အခန်း ၃၀
Translator - D
ယောက္ခမက သူ့စကားသူ ကိုယ်တိုင်တောင် လန့်သွားသလို တီးတိုးရေရွတ်ခဲ့တယ်။ ချက်ချင်းဆိုသလို အခွံလွတ်သွားတဲ့ ခရုလို နူးညံ့ပျော့ပျောင်းတဲ့ မျက်နှာကို မြင်လိုက်ရတယ်။ သူလည်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ရဖူးတယ်ဆိုတာ သိသာလှတယ်လေ။ တစ်ချိန်က သရုပ်ဆောင်မင်းသမီးဖြစ်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ နုနုနယ်နယ်မျက်နှာနဲ့အတူ...မနေ့တစ်နေ့ကမှ ဖြစ်ခဲ့တဲ့အတိုင်း ထင်ရှားတဲ့ နာကျင်မှုကို မြင်နေရပါတယ်။ ဒါကို နည်းနည်းလေးတောင် ဖုံးကွယ်ထားနိုင်ခြင်းမရှိတဲ့ ယောက္ခမရဲ့ပုံစံကြောင့် ကျွန်မလည်း အံ့ဩမှင်တက်သွားရတော့တာပေါ့။ ဒီပုဂ္ဂိုလ်ကို ဒီလောက်အထိ ထိလွယ်ရှလွယ်ပြီး အကာအကွယ်မဲ့နေတဲ့ပုံစံမျိုးနဲ့ တစ်ခါမှ မမြင်ဖူးခဲ့တာကြောင့်ပါ။
ယောက္ခမက လှောင်ရယ်တစ်ချက်ရယ်ပြီး ခပ်လှမ်းလှမ်းက လေဟာနယ်ကိုကြည့်ရင်း မေးခဲ့တယ်။
"နင် ခန္ဓာကိုယ်ရော အဆင်ပြေရဲ့လား။ ဆေးစစ်တာတွေရော ဆက်လုပ်နေလား။"
"...ဟုတ်ကဲ့။"
"ဒါဆို ရပြီ။ ဂျင်ဟာပြောသလိုပဲ ခဏလောက် တခြားဘာမှမစဉ်းစားနဲ့တော့။"
အဲ့ဒီနောက် သူက အိတ်ကိုယူပြီး ချက်ချင်း ထရပ်တော့ ကျွန်မလည်း အလျင်အမြန် ထရပ်လိုက်ရတယ်။
"အမေ။ ဥက္ကဋ္ဌကြီးနဲ့ ဒါရိုက်တာကြီးကိုရော..."
"ဂျင်ဟာအတွက် အရေးကြီးတဲ့အချိန်ပဲ။ ဘာလို့ ပါးစပ်ပိတ်ထားခိုင်းလဲဆိုတာ နင်လည်းသိမှာပါ။ သူတို့နှစ်ယောက်စလုံးက မြေးဦးကနေ မွေးလာမဲ့မြစ်ကို မြင်ပြီးမှ နင့်ကို လက်ခံခဲ့တာလေ။ သိသွားရင် နင်တို့နှစ်ယောက်ကို ဒီအတိုင်းထားမှာမဟုတ်ဘူး။ ဂျင်ဟာကို နေရာပြန်ချပစ်ဖို့ဆိုတာ ဘာမှခက်ခက်ခဲခဲမဟုတ်တာကို။"
"......"
"နင်လည်း ဂျင်ဟာကို ငဲ့ညှာပြီးတော့ အသာလေး ပါးစပ်ပိတ်ထား၊ ခဏလောက်တော့ တတ်နိုင်သမျှ အပြင်မထွက်နဲ့ဦး။ ဂျင်ဟာက သူ့ဟာနဲ့သူ ကောင်းကောင်းကိုင်တွယ်ထားပေမဲ့လည်း မတော်လို့များဆိုတာ မပြောနိုင်ဘူးလေ။ သူ့ဦးလေးတွေက ဂျင်ဟာကို ဘယ်လောက်တောင် စောင့်ကြည့်နေလိုက်လဲ..."
"အဲ့ဒါက ကျွန်မ ဂျင်ဟာရဲ့ဘေးမှာ ဆက်ရှိနေမှ ဖြစ်မဲ့ကိစ္စမဟုတ်လား။"
"ဘာ။"
"ကျွန်မ ဂျင်ဟာနဲ့ လမ်းခွဲချင်ပါတယ် အမေ။"
"......"
ယောက္ခမက ကျွန်မမျက်နှာကို အကြာကြီး ကြည့်နေပြီးမှ သူထိုင်ခဲ့တဲ့ခုံမှာ ပြန်ပြီးထိုင်ချလိုက်တယ်။
"နင့်မှာ အဲ့ဒီလိုလုပ်ပိုင်ခွင့်မရှိမှန်း သိတယ်မဟုတ်လား။ နင်..."
"အဲ့ဒီလို စာချုပ်ချုပ်ခဲ့တာမို့လို့၊ ဟုတ်ကဲ့။ သိပါတယ်။"
"အဲ့ဒါက ဘယ်လောက်ပဲ ဥပဒေအရ သက်ရောက်မှု ဘယ်လိုရှိတယ်ပြောပြော..."
"ဘယ်လိုပဲဖြစ်ဖြစ် ဂျင်ဟာရဲ့မိသားစု မျှော်လင့်တဲ့အတိုင်း ဖြစ်မှာပဲဆိုတော့ ထိထိရောက်ရောက်ကို သက်ရောက်မှုရှိမှာပါ။"
ရှေ့နေဂင်က သူ့ကို ဂိုက်ဒ်လို သဘောထားဖို့ ပြောခဲ့တာလေ။ သူတို့ ဘာကိုလိုချင်ကြတယ်၊ ဘယ်လိုတွေဖြစ်လာမယ်ဆိုတာကို ကြိုပြီးအသိပေးနေသလိုမျိုးပေါ့။
"အဲ့ဒါကြောင့်ပဲ အခု အမေ့ကို ကူညီပေးဖို့ တောင်းဆိုနေတာပါ။"
"..."
"အမေပြောသမျှစကားတွေက တစ်ခုမှ အမှားမရှိပါဘူး။ အကုန်အမှန်တွေချည်းပါပဲ။ ဂျင်ဟာက ကျွန်မကြောင့် မြောင်းထဲရောက်ရတယ်ဆိုတာ။ ကလေးကြောင့်သာမဟုတ်ရင် အဲ့ဒီလိုတွေ လုံးဝ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ။"
"...."
"ကျွန်မက ဂျင်ဟာအတွက် 'မတန်မရာ' ဆိုတာထက်ကို ပိုဆိုးမှန်း သိပါတယ်။ တစ်စက်ကလေးမှ အကူအညီအထောက်အပံ့မဖြစ်ဘဲ သူ့ရဲ့လမ်းကိုပဲ ပိတ်နေတယ်ဆိုတာ။ အဲ့ဒါကြောင့် ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် မုန်းသလောက် နာကြည်းမိတာ....ကျွန်မကမှ အကုန်အသိဆုံးပါ။"
တော်လှတတ်လှတဲ့ ဂျင်ဟာကို အပြစ်တင်လို့မဖြစ်တာကြောင့် မပြည့်စုံတဲ့ ကျွန်မကသာ အမြဲတမ်း အပြစ်တင်စရာဖြစ်ရတာလေ။ ကျွန်မရဲ့အထဲမှာ အမြစ်တွယ်နေတဲ့ ကိုယ့်ကိုယ်ကိုယ်မုန်းတီးစိတ်က လျှာဖျားကနေ ချောမွေ့စွာ စီးထွက်လာခဲ့တယ်။ အဲ့ဒါကို ပါဝင်ပစ္စည်းတစ်ခုလို ဆွဲထုတ်ခဲ့တဲ့ ခေါင်းကတော့ အေးစက်ပြီးတည်ငြိမ်လို့ပေါ့။
"အဲ့ဒါတောင်မှ ကျွန်မကို လက်ခံပေးခဲ့တာ အမေရဲ့ မြေးကြောင့်ပါ။ ဒါပေမဲ့ ကလေးကို ပုံမှန်အတိုင်း မမွေးနိုင်ခဲ့တော့ ကျွန်မမှာရှိတဲ့ တစ်ခုတည်းသော အရည်အချင်းကလည်း ပျောက်ကွယ်သွားပြီမဟုတ်လား။"
"ဒါဆို နင်က... ဂျင်ဟာရဲ့ ဆန္ဒကို လျစ်လျူရှုပြီး သွားတော့မှာလား။"
"ကလေးကြောင့်ပဲ လက်ထပ်ခဲ့တာကို ကလေးမရှိတော့ဘူးဆိုတော့ ဘာလို့များ ဆက်ထိန်းထားရဦးမှာလဲ။ သူ့အတွက် အနှောင့်အယှက်ပဲ ဖြစ်စေမဲ့ကိစ္စကိုလေ။"
"ဒါဆို နင်..."
"မှတ်မိသေးလားရှင့်။ ကျွန်မ ကိုယ်ဝန်ရှိမှန်းသိတော့ အမေ ပထမဆုံး လာတွေ့ခဲ့တာကိုလေ။"
"..."
"တခြားတော့မသိပေမဲ့ နင်က ငါတို့ ဂျင်ဟာကို တော်တော်ချစ်မှန်း သိတယ်ဆိုပြီးတော့။"
အဲ့ဒါကြောင့် ရွံစရာကောင်းတယ်ဆိုပြီး ပြောခဲ့တာ။ ကျွန်မက ဝူဂျင်ဟာကို ချစ်နေတဲ့အဖြစ်က။
မော့တောင်မကြည့်ရဲတဲ့ သစ်ပင်မှန်းသိလို့ အသာလေး ကိုယ့်တာဝန်ကိုယ်ကျေပြီး ပုရွက်ဆိတ်လိုနေတာလေးက လှလို့ ချစ်ပေးခဲ့တာကို ဒီလိုမျိုး သစ္စာဖောက်ရသလားဆိုပြီး ပြောခဲ့တာပါ။
'ဖြစ်ချင်ဖြစ် ငွေမက်ရင်လည်း ကောင်းသား။ ငါတို့ ဂျင်ဟာရဲ့ ငွေကိုသာ ကြိုက်ခဲ့မယ်ဆိုရင် ငွေနဲ့ ကလေးကိုလည်းရှင်း နင့်ကိုလည်း ရှင်းလို့ရမှာကို။'
"ချစ်လို့၊ ဒီထက် တောင့်မခံချင်တော့ပါဘူး။"
"..."
"အဲ့ဒီလူရဲ့ခြေထောက်အောက်မှာ နင်းခြေခံပြီး၊ ရွှံ့ဗွက်ထဲမှာ နစ်မြုပ်ပြီး၊ လဲကျလည်း ပြန်ဖမ်းဆွဲပြီး ဒီလိုမျိုး ဆက်မနေချင်တော့ပါဘူး။"
"..."
"အဲ့ဒီလူရဲ့ အပြစ်အနာအဆာဖြစ်ပြီး မနေချင်တော့ပါဘူး။ အဲ့ဒါကြောင့် ဂျင်ဟာကို ထည့်တွက်ပြီးတော့ ကူညီပေးပါ။"
"..."
"နှင်ထုတ်မခံရခင် ကိုယ့်ခြေထောက်နဲ့ကိုယ် ထွက်သွားခွင့်ပြုပါ။"
ယောက္ခမက အတော်ကြာအောင် စကားမပြောဘဲ နေခဲ့တယ်။ ကျွန်မကိုလည်း မကြည့်ပါဘူး။ တိတ်ဆိတ်မှုက သည်းခံရခက်ပေမဲ့ ရှင်းလင်းတဲ့ နိဂုံးကို သိနေလို့ အခက်ကြီးတော့ မဟုတ်ဘူးပေါ့။ သည်းခံနိုင်စွမ်းနဲ့ဆိုင်တဲ့ ပြဿနာသက်သက်ပါပဲ။
ယောက္ခမ ခဏလောက် စဉ်းစားနေတာက သူလွန်လွန်ကဲကဲ အထင်ကြီးနေတဲ့ သားဖြစ်သူရဲ့ စိတ်သဘောထားပဲ ဖြစ်မှာပါ။ ကျွန်မ တစ်ခါမှ မမြင်ဖူးတဲ့ ဝူဂျင်ဟာက သူ့ရဲ့ စကားတွေထဲမှာ အမြဲရှိနေတာလေ။
"အမှန်အတိုင်းပြောရရင်၊ ငါကတော့ ကြိုက်တာပေါ့။ နင့်မှာ ဒီလောက်အထိ အသိတရားရှိတာကိုလည်း အံ့ဩမိတယ်။"
"..."
"ဒီလိုတွေဖြစ်လာတာ ကောင်းသွားတယ်လို့ပဲ သဘောထားလိုက်ကြတာပေါ့။ နင့်မှာ အသိတရားလေးရှိသေးတာ တော်သေးတယ်လို့ပဲ သဘောထားပြီးတော့။ ဒါနဲ့ ငါ..."
"ဟုတ်ကဲ့။"
"နင်ကရော အဲ့ဒီလိုလုပ်လို့ အဆင်ပြေရဲ့လား။"
တစ်ချိန်က ညဘက် တီဗွီထဲမှာ မြင်ခဲ့ရတဲ့ ၈၀ ပြည့်လွန်နှစ်တွေက မှတ်တမ်းဗီဒီယိုထဲမှာ အရုပ်လေးလိုလှခဲ့တဲ့ သရုပ်ဆောင်မင်းသမီးရဲ့ မျက်နှာက ယောက္ခမရဲ့ မျက်နှာပေါ်မှာ ထပ်ဟပ်နေသလိုပါပဲ။ မွေးရာပါ ရုပ်ရည်ကို ထိန်းသိမ်းမှုတွေ ပေါင်းထည့်လိုက်တဲ့အခါ တခြားသူတွေထက် အဆပေါင်းများစွာ ဇရာကို နှေးကွေးစွာ ဖြတ်သန်းနေရပေမဲ့၊ နဂိုကတည်းက နုပျိုတာနဲ့မတူတဲ့ တစ်စုံတစ်ရာတော့ ရှိနေပါတယ်။
စိတ်မလုံခြုံတဲ့အချိန်တိုင်း ပေါ်လာတတ်တဲ့ နုနယ်သူ သရုပ်ဆောင်ကြယ်ပွင့်လေး ဂန်ဂျူဂယောင်းရဲ့ မျက်နှာ။ WK အိမ်တော်ရဲ့ သားဦးချွေးမဖြစ်ခဲ့တာ နှစ်သုံးဆယ်ကျော်တောင် ကြာခဲ့ပြီဖြစ်တဲ့ နာမည်ကျော် သူဌေးကတော်ဆီမှာ အသက်နှစ်ဆယ်ကျော်ခါစ ငယ်ရွယ်စဉ်က မျက်နှာလေး ထင်ဟပ်ပေါ်လာပြီး အဲ့ဒီမျက်နှာကနေ ဝူဂျင်ဟာကို ပြန်မြင်ရတယ်လေ။
ယောက္ခမကိုမြင်တိုင်း ခံစားရတဲ့ ထူးထူးဆန်းဆန်း မြင်ဖူးသလိုလို၊ ကြုံဖူးသလိုလို ခံစားချက်ကို နည်းနည်းတော့သိလာပါပြီ။
ကျွန်မ အချစ်ဆုံး အခိုက်အတန့်တိုင်းမှာ၊ ဝူဂျင်ဟာ အကာအကွယ်မဲ့ဆုံးဖြစ်နေတဲ့ အခိုက်အတန့်တိုင်းမှာ ပေါ်လာတတ်တဲ့ အဲ့ဒီမျက်နှာ။
တစ်ချိန်က ဂန်ဂျူဂယောင်းရဲ့ အဲ့ဒီမျက်နှာထား။
"...ဟုတ်ကဲ့၊ ကျေနပ်ပါတယ်။"
အာ။ အဲ့ဒါကြောင့် ကျွန်မက ဂန်ဂျူဂယောင်းရဲ့ မတူမတန်သလိုဆက်ဆံမှုကို ဒီလောက်တောင် ဘာမှမလုပ်နိုင်ဘဲ ဖြစ်ခဲ့ရတာကိုး။
****
ရေချိုးနေတုန်း အပြင်မှာ ဖုန်းမြည်သံက ဆူညံနေခဲ့တယ်။ တိတ်သွားပြီထင်ရင် ပြန်မြည်လာပြီး၊ ပြန်တိတ်သွားပြီထင်ရင်လည်း ထပ်မြည်လာပြန်တယ်လေ။ ရေပိတ်လိုက်တော့ ဆူညံပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာပေါ့။ ကျွန်မလည်း မခံချင်စိတ်နဲ့ ခေါင်းကရေတွေကို ဖြည်းဖြည်းချင်းသုတ်၊ မျက်နှာကို base skinscre လိမ်း၊ တစ်ကိုယ်လုံးကို ဘော်ဒီခရင်မ်လိမ်းရင်း အဲ့ဒီအသံကို နားထောင်နေလိုက်တယ်။
ဧည့်ခန်းကနေ ဖုန်းကိုပစ်ချထားတဲ့ခုတင်ဆီ သွားတဲ့အချိန်အထိ အသံကရှိနေတုန်းပါပဲ။ Missed call မက်ဆေ့ဂ်ျ အနည်းဆုံး အစောင်နှစ်ဆယ်လောက်တော့ ရှိလောက်ရောပေါ့။ ဖုန်းစခရင်န်ပေါ်မှာ လင်းနေတဲ့ ဝူဂျင်ဟာရဲ့ နာမည်ကို တွေ့လိုက်ရတယ်။ 'ဂျင်ဟာ'။
ဘယ်လိုပဲကြည့်ကြည့် 'ဒုဥက္ကဋ္ဌ' လို့ မှတ်ထားခဲ့တဲ့အချိန်ကမှ အဆပေါင်းများစွာ ပိုပျော်ဖို့ကောင်းခဲ့ပါသေးတယ်။ အဓိပ္ပာယ်မရှိတဲ့ အတွေးတွေတွေးရင်း ကျွန်မ ဖုန်းခေါ်လိုက်တယ်။
- ရှင်းဟီးဂျူ။
ဖုန်းခေါ်ဆိုမှုခလုတ်ကို နှိပ်လိုက်တာနဲ့ ခပ်ကြမ်းကြမ်းအသံ ထွက်လာတာပါပဲ။ ကျိန်းသေပေါက် မကြာသေးခင်ကမပြောနဲ့ အရင်တုန်းကလည်း တစ်ခါမှ မကြားဖူးတဲ့အသံပါ။
စောင့်ကြည့်တာမျိုးလည်း မဟုတ်ဘဲ ယောက္ခမက သူ့ကို ချက်ချင်း ဖုန်းခေါ်လိုက်တယ်ထင်ပါရဲ့။ ပြန်သွားတာ နာရီဝက်တောင် မရှိသေးတာကိုလေ။
"အမေနဲ့ ဖုန်းပြောခဲ့တာလား။"
- ငါ ဘာပြောခဲ့လဲ။
"ဂျင်ဟာ ဘာပြောခဲ့လဲဆိုတာသိပေမဲ့ ကျွန်မ အမေ့ကို ဖုန်းခေါ်ခဲ့တာ မဟုတ်ပါဘူး။"
- အခုက အထေ့အငေါ့စကားတွေပြောနိုင်တဲ့ စိတ်အခြေအနေမဟုတ်ဘူး။
"ကျွန်မလည်း အတူတူပါပဲ။ ဒီလောက်နဲ့ ဖုန်းချလိုက်ရမလား။"
ရယ်သံပါစွက်ပြီး မေးလိုက်တော့ ဝူဂျင်ဟာက သူ့ရဲ့ သည်းခံစိတ်ကို ရှိသမျှအကုန်ဆွဲထုတ်ထားရတဲ့အသံနဲ့ ကျွန်မကို ခေါ်ခဲ့တယ်။
- ဟီဂျူရယ်။
"ကျွန်မတို့ ကတိပေးထားတာကို မှတ်မိပါတယ်။ အဲ့ဒါကြောင့် အမေ့ကိုလည်း မဆက်သွယ်ခဲ့ပါဘူး။"
ကျွန်မက လေသံကိုပြောင်းပြီး တော်တော်လေး လေးလေးနက်နက် ပြန်ဖြေလိုက်တယ်။ ဖုန်းတစ်ဖက်ကနေ သူက ခနဲ့သလို ရယ်ခဲ့တယ်။
- သဘောတရားချင်း အတူတူပဲဆိုတာ သိနေတာပဲ။
"ရှင်ပြောတဲ့အတိုင်း အကုန်လုပ်မယ်ဆိုပေမဲ့ အမေ့ရဲ့ ဖုန်းကိုတော့ လစ်လျူမရှုရဲဘူးလို့လည်း ပြောခဲ့တယ်လေ။ နဂိုကတည်းက အရမ်း ခက်ခဲတဲ့သူမို့လို့။"
- အဲ့ဒါနဲ့ အိမ်အထိပါ ပင့်လိုက်တယ်ပေါ့။ အကုန်ပြပြီးတော့လေ။
"ဒီတော့ တံခါးဝကနေ ပြန်လွှတ်လိုက်ရမှာလား။ ဂရုစိုက်လို့ ကိုယ်တိုင် ဒီအထိ လာခဲ့ပေးတာကို ဖွင့်ပေးရုံကလွဲလို့ ဘယ်တတ်နိုင်မှာလဲ။ အမေကလည်း ကျွန်မ မခေါ်ဘဲ လာလည်တာပါ။"
အဲ့ဒီတော့ ဘယ်လိုများ ဖြစ်ကြောင်းကုန်စင် မပြောပြဘဲ နေလို့ရမှာလဲ။ ကျွန်မအသံက ကိုယ့်ဘာသာ ပြန်နားထောင်ကြည့်ရင်တောင် တော်တော်လေး အပြစ်ကင်းသလိုပါပဲ။
ဖုန်းတစ်ဖက်ကနေ သက်ပြင်းချသံ သဲ့သဲ့လေး ကြားလိုက်ရတယ်။ ရယ်သံလိုလို၊ ဒီအတိုင်း သက်ပြင်းချသံလိုလိုအသံပေါ့။
- ဆက်ပြီးတော့ ကြိုးစားချင်ယောင်ဆောင်မှပေါ့။
“……”
- အဲ့ဒါဆို ငါလည်း အလှည့်စားခံချင်ယောင်ဆောင်ပေးလို့ရတယ်လေ။ ဟီးဂျူးရဲ့။
ကျွန်မရဲ့နှုတ်ခမ်းဖျားကနေလည်း အလားတူ အသံမျိုး ထွက်လာခဲ့တယ်။
“တတ်နိုင်သလောက် အကုန်ကြိုးစားခဲ့ပြီးပါပြီ။”
-...
“အဲ့ဒါကြောင့် အခုဆိုရင် ထပ်ပြီးလုပ်စရာမရှိတော့တဲ့ အတိုင်းအတာအထိပါပဲ။”
ကျွန်မတို့ နှစ်ယောက်စလုံး စကားမပြောဘဲ တစ်ယောက်ရဲ့ တိုးသဲ့သဲ့ အသက်ရှူသံကို တစ်ယောက် အကြာကြီး နားထောင်နေခဲ့ကြတယ်။ ဖုန်းမကျသေးဘူးဆိုတာ သိရုံလောက် သဲလွန်စလေးနဲ့ပေါ့။
အဲ့ဒီနောက် ဖုန်းတစ်ဖက်မှာ ခပ်လှမ်းလှမ်းကနေ ဝူဂျင်ဟာကို ခေါ်နေတဲ့အသံ ကြားလိုက်ရတယ်။ အတွင်းရေးမှူးချွဲရဲ့အသံထင်ပါရဲ့။
- အခု ဂျယ်ဂျူးကျွန်းမှာ။ အရေးပေါ် ဆင်းလာခဲ့တာ။
“ဟုတ်ကဲ့။”
- နှစ်ရက်နေရင် ပြန်တက်လာမယ်။
“သိပါပြီ။”
- မင်းကို လှောင်ပိတ်ထားချင်တဲ့စိတ်ကို မနည်း ထိန်းချုပ်ထားရတာ။
“……”
- အဲ့ဒါကြောင့် မင်းလည်း နှစ်ရက်လောက်ပဲ သည်းခံထား။
ဖုန်းချသွားခဲ့တယ်။ ဝူဂျင်ဟာ ကျွန်မမျက်စိရှေ့မှာ ရှိနေပြီးမှ ရုတ်တရက် ပျောက်ကွယ်သွားသလိုမျိုး ကျွန်မရဲ့မျက်နှာထားက သူ့အလိုလို ပြောင်းလဲသွားသလိုပါပဲ။
ကျွန်မ အတွင်းရေးမှူးချွဲဆီ ချက်ချင်း စာပို့လိုက်တယ်။
[အတွင်းရေးမှူးချွဲ။ သန်ဘက်ခါ ဂျယ်ဂျူးကျွန်းကနေ ဘယ်အချိန် ပြန်လာမှာလဲရှင့်။] PM 4:22
ဝူဂျင်ဟာက နောက်နှစ်ရက်နေရင် အနုပညာပြခန်းမှာ တွေ့ဆုံပွဲရှိတဲ့အကြောင်း မသိပါဘူး။ တကယ်တော့ အဘွားယောက္ခမက (ဝူဂျင်ဟာရဲ့အဘွား) ချွေးမတွေကို ‘ယောက်ျားတွေကို မပြောဘဲ မိန်းမတွေချည်း တိုးတိုးတိတ်တိတ် စုရအောင်' လို့ တိုက်ရိုက်ပြောထားတဲ့ နေရာဖြစ်ပြီး၊ နှစ်တိုင်း ကန်တော့ပွဲအပေါ်မူတည်ပြီးတော့ အချိန်တွေကလည်း စိတ်ကြိုက်ပြောင်းလဲနေတဲ့အတွက် တခြားအိမ်က ယောက်ျားတွေလိုပဲ ယောက္ခမ ဒါမှမဟုတ် ကျွန်မကမှ ကြိုမပြောထားရင် ဝူဂျင်ဟာက အဲ့ဒါကို ကြိုသိနိုင်မှာမဟုတ်ဘူးပေါ့။
[ဟုတ်ကဲ့ ဆရာကတော်လေး။ ညနေ ၃ နာရီ လေယာဉ်ပါ။ ဂင်ဖိုကို ၄ နာရီ ၁၀ မိနစ်မှာ ရောက်ပါမယ်။] PM 4: 24
သိရသလောက်ဆိုရင် နေ့လယ်စာစားချိန်အလွန်အထိ တရားဝင်အစီအစဉ်တွေ ရှိတယ်ဆိုတဲ့သဘောပေါ့။ ထိန်းချုပ်မှုဆိုတာက နောက်ကျမှလုပ်နိုင်မဲ့ အရာသက်သက်ပဲဖြစ်ပြီး ကျွန်မ ဝူဆွန်းဝန်းအနုပညာပြခန်းကို သွားတာကလည်း ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လုပ်မဲ့ကိစ္စပါ။ ဝူဂျင်ဟာက ပြင်ပ တရားဝင် အစီအစဉ်တွေကို ဖျက်သိမ်းမှာ မဟုတ်ပေမဲ့ တစ်ခုခုဖြစ်လို့ အမြန်ဆုံးပြန်လာခဲ့ရင်တောင် ကျွန်မ ဝူအိမ်တော်က မိန်းမတွေကို ဒီအိမ်ထောင်ရေး လုံးဝပျက်စီးသွားပြီဖြစ်တဲ့အကြောင်း ပြောပြီးလို့ အနုပညာပြခန်းက ထွက်လာပြီးတဲ့နောက်မှ ဖြစ်ပါလိမ့်မယ်။ ဥက္ကဋ္ဌဝူနဲ့အတူ မိသားစုကို အုပ်ချုပ်နေတဲ့ အဘွားယောက္ခမ...အနုပညာပြခန်းဒါရိုက်တာ ဆုန်းရဲ့သဘောတူလက်မှတ်နဲ့အတူပေါ့။
ယောက္ခမက အဲ့ဒီနေ့မှာ ကျွန်မကို ခေါ်မသွားဘဲ ဒါရိုက်တာဆုန်းနဲ့ နှစ်ယောက်တည်း တွေ့ရချိန်မှာ ကိုယ်ဝန်ပျက်ကျတဲ့အကြောင်း ပြောမယ်တဲ့လေ။ အဲ့ဒါကို ‘တာဝန်ယူ’ ပြီး ကျွန်မက ကိုယ့်သဘောဆန္ဒအလျောက် နောက်ဆုတ်မယ်ဆိုတာကိုသိရင် သဘောကျပြီး စိတ်ဆင်းရဲရအောင် လုပ်မှာမဟုတ်ဘူးတဲ့။ အဲ့ဒီလိုပဲ ကောင်းကောင်းပြောပြပေးပါမယ်တဲ့။
ဂန်ဂျူဂယောင်းက ကျွန်မအပေါ် စေတနာမှန်တယ်လို့ ခံစားရတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ အဲ့ဒါကြောင့် နည်းနည်းတော့ နှမြောမိပေမဲ့ ကျွန်မက အဲ့ဒီလို တိုးတိုးတိတ်တိတ် ကြိတ်ကြံမဲ့အစား...တရားဝင် နောက်ကြောင်းပြန်လှည့်လို့မရတော့တဲ့ ကိစ္စတစ်ခုလို ဖြစ်သွားတာက ပိုအဆင်ပြေလိမ့်မယ်လို့ တွေးမိခဲ့တယ်။ အဲ့ဒါမှ ဥက္ကဋ္ဌဝူတို့ ဇနီးမောင်နှံလည်း သိပြီးသား၊ အကုန်လုံးလည်း သိပြီးသား၊ ကျွန်မတို့ကိုယ်တိုင်လည်း ဆုံးဖြတ်ပြီးသား၊ အကုန်ပြီးပြတ်သွားပြီလို့ ထင်ရအောင်ပါ။
ဝူဂျင်ဟာရဲ့ မပြောပလောက်တဲ့ အပြစ်မကင်းစိတ်တို့၊ ဘာသိဘာသာ ဖြောင့်မတ်မှုတို့လို အရာတွေအတွက် နေရာမရှိအောင်ပေါ့။
“အမေ၊ ကျွန်မပါ။”
-ဂျင်ဟာက ဘာတဲ့လဲ။
“ဘာမှ အထွေအထူးမပြောပါဘူး။ ဒါထက် သန်ဘက်ခါသွားရင် ကျွန်မကိုပါ ခေါ်သွားပေးစေချင်လို့ပါ။”
****
Miel's Translations