အခန်း ၅၆
Translator - D
ခေတ်ဟောင်းအိမ်ရာရဲ့ အပေါက်ဝကနေ ထွက်လိုက်တာနဲ့ သူ အဝေးမှာ ရပ်ထားတဲ့ကားကို မြင်လိုက်ရတယ်။ ကျွန်မ သူ့ကို ဘာမှမမေးဘဲ အရင်ဆုံး စတင်လျှောက်လှမ်းရင်း ရုတ်တရက် သတိရလာတဲ့အတွက် ပြောလိုက်မိတယ်။
“နဂိုကတည်းက ဘယ်သူမဆို အန္တရာယ်ရှိလာတဲ့အခါ ကိုယ့်အတွက် အကျိုးရှိမဲ့ အစဉ်လိုက်အတိုင်း သတိရတတ်ကြတာပဲလေ။ တွက်ချက်ပြီး
တော့ပေါ့။”
“…….”
“ကျွန်မအတွက်တော့ ယွန်းဟျောင်းက အဲ့ဒီလို လူမျိုးပါ။”
စကားကို ဖြစ်သလိုပဲ ပြောချလိုက်တယ်။ သူ မကြိုက်မှန်းသိရက်နဲ့ ယွန်းဟျောင်းကို တမင်အသုံးချလိုက်မိတဲ့အတွက် အားနာမိပေမဲ့လည်း ကျွန်မပြောတဲ့ အခြေခံသဘောတရားကတော့ အမှန်ပါပဲ။ ခွဲစိတ်မှုပြီးလို့ ဆေးရုံမှာ တစ်ယောက်တည်း ရပ်နေရင်း ဘယ်သူ့ဆီ ဖုန်းဆက်ရမလဲလို့ တွေးခဲ့တဲ့ အဲ့ဒီ အချိန်တိုလေးအတွင်းမှာလည်း အဲ့ဒီလိုပဲလေ။ ကျွန်မ ပထမဆုံး ရွေးချယ်ခဲ့တဲ့လူက အိမ်အကူ အဒေါ်ကြီးဖြစ်ခဲ့တာကလည်း အဲ့ဒီအကြောင်းကြောင့်ပဲပေါ့။ အဲ့ဒီအချိန်မှာ ကျွန်မကို အကူအညီ အပေးနိုင်ဆုံးက သူ ဖြစ်နေတာမို့လို့လေ။
“သူသာဆိုရင် ကျွန်မ ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ အချိန်မရွေး ရောက်လာပေးမှာမို့လို့။”
ဒီစကားကလည်း လုံးဝ မမှားပါဘူး။
“ဂျင်ဟာက ကျွန်မနဲ့ တစ်သက်လုံး အတူနေသွားမဲ့ ယောက်ျားပဲဖြစ်ဖြစ်၊ ငါးရက်အကြာမှာ လမ်းခွဲမဲ့ ယောက်ျားပဲဖြစ်ဖြစ် ကျွန်မအတွက်တော့ ကိစ္စမရှိပါဘူး။ ရှင့်ကို ခေါ်မှာလည်းမဟုတ်လို့။”
“……ဘာလို့လဲ။”
“ရှင်က သေရင်တောင် ကျွန်မဆီ လာမှာမဟုတ်ဘူးလေ။”
“…….”
“ဂျင်ဟာကမှ ကျွန်မဖုန်းဆိုရင် ပုံမှန်အားဖြင့် မကိုင်တဲ့သူပါ။”
“ငါ အခု ဒီမှာ ရှိနေတယ်လေ၊ ရှင်းဟီဂျူ။”
ဝူဂျင်ဟာက ဘာမှကိုင်မထားတဲ့ လက်တစ်ဖက်နဲ့ ကျွန်မကို လှမ်းပြီးဖမ်းဆွဲခဲ့တယ်။ သူ ကျွန်မကို သူ့ဘက်လှည့်ကြည့်အောင် မလုပ်ခင်မှာပဲ ကျွန်မက အရင်လှည့်ကြည့်လိုက်တယ်။ ကျွန်မရဲ့ စိတ်အတွင်းပိုင်းက တည်ငြိမ်သလောက် ကျွန်မရဲ့ မျက်နှာကလည်း တည်ငြိမ်နေပါစေလို့ ဆုတောင်းရင်းနဲ့ပေါ့။ ဒါက ဒေါသ သို့မဟုတ် နာကြည်းမှုကြောင့်လို့ မထင်စေချင်သလို၊ ဒါကို အဲ့ဒီလို သာမန်အရာတွေအဖြစ် မြင်မသွားဖို့ကိုပဲ မျှော်လင့်ရင်းနဲ့လေ။
“ကျွန်မက ဘာလို့ အဲ့ဒီလို အချိန်ဖြုန်းရမှာလဲ။ တစ်မိနစ် တစ်စက္ကန့်တိုင်းက နှမြောဖို့ကောင်းနေတာကို။ ကိုယ်ဖုန်းဆက်ရင်တောင် ပြန်မဖြေမဲ့လူဆီက အသံလေးကြားရနိုးနဲ့ စောင့်နေရတာမျိုးနဲ့လေ။”
“……ဟီဂျူရယ်။”
“ကြီးကြီးကျယ်ကျယ် ကိစ္စလည်း မဟုတ်ဘူးလေ။ ရှင့်အသံလေးဖြစ်ဖြစ် ကြားရမလားလို့ပဲ။”
“အဲ့ဒီနေ့ကတော့၊ မတူဘူး။”
“မတူဘူးပေါ့လေ၊ ဘာကလဲ။”
ကျွန်မရဲ့ စကားထဲမှာ ချဲ့ကားခံလိုက်ရတဲ့ ယွန်းဟျောင်းလို၊ အဲ့ဒီနေ့က အိမ်အကူအဒေါ်ကြီးလို...ဝူဂျင်ဟာကလည်း ကျွန်မ ပထမဆုံး စပြီး ဗိုက်နာလာတဲ့အချိန်တုန်းက အဲ့ဒီအတိုင်းပါပဲ။ သူက ကျွန်မအတွက် အကူအညီအဖြစ်နိုင်ဆုံးလူဆိုပြီး ယုံကြည်လို့၊ ဒါမှမဟုတ် ကျွန်မရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံပေးလိမ့်မယ်ဆိုပြီး ယုံကြည်လို့ဆိုတာထက်… အဲ့ဒီနေ့လေး တစ်ရက်တည်းပဲ ကျွန်မအပေါ် အဲ့ဒီလိုမျိုးလေးရှိပေးဖို့ မျှော်လင့်မိလို့ ဖုန်းကို ဆက်တိုက် ခေါ်ခဲ့တာပါ။
တခြားရက်တွေမှာ ကျွန်မကို ဘယ်လောက်ပဲ ပစ်ထားပစ်ထား၊ အဲ့ဒီအချိန်လေးမှာတော့ ကျွန်မအနားမှာ ရှိပေးစေချင်ခဲ့တာလေ။
အဲ့ဒီလို မဖြစ်နိုင်ရင်တောင် စကားတစ်ခွန်းလောက်ဖြစ်ဖြစ် ပြောပေးစေချင်ခဲ့တာပါ။
အကယ်၍ အဲ့ဒါသာ ပထမဆုံးအကြိမ် ဖြစ်ခဲ့မယ်ဆိုရင် ကျွန်မ ဘယ်တော့မှ စိတ်ပျက်မိမှာ မဟုတ်ပါဘူး။ ပုံမှန်အချိန်တွေမှာ သူ ကျွန်မအပေါ် အသေးအဖွဲ အာရုံစိုက်မှုလေး ပြခဲ့ဖူးမယ်ဆိုရင် အဲ့ဒီလောက် ကိစ္စလေးနဲ့တော့ ကျွန်မ စိတ်ဓာတ်ကျမှာ မဟုတ်ဘူးလေ။
ဒါပေမဲ့ အဲ့ဒီအချိန်အထိတောင် ကျွန်မက ဝူဂျင်ဟာရဲ့ ဘာတစ်ခုကိုမှ ပိုင်ဆိုင်မထားခဲ့သလို၊ သေမတတ် မူးမေ့လဲကျတော့မဲ့ အခြေအနေရောက်မှ ‘ရှင့်အသံလေးဖြစ်ဖြစ်' နားထောင်ချင်ခဲ့မိတယ်။ ရှင့်ဆီက အသံလေးတောင် မကြားရတော့မှာကို ကြောက်နေမိတဲ့အလား မျှော်လင့်တကြီး ဖြစ်နေခဲ့တာပါ။
အဲ့ဒါကြောင့် အခုမှလာပြီးတော့။
“…ဟုတ်တယ်။ မတူဘူး။ အခုမဟုတ်ဘဲ အဲ့ဒီနေ့က မတူတာ။ ငါက သေသင့်တဲ့ကောင်မှန်း သိပါတယ်။ ဒါပေမဲ့ ဟီဂျူရယ်။”
“မတူတာတော့ အမှန်ပါပဲ။ အဲ့ဒီတုန်းက ကျွန်မက အလိုရှိခဲ့ပြီး၊ အခု ကျွန်မက အလိုမရှိတော့ဘူးလေ။”
ရှင် ကျွန်မကို အဲ့ဒီလိုမျက်နှာထားနဲ့ ကြည့်နေရင်တောင်မှ။ ကျွန်မကို ဘယ်လိုပဲ ခေါ်နေပါစေ….
“အကုန်လုံး ဖြစ်ပျက်ပြီးသွားမှ ဂျင်ဟာက ကျွန်မရှေ့ကို ရောက်လာတာပဲ။ ဘာအဓိပ္ပာယ်မှလည်း မရှိဘဲနဲ့။”
ဝူဂျင်ဟာက ဘာစကားမှမပြောဘဲ ကျွန်မစီးမဲ့ ဘေးဘက်တံခါးကို ဖွင့်ပေးခဲ့တယ်။ ကျွန်မလည်း အသာလေး တက်ထိုင်ပြီး သူ ကားစက်နှိုးမဲ့အချိန်ကို စောင့်နေခဲ့တာပေါ့။ ကားက ချက်ချင်းပဲ ထွက်ခဲ့တယ်။ ကားတံခါးရှေ့မှာ ဝူဂျင်ဟာ ဘယ်လိုမျက်နှာထားမျိုး ဖြစ်နေခဲ့မလဲ၊ ကျွန်မရဲ့ လက်ကောက်ဝတ်ကို ဘယ်လောက်တောင် အားတင်းပြီး လွှတ်ပေးခဲ့ရမလဲဆိုတာတွေကို တွေးမိလိုက်တယ်။ အဖြေမရှိအောင် မိုက်မဲလွန်းတဲ့ ရှင်းဟီဂျူ။ ယောက်ျားတစ်ယောက်ကြောင့် ရူးသွပ်နေတဲ့ ရှင်းဟီဂျူ….
ဝူဂျင်ဟာနဲ့ ဝေးသွားတာနဲ့တစ်ပြိုင်နက် သူ့ရဲ့အရာရာတိုင်းကို ပြန်တွေးပြီးတော့ သူ့ဆီ ပြန်ပြေးသွားပြီး ပွေ့ဖက်ထားချင်မိမလား မသိပါဘူး။ ကားက လမ်းပေါ်မှာ လိမ့်နေသလိုပဲ၊ စိတ်ပျက်ရွံရှာမှုတွေက ကျွန်မရဲ့ အသိစိတ်တွေကြားထဲမှာ လိမ့်ပြေးလို့ပါ။ ရယ်စရာကောင်းတာက သူ အနားမှာရှိနေတာ ကျွန်မအတွက် ဒိုင်းကာတစ်ခုလို ဖြစ်နေခဲ့တာပါပဲ။ စိတ်ကူးထဲမှာ ကျွန်မရဲ့ အချစ်တွေ ပြန်လည်ရှင်သန်ကြီးထွားလာဖို့က သူ့ကိုကြည့်ပြီး လက်တွေ့ကို သိမြင်နားလည်ဖို့ထက် အများကြီး ပိုလွယ်နေခဲ့တာကိုး။
သေရင်တောင် သူ့ကို နောက်တစ်ကြိမ် ထပ်ပြီးဆွဲချလို့မဖြစ်တာမို့လို့။
“ဒါရိုက်တာဆုန်က ကျွန်မကို မနစ်နာရအောင် လုပ်ပေးမယ်တဲ့။”
“…ဟုတ်လား။”
“ဒီအတိုင်း ကွာရှင်းရတာလေးက ဘာများ အရေးကြီးလို့လဲဆိုပြီး…ဝန်လေးမိပေမဲ့ ပြန်စဉ်းစားကြည့်တော့ လက်မခံစရာ အကြောင်းပြချက်လည်း မရှိဘူးလေ။”
“…….”
“ပေးတာမှန်သမျှ အကုန်ယူဖို့ စဉ်းစားထားပါတယ်။ ပန်းချီရော၊ အိမ်ရော။”
သူ့ရှေ့မှာ ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြောလိုက်ခြင်းပါ။ ဝူဂျင်ဟာ သိနှင့်နေပြီးသားလား၊ ဒါမှမဟုတ် အခုအထိ မသိသေးတာလားဆိုတာ မသေချာပေမဲ့ သူ့အနားကနေ ကိုယ့်ကိုယ်ကိုယ် ဖယ်ရှားဖို့ ရွေးချယ်လိုက်တဲ့အတွက် ရလာမဲ့ လျော်ကြေးက ဘာလဲဆိုတာတော့ သူ့ကို ပြောပြဖို့ တာဝန်ရှိတယ်လို့ ကျွန်မ ထင်မိတယ်လေ။ ဝေးကွာလှတဲ့ တစ်နေ့နေ့နဲ့ နီးကပ်လာတဲ့ လမ်းခွဲပြတ်စဲခြင်းကြား အချိန်ကာလတစ်ခုမှာပေါ့။
"အစီအစဉ်လည်း ဆွဲထားပြီးသားပါ။"
တော်တော်လေး နောက်ကျတဲ့အထိ အချိန်ဆွဲနေခဲ့ရာကနေ အခုမှပဲ ခက်ခက်ခဲခဲ ပြောလိုက်နိုင်တော့တယ်။ တည်တည်ငြိမ်ငြိမ် ပြောလိုက်ပေမဲ့ ခဏတာတော့ ရွှံ့နွံထဲ ရောက်သွားသလိုပါပဲ။ ချက်လက်မှတ် လက်ခံရရှိခဲ့တဲ့ အခိုက်အတန့်ကို အခုအထိ မှတ်မိနေပါသေးရဲ့။
ကျွန်မလက်ထဲမှာ ကိုင်ထားခဲ့တာက ကျွန်မ ဘယ်တော့မှ ပြန်မကူးနိုင်တော့မဲ့ မြစ်တစ်စင်းပေါ့။ ကိုယ့်နှုတ်ဖျားကနေ တစ်ခါပြန်ပြီး အသံထွက်ပြောလိုက်ရုံနဲ့တင် မြစ်ကြမ်းပြင်ကို အရင်ကထက် နှစ်ဆလောက် ပိုပြီး နက်နက်တူးလိုက်သလိုမျိုးပါပဲ။
"ကောင်းကောင်း စဉ်းစားခဲ့တာပဲ။"
သူက ရှေ့ကို စိုက်ကြည့်ရင်း ရှီးခနဲ ရယ်ခဲ့တယ်။
"ငါ့အစား မင်းရွေးချယ်ခဲ့တာက လက်ချည်းဗလာသက်သက်ဆိုရင် နည်းနည်းတော့ သနားစရာကောင်းနေမှာမို့လို့။"
"အဲ့ဒီလို တွေးပေးတယ်ဆိုရင်..."
"နောက်တစ်ခါ ကိုယ်ဝန်ထပ်ရလာမဲ့ကိစ္စကိုရော စဉ်းစားဖူးလား။"
ကျွန်မ ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်သွားရတယ်။ အချိန်ကိုက်ပဲ မီးပွိုင့်မိပြီး ကားက ရပ်သွားတယ်လေ။ ဝူဂျင်ဟာကတော့ အရှေ့ကိုပဲ ဘာမှမမှုသလို စိုက်ကြည့်နေဆဲပါ။
"...ကျွန်မကို ဘယ်လို အကျဉ်းချထားပြီးမှ ပြန်လွှတ်ပေးခဲ့တာလဲဆိုတာ မှတ်မိသေးရဲ့လား။"
"မှတ်မိတာပေါ့။ အတိအကျပဲ။"
"ဒါတောင်မှ ရာရာစစ အဲ့ဒီလိုစကားမျိုးကို ပြောနိုင်သေးတယ်ပေါ့လေ။"
"ကွာရှင်းဖို့က ၅ ရက်ပဲ လိုတော့တာ။ အခုချိန်အထိရောက်လာမှ ကိုယ်ဝန်ရအောင် ထပ်ပြီး လောဘတကြီး အတင်းအဓမ္မလုပ်ရလောက်အောင် ငါ မရူးသေးဘူး၊ စိတ်ချပါ။ ငါက ဖြစ်နိုင်ခြေကိုပဲ မေးကြည့်တာ။"
"ဘာဖြစ်နိုင်ခြေလဲ။"
"တကယ်လို့ မင်းသာ ကိုယ်ဝန်ထပ်ရ
သွားရင် မင်းရဲ့ အဲ့ဒီတော်လှတဲ့ အစီအစဉ်က ဘယ်လိုဖြစ်သွားမလဲဆိုတာ။"
"ကိုယ်ဝန်ထပ်မယူတော့ဘူးလို့ ပြောထားတယ်မဟုတ်လား။"
"အဲ့ဒါက မင်းရဲ့ ရွေးချယ်မှုမှ မဟုတ်ဘဲ။"
"ကျွန်မ ရွေးချယ်မှု အမှန်ပါပဲ။ တကယ်လို့ ရလာခဲ့ရင်တောင် ဖျက်ချပစ်မှာပါ။"
"……."
"ရှင့်ကလေးမို့လို့။"
မီးပွိုင့် မီးပြောင်းသွားတော့ သူက အနည်းငယ် ဒေါသတကြီးနဲ့ လီဗာကို အရှိန်မြှင့်နင်းခဲ့တယ်။ ခံ့ညားတဲ့ သူ့ရဲ့ဘေးတိုက်မျက်နှာက တုန်လှုပ်မှု၊ ဒေါသ၊ အရှက်ရမှု၊ ဒါမှမဟုတ် အင်မတန် နက်ရှိုင်းတဲ့ စိတ်ပျက်မှုကြောင့် ပျက်ယွင်းသွားတာကို မြင်လိုက်ရတယ်လေ။ ကျွန်မကတော့ တည်တည်ငြိမ်ငြိမ်ပဲ ဆက်ပြောလိုက်တယ်။
"ပြီးတော့ အကယ်၍များ ကျွန်မ နောက်တစ်ခါ ကိုယ်ဝန်ဆောင်ခဲ့မယ်ဆိုရင်တောင် အဲ့ဒါက အချိန်အတော်ကြာပြီးမှ ဖြစ်မှာဖြစ်သလို၊ ရှင့်ကလေးလည်း ဖြစ်မှာမဟုတ်ပါဘူး။"
"ငါက မင်းကို နောက်တစ်ခါ အကြာကြီး ထပ်ပြီး အကျဉ်းချထားလိုက်မယ်ဆိုရင်ရော။"
ကျွန်မမျက်လုံးကို တည့်တည့်မကြည့်နိုင်ခဲ့တာ ဘယ်တုန်းကလဲလို့တောင် အံ့သြရလောက်အောင်၊ ဝူဂျင်ဟာက ခဏလေးအတွင်း ကျွန်မမျက်လုံးကို စိုက်ကြည့်ပြီး တော်တော်လေး ယုတ်မာအောက်ကျတဲ့ အယူအဆတစ်ခုကို ထုတ်ပြောလာခဲ့တယ်။
‘အဲ့ဒီအချိန်’ ကို ပြန်သတိရလိုက်မိတော့ ကျောရိုးထဲကနေ စိမ့်ခနဲ အေးသွားတော့တယ်။ ကြီးကြီးမားမား
ကြောက်လန့်မှုမျိုးတော့ မဟုတ်ပါဘူး။ အမှန်တော့ မျှော်လင့်ချက်ကို ဟန်ဆောင်ဖုံးကွယ်ထားတာမျိုးနဲ့ ပိုတူပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အရူးတစ်ယောက်လို တွေးမိပြီး ရှီးခနဲ ရယ်ချလိုက်ချင်ပေမဲ့ တင်းမာနေတဲ့ နှုတ်ခမ်းအစုံကတော့ မလှုပ်မယှက်ပါပဲ။
“မင်းမှာ ရွေးချယ်စရာ လုံးဝမရှိအောင် ငါက အဲ့ဒီလို လုပ်လိုက်မယ်ဆိုရင်ရော။”
“ဂျင်ဟာက ဒီထက်ပိုပြီးတော့ မလုပ်နိုင်ပါဘူး။ ရှင်က ရှင့်ကိုယ်ရှင် ထင်ထားတာထက် ပိုပြီးတော့ ကြင်နာတတ်လို့ပါ။”
ကျွန်မရဲ့ စိတ်အောက်ခြေက ဖောက်ပြန်နေတဲ့ ကြောက်ရွံ့မှု ဒါမှမဟုတ် မျှော်လင့်ချက်က ဘယ်လိုပဲဖြစ်နေပါစေ၊ ဆင်ခြင်တုံတရားရှိတဲ့ အဖြေကတော့ ထွက်ပြီးသားပါပဲ။
ကျောက်တုံးလို ခဲနေတဲ့ နှုတ်ခမ်းတွေကို အားယူပြီးပြုံးရင်း ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တယ်။ သာမန် ဟာသတစ်ခုကို ကြားလိုက်ရသလိုမျိုးပေါ့။
အပြစ်ရှိစိတ်ကြောင့် နစ်မွန်းနေသလိုဖြစ်နေတဲ့ အဲ့ဒီလူရဲ့ မျက်နှာက အခုအထိ မျက်စိထဲမှာ စွဲနေထင်နေတုန်းပဲလေ။ အဲ့ဒါက တအားကို ချစ်ဖို့ကောင်းတာပါ။
အဲ့ဒါကမှ ကျွန်မကို မချစ်ဘူးလို့ မတွေးနိုင်လောက်အောင် ဖြစ်စေတဲ့ မျက်နှာမျိုးပါပဲ။
“အချိန်တွေ ကုန်လွန်သွားတဲ့အခါ ဒါက ဘယ်လောက်တောင် တော်ပါသေးရဲ့လို့တွေးရမဲ့ကိစ္စမှန်း သိလာပါလိမ့်မယ်။”
“ငါက မင်းထင်ထားတာထက် မင်းကို ပိုသဘောကျတယ်၊ ဟီဂျူရဲ့။”
“…….”
“အမြဲတမ်း အဲ့ဒါက ပြဿနာပဲ။”
“သဘောကျရုံသက်သက်ပဲမဟုတ်လား။ အဲ့ဒီလို မိန်းမမျိုးကို ဂျင်ဟာ ချက်ချင်း တွေ့ရမှာပါ။ အရှုံးခံရမဲ့ အလုပ်မျိုးတွေ မလုပ်ရင်တောင်မှလေ။”
“မင်းနဲ့ မတွေ့ခင်က ဘယ်သူမှ မရှိခဲ့ဘူး။”
“…….”
“အဲ့ဒီလို မိန်းမမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။”
“…….”
“မင်းက အရာရာတိုင်းအတွက် ပထမဆုံးပဲ...”
အေးစက်နေတဲ့ သူ့အသံက တစ်ချက် တုန်ယင်သွားခဲ့တယ်။ စတီယာရင်ဘီးကို ကိုင်ထားတဲ့ သူ့လက်တွေဆီကနေ မျက်နှာမလွှဲနိုင်တော့ဘဲ ကျွန်မ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။
“အဲ့ဒါက တကယ်ပဲ ဘာများ အဓိပ္ပာယ်...”
“...ငါ ဘာလုပ်ရမလဲ၊ ဟီဂျူ။”
“…….”
“ငါ တကယ်ပဲ ဘာကို ဘယ်လိုထပ်လုပ်ပေးရဦးမှာလဲ။”
သူနဲ့အတူ အရှေ့တည့်တည့်ကို ကြည့်လိုက်ပြီးမှ သူ့ကို တစ်ခါပြန်ကြည့်လိုက်တယ်။
“ဥက္ကဋ္ဌဝူ ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ။ လက်ထပ်တုန်းက ဂျင်ဟာ စိတ်ကြိုက် လုပ်ခဲ့တာမို့လို့ ကွာရှင်းတဲ့အခါကျတော့ သူ့ဆန္ဒကို လိုက်လျောပေးလိုက်ပါတော့။”
“အဲ့ဒါ မဟုတ်ဘူး။”
“ပြီးတော့ ဘာမှလည်း ထပ်မလုပ်ပါနဲ့တော့။”
“အဲ့ဒီလိုအရာမျိုး မဟုတ်ဘူး၊ ဟီဂျူ။”
“ဒီအတိုင်း စောင့်နေရုံပါပဲ။ တခြားလူတွေ ကြည့်ကြပ်ပြီး ကျွန်မတို့ကို အဆုံးသတ်ပေးတဲ့အထိ။”
“မင်းကို ဆွဲထားနိုင်ဖို့ ငါ ဘယ်လိုလုပ်ရမလဲ......”
ဝူဂျင်ဟာက ကျွန်မသာ သူ့ဘေးမှာ နေချင်တယ်လို့ ပြောလိုက်မယ်ဆိုရင် အရာအားလုံးကို စွန့်ပစ်လိုက်မဲ့ လူအ
တစ်ယောက်လို့ တစ်ချက်လေး မြင်လိုက်ရတယ်။ ကျွန်မသာ စိတ်ပိုင်းဖြတ်လိုက်ရင် အရင်က ဘာမှမဖြစ်ခဲ့သလိုမျိုး ကျွန်မတို့ ပြန်နေသွားနိုင်တော့မလို ပြောနေတာပါ။
ဒါပေမဲ့ ဘာမှမဖြစ်ခဲ့သလို နေနိုင်စရာအကြောင်းမရှိဘူးလေ။ ဥက္ကဋ္ဌဝူ အချစ်ရဆုံးသားဖြစ်တဲ့ ဝူဂျင်ဟာရဲ့ အဖေတောင် အဲ့ဒီလိုမျိုး စွန့်ပယ်ခံခဲ့ရတာဟာ နဂိုကတည်းက အဲ့ဒီလောက် အရေးမပါတဲ့ အိမ်ထောင်ကြောင့်ပါပဲ။ ကျွန်မကို ဆွဲထားဖို့ ကြိုးစားတာက နဂိုကတည်းက အဓိပ္ပာယ်မရှိပါဘူး။ အဲ့ဒါက ကျွန်မအပေါ်မှာ မူတည်နေတဲ့ ကိစ္စလည်း မဟုတ်သလိုပေါ့။
“အခုမှလာပြီး ကျွန်မကို ချစ်ဖို့များလုပ်နေတာလား။”
“...တကယ်လို့ အဲ့ဒီလိုဆိုရင်ရော။”
“…….”
“ချစ်တယ်လို့ပြောရင် ရှိနေပေးမှာလား။”
အင်မတန် ပေါ့ပြက်ပြက်နိုင်တဲ့ မေးခွန်းတစ်ခုသာ ဖြစ်ပေမဲ့ ထွက်သက်ဝင်သက်တွေက အပြင်ဘက်ကို လွင့်ထွက်သွားသလိုပါပဲ။ ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိတယ်။ သူ့ကို စိတ်တိုလွန်းလို့ ရူးမတတ်ဖြစ်နေပေမဲ့ တစ်ဖက်မှာတော့ အင်မတန် ကျေနပ်နေမိသလို ခံစားချက်က ရှေ့နောက်မညီပြန်ပါဘူး။
အချိန်ဖြုန်းသလို ဖြစ်ခဲ့တဲ့ ဒီအိမ်ထောင်ရေးရဲ့ အဆုံးသတ်မှာ ရရှိခဲ့တဲ့ တစ်ခုတည်းသောအရာပါပဲ။ အာ... တကယ်ပဲ ကျွန်မရဲ့ခေါင်းကလည်း ဖြေဆေးမရှိတော့ပါဘူး။
“ကျွန်မ ပထမဆုံးအကြိမ် ဂျင်ဟာကို ချစ်တယ်လို့ ပြောခဲ့တဲ့နေ့ကို မှတ်မိလား။”
“…….”
“ဂျင်ဟာက ကျွန်မကို ပြောခဲ့တယ်မဟုတ်လား။ အဲ့ဒါမျိုးက ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုပြီး။”
“…….”
“အဲ့ဒါကြောင့် ရှင့်ရဲ့ အချစ်ကလည်း ဘာအဓိပ္ပာယ်မှ မရှိပါဘူး။”
တိတ်ဆိတ်မှုက ကြာရှည်စွာ နေရာယူသွားခဲ့တယ်။ အဲ့ဒီအဆုံးသတ်မှာ သူက ငိုတော့မဲ့အသံနဲ့ ပြောလာတယ်။
“မင်းလည်း အခုအထိ ငါ့ကို ချစ်နေသေးမှန်း သိတယ်။”
သူ့ကို ဒီလောက်အထိ ပျော့ညံ့တဲ့ပုံစံမျိုးနဲ့ မြင်ရလိမ့်မယ်လို့ ကျွန်မ ပထမဆုံးအကြိမ် သိခဲ့ရတာပါ။ ဒါပေမဲ့ အရင်က ပိုပြီးတော့ ထက်မြက်ခဲ့တဲ့ သူကိုယ်တိုင် ပြောခဲ့သလိုပဲ၊ အဲ့ဒီလိုအရာတွေက တကယ်ကို အဓိပ္ပာယ်မရှိပါဘူး။
အမြဲတမ်း ကျွန်မတစ်ယောက်တည်းအတွက်ပဲ အဓိပ္ပာယ်ရှိခဲ့တာလေ။ အဲ့ဒီအမှန်တရားကြောင့်ပဲ အထီးကျန်လွန်းလို့ မခံစားနိုင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ သူ့ကို သိစေချင်ခဲ့တာမျိုးလည်း ရှိခဲ့ဖူးတာပေါ့။
ကျွန်မရဲ့ ခံစားချက်တွေအားလုံးက သူ့အတွက် အဓိပ္ပာယ်ရှိစေဖို့ ဆုတောင်းခဲ့တာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ကိစ္စလိုမျိုးပါပဲ။
“ကျွန်မ ရှင့်ကို မချစ်တော့ဘူး။”
“မလိမ်နဲ့။”
“...ဝူဂျင်ဟာက ကြောက်ဖို့ကောင်းပါတယ်။”
“ဟီဂျူရယ်။”
“အတူတူရှိနေရင် သေတော့မလိုပါပဲ။”
“…….”
“အဲ့ဒါကြောင့် ရှင့်ကိုယ်ရှင် မငဲ့ညှာနိုင်ရင်တောင် ကျွန်မအတွက်ပဲဖြစ်ဖြစ် ဒီအတိုင်း သွားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ဂျင်ဟာက အဲ့ဒီလို လုပ်ပေးမှာ သိပါတယ်။”
တစ်ခုမှ မုသားမပါတဲ့ အမှန်တရားတွေမို့လို့ နောင်တဆိုတာ မရှိပါဘူး။ ကျွန်မ တကယ်ပဲ တတ်နိုင်သမျှ အစွမ်းကုန် သူ့ကို ချစ်ခဲ့ပါတယ်။
အခုရော၊ နောက်ဆုံး အခိုက်အတန့်အထိပါ လိုလိုလားလားနဲ့ အလိမ်အညာစကားတွေ ပြောပေးနိုင်လောက်တဲ့အထိပေါ့။
“ကျွန်မ ပျောက်ကွယ်သွားရင် ဘာမှမဖြစ်ခဲ့သလိုမျိုး ရှင် လုပ်စရာရှိတာတွေကို ကောင်းကောင်းလုပ်ပြီး ရှင်သန်သွားမှာကိုရော။ ငါတို့ ဘယ်တုန်းက အတူတူနေခဲ့ဖူးလဲဆိုတာတောင် မေ့သွားပြီး တစ်ယောက်တည်း ကောင်းကောင်း နေသွားမှာကိုရော။ အဲ့ဒီလိုကနေ ကျွန်မလိုပဲ ခန္ဓာကိုယ်ချင်း နှီးနှောရုံ လုပ်ချင်တဲ့ မိန်းမနဲ့ တွေ့နိုင်တာကိုရော သိပါတယ်။ အဲ့ဒီထက် ပိုတဲ့လူနဲ့လည်း တွေ့နိုင်သလို၊ အခြေအနေပေးရင် နောက်ထပ် လက်လည်းထပ်ဦးမှာပေါ့။ ဒီတစ်ခါတော့ လူကြီးတွေ သဘောကျမဲ့ အိမ်ထောင်မျိုးလေ။”
“…….”
“အဲ့ဒီလိုဖြစ်လာရင် ကောင်းမှာပါ။ စိတ်ရင်းနဲ့ အဲ့ဒီလိုဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။”
သူကတော့ ကျွန်မတို့ရဲ့ အဆုံးသတ်မှာ အားနည်းစွာနဲ့ ကြွေလွင့်နေခဲ့ပေမဲ့ ကျွန်မကတော့ ကျွန်မတို့ရဲ့ အဆုံးသတ်မှာမှ ပြီးပြည့်စုံသွားခဲ့တယ်။
အမိုက်မဲဆုံး အောက်ခြေကိုလည်း ရောက်ခဲ့ဖူးပြီ၊ အရှက်ရဆုံး အောက်ခြေကိုလည်း နင်းခဲ့ဖူးပြီ။
ကျွန်မ ဖျက်ဆီးခဲ့တဲ့ အရာအားလုံးအတွက် ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့သလို၊ ရှင် ဖျက်ဆီးခဲ့တဲ့ ကျွန်မရဲ့ အရာရာတိုင်းကိုလည်း ခွင့်လွှတ်ပေးခဲ့ပြီးပါပြီ။
ကျွန်မမှာ ဒီအချစ်အတွက် ပေးဆပ်စရာ အကြွေးမရှိတော့ပါဘူး။
“အဲ့ဒါကြောင့် ကျွန်မတို့ လမ်းခွဲကြတာက ပိုကောင်းပါတယ်။ အစကတည်းက မဆုံခဲ့ရင် ပိုကောင်းမှာဆိုပေမဲ့ အဲ့ဒီလို တွေးနေလို့လည်း ဘာမှမထူးတော့ဘူးမဟုတ်လား။”
“…….”
“အခု ကျွန်မကို အသက်ရှူခွင့် ပေးပါတော့။”
“…….”
“ရှင့်မျက်နှာကို ထပ်မမြင်ရအောင် လုပ်ပေးပါ။ တောင်းပန်ပါတယ်။”
“...ကောင်းပြီ။”
အားမပါစွာ မှိန်ဖျော့နေတဲ့ အဲ့ဒီလူရဲ့ မျက်နှာက တစ်ခဏအတွင်းမှာပဲ ပြောင်းလဲသွားခဲ့တယ်။ အင်မတန် ခြောက်ကပ်စွာနဲ့ပေါ့။
ဖြတ်သန်းသွားတဲ့ မီးရောင်အောက်မှာ သူ့ပါးပြင်တွေက စိုစွတ်လို့လေ။ သူ ငိုနေခဲ့တာပါ။ ကျွန်မ တစ်ချက်လေး ကျေနပ်မိသွားတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကျွန်မက အကြာကြီး မကျေမနပ် ဖြစ်နေရတော့မှာပါ။ အဲ့ဒီမျက်ရည်တွေကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူးဆိုတာကိုလည်း သိနေတယ်လေ။
တကယ်ကို စုတ်ပြတ်သတ်နေတဲ့ အောင်နိုင်ခြင်းလက်ဆောင်ပါပဲ။ လစ်ဟာမှုက ကူးစက်ရောဂါလိုပဲ ကူးစက်လာခဲ့တယ်။
နောက်ဆုံးအထိ ချစ်တယ်ဆိုတဲ့စကားကို မပြောခဲ့ဘဲနဲ့။
သူရဲဘောကြောင်လွန်းတဲ့ သနားစရာ ယောက်ျား။
****
Miel's Translations