no

Font
Theme

အခန်း ၃၆

Translator - D

"သူ့အဖေလိုနေရမှာကို မုန်းလို့ပဲလားတော့ မသိဘူး။ ဘုန်းကြီးတွေတောင် အဲ့ဒီလိုနေမှာမဟုတ်တာကို သူက လှည့်တောင်မကြည့်ဘူးလေ။ တိုးတိုးတိတ်တိတ် ခိုးတွေ့ဖို့နေရာလည်း ဘယ်ရှိမလဲ။"

'အဲ့ဒီလိုဆိုပေမဲ့လည်း သူ လူမသိသူမသိတွေ့နေတဲ့သူ တစ်ယောက်ယောက်တော့ ရှိမှာကို...'

ကျွန်မက ဝူဂျင်ဟာရဲ့ ပထမဆုံးဆိုတာ စိတ်ကူးကြည့်လို့တောင်မရပါဘူး။ ဒါပေမဲ့ ပြင်းထန်စူးရှလှတဲ့ ဒါရိုက်တာဆုန်ရဲ့ အကြည့်က ကျွန်မရဲ့ အံ့ဩမယုံနိုင်မှုကို ဖိချေခဲ့တယ်။

"စောင့်ကြည့်နေမှန်းသိလို့ အဲ့ဒီလိုလုပ်နေတာများလားဆိုပြီး စောင့်ကြည့်တာကို လျှော့ချခဲ့ပေမဲ့လည်း အတူတူပဲ။"

“……”

"မိန်းမတွေနဲ့ မတွေ့တာကလည်း တော်တော်လေးကို မတွေ့တာဆိုတော့...လူတွေရဲ့အတွေးကလည်း ရယ်ရသားနော်။ နောက်ဆုံး ဆန့်ကျင်ဘက်အတွေးဝင်လာတော့ စိတ်ပူလာရတာပေါ့။ ဒီအတိုင်း ဘယ်သူပဲဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ တွေ့လိုက်စေချင်တာ။ လက်ထပ်တာကိုတော့ တစ်နည်းနည်းနဲ့ ဖြစ်အောင်အတင်းတိုက်တွန်းလို့ရမလား မသိပေမဲ့ ကလေးကျတော့ ဘယ်လိုလုပ်မလဲ။ နောက်တော့ လက်ထပ်မယ်ဆိုပြီး ခေါ်လာတဲ့လူက နင်ဖြစ်နေတယ်လေ။"

“……”

"ဆိုးချက်က ကမ်းကုန်ပဲပေါ့။ ငါလည်း တအားအံ့ဩသွားတာပဲ။ ဒီအတိုင်း ဘယ်သူပဲဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ တွေ့တယ်ဆိုရင်တောင် ဘယ်လိုများ နင်နဲ့တွေ့နိုင်ရတာလဲဆိုပြီးတော့လေ။ စိတ်တိုင်းကျစရာ မြေးယောက်ျားလေးမရှိလို့ သူ့ကို မြေးကြီးဩရသအရာ ထားပါမယ်ဆိုမှ...မျိုးဆက်တစ်ခုကျော်ပြီး အဲ့ဒီအတိုင်း လွှဲပေးလိုက်မလို့ကို။ ဒါပေမဲ့ နင်က နေ့ချင်းညချင်း ဝူဆုန်ဝန်းရဲ့ သခင်မကြီးနေရာမှာ ထိုင်နေပြီလေ။ အဲ့ဒီလိုဖြစ်လာမှာကို ဘယ်သူက ဒီအတိုင်း ထိုင်ကြည့်နေမှာလဲ။"

“……”

"တခြားမြေးတွေသာဆိုရင်တော့ နှမြောစရာမရှိဘူးပေါ့။ တိတ်တိတ်ပုန်းကလေးတွေ ပလုံစီနေတဲ့ မိသားစုထဲ နောက်​တစ်ယောက်တိုးလာတော့ရော ဘာထူးမှာလဲ။ ဒါပေမဲ့ ဂျင်ဟာက...သူ့ဘဝမှာ တွေ့ဖူးတဲ့မိန်းမဆိုလို့ နင်ပဲရှိတာကို။"

“……”

"သူ့ရဲ့ကမ္ဘာမှာ မိန်းမဆိုတာ နင်တစ်ယောက်အပြင်မရှိဘူး။ နင့်ထက်ပိုသာတဲ့မိန်းမဆိုတော့ရော ဘာများထူးမလဲ၊ နင့်ထက်ပိုဆိုးတဲ့မိန်းမဆိုရင်ရော ဘာအရေးလဲ။ အဲ့ဒီလိုနဲ့ နင့်ကို လက်ခံခဲ့တာ။"

