no

Font
Theme

အခန်း ၁၁

Translator - D

ကျွန်မ အမှောင်ထဲမှာ မျက်လုံးဖွင့်လိုက်တယ်။ တစ်ခုတည်းသောအသံကတော့ မျက်နှာကြက်မှာ လည်နေတဲ့ အဲကွန်းရဲ့ ခပ်သဲ့သဲ့အသံပါပဲ။ အသားကျနေတဲ့ တိတ်ဆိတ်မှုက ကျွန်မကို ဆီးကြိုနှုတ်ဆက်ခဲ့တယ်။ သူမရှိတဲ့အိမ်ပေါ့။ မီးတွေပိတ်လို့၊ လိုက်ကာတွေချလို့။

ဝူဂျင်ဟာက ကျွန်မကို အိပ်ရာပေါ် နေရာချပေးခဲ့ပြီး အလုပ်ထဲ တန်းသွားခဲ့တယ်။ ကားထဲမှာ ဘာစကားမှ မပြောခဲ့ကြပါဘူး။ တစ်ချိန်က သူပြောခဲ့ဖူးပါတယ်၊ တိတ်တိတ်နေခြင်းက ဝန်ခံခြင်းပဲဆိုပြီးတော့လေ။ သူက ကျွန်မကို ဆွဲထားတာလည်း မလုပ်ခဲ့သလို နားချတာလည်း မရှိခဲ့ပါဘူး။

သူ့မှာ သံယောဇဉ် အမျှင်တန်းနေစရာ ဘာများရှိမှာတဲ့လဲ။ သံယောဇဉ် အမျှင်တန်းရတာက အမြဲတမ်း ကျွန်မဘက်ကပဲလေ။ သူ့အချစ်ကို သံယောဇဉ် အမျှင်တွေတန်းလို့၊ သူနဲ့ အတူရှိရတဲ့ မိနစ်ပိုင်းလောက်လေးကို သံယောဇဉ် အမျှင်တွေတန်းလို့၊ တစ်ခုတင်တည်း အတူတူအိပ်ရတဲ့ အချိန်လေးတွေကိုတောင် သံယောဇဉ်အမျှင်တန်းပြီး အိပ်မပျော်လို့ အကြာကြီးနေအောင် ဝူဂျင်ဟာရဲ့ မျက်နှာကို ငေးကြည့်တတ်ခဲ့တဲ့ ကျွန်မပါ။

အဲ့ဒီလိုဆိုပေမဲ့လည်း ထပ်ပြီးဝမ်းမနည်းတော့တာက အရမ်း သဘာဝကျလို့ပဲဖြစ်မလား၊ အရမ်းစိတ်ကုန်လာလို့ပဲဖြစ်မလား။ ရင်ဘတ်က ကျောက်တုံးလိုမျိုး မာကျောနေတော့တယ်။

ကျွန်မ ဘာမှမရှိတော့တဲ့ဗိုက်ကို ထွေးပွေ့ပြီး အကြာကြီး ငြိမ်ငြိမ်လေး လှဲနေလိုက်တယ်။

‘ကွာရှင်းကြမယ်။’

အဲ့ဒီစကားကို ပြောလိုက်ရင် ခံစားချက် ​ကောင်းသွားလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ တစ်ချိန်က စိတ်ကူးကြည့်ခဲ့ဖူးပါတယ်။ ကျွန်မကအရင် ဝူဂျင်ဟာကို စွန့်ပစ်ပြီး အဲ့ဒီမျက်နှာ ထိတ်လန့်တကြား ပျက်ယွင်းသွားတာကို ကြည့်မယ်ဆိုတဲ့စိတ်ကူး။ သူက ကျွန်မကို ဆွဲထားလိမ့်မယ်ဆိုပြီး အဓိပ္ပာယ်မရှိတဲ့ ထင်ယောင်ထင်မှား စိတ်ကူး။

ဒါပေမဲ့ သူ ဘယ်လိုမျက်နှာထားမျိုးနဲ့ ရှိခဲ့သလဲဆိုတာကိုတောင် မမှတ်မိတော့ပါဘူး။ သိပ်ပြီးကောင်းတဲ့ ခံစားချက်လည်းမဟုတ်ဘူးလေ။ ပြောတဲ့လူအတွက်ရော၊ နားထောင်တဲ့လူအတွက်ပါ နောက်ဆုံးတော့ ဘာမှထွေထွေထူးထူးမဟုတ်တဲ့ ကိစ္စပါ။

ဒီအတိုင်း သဘာဝကျတဲ့ ဖြစ်စဉ်ပါပဲ။ ဘယ်လောက်ပဲ လမ်းမှားကို လျှောက်နေပါစေ ဦးတည်ချက်ပန်းတိုင်ကို ရှာလို့မတွေ့ဘူး။ ဘယ်လောက်ပဲ ကြိုးစားပါစေ ရလဒ်က ကျရှုံးမှုဖြစ်ပြီး ပြောင်းလဲမသွားဘူး။ အစကတည်းက မှားနေခဲ့တဲ့လမ်း ဖြစ်နေတာကြောင့်ပါ။ ကလေးလေးက ကျွန်မကို အမြန်ဆုံးလမ်းအ​ကြောင်း သင်ပြပေးခဲ့ပါတယ်။ လမ်းမှားလိုက်မိခဲ့တယ်ဆိုရင် လာရာလမ်းအတိုင်း လှည့်ပြန်သွားလိုက်တာက အကောင်းဆုံးပဲဆိုပြီးတော့ပေါ့။

ကျွန်မ မှောင်မှောင်မည်းမည်းထဲမှာ ကိုယ့်ဖုန်းကိုယ် ရှာလိုက်တယ်။

ကျွန်မရဲ့စိတ်ကူးထဲမှာ ကွာရှင်းတယ်ဆိုတာက ဒရာမာထဲက ဇာတ်ဝင်ခန်းတစ်ခုလိုသာ ရှိခဲ့တာမို့ ‘ကွာရှင်းကြမယ်’ လို့ ကြေညာတာကလွဲပြီး တခြားဘာကိုမှ စိတ်မကူးကြည့်ခဲ့ဖူးပါဘူး။ လက်တွေ့က အမြဲတမ်း ရှင်းလင်းသေချာမှုရှိဖို့ လိုအပ်ပါတယ်။ ကျွန်မ ပထမဆုံးအနေနဲ့ ကွာရှင်းဖို့အတွက် လိုအပ်မဲ့စာရွက်စာတမ်းတွေကို ရှာကြည့်ခဲ့တယ်။ အရမ်းကို စိတ်ရှုပ်စရာကောင်းမဲ့ ကိစ္စတွေ စောင့်နေလောက်မလားလို့ ထင်ခဲ့မိပေမဲ့ ဘာမှထွေထွေထူးထူးလည်း မရှိပါဘူး။

တကယ်ပဲ အစကနေ အဆုံးအထိ ဘာမှလည်း ထွေထွေထူးထူးမဟုတ်ပါလား။ နားလည်သဘောပေါက်မှု အသစ်တစ်ခု ကျွန်မဆီ ရောက်လာတော့တယ်။ အမြဲတမ်း ကျွန်မတစ်ယောက်တည်းအတွက်သာ ကြီးကျယ်တဲ့ကိစ္စကြီးလို ဖြစ်ခဲ့တာလေ။

ကျွန်မ ဖုန်းကိုချပြီး မီးဖွင့်လိုက်တယ်။ ခန္ဓာကိုယ်က ဖရိုဖရဲပါပဲ။ ဆေးအရှိန်နဲ့ ထိုင်းမှိုင်းလေးလံနေတာကို မကြိုက်တာကြောင့် ချက်ချင်းပဲ ရေချိုးသန့်စင်ပြီး ထွက်လာခဲ့လိုက်တယ်။ ရေချိုးနေတုန်းမှာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာနဲ့ တူပေမဲ့ ပိုကောင်းသွားခဲ့တယ်။

အသိစိတ်ကို ကြိတ်မှိတ်ထိန်းရင်းနဲ့ စောစောကလုပ်ထားတဲ့ အရှုပ်တွေကို နေရာတကျ ရှင်းဖို့ပြင်ခဲ့တယ်။ ကျွန်မ မှားပြီးတွန်းမိလို့ လဲကျနေကြတဲ့ ပရိဘောဂတွေ၊ ပြုတ်ကျပြီး ကွဲကြေကုန်ကြတဲ့ အရာဝတ္ထုတွေနဲ့ သွေးစသွေးနတွေပေါ့။ ထိတ်လန့်တုန်လှုပ်စရာ မှတ်ဉာဏ်တွေက နေရာအနှံ့မှာ ပြန့်ကြဲလျက် ရှိနေဆဲပါ။ ဝူဂျင်ဟာက သူ့ရဲ့ အဖိုးတန်လက်တွေနဲ့ အဲ့ဒီလိုအရာတွေကို ရှင်းလင်းနေရာချနိုင်စရာ အကြောင်းမရှိသလို အဲ့ဒီလိုလုပ်ဖို့လည်း အချိန်မရှိပါဘူး။ ကျွန်မက ခါးသီးစွာပဲ ဖရိုဖရဲ ဗြောင်းဆန်နေတဲ့အိမ်ကို ကြည့်လိုက်တယ်။

ဒီအိမ်မှာ ဘယ်လောက်တောင် သက်သောင့်သက်သာ နေခဲ့ရသလဲဆိုရင် တံမြက်စည်း ဘယ်မှာထားမှန်းမသိလို့ တော်တော်ကြာအောင် လိုက်ရှာလိုက်ရတယ်လေ။ အဲ့ဒီနောက် နောက်ဆုံးမှာ အိမ်အကူ အဒေါ်ကြီးသုံးတဲ့ နားနေခန်းထဲကနေ အဝတ်စုတ်အခြောက် အနည်းငယ်ကို တွေ့သွားခဲ့တယ်။ ကျွန်မ သွေးတွေကိုသုတ်၊ ဖန်ကွဲစတွေကို ဖယ်ရှားပြီး ပန်းအိုးကနေ မှောက်ကျထားတဲ့ ရေတွေကို သုတ်လိုက်တယ်။

အဲ့ဒီလို လုပ်နေလိုက်တော့ ဘာအတွေးမှ ဝင်မလာတော့ပါဘူး။ ဆေးရုံမှာ ဖြစ်ခဲ့သမျှ အရာအားလုံးက အိပ်မက်တစ်ခုလိုပါပဲ။ ထပ်ပြီးတော့ ထိန်းချုပ်လို့ မရတော့ဘူးဆိုပြီး ခံစားလိုက်ရတဲ့အခိုက်အတန့်။ အသက်တစ်ချောင်း အပြီးအပိုင် ထွက်ခွာသွားတာကို ခံစားလိုက်ရတဲ့ အခိုက်အတန့်…။ အာထရာလ်ဆောင်း ဓာတ်ပုံထဲမှာပဲ မျက်နှာလေး မြင်ခဲ့ရတဲ့ ကလေးက ပျောက်ကွယ်သွားခဲ့ပေမဲ့ ကျွန်မရဲ့ဘဝကတော့ အရင်အတိုင်း မပြောင်းမလဲပါပဲ။ ငါ သေတော့မလားဆိုပြီး အရမ်းကြောက်မိခဲ့ပေမဲ့ နောက်ဆုံးတော့ အသက်ရှင်ခဲ့တယ်လေ။ နာကျင်မှုကလည်း ထင်ယောင်ထင်မှားဖြစ်သလို ခံစားခဲ့ရတယ်။

ကျွန်မ ဖန်ကွဲစရှသွားတဲ့လက်ကို အကြောင်သား ငုံ့ကြည့်လိုက်မိတယ်။ သွေးတွေစီးထွက်နေတာတောင် မနာပါဘူး။ အရှေ့မှာရှိနေတဲ့ ဖန်ကွဲစ တစ်ဝက်လောက်ကို အမှိုက်ပုံးထဲ ထည့်လိုက်ပြီးတော့ အဲ့ဒီအရှေ့မှာ ကျုံ့ကျုံ့လေးထိုင်ချလိုက်ပြီး ဘယ်လိုတွေးရမှန်း မေ့သွားတဲ့သူလိုမျိုး မလှုပ်မယှက် ရှိနေခဲ့မိတယ်။ ဆက်ပြီးမရှင်းလင်းနိုင်တော့ဘဲ၊ ထပြီးတော့ ဆေးသေတ္တာလည်း သွားမယူနိုင်ဘဲ ဒီအတိုင်း ဘာလုပ်လို့လုပ်ရမှန်းကို မသိတော့ပါဘူး။

နှလုံးက ခံစားချက်မကောင်းစွာ တဒုတ်ဒုတ် ခုန်နေခဲ့တယ်။ ခေါင်းထဲက တဆစ်ဆစ်ထိုးလာခဲ့တယ်။ ရေစိုနေတဲ့ဂွမ်းလုံးကို နားထဲထိုးထည့်ခံထားရသလိုပါပဲ။ အမြင်အာရုံ မည်းမှောင်ကျသွားလုဆဲဆဲမှာ အိမ်ရှေ့တံခါးဆီကနေ အသံကြားလိုက်ရတယ်။

“….”

ဝူဂျင်ဟာ ပြန်လာပါပြီ။

မနည်းသတိဝင်အောင် ထိန်းလိုက်ရတဲ့ ကျွန်မက အမှိုက်ပုံးကို တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ ရုတ်တရက် ကျွန်မရဲ့ အာရုံခံနိုင်စွမ်းတွေ နိုးကြွလာတဲ့အလား ဖန်ကွဲစတွေစူးနေတဲ့ ကျွန်မရဲ့လက်ချောင်းတွေနာကျင်လာခဲ့တယ်။ ပျက်နေတဲ့စက်လိုမျိုး ကျွန်မက လက်ကို ကျယ်ကျယ်ဖြန့်ပြီး အဲ့ဒီနောက် ပြန်ဆုပ်လိုက်တယ်။ သွေးဆုတ်နေတဲ့လက်က တုန်ယင်နေခဲ့တယ်။

“…မင်း ဘာလုပ်နေတာလဲ။”

ဒဏ်ရာရထားခြင်းမရှိတဲ့ လက်ချောင်းတွေနဲ့ ပိုကြီးတဲ့ဖန်ကွဲစကို ကောက်လိုက်တဲ့အခိုက်အတန့်မှာ ကျွန်မရဲ့လက်က လေထဲကို ဆွဲမြှောက်ခံလိုက်ရတယ်။

“ဒါက ဘာလဲ။”

တစ်ခါထပ်မေးလိုက်တဲ့ သူ့ရဲ့အသံမှာ ဒေါသတောင် စွက်နေလိုက်ပါသေးတယ်။

“ဘာဖြစ်တာလဲလို့ မေးနေတယ်လေ။”

“ရှင်းလင်းသိမ်းဆည်းရင်း ထိခိုက်မိသွားတာ။”

သူက ကျွန်မ ဖယ်ခါရုန်းထွက်ဖို့ ကြိုးစားနေတဲ့အတိုင်း ချုပ်ထားပြီး အတင်းပဲ ကျွန်မကို ဆွဲထူခဲ့တယ်။

“နေမကောင်းတဲ့လူက ဒါကို ဘာလို့ရှင်းမှာလဲ။”

ဝူဂျင်ဟာက သွားချင်းကြိတ်ထားသလို ပြောခဲ့ပြီး ကျွန်မကို စားပွဲပေါ်မှာ ထိုင်စေခဲ့တယ်။ ဆေးသေတ္တာ ဘယ်မှာရှိမှန်း သူ သိမှသိပါ့မလားလို့ တွေးလိုက်မိပေမဲ့ သူက လျှောက်သွားပြီးတော့ ရှာတွေ့သွားပြီး ယူပြန်လာခဲ့တယ်။

ကျွန်မလက်ချောင်းမှာ စိုက်နေတဲ့ဖန်ကွဲစက သိပ်မကြီးပါဘူး။ သူက အဲ့ဒါကို ဇာဂနာနဲ့ဆွဲထုတ်၊ ဒဏ်ရာကို သန့်စင်ပေးပြီး ဆေးရုံသွားလိုက်တာ ကောင်းမလားမသိဘူးလို့ ပြောခဲ့တယ်။ ကျွန်မက သူ့စကားကို လျစ်လျူရှုလိုက်ပြီး လိမ်းဆေးလိမ်းပြီးတော့ ပလက်စတာကပ်လိုက်တယ်။ ပလက်စတာမှာ သွေးတွေချက်ချင်းစိုသွားတာကို သူက မနှစ်မြို့သလို ကြည့်နေခဲ့တယ်။

ဒါပေမဲ့ သူက ကျွန်မမျက်နှာကို အကဲခတ်ရုံသာခတ်ပြီး ဘာမှထပ်မပြောခဲ့ပါဘူး။ တိတ်ဆိတ်မှုက မသက်မသာဖြစ်ရတာကြောင့် ကျွန်မလည်း ထလိုက်တယ်။

“သွားလှဲနေ။ ရှင်းလင်းဖို့ စိတ်တောင်မကူးနဲ့။”

“ဒါဆို ဘယ်သူက ရှင်းလင်းမှာလဲ။”

“အဒေါ်ကြီးကို မနက်ဖြန် မနက်စောစော လာခိုင်းဖို့လုပ်ထားတယ်။ အခုချက်ချင်းခေါ်ဖို့ တွေးမိပေမဲ့ မင်း စိတ်မသက်မသာဖြစ်သွားမလားလို့။”

“ရတယ်။ အဲ့ဒီအချိန်အထိ ဒီအတိုင်းကြီး မထားထားချင်ဘူး။”

“အဲ့ဒါဆို မိဘအိမ်က တစ်ယောက်ယောက်ကို ခေါ်လိုက်မယ်။”

“အခု ည ၉နာရီ ရှိနေပါပြီ။ ဝူဆုန်းဝန်းကနေ ဒီအထိ အလုပ်ရှုပ်ခံပြီး လာရအောင် မလုပ်ပါနဲ့။”

“ဒါဆို ငါလုပ်လိုက်မယ်။”

ကျွန်မ နည်းနည်း ချီတုံချတုံ ဖြစ်သွားခဲ့တယ်။

“ဂျင်ဟာက ဘယ်လိုများလုပ်မလို့လဲ။”

“ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။ လူမမာဖြစ်တဲ့ မင်းတောင် လုပ်သေးတာပဲကို။”

“တော်ပါပြီ။ ထားလိုက်ပါ။”

သူက သတိရှိရှိထိန်းထားတဲ့အားနဲ့ ကျွန်မကို ချုပ်ထားခဲ့တယ်။ ဖယ်ခါရုန်းထွက်လို့ ရလောက်မဲ့ပုံပေါ်တာကြောင့် တွန်းဖယ်ကြည့်ပေမဲ့ နောက်ဆုံးတော့ ခေါင်းမာစွာပဲ ရုန်းထွက်လို့မရဘဲ ရှိနေခဲ့တယ်။

သူက ကျွန်မရဲ့ လက်ကောက်ဝတ်ကိုကိုင်ပြီး သက်ပြင်းချခဲ့တယ်။

“ခန္ဓာကိုယ်က ဘာဖြစ်လို့ ဒီလောက်အေးနေရတာလဲ။”

“နားလိုက်ရင် ကောင်းသွားမှာပါ။”

“အဲ့ဒါဆို နားလေ။”

“အကုန်ရှင်းလင်းပြီးမှပဲ နားတော့မယ်။”

“တစ်ခုခု စားထားလား။”

“စားပြီးပြီ။”

ဝူဂျင်ဟာက ကျွန်မမျက်လုံးတွေထဲကို တည့်တည့်ကြည့်ခဲ့တယ်။ မစားရသေးမှန်း သိနေတဲ့ အကြည့်မျိုးပါ။ ဒါပေမဲ့ သူက ဘာမှမပြောဘဲ စားပွဲထောင့်စွန်းမှာတင်ထားတဲ့ ဈေးဝယ်အိတ်ကို ယူလိုက်တယ်။

“ဧကန္တများဆိုပြီးတော့ ဆန်ပြုတ်ဝယ်လာခဲ့တယ်။ မြန်မြန်ပြန်လာဖို့ ကြိုးစားခဲ့ပေမဲ့ လမ်းတွေပိတ်နေလို့။”

နောက်တောင်ကျနေတဲ့အချိန်ကြီးပါ။ ကျွန်မ ရွဲ့ပြီးရယ်ပစ်ချင်ပေမဲ့ အဲ့ဒါကလည်း ကျွန်မတို့နဲ့ မလိုက်ဖက်တာကြောင့် ဒီအတိုင်းပဲ ထိန်းထားလိုက်တယ်။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment