

"...ဟုတ်လား။"

"ငါ့ကို သနားမနေပါနဲ့၊ ယွန်းဟျောင်းရယ်။"

"......"

"ပြီးတော့ အထင်လည်းမမှားနဲ့ဦး။ ငါ တကယ် အဆင်ပြေတယ်။"

"......"

"ဒီတစ်ခါတော့ တကယ်ကို အဆင်ပြေတာ။"

ကျွန်မက ယွန်းဟျောင်းရဲ့ ခေါင်းကို ပုတ်ပေးလိုက်တယ်။ သူက နားမလည်နိုင်သလို မျက်နှာထားနဲ့ ကျွန်မလက်ကို စိတ်အနှောင့်အယှက်ဖြစ်သလို ဖယ်ထုတ်လိုက်ပေမဲ့ ခဏလောက်တော့ ဆုပ်ကိုင်ထားတယ်လေ။ ပြီးမှ ဖြည်းဖြည်းချင်း ပြန်လွှတ်ပေးခဲ့တယ်။

"ကောင်းကောင်းအိပ်။"

"ကောင်းကောင်းသွား။"

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment