no
အခန်း ၄၀
Translator - D
ကျွန်မ ကိုင်းဖျားလေးကို ပွတ်သပ်လိုက်တယ်။ သူ့ပစ္စည်းတွေထဲက တစ်ခုလေးတောင် ယူမသွားချင်သလို၊ ကိုယ့်ပစ္စည်းကိုလည်း တစ်ခုမှ မထားခဲ့ချင်ပါဘူး။ ဒါပေမဲ့ မြေမှာ အမြစ်တွယ်နေတဲ့ ဒီအပင်လေးကတော့ အကျပ်ရိုက်စရာပါပဲ။
ဝူဂျင်ဟာက ကျွန်မ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဒီအပင်လေး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာကွာခြားမှုကိုမှ ခံစားရမှာမဟုတ်ပေမဲ့ပေါ့။
ကျွန်မ ပျိုးပင်လေးရဲ့ ကိုင်းတွေကို အတန်ကြာအောင် ပွတ်သပ်နေရာက အခုမှ အဖူးလေး စပွင့်နေတဲ့ ကိုင်းကို ချိုးပစ်လိုက်တယ်။
ကိုင်းကို ချိုးလိုက်ရင်တောင် အပင်ကတော့ ရှင်နေမှာပဲလို့ ဆုန်ယောဆွန်းက ပြောခဲ့ဖူးတယ်လေ။ ဒါပေမဲ့ အခုမှ စပြီးပွင့်မဲ့ပန်းလေး ပျောက်သွားတော့ သစ်ပင်ကလည်း သေနေသလို ဖြစ်သွားတော့တယ်။ မကြာခင် ကျန်နေတဲ့ အရွက်တချို့လည်း လေထဲမှာ လွင့်ပျောက်သွားတော့မှာပေါ့။ ဒါပေမဲ့ နောက်နှစ်နွေဦးမှာတော့ သစ်ကိုင်းခြောက်ကနေ အရွက်နုတွေ ပြန်ထွက်လာပြီး နွေရာသီကုန်သွားရင် ပန်းတွေလည်း ပွင့်လာဦးမှာပါ။
ကျွန်မလက်ပေါ် ခဏတာ ခိုနားခဲ့ဖူးတာကိုတောင် မေ့သွားပြီးတော့လေ။
ကျွန်မ မလှမပ ပန်းကိုင်းလေးကို မျက်လုံးရှေ့မှာထားပြီး ကြည့်လိုက်မိတယ်။ ဒီအိမ်မှာ နေရဖို့ကလည်း အခုဆိုရင် တစ်လပဲ ကျန်တော့တာပါ။ ကြွေပန်းအိုးထဲမှာ ရက်ပိုင်းလောက် အလှထိုးထားမယ်ဆိုရင်တော့ ရလောက်မှာပဲလို့ တွေးလိုက်မိတဲ့အတွက် အဲ့ဒီပန်းကိုင်းလေးကိုကိုင်ပြီးတော့ အိမ်ထဲပြန်ဝင်ဖို့ ကိုယ်ကို လှည့်လိုက်တယ်။
ဒါပေမဲ့ ခြေလှမ်းမလှမ်းခင်မှာပဲ အသိစိတ်က ရပ်တန့်သွားတော့တယ်။
"..."
ထင်ယောင်ထင်မှားပုံရိပ်ကိုများ မြင်လိုက်တာလားလို့ တွေးမိသွားတာပါ။ မှန်ပြတင်းအနောက်မှာ အရိပ်လို လှုပ်ရှားနေတဲ့ သူက တံခါးနားဆီ လျှောက်လာတော့မှပဲ မဟုတ်မှန်းသိလိုက်ရတယ်။ ဝူဂျင်ဟာက အထဲကနေ ဒီဘက်ကို တံခါးဖွင့်ပေးခဲ့တယ်။
"အေးတယ်။"
"..."
"အဲ့ဒါကြောင့် ဝင်လာတော့။"
ပန်းချီပြခန်း။ အဲ့ဒီအချိန်ကနေစပြီး ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။ ထုံထိုင်းနေတဲ့ ဦးနှောက်က တွက်ချက်နိုင်စွမ်းတောင် မရှိတော့ပါဘူး။ တစ်နှစ်တိတိ မတွေ့ခဲ့ရသလိုပါပဲ။ အဲ့ဒါကြောင့် အခုလို အခြေအနေမျိုးမှာ ပုံမှန်ဆို ဘယ်လိုပြောရမလဲဆိုတာကိုတောင် သတိမရတော့ဘူးလေ။
ကျွန်မ အသာလေး ရပ်ကြည့်နေမိတုန်းမှာ ဝူဂျင်ဟာက ဥယျာဉ်ထဲ ဝင်လာခဲ့တယ်။ နောက်ထပ် ထွက်ပြေးစရာနေရာမရှိတော့ဘဲ ချောင်ပိတ်မိနေတဲ့ ကြွက်တစ်ကောင်လို တစ်ချက်တွန့်သွားမိတဲ့ ကျွန်မက သူ ကျွန်မအရှေ့ သုံးလှမ်းလောက်အကွာမှာ ရပ်လိုက်မှပဲ အနောက်ကို တစ်လှမ်းဆုတ်မိတော့တယ်။ အဲ့ဒီလိုလုပ်ရပ်က တစ်မျိုးဖြစ်နေပြီလို့ သဘောပေါက်ပြီးမှပဲ သတိဝင်လာတယ်လေ။
"ကျန်ခဲ့တာတွေများ ရှိလို့လားရှင့်။"
ရက်ပေါင်း ၄၀ လုံးလုံး အိမ်ကနေ ကင်းကွာနေတဲ့သူ့ကို အတူတူနေခဲ့တဲ့အချိန်ကလိုပဲ ကျွန်မ မေးလိုက်တယ်။ ရယ်စရာကောင်းတဲ့ အမှားဆိုပေမဲ့ သူကတော့ မရယ်ခဲ့ပါဘူး။
"ဟင့်အင်း။"
"ဧကန္တ အိမ်ထဲမှာ ကိစ္စရှိလို့ဆိုရင် ခဏလောက် ထွက်သွားပေးရမလား။"
ဂရုတစိုက် မေးလိုက်ပေမဲ့ ဝူဂျင်ဟာကတော့ အဆဲခံလိုက်ရသလိုပုံစံမျိုး ဖြစ်သွားခဲ့တယ်။ အဲ့ဒီနောက် သူက ရှီးဆိုပြီး လေထွက်သွားသလိုမျိုး ရယ်လိုက်တယ်။
"မင်းကလွဲရင် ဒီအိမ်မှာ ကိစ္စမရှိဘူး။"
"အချိန်ဇယားများ ပြောင်းသွားလို့လား။ ဥက္ကဋ္ဌကြီးက..."
"...တကယ် ကိစ္စရှိမှပဲ စကားပြောလို့ရမဲ့ပုံပါလား။ အခု။"
"..."
"လက်တွေ အေးနေပြီ။ အထဲဝင်ရအောင်။"
ဘယ်အချိန်ကတည်းက ဆုပ်ကိုင်ထားမှန်းမသိတဲ့ လက်တစ်ဖက်ရဲ့ ဆွဲခေါ်ရာနောက်ကို ပါသွားခဲ့တယ်။ ကျွန်မကို လက်တွေအေးနေတယ်လို့ ပြောခဲ့ပေမဲ့ သူ့လက်ကလည်း ထူးမခြားနားပါပဲ။
ကျွန်မ လွတ်မသွားနိုင်ရုံလေးပဲ အားထည့်ထားတဲ့ လက်။ နည်းနည်းလေး တောင့်တင်းနေသယောင် နောက်ကျောဘက်ပုံစံ။
"...ဘာကိစ္စမှ မရှိဘူးလားဟင်။"
"အလုပ်ကိစ္စနဲ့ လာတာမဟုတ်တာကို။"
"မဟုတ်ပါဘူး၊ အဲ့ဒီတော့ ကျွန်မ ပြောချင်တာက..."
'ဘာမှမဖြစ်ဘူးလား'၊ ဒီကြားထဲမှာ အဆင်ပြေရဲ့လား... အဲ့ဒီလို မေးချင်တာပါ။ ဒါပေမဲ့ ကျွန်မဘက်ကို ပြန်လှည့်ကြည့်လာတဲ့ သူ့မျက်နှာကို သိပ်သဘောမကျပါဘူး။ နည်းနည်း ဖြူဖျော့နေတဲ့ အသားအရေကိုလည်း မကြိုက်ဘူး၊ ဘယ်နေရာကမှန်းမသိ အေးစက်ပြီး ခြောက်သွေ့သွားသလို ပြောင်းလဲသွားတဲ့ အသွင်အပြင်ကိုလည်း မကြိုက်ဘူး၊ နည်းနည်း ပိန်သွားတဲ့ မျက်နှာသွယ်သွယ်ကိုလည်း မကြိုက်ဘူး... ဘာတစ်ခုမှ မကောင်းတဲ့ပုံပါပဲ။ ကြည့်ကောင်းတာတစ်ခုပဲ အရင်အတိုင်း မပြောင်းမလဲရှိနေတာပါ။
အဲ့ဒါကို မနာလိုလည်း ဖြစ်မိသလို၊ သူတောင်းစားက မင်းသားကို စိုးရိမ်သလိုမျိုး သနားလည်း သနားမိပါတယ်။
သူက သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို အမြဲတမ်း တိတိကျကျ လုပ်လေ့ရှိသူပါ။ အခုတောင် တခြားကမ္ဘာတစ်ခုမှာ နေတဲ့သူလိုဖြစ်နေပြီးသားကို အဲ့ဒီထက် ပိုမြင့်တဲ့ကမ္ဘာဆီ တက်လှမ်းမဲ့သူလည်း ဖြစ်ပြန်ပါတယ်။
ဘဝက နေရာမှာတင် ရပ်တန့်နေတာက ကျွန်မတစ်ယောက်တည်းပါပဲ။
"...အဆင်ပြေရဲ့လားလို့ မေးချင်တာပါ။ အဆင်ပြေတဲ့ပုံမို့လို့ တော်သေးတာပေါ့။"
"ငါ့အဖြေကို နားမထောင်ဘဲနဲ့ ကောက်ချက်ချလိုက်တာပဲ။"
"ပြောစရာမလိုအောင် အဆင်ပြေခဲ့မှာပါ။"
"ဟုတ်တယ်။ ကောင်းကောင်းနေနေခဲ့တာ။"
"ကျွန်မလည်း တော်တော်လေး ကောင်းကောင်းနေခဲ့တယ်ရှင့်။"
အဲ့ဒီလိုပြောပြီးမှ ကျွန်မရဲ့အသွင်အပြင်ကို အာရုံစိုက်မိတော့တယ်။ ထူးဆန်းလောက်အောင်ကို ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ခဲ့ရလို့ နေမကောင်းတဲ့ပုံတော့ ပေါက်မှာမဟုတ်ပေမဲ့ လတ်လျားလတ်လျား အလေလိုက်နေရတဲ့ ကံကြမ္မာက တအားကောင်းလွန်းလို့ ရုပ်ကပဲ ဖိုသီဖပ်သီ ဖြစ်နေတာလေ။
မနက်အိပ်ရာထတာနဲ့ မှန်တောင်မကြည့်ဘဲ မြှောက်ပြီးတော့ လုံးထွေးစုထုံးထားတဲ့ ဆံပင်၊ အိပ်ရာနိုးတာတောင် မလဲရသေးတဲ့ ပိုးသားညဝတ်အင်္ကျီ၊ အဲ့ဒီအောက်မှာကလည်း အတွဲအစပ်မညီတဲ့ နွေရာသီ ညဝတ်ဘောင်းဘီတို။ ကိုယ့်ပုံစံကိုယ် တွေးလိုက်မိတော့ စိတ်ထဲ တင်းကျပ်လာတော့တယ်။ အရောင်ရော အသားပါ မလိုက်ဖက်တဲ့အပြင် ရာသီဥတုနဲ့လည်း ကိုက်ညီမနေပြန်ဘူးလေ။
ဒီပုံစံကိုကြည့်ပြီး သူ မရယ်တာပဲ တော်ပါသေးရဲ့လို့ တွေးနေရာက အကြာကြီးနေမှ တွေ့ရတာမို့ အခုလို ကိစ္စလေးတွေအထိ လိုက်ဂရုစိုက်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ရယ်စရာကောင်းတယ်လို့ တွေးလိုက်မိပြန်တယ်။ လက်တွေ့ကို မေ့သွားတယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုတော့ ရှိသင့်တာပေါ့။
ဒါပေမဲ့ ဒီလို သနားစရာကောင်းတဲ့ပုံစံမျိုး မဖြစ်ခဲ့ရင် ပိုကောင်းမှာပါ။ လှပနေဖို့အထိတော့လည်း မလိုပါဘူး။ ပုံမှန်လေး သပ်ရပ်ပြီး၊ ကြည့်ကောင်းနေရင် တော်ပါပြီ။ ကျွန်မ တော်တော်လေး နှမြောမိခဲ့တယ်။
အခု ကျွန်မတို့တွေ အကြိမ်အနည်းငယ်တောင် တွေ့စရာအကြောင်းမရှိတော့တာကို။
"တော်သေးတာပေါ့။"
သူက ကျွန်မကို အတန်ကြာအောင် အသာလေး စိုက်ကြည့်နေပြီးမှ အဲ့ဒီလို ပြောလာတယ်။ မျက်နှာပေါ်မှာ စိုက်ထားတဲ့ အကြည့်က ဒီအတိုင်း မသိမသာလေး ဂယက်ထသွားရုံလောက်ပါပဲ။ ရယ်ချင်စိတ်ကို ထိန်းထားတဲ့ အရိပ်အယောင်လည်း မရှိသလို၊ ကျွန်မကို အလေးအနက်ထားပြီးကြည့်ဖို့ ကြိုးစားနေတာမျိုးလည်း မတွေ့ရပါဘူး။
ဆံနွယ်စလေးတွေ အနည်းငယ်ပွထွက်နေတဲ့ လည်ပင်းမှာ ဖြည်းဖြည်းလေး ပွတ်သပ်လိုက်တဲ့ လက်ရဲ့အထိအတွေ့ကို ခံစားလိုက်ရတယ်။ ရှည်လျားတဲ့ လက်ချောင်းတွေက ကုပ်သားကို ပွတ်သပ်ပြီး ဆံနွယ်စလေးတွေကို တို့ထိကျီစယ်နေခဲ့တယ်။
ကျွန်မ ၉လပိုင်းတုန်းကလို ခဏတာ အကျင့်ပါနေတဲ့အတိုင်း ဝူဂျင်ဟာရဲ့ လက်မှာ မှီလိုက်မိပေမဲ့၊ တစ်ပြိုင်နက်တည်းမှာပဲ အမှားလုပ်မိမှန်း သတိထားမိပြီး အဲ့ဒီလက်ကနေ လှည့်ထွက်ပြီးတော့ ရှောင်ဖယ်လိုက်တယ်။ လှေကားတစ်ထစ် ပိုရှိဦးမယ်အထင်နဲ့ ခြေချလိုက်တဲ့အခါ ကြမ်းပြင်နဲ့ လွဲသွားတဲ့ ခံစားချက်မျိုးနဲ့ ခပ်ဆင်ဆင်ပါ။
ဆုပ်ကိုင်စရာမရှိတော့တဲ့ သူ့လက်က ကျွန်မပခုံးကနေ လက်မောင်းဆီ လျှောကျသွားခဲ့တယ်။
"…ဂျင်ဟာရှင့်။"
"ခဏလေးပါ။"
"..."
"...ခဏလေး။"
လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့လက်မှာ အရင်လိုမဟုတ်ဘဲ အားလုံးဝရှိမနေပါဘူး။ အလွယ်လေး ဖယ်ရှားပစ်လို့ရတာ သေချာပေမဲ့ ကျွန်မ မလုပ်ရက်ခဲ့ဘူးလေ။
ကျွန်မကို ဖမ်းဆုပ်ထားတဲ့ လက်က တဆတ်ဆတ်တုန်ယင်နေတာကြောင့်ပါ။
****
Miel's Translations
There is No Eng Version