ခေါင်းထဲမှာ အရိုက်ခံလိုက်ရသလို လေးခံမှုတစ်မျိုး ဖြတ်သွားသလိုပါပဲ။ ကျွန်မရဲ့ဝင်သက်ထွက်သက်က ချက်ချင်း ကြမ်းပြင်ပေါ်အထိကျသွားပြီး ပြန်ဆွဲတင်ဖို့ ခက်နေခဲ့တယ်။

ဒါရိုက်တာဆုန် ပြောသလိုပဲ ကျွန်မမှာ ရှားပါးတဲ့တန်ဖိုး ရှိလောက်မလားတော့မသိပါဘူး။ ဒါပေမဲ့ အဲ့ဒါက သူ ကျွန်မကို ချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်သလို၊ ကျွန်မက ဝူဂျင်ဟာအတွက် အဲ့ဒီလောက် ထူးခြားတဲ့မိန်းမ မဟုတ်တာကို...ရူးမိုက်တဲ့ အဓိပ္ပာယ်ကောက်လွဲမှုက နေရာယူမှားပြီး ပျောက်ကွယ်သွားဖို့ ငြင်းဆန်မှာကို ကြောက်မိပါတယ်။ တစ်ဖက်ကလည်း လစ်ဟာနေသလို ခံစားရတယ်လေ။

'အဲ့ဒီလိုဆိုရင် ဘာဖြစ်လို့ ငါ့လို သာမန်လူကို တွေ့ခဲ့တာလဲ။'

"ဒီကလေးက ဂျင်ဟာမွေးမဲ့ တစ်ဦးတည်းသောကလေး ဖြစ်နိုင်မလားမသိတာကို...အဲ့ဒီလို အဖိုးတန်တဲ့အရာကို တရားမဝင်တဲ့ပတ်သက်မှုကနေ ရလာတဲ့အရာ မဖြစ်စေချင်လို့။"

"..."

"ဒါပေမဲ့ အခုတော့ အဲ့ဒီအဖိုးတန်တဲ့အရာလည်း မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဥက္ကဋ္ဌဝူက ၁၂လပိုင်းမှာလုပ်မဲ့ အထွေထွေအစည်းအဝေးမှာ ပင်မကုမ္ပဏီရဲ့ ရှယ်ယာ ၁၄ရာခိုင်နှုန်းကို ဂျင်ဟာဆီလွှဲပေးဖို့ စိတ်ကူးထားတယ်။ ဥက္ကဋ္ဌကြီး အမည်ခံအကောင့်နဲ့ ကိုင်ထားသမျှ ရှယ်ယာတွေအားလုံးကို ဂျင်ဟာရဲ့နာမည်နဲ့ တရားဝင်လွှဲပေးမှာ။"

"..."

"ဒီအတိုင်း လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းက သူ့အဖေ ရရမဲ့ ရှယ်ယာတွေကို လွှဲပေးရုံဆိုပေမဲ့ သူ့ရဲ့ အကြီးဆုံးဦးလေး လွန်ခဲ့တဲ့ ၁၀နှစ်က ရခဲ့တဲ့ ရှယ်ယာတွေထက် နှစ်ဆပိုများတယ်။ နောက်ပြီး ကျန်နေတဲ့ သူ့မောင်နှမတွေ အာလုံးပေါင်းလိုက်ရင် ရမဲ့ပမာဏထက်လည်း ပိုများတာပေါ့။"

“...”

"ဆိုင်းငံ့မှုရှိမှာပဲဆိုပေမဲ့ အဲ့ဒါက အစပဲရှိသေးတယ်။ အကြာကြီး စောင့်ကြည့်မှာတော့ မဟုတ်ဘူးလေ။ အများဆုံး သုံးနှစ်ပေါ့။ ပြီးတာနဲ့ တစ်ဆက်တည်း ပင်မကုမ္ပဏီက ဥက္ကဋ္ဌကြီးရဲ့ ရှယ်ယာတွေနဲ့ ငါ့ရဲ့ရှယ်ယာတွေကိုပါ လွှဲပေးမလားမသိဘူး။ နောက်နှစ်ကျရင် ICT တစ်ခုလုံး ဂျင်ဟာကို ပေးပြီးတော့ အခွဲ နှစ်ခု၊ သုံးခုလောက် ရွေးပေါင်းပြီး သူ့ကို တရားဝင်ဒါရိုက်တာခန့်ဖို့ စီစဉ်ထားတာလေ။ ဘာပဲဖြစ်ဖြစ် ငါသေသွားပြီး ဥက္ကဋ္ဌဝူပါ မရှိတော့ရင် WK က ပြိုလဲမှာပဲ။"

“……”

"အဲ့ဒီလိုဆိုတော့ တစ်ပင်လုံးမဆွေးခင် ဆွေးနေတဲ့သစ်ကိုင်းကို ကျိုးအောင်ထားလိုက်တာက မှန်ကန်တာပေါ့။ သစ်ကိုင်းကျိုးရင်တောင် အပင်က ဆက်ပြီးရှင်သန်သွားမှာမို့လို့။"

အရင်ကပြောခဲ့တဲ့ 'သွေးမကွဲဘဲ စည်းလုံးကြ' ဆိုတဲ့ သူ့ရဲ့မိန့်ခွန်းနဲ့ တိုက်ရိုက်သွေဖည်နေတယ်လေ။ ဝူဂျင်ဟာရဲ့ ဒုက္ခတွေ ထင်ထားတာထက် စောစောစီးစီး အဆုံးသတ်သွားတော့မယ်ဆိုတဲ့ အချက်ကြောင့် ကျွန်မ စိတ်သက်သာရာရသွားမိတယ်။ သူ့အဘိုးအဘွားတွေဆီကနေ လိုအပ်တဲ့ အသိအမှတ်ပြုမှုက သူ့ဆီကို အပြည့်အဝ ဦးတည်နေတယ်ဆိုတဲ့ အချက်ကြောင့်ရောပေါ့။

"အခု ငါ့စကားကြားပြီး ရတဲ့နည်းနဲ့ တောင့်ခံနိုင်ရင် အားလုံး နင့်အပိုင်ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို လက်လျှော့ထားတာကောင်းမယ်။"

"အဲ့ဒီလိုအတွေးမျိုး မရှိပါဘူး။"

"အဲ့ဒါအားလုံးက နင့်ကလေး မွေးလာခဲ့ရင်ဆိုတဲ့ အခြေအနေအ​ပေါ် မူတည်တယ်။ အထွေထွေအစည်းအဝေးကိစ္စကို ဂျင်ဟာသိပြီးသား။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းမှာလာမဲ့ အစီအစဉ်အကြောင်းကိုတော့ ဘာမှမသိထားဘူး။"

အာ။ နောက်ဆုံးစကားကြောင့် နည်းနည်းလေး သဘောပေါက် နားလည်သွားတော့တယ်။ အဲ့ဒါကြောင့် ကျွန်မ ကိုယ်ဝန်ပျက်ကျသွားတဲ့ ကိစ္စကို ဖုံးကွယ်ထားမှဖြစ်မှာကိုး။

ကလေးမွေးလာဖို့က ရှယ်ယာကိုဆက်ခံရဖို့အတွက် အခြေအနေသတ်မှတ်ချက်ဆိုရင်...မွေးမဲ့အချိန်မတိုင်ခင် ကျွန်မကို အမေရိကဖြစ်ဖြစ်၊ တခြားတစ်နေရာဖြစ်ဖြစ် ပို့လိုက်မယ်ဆိုရင် ကလေးမမွေးဘူးဆိုတဲ့အချက်ကို ဖုံးကွယ်ပြီးသား ဖြစ်သွားမှာပေါ့...ဟုတ်ပါတယ်၊ အဲ့ဒီလိုဖြစ်လောက်မှာပါ။ ဝူဂျင်ဟာ အသည်းအသန်ရောက်ချင်လှတဲ့ ထိပ်ဆုံးရဲ့ စမှတ်က သူ့လက်ထဲမှာတင် ရှိနေပြီလေ။

အဲ့ဒီလိုသာ ပြောပြခဲ့ရင် ကျွန်မလည်း ပူးပေါင်းပေးခဲ့တာပေါ့။ အားလုံးကို ဒီလိုဖော်ထုတ်မဲ့အစား ကွာရှင်းဖို့ အသာလေး စောင့်နေခဲ့မှာပေါ့။ နှစ်ယောက်အတူတူ ပေါင်းလိမ်ရင်းနဲ့လေ။

ဝူဂျင်ဟာအပေါ် တော်တော်လေး အားနာမိပေမဲ့ တစ်ဖက်ကလည်း ကျွန်မကို ဘာမှမပြောဘဲ ချည်တုပ်ထားခဲ့တဲ့လူကို နားမလည်နိုင်ခဲ့ပါဘူး။ သူ ကျွန်မကို ဆွဲထားရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက အဲ့ဒါပဲ​ဆိုတဲ့အချက်ကိုလည်း ဘယ်လိုမှမတတ်သာဘဲ ခါးသီးမိတာပေါ့။

"...ကလေးပျက်ကျသွားပေမဲ့ ဂျင်ဟာက ဒါရိုက်တာကြီးတို့နှစ်ယောက် အနီးကပ် စောင့်ကြည့်ခဲ့တဲ့အတိုင်း မပြောင်းမလဲရှိနေတုန်းပါပဲ။ ကောင်းကောင်းလုပ်နိုင်ပြီး ဥက္ကဋ္ဌကြီးနဲ့ ဒါရိုက်တာကြီးတို့ရဲ့ ယုံကြည်မှုအတိုင်း နေနိုင်မဲ့သူဖြစ်တဲ့အကြောင်း သိကြမယ်လို့ ယုံကြည်ပါတယ်။"

"သိတာပေါ့။ ငါ့မြေးပဲကို မသိဘဲနေမလား...အခြေအနေက နည်းနည်းလေး ပြောင်းလဲသွားပေမဲ့ ငါတို့ကတော့ အစီအစဉ်အတိုင်း ဆက်လုပ်သွာဖို့ လုပ်ထားတယ်။ ဒီအတိုင်း အခြေအနေသတ်မှတ်ချက်ကိုပဲ နည်းနည်းပါးပါး အပြောင်းအလဲလုပ်ပြီးတော့။"

“……”

"ကလေးက အခြေအနေသတ်မှတ်ချက်ဆိုပေမဲ့ အခု ကလေးမရှိတော့ဘူးဆိုတော့ နင့်ကိုပါ ရှင်းပစ်မယ်ဆိုတဲ့ အခြေအနေ ဖြစ်သွားပြီပေါ့။"

“……”

"ရှယ်ယာလွှဲပေးမဲ့ အခြေအနေသတ်မှတ်ချက်ကို နင်နဲ့ ကွာရှင်းရမယ်ဆိုတဲ့အချက်နဲ့ ချည်လိုက်မှာပေါ့။"

"ဒါရိုက်တာကြီး။ ကျွန်မ အစောကတည်းက..."

"သိတယ်။ ပြီးတော့ ကိုယ့်နေရာကိုယ် သေချာသိပြီး နောက်ဆုတ်ဖို့ကြိုးစားနေတဲ့ နင့်ကို ဒီအကြောင်းတွေပြောပြီး ဆွဲထားရတဲ့ အကြောင်းရင်းက ဒီအခြေအနေ သတ်မှတ်ချက်ကို ဂျင်ဟာက ငြင်းမယ်မှန်း သိနေလို့ပဲ။"

'မဖြစ်နိုင်တာ။'

ကျွန်မ ခြောက်ကပ်ကပ်ရယ်လိုက်မိတယ်။

ဒါပေမဲ့ ဒါရိုက်တာဆုန်ကတော့ မေးစေ့ကို အခိုင်အမာပင့်လို့ပါ။

"နင် ၈လပိုင်းမှာ ကလေးပျက်ကျခဲ့တာမဟုတ်လား။"

"...ဟုတ်ပါတယ်။"

"ဂျင်ဟာရဲ့ ဦးလေးတွေက နင်တို့နှစ်ယောက်ကို စောင့်ကြည့်ဖို့အတွက် လူလေး တစ်ယောက်နှစ်ယောက်လောက်ပဲ လွှတ်ထားတယ်မှတ်နေလား။ အဲ့ဒါတောင် ငါတို့တွေ နင့်အခြေအနေကို အခုမှ သိရပြီး အံ့အားသင့်ရတယ်ဆိုတာ ဂျင်ဟာက သူတို့အားလုံးကို ခေါင်းမာမာနဲ့ လာဘ်ထိုးထားလို့ပဲပေါ့။ အဲ့ဒါကြောင့် ဘယ်သူမှ မသိကြတာ။"

“……”

"အခု နည်းနည်းလည်း အရွယ်ရောက်လာပြီဆိုတော့ ရတဲ့နည်းနဲ့ ဦးလေးတွေရဲ့အပေါ်မှာ နေနေပြီလေ။ အထူးသဖြင့် လူတွေကို ခြယ်လှယ်တဲ့နေရာမှာပေါ့။"

....စောင့်ကြည့်ခြင်း။ ကျွန်မ ရုတ်တရက် အမှတ်ရသွားမိတယ်။

အဲ့ဒီလူတွေက အားလုံး ဝူဂျင်ဟာ တာဝန်ပေးထားတဲ့သူတွေ မဟုတ်ခဲ့ဘူးဆိုရင်....

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment