no

Font
Theme

အပိုင််း (၉) - မျက်နှာသစ်များ ရောက်ရှိလာခြင်း

"သွားပြီ!"

ငါးကြင်းမိစ္ဆာက အသံအကျယ်ကြီးဖြင့် အော်ချလိုက်သည်။

"အထဲကလူက မင်းတို့ နတ်ဆိုးနှင်ဌာနရဲ့ခေါင်းဆောင်တဲ့ဟ!!"

"ဘယ်လိုလုပ်ကြမလဲ။"

အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတော့ ဟုန်ကျွင့်က ရှေ့ထွက်လိုက်၏။

"ငါက ဒုက္ခရောက်အောင် လုပ်မိတာပါ၊ သူ့ကိုနှိုးပြီး တောင်းပန်လိုက်ပါ့မယ်။"

ဟုန်ကျွင့်က သတ္တိရှိရှိ အရှေ့ကို လှမ်းကြည့်လိုက်သည်။ ကျန်သုံးယောက်ကလည်း ဟုန်ကျွင့်တစ်ယောက်တည်း တာဝန်မထမ်းဆောင်နိုင်မည်ကို စိုးရိမ်သောကြောင့် အနောက်ကနေ လိုက်သွားကြလေသည်။

"ဝေ့! ထတော့...."

ဟုန်ကျွင့်က ဒူးထောက်ထိုင်လိုက်ပြီး လီကျင်လုံ၏ပါးကို ဖွဖွလေး ပုတ်လိုက်သည်။

ငါးကြင်းမိစ္ဆာ: "မင်းလုပ်နေပုံကို ဘယ်လိုလုပ် နှိုးတယ်လို့ ခေါ်မှာလဲ။ ပါးရိုက်လိုက်!!"

ဟုန်ကျွင့်: "ဒါက ခေါင်းဆောင်လေ၊ ငါက ဘယ်လိုလုပ်ပြီး ရိုက်နိုင်မှာလဲ။"

ထိုအခါ ငါးကြင်းမိစ္ဆာက စကားတစ်ခွန်းမှ မပြောဘဲ ရှေ့ကို တိုးလာပြီး လီကျင်လုံကို ၎င်း၏အမြီးဖြင့် ဘယ်ပြန်ညာပြန် နှစ်ကြိမ်တိတိ ပါးရိုက်လိုက်သဖြင့် ခန်းမထဲမှာ တဖြန်းဖြန်းအသံများ ပဲ့တင်ထပ်သွားခဲ့သည်။ အားလုံးက ကြောက်အားလန့်အားဖြင့် ကမန်းကတန်း ဟစ်အော်လိုက်ရ၏။

"မြန်မြန်ရပ်စမ်း!"

လီကျင်လုံ လန့်နိုးလာ၏။ သို့သော် မကြာခင်မှာပင် အားထိုက်က လီကျင်လုံ၏အနောက်ကို သူ၏စောင်းဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေရာ လီကျင်လုံတစ်ယောက် ထပ်မံပြီး သတိလစ်သွားပြန်သည်။

"ကျောက်ကျစ်လုံ ကျေးဇူးပြုပြီး ဒုက္ခမပေးပါနဲ့တော့ကွာ။"

ဟုန်ကျွင့်မှာ ငိုချင်စိတ် ပေါက်နေလေပြီ။။ ထိုစဥ် ချိုယုံစစ်က အကြံတစ်ခု ရသွားဟန်ဖြင့် ပြောလာ၏။

"ငါတို့ သူ့ကို ခုတင်ပေါ်တင်ပြီး ကြိုးတွေကို အရင်ဖြည်ပေးလိုက်မယ်။ နောက်မှ သူတို့ဘာသာသူတို့ နိုးလာတဲ့အခါ လူတိုင်း ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ကြမယ်။ သူတို့နှစ်ယောက်လုံး အပြင်က အပူဒဏ်ကြောင့် မူးလဲသွားတာလို့ ပြောလိုက်ကြမယ်လေ!"

"ကောင်းလိုက်တဲ့အကြံပဲ!"

ထို့ကြောင့် အားထိုက်က ဖန်းချန်ချင်နှင့် လီကျင်လုံတို့ကို ကြိုးဖြေလျှော့ပေးပြီး ၎င်းတို့နှစ်ဦးကို ခုတင်ပေါ်သို့ မတင်ပေးလိုက်သည်—ကံကောင်းထောက်မစွာဖြင့် ထိုခုတင်ကို ၎င်းတို့ စောစောကမှ သန့်ရှင်းရေးလုပ်ထားခဲ့ကြသည်။ ထို့ကြောင့် ဝမ်းကွဲညီအစ်ကိုနှစ်ဦးမှာ ဘေးချင်းယှဉ်လျက် လဲလျောင်းနေခဲ့ကြ၏။

"ပြီးပြီ!"

ချိုယုံစစ်က ဆက်ပြောသည်။

"အခု ငါတို့ ခြံဝင်းထဲသွားပြီး လုပ်စရာရှိတာ လုပ်ကြမယ်။ သူတို့ ထွက်လာတဲ့အခါ အားလုံးက ဝမ်းသာအားရနဲ့ 'ခေါင်းဆောင် နိုးပြီလား' လို့ နှုတ်ဆက်ကြမယ်။ ဘာဖြစ်ဖြစ် ငါတို့ ဝန်မခံဘူးဆိုရင် သူ့မှာ သက်သေမရှိတော့ဘူး၊ သဘောပေါက်လား။"

ကျန်သုံးယောက်ကလည်း ချက်ချင်း သဘောတူလိုက်ပြီး အပြင်သို့ထွက်ရန် ပြင်လိုက်ကြသည်။

သူတို့ ခြေတစ်လှမ်းမျှသာ လှမ်းရသေးခင်မှာပင် အနောက်ကနေ လီကျင်လုံ၏ အေးစက်စက်အသံ ထွက်ပေါ်လာခဲ့သည်။

"ငါ အကုန်ကြားတယ်။"

လူတိုင်း: "…"

နောက်ထပ် နာရီဝက်ခန့်ကြာသောအခါ လီကျင်လုံ၏ဦးခေါင်းမှာလည်း ပတ်တီးအဖွေးသားနှင့် ဖြစ်သွားခဲ့သည်။ ဖန်းချန်ချင်ကတော့ အဆင်ပြေသေး၍ ပင်မခန်းမထဲ ထိုင်နေ၏။ ကျန်လေးယောက်မှာ ကြမ်းပြင်ပေါ်၌ ထိုင်နေကြပြီး အားလုံး အားနာသည့်အပြုံးကိုယ်စီဖြင့် ကြည့်နေကြသည်။

"ခေါင်းဆောင်!"

မော့ရစ်ကန်းက ပထမဦးစွာ ဆိုလိုက်သည်။

"ဒီနေ့ကိစ္စက နားလည်မှုလွဲနေတာပါ။ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာလိုက်ရင် ခေါင်းဆောင်လည်း ရှင်းရှင်းလင်းလင်း မမေးဘဲ ငါတို့ညီလေးကို ရုတ်တရက် တိုက်ခိုက်ပြီး နာကျင်အောင် မလုပ်သင့်ဘူးလေ။"

"ငါက ဘယ်လိုလုပ်သိမှာလဲ!"

လီကျင်လုံက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီကောင်က ငါ့ရဲ့တရားဝင်ရာထူးကို ဆုံးရှုံးအောင် လုပ်ပြီး ချန်အန်းပြည်သူတွေဆီကလည်း လှောင်ပြောင်ခံရအောင် လုပ်တယ်။ ငါနစ်နာထားတာတွေကို အခုဘယ်သူ ရှင်းပေးမှာလဲ။"

"အာ? ဘာလို့လဲ။"

ဟုန်ကျွင့်က မော့ရစ်ကန်းနှင့် ချိုယုံစစ်တို့၏ နောက်ကွယ်ကနေ ခေါင်းပြူထွက်လာ၏။ မော့ရစ်ကန်းက သူ့ကို လီကျင်လုံ၏အမြင်အာရုံမှ ကွယ်သွားအောင် အနောက်သို့ ပြန်တွန်းလိုက်သည်။

"ငါတို့အားလုံးက ချန်အန်းရဲ့ငြိမ်းချမ်းရေးအတွက် ဒီကိုရောက်လာခဲ့တာ။ ငါတို့ရဲ့ ရည်ရွယ်ချက်က ဖြူစင်ပါတယ်။ နားလည်မှုလွဲတာတစ်ခုကြောင့် ငါတို့ကြားမှာ စိတ်ဝမ်းကွဲမခံသင့်ဘူး။ ငါတို့ရဲ့ ဒီညီအလှလေးက သိုးသူငယ်လေးလို ဖြူစင်ရှာတာပါ။"

"တော်လောက်ပြီ၊ တော်လောက်ပြီ!"

လီကျင်လုံမှာ ဒေါသကြောင့် နောက်တစ်ကြိမ် မူးလဲလုနီးပါး ဖြစ်လာသည်။

အားထိုက်: "ငါ မင်းအတွက် သီချင်းတစ်ပုဒ် တီးပေးမယ်လေ ခေါင်းဆောင်။ ငါ့ရဲ့သံစဉ်က ခေါင်းဆောင်ရဲ့ဒေါသကို အရည်ပျော်စေပြီး ကမ္ဘာပေါ်က အရာအားလုံးကို..."

"အဲ့ဒီဟာကြီးကို သိမ်းထားစမ်း!"

လီကျင်လုံက ဟောက်ပစ်လိုက်၏။

လူတိုင်းခမျာ တိတ်တိတ်နေရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ အားထိုက်လည်း ပွစိပွစိသာ လုပ်နိုင်တော့သည်။ လေထုက ရုတ်တရက် ကသိကအောက်ဖြင့် ငြိမ်သက်သွားပြီး ခဏကြာသည်အထိ ၎င်းတို့လေးယောက်လုံး ဘာလုပ်ရမှန်းမသိဘဲ ဖြစ်ကုန်ကြလေ၏။

သို့ဖြင့် ဖန်းချန်ချင်က ရုတ်တရက် ဝင်ပြောလိုက်သည်။

"ဒါဆို ချန်အန်းမှာ တကယ်ပဲ နတ်ဆိုးတွေ ရှိနေတာပေါ့။ မ-မ-မင်းကကျ ဘယ်လိုမိစ္ဆာမျိုးလဲ။"

ဖန်းချန်ချင်က ငါးကြင်းမိစ္ဆာကို တဆတ်ဆတ်တုန်လှုပ်နေသည့် လက်ညှိုးဖြင့် ညွှန်ပြလိုက်စဥ် မထင်မှတ်ဘဲ အနှီငါးကြင်းမိစ္ဆာက ခါးထောက်ကာ ပြန်အော်လေသည်။

"မင်း အကန်းလား။ ငါးကြင်းကိုတောင် မသိဘူးလားဟ!!"

ငါးကြင်းမိစ္ဆာ၏စကားမဆုံးခင် ဟုန်ကျွင့်က ၎င်း၏ပါးစပ်ကို ချက်ချင်း ပိတ်ဆို့လိုက်လေသည်။

"ထွက်ခဲ့စမ်း!"

လီကျင်လုံက ဟုန်ကျွင့်ကို လက်ညှိုးထိုး၍ အသံမာမာဖြင့် အော်လိုက်သည်။

"သူတို့နောက်မှာ ပုန်းမနေနဲ့။ ငါ မင်းကို မေးခွန်းသုံးခု မေးမယ်။ အဲ့ဒါပြီးရင် ငါတို့အတိတ်ကို ကြေအေးပြီလို့မှတ်လိုက်မယ်။"

ဟုန်ကျွင့်လည်း ခေါင်းလေးငုံ့ကာ မော့ရစ်ကန်း အနောက်မှ ထွက်လာခဲ့လိုက်သည်။ သူ လီကျင်လုံရှေ့မှာ တင်ပျဉ်ခွေထိုင်လိုက်စဥ် တစ်ဖက်လူက ချက်ချင်း မေးတော့၏။

"အဲဒီညက ဖျင်ကန်းလီရဲ့ အတွင်းရော၊ အပြင်ဘက် လမ်းကြားတွေမှာ ငါနဲ့တိုက်ခိုက်ခဲ့တဲ့သူက မင်းလား။"

"အင်း။"

ဟုန်ကျွင့် ပြန်ဖြေလိုက်သည်။

လီကျင်လုံက ဖန်းချန်ချင်ကို ကြည့်သော်လည်း ဖန်းချန်ချင်က စကားမပြောခဲ့ပေ။

"ငါသတိလစ်သွားပြီးတော့ မင်း ငါ့ကို ဘယ်ကိုခေါ်သွားခဲ့တာလဲ။"

ဟုန်ကျွင့် ခဏလောက်စဉ်းစားပြီး ထိုနေ့ကအခြေအနေများကို အတိုချုပ်ပြောပြလိုက်သည်။

"ရိုးရိုးသားသား ပြောရရင် ခင်ဗျားကိုသတိလစ်သွားအောင် ကျွန်တော်လုပ်ခဲ့တာ မဟုတ်ဘူး။ ခင်ဗျားဘာသာ..."

လီကျင်လုံက ဟုန်ကျွင့်အား စကားဆက်မပြောရန် သူ့လက်ကိုမြှောက်လိုက်ပြီး ဖန်းချန်ချင်ဘက်ကို လှည့်ကြည့်သော် ထိုသူက တိတ်တဆိတ် ခေါင်းညိတ်ပြလာခဲ့သည်။

"ငါ စန်းအာကို တစ်ခုခုလုပ်ခဲ့မိလား။"

"မလုပ်ပါဘူး။"

ဟုန်ကျွင့် လီကျင်လုံ၏မျက်နှာကို ကြည့်ပြီး ဖြေလိုက်သည်။ သူ အဘယ့်ကြောင့် ဤမေးခွန်းကို မေးရလေသလဲတော့ ဟုန်ကျွင့်လည်း မသိချေ။ ဤတစ်ကြိမ်တော့ လီကျင်လုံက ဖန်းချန်ချင်ဘက်သို့ ခပ်တင်းတင်း လှည့်သွား၏။

"အပြင်မှာ လူတိုင်းက ကျွန်တော့်ကို..."

ဖန်းချန်ချင် ချက်ချင်း ဝင်ပြောလိုက်သည်။

"မင်းတို့လေးယောက်စလုံး ထွက်သွားလို့ရပြီ။"

ထို့နောက် သူတို့လေးယောက် အခန်းထဲမှ ထွက်သွားကြကာ နောက်ဆုံး မော့ရစ်ကန်းက တံခါးကို လှည့်ပိတ်လိုက်သည်။ အထဲတွင်တော့ လီကျင်လုံက ဒေါသတကြီးနှင့် ဆက်ပြောနေဆဲပင်။

"...သူတို့က ကျွန်တော့်ကို လီမိသားစုရဲ့ အသုံးမကျတဲ့ အရှုံးသမားလို့ပြောကြတယ်။ ကျွန်တော်က တိကုန်းရဲ့နောက်ဆုံးဆန္ဒအတွက်၊ ထန်မင်းဆက်အတွက် စည်းစိမ်ဥစ္စာတွေကို အကုန်အစင်သုံးစွဲခဲ့တာ။ ကျွန်တော်အခုလို ဖြစ်တော့ ဒီမတရားမှုကို ဘယ်သူကမှ မယုံချင်ကြဘူး။ အခု မိစ္ဆာတစ်ကောင် အစ်ကို့ရှေ့မှာ ရောက်နေပြီ! ယုံပြီလား။"

သူက စကားပြောနေရင်း ခန်းမအတွင်းရှိ ငါးကြင်းမိစ္ဆာကို လက်ညှိုး ထိုးပြလိုက်သည်။ ငါးကြင်းမိစ္ဆာက ပါးစပ်ကလေးကို ဟလျက် ကြမ်းပြင်ပေါ်တွင် ခြေနှစ်ချောင်းဖြင့် မတ်တတ်ရပ်ကာ လီကျင်လုံနှင့် ဖန်းချန်ချင်ကို တစ်လှည့်စီ စိုက်ကြည့်နေလေသည်။

ငါးကြင်းမိစ္ဆာ : "..."

ဖန်းချန်ချင်: "မင်းကဘာလို့ ဒီမှာရှိနေသေးတာတုန်း.... အပြင်ထွက်!"

ငါးကြင်းမိစ္ဆာလည်း နှင်ထုတ်ခံရလိုက်သည်။ သူတို့လေးဦးသား အိမ်ရှေ့ခန်းမထဲတွင် စောင့်နေကြသော်လည်း အားလုံးက စိုးရိမ်မကင်းဖြစ်ကာ ငါးကြင်းမိစ္ဆာ ထွက်လာသည်နှင့် မေးမြန်းကြကုန်၏။

“သူတို့ ရန်ဖြစ်ကုန်ကြပြီ။”

ဟုန်ကျွင့်: "ဘာလို့လဲ။"

"အဲဒီပြည့်တန်ဆာအိမ်ကို သွားတဲ့ကိစ္စဖြစ်လိမ့်မယ်။"

မော့ရစ်ကန်းက ရှင်းပြလေသည်။ အားထိုက်က တံခါးဝသို့ ခြေဖျားထောက်ကာ ချောင်းနားထောင်ရန် သွားခဲ့ပြီး ကျန်သုံးယောက်ကလည်း သူ့နောက်က လိုက်သွားကြသည်။ သူတို့အားလုံး လီကျင်လုံ၏ ကျယ်လောင်သော အသံကို ကြားနေရသော်လည်း ဖန်းချန်ချင်၏ အသံကိုမူ ဘာမှမကြားရပေ။

"... ဒီနေ့ လုံဝူစစ်တပ်ထဲက လူတိုင်း ကျွန်တော့်ကို ရယ်နေကြပြီ! ယန်ကော်ကျုံးက ကျွန်တော့်မိဘတွေမရှိတော့ ကျွန်တော့်ကို ထိန်းကျောင်းမယ့်သူမရှိလို့ စည်းကမ်းမရှိ ရိုင်းစိုင်းနေတာလို့ ပြောနေတယ်။ ဒီစွပ်စွဲချက်တွေကို ဘယ်သူမှ ကျွန်တော့်ဘက်ကနေ ကာကွယ်မပေးတုန်းက ကျွန်တော် ညည်းညူခဲ့ဖူးလို့လား။ မညည်းညူခဲ့ဘူး! ကျွန်တော် အားလုံးကို တိတ်တဆိတ် သည်းခံခဲ့တယ်။ ကျွန်တော့်တစ်သက်လုံး အရှက်ခွဲမှုတွေကို တစ်ခုပြီးတစ်ခု ခံခဲ့ရတယ်။ သူတို့ ကျွန်တော့်ကို အထင်သေးတဲ့အခါမှာတောင် ကျွန်တော့်ရင်ထဲမှာပဲ သိမ်းထားခဲ့တာ။ ဒါပေမဲ့ အစ်ကိုကရော? အခု အစ်ကို ကျွန်တော့်အပေါ် မှားသွားမှန်းသိပြီဆိုတော့၊ အစ်ကို့ရဲ့အမှားကို လျစ်လျူရှုထားဖို့ ကြံနေတာလား။"

"ငါမှားသွားတယ်၊ ငါ အဲ့ဒါကို ဝန်ခံတယ်။"

ဖန်းချန်ချင်က သက်ပြင်းချလိုက်ပြီး

"မင်းဘာလိုချင်တာလဲ။ ဒီကလေးကို လူကြီးမင်းယန်ဆီ ခေါ်သွားပြီး အမှားအမှန်ကို ရှင်းပေးစေချင်လား။"

ခန်းမထဲမှာ တိတ်ဆိတ်သွားခဲ့သည်။

ခန်းမအပြင်ဘက်မှာ လူသုံးယောက်က ဟုန်ကျွင့်ကို တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။ နှစ်ယောက်သား၏စကားဝိုင်းကို နားထောင်ကြည့်လျှင် ဟုန်ကျွင့်က ဤလူကို တံတွေးခွက်ထဲ ပက်လက်မျှောလိုက်ကြောင်း ရေးတေးတေး သိလိုက်ကြရ၏။

ဟုန်ကျွင့်က ပြဿနာရှာခဲ့ခြင်းမဟုတ်သည့်တိုင် ပြဿနာက သူ့ကို လာရှာခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စအား မည်သို့ဖြေရှင်းရမှန်း မသိတော့ပေ။

"ထားလိုက်တော့။"

လီကျင်လုံ အေးစက်စွာ ပြောလိုက်သည်။

"တစ်နေ့တော့ အစ်ကိုတို့အားလုံး မြင်ရမှာပါ။"

ဤအခိုက်တွင် နေဝင်ရီတရော ဗုံတီးသံက ထွက်ပေါ်လာသောကြောင့် လီကျင်လုံ အေးစက်စွာ ပြောလိုက်သည်။

"ပြန်သွားတော့!"

ဖန်းချန်ချင်ကလည်း လေးလေးနက်နက် ပြန်ပြောပါ၏။

"လူကောင်းတစ်ယောက်က ကောလာဟလတွေကို ကြောက်စရာမလိုဘူး။ ကျင်လုံ၊ မနေ့က မင်းကို အပြစ်တင်ခဲ့တာ ငါ့ဘက်က မှားသွားတယ်။ အဲဒါ ငါ့ရဲ့ အမှားပါ။ ငါ..."

သို့သော် လီကျင်လုံက သူ့စကားကို ဆုံးအောင်ပင် နားမထောင်တော့ဘဲ တံခါးကိုသာ တွန်းဖွင့်လိုက်သည်။ အပြင်မှ လူလေးယောက်လည်း ချက်ချင်းပင် သဖန်းပင်အောက်ရှိ စားပွဲဝိုင်းရှေ့ ရောက်သွားကြ၏။ အားထိုက်က ထိုင်ကာ သူ့စောင်းကြိုးများကို ညှိနေစဥ် ချိုယုံစစ်က လက်နှစ်ဖက်ကို နောက်ပစ်လျက် တိုင်လုံး၏ အရောင်လွင့်နေသော ဆေးနီများကို ငေးမောကြည့်နေကာ၊ မော့ရစ်ကန်းက ပျက်စီးနေသော ပြတင်းပေါက်၏ အပိုင်းအစများကို လိုက်ကောက်နေပြီး၊ ဟုန်ကျွင့်မှာ ရေတွင်းအနီး ဆောင့်ကြောင့်ထိုင်ကာ သစ်ကိုင်းခြောက်လေးတစ်ခုဖြင့် ငါးကြင်းမိစ္ဆာ၏ပါးစပ်ကို ထိုးဆွလျက် အပန်းဖြေနေတော့သည်။

ညနေခင်း ဗုံသံများက အဆက်မပြတ် တီးခတ်နေ၏။

လီကျင်လုံက သူ၏ဝမ်းကွဲအစ်ကို အပြင်ဘက်ခြံဝင်းထဲမှ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။

ဖန်းချန်ချင်က သူ၏တုတ်ကောက်ကို အမှီပြုကာ ထော့နဲ့ထော့နဲ့ဖြင့် ထွက်သွားပြီး ထိုလူငယ်များကို တစ်ချက် ကြည့်လိုက်သည်။

"ယန်နယ်စားမင်း ရောက်လာရင် ငါးကြင်းကို ကောင်းကောင်း ဖွက်ထား။ မဟုတ်ရင် ဘုရင်မင်းမြတ်နဲ့ မြင့်မြတ်တဲ့ ကိုယ်လုပ်တော်တွေအတွက် ဖျော်ဖြေဖို့ ဆက်သခံရလိမ့်မယ်။"

ဖန်းချန်ချင်က ဆိုလိုက်၏။

"သူ လာမှာ မဟုတ်ဘူး။"

လီကျင်လုံက ဝင်ပြောလိုက်သည်။

"ဒါက မိစ္ဆာဖြစ်နေရင်တောင် သူ့ကို ကစားစရာအဖြစ် မပေးဘူး!!"

ဟုန်ကျွင့်က အံ့အားသင့်စွာဖြင့် ပါးစပ်ဟောင်းလောင်းလေး ဖြစ်သွားသည်။ ငါးကြင်းမိစ္ဆာနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လီကျင်လုံအား နောက်တစ်ခေါက် ထပ်ကြည့်လိုက်၏။

နောက်အခိုက်၌ ဖန်းချန်ချင်က နေဝင်ရီတရော အချိန်၏ ဗုံသံများကြားမှ ထွက်ခွာသွားခဲ့လေသည်။

"အားလုံး ဝင်လာခဲ့!"

လီကျင်လုံက ဂုဏ်သိက္ခာရှိစွာ ပြောလိုက်သည်။ လူတိုင်းလည်း ပင်မခန်းမထဲသို့ လိုက်ဝင်သွားခဲ့ရာ လီကျင်လုံက ပထမဦးစွာ ရေများယူကာ တစ်ယောက်ပြီး တစ်ယောက် လက်ဆေးခိုင်းလိုက်သည်။ ခန်းမအတွင်းရှိ အံဆွဲများကို စစ်ဆေးကြည့်လိုက်ရာ နံ့သာတိုင်များစွာအား တွေ့လိုက်ရလေ၏။

"ဘယ်သူ့မှာ မီးရှိလဲ။"

လီကျင်လုံ၏လေသံက အလွန်တည်ငြိမ်နေပြီး လူတိုင်းဘက်ကို လှည့်ပြောလိုက်သည်။ အားထိုက်က သူ့လက်ညှိုးကို ယမ်းလိုက်သည်နှင့် သူ့လက်ချောင်းပေါ်ရှိ ပတ္တမြားလက်စွပ်ဆီမှ မီးခိုးငွေ့များ ထွက်လာကာ မီးတောက်တစ်ခု လောင်ကျွမ်းလာ၏။

လီကျင်လုံ၏ မျက်လုံးများထဲမှာ အနည်းငယ် အံ့အားသင့်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ အားထိုက်လည်း ခေါင်းဆောင်၏လျှို့ဝှက်ချက်အချို့ကို ရှာဖွေတွေ့ရှိထားသကဲ့သို့ အနည်းငယ်ပြုံးကာ မျက်ခုံးပင့်ပြလိုက်သည်။

သို့သော် လီကျင်လုံက ဘာမှပြန်မပြောဘဲ မီးတောက်ပေါ်တွင် နံ့သာတိုင်တစ်ဆုပ်ကို မီးထွန်းကာ လူလေးဦးအား ဝေငှပေးလိုက်သည်။ လူတိုင်းက နံသာတိုင် သုံးချောင်းစီကို ကိုင်ကာ ပန်းချီကားဆီသို့ လျှောက်သွား၍ တိရန်ကျယ်၏ပုံတူကို သုံးကြိမ်တိတိ ဦးညွှတ်လိုက်ကြသည်။

"တိကုန်း ဒီနေ့ နတ်ဆိုးနှင်ဌာနခွဲက တာဝန်တွေကို ပြန်စယူနေပါပြီ။ ကောင်းကင်ဘုံက တိကုန်းရဲ့ဝိညာဉ်လည်း ကျွန်တော်တို့နဲ့ ထန်မင်းဆက်ကို ကာကွယ်နိုင်ပါစေ။"

လီကျင်လုံက ဦးညွှတ်သည်နှင့် လူတိုင်းလည်းလိုက်၍ ဦးညွှတ်လိုက်ကြသည်။ နံ့သာတိုင်ကို ကြေးအိုးအဟောင်းထဲ ထည့်လိုက်ကာ ခေါင်းကိုမော့၍ ပန်းချီကားပေါ်ရှိ ပုံတူကို စိုက်ကြည့်နေခဲ့၏။ အချိန်အတော်ကြာအောင် ကြည့်ပြီးမှ လှည့်ထွက်လာခဲ့လေသည်။ မထွက်ခင် ပင်မခန်းမထဲက လူများအတွက် စကားတစ်ခွန်းသာ ချန်ထားခဲ့သည်။

"ဒီနေ့အတွက် ဒီလောက်ပဲ။ မင်းတို့ အနားယူနိုင်ပြီ။"

နေဝင်ရီတရော ဗုံသံက အဝေးမှ ထွက်ပေါ်လာဆဲဖြစ်ပြီး လူတိုင်းလည်း လူစုခွဲခဲ့ကြသည်။

မော့ရစ်ကန်းက အရှေ့ဘက်ဆောင်ဆီသို့ အခါအားလျော်စွာ လှည့်ကြည့်ရင်း ခြံဝင်းအလယ်မှာ ဆောင့်ကြောင့်ထိုင်နေပြီး ကျန်သုံးယောက်က စကားစမြည် ပြောဆိုနေကြသည်။ ကျန်လူများက ဟုန်ကျွင့် လီကျင်လုံကို မည်ကဲ့သို့ပြစ်မှားခဲ့ကြောင်း အတိအကျ မသိကြသေးသော်လည်း၊ သူ့ကို ပြည့်တန်ဆာအိမ်သို့ ဆွဲခေါ်သွားပြီး သူ၏သိက္ခာကို ဖျက်ဆီးခဲ့ခြင်းနှင့် ပတ်သက်နေသည်ဟု တွေးဆမိကြသည်။ လီကျင်လုံက အခြေအနေကို မမေးမြန်းခင် အရင်တိုက်ခိုက်တတ်သည်ကို ကြည့်လိုက်လျှင် သူက စိတ်လိုက်မာန်ပါ လုပ်တတ်သူဖြစ်ပုံရ၏။ ဟုန်ကျွင့်မှာ ပြည့်တန်ဆာအိမ်က ဘာမှန်းတောင် မသိသေးဘဲ ယခင်အတိုင်း ဇဝေဇဝါဖြစ်နေဆဲပင်။

ယခုတော့ လီကျင်လုံ အဘယ့်ကြောင့် မမေးမြန်းဘဲ စိတ်မြန်လက်မြန် ပြုမူခဲ့ရသလဲဆိုသည်အား လူတိုင်း နားလည်သွားကြလေပြီ။ သို့သော် အရေးကြီးဆုံး နားလည်သွားသည့် အချက်မှာ မည်သူက မည်သူ့ကို စော်ကားသည်ဖြစ်စေ လီကျင်လုံ၏ဒေါသက အမှန်တကယ် ကြောက်စရာကောင်းသည်ဟူ၍။ လူတိုင်းကို အလွန်စိတ်ဓာတ်ကျစေသည့် အချက်က လီကျင်လုံမှာ သေမျိုးလူသားဖြစ်နေခြင်းပင်။

"သူ့ဓားက အရမ်း အစွမ်းထက်တယ်။"

ဟုန်ကျွင့်က ပြောပြသည်။

"ငါ့ရဲ့ နတ်အလင်းငါးရောင်ကို ချိုးဖျက်နိုင်တယ်။"

"ဓားက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ မှော်စွမ်းအင် မရှိဘူး။ မှော်စွမ်းအင် ကျွမ်းကျင်မှု မရှိရင် ဘယ်လိုလုပ်ပြီး တိုက်ခိုက်လို့ရမှာလဲ။"

အားထိုက်က ပြန်ပြောလေသည်။ ဟုန်ကျွင့်က လီကျင်လုံ နှလုံးမီးအိမ်ကို စုပ်ယူလိုက်သည့်အကြောင်း မပြောလိုချေ။ သူ့ထဲမှာ နှလုံးမီးအိမ်ရှိမရှိကို သေချာစဉ်းစားနေစဥ် အားလုံးက အနှီသေမျိုးလူသားကြောင့် စိတ်ပျက်သွားကြသည်။

မော့ရစ်ကန်းက နတ်ဆိုးနှင်ဌာန၏ခေါင်းဆောင်ကို အလွန်အစွမ်းထက်သော နတ်ဆိုးနှင်ခြင်းဆိုင်ရာ ဆရာကြီးတစ်ဦး ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ပြီး၊ အားထိုက်က လီကျင်လုံကို အလွန် ပျင်းစရာကောင်းသောသူဟု မြင်နေခဲ့သည်။ ချိုယုံစစ်က နတ်ဆိုးနှင်ဌာန၏ခေါင်းဆောင်က အနည်းဆုံးတော့ သူ၏လက်အောက်ငယ်သားများကို ကာကွယ်ပေးနိုင်မည့် စွမ်းအားရှိသင့်သည်ဟု တွေးမိသည်။ သူ မြင်တွေ့ခဲ့ရသော လီကျင်လုံ၏စွမ်းရည်များအရ ထိုလူက ကျွမ်းကျင်သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး နတ်ဘုရားလက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည်မှလွဲ၍ အခြားချီးကျူးစရာ ဘာမှမရှိပေ။ ချိုယုံစစ်မှာ စိတ်အားထက်သန်မှုများ လျော့နည်းလာခဲ့သည်။

၎င်းတို့ ဆွေးနွေးနေစဉ် လီကျင်လုံတစ်ယောက် အရှေ့ခန်းမှထွက်လာ၏။ သို့သော်လည်း သူက အခြားသူများကို လျစ်လျူရှုကာ အိပ်ရာပြင်ရန်သာ ထွက်သွားခဲ့သည်။ လူတိုင်းက ဤခေါင်းဆောင်၏အပြုအမူကို မကျေနပ်ကြပေ။

"ဒါဆို... နောက်ထပ် ငါတို့ ဘာဆက်လုပ်ကြမှာလဲ။"

ဟုန်ကျွင့်က မေးလိုက်သည်။

"သူ့အမိန့်ကို စောင့်ရအောင်။ သူပြောသမျှကို လုပ်ပြီး ပြန်သွားကြတာပေါ့။"

အားထိုက်က ထွက်သွားပြီးနောက် ချိုယုံစစ်ကလည်း ပြောလာသည်။

"ငါကတော့ သူနဲ့အတူ မိစ္ဆာတွေကို မဖမ်းချင်ဘူး။ သူ့ကို ကာကွယ်ပေးဖို့အတွက် ငါ့ရဲ့စွမ်းအင်တွေကို ဖြုန်းတီးနေရလိမ့်မယ်၊ ငါက အသက်သေရမှာကို ကြောက်တတ်တဲ့သူ။"

ချိုယုံစစ်ကလည်း ထွက်သွားခဲ့သည်။ မော့ရစ်ကန်းက ဟုန်ကျွင့်အား ဘယ်အခန်းမှာနေချင်သလဲဟု မေးကြည့်လိုက်သောအခိုက်၌ ဟုန်ကျွင့်သည် လီကျင်လုံကို သွားတွေ့ဦးမည်ဟု ပြောကာ ခြေဖော့နင်းလျက် ထွက်လာခဲ့လိုက်သည်။

လမင်း ကောင်းကင်ထက် တဖြည်းဖြည်း မြင့်တက်လာနေပြီးဆောင်းဦး၏အအေးဓါတ်က နေရာတိုင်းကို လွှမ်းခြုံထားလျက်ရှိ၏။ ဟုန်ကျွင့်တစ်ယောက် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ အနှီအရပ်ရှည်ရှည်နှင့် ယောက်ျားပျိုက မီးအိမ်အောက်တွင် အိပ်ရာခင်းနေသည်အား တွေ့လိုက်ရလေသည်။

"ခေါင်းဆောင် အကူအညီလိုသေးလား။"

ဟုန်ကျွင့်က မေးလိုက်သည်။

“စကားမရှိ စကားရှာလို့! မင်း ရိုးရိုးသားသား ကူညီပေးချင်ရင် ဝင်သွားလိုက်လေ။”

ငါးကြင်းမိစ္ဆာက ဝင်ပြောလေသည်။

ဟုန်ကျွင့်: "မင်း ပါးစပ်ပိတ်ထားစမ်းပါ!"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment