အခန်း ၆၅
Translator - D
ကျေးဇူးကြောင့် ငါတို့နှစ်ယောက် မျက်လုံးချင်း ဆုံမိဖို့နေနေသာ အခွင့်အရေးတောင် မရှိခဲ့ကြဘူးပေါ့။ ရှင်းဟီဂျူရဲ့ လုပ်ငန်းတာဝန်တွေက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝထဲ ဘယ်လောက်အထိပဲ နီးကပ်စွာ တိုးဝင်နှောင့်ယှက်လာပါစေ၊ ငါတို့နှစ်ယောက်ကြားက အကွာအဝေးက တဖြည်းဖြည်း ပိုပြီးတော့ပဲ ဝေးကွာသွားခဲ့ရတယ်။ ငါကိုယ်တိုင်ကလည်း ပိုပြီး ဝေးကွာသွားနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့မိတာလေ။ ရှင်းဟီဂျူက ဘယ်တော့မှ အနောက်ကနေ လိုက်မလာတတ်တဲ့ လူစားမျိုးမို့လို့ အဲ့ဒီလောက် အကွာအဝေးဆိုရင်ပဲ စိတ်ချရဖို့ လုံလောက်နေပါပြီ။ တဖြည်းဖြည်းနဲ့ ငါတို့နှစ်ယောက်တည်းသာ သိနိုင်မဲ့ မသိမသာ အပြောင်းအလဲတွေကလည်း ရေတွက်လို့မရနိုင်အောင် များလာတော့တယ်။
ရှင်းဟီဂျူက အရင်တုန်းကလို ငါ့ရဲ့ မျက်နှာရိပ်မျက်နှာကဲကို လိုက်မကြည့်တော့ဘဲ အဲ့ဒီအစား အင်မတန် အခွင့်ကြုံမှသာ ဝမ်းနည်းကြေကွဲနေသလို မျက်လုံးမျိုးနဲ့ ငေးကြည့်တတ်တာပါ။ အဲ့ဒီမျက်ဝန်းတွေကို မြင်ရလို့ စိတ်အခြေအနေ ကောင်းသွားတယ်ဆိုရင် ငါက အခုအထိ ရူးနေတုန်းဖြစ်မှာပါပဲ။ အဲ့ဒီလိုပုံစံမျိုးနဲ့ ရူးမိုက်နေရတာကို မုန်းတီးလှတဲ့အတွက် အမေ စိတ်ကုန်ရလောက်အောင် တတွတ်တွတ် ပြောနေခဲ့တဲ့ blind date အချို့ကိုလည်း အကြိမ်အနည်းငယ် သွားရောက်တွေ့ဆုံပေးခဲ့မိတယ်။ ဟိုတယ် lounge မှာ ကော်ဖီတစ်ခွက် သောက်ပြီးတော့ ပြန်လာရုံလေးဖြစ်ပြီး အဲ့ဒီိလိုလုပ်ရတာတောင် စိတ်ရှုပ်စရာ ကောင်းလွန်းလို့ ဆဲချင်စိတ်ပေါက်ခဲ့ရပေမဲ့... တစ်ခုတည်းသော ကောင်းကွက်ကို ပြရမယ်ဆိုရင် ငါ အဲ့ဒီကိုသွားတိုင်း နှစ်ကြိမ်မှာ တစ်ကြိမ်နှုန်းလောက် ရှင်းဟီဂျူဘက်က မချိမဆံ့ မဖုံးကွယ်နိုင်ဘဲ လျှံထွက်လာတတ်တဲ့ ဝမ်းနည်းမှုပါပဲ။
အဲ့ဒီအရာအပေါ် ကျေနပ်သာယာနေတယ်ဆိုကတည်းက ငါ့ရဲ့ မိုက်မဲတဲ့ ဦးနှောက်က အခုအထိလည်း လမ်းဟောင်းအတိုင်း ချာလည်ပတ်လည်လိုက်နေတုန်းပဲဆိုတဲ့ သဘောပေါ့။
“ဂျင်ဟာ၊ နင်လည်း သွားလေရာမှာ ဘာလို့ အပြစ်မဲ့တဲ့ မိန်းကလေးတွေရဲ့ စိတ်ကို အမှိုက်လို ညစ်ထေးအောင် လိုက်လုပ်နေရတာလဲ။”
“ဆရာကတော် ရောက်လာပါပြီ၊ ဒုဥက္ကဋ္ဌ။”
အမေ တံခါးကို ဝုန်းခနဲ ဆွဲဖွင့်ပြီး ဝင်လာတဲ့ နောက်ကွယ်ကနေ ရှင်းဟီဂျူက ခေါင်းလေး ပြူထွက်ပြီးတော့ တာဝန်ကျေပွန်စွာ အစီရင်ခံလာတယ်။ ငါလည်း အကြည့်ကို မော်နီတာဆီ ပြန်ပို့ထားလိုက်တယ်။
“ကိုယ့်ပါးစပ်ကိုယ် နှုတ်လုံပါတယ်လို့ ပြောထားပြီး တော်တော်မလုံတာပဲ။”
“ဘာစကားလဲ။”
“ကျွန်တော် ရုံးခန်းကို ပြန်ရောက်တာ နာရီဝက်ပဲ ရှိပါသေးတယ်။ ခိုးနားထောင်ထားတာမျိုး မဟုတ်ဘူးဆိုရင် ဒါက အင်မ်ဂျီယွန်းဆီကပဲ ဖြစ်မှာပေါ့။”
“ဒါပေါ့ ဘယ်လုံပါ့မလဲ။ ကော်ဖီဆိုင်မှာ မိနစ် ၂၀ တောင် မထိုင်ခဲ့ဘူးဆိုပြီး အဲ့ဒီ မိနစ် ၂၀ အတွင်းမှာ တကယ်ပဲ ဘာစကားတွေ ပြောခဲ့လို့လဲ။”
“ထွေထွေထူးထူး မပြောခဲ့ပါဘူး။ အလေးအနက် အိမ်ထောင်ရေးအကြောင်းပဲ ပြောခဲ့တာပါ။”
“ဒီလိုနဲ့ မကောင်းတဲ့ ကောလာဟလတွေပဲ ထွက်လာတော့မယ်၊ တကယ်ပဲ……”
ပြောဆိုဆက်ဆံပုံက ဆိုးလွန်းတယ်ဆိုတဲ့ ကောလာဟလမျိုးဆိုရင်တော့ အစကတည်းက ပြန့်နေပြီးသားပဲလေ။
“နင် ဆက်ပြီး ဒီလိုပဲ လုပ်နေဦးမယ်ဆိုရင် ရှေ့လျှောက် blind date တွေ မသွားဘဲ နေလိုက်တော့။ ဟုတ်ပြီလား။”
“ဟုတ်ကဲ့။”
“ကောင်စုတ်လေး... ချက်ချင်းကို ခေါင်းညိတ်ပြတာပဲ။ အခုတလော အမေ ဘယ်လောက်တောင် ကြိုးစားပမ်းစား အားထုတ်ပေးနေရလဲဆိုတာ နင် သိရဲ့လား။ ဟင်... ဂျင်ဟာရယ်။ အမြန်ဆုံး ဒီနေရာကနေ ရုန်းထွက်ပြီး တက်လှမ်းရမှာ မဟုတ်ဘူးလား။ ဥက္ကဋ္ဌဝူက မြှောက်စားပေးချင်နေတဲ့ အချိန်မှာ အခွင့်ကောင်းယူပြီး အပေါ်ကို အမိအရ တက်ရမှာလေ။ ဒီလိုနဲ့ တစ်သက်လုံး ဒီနေရာမှာပဲ ပုပ်သိုးနေတော့မှာလား... နေအိမ်အကျယ်ချုပ်ကျနေတာလည်း မဟုတ်ဘဲနဲ့။”
“အခု အခြေအနေလည်း သိပ်တော့ မဆိုးပါဘူး။”
“ဒါက နှင်ထုတ်ခံရတဲ့ နယ်နှင်ဒဏ်ထက် ဘာများထူးခြားလို့လဲ။ ဂျင်အို အဲ့ဒီကောင် အသာလေး မြေးအကြီးဆုံးယောင်ဆောင်နေတာကို နည်းနည်းလောက် ကြည့်စမ်းပါဦး။ သူသာ လက်ထပ်တာကို အဲ့ဒီလို အဆင်ပြေပြေမဖြစ်ခဲ့ရင် ဒါက ဖြစ်နိုင်ပါ့မလား။ သူ့ယောက္ခမက ဒီနေ့လား မနက်ဖြန်လား ဖြစ်မနေခဲ့ရင် အခု မိန်းမနဲ့ ဘယ်လက်ထပ်နိုင်ပါ့မလဲ။ သူက ငယ်ငယ်ကတည်းက နင့်ကို နည်းနည်းလောက် သဘောကျခဲ့ဖူးလား။”
မောက်စ် scroll ကို အောက်ဆွဲချရင်း ကြားတောင်မကြားသလို ဟန်ဆောင်နေလိုက်တယ်။
“သွေးကောင်းက သွေးကောင်းချင်းပဲ ဆွဲဆောင်တာ။ သူတစ်ယောက်တည်းတင် မဟုတ်ဘူး၊ အကုန် အဲ့ဒီလိုချည်းပဲ။”
ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က သမိုင်းကြောင်းကို အခြေခံပြီး ကြည့်မယ်ဆိုရင် ဝူဂျင်အိုလောက် သွေးကောင်းတဲ့လူ မရှိတော့ပါဘူး။ မလိုအပ်ဘဲ အမေ့ရဲ့ သိမ်ငယ်စိတ်ကို သွားဆွမပေးမိအောင် တုံ့ပြန်မနေတော့ဘဲ ရှည်လျားလှတဲ့ အဲ့ဒီတရားဒေသနာတွေကိုသာ တစ်ဖက်နားကဝင် တစ်ဖက်နားကထွက် လွှတ်ထားလိုက်တော့တယ်။
“ဒီလိုပြောပြော ဟိုလိုပြောပြော နောက်ဆုံးတော့ နင်ကမှ ဥက္ကဋ္ဌဝူရဲ့ တကယ့် အကြီးဆုံးမြေးပဲ။ ဉာဏ်ကောင်းတာကတော့ ပြောနေဖို့တောင် မလိုဘူး၊ ရုပ်ရည်ကလည်း အမေနဲ့တူလို့ အချောဆုံးပဲမဟုတ်လား...။ ဥက္ကဋ္ဌဝူလည်း သိသလို၊ ဒါရိုက်တာကြီးလည်း သိတယ်။ တစ်အိမ်လုံး အကုန် မွှေနှောက်ရှာဖွေကြည့်ရင်တောင် နင့်လောက် အရည်အချင်းရှိတဲ့လူ တစ်ယောက်မှ မရှိဘူးဆိုတာ။”
“…….”
“အကုန်လုံး သိနေကြရဲ့သားနဲ့ ဒီလိုလုပ်နေတာကပဲ ရယ်စရာကောင်းတာပေါ့။ နင့်အဖေကသာ ဘဝကို စုတ်ပြတ်သတ်အောင် နေထိုင်သွားခဲ့တာလေ၊ နင်က စုတ်ပြတ်သတ်အောင် နေထိုင်ခဲ့တာမှ မဟုတ်တာ။ တကယ်ပဲ….”
အပြင်က ထွက်လာတဲ့ တံခါးခေါက်သံကြောင့် စကားက ချက်ချင်းဆိုသလို ရပ်တန့်သွားတော့တယ်။ အမေက မျက်မှောင်ကြုတ်ထားတဲ့ မျက်နှာထားကို ခဏချင်းအတွင်းမှာ ကျော့ရှင်းလှပတဲ့ အသွင်အပြင်အဖြစ် ပေါ့ပေါ့ပါးပါး ပြောင်းလဲပစ်လိုက်တယ်။
တံခါးပွင့်သွားတာနဲ့ မွှေးပျံ့ပျံ့ ကော်ဖီနံ့က ဖြည်းဖြည်းချင်း နီးကပ်လာတာပါပဲ။ ကော်ဖီခွက်ကို လက်ထဲ အဆင်သင့်လှမ်းယူလိုက်တဲ့ အမေက သူ့ရဲ့ မူပိုင် ဖော်ရွေလှတဲ့ အပြုံးမျိုးနဲ့ ရှင်းဟီဂျူကို စိုက်ကြည့်ခဲ့တယ်။ ‘ထပ်ပြီး စလာတော့မယ်’ ဆိုတဲ့ အတွေးနဲ့ သက်ပြင်းချမိရုံအပြင် မရှိပါဘူး။
“အနံ့လေးက ကောင်းလိုက်တာ။ ပြီးခဲ့တဲ့အပတ်က အားလပ်ရက်ခရီးစဉ်မှာ ကောင်းကောင်းအပန်းဖြေခဲ့ရဲ့လား။”
“ဟုတ်ကဲ့။ ဆရာကတော်တို့ ကျေးဇူးကြောင့်ပါ။ အခုပေးတဲ့ ကော်ဖီက ဟိုချီမင်းကနေ ဝယ်လာခဲ့တာလေ။”
“ဘုရားရေ... ဟုတ်လား။”
“ဆရာကတော်က အချဉ်ဓာတ် ခပ်ပြင်းပြင်း ကော်ဖီမျိုးကို ပိုသဘောကျတတ်မှန်း မှတ်မိနေလို့ပါ။ သိပ်ပြီး တန်ဖိုးမကြီးလှပေမဲ့ ဆရာကတော်ရဲ့ အကြိုက်နဲ့ ကွက်တိဖြစ်မှာပဲဆိုပြီး တွေးလိုက်မိတာမို့လို့။ မြည်းစမ်းကြည့်လို့ရအောင် သီးသန့် ဖယ်ထားခဲ့တာဆိုပေမဲ့ ပေးဖို့ အခွင့်မကြုံဖြစ်နေတာပါ။”
“အရသာရှိလိုက်တာ။ တကယ် အရမ်းအဆင်ပြေတာပဲ။ ဂျီယွန်းသာ အခု ဟီဂျူ၊ နင့်လိုမျိုး အလိုက်သိတတ်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။”
“အဆင်ပြေမယ်ဆို နောက်တစ်ခေါက်ကျရင်လည်း ပြင်ဆင်ပြီး ယူလာပေးပါ့မယ်။”
နောက်တစ်ခေါက်ဆိုတဲ့ စကားလုံးကို ကြားရရုံနဲ့ ရင်ထဲမှာ အော်ဂလီဆန်လာရတယ်။ ‘အပြင်ထွက်ပြီး စကားသွားပြောရင် ပိုအဆင်မပြေဘူးလား’ ဆိုပြီး မေးပစ်ချင်ပေမဲ့ ငါ့မျက်စိရှေ့မှာရှိနေမှ ရှင်းဟီဂျူလည်း ပိုပြီး စိတ်အနှောင့်အယှက်နည်းရမယ်ဆိုတာ သိနေတယ်လေ။
“အဲ့ဒီလိုဆိုမှ အခုဆို ငါတို့ ဟီဂျူကလည်း အမည်ခံတင်မဟုတ်ဘဲ တကယ့် အမှုဆောင်ဒါရိုက်တာရဲ့ အတွင်းရေးမှူး ဖြစ်နေပြီကို။ ကားတစ်စီးလောက်တော့ အသစ်ထုတ်ပေးရမှာ မဟုတ်ဘူးလား။”
“ဘာကားကိုလဲရှင့်… ကျွန်မမှာ ကားရှိပါတယ်၊ ဆရာကတော်။”
“အဲ့ဒါကြောင့်မို့လို့ ဂျင်ဟာက နင့်ကို ပိုကောင်းတဲ့ကားတစ်စီး ဝယ်ပေးရမယ်လို့ ပြောတာပေါ့။ ဂျင်ဟာက ကပ်စေးနှဲနေရင် ငါ့ဘာသာ ဝယ်ပေးလို့လည်းဖြစ်တယ်။ နင် ဂျင်ဟာကို ကူညီပေးလာခဲ့တာ ဘယ်နှနှစ်တောင် ရှိနေပြီလဲ၊ အထွေအထူးကိစ္စမျိုးသာမရှိရင် ဂျင်ဟာ ရာထူးပြောင်းတဲ့အခါ နင်လည်း လိုက်ပြောင်းရမှာပဲလေ။ ရေရှည်လက်တွဲသွားကြစို့လို့ ပြောတာပါ။ အဲ့ဒီလို ဇီဇာကြောင်တတ်တဲ့ကောင်က နင့်ကို ဒီလောက်အထိ ရေရှည် ယုံယုံကြည်ကြည်နဲ့ အနားမှာထားနိုင်အောင်။”
“အခုလို ပြောပေးတာ တကယ်ပဲ ကျေးဇူးတင်ပေမဲ့ တကယ် အဆင်ပြေပါတယ်။ အလုပ်တာဝန်တွေက အရင်ကထက်စာရင် ပိုပြီးတော့ အသေးစိတ်ကျသွားတာပဲ ရှိတာပါ၊ အရင်တုန်းကနဲ့ သိပ်ပြီး ကွာခြားသွားတာမျိုးလည်း မရှိပါဘူး။”
“နင်၊ အိမ်ထောင်ပြုပြီးရင်ရော အလုပ် ဆက်လုပ်မှာလား။”
“ဟုတ်ကဲ့။”
မော်နီတာထဲမှာပဲ တောက်လျှောက် နစ်မြုပ်နေခဲ့တဲ့ အကြည့်တွေက ရှင်းဟီဂျူရဲ့ မျက်နှာဆီ ဖြည်းဖြည်းချင်း ရွေ့လျားသွားတော့တယ်။
“ဂျင်ဟာအတွက် တွေးပေးရရင်တော့ နင့်ကို အိမ်ထောင် နည်းနည်းနောက်ကျမှ ပြုစေချင်ပေမဲ့... ဒီလောက်အထိ လှလှပပလေးနဲ့ ရှိနေတာကျတော့လည်း အလဟဿ ဖြစ်ရသလိုမျိုး နှမြောစရာကြီး။”
ရှင်းဟီဂျူက ရှက်ပြုံးလေး ပြုံးခဲ့တယ်။ ခံစားချက်က တစ်မျိုးကြီး ဖြစ်လာတော့တာပေါ့။
“ဘာပဲဖြစ်ဖြစ် မိန်းမဆိုတာ အိမ်ထောင်ပြုပြီးရင်တောင် အလုပ်ဆက်လုပ်မှဖြစ်မှာ။ ပိုက်ဆံ ဘယ်လောက်ပဲ ရရလေ။”
“ကျွန်မလည်း အဲ့ဒီလိုပဲ တွေးပါတယ်။”
“ငါကတော့ ကံကောင်းပြီး သက်သောင့်သက်သာ ရှင်သန်နေရတဲ့ သူဌေးကတော် ဖြစ်နေပေမဲ့လည်း၊ လူဆိုတာ နောက်ဆုံးတော့ ကိုယ့်နာမည်နဲ့ကိုယ် ပိုက်ဆံရှာနိုင်မှ ဖြစ်တာ။ အဲ့ဒီလိုမဟုတ်ရင် တစ်ခါတလေကျ တအား သိမ်ငယ်ပြီး စိတ်ဆင်းရဲရတဲ့ အချိန်မျိုးတွေ ရှိတတ်တယ်။ ချို့တဲ့နွမ်းပါးမနေရင်တောင်မှပေါ့။”
“ဟုတ်ကဲ့။ သေသေချာချာ မှတ်သားထားပါ့မယ်။”
“အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီး ပြောရဦးမယ်၊ ငါတို့ ဂျင်ဟာက အခုဆို အသက်သုံးဆယ်တောင် ကျော်နေပြီလေ။ တခြားလူတွေကတော့ အသက်သုံးဆယ်ပဲ ရှိသေးတာလို့ ပြောကြပေမဲ့ ငါတို့မိသားစုကတော့ မတူဘူး။ သူ့ဝမ်းကွဲတွေဆိုရင် တက္ကသိုလ်မဘွဲ့ရခင်ကတည်းက အိမ်ထောင်ပြုခဲ့ကြတာ၊ သိလား။ အဲ့ဒီလိုတွေ တစ်ဝက်မကဘူး။ အိမ်ထောင်ပြုပြီးတာနဲ့ အတူတူ နိုင်ငံခြားကို ပညာတော်သင်သွားကြတာက ငါတို့အိမ်ရဲ့ မိသားစုထုံးစံလိုမျိုးကို ဖြစ်နေပြီ။”
“…တကယ် စောကြတာပဲနော်။”
“သူက ဘယ်လောက်တောင် နောက်ကျနေပြီလဲဆိုတာ အကြမ်းဖျင်း သိသာပြီမဟုတ်လား။ အနည်းဆုံးတော့ အပြင်ထွက်ပြီး ရည်းစားထားတာမျိုးဖြစ်ဖြစ် လုပ်ရမှာကို... ဒါက ဘာမျှော်လင့်ချက်မှကို မရှိတာ။ အလုပ်ကိုပဲ သေမတတ် လုပ်နေတာလေ။ ဘယ်လိုမိန်းမမျိုးက သဘောကျပြီး အနားမှာ ကပ်နေချင်ပါ့မလဲ။”
“လူကောင်းတစ်ယောက်တော့ ပေါ်လာမှာပါ။ နားလည်ပေးနိုင်မဲ့သူမျိုးပေါ့။”
အာ။
“သဘောကျတဲ့သူတွေ အများကြီးရှိပေမဲ့ အခုလောလောဆယ်တော့ အလုပ်ကပဲ ပထမဦးစားပေး ဖြစ်နေလို့…”
“ဟီဂျူ၊ နင်ကပဲ မျက်စိလျင်လျင်နဲ့ အကဲခတ်ပြီး ကူညီပေးပါဦး။ သူက အေးစက်စက်နဲ့ ထုံပေပေလုပ်နေရင် နောက်ကွယ်ကနေ ပန်းစည်းလေးတွေဖြစ်ဖြစ် တိတ်တိတ်ပို့ပေးတာမျိုး၊ လက်ဆောင်လေးတွေ ရွေးပေးတာမျိုးပေါ့။”
“ဟုတ်ကဲ့။ အစွမ်းကုန် ကြိုးစားလိုက်ပါ့မယ်။”
ရင်ထဲမှာ ဗြောင်းဆန်သွားတော့တယ်။ ဖြူစင်ဝင်းပစွာ ပြုံးပြရင်း ခေါင်းညိတ်ပြခဲ့တဲ့ ရှင်းဟီဂျူက အပြင်ထွက်သွားပါပြီ။ ဒီအကြောင်းအရာအပေါ်မှာ ဘာခံစားချက်မှ၊ ဘာစိတ်လှုပ်ရှားမှုမှ မရှိတဲ့အတိုင်းပေါ့။ အမေကတော့ ကျန်နေတဲ့ ကော်ဖီကို သောက်ရင်း တီးတိုးရေရွတ်လို့ပါ။
“သူကလည်း တော်တော့်ကို အဲ့ဒီလောက်အထိ သဘောကောင်းလွန်းနေတော့ ဘယ်နေရာသွားသွား ကိုယ့်ရုပ်ရည်နဲ့ ထိုက်တန်တဲ့ တန်ဖိုးကို ခံစားရပါ့မလား။ အချိန်ကောင်းကို လက်လွတ်ခံလိုက်ရပြီးမှ ထူးဆန်းတဲ့ကောင်မျိုးနဲ့များ သွားတိုးရင်…”
“…….”
“ဟီဂျူအတွက် ဘယ်နားက အိမ်ထောင်ဖက်ကောင်းမျိုး ရှာပေးရပါ့မလဲ။ အာ... အခြေအနေတွေ တအားကောင်းလွန်းသွားရင်လည်း အလုပ်မလုပ်တော့ဘဲနေမှာ စိုးရသေးတယ်။ ဒါပေမဲ့လည်း ကလေးက ကောင်းကောင်းမွန်မွန် ဖြစ်သွားရင်ကောင်းမှာပဲလို့တော့ တွေးမိသား…”
အိမ်ထောင်ပြုသွားတဲ့ ရှင်းဟီဂျူ။ အိမ်ထောင်ပြုသွားတဲ့ ငါ။
တကယ်ပဲ ငါတို့တွေ ရေရှည်အတူတူ ရှိသွားနိုင်မဲ့ အလားအလာက ဘယ်လောက်ရှိမလဲ။
****
Miel’s Translations