no

Font
Theme

အခန်း ၁၇

Translator - D

ပြီးတော့ ဒီအတိုင်း ဝူဂျင်ဟာက တအားဘာသိဘာသာနိုင်တယ်ဆိုပြီးတော့၊ ကျွန်မက အဲ့ဒီလူကို သဘောကျပြီး အဲ့ဒီလူက ကျွန်မကို သဘောမကျတာမို့လို့ ဒီအတိုင်း ကျိန်းသေပေါက် မှန်းကြည့်လို့ရတဲ့ကိစ္စပဲဆိုပြီးတော့…

ယွန်းဟျောင်းက အဓိပ္ပာယ်မရှိလောက်အောင် ဒေါသတွေထွက်ပြီး တစ်ယောက်တည်း ဆဲဆိုနေရာက ကျွန်မကို စိုက်ကြည့်ခဲ့တယ်။

“ဟဲ့၊ ရှေ့နေကို ငါငှားပေးမှာမို့လို့ သွား။ သူ့ဟာသူ Kim & Jang ဖြစ်ဖြစ်၊ Jang & Kim ဖြစ်ဖြစ်၊ ငါ ိုး၊ ချီးထုပ်လို ခွေးမသားက…”

“ငါ့မှာလည်း ပိုက်ဆံရှိပါတယ်။”

“ပိုက်ဆံရှိတာကို ဘာလုပ်နေတာလဲ။ အခုချက်ချင်းလုပ်။ အဲ့ဒီ ငါ ိုးမသား…နင်ကလည်း နင်ပဲ။ ဒီနေ့ကျတော့ ဘာမဟုတ်တဲ့ကိစ္စအတွက် ခေါ်ပြီး မနေ့ကကျတော့ ဘာလုပ်နေလဲ။ ငါ့ကို မခေါ်ဘဲနဲ့။”

“ထူးဆန်းနေမှာလေ။ ယောက်ျားလုပ်တဲ့လူတောင် မရှိဘဲနဲ့ သူငယ်ချင်းဖြစ်တဲ့နင်က လာတယ်ဆိုရင်။”

“…”

“အဲ့ဒါက ပိုပြီးတော့ အဓိပ္ပာယ်မရှိသလိုဖြစ်နေလို့။”

ဘယ်လောက်ပဲ ငယ်သူငယ်ချင်းဖြစ်နေပါစေ သွေးစွန်းထားတဲ့စကပ်နဲ့ ရှိနေတုန်း မတွေ့ချင်တာကြောင့် အဲ့ဒါကို မစဉ်းစားခဲ့မိပေမဲ့ ပြောကြည့်လိုက်တော့ အဲ့ဒီလိုလည်း ဖြစ်နိုင်တဲ့ပုံပါပဲ။ ယွန်းဟျောင်းက ကျိန်းသေပေါက် လာမှာမို့လို့။ ကျွန်မရဲ့ များလှတဲ့သူငယ်ချင်းတွေထဲမှာ လာမဲ့သူ တစ်ယောက်မှမရှိဘူးလို့ ပြောလိုက်ရင် လာပေးမှာမို့လို့။

ဝူဂျင်ဟာအတွက် ကျွန်မက အဲ့ဒီလောက်လေးတောင် မလုပ်နိုင်တဲ့လူဖြစ်မှာကို မကြိုက်လို့။

“ဘာပဲဖြစ်ဖြစ် ထွေထွေထူးထူး မဟုတ်တဲ့ကိစ္စကနေ စလုပ်မယ်။ ဘာပဲဖြစ်ဖြစ် အခု အဲ့ဒီလူက မာနလေး နည်းနည်းထိခိုက်သွားတာမို့လို့ပါ။ မဟုတ်ရင် ဒီအတောအတွင်း ကွာရှင်းလို့မဖြစ်တဲ့ အကြောင်းရင်း ရှိနေတာလည်း ဖြစ်နိုင်တယ်…”

“သိတော့ဘာလုပ်မှာလဲ။ အဲ့ဒီတော့ ဘာမှမဟုတ်သလို လွှတ်ပေးမလို့လား။”

ကျွန်မက ရာရာစစ အသာလွှတ်ပေးစရာ အနေအထားမှာ ရှိမနေဘူးဆိုတာကိုသာ သိသွားရင် ယွန်းဟျောင်းတစ်ယောက် ဝူဂျင်ဟာကို ဘယ်လိုခေါ်လောက်မလဲ။ ငါ ိုးမသားဆိုတာထက်ပိုတဲ့ အဆဲစကား ရှိသေးလားဆိုပြီး တွေးလိုက်မိတယ်။

“ဟင့်အင်း။ ဒီအတိုင်း အဲ့ဒီအိမ်ကနေ မြန်မြန်ထွက်လာချင်လို့။ ကွာရှင်းပြီးတော့ တိတ်တဆိတ် ပါးစပ်ပိတ်နေတာပဲဖြစ်ဖြစ်၊ အရင်ခွဲနေပြီး နောက်မှကွာရှင်းတာဖြစ်ဖြစ်။”

“နင် အဲ့ဒီလိုကနေ ကုပ်ကုပ်ကုပ်ကုပ်နဲ့ ပြန်ပါသွားမှာပဲ။ ငါက နင့်အကြောင်းမသိတာမို့လို့လား။ နင် ယောက်ျားဆီ ပြန်သွားတာ အခုမှ ပထမဆုံးလည်း မဟုတ်ဘူးလေ။”

“ပြန်မသွားဘူး။”

“ဟင့်အင်း။ လုံးဝ ပြန်သွားမှာ။”

လုံးဝ ပြန်သွားမှာဆိုတဲ့စကားက ထူးထူးဆန်းဆန်း ယုတ္တိရှိနေခဲ့တယ်။ ဟုတ်ပါတယ်။ ပုံမှန်လို အရူးထတာမဟုတ်ဘူးလေ။

“ဟား…ပရိဘောဂဆိုင်တွေ အကုန် တံခါးပိတ်ကုန်လောက်ပြီ။ ဖွင့်တော့ရော ဘာလုပ်ရမှာလဲ။ ခေါက်ဆွဲဆိုင်သွားပြီး ပဲခေါက်ဆွဲမှာသလို ချက်ချင်းလာချပေးတာမျိုးလည်း မဟုတ်တာကို…”

“ဟုတ်တယ်နော်။”

“ဟုတ်တယ်နော်က ဘာကိုဟုတ်တယ်နော်လဲ…နည်းနည်း စောစောစီးစီး ကြိုပြောထားပါလား။ ဂွမ်မြောင်ဖြစ်ဖြစ် သွားတာပေါ့။”

“ကိစ္စမရှိဘူး။ ကြမ်းပြင်ပေါ်မှာအိပ်လည်း ဖြစ်တယ်။”

“အဲ့ဒီအိမ်မှာ ဘာမှမရှိဘူးလေ။ စောင်တောင်မရှိဘဲနဲ့။”

“နွေရာသီပဲကို ဘာဖြစ်…”

“…တကယ်ရူးတော့မယ်…ဒီအတိုင်း ငါ့အမေအိမ်မှာ သွားအိပ်စမ်းပါ။”

ကျွန်မရဲ့မိဘတွေနဲ့ ရင်းနှီးကြတဲ့ ယွန်းဟျောင်းရဲ့မိဘတွေက ကျွန်မတို့ အထက်တန်းကျောင်းသားအရွယ်မှာ ကွာရှင်းခဲ့ကြပြီး ယွန်းဟျောင်းရဲ့အဖေက အိမ်နဲ့ယွန်းဟျောင်းကို အမေဖြစ်သူရဲ့လက်ထဲ လွှဲပြောင်းပေးလိုက်ချိန်မှာ ပြဿနာရှင်းသွားခဲ့တယ်။ အဲ့ဒါကြောင့် ယွန်းဟျောင်းရဲ့အမေက ဂင်ဖိုမှာ နေနေတုန်းပါပဲ။

ကျွန်မကိုချစ်ရှာတဲ့ ဖော်ဖော်ရွေရွေ နွေးနွေးထွေးထွေး မျက်နှာကို တွေးလိုက်မိတဲ့အခါ ကျွန်မ ချက်ချင်းတန်းပြီး ငြင်းမိတော့တယ်။

“အာ၊ မသွားချင်ဘူး။”

“ဘာလို့လဲ။ ငါတို့အမေက နင့်ကို သဘောကျတာပဲဟာကို။”

“ငါလည်း အဒေါ်ကြီးကို သဘောကျတယ်။”

“အဲ့ဒါကို။”

“အဒေါ်ကြီးကို ကြည့်ရမှာ ရှက်လို့…”

“မြင့်သင့်တာရော မမြင်သင့်တာရော အကုန်မြင်ပြီးသားပဲကို ဘာရှက်စရာရှိလဲ။ ငါ့အမေလည်း ကွာရှင်းထားတာပဲလေ။”

တအားကို ဘာမှမဟုတ်သလို ပေါ့ပေါ့လေး ပြောလိုက်တာကြောင့် ‘ငါ့အမေ အေရိုးဗစ်မလုပ်တော့ဘူး။ နေ့တိုင်း တစ်စိုက်မတ်မတ် သွားလာနေစရာ မလိုတော့လို့…’ ဆိုပြီး ပြောခဲ့တဲ့ ကလေးဘဝတုန်းကလိုပါပဲ။

“အကြံဉာဏ်လေးဘာလေး တောင်းကြည့်ပေါ့။”

“…အဒေါ်ကြီး စိတ်မကောင်းဖြစ်သွားမယ်မဟုတ်လား။ အိမ်ထောင်ကောင်းကောင်းကျသွားလို့ ဝမ်းသာနေတာကို အိမ်ထောင်ရေးပါ ပျက်စီးတယ်ဆိုတော့။”

“…”

“မိဘကိုလည်းဖမ်းစား၊ ကလေးကိုလည်းဖမ်းစား၊ ယောက်ျားကိုလည်း ဒုက္ခပေးနဲ့။”

“ဟဲ့။”

“နင့်ကိုပါ ဒုက္ခပေးလိုက်သေးတယ်…”

“သိပါပြီ။ တော်ပါတော့။ အဲ့ဒါဆို ငါ့အိမ်ဝင်ပြီး စောင်ဖြစ်ဖြစ် ယူလိုက်မယ်။ ဒီနေ့တော့ အဲ့ဒီလိုအိပ်ပြီးတော့ မနက်ဖြန် IKEA တန်းသွားကြရအောင်။”

“သွားရအောင်ပေါ့လေ။ နင်ပါလိုက်မှာလား။”

“အဲ့ဒါဆို အဲ့ဒီခန္ဓာကိုယ်နဲ့ ဘာများလုပ်မလို့လဲ။”

“ငါ နင်နဲ့ အတူတူမအိပ်ဘူး။”

“ဘယ်သူက အတူတူအိပ်မယ်ပြောနေလို့လဲ။ အိမ်ထောင်သည်မိန်းမကို…ငါက ငါတို့အိမ်မှာ သွားအိပ်မှာ။”

“သိပြီ။”

“ကောင်းကောင်းနားလည်ပြီလို့ပြော။”

“အင်း။”

“သန့်ရှင်းရေးမလုပ်လို့ရော ဖြစ်ရဲ့လား။ အိမ်ငှားတွေ ထွက်သွားလို့ ညစ်ပတ်နေမှာကို။ အိမ်ကနေ သန့်ရှင်းရေးပစ္စည်းတွေ ယူလာလား။”

“အိမ်သန့်ရှင်းရေးလုပ်ထားတာ ဘယ်လောက်မှမကြာသေးဘူး။ အဆင်ပြေတယ်။”

ယွန်းဟျောင်းက ဘိုဆမ်ကို အကုန်စားနေတဲ့အချိန်မှာ ကျွန်မက တို့ကနန်းဆိတ်ကနန်း လုပ်နေတာကြောင့် အဆူခံခဲ့ရတယ်။ စားရင် နင့်အရှေ့မှာ အန်ထွက်မှာလို့ပြောလိုက်တော့ အဲ့ဒါဆိုလည်း ဒီအတိုင်း အငတ်ပဲခံလိုက်တော့လို့ ပြောလာတာကြောင့် စိတ်က ပိုပြီးသက်သောင့်သက်သာရှိလာခဲ့တယ်။

စားသောက်ဆိုင်ကထွက်လာပြီးတော့ ရင်းနှီးနေတဲ့ လမ်းကြားလေးထဲ ဖြတ်လျှောက်ပြီး တိုက်ခန်းကို ပြန်လာခဲ့ကြတယ်။ ယွန်းဟျောင်းက ကျွန်မ အထဲဝင်သွားတဲ့အထိ ကြည့်နေမယ်လို့ အတင်းခေါင်းမာနေခဲ့ပြီးမှ သူ့အိမ်သူပြန်ပြီး စောင်တွေပြန်ယူခဲ့တယ်။ အပြန်မှာ သူက ကျွန်မ ငယ်ငယ်က ကြိုက်တတ်တဲ့မုန့်တွေ တစ်ပွေ့တစ်ပိုက် ဝယ်လာခဲ့တယ်။

မုန့်တစ်ထုပ်ကို အတင်းဖျစ်ညှစ်ပြီး စားပြလိုက်တော့ အဲ့ဒါကလည်း တော်တော်လေးကြာတာကြောင့် ဂင်ယွန်းဟျောင်းက နောက်ထပ်တစ်နာရီခွဲလောက် ထပ်နေလိုက်ရတယ်။ အဲ့ဒါကို အကုန်ကုန်သွားအောင် အတင်းဖျစ်ညှစ်ပြီးစားဖို့ ကြိုးစားကြည့်လိုက်တော့ ထင်ထားသလောက် မဆိုးပါဘူး။

ကျွန်မ ယွန်းဟျောင်းကို ပြန်လွှတ်လိုက်ပြီး ပြတင်းပေါက်ကို ကျယ်ကျယ်ဖွင့်ထားလိုက်တယ်။ အေးမြမြ ညလေညင်းလေး တဖြူးဖြူးဝင်လာတော့တယ်။ ဒီမှာ ပုစဉ်းရင်ကွဲသံတွေ ကြားနေရဆဲပါ။ ဓာတ်လှေကားမရှိတဲ့ ခြောက်ထပ်တိုက်ရဲ့ ငါးလွှာမြောက်ပါ။ ဒုတိယမြောက် အခက်ခဲဆုံးဖြစ်သလောက် ရှုခင်းကလည်း ဒုတိယမြောက်အကောင်းဆုံးလို့ ပြောလေ့ရှိတဲ့ အဖေ….

ကျွန်မတို့မိသားစု ဒီအိမ်ကိုပြောင်းလာပြီးတဲ့နောက်မှာ ကျွန်မအဖေရဲ့လုပ်ငန်းက ခုန်ပေါက်ပြီးတိုးတက်လာခဲ့ပေမဲ့ ကျွန်မတို့က စီးပွားရေး ပြေလည်လာပြီးတဲ့နောက်မှာလည်း ဒီမှာပဲ ဆက်နေခဲ့ကြတယ်။ ကျွန်မမိဘတွေက ဒီအိမ်ကို သဘောကျကြပါတယ်။ ဒီအိမ်မှာ စနေကတည်းက သူတို့လုပ်သမျှ အရာရာတိုင်း အဆင်ပြေပြေ ချောချောမွေ့မွေ့ရှိခဲ့တာ​မှ မှင်စာအိမ်လိုပဲလေ။

‘….နင်က အဲ့ဒီမှာ ဘယ်လိုနေမှာလဲ။’

ဟုတ်ပါရဲ့။ ကျောချဖို့အိပ်ရာရော၊ စားပွဲရော၊ တခြားလိုအပ်တဲ့အခြေခံပစ္စည်း ဘာတစ်ခုမှမရှိတဲ့အိမ်ပါ။ အဲ့ဒီပုံးတွေသာရှိရင် ဘယ်မှာပဲဖြစ်ဖြစ် နေလို့ရတယ်လို့ တွေးထားခဲ့ပေမဲ့ ဘယ်မှာဖြစ်ဖြစ် ဝယ်လို့ရတဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းလှောင်ထားခြင်းမရှိတာကြောင့် အခုအတိုင်း ဒီမှာနေဖို့က နည်းနည်းမဖြစ်နိုင်ပါဘူး။

ကျိန်းသေပေါက် အဲ့ဒီစကားက ဒီအိမ်ဟောင်းလေးဟာ နေဖို့မတန်ဘူး၊ ဘာပစ္စည်းမှမရှိဘူးဆိုတဲ့သဘောတော့ မဟုတ်ဘူးပေါ့။ တကယ်ပဲ အိပ်မက်ဆိုးနဲ့တူတဲ့ နေရာမို့လို့ပါ။

‘အခုထိရော ဟီရှင်းအကြောင်း အိပ်မက်မက်သေးလား။’

ထူးဆန်းလှစွာပဲ ကျွန်မချစ်ခဲ့ရတဲ့သူတွေအားလုံးက အိပ်မက်ဆိုးတွေထဲမှာပဲ ပေါ်လာတတ်ကြပါတယ်။ ဟီရှင်းလေး၊ အမေ၊ အဖေ…သူတို့အားလုံးက ကျွန်မ ပြန်သွားလို့မရတဲ့အချိန်မှာပဲ ပေါ်လာကြတာကြောင့် သူတို့ကို ကူကယ်ရာမဲ့စွာ ဆုံးရှုံးလိုက်ရတာချည်းပါပဲ။

ကျွန်မရဲ့မိသားစုက အခု အဲ့ဒီလိုအိပ်မက်ထဲမှာပဲ ရှိကြတာပါ။

ကိစ္စမရှိပါဘူး။ အခု ကျွန်မ နေနေတာကလည်း အဲ့ဒီလောက်ကောင်းတဲ့အိပ်မက် မဟုတ်တာမို့လို့…အဲ့ဒါကြောင့် ဒီအိမ်မှာနေတာကလည်း သိပ်အဆိုးကြီးတော့ မဖြစ်နိုင်လောက်ပါဘူး။ ကျွန်မ ဧည့်ခန်းကို မျက်စိထဲ မမြင်ရအောင်လို့ အဲ့ဒီတံခါးကိုပိတ်လိုက်တယ်။

ပြီးတော့ အခုပဲဖြစ်ဖြစ် mart ကိုသွားပြီး လိုအပ်တဲ့ပစ္စည်းလေး အနည်းအကျဉ်းဝယ်လာဖို့အတွေးနဲ့ အိတ်ထဲကနေ ပိုက်ဆံအိတ်လေးကို ထုတ်လိုက်တယ်။

အဲ့ဒီအခိုက်အတန့်မှာ လူခေါ်ခေါင်းလောင်းမြည်လာခဲ့တယ်။

ဒီအိမ်ကိုလာမဲ့သူက ယွန်းဟျောင်းတစ်ယောက်အပြင် မရှိတာကြောင့် ကျွန်မလည်း တံခါးဘက်ကို အသံကျယ်ကျယ်နဲ့ မေးလိုက်တယ်။ တစ်ခုခုကျန်ခဲ့တာထင်ပါရဲ့။

“ဘာကျန်ခဲ့လို့လဲ။”

မေးပြီးပြီးချင်းပဲ တံခါးဆီလက်လှမ်းပြီး ဖွင့်လိုက်တယ်။ ကျွန်မတို့ကြားက အကွာအဝေးက တော်တော်လေးကျဉ်းပြီး တံခါးအပြင်ကနေ ဘာသံမှမကြားရတာ ထူးဆန်းတယ်ဆိုတဲ့အတွေးက နောက်ကျမှဝင်လာခဲ့တယ်။ အဲ့ဒီအခိုက်အတန့်မှာ…

အပြင်ဘက်ကအားနဲ့အတူ တံခါးက အကျယ်ကြီးပွင့်သွားခဲ့တယ်။

“အိတ်ယူပြီး ထွက်လာခဲ့။”

ဝူဂျင်းဟာက အေးစက်စွာ ရပ်နေခဲ့တယ်။

“သွားပါ။”

တံခါးပိတ်ဖို့လုပ်လိုက်တော့ တံခါးအတွင်းဘက်ကို လက်တစ်ဖက် ဝင်လာခဲ့တယ်။ ကိုယ်တိုင်တောင် သတိမထားမိဘဲ သူများထိခိုက်မိသွားမလားဆိုပြီး ရပ်လိုက်မိပေမဲ့ အဲ့ဒီလိုရပ်ရကောင်းလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိခဲ့တယ်။ ဒီအခြေအနေမှာတောင် သူ့ကို ကာကွယ်ပေးမိနေတာလေ။

“နောက်နေတာ ဒီလောက်နဲ့ရပ်ပြီး ထွက်လာတော့။”

“နောက်နေတဲ့ပုံပေါက်နေလို့လား။”

“နောက်နေတာလို့ ပြောတဲ့ဘက်က ပိုကောင်းတယ်။”

“ဘာကို…”

“…ဂင်ယွန်းဟျောင်းကို တွေ့လိုက်တယ်။”

ကျွန်မ ဘာမှမပြောဘဲ မျက်မှောင်ကြုတ်လိုက်တယ်။ ဝူဂျင်ဟာက လက်တစ်ဖက်လုံး အထဲသွင်းပြီးတော့ တံခါးဖွင့်ပြီး လျှောက်လမ်းကျဉ်းကျဉ်းလေးထဲကို ဝင်လာခဲ့တယ်။ ကျွန်မကို ထွက်လာခိုင်းတာထက် သူကိုယ်တိုင် ဝင်ခေါ်ထုတ်တာက ပိုကောင်းလိမ့်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ပုံပါပဲ။

“ငါ အထဲကို ဝင်လာရမလား၊ ငါနဲ့အတူတူ ထွက်လာမလား။”

“…ကျွန်မ ထွက်လာခဲ့ပါ့မယ်။”

သူ့ကို ဒီအိမ်ထဲ ပေးဝင်တာက အဆိုးဆုံးဖြစ်လောက်မှာပါ။ ဒီအိမ်က ကျွန်မ ခဏတဖြုတ်လေးနေဖို့တောင် မတွေးနိုင်အောင် ကြောက်စရာကောင်းပေမဲ့ မိဘတွေနဲ့အမှတ်တရတွေ အပြည့်မြှုပ်နှံထားရာ သင်္ချိုင်းမြေလည်း ဖြစ်ပြန်ပါတယ်။ သူတို့သာ သက်ရှိထင်ရှား ရှိကြဦးမယ်ဆိုရင် ဝူဂျင်ဟာကို သိပ်ပြီးသဘောကျလောက်မှာမဟုတ်ပါဘူး။

ကျွန်မ လက်ဗလာကိုမြှောက်ပြပြီး အိတ်ယူဖို့ အထဲကို ဝင်သွားလိုက်တယ်။ အဲ့ဒီအချိန်အတွင်းမှာ ဝူဂျင်ဟာကလည်း အလယ်မှာရှိတဲ့ တံခါးအိုအိုကို တွန်းဖွင့်ပြီး အနောက်ကလိုက်လာခဲ့တယ်။

အိမ်ထဲကို လှည့်ပတ်စနည်းနာနေတဲ့ သူ့မျက်လုံးတွေက အပြင်ပြန်ထွက်လာတဲ့ ကျွန်မနဲ့ တည်ငြိမ်စွာ ဆုံခဲ့တယ်။ ကျွန်မမျက်နှာက ကွက်ခနဲ ပျက်သွားတော့တယ်။

“ရှင့်ကို ဝင်လာလို့ မပြောခဲ့ဖူးဘူးမဟုတ်လား။”

“ငယ်ငယ်တုန်းက မိဘတွေနဲ့ နေခဲ့တဲ့နေရာက ဒီနေရာလား။”

သူက အရေးမလုပ်ဘဲ မေးခဲ့တယ်။ ပြန်တောင်မဖြေချင်တာမို့ ကျွန်မလည်း သူ့ဘေးကနေ မြန်မြန်ဖြတ်ပြီး အဝင်တံခါးဆီ လျှောက်သွားလိုက်တယ်။ ဝူဂျင်ဟာက ကျွန်မ ဖြတ်လျှောက်သွားတဲ့နေရာမှာပဲ မလှုပ်မယှက်ရပ်နေပြီး ကစဉ့်ကလျားပြန့်ကြဲနေတဲ့ပုံးတွေ့သွားခဲ့တယ်။

“ငါတို့အိမ်မှာ လပိုင်းအတွင်း ဖြေတောင်မဖြေခဲ့တဲ့ အထုပ်အပိုးတွေပါလား။”

“…အခု ထွက်လာပါတော့။ အိတ်ယူလာပြီးပြီ။”

“အခု ထွက်သွားလည်း မင်း နောက်တစ်ခါ ဒီကိုပြန်လာဦးမှာပဲမဟုတ်လား။”

“…”

“ဒီလိုမျိုး ပြန်လာစရာနေရာရှိနေလို့ နောက်ကြောင်းတောင်ပြန်လှည့်မကြည့်ဘဲ ထွက်သွားတာကိုး။ မဟုတ်ဘူးလား။”

“မြင်တဲ့အတိုင်းပါပဲ။”

သူက ကျွန်မကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေတာနဲ့လည်းတူပြီး၊ ကိုင်တွယ်ရခက်တဲ့အရာဝတ္ထုကို ကြည့်နေပုံမျိုးနဲ့လည်း တူနေခဲ့တယ်။ တိတ်ဆိတ်မှုက ပြင်းထန်လှပါတယ်။ ကျွန်မက အခုချက်ချင်းပဲ ဘယ်နေရာဖြစ်ဖြစ် ထွက်ပြေးသွားတော့မဲ့ တိရစ္ဆာန်လေးလိုမျိုး၊ ကျွန်မကို လန့်မသွားစေချင်သလိုမျိုး ဝူဂျင်ဟာက ခြေလှမ်းဖွဖွနဲ့ ကျွန်မဆီကို အသာလေး ချဉ်းကပ်လာခဲ့တယ်။

သူ ဘာတွေးလို့တွေးနေမှန်းတောင် မသိလိုက်ဘဲ ကျွန်မရဲ့အိတ်ကို ဆွဲယူသွားခဲ့တယ်။ လိုအပ်တဲ့အရာ တစ်စုံတစ်ရာကို စစ်ဆေးရှာဖွေနေသလိုမျိုး…ကျွန်မအတွက် အားနည်းချက်ဖြစ်မဲ့အရာ တစ်ခုခုများရှိမလားဆိုပြီး ရှာနေသလိုမျိုး သူက အောက်စိုက်နေတဲ့မျက်လုံးတွေနဲ့ အိတ်ကို စစ်ဆေးရှာဖွေခဲ့တယ်။

“ရိပ်တောင်မရိပ်မိလိုက်ဘူး။ မင်းထွက်သွားတာကို။”

“…ဘာလုပ်နေတာလဲ၊ အခု။”

“အဲ့ဒါကြောင့် တော်တော်ကြာအောင် မသိခဲ့တာ။”

မှတ်ပုံတင်နဲ့ ခရက်ဒစ်ကတ်တို့ပါတဲ့ ကျွန်မရဲ့ ပိုက်ဆံအိတ်လေးက နည်းနည်းနွမ်းဖပ်နေပြီး လတ်တလော ကိုင်နေကျပိုက်ဆံအိတ် မဟုတ်ခဲ့ပါဘူး။ ဝူဂျင်ဟာရဲ့ ချောမွတ်ပြီး ခံ့ညားတဲ့လက်ထဲမှာတော့ သိသိသာသာကို နွမ်းဖပ်နေတော့တာပေါ့။ အထဲမှာ ဝမ်တစ်သောင်းတန် အနည်းငယ်ပါတာကို စစ်ဆေးပြီးတဲ့နောက်မှာ သူက ပိုက်ဆံအိတ်ကို အိတ်ထဲပြန်ထည့်ခဲ့တယ်။

“ဖုန်းယူသွားတာတောင် မကိုင်ဘူး။”

“….”

“ပိုက်ဆံအိတ်ကလည်း တစ်နေရာရာကို ထွက်ပြေးသွားသလိုမျိုး။ ပျောက်သွားလည်းဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့…”

“ပေးပါ။”

“မပေးဘူး။”

သူက ကျွန်မရဲ့ စိန်းစိန်းဝါးဝါး ရန်ဆောင်နေတဲ့အကြည့်ကို တည်တည်ငြိမ်ငြိမ်လက်ခံရင်း ကျွန်မတို့ကြားက အကွာအဝေးကို ပိုနီးကပ်သွားအောင်လုပ်ခဲ့တယ်။

“ဒါက တကယ်တော့ မင်းအတွက် ဘာမှလည်းထွေထွေထူးထူး အဓိပ္ပာယ်မရှိဘူး။ ဟုတ်တယ်မဟုတ်လား။”

“ဂျင်ဟာ။”

“ငါက အတင်းအကြပ် လုပြီးယူထားလိုက်ရင်တောင်မှ နောက်တစ်ခါ ငါ့အိမ်ကထွက်သွားတဲ့အချိန်ကျရင်လည်း စိတ်ကူးထဲတောင် ရှိမှာမဟုတ်ဘူးမဟုတ်လား။”

ရင်ခွင်ထဲကို အိတ်က တစ်ခါပြန်ရောက်လာခဲ့တယ်။

“အဲ့ဒီတော့ တစ်နေရာရာမှာ သော့ခတ်ပြီးပိတ်ထားတာပဲဖြစ်ဖြစ် လုပ်ရမလား။”

“…”

နားကြားလွဲတာလို့ တွေးလိုက်မိတယ်။ ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်ရင်း သူ့ကို မော့ကြည့်လိုက်တော့ အကာအကွယ်မဲ့နေတဲ့ ကျွန်မရဲ့လည်တိုင်ပေါ်ကို သူ့နှုတ်ခမ်းတွေ သက်ဆင်းလာခဲ့တယ်။ သူက အသားကို နာအောင်ကိုက်နေရာကနေ စုပ်ခဲ့တယ်။ အသားနုနုလေးပေါ်မှာ သွားရာတွေချန်ထားရင်း ကျွန်မရဲ့ မေးဖျားလေးအထိ တက်လာတဲ့ သူ့နှုတ်ခမ်းတွေက ပြုံးခဲ့တယ်။

“နောက်လိုက်တာ။”

“…ဖယ်ပေးပါ။”

“မင်း နောက်ခဲ့သလိုမျိုး ငါလည်း နောက်လိုက်တာ။”

“ကျွန်မ ရှင်နဲ့ နောက်ပြောင်တာလိုအရာမျိုးကို…”

“ဒါက နောက်တာမဟုတ်ဘူးဆိုရင်၊ ငါလည်း နောက်တာဖြစ်မှာမဟုတ်ဘူးနော်။”

“…”

“ဆုံးဖြတ်ချက်ကို ကိုယ့်ဘာသာ ကြည့်ကြပ်ပြီးချ။”

“အခု ကျွန်မကို ခြိမ်းခြောက်နေတာလား။”

“ပြောပြီးပြီလေ။ မင်းဆုံးဖြတ်တဲ့အတိုင်း လိုက်လုပ်မယ်လို့။ နောက် ၅မိနစ်နေရင် အတွင်းရေးမှူးချွဲနဲ့ ဒရိုက်ဘာတို့ ဒီကိုတက်လာလိမ့်မယ်။ မင်းရဲ့အထုပ်အပိုးတွေပြန်သယ်ဖို့။”

“ဝူဂျင်ဟာရှင့်။”

“မင်းတစ်ယောက်လောက်ကို ချည်တုပ်သွားဖို့ဆိုတာ အမှန်အတိုင်းပြောရရင် လွယ်လွန်းလို့ ခြိမ်းခြောက်နေစရာတောင်မလိုဘူး။”

“…”

“အဲ့ဒါကြောင့် ဒါက အတိုင်းအတာတစ်ခုအထိ ကြိုသတိပေးထားတာ။ မင်းက လူနာဖြစ်နေလို့။”

ကျွန်မရဲ့နားရွက်နားလေးကို ဝဲကျလာတဲ့ ဆံပင်တွေကို သပ်တင်ပေးနေတဲ့လက်က ကြင်ကြင်နာနာရှိလှပါတယ်။ ဒီတော့ ခြိမ်းခြောက်တာမဟုတ်ဘဲ ကြိုတင်အသိပေးတာပေါ့လေ…ဝူဂျင်ဟာက တခြားအချိန်တွေတုန်းကထက်ပိုပြီးတော့ အထက်စီးဆန်နေပြီး၊ တခြားအချိန်တွေတုန်းကထက်ပိုပြီးတော့ ကြင်ကြင်နာနာရှိခဲ့တယ်။ အနေခက်ရလောက်တဲ့အတိုင်းအတာအထိ အစိမ်းသက်သက်ဖြစ်နေခဲ့ပေမဲ့ တစ်နည်းအားဖြင့် အဲ့ဒါက သူ့ရဲ့ပုံစံအမှန် ဖြစ်နေသလိုပါပဲ။ အဲ့ဒါကမှ အပြင်ခွံကို ဖယ်ခွာလိုက်သလိုမျိုးပေါ့။

“ပစ္စည်းတွေမှာ သူတို့နေရာသူတို့ရှိတယ်။ လူလည်းအတူတူပဲ။”

ခဏနေလို့ အဲ့ဒီလူတွေ တက်လာရင် ကျွန်မအတွက် နည်းလမ်းမရှိတော့ပါဘူး။ ဒီနေ့ချက်ချင်း ခုခံဖို့နည်းလမ်းလည်း မရှိပါဘူး။ အကြမ်းနည်းကြောင့် ဒေါသထွက်တာထက် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်ခဲ့ရတယ်။ ခွဲနေတာက သူ့အတွက်လည်း သိပ်မဆိုးလှတဲ့ရွေးချယ်မှု ဖြစ်တာကြောင့်ပါ။

“…ယွန်းဟျောင်းကို ဘယ်လိုလုပ် သိသွားတာလဲ။”

“အတူတူ လမ်းလျှောက်သွားတာကိုတွေ့တယ်၊ စောင်သယ်ပြီး ဝင်သွားတာကိုလည်း တွေ့တယ်။ ပြီးတော့ တော်တော်လေး မသင်္ကာစရာဖြစ်လောက်အောင် အကြာကြီးနေမှ ထွက်လာတာကိုလည်း တွေ့တယ်။”

“…”

“အာ၊ ကားပါကင်မှာ ခင်ခင်မင်မင်ရင်းရင်းနှီးနှီး ကားစီးနေကြတာရောပဲ။”

“…”

“အဲ့ဒီတော့ တော်တော့်ကို အကြာကြီး အောင့်အည်းသည်းခံခဲ့ရမှာပဲနော်။”

သူက ပိုက်ဆံပေါတော့ မျက်လုံးတွေ၊ နားတွေ အများကြီးရှိမှာပါပဲ။ အဲ့ဒီတော့ ပြောခဲ့သလို ဘာတစ်ခုကိုမှ ကိုယ်တိုင်တွေ့မြင်ခဲ့ရမှာ မဟုတ်ပါဘူး။ ယွန်းဟျောင်း ဒီအိမ်ကနေ နောက်ဆုံး ထွက်သွားတာလောက်ကိုတော့ သူ့မျက်လုံးနဲ့ ကိုယ်တိုင်တွေ့သွားလောက်မလား။

သူက တစ်ခါတလေ ဒီလိုမျိုး ထူးဆန်းတဲ့ ထိန်းချုပ်ကိုင်တွယ်နိုင်မှုကို ပြတတ်ပါတယ်။ ကျွန်မကိုတင် အဲ့ဒီလိုလုပ်တာမဟုတ်ဘဲ သူ့ဆီမှာ ဖြစ်ပျက်သမျှ ကိစ္စတိုင်းကို အဲ့ဒီလိုလုပ်တာပါ။ သူ့မှာ ဖြစ်ပျက်လာမဲ့ကိစ္စကို ကြိုတင်ခန့်မှန်းတွက်ချက်ပြီး ပြင်ဆင်ထားရမှ စိတ်ဖြောင့်လက်ဖြောင့်ရှိတတ်တဲ့ ယောက်ျားမို့လို့လေ။

ကျွန်မတစ်ယောက်တည်းကိုပဲ အဲ့ဒီလိုလုပ်တာဆိုရင် ကြည့်ရတာ သူက အင်မတန် ကျောချမ်းစရာနည်းလမ်းနဲ့ ငါ့ကို ချစ်တာဖြစ်မလားလို့ တွေးမိလောက်ပြီး ဝမ်းသာပေမဲ့ ကြောက်လို့ ဝေးဝေးထွက်ပြေးမိလောက်ပါတယ်။ ဒါပေမဲ့ ကျွန်မက အဲ့ဒီထိန်းချုပ်မှုတံတိုင်းရဲ့ စက်ကွင်းထဲမှာရှိတဲ့ တကယ့်ကို အပိုင်းအစ သေးသေးလေးတစ်ခုအပြင် မပိုပါဘူး။

အဲ့ဒါကြောင့် အမြဲတမ်း ဘေးကင်းလုံခြုံပြီး အခုလည်း ကြောက်မိတာမျိုး မဖြစ်ခဲ့ပါဘူး။ သူက ကျွန်မအပေါ် သံသယဝင်ရလောက်အောင် ကျွန်မကို စိတ်ထဲရှိတာလည်းမဟုတ်ဘဲ၊ ကျွန်မက သူ့ကို သစ္စာဖောက်လိမ့်မယ်လို့ တွေးရလောက်တဲ့အထိ ကျွန်မအပေါ်မှာ မျှော်လင့်ထားတာမျိုး မရှိတဲ့အတွက်ကြောင့်ပါ။

အဲ့ဒါအပြင် အဲ့ဒီအိမ်က လူတွေက အကုန် အဲ့ဒီလိုချည်းပါပဲ။ စိတ်ရောဂါရနေတဲ့သူတွေလိုမျိုး တစ်ယောက်ကိုတစ်ယောက် သံသယတွေဝင်ကြ၊ တစ်ယောက်နောက်တစ်ယောက်လိုက်ကြ၊ တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်ကြနဲ့လေ။ ဝေးဝေးမှာ ကိုယ်ရံတော် အစောင့်အကြပ်ထားပြီး CCTV ကနေ စစ်ဆေးအတည်ပြုတာလောက်ကိုတော့ ဂရုစိုက်မှုလို့ သဘောထားတတ်ကြတဲ့ လူတွေပါ။

ကျွန်မလည်း ဘယ်လောက်များ အံ့ဩဖို့ကောင်းအောင် ရူးခဲ့သလဲဆိုရင် အဲ့ဒီလိုသံသယများတဲ့အိမ်က အကျင့်တွေ ကျွန်မဆီ ကူးစက်လာတာကို စိတ်ဝင်စားမှုပဲဆိုပြီး ဝမ်းသာမိခဲ့ဖူးပါတယ်။ သူ သတိထားတဲ့ကိစ္စတွေထဲမှာ ကျွန်မလည်း ပါလောက်တယ်ဆိုပြီးတော့။ တဒင်္ဂဝင်လာတဲ့အတွေးဆိုပေမဲ့ တစ်ခါတလေ ကျွန်မကို စောင့်ကြည့်ပြီး တစ်စုံတစ်ယောက်ဆီကနေ တင်ပြချက်ရယူလိမ့်မယ်ဆိုပြီးတော့။ သူမသိနိုင်တာ ဘာများရှိမလဲလေလို့ တွေးပြီးတော့ပေါ့။

ယွန်းဟျောင်း ပြောခဲ့သလိုပဲ ကျွန်မ လုံးဝရူးသွားပါပြီ။ အဲ့ဒါကြောင့် ဒီလို ဒဏ်ခတ်ခံရတာ​ပေါ့။

အတွင်းရေးမှူးချွဲနဲ့ ဒရိုက်ဘာတို့ အိမ်ထဲဝင်သွားကြတာကို တွေ့ပြီးတော့မှပဲ ဝူဂျင်ဟာက ကျွန်မပခုံးကိုဖက်ပြီး တိုက်ခန်းအောက်ကို ဆင်းလာခဲ့တယ်။

ကျွန်မက ဒီအဖြစ်ကို အိမ်ကထွက်သွားတဲ့ ခွေးကလေး လိုက်ရှာနေသလိုပါပဲလားလို့ တွေးခဲ့မိတယ်။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment