no

Font
Theme

အခန်း ၇၀

Translator - D

အစောကတည်းက ဒီလိုမျိုး လုပ်ခဲ့ရမှာ။

ရွံစရာကောင်းတဲ့ ပိုင်ဆိုင်လိုစိတ်တွေ ပွက်ပွက်ဆူလာတယ်။

အမှိုက်လို တွေးခေါ်ပုံမျိုးဆိုပေမဲ့ ရှင်းဟီဂျူရဲ့ ပျော့ညံ့တဲ့ စရိုက်က အထောက်အကူ ဖြစ်စေခဲ့တယ်လေ။

စိတ်ပျက်စရာကောင်းလောက်အောင် မှန်ကန်ဖြောင့်မတ်တဲ့ သဘောသဘာဝကရောပေါ့။

ကလေးရလာပြီမို့လို့၊ အိမ်ထောင်ပြုပြီးသွားပြီမို့လို့၊ မင်းလုပ်နေတဲ့ အလုပ်တွေထက် ဝူဂျင်ဟာရဲ့ ဇနီးဖြစ်လာတာက ပိုပြီး ကြီးကျယ်ခမ်းနားနေတာမို့လို့….

ရှင်းဟီဂျူက အဲ့ဒီလို ဖြစ်ပျက်လာတဲ့အတိုင်း အလိုက်သင့် ငြိမ်ခံနေခဲ့တယ်။

အလုပ်ထွက်၊ ပူလာတဲ့ ဗိုက်ကို စောင့်ရှောက်၊ ကလေးနဲ့တောင် မဆိုင်တဲ့ စာအုပ်ကောင်းတွေ ဖတ်၊ ဆေးရုံကို သေချာသွား၊ ငါ ဟုတ်တိပတ်တိ ပြန်မလာတဲ့ အိမ်ကို စောင့်ရှောက်ပေးရင်းနဲ့လေ…

အကုန်လုံးက ငါလိုချင်တဲ့အတိုင်း ဖြစ်လာခဲ့တာမို့လို့ ကျေနပ်ခဲ့တာပေါ့။

မထွေးပွေ့ရလို့ ရေငတ်သလို ဖြစ်နေပြီး တွေ့ချင်စိတ်တွေ တအားပြင်းပြခဲ့ပေမဲ့ ရှင်းဟီဂျူကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့နေရာမှာပဲ ရှိနေမှာပါ။

ကလေးတွေ အများကြီး မွေးပြီး…..

တစ်နေ့မှာ ထပ်ပြီး ကိုယ်ဝန်မရတော့ဘူးဆိုရင် အတူတူနေလို့ ထိခိုက်မှာကို စိုးရိမ်နေစရာ မလိုတော့သလို၊ တစ်နေ့ကျလို့ အရာရာတိုင်း အဆင်ပြေသွားပြီး အားလပ်သွားတဲ့အခါ တစ်နေ့ကုန် ရှင်းဟီဂျူရဲ့ မျက်နှာကိုပဲ ထိုင်ကြည့်နေမှာမို့လို့။

အဲ့ဒီလိုနေရင်တောင် ရိုးသွားမှာ မဟုတ်ဘူးလို့ တွေးမိတယ်။

အဲ့ဒီလိုပဲ အိုမင်းသွားချင်ခဲ့တာပါ။

တစ်နေ့ကုန် မင်းကို ကြည့်ရင်းနဲ့ပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထောင်ပြုတာကို အဓိပ္ပာယ်ကြီးကြီးမားမား ထားခဲ့ဖူးတာမျိုးလည်း မရှိဘူးလေ။

ဝမ်းကွဲတွေလို ရှုပ်ထွေးတဲ့ အိမ်ထောင်ရေးရဲ့ အကူအညီ မပါဘဲနဲ့လည်း ဒီအထိ ရောက်လာခဲ့တာပဲ။

အိမ်ထောင်ရေးမှာ ‘အကူအညီ’ ဆိုတဲ့ စကားလုံး ဝင်လာပြီဆိုရင် အဲ့ဒါတွေ အကုန်လုံးက တရားဝင်မဟုတ်တဲ့ ကြွေးမြီတွေလိုပဲလို့ မှတ်ယူလို့ရတယ်။

ဖြည်းဖြည်းသွားတာတောင် မှန်မှန်ကန်ကန် သွားတာက ပိုကောင်းတာပေါ့။

ပြီးတော့ ရှင်းဟီဂျူက ပိုကောင်းတယ်။

ငါ အဲ့ဒီလိုနဲ့ ခဏလောက် ငါတို့ရဲ့အိမ်ထောင်မှာ နစ်မျောနေခဲ့တယ်။

ငါ့နောက်ကို ကောင်းကောင်းလိုက်လာနေတယ်လို့ ထင်ခဲ့တဲ့ ရှင်းဟီဂျူက တကယ်တော့ သူ့နေရာမှာပဲ ဆက်ရှိနေသေးတာကို မတွေ့လိုက်ရခင်အထိပေါ့။

ရှင်းဟီဂျူက လက်ထပ်ပြီးတော့ ‘ကံကောင်းသွားတယ်’ ဆိုတဲ့ စကားထက် ပိုကြားရတဲ့စကား ရှိသေးလို့လား။

သိပ်ပြီး အေးစက်စက် ကြည့်စရာမလိုဘဲ ဒါက အမှန်တရားပါပဲ။

ဒီအိမ်ထောင်က အစစအရာရာ ငါ့ရဲ့ စတေးခံမှုအပေါ် အခြေခံထားတာမို့လို့။

အားလုံးက အဲ့ဒီလို ပြောကြသလို၊ ကိုယ်တိုင်လည်း သိထားခဲ့တယ်။

ငါခံစားရတဲ့ အမှိုက်လို ကျေနပ်မှုကို ဖယ်ပြီး ကြည့်မယ်ဆိုရင် ဒါက အမှန်တရားလည်း ဖြစ်နေတာပဲကို။

ရှင်းဟီဂျူမှာ ကလေးကလွဲပြီး ကျန်တာ ငါ့ကို ပေးစရာ မရှိဘဲ၊ ငါကတော့ ရှင်းဟီဂျူကို အကုန်လုံး ပေးနိုင်တယ်လေ။

အဆုံးအစမရှိ၊ အကန့်အသတ်မရှိဘဲ။

နောက်ဆုံးတော့ အရာရာတိုင်းက နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ပိုက်ဆံနဲ့ တိုက်ရိုက်ပတ်သက်နေတာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် သူဌေးပဲဖြစ်ဖြစ် ဆင်းရဲသားပဲဖြစ်ဖြစ် ပိုက်ဆံထက် အရေးကြီးတာ ဘာမှမရှိပါဘူး။

ငါ့ရဲ့ ချမ်းသာကြွယ်ဝမှုက ရှင်းဟီဂျူအတွက် ကြီးမားတဲ့ ပျော်ရွှင်မှုကို ပေးနိုင်လိမ့်မယ်လို့ သာမန်အသိစိတ်နဲ့ တွေးခဲ့မိတယ်။

ရှင်းဟီဂျူက ငါ့ပိုက်ဆံကို လိုချင်တဲ့ လောဘအိုး မဟုတ်မှန်းတော့ သိပါရဲ့။

အဲ့ဒီလိုသာဆိုရင် ရုံးခန်းထဲမှာတင် စကတ်ကို လှန်ပေးပြီးသား ဖြစ်မှာပေါ့။

ဘယ်လိုလုပ်ရပ်ပဲလုပ်လုပ် ငါက ရှင်းဟီဂျူကို သဘောကျနေမှာဆိုတော့၊ ရှင်းဟီဂျူသာ တအားလောဘကြီးတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင် ငါတို့တွေ အခုထက် ပိုစောပြီး အတူတူ ရှိနိုင်ခဲ့မှာပါ။

ဒါပေမဲ့ ကြီးမားတဲ့ လောဘသားကောင် မဟုတ်ရင်တောင်မှ လူတစ်ယောက်ရဲ့ ခေါင်းပေါ်ကို မျှော်လင့်မထားတဲ့ ပိုက်ဆံတွေ ရုတ်တရက် ကျလာမယ်ဆိုရင် ဘယ်သူမဆို ပျော်ကြရတာချည်းပါပဲ။

ငါက ရှင်းဟီဂျူကို လူတွေပြောကြတဲ့ ကံကောင်းသွားတဲ့ အခြေအနေမှာ နှစ်မျောနေစေချင်ခဲ့တာ။

ပြီးတော့ အပြင်ပန်းကနေ ကြည့်ရင် သေချာပေါက် အဲ့ဒီလိုပဲ ထင်ရတယ်လေ။

ငါနဲ့ လက်ထပ်လိုက်တဲ့ ရှင်းဟီဂျူက တစ်ရှိန်ထိုးပဲ တစ်သက်လုံး အခက်အခဲဆိုတာ ဘာမှန်းမသိဘဲ ကြီးပြင်းလာခဲ့တဲ့ သူဌေးသမီးလေးလို ဖြစ်သွားတော့တယ်။

သူစီးနေကျကားရဲ့ တန်ဖိုးထက် နှစ်ဆကျော်တဲ့ လက်ပတ်နာရီကို ပတ်ပြီး၊ တစ်လစာနဲ့ ညီမျှတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ရင်း၊ အဲ့ဒါက သဘာဝကျတဲ့ပုံစံမျိုးကို ပိုင်ဆိုင်ထားတာမို့လို့။

အပြုအမူကလည်း နဂိုကတည်းက တင်တယ်ကြော့ရှင်းတော့၊ အကောင်းဆုံးတွေကို ပိုင်ဆိုင်ထားရရင်တောင် ထူးဆန်းနေတာမျိုး မရှိပါဘူး။

အဲ့ဒီလိုနဲ့၊ သုံးလမြောက်အထိ ငွေရှင်းတမ်း တောင်းခံချက် မရှိတဲ့ ကတ်ကို တွေ့လိုက်ရတဲ့အခါမှာ နောက်စေ့ကို တုတ်နဲ့ အရိုက်ခံရသလို ခံစားလိုက်ရတယ်။

အနေအစားစရိတ် ထည့်ထားတဲ့ အကောင့်ကလည်း နဂိုအတိုင်း ရှိနေတုန်းပါပဲ။

ငါ အဲ့ဒီအချိန်မှ ရှင်းဟီဂျူရဲ့ အထုပ်အပိုးတွေ တစ်ခုမှ မဖြေရသေးဘဲ ဒီအတိုင်း ပုံထားတာကို နောက်ကျမှ တွေ့ခဲ့ရတယ်။

အဲ့ဒီခံစားချက်ကို ဘယ်လို ဖော်ပြရမယ်မှန်း မသိခဲ့ဘူး။

သစ္စာဖောက်ခံရတယ်ဆိုတဲ့ ခံစားချက်လား။

စိတ်တိုစရာလား။

အရှက်ကွဲရတယ်ဆိုတဲ့ ခံစားချက်လား။

ဘာတစ်ခုမှ အတိအကျ ကိုက်ညီမနေပါဘူး။

ထွက်ပေါ်လာသမျှ အရာအားလုံးရဲ့ အစိတ်အပိုင်းလေးတွေကို နည်းနည်းစီ ဖြုတ်ယူပြီး အတင်းအကျပ် ပေါင်းစည်းထားသလိုပါပဲ။

ဘယ်တော့မှ မပြေမဲ့ သံခြေချင်းကို ခတ်နှောင်ထားတယ်လို့ ထင်ခဲ့တာတွေက အလကားဖြစ်သွားတော့တယ်။

သံခြေချင်းဆိုတာ မရှိဘဲ၊ ဒီအတိုင်း ခဏလေး ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ရပ်နေတဲ့ မိန်းမကိုပဲ မြင်နေရတာလေ။

ခဏတာ ကိုယ်ပိုင်သဘောဆန္ဒဆိုတာ ပျောက်ကွယ်သွားတာနဲ့ အချိန်မရွေး ထွက်သွားနိုင်တဲ့ မိန်းမ။

ငါပေးတဲ့အရာတွေကို ဘယ်လိုမှ သံယောဇဉ်အမျှင်တန်းမနေမဲ့ မိန်းမ။

စိုးရိမ်ကြောင့်ကြမှုတွေက ခေါင်းတစ်ခုလုံးကို ဝါးမျိုသွားသလိုပါပဲ။

လက်ထပ်လိုက်လို့ အရာရာ ပြီးပြည့်စုံသွားပြီဆိုပြီး ထင်ခဲ့ရတဲ့ ပြဿနာတွေက နဂို စမှတ်ကို ပြန်ရောက်သွားတော့တယ်။

လက်ထပ်ခါနီးထက်တောင် ပိုပြီး စိုးရိမ်ကြောင့်ကြနေရတယ်လေ။

အနိမ့်ဆုံး အောက်ခြေထဲကို ကျဆင်းသွားရတဲ့ ခံစားချက်မျိုးပေါ့။

ကိုယ့်ကိုယ်ကိုယ် စိမ်းသက်နေပြီး မုန်းလွန်းလို့ သည်းမခံနိုင်ခဲ့ဘူး။

စိုးရိမ်ကြောင့်ကြမှုကို သည်းမခံနိုင်တော့ပါဘူး။

ဒါနဲ့တောင် ချည်နှောင်မထားနိုင်ဘူးဆိုရင် မင်းကို ဘယ်လိုလုပ်မှ ဖြစ်မှာလဲ။

မင်းက ငါ့ကို မချစ်တော့ဘူးဆိုရင် ဘယ်လိုလုပ်ရမှာလဲ။

မင်းက ငါ တွေးထားသလောက် ငါ့ကို မချစ်ဘူးဆိုရင်……

စိုးရိမ်သလို ဖြစ်နေရာကနေလည်း ချင်းတင်းနှောပြီးလို့ ကိုယ်ကို ချက်ချင်း ဖယ်ခွာလိုက်တဲ့အခါ ရှင်းဟီဂျူရဲ့ မျက်လုံးတွေထဲမှာ တစ်စုံတစ်ရာသော ဆုံးရှုံးမှု ခံစားချက်မျိုး ပေါ်လာတတ်တယ်။

ငါက အဲ့ဒါကို ကျေနပ်နေတာပါ။

ခဏလောက် အတည်မပြုနိုင်ခဲ့တာတွေက တကယ်မှန်ကန်ကြောင်း သိလိုက်ရသလို၊ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေ အဖြေပေါ်လာသလိုမျိုး။

နူးညံ့တဲ့ မိန်းမရဲ့ မျက်ဝန်းထဲမှာ သေးငယ်တဲ့ ဒဏ်ရာလေးတွေ ထင်ဟပ်လာလေ၊ အရာရာတိုင်းက ပိုပြီး ရှင်းလင်းလာလေပါပဲ။

ငါ့ရဲ့ အချစ်ကို သူ အခုအထိ လိုချင်နေတုန်းပဲဆိုတာကို အတည်ပြုနိုင်ပြီး၊ အဲ့ဒါကို ပစ်ပယ်လိုက်ပြီးတိုင်း ဝမ်းသာခဲ့ရတယ်။

ရှင်းဟီဂျူက များသောအားဖြင့် တိတ်တိတ်လေး ငြိမ်နေတတ်တဲ့သူပါ။

အတူတူ အလုပ်လုပ်ခဲ့တုန်းက အဲ့ဒီလောက်တောင် စကားများခဲ့တာလားလို့ တွေးရလောက်အောင် စကားနည်းသွားခဲ့တယ်။

တစ်ခါတလေ ဒါက ဇနီးမယားလား၊ ဒါမှမဟုတ် အိမ်မှာ မျက်စိမနောက်စေဘဲ အလုပ်အကျွေးပြုနေတဲ့ အစေခံလားဆိုတာ ခွဲခြားလို့မရနိုင်တဲ့ အခြေအနေမျိုးအထိပါပဲ။

သူက ငါ့ကို တအား စိတ်အနှောင့်အယှက် မဖြစ်စေရအောင် နေထိုင်ခဲ့တယ်။

အဲ့ဒါကြောင့် ထူးဆန်းလောက်အောင် ဘာကိုမှ အတည်ပြုလို့မရနိုင်ခဲ့ဘူးလေ။

ငါ့ကို အရမ်းချစ်လို့ မင်းက ဒီလောက်အထိ လုပ်နေတာပါလားဆိုတဲ့ အရှိတရားကို မခံစားရပါဘူး။

ဝေးဝေးမှာ ရှိနေရင် စိုးရိမ်ကြောင့်ကြနေရပေမဲ့ ရှင်းဟီဂျူရဲ့ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်နေရတဲ့အခါ တစ်ခါတလေ ဘာလုပ်ရမှန်းမသိတော့တဲ့ ခံစားချက်မျိုး ဖြစ်လာတတ်တယ်။

ဘယ်လိုပဲ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြိုခွဲနေပါစေ ပြန်ပြီးတော့ စိုးရိမ်လာရပြီး စိတ်မတည်မငြိမ် ဖြစ်လာရတာပေါ့။

ရှင်းဟီဂျူ ဘာတွေ တွေးနေလဲဆိုတာကို လုံးဝ မသိနိုင်ဘူးလေ။

ရှင်းဟီဂျူရဲ့ဗိုက် ပူလာတဲ့ တစ်လျှောက်လုံး အဲ့ဒီအတိုင်းပါပဲ။

ကိုယ်ကို ချက်ချင်း မခွာဘူးဆိုရင် အဲ့ဒီအတိုင်း ပွေ့ဖက်ထားရင်း ပြိုလဲကျသွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့မလို ခံစားရတယ်။

ပြေးနေရင်းနဲ့တောင် အဲ့ဒီနေရာမှာပဲ ထိုင်ချပစ်ချင်လာတယ်။

တစ်ယောက်ယောက်က ခြေချင်းဝတ်ကို လိမ်ချိုးပြီး အဲ့ဒီနေရာမှာပဲ အတင်းထိုင်ခိုင်းထားသလိုမျိုးပေါ့။

ဖယ်ခွာမသွားချင်တော့ဘူး။

ဘာတွေတွေးနေမှန်း လုံးဝ မသိနိုင်တဲ့ အဲ့ဒီမျက်လုံးတွေကို ကြောက်ရွံ့လာခဲ့တယ်။

အဲ့ဒါကြောင့် ရမ္မက်ဆန္ဒတွေကို တစ်ဇွတ်ထိုး တွန်းပို့ရင်း ပူပြင်းတဲ့ ပင့်သက်တွေနဲ့ မောဟိုက်နေပြီး ဘာမှ မတွေးနိုင်တော့တဲ့ မျက်လုံးမျိုး ဖြစ်နေတဲ့ ရှင်းဟီဂျူကို သဘောကျမိခဲ့တာပါ။

အနည်းဆုံးတော့ အဲ့ဒီလိုအချိန်မျိုးမှာ ဘာမှ ဆက်မတွေးနိုင်တော့ဘဲ မင်းရဲ့ခေါင်းထဲမှာ ငါ့အကြောင်းနဲ့ချည်း ပြည့်နှက်နေမှာမို့လို့။

ငါ့အတွက် မင်းက အရာရာ မဟုတ်ရင်တောင် မင်းအတွက်ကတော့ ငါက အရာရာ ဖြစ်နေရမယ်။

ကစားခံရတာက ငါ မဟုတ်ဘဲ မင်း ဖြစ်ရမယ်။

ငါ့အတွက် မင်းက နောက်ဆုံးနေရာမှာ ရှိနေရင်တောင် မင်းအတွက်ကတော့ ငါက ပထမဦးစားပေး ဖြစ်နေရမယ်။

အမျိုးမျိုးသော အတ္တစိတ်တွေက စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ကပ်တွယ်ပြီး အင်အားကြီးထွားလာတော့တယ်။

အဲ့ဒါကြောင့် ငါက မင်းကို မချစ်ရင်တောင်မှ မင်းကတော့ ငါ့ကို ချစ်ရမယ်။

အဲ့ဒါမှ ငါလည်း တောင့်ခံထားနိုင်မှာ။

တစ်စထက်တစ်စ သိသိသာသာ ပူလာတဲ့ ဗိုက်က ထူးဆန်းတဲ့ ပိုင်ဆိုင်လိုစိတ်ကို နှိုးဆွပေးခဲ့တယ်။

ကလေးနဲ့ပတ်သက်ပြီး နည်းနည်းလေးမှ မတွေးမိဘဲနဲ့လည်း ရှင်းဟီဂျူ ကလေးကို ချစ်နေကြောင်း ခံစားရတိုင်း အမြဲတမ်း နက်နက်ရှိုင်းရှိုင်း စိတ်အေးချမ်းခဲ့ရတယ်။

ဘာကြောင့်မှန်းမသိ ရှင်းဟီဂျူက ငါ့ကို အဲ့ဒီလောက်အထိ အကြာကြီး ချစ်နေတော့မှာ မဟုတ်ဘူးလို့ ငါ ရိပ်စားမိခဲ့တဲ့ပုံပါပဲ။

ပကတိ အကြွင်းမဲ့တဲ့ အချစ်ကို တောင့်တရင်းနဲ့၊ အဆုံးမှာတော့ အချစ်တစ်ခုတည်းတင်မကဘဲ ရှင်းဟီဂျူ ငါ့အနားမှာ ဆက်ရှိနေဖို့အတွက် တခြားအကြောင်းရင်းတစ်ခုခု လိုအပ်တယ်ဆိုပြီးတော့။

အဲ့ဒီလို တွေးမိတဲ့အထိပါပဲ။

ဝူဆုန်းဝန်းမှာ အဘိုးနဲ့ တွေ့ဆုံဆွေးနွေးမှုကို အဆုံးသတ်ပြီး ထွက်လာတော့ ရှင်းဟီဂျူဆီကနေ ထုံးစံမရှိစွာ လွတ်သွားတဲ့ဖုန်း ခြောက်ကောလ်တောင် ရှိနေခဲ့တယ်။

ရှင်းဟီဂျူက ငါ့ဆီ ဖုန်းမကြာခဏ မခေါ်ပေမဲ့ အရေးကြီးတယ်လို့ ထင်ရင်တော့ ခေါ်တတ်တယ်လေ။

အဲ့ဒါတွေ အများစုက ဝူဆုန်းဝန်း ဒါမှမဟုတ် အမေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေဖြစ်ပြီး၊ တစ်နည်းအားဖြင့် ပြောရရင် ပုံမှန်အားဖြင့် အရေးကြီးတဲ့ကိစ္စတွေတော့ မဟုတ်ပါဘူး။

နောက်ဆုံးမှာ အတွင်းရေးမှူးတွေကတစ်ဆင့် ဝင်လာတဲ့ စကားတွေအတွက် အချိန်ဖြုန်းရတာကို မကြိုက်လို့ ငါ ရှင်းဟီဂျူရဲ့ ဖုန်းခေါ်ဆိုမှု အများစုကို လက်မခံဘဲနေခဲ့တယ်။

အသုံးမဝင်တဲ့ ကိစ္စတွေဖြစ်တဲ့အပြင်၊ သူ့အသံကို ကြားလိုက်ရုံနဲ့ အကြောင်းမဲ့ ပြန်သွားချင်စိတ်တွေ ပေါ်လာတတ်လို့ပါ။

တစ်ခါခေါ်ပြီး မကိုင်ရင် အဲ့ဒီအတိုင်း လွှတ်ထားတတ်တဲ့ သူ့ရဲ့ စိတ်ကျဉ်းကျပ်စရာ စရိုက်ကို ငါ သိတာပေါ့။

ကုပ်ပိုးတစ်လျှောက် အေးစက်သွားတော့တယ်။

ဖုန်းပြန်ခေါ်ပေမဲ့ မကိုင်ခဲ့ပါဘူး။

ကားနဲ့ သွားနေရင်း အိမ်နားမှာ လှည့်ပတ်နေတဲ့ လုံခြုံရေးအစောင့်ကို မေးကြည့်တော့ ကားပါကင်မှာ ကားက ဒီအတိုင်း ရှိနေသေးတယ်လို့ ပြောလာတယ်။

အစောင့်က လုံခြုံရေးဆီကနေ ၁၁၉ လူနာတင်ကား ထွက်ခွာတဲ့ မှတ်တမ်းကို သွားယူလာချိန်မှာတော့ ငါက လူနာတင်ကား တာဝန်ခံရဲ့ ဖုန်းကို လက်ခံရရှိပြီးသား ဖြစ်နေပါပြီ။

ငါ အတိအကျ ဘယ်လို အတွေးမျိုးနဲ့ စတွေးခဲ့လဲဆိုတာကို မှတ်မိနေတယ်။

ပထမဆုံးအနေနဲ့ ဒါက အကျပ်အတည်းလို့ ယူဆခဲ့ပြီး၊ ဒုတိယအနေနဲ့ကတော့ အဲ့ဒါကို ဘယ်လို ပြန်လည်ကုစားရမလဲဆိုပြီး တွေးခဲ့တာပေါ့။

အိမ်ထောင်က ရှင်းဟီဂျူအတွက် ချည်နှောင်ထားတဲ့ သံခြေချင်းဆိုရင် ကလေးဆိုတာက မိသားစုရော၊ မိဘရော မရှိတဲ့ ရှင်းဟီဂျူ ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော လက်မှတ်ပါ။

ပြီးတော့ အခု အဲ့ဒီလက်မှတ်က ပျောက်ကွယ်သွားခဲ့ပါပြီ။

ကားကိုလှည့်ပြီး ဆေးရုံဆီ ဦးတည်သွားနေတဲ့ တစ်လျှောက်လုံး ငါ ရှင်းဟီဂျူရဲ့ လက်မှတ်နေရာမှာ အစားထိုးလို့ရမဲ့ အရာတစ်ခုကိုသာ စဉ်းစားနေခဲ့တယ်။

အဲ့ဒါနဲ့တင် အလုပ်များလွန်းလို့ သေသွားတဲ့ ကလေးနဲ့ပတ်သက်ပြီး ဘယ်လိုအတွေးမှ ဝင်လာစရာ အချိန်မရှိခဲ့ပါဘူး။

အချိန်တွေ အများကြီး ပိုလျှံနေခဲ့ရင်တောင် ငါ အဲ့ဒီအကြောင်းကို တွေးဖြစ်လိမ့်မယ် မထင်ဘူး။

ကလေးကို ဆုံးရှုံးလိုက်ရတဲ့ ရှင်းဟီဂျူရဲ့ ခံစားချက်ကိုတောင် ငါက စိုးရိမ်ပူပန်ပေးခဲ့တာ မဟုတ်လို့လေ။

“ရှင်က သေတဲ့အထိ ပြောင်းလဲလာမှာ မဟုတ်ဘူး။”

“…….”

“ကျွန်မတို့ လုံးဝ သူများတွေလို နေနိုင်ကြမှာ မဟုတ်ဘူး။”

ရှင်းဟီဂျူက ရစရာမရှိအောင် အသိစိတ် လွတ်သွားခဲ့တယ်။

ရစရာမရှိအောင် ပျက်စီးနေတဲ့ မျက်နှာ။

အင်မတန် ပျက်စီးနေတဲ့ပုံစံ။

အာရုံမရအောင် ကားကို အမြန်မောင်းလာတဲ့ တစ်လျှောက်လုံး လုံးဝ မတွေးမိခဲ့တဲ့ ပုံရိပ်မျိုးက ငါ့မျက်စိရှေ့မှာ ရှိနေခဲ့တယ်။

ငါ ဆင်ပေးထားခဲ့တဲ့ တန်ဖိုးကြီး အဝတ်အစားတွေက သွေးတွေနဲ့ စိုရွှဲနေပြီး စုတ်ပြတ်နေတဲ့ အဝတ်စုတ်လိုပါပဲ။

တန်ဖိုးရှိတယ်လို့ ထင်ရတာ ဘာဆိုဘာမှ မရှိတော့ပါဘူး။

ချက်ချင်း ပျောက်ကွယ်သွားတော့မလို ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ မျက်နှာပေါ်မှာ အရင်က တစ်ခါမှ မမြင်ဖူးခဲ့တဲ့ အမုန်းတရားတွေ ရှိနေခဲ့တယ်။

ရယ်စရာကောင်းတာက အဲ့ဒီအချိန်ကျမှပဲ ငါတို့ကြားမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို အမှန်တကယ် ခံစားမိလာရတာပါ။

“ဟီဂျူရယ်။”

“အဲ့ဒီလို ခေါ်တာကိုလည်း သဘောကျခဲ့ပါတယ်။ ကျွန်မကို အဲ့ဒီလိုခေါ်တဲ့ အချိန်တိုင်းမှာပဲ မျှော်လင့်ချက်တွေ ရှိလာလို့။ ကျွန်မတို့တွေ ဒီလိုပုံစံနဲ့ အမြဲတမ်း ဆက်ရှင်သန်နေမှာ မဟုတ်ဘူးဆိုပြီးတော့လေ။”

“အရင်ဆုံး ကားဆီသွားရအောင်။”

“ဒါပေမဲ့ မဟုတ်ခဲ့ဘူး။ ဂျင်ဟာ။ ကျွန်မတို့က အမြဲတမ်း ဒီလိုပုံစံနဲ့ပဲ ဆက်နေသွားကြမှာ။”

“အိမ်ပြန်ပြီးမှ စကားပြောရအောင်။”

“အဖြေက အတိအကျ ထွက်ပြီးသားဆိုရင် ကျွန်မတို့တွေ ဘာလို့ အဲ့ဒီလို မိုက်မဲတဲ့ အလုပ်ကို လုပ်ကြဦးမှာလဲ။”

ပြစ်ဒဏ်တစ်စုံတစ်ရာ ချမှတ်ခံရသလို ခံစားရစေတဲ့ စကားပါပဲ။

ရိပ်မိချက်က မှားမသွားခဲ့ဘူး။

အဲ့ဒီမိန်းမက ပထမဆုံးအကြိမ်အဖြစ် ကွာရှင်းမဲ့အကြောင်းကို ပြောလာခဲ့တယ်။

အခု ရှင်းဟီဂျူက ဒေါသထွက်နေလို့။

ဆင်ခြင်တုံတရားရှိတဲ့ အနေအထားမှာ မဟုတ်လို့။

ကျိန်းသေပေါက် ခဏလောက် လွှတ်ထားလိုက်ရင် ပြန်ကောင်းသွားမှာမို့လို့……

ကိုယ့်ကိုယ်ကိုယ် ဦးနှောက်ကျင်းနေတာနဲ့ မခြားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုပါပဲ။

ကံဆိုးစွာနဲ့ပဲ အဲ့ဒီလို ကိုယ့်ကိုယ်ကိုယ် ဦးနှောက်ကျင်းမှုက ဘယ်လိုမှ အစွမ်းမပြနိုင်ခဲ့ပါဘူး။

အတွေးတွေက တစ်နေရာတည်းမှာပဲ အဆက်မပြတ် လည်ပတ်နေခဲ့တယ်။

ရှင်းဟီဂျူ အရိပ်တစ္ဆေလို ဆေးရုံမှာ ရပ်နေခဲ့တဲ့ မြင်ကွင်းက ရင်ထဲမှာ ကြက်သီးထစရာကောင်းလောက်အောင် ခေါင်းထဲကို ပြည့်နှက်လာတော့တယ်…

ငါ ရှင်းဟီဂျူကို အိမ်ပြန်ပို့ပေးခဲ့ပြီး အလုပ်ကိစ္စတွေ ဆက်လုပ်ဖို့ ကုမ္ပဏီကို ပြန်သွားတဲ့ လမ်းမှာ၊ ကားတိုက်မိတော့မလို ဖြစ်သွားပြီးမှပဲ ကားကို ပြန်လှည့်လိုက်တယ်။

ပြီးတော့ အိမ်ကို ပြန်လာပြီးတဲ့နောက် ကားပါကင်မှာ တစ်နေ့ကုန် ထိုင်နေခဲ့တယ်။

အိမ်မဟုတ်တဲ့ တခြားနေရာမှာ ရှိနေလို့ မရသလို ရှင်းဟီဂျူရဲ့ မျက်နှာကို တည့်တည့်ရင်ဆိုင်ဖို့ ယုံကြည်ချက်လည်း မရှိတာကြောင့်ပါ။

ပြီးသွားတဲ့ အဖြစ်အပျက်တွေက ကြောက်စရာအတိပါပဲ။

ရှင်းဟီဂျူက ကြောက်စရာကောင်းနေခဲ့တယ်။

ဆောင်းတွင်းအလယ်မှာ ရုတ်တရက် အပြင်ဘက်ကို နှင်ထုတ်ခံလိုက်ရပြီး တစ်ယောက်တည်း ရပ်နေရသလို ခံစားချက်ပါ။

ဘဝမှာ တစ်ခါမှ မကြုံဖူးခဲ့တဲ့ ကြောက်ရွံ့မှုမျိုး။

တကယ် ကလေးကြောင့်နဲ့ပဲ ငါ့ကို လက်ထပ်ခဲ့တာလား။

စိတ်ကို နည်းနည်းလေး လွှတ်လိုက်တာနဲ့ ရှင်းဟီဂျူရဲ့ ခြေချင်းဝတ်ကို ဖက်တွယ်ပြီး အရူးလို အဲ့ဒီအတိုင်း သွားမေးမိတော့မဲ့ပုံပါပဲ။

အဲ့ဒါက အကုန်ပဲလား၊ ကလေးသာ မရှိဘူးဆိုရင် ငါက မင်းအတွက် ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးလားဆိုပြီးတော့လေ…

အားလုံးပြီးသွားမှာပါ။

အရာရာတိုင်းက။

ငါ ပုံမှန်ပြောလေ့ရှိတဲ့ စကားတွေနဲ့ပဲ ခေါင်းအေးအောင် လုပ်ခဲ့တယ်။

ငါတို့အတွက် အအရေးအကြီးဆုံးအရာကို ကြည့်ရမယ်။

ပြီးတော့ အခု အရေးအကြီးဆုံးက ငါတို့ရဲ့ အသုံးမဝင်တဲ့ ခံစားချက်တွေနဲ့ အချိန်ကုန်ခံနေဖို့ မဟုတ်ဘူး။

ရှင်းဟီဂျူကို ဝူဆုန်းဝန်းထဲ ဝင်လာစေခဲ့တဲ့ တစ်ခုတည်းသော လက်မှတ်က ပျောက်ကွယ်သွားပြီဆိုတဲ့ အချက်ပါပဲ။

ဟုတ်တယ်။

ခံစားချက်ဆိုတာ အဲ့ဒါ အကုန်ပဲ။

ရှင်းဟီဂျူရဲ့ လက်မှတ် ပျောက်သွားတာ။

ကလေးဆိုတာက ထပ်ယူလို့ရသလို၊ အခု စုဆောင်းရမှာက အချိန်ပဲ။

[ဝူဂျင်ဟာတို့ အမှတ်တွေလျော့တယ်နော်^^]

****

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment