no

Font
Theme

အပိုင်း (၁၆) - ဖျင်ကန်းလီသို့ နောက်တစ်ခေါက် (၂)

ယီရှီးလန်မျှော်စင်က ချန်အန်းမြို့ရှိလူများ အနှစ်သက်ဆုံးသော ပြည့်တန်ဆာအိမ်ဖြစ်ပြီး အဓိကအဆောင််အပါအဝင် အခြားသော ခြံဝင်းများကိုလည်း သပ်ရပ်စွာ အလှဆင်ထားသည်။ ပြတင်းပေါက်ထဲသို့ ဝင်ပြီးနောက် ဆင်းသက်ရသည့် နေရာမှာ ကျဉ်းမြောင်းသော လမ်းတစ်ခုပင်။ လမ်းအတွင်းဘက် နံရံတစ်လျှောက်တွင် တံခါးများစွာ ရှိနေပြီး၊ တံခါးတစ်ခုချင်းစီတွင် "ကျန်းကျင့်ကျို"၊ "ချွန်းရှောင်း"၊ "ယွိထိုင်ချွန်း" စသဖြင့် အမည်များစွာကို ရေးထားသည်။

လီကျင်လုံ: "ငါတို့ လမ်းခွဲပြီး ရှာကြရအောင်။ ကျောက်ကျစ်လုံ၊ မင်းလည်း ရှာ။ ပြီးတော့ မျောက်ကလေးလည်း... ဟုန်ကျွင့်၊ သူ့ကို ဘာလုပ်ရမလဲဆိုတာ ပြောပြလိုက်ဦး။"

ငါးကြင်းမိစ္ဆာသည် မူလက ငြင်းဆိုချင်သော်လည်း ဟုန်ကျွင့်က သူ့ကိုအိတ်ထဲက ချလိုက်ပြီဖြစ်သောကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ လှုပ်ရှားရတော့သည်။ သူက ကြောက်ရွံ့လွန်းသဖြင့် ရေယက်များတုန်ယင်နေလျက် ပထမဆုံးတွေ့ရသော ပွင့်ဟနေသည့်တံခါးကြားမှတစ်ဆင့် သူ၏ခေါင်းကို သတိကြီးစွာ အထဲသို့ ပြူဝင်ကြည့်လိုက်ရတော့သည်။

တစ်ချိန်တည်းမှာပင် ဟုန်ကျွင့်ဆီကနေ အမိန့်ကို လက်ခံရရှိထားသော မျောက်ကလေးကလည်း အခြားသော လမ်းကြောင်းတစ်ခုဆီသို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။

ဟုန်ကျွင့်: "မင်း တွေ့ပြီဆိုရင် တိတ်တိတ်လေး ထွက်လာခဲ့။ တစ်ယောက်တည်းဖမ်းစရာမလိုဘူး ဟုတ်ပြီလား။"

ထို့နောက် ငါးကြင်းမိစ္ဆာကို တွန်းထည့်လိုက်တော့သည်။

လီကျင်လုံ: "မင်းက ဘယ်ဘက်သွား။ ငါက ညာဘက်က သွားမယ်။"

ယခုအချိန်တွင် နေမင်းကြီးက ကောင်းကင်ထက် မြင့်မားစွာ ချိတ်ဆွဲနေပြီဖြစ်ရာ ယီရှီးလန်မျှော်စင်၏ မိန်းကလေးများ မည်သည့်နေရာတွင် ရှိနေကြမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။

ဟုန်ကျွင့်က အခန်းတစ်ခန်းထဲ ဝင်ရောက်လိုက်ရာ နှုတ်ခမ်းနီနှင့် နံ့သာမှုန့်နံ့များက သူ၏နှာခေါင်းထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့လေ၏။ သူက ဟိုဟိုသည်သည် ဝေ့ဝဲကြည့်ရှုလိုက်သည်။

ဤနေရာရှိ အခန်းများအားလုံးက အလွန်ခမ်းနားထည်ဝါစွာ အလှဆင်ထားပြီး ပရိဘောဂများကလည်း ဈေးကြီးကာ အနုပညာမြောက်လှသည်—ဤအခန်းများကို ပိုင်ဆိုင်သော မိန်းကလေးများက ဤအဆောက်အအုံ၏ နာမည်အကြီးဆုံး ပြည့်တန်ဆာများ ဖြစ်ကြပေလိမ့်မည်။ လီကျင်လုံ ခန့်မှန်းခဲ့သည်မှာ မှန်ကန်ပေ၏—ထိုကြောင်က သခင်မချင်း၏အိမ်တော်နှင့် နီးကပ်သော ဤနေရာတွင် ပုန်းကွယ်နေခဲ့သည်။

ငါးကြင်းမိစ္ဆာက အခြားအခန်းတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် စောစောကစားခဲ့သော မှိုတက်နေသည့်ပေါက်စီကြောင့် လည်ချောင်းများ ခြောက်သွေ့နေဆဲဖြစ်ရာ ရေကန်ငယ်တစ်ခုဆီသို့ ပြေးသွားလိုက်ပြီး ရေတစ်ငုံ သောက်လိုက်သည်။ သို့သော် ရေကို မျိုချပြီးမှ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ သတိပြုမိသွားသည်။

"အော့... ခြေဆေးရေကြီးပဲ!"

သူက စိမ်းဖန့်နေသောမျက်နှာကြီးဖြင့် ရေသောက်တာကို ရပ်တန့်လိုက်သည်။ ထို့နောက် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သောအခါ နံရံပေါ်တွင် ကျန်းရွှမ်၏ လက်ရာဖြစ်သော ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရ၏။ ယင်းပန်းချီကားက နွေဦးရေစီးကြောင်းထဲ ကူးခတ်နေသော ငါးကြင်းများပင်။

ပန်းချီကားထဲရှိ မိုးမခပသ်အကိုင်းအခက်များက စိတ်ကူးယဉ်လေပြေထဲ နွဲ့နှောင်းစွာ လှုပ်ခတ်နေပုံရပြီး စမ်းချောင်းထဲတွင်လည်း သက်ရှိထင်ရှားသကဲ့သို့ ထင်မှတ်ရသော ငါးများစွာ ရှိနေသည်။ ကျောက်ကျစ်လုံမှာ ထိုပန်းချီကားထဲရှိ ငါးကြင်းများကို ငေးကြည့်ရင်း လုံးဝ အတောင့်လိုက်ကြီးဖြစ်သွားခဲ့သည်။

"အလှနတ်သမီးလေးပဲ! အလှနတ်သမီးလေးပဲ!"

ငါးကြင်းမိစ္ဆာခမျာ သွားရည်များပင် ယိုကျလုနီးနီး ဖြစ်လာသည်။

သို့သော် သူ့အနောက်က သစ်သားကြမ်းပြင်ပေါ်မှ လက်သည်းများဖြင့် ခြစ်ဆွဲသံကြောင့် သူ၏အတွေးများ ပျက်ပြားသွားခဲ့ရသည်။ ငါးကြင်းမိစ္ဆာမှာ တောင့်တင်းသွားပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များနှင့် ငါးအကြေးခွံများအားလုံး ထောင်သွားခဲ့သည်။ သူက ထိတ်လန့်စွာဖြင့် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ တကျိကျိနှင့် အသံတိုးတိုးလေး ထွက်ပေါ်သွားခဲ့သည်။

အမွေးရှည်ကြောင်ဖြူကြီးက စိမ်းပြာရောင်မျက်လုံးတစ်ဖက်၊ ရွှေရောင် မျက်လုံးတစ်လုံးဖြင့် မြင့်မားသော စားပွဲထိပ်တွင် ထိုင်နေပြီး ငါးကြင်းမိစ္ဆာကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည်။ ငါးကြင်းမိစ္ဆာခမျာ ရုတ်ခြည်း ဝိဉာဉ်လွင့်သွားကာ အသံကုန်အော်ဟစ်လိုက်လေတော့၏။

"ကယ်ကြပါဦးဗျို့!!!"

လီကျင်လုံနှင့် ဟုန်ကျွင့်တို့က အလယ်ခန်းမှ အသံတစ်သံကို ကြားလိုက်ရပြီးသည်နှင့် လေပြင်းများ တိုက်ခတ်သွားသကဲ့သို့ ပြေးဝင်လာကြသည်။

ကြောင်က လွှားခနဲ ခုန်ဆင်းလာကာ ၎င်း၏လက်သည်းများဖြင့် ငါးကြင်းမိစ္ဆာအား တိုက်ခိုက်လိုက်၏။ ငါးကြင်းမိစ္ဆာမှာ အလွန်ထိတ်လန့်သွားသောကြောင့် အနီးရှိ ခုတင်အောက်ထဲ လှစ်ခနဲ ဝင်ပုန်းနေတော့သည်။

လီကျင်လုံနှင့် ဟုန်ကျွင့်တို့ တံခါးကိုတွန်းဖွင့်ပြီး အထဲရောက်သောအခါ ကြောင်က “မြောင်” ဟူသော အသံတစ်သံပြုရင်း ခုတင်အောက်ထဲ တိုးဝင်သွားခဲ့သည်။ ငါးကြင်းမိစ္ဆာမှာ အရူးအမူးအော်ဟစ်လျက် အပြင်သို့ ပြန်ပြေးထွက်လာခဲ့ပြီး သူ၏အမြီးကို တဖျပ်ဖျပ်ခါယမ်းရင်း အခန်းကို ဖြတ်သန်းကာ အဝတ်အစားထည့်သည့်သေတ္တာကြီးတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။

"တွေ့ပြီ!"

လီကျင်လုံ လှည့်ပြီး တံခါးကို ပိတ်ချလိုက်သည်။ ဤတစ်ကြိမ်တော့ ၎င်းမှာ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်တော့ပေ။

ဟုန်ကျွင့်က ခန္ဓာကိုယ်ကို နှိမ့်ချလျက် ခုတင်အောက်သို့ လက်လျှိုကာ ကြောင်ကို လိုက်စမ်းပြီး ရှာဖွေခဲ့သော်လည်း၊ ဤခုတင်က သူ၏ကိုယ်ပိုင်ခုတင်နှင့် မတူညီပေ။ ရှားပါးသော နှင်းဆီသစ်သားဖြင့် ပြုလုပ်ထားသည့် ဤခုတင်က နံရံတွင် ကပ်ထားခြင်းဖြစ်ပြီး၊ အပြင်ဘက်သို့ မျက်နှာမူနေသော ဘေးဘက်သုံးဖက်၏အောက်ခြေကို သစ်သားချောင်းများစွာဖြင့် ပြုလုပ်ထားသော ဘောင်တစ်ခုဖြင့် ပိတ်ဆို့ထားသည်။

ဟုန်ကျွင့်က မှောင်မိုက်နေသော အမှောင်ထုထဲမှာ ပုန်းကွယ်လျက်၊ ၎င်း၏ အရောင်နှစ်မျိုးသန်းနေသော မျက်လုံးများဖြင့် သူ့ကို စောင့်ကြည့်နေသည့် ကြောင်ကို မြင်တွေ့နေရသည်။

လီကျင်လုံသည် ကြောင်ကို လှမ်းဖမ်းဖို့ လက်ဆန့်လိုက်သော်ငြား ကြောင်က ပိုဝေးသောနေရာသို့ တိုးဝင်သွားပြန်၏။

"ဘယ်လိုလုပ်မလဲ။"

လီကျင်လုံ၏ခန္ဓာကိုယ်က တုတ်ခိုင်သန်မာလွန်းသဖြင့် အထဲအထိ တိုးမဝင်နိုင်ပေ။

ဟုန်ကျွင့် : "..."

လီကျင်လုံ: "..."

ဟုန်ကျွင့်က ကံစမ်းသည့်အနေဖြင့် ခုတင်အောက်သို့ သူ၏ လက်မောင်းကို အစွမ်းကုန် ဆန့်ထုတ်လိုက်သည်။ ကြောင်ကမူ ဘာမှမဖြစ်သလိုပုံစံဖြင့် သူ၏ခြေဖဝါးများကို လျှာဖြင့် ရက်နေပြီး ဤလူသားများကို သူ့မျက်လုံးထဲ လုံးဝ ထည့်မထားပုံပင်။

"ငါ ခုတင်ကို မြှောက်လိုက်မယ်။"

ဟုန်ကျွင့်: "မဖြစ်ဘူး။ မြှောက်လိုက်ရင် ထွက်ပြေးသွားလိမ့်မယ်။ ကျွန်တော် ခုတင်အောက်ထဲ တိုးဝင်ပြီး ဖမ်းနိုင်မယ့် အနေအထားလောက်အထိပဲ ခုတင်ကို နည်းနည်းလေး မပေးထားပါလား။"

သို့နှင့် လီကျင်လုံက သူ၏ခွန်အားကို အသုံးပြုကာ အလေးချိန် ၄၀၀ ကီလိုဂရမ်ကျော်ရှိသော ခုတင်ကြီးကို မြှောက်လိုက်ကာ လူတစ်ဦးတည်းသာ ဝင်နိုင်သော ကွက်လပ်တစ်ခုကို ထုတ်ဖော်ပြသလိုက်ရာ ဟုန်ကျွင့်လည်း ချက်ချင်း လှိမ့်ဝင်သွားလိုက်သည်။

ခုတင်အောက်ရှိ နေရာက ကျယ်ဝန်းခြင်း မရှိသည့်အပြင် သစ်သားတိုင်များနှင့် အရာဝတ္ထုများ စုပုံနေသည်။ ကြောင်က ချက်ချင်းပင် စူးစူးဝါးဝါးအော်ကာ အမွေးများ ထောင်လာပြီး ထွက်ပြေးရန် ကြိုးစားလေ၏။ ဟုန်ကျွင့်လည်း အလျင်အမြန် တုံ့ပြန့်ကာ ၎င်း၏ခြေထောက်တစ်ဖက်ကို လှမ်းဖမ်းထားလိုက်သည်။

"မိပြီ!"

လီကျင်လုံက လှမ်းအော်လိုက်သည်။

"သေချာကိုင်ထား။ နောက်တစ်ခါ ထပ်မပြေးစေနဲ့!"

ထိုအချိန်တွင် ပိတ်ထားသောတံခါးအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ညဘက်ကျ မလာနိုင်ဘူးလေ။ အဲဒါကြောင့် နေ့ခင်းဘက်မှာ လာတွေ့ရတာ။"

လီကျင်လုံ ချာခနဲ ခေါင်းလှည့်လိုက်သည်။ ဤအသံကို သူ အလွန်ရင်းနှီးသောကြောင့် သူ၏မျက်စိသူငယ်အိမ်များပင် ပြင်းထန်စွာ ကျုံ့သွား၏။ သူက ခုတင်ဘောင်ကို မထားသည့်လက်ကို ချက်ချင်း လွှတ်ချလိုက်မိသည်။

ခုတင်အောက်က ဟုန်ကျွင့်မှာတော့ ကြောင်လေးကို ပွေ့ဖက်ထားပြီး သူ့အပေါ်က သစ်သားခုတင်ကို ဒူးနှစ်ဖက်ဖြင့်တွန်းတင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

"ခေါင်းဆောင် နည်းနည်းလောက် မြှောက်ပေးပါဦး။ ကျွန်တော် ထွက်လာ..."

သို့သော် သူ စကားမဆက်ပြောနိုင်သေးခင် လီကျင်လုံကပါ ခုတင်အောက်သို့ လိမ့်ဝင်ကာ သူ့ထံ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူက လက်နှစ်ဖက်ဖြင့် ခုတင်ဘောင်ကို တွန်းတင်လျက် ဟုန်ကျွင့်၏ဒူးပေါ်မှ ဝန်ထုပ်ဝန်ပိုးကို လွှဲပြောင်းယူလိုက်ပြီး ထိုလေးလံလှသောပရိဘောဂကြီးကို ကြမ်းပြင်ပေါ်သို့ ဂရုတစိုက် ပြန်ချထားလိုက်သည်။

ဟုန်ကျွင့် မေးခွန်းမထုတ်နိုင်ခင် လီကျင်လုံက သူ့ကို အနောက်ဖမ်းဆွဲလိုက်ပြီး ဟုန်ကျွင့်၏ခန္ဓာကိုယ်ကို သူ၏ ရင်ခွင်ထဲသို့ ကျစ်ကျစ်ပါအောင် ဆွဲသွင်းလိုက်သည်။ သူက ဟုန်ကျွင့်၏ပါးစပ်ကို လက်တစ်ဖက်ဖြင့် ပိတ်ထားလိုက်ပြီး မည်သည့်အသံမျှ ထွက်မလာစေရန် သေချာအောင် ပြုလုပ်လိုက်၏။

သစ်သားခုတင်ကြီး ကြမ်းပြင်ပေါ်သို့ ပြန်လည်ကျရောက်သွားပြီးပြီးချင်းမှာပင် တံခါးပွင့်သွားခဲ့သည်။ လူတစ်ယောက်၏ တည်ငြိမ်သောခြေသံများ ချဉ်းကပ်လာခဲ့ပြီး အမျိုးသမီးတစ်ဦး၏ တခစ်ခစ်ရယ်မောသံကလည်း အတူတူ လိုက်ပါလာ၏။

သူတို့နှစ်ဦးက ခုတင်ပေါ်ထိုင်ကာ စကားပြောနေကြသည်။

"လီကျင်လုံဆိုတဲ့သူက လျိုယင်းချွမ်းရှောင်ဘက်ကိုသွားတာ လူမိသွားကတည်းက စစ်ဆေးရေးဌာနက လုံဝူစစ်တပ်ကို အပြစ်အမျိုးမျိုးရှာနေခဲ့တာ။ အခုရက်ပိုင်းအတွင်း မင်းဆီ ရောက်မလာနိုင်ခဲ့ဘူး။ ကိုယ့်မှာ လွမ်းနေခဲ့တာ။"

ဟုန်ကျွင့်က မျက်လုံးအပြူးသားဖြင့် ခေါင်းကို အနောက်သို့လှည့်ကာ လီကျင်လုံကို ကြည့်လိုက်သည်။ လီကျင်လုံက ဟုန်ကျွင့်၏ပါးစပ်ကို ပိတ်ထားသောလက်အား ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်ပြီး ဟုန်ကျွင့်၏လက်မောင်းကြား ရှိနေဆဲဖြစ်သော ကြောင်၏ပါးစပ်ကို မအော်နိုင်စေရန် လက်လှမ်းပိတ်လိုက်သည်။

ဟုန်ကျွင့် ကြောင်ကို ပွေ့ဖက်ထားလိုက်စဉ် လီကျင်လုံကလည်း သူ့ကိုအနောက်က ပွေ့ဖက်လာခဲ့ရာ လီကျင်လုံ၏ နှလုံးခုန်သံကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလေသည်။ ထိုသူ၏ရင်ဘတ်က ကျယ်ပြန့်ပြီး သန်မာကာ ခန္ဓာကိုယ်ကလည်း အလွန်ပူနေ၏။

လီကျင်လုံက ယခု ဤနေရာသို့ ရောက်လာသောလူသည် လုံဝူစစ်တပ်၏ခေါင်းဆောင် ဟူရှန်းဖြစ်သောကြောင့် ဒေါသထွက်နေခြင်းပင်။ သူက မည်သူ့ဆီကမှ ယုံကြည်မှုကို မရရှိရုံမက စစ်တပ်ရှိ လူတိုင်း၏ လှောင်ပြောင်ခြင်းကိုလည်း ခံခဲ့ရသည်။ ယန်ကော်ကျုံးကတောင် သူ့ကို လှောင်ပြောင်ခဲ့သေး၏။

ယခုအချိန်တွင်မူ ဟူရှန်းက ကောင်မလေးကို ပွေ့ဖက်ကာ ခုတင်ပေါ်တွင် နမ်းရှိုက်နေချေပြီ။ သို့တင်မက “ကျင့်ယွင်” ဟုလည်း တဖွဖွ ဆိုနေသေးသည်။ မကြာမီပင် သူတို့သည် ခုတင်ပေါ်တွင် လူးလဲကာ စကားများက အနမ်းများအဖြစ် ပြောင်းလဲသွားတော့သည်။

ဟုန်ကျွင့်၏ နှလုံးခုန်သံများက တဒိန်းဒိန်းခုန်ပေါက်နေ၏။ သူက အသက် ၁၆ နှစ်ရောက်သည်အထိ မည်သူ့ကိုမျှ မထိတွေ့ခဲ့ဖူးပေ။ အပေါ်က ရမ္မက်ဇောကြွနေသောစုံတွဲ၏ အသက်ရှူသံများကို နားထောင်ရင်း၊ လီကျင်လုံက သူ့ကို နောက်ကွယ်မှ ဤကဲ့သို့သော ထူးဆန်းလှသော အနေအထားဖြင့် ပွေ့ဖက်ထားလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။ ထိုအသံများတင်မကဘဲ ဟူရှန့် ပြောဆိုနေသော ရိုင်းစိုင်းသည့် စကားများကတောင် ထိတ်လန့်စရာကောင်းပေသည်—၎င်းကို နားထောင်ရုံမျှဖြင့် ဟုန်ကျွင့်၏မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့သည်။

ပိုရှက်စရာကောင်းသည့်အရာမှာ သူ့ကို အနောက်မှ ပွေ့ဖက်ထားသူ လီကျင်လုံ၏ အသက်ရှူသံများကလည်း ပိုမိုပြင်းထန်လာခဲ့ပြီး၊ ခပ်မာမာအရာတစ်ခုက သူ့ကို လာထောက်နေထားသည်ကို ခံစားလိုက်ရ၏။

ဟုန်ကျွင့် တံတွေးမျိုချလိုက်မိစဉ်၊ လီကျင်လုံက မသိစိတ်အရ သူ၏လက်မောင်းများကို ပို၍တင်းကျပ်လိုက်သဖြင့် ဟုန်ကျွင့်လည်း သူ၏ရင်ခွင်ထဲရှိ ကြောင်ကို ပိုမိုတင်းကျပ်စွာ ပွေ့ဖက်မိသွားခဲ့သည်။ အလွန်အမင်း အဆင်မပြေဖြစ်လာသဖြင့် ကြောင်က စတင်ရုန်းကန်လာခဲ့ပြီး ၎င်းကို ဖမ်းထားသူအား ခြေသည်းများဖြင့် ကုတ်ခြစ်တော့၏။

ခုတင်ပေါ်ရှိ စုံတွဲများ သတိပြုမိသွားမည်ကို စိုးရိမ်သောကြောင့် ဟုန်ကျွင့်က ကြောင်၏ခြေထောက်များကို ဖမ်းဆွဲလိုက်သည်။ သို့သော် ထိုသတ္တဝါ၏ခြေသည်းများက အနီးနားရှိ အထုပ်တစ်ခု၏ပိတ်စကို သွားရောက်ချိတ်မိသွားခဲ့သည်။

ကြောင်၏ခြေသည်းများက ပိတ်စကို ဆွဲဖြဲလိုက်သလိုဖြစ်သွားပြီး ပိတ်စက ပွင့်သွားခဲ့သည်။ ထိုအခါ ရှုံ့တွနေသော အလောင်းတစ်လောင်း၏ဦးခေါင်းကြီး ထွက်လာရာ ဟုန်ကျွင့်တစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်ရင်း အနောက်ဆုတ်လိုက်မိသည်။

ဟုန်ကျွင့် :"အာ!"

လီကျင်လုံ : "!!!"

လီကျင်လုံက လက်တစ်ဖက်ဖြင့် ဟုန်ကျွင့်၏ ပါးစပ်ကို ချက်ချင်း လှမ်းပိတ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏ မျက်လုံးများကို ကာကွယ်ပေးကာ သူ့ကို သူ၏ရင်ခွင်ထဲသို့ ကာကွယ်သည့်အနေဖြင့် ကျစ်ကျစ်ပါအောင် ဆွဲသွင်းလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ဟုန်ကျွင့် အော်ဟစ်လိုက်သည့် အချိန်က ခုတင်ပေါ်ရှိကျင့်ယွင် စအော်လိုက်သည့်အချိန်နှင့် ကွက်တိဖြစ်နေခဲ့သည်။

ဟုန်ကျွင့်မှာ ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။ သူ အလောင်း၏မျက်နှာကို ဤမျှနီးကပ်သော အကွာအဝေး အတွင်း စိုက်ကြည့်မိသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ ဝိညာဉ်လွင့်မတတ် ထိတ်လန့်သွားစဥ် လီကျင်လုံက သူ့ကို လက်နှစ်ဖက်ကို တင်းတင်းလေးဖက်လာပြီး 'မကြောက်နဲ့' ဟု အချက်ပြလာသည်။

ဟုန်ကျွင့်က လီကျင်လုံ၏လက်ချောင်းများကြားကနေ အလောင်း၏မျက်နှာကို ထပ်ကြည့်လိုက်ရာ ဤလူ သေထားသည်မှာ အချိန်အတော် ကြာနေပြီဖြစ်ကြောင်း သဘောပေါက်သွား၏။ ပါးစပ်က ပွင့်နေပြီး မျက်နှာပေါ်ရှိ အရေပြားများမှာ ခြောက်သွေ့ကာ မည်းတူးနေသည်။ မျက်လုံးများကလည်း အခေါင်းပေါက်များနှယ်။

လီကျင်လုံက လက်ကို ဂရုတစိုက် ဆန့်ထုတ်လိုက်ပြီး ထိုအဝတ်စကို ဖယ်ရှားလိုက်ရာ—ခြောက်သွေ့နေသော အလောင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါ်ထွက်လာခဲ့၏။ ၎င်းက ဝတ်ရုံဖြူကို ဝတ်ဆင်ထားလျက် ခုတင်အောက် ထောင့်စွန်းတစ်နေရာတွင် ထိတ်လန့်တုန်လှုပ်စွာ ကွေးကွေးလေး ပုန်းကွယ်နေသည့်ပုံစံမျိုးဖြင့် သေဆုံးသွားခဲ့သည်။

ဟုန်ကျွင့် လီကျင်လုံ၏လက်မောင်းကို ထိလိုက်ရာ လီကျင်လုံလည်း ကြက်သီးထနေကြောင်း တွေ့လိုက်ရ၏။

ခုတင်ပေါ်တွင် ဟူရှန့်ကလည်း အသက်ကို ပြင်းပြင်းရှူနေရသည်။ သူ၏ကိစ္စဝိစ္စများ ပြီးဆုံးသွားပုံရပြီး ကျင့်ယွင်ကို စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။

"ငါ သွားရတော့မယ်။"

"အခု သွားတော့မလို့လား။"

ကျင့်ယွင်က မဝံ့မရဲဖြင့် မေးလိုက်သည်။

"နောက်နေ့မှ တွေ့မယ်လေ။"

ဟူရှန်းက ကျင့်ယွင်ကို ပွေ့ဖက်လိုက်ပြီး ရွှတ်ခနဲ နမ်းလိုက်သည်။ ပြီးသည်နှင့် သူ့အဝတ်အစားများကို ပြန်ဝတ်ကာ ထွက်သွားသဖြင့် ကျင့်ယွင်ကလည်း တစ်ဖက်လူကို လိုက်ပို့ပေးရန် အနောက်ကနေ လိုက်သွားခဲ့သည်။

၎င်းတို့၏ခြေသံများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်၊ လီကျင်လုံနှင့် ဟုန်ကျွင့်တို့က ခုတင်အောက်မှ ကမန်းကတန်း ထွက်လာခဲ့ကြသည်။ လီကျင်လုံက အသက်ကို လုရှူရင်း ဟုန်ကျွင့်၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ နှစ်ယောက်စလုံး ဆွံ့အလျက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။

ဟုန်ကျွင့်: "ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။"

လီကျင်လုံ ခဏလောက် စဉ်းစားပြီးမှ ပြောလာသည်။

"ဒီမှာ အကြာကြီးနေလို့ မကောင်းဘူး။ ဒီကိစ္စက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ။ အရင်ဆုံး တရားခံကို သတိမပေးမိအောင် နေရမယ်။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment