no

Font
Theme

အခန်း ၆၁

Translator - D

ရှင်းဟီဂျူက ဆင်တူယိုးမှား အဖြေတွေကိုပဲ ထပ်ခါတလဲလဲ ပေးနေခဲ့တယ်။ သူ့ရဲ့ ကိုယ်ရေးရာဇဝင် စာရွက်ထဲက စာကြောင်းတိုင်းမှာ မြင်တွေ့ခဲ့ရတဲ့ ဘဝအပေါ် စိတ်အားထက်သန်မှုတွေက အခုတော့ တံလျှပ်တစ်ခုလိုပါပဲ။ ဖြစ်သလို ရှင်သန်နေထိုင်လာတဲ့ လူတစ်ယောက်လို တာဝန်မဲ့လွန်းတဲ့ သူရဲ့ သဘောထားက... ဒီလောက်အထိ ဝီရိယရှိရှိနဲ့ တာဝန်မဲ့တတ်တဲ့ လူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပါလားလို့ တွေးမိရလောက်တဲ့အထိလေ။ အဲ့ဒီအချိန်ကျမှပဲ အဲ့ဒီမိန်မရဲ့ မျက်နှာက မျက်စိထဲ သေချာဝင်လာတော့တယ်။

“အဲ့ဒါကြောင့် ကျွန်မက ကျိုးကြောင်းဆီလျော်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့ပြီး၊ အခု ဒီနေရာကို ရောက်နေတာပါ။”

ဝိုင်းစက်တဲ့ အညိုနုရောင် မျက်ဝန်းတွေ၊ ဖြူစင်ပြီး သွယ်လျတဲ့ မျက်နှာကျ၊ ဘာကိုမှန်းမသိ အားငယ်နေသလို ထင်ရတဲ့ အသွင်အပြင်နဲ့ မျက်ဝန်းအရောင်ထက် အနည်းငယ် ပိုရင့်တဲ့ အညိုနုရောင် ဆံနွယ်တွေ။ အရောင်အသွေး သိသိသာသာ အားနည်းလွန်းတဲ့ မိန်းမပါ။ ဘော့ပ်ဆံပင်တိုတိုလေးအောက်မှာ ပေါ်လွင်နေတဲ့ သူ့ရဲ့ လည်တိုင်ဆီ တစ်ချက်တစ်ချက် ကိုယ်တိုင်တောင် မသိလိုက်ဘဲ အကြည့်ရောက်သွားမိတတ်တယ်။

မင်းရဲ့ ခေါင်းပေါ်မှာ လေညင်းလေးတိုက်ပေးနေရင် ကောင်းမှာပဲလို့ တွေးလိုက်မိတယ်။

တစ်ချက်တစ်ချက် ရှင်းဟီဂျူရဲ့ အကြည့်တွေက ငါ့ဆီ ရောက်လာတတ်တယ်။ ဆက်သွယ်ပြောဆိုဖို့ လိုအပ်တာထက်ကို ပိုပြီးတော့ တစ်ဖက်သတ်ဆန်ဆန်ပေါ့။ ကျော့ရှင်းတဲ့ သူ့ရဲ့ရုပ်ရည်လေးနဲ့ မလိုက်အောင် တစ်ခုခုကို ချောင်းကြည့်နေသလိုမျိုး။

အဲ့ဒီလို အကြည့်မျိုးတွေက တခြားအချိန်တွေထက် ပိုပြီး သိသာနေတဲ့ နေ့မျိုးဆိုရင်တော့ မကောင်းတဲ့ တွန်းအားတစ်ခုက ခေါင်းထောင်လာတတ်တယ်။ ငါက အဲ့ဒီလို အကြည့်မျိုးကို ဘယ်လောက်တောင် မုန်းသလဲ သိလားဆိုပြီးတော့ ရှင်းဟီဂျူရဲ့ မျက်နှာကို တည့်တည့်ကြည့်ပြီး မေးပစ်လိုက်ချင်တာလေ။ ထွေထွေထူးထူး တွန်းအားမျိုးလည်း မဟုတ်ပါဘူး။ ကိုယ့်ကို သဘောကျနေတဲ့ မိန်းမတစ်ယောက်ကို အရှက်ခွဲရတာက ဘာများ ခက်ခဲတဲ့ကိစ္စမို့လို့လဲ။

ဒါပေမဲ့လည်း နောက်ဆုံးတော့ မသိချင်ယောင်ဆောင်ပြီး အကြည့်လွှဲလိုက်မိတာပါပဲ။ ရှင်းဟီဂျူက ထူးခြားနေလို့တော့ မဟုတ်ပါဘူး။ အဲ့ဒီလောက်ကြီး စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင် ခံစားချက်က မဆိုးဝါးလို့ပါ။ ငါ အမုန်းဆုံး အကြည့်မျိုးနဲ့ ကြည့်နေတာတောင်မှပေါ့။

ရှင်းဟီဂျူရဲ့ နားရွက်အောက်မှာ ဝဲနေတဲ့ ဆံပင်တွေက တဖြည်းဖြည်း ပိုရှည်လာခဲ့တယ်။ နှစ်ရာသီလောက် ပြောင်းသွားတဲ့အခါမှာ သူ ဆံပင်စစည်းတော့တယ်။ ငြီးငွေ့စရာကောင်းတဲ့ သူ့ရဲ့ စရိုက်အတိုင်း ဆံပင်တွေကို အောက်နိမ့်နိမ့်မှာ အဝိုင်းလေးဖြစ်အောင် သေသပ်သပ် ထုံးထားတတ်တာပါ။ သူ ဘာပဲလုပ်လုပ် အဲ့ဒီဆံပင်ထုံးလေးက ပုံပျက်မသွားတာကြောင့် ကြည့်ရတာ ပျင်းစရာကြီးပေါ့။

ဒါတောင်မှ အထင်းသား ပေါ်လွင်နေတဲ့ သူ့ရဲ့ ကုပ်သားလေးက တစ်ခါတလေ စိတ်ထဲရောက်လာတတ်တယ်။ ငါလည်း ဘာကြောင့်မှန်းမသိဘဲ ရှင်းဟီဂျူရဲ့ ကုပ်သားလေးကို ခဏခဏ ကြည့်နေမိတာလေ။ ရှင်းဟီဂျူ တစ်ခုခုကို ငါ့ထက်အရင် စစ်ဆေးဖို့ အရှေ့ကနေ လျှောက်သွားတဲ့ အချိန်တိုင်း၊ ခြေလှမ်းစိပ်စိပ်လေးတွေနဲ့ ပြေးလွှားနေတဲ့ အချိန်တိုင်းမှာပေါ့။

အဲ့ဒီလို ရှင်းဟီဂျူရဲ့ ကျောပြင်ကို ကြည့်နေရင်းနဲ့ တစ်ခါတလေ သူ့ရဲ့ အလောကြီးတတ်တဲ့ စိတ်ကို ခံစားမိလို့ ရယ်ချင်လာရတယ်။ တည်ငြိမ်လွန်းတဲ့ မျက်နှာထားနဲ့ အလုပ်များလို့ မကျေမနပ်ဖြစ်နေသလို မျက်လုံးလေးတွေ ကစားနေတာရော၊ ဝင်လာတဲ့ ဖုန်းတွေအပေါ် စိတ်ပျက်လက်ပျက်နဲ့ အသာကြိတ်ပြီး သက်ပြင်းချနေတာရော အတူတူပါပဲ။

တစ်ပတ်မှာ တစ်ကြိမ်၊ ဆယ်ရက်မှာ တစ်ကြိမ်... တဖြည်းဖြည်းနဲ့ အမှတ်မထင် ရှင်းဟီဂျူက ငါ့မျက်စိထဲ တိုးဝင်လာခဲ့တယ်။

ရှင်းဟီဂျူက ငါ့ကို ကြည့်နေတတ်ပေမဲ့ သူ့ကို ပြန်ကြည့်လိုက်ရင်တော့ ဘာမှမဖြစ်ခဲ့သလိုမျိုး ငါ့ကို စိတ်မဝင်စားသလို နေတတ်ပြန်ပါရော။ အဲ့ဒီလို ဖြစ်လေလေ၊ ငါကလည်း အရှက်မရှိ စိုက်ကြည့်နေမိလေပဲပေါ့။ စိုက်ကြည့်နေရင်းနဲ့ ငါ့အကြည့်တွေကို ရှောင်ဖယ်သွားတဲ့ သူ့မျက်လုံးတွေနောက်ကို လိုက်ကြည့်နေမိပြန်တယ်။

ကျိန်းသေပေါက် စိတ်ဝင်စားတာထက် ကလေးဆန်တဲ့ အနိုင်ကျင့်မှုနဲ့ ပိုတူတာပါ။ ရှင်းဟီဂျူက တည်ငြိမ်တဲ့ မျက်နှာထားနဲ့ အကျပ်ရိုက်နေတတ်လို့လေ။ အဲ့ဒီလို အကျပ်ရိုက်နေတဲ့ ပုံစံလေးကို ငါ တော်တော်သဘောကျနေမိတယ်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး၊ ဘယ်လိုနည်းနဲ့မဆို သတိမပေးမိဖို့ ကြိုးစားနေတာလေးက ကြည့်လို့ကောင်းနေတာကိုး။

အဲ့ဒီလိုနဲ့ ရှင်းဟီဂျူကို ကြည့်နေမိရင်း ရက်တွေ အတော်လေး ကုန်ဆုံးသွားတဲ့ အချိန်မှာ... ရှင်းဟီဂျူက လှတယ်လို့ ရုတ်တရက် တွေးမိသွားတော့တယ်။ သာမန် အသိအမှတ်ပြုမှုမျိုး မဟုတ်ဘဲ မသိစိတ်ထဲကနေ လျှံထွက်လာတဲ့ အတွေးမျိုးပေါ့။

အဲ့ဒီမိန်းမရဲ့ ဘေးတစောင်း ပုံစံလေးက ဓာတ်ပုံတစ်ပုံလို ရင်ထဲကျန်ရစ်နေခဲ့တယ်။ သူ့နားရွက်လေးတွေ နည်းနည်း နီမြန်းနေတာကိုလည်း မြင်လိုက်ရတယ်လေ။

လည်ချောင်းတွေ ခြောက်ကပ်လာတော့တယ်။

ပုခုံးအောက်အထိ ရှည်လာတဲ့ ဆံပင်တွေက အခုတော့ လက်ပြင်ရိုးနားအထိ ရောက်နေပါပြီ။ အသက် ၂၆ နှစ်အရွယ် ရှင်းဟီဂျူရဲ့ သတိကြီးတဲ့ အကြည့်တွေက ငါ့ဆီမှာ ပိုပြီး ခဏခဏ နားခိုလာတတ်သလို၊ တစ်ဖက်မှာလည်း ရှင်းဟီဂျူက ပိုပြီးတော့ ပါးနပ်လာခဲ့တယ်။ ဒါပေမဲ့ ငါ့အရှေ့မှာ မတုန်လှုပ်ဘဲ မျက်နှာထား ပိုထိန်းနိုင်လာလေ၊ ရှင်းဟီဂျူက ငါ့ကို အရင်ကထက် ပိုသဘောကျနေပြီမှန်း အသေအချာ ပိုသိလာရလေပဲပေါ့။

ပြီးတော့ အဲ့ဒီလို အသေအချာ သိလာလေလေ၊ ငါကလည်း ကိုယ့်ကိုယ်ကိုယ် ထူးဆန်းသလိုဖြစ်လာလေပဲ။ စိတ်ရှုပ်စရာကောင်းတယ်လို့ တွေးမိပေမဲ့လည်း ရှင်းဟီဂျူကို ဘေးဖယ်ထုတ်ဖို့ စိတ်ကူးလေးတောင် မရှိခဲ့တာကြောင့်ပါ။ တခြားအချိန်တွေမှာဆိုရင် စိတ်ရှုပ်ဖို့ကောင်းတယ်လို့ မတွေးမိခင်မှာတင် မောင်းထုတ်ပစ်လိုက်မှာလေ။ ဘာမျှော်လင့်ချက်မှလည်း ပေးမိမှာမဟုတ်တာကို။

ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်ဖြစ်ဖို့ အချိန်လည်း မရှိပြန်ပါဘူး။ ရှင်းဟီဂျူက အကဲခတ် အရမ်းမြန်သလို အပိုအလုပ်တွေကိုလည်း တစ်ခါတည်း ဖြတ်တောက်နိုင်တဲ့ အရည်အချင်းရှိပေမဲ့ သူ ငါ့အချိန်တွေကို ဘယ်လောက်ပဲ လျှော့ချစီမံပေးပါစေဦး၊ အိပ်ရာထဲ လဲလျောင်းဖို့ အချိန်ကလွဲလို့ တခြားအချိန်ဆိုတာ ရှိမနေဘူးလေ။

ကိုရီးယားပြန်ရောက်ပြီး ပထမဆုံးနှစ်ကို ဖြတ်သန်းရုံပဲ ရှိသေးတာမဟုတ်လား။ WK Artplex က ကြည့်လိုက်ရင် အသက်ရှင်နေတုန်းလို့ ထင်ရပေမဲ့ တကယ်တော့ အလောင်းပဲကျန်တော့တဲ့ ကုမ္ပဏီခွဲတစ်ခုပါ။ နည်းနည်းလေး ထပ်စောင့်လိုက်ရင် အသားတွေ ပုပ်ကုန်ပြီး အရိုးစုပဲ ကျန်တော့မဲ့ နွေရာသီက အလောင်းကောင်လိုမျိုး။ အဝေးကကြည့်ရင်တော့ ကြည့်ပျော်ရှုပျော်ရှိနေပေမဲ့ အနားကို တိုးသွားလေလေ အပုပ်နံ့တွေ ထွက်လာလေပါပဲ။ အဖေရဲ့ ညီအစ်ကိုတွေက စာရင်းအင်း လိမ်လည်မှုတွေနဲ့ အကြိမ်ကြိမ် ဖျက်ဆီးထားတာကို နာမည်လေးပဲ အသက်ဆက်ထားပြီး ကုမ္ပဏီချင်း ပေါင်းစည်းရာမှာ အလွဲသုံးစား လုပ်ခဲ့ကြတာလေ။ အစိုးရရှေ့နေတွေ ဝင်လာတိုင်းလည်း အမှုဆောင်တွေကို အမှုပတ်အောင် လုပ်ခဲ့ကြသလို၊ ကုမ္ပဏီကလည်း ပုံမှန်လေး ဘေးပတ်ဝန်းကျင်က ရင်းနှီးမြှုပ်နှံမှုတွေကို အဓိပ္ပာယ်မရှိ ဆွဲသွင်းနေခဲ့တာပါ။ အပေါ်ယံတော့ ရင်းနှီးမြှုပ်နှံမှုလို့ နာမည်တပ်ထားပေမဲ့ လက်တွေ့မှာတော့ ရှယ်ယာဈေး ကစားတာဖြစ်ပြီး၊ နောက်ဆုံးတော့ Black Hole တစ်ခု ပတ်ဝန်းကျင်က အလင်းတန်းတွေကို စုပ်ယူပြီး ပျက်စီးသွားတာနဲ့ မခြားပါဘူး။ တစ်ခါ စုပ်ယူခံလိုက်ရတဲ့ ပိုက်ဆံတွေက ဘယ်တော့မှ လောကထဲ ပြန်ထွက်မလာတော့တာမို့လို့။

အဘိုးက တစ်မိသားစုလုံးရှေ့မှာ ငါ့ကို သေနေတဲ့ ကုမ္ပဏီရဲ့ အစွန်အဖျားဆီ တွန်းပို့ခဲ့တယ်။ မဟုတ်တောင် အပြစ်အနာအဆာများတဲ့ အဖေရှိနေသလို၊ ဘာမှ အကူအညီမရတဲ့ အမေလည်း ရှိနေပြီးသားကို။ မွေးဖွားလာပုံကနေ လုပ်ငန်းကတ်အထိ ပြန်ပြီး နာမည်ကောင်းယူရမှာတွေက တောင်လိုပုံလို့ပေါ့။ 'WK Artplex မီဒီယာပလက်ဖောင်း ဌာနမှူး၊ အမှုဆောင်အရာရှိချုပ်လောင်း'။ ဘာတန်ဖိုးမှမရှိဘဲနဲ့ အရှည်ကြီး ဖြစ်နေတဲ့ ဒီရာထူးက ငါ့ကို လှောင်ပြောင်နေသလိုပါပဲ။

အမှားအယွင်းတွေအတွက် ဖြုန်းတီးပစ်ဖို့ အချိန်ဆိုတာ မရှိခဲ့ပါဘူး။ သေလုမတတ် အလုပ်တွေ လုပ်ခဲ့တယ်။ သံခြေချင်းလို ဖြစ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲယူပြီး ကြိုးတန်းပေါ်မှာ လျှောက်ခဲ့ရတယ်။ တစ်ကနေ တစ်ဆယ်အထိ သံသယဖြစ်စရာတွေချည်းပါပဲ။ ဒါကြောင့် အပြစ်ကင်းစင်လွန်းတဲ့ ရှင်းဟီဂျူကို ရိသဲ့သဲ့လုပ်နေဖို့ အချိန်ရော၊ စိတ်ရှုပ်စရာလို့ သတ်မှတ်နေဖို့ အချိန်ပါ မရှိခဲ့တာပေါ့။ ငါ့မှာ အချိန်ပဲ မရှိခဲ့တာ။

တော်သေးလို့ ရှင်းဟီဂျူက စည်းကို တအား ကောင်းကောင်းကြီး စောင့်တတ်တယ်လေ။ အမြဲတမ်း နည်းနည်းစီ စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ မခံမရပ်နိုင်လောက်တဲ့ စိတ်ရှုပ်စရာအဖြစ် ပြောင်းလဲမသွားပါဘူး။ ဒီလိုဆိုတော့ သူ့ကို မောင်းထုတ်စရာ အကြောင်းရှိပါ့ဦးမလား။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်းဟီဂျူက အဲ့ဒီစည်းကို ကျော်လာမှာ မဟုတ်သလို၊ ငါကလည်း အဲ့ဒီစည်းကို ကျော်သွားမှာ မဟုတ်ဘူးလေ။ သူက အသုံးဝင်တဲ့ အတွင်းရေးမှူးတစ်ယောက်။ အသားကျနေပြီးသား အလုပ်တွေကို ဖျက်ဆီးပြီး လူသစ်ရှာရတာက အတိုင်းထက်အလွန် စိတ်ရှုပ်ဖို့ကောင်းမှာမဟုတ်လား။

ဒါကြောင့် ဒီလောက်ဆိုရင် အဆင်ပြေတာပေါ့။ ဘေးထိုင်ခုံကနေ ပင်ပန်းနေတဲ့ မျက်လုံးတွေကို မှိတ်ထားရာက နည်းနည်းပြန်ဖွင့်ပြီး ကားမောင်းနေတဲ့ မိန်းမကို ကြည့်လိုက်တယ်။

ကိုယ်ပိုင်ကားဝယ်တာ နှစ်ဝက်မပြည့်သေးဘူးဆိုတဲ့ ရှင်းဟီဂျူက အခုအထိ ကားမောင်းညံ့တုန်းပါပဲ။ ကားက ဈေးကြီးလို့ ဝန်လေးနေသလို၊ အရွယ်အစားကလည်း သူ့ကားထက် နှစ်ဆလောက် ကြီးနေတာမို့ သေတော့မလိုပဲလို့ ညည်းတွားနေပေမဲ့လည်း ငါကတော့ တစ်ခါတလေ ရှင်းဟီဂျူကို ကားမောင်းခိုင်းတတ်တယ်။

ကျိန်းသေပေါက် ပျော်လို့လုပ်တာတော့ ဘယ်ဟုတ်မလဲ။ ပင်ပန်းလွန်းလို့ သေတော့မဲ့ အခြေအနေမျိုးကို သည်းမခံချင်ရုံပါ။

ဘေးဘက်မှန်နှစ်ဖက်ကို တစ်လှည့်စီ ကြည့်လိုက်တိုင်း ကျုံ့ထားတဲ့မျက်ခုံးလေးတွေက ပြီးခဲ့တဲ့အပတ်ကအတိုင်းပါပဲ။ စတီယာရင်ကို အသက်ကြိုးလို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတာရော၊ သူ့ကားနဲ့ ဂီယာအနေအထား မတူလို့ တစ်ခါတလေ ဟိုစမ်းဒီစမ်း ဖြစ်နေတဲ့ လက်တွေကရော... အာ၊ ဒါက ကြည့်လို့ကောင်းနေတာလား။ ခပ်ဖွဖွ ရယ်မိတော့မလိုတောင် ဖြစ်သွားရတယ်။ ကားမောင်းတာလည်း သိပ်မကျွမ်းကျင်ဘဲနဲ့ တခြားကားက ကြားဖြတ်ဝင်လာတိုင်း ဒေါသထွက်တတ်တာကလည်း တစ်မျိုး၊ အဲ့ဒါကို ငါ့ရှေ့မှာ မပြရဲလို့ အတင်းမျိုသိပ်နေတာကလည်း တကယ် ကြည့်ကောင်းတဲ့မြင်ကွင်းလေ။

အဲ့ဒီအချိန်မှာ သူက နှုတ်ခမ်းလေးကို လှုပ်စိလှုပ်စိ လုပ်နေတာမို့ ငါလည်း အဲ့ဒါကိုပဲ ငေးကြည့်နေတုန်း ရှင်းဟီဂျူက ရုတ်တရက် စကားစလာခဲ့တယ်။

“...ဒါနဲ့ ဌာနမှူး။ စောစောက မနက်ပိုင်း အစည်းအဝေးလုပ်နေတုန်းက ဆရာကတော်ဆီက ဖုန်းလာပါတယ်။ ဌာနမှူးနဲ့ ဖုန်းဆက်လို့မရလို့ဆိုပြီး ကျွန်မဆီ မက်ဆေ့ခ်ျ ချန်ထားခဲ့တာ၊ ဖုန်းပြန်ဆက်ဖြစ်သေးလား။”

“မဆက်ဖြစ်ဘူး။”

“လာမဲ့အပတ် ဗုဒ္ဓဟူးနေ့ နေ့လယ် ၁ နာရီ ဆော့ဂယွန်းဟိုတယ် lounge မှာ ဒယ်ဂျူလုပ်ငန်းစုက မြေးမလေးနဲ့ blind date ကို မမေ့ဖို့ ပြောခိုင်းတာပါ။”

“…….”

“တစ်ခေါက်လောက် ထပ်ပြီး စစ်ပေးဖို့လည်း မှာသွားပါတယ်။ ကိုယ်တိုင် ဖုန်းဆက်လိုက်ရင် ပိုကောင်းပါလိမ့်မယ်။”

“ဟီဂျူ။ ပြီးခဲ့တဲ့တစ်ခေါက်က မသွားဘူးလို့ ငါ့အစား ပြန်ပြောခဲ့တယ်မဟုတ်ဘူးလား။”

“ပြောခဲ့ပါတယ်။”

“ဒါဆို ဘာလို့လဲ။”

“ကျွန်မ မသိလိုက်တဲ့ကြားထဲမှာ သွားဖို့ဘက်ကို ပြန်ပြီး သဘောတူလိုက်တယ်ထင်လို့ပါ။”

မီးပွိုင့်မှာ ကားရပ်လိုက်တော့ ရှင်းဟီဂျူရဲ့ အကြည့်တွေက ငါ့ဆီကို တည်တည်ငြိမ်ငြိမ်ပဲ ရောက်လာခဲ့တယ်။ တည်ငြိမ်တာ။ ဟုတ်တယ်၊ တည်ငြိမ်လွန်းနေတာပဲ။ ရှင်းဟီဂျူရဲ့ တကယ့်ခံစားချက်ကို ခန့်မှန်းကြည့်ဖို့ မျက်လုံးကိုမှေးကြည့်လိုက်ပေမဲ့ ဘာမှ ထူးထူးခြားခြား မမြင်ခဲ့ရဘူးလေ။

“မဟုတ်ဘူးဆိုရင် တောင်းပန်ပါတယ်။ စောစောက ဆရာကတော်ဆီက အကြောင်းကြားစာ ရပြီးပြီးချင်း အချိန်ဇယားကို အလျင်စလို ညှိလိုက်မိလို့ပါ...”

“အမေ့ရဲ့ ချိန်းဆိုမှုကို ဖျက်ပြီး နဂိုအတိုင်း ပြန်ပြင်လိုက်ပါ။”

“ကိုယ့်သဘောနဲ့ကိုယ် ညှိလိုက်မိတဲ့အတွက် တောင်းပန်ပေမဲ့ ဆရာကတော် လုပ်ထားတဲ့ appointment ကို ကျွန်မဘက်ကနေ ဖျက်လို့တော့ မရပါဘူး။ ကားမောင်းလို့ ပြီးတာနဲ့ အကြောင်းကြားပေးပါ့မယ်။”

အကြောင်းကြားပေးမယ်တဲ့လား။ အကြောင်းရင်းမသိရဘဲ လူက လုံးဝ အံ့သြသွားမိတယ်။

“ဖျက်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် ငါ့ appointment ပဲကို။”

“ဒါပေမဲ့လည်း...”

“အမေ့ဆီကိုတော့ မက်ဆေ့ခ်ျနဲ့ပဲ အကြောင်းကြားလိုက်ပါ။ အဲ့ဒါဆိုရင် လုံလောက်ပြီ။”

“...ဘယ်လိုပုဂ္ဂိုလ်မျိုး လာမယ်မှန်း မသိဘူးမဟုတ်လား။”

ရှင်းဟီဂျူက သတိထားပြီး ပြန်ပြောလာခဲ့တယ်။ ငါ့မျက်ရိပ်မျက်ကဲကို ကြည့်နေပေမဲ့ တကယ့်တကယ်တော့ သူ့စကားတွေထဲမှာ ဘာဟန်ဆောင်မှုမှ မရှိပါဘူး။ ဘယ်လိုမိန်းမလဲဆိုတာက ဘာများအရေးကြီးလို့လဲ။

“အနည်းဆုံးတော့ ဆရာကတော်ရဲ့ မျက်နှာကို ထောက်ပြီး တစ်ခေါက်လောက် တွေ့ပေးရင်ရောရှင့်။ ဆရာကတော်က တော်တော်လေး ကြိုးစားပေးထားတာဆိုတော့။”

ဘယ်လောက်ပဲ သံသယစိတ်နဲ့ စူးစမ်းရှာဖွေကြည့်ပါစေ၊ သူ့ဆီမှာ စေတနာသက်သက်ပဲရှိတဲ့ တိုက်တွန်းချက်တွေပါ။ စေတနာဖြစ်နေလို့ ပိုပြီးတော့တောင် အံ့သြမိရတာပေါ့။ စိတ်တိုစရာကောင်းပြီး ဒေါသလည်း ထွက်လာခဲ့တယ်။ ဂန်ဂျူဂယောင်းရဲ့ သူလျှိုက သီးသန့်ရှိနေတာပဲ...ရယ်တောင် ရယ်ချင်လာတယ်လေ။ အမေ့ရဲ့ အပိုအလုပ်တွေက နောက်ဆုံးတော့ အရာထင်လာတာပေါ့။ သားဖြစ်သူရဲ့ ရုံးခန်းကို လာတိုင်း သားဖြစ်သူရဲ့ အတွင်းရေးမှူးကို အချိန်အကြာကြီး ဆွဲထားပြီး ချဉ်းကပ်ခဲ့ရကျိုး နပ်သွားပြီကိုး။

“မျက်နှာထောက်ပြီး လက်ထပ်တဲ့အထိ လုပ်မှာမှ မဟုတ်တာ၊ တစ်ခါပဲဖြစ်ဖြစ် ဆယ်ခါပဲဖြစ်ဖြစ် အချိန်ဖြုန်းတာပဲ မဟုတ်ဘူးလား။”

“…….”

“လက်ထပ်မှာမဟုတ်တဲ့ မိန်းမကို တွေ့နေတာကလည်း အချိန်ဖြုန်းတာပဲ။”

“အဲ့ဒါကို မတွေ့ရသေးခင်ကတည်းက ဘယ်လိုလုပ်သိမှာလဲ...တွေ့ကြည့်မှ သိမှာပေါ့။ ဘယ်လိုလူလဲ၊ အချိန်ဖြုန်းတာ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို....”

“...လက်ထပ်တာကိုက အချိန်ဖြုန်းတာမို့လို့။”

“...ပြီးခဲ့တဲ့တစ်ခေါက်ကတော့ လက်ထပ်ဖို့ အစီအစဉ်ရှိတယ်ဆိုပြီး ကျိန်းသေပေါက် ပြောခဲ့တယ်မဟုတ်လားရှင့်။”

“အဲ့ဒီလိုပြောတိုင်း ဒါက အချိန်ဖြုန်းတာမဟုတ်ဘူးလို့ ဆိုလိုတာမှမဟုတ်တာ။”

“ဘာစကားမှန်း နားမလည်ပါဘူး၊ ဌာနမှူး။”

“ဘာပဲဖြစ်ဖြစ် အချိန်ဖြုန်းတာပဲမို့လို့ တတ်နိုင်သမျှ နောက်ကျမှလုပ်မှပဲ ငါ့ဘဝမှာ လွှင့်ပစ်လိုက်ရမဲ့အချိန်တွေလည်း နည်းသွားမှာ မဟုတ်ဘူးလား။”

“…….”

****

Miel’s Translations

ကိုယ် ဒီလထဲမှာ exam တစ်ခု ဖြေစရာရှိသလို လုပ်စရာလေးတွေလည်း များနေတဲ့အတွက် လာမဲ့ ၂ပတ်မှာ update မရှိပါဘူး။

ဒီတစ်ပတ်အတွက်ကိုတော့ အလုပ်မရှုပ်ခင် မီအောင်လေး တင်ပေးလိုက်ပါတယ်။

နောက် ၂ပတ်နေပြီး၊ လကုန်တဲ့ Sunday မှာ ပြန်တွေ့ပါမယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment