အပိုင်း (၂၈) - ဖေးအောင်ကို ကွပ်မျက်လိုက်ပြီ (၁)
ဖေးအောင်က လူသားအသွင်သို့ တစ်ဖန်ပြန်လည် ပြောင်းလဲလိုက်သည်။ ဓားပျံဖြင့် ပြင်းပြင်းထန်ထန် ထိုးသွင်းခံထားရသောကြောင့် ရုန်းကန်ထနေရသော်ငြား လက်ထဲမှာတော့ မြေခွေးလေးကို ပွေ့ဖက်ထားဆဲဖြစ်သည်။ သို့တင်မက ဝမ်းဗိုက်ကိုပါ ဓားပျံဖြင့် အပစ်ခံထားရ၍ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်နေသည့်တိုင် သူ၏ပါးစပ်ထောင့်မှာ ခါးသီးသောအပြုံးတစ်ပွင့် တွဲခိုနေခဲ့သည်။
ဖေးအောင်: “မေ့လိုက်ပါတော့။ ဒီနေ့တော့…ကံကြမ္မာက သတ်မှတ်ပေးထားတဲ့အတိုင်း… မလွတ်နိုင်တော့ဘူး။”
ခန်းမအနောက်ဘက်ရှိ ရင်ပြင်၌ သာ့မင်နန်းတော်ရှိ လူများအားလုံး နိုးကြားလာပြီး အလျင်အမြန် ပြေးထွက်လာကြသည်။ သို့သော်လည်း အနက်ရောင်မြူမှုန်များက အရပ်ရပ်မှ ရွေ့လျားလာကာ ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်း ဖုံးလွှမ်းထား၏။ ထူးဆန်းသည်မှာ အနှီမြူမှုန်များမှာ အသက်ရှင်နေသကဲ့သို့ လှုပ်ရှားနေကြခြင်းပင်။
လီကျင်လုံ: "အားလုံး ပုန်းနေကြ။ အဲဒါမိစ္ဆာပဲ!"
ရဲရင့်သောမိန်းမစိုးနှင့် အစောင့်များက အဝေးထိထွက်ခွာသွားရန် မလိုလားသေးဘဲ နံရံထောင့်ဆီသို့သာ ဆုတ်ခွာသွားပြီး ရပ်ကြည့်နေကြသည်။ အနက်ရောင်မြူခိုးများက ဖေးအောင်ဆီမှတစ်ဆင့် ဆက်လက်ပျံ့နှံ့လာလေရာ လီကျင်လုံက လှည့်အော်လိုက်သည်။
"သူ့ကို တံဆိပ်ခတ်နိုင်တဲ့ မှော်အစီအရင်ရှိလား။"
ဟုန်ကျွင့် သက်ပြင်းချလိုက်၏။
"မရှိဘူး။ ကျွန်တော် သူ့ကို ထိုးနှက်ပြီးတာတောင် သူက နဂိုပုံစံ မပြသေးဘူး။ ခင်ဗျားရဲ့ဓားနဲ့ စမ်းကြည့်ရင်ရော?"
ဤမိစ္ဆာမှာ မယုံနိုင်လောက်အောင် ခံနိုင်ရည်အား ကောင်းလွန်းနေ၏။ ကံကောင်းသွားသည်မှာ ထိုနေ့က ဟုန်ကျွင့်တစ်ယောက် ဖေးအောင်နောက်ကို ဆက်မလိုက်သွားခဲ့ခြင်းပင်။ မဟုတ်လျှင်တော့ ဟုန်ကျွင့်က ၎င်း၏ပြိုင်ဘက် မဖြစ်နိုင်ကြောင်း သိရှိသွားလိမ့်မည်။
လီကျင်လုံလည်း သူ့ဓားကို ခါယမ်းပြီး ပြောလိုက်သည်။
"မင်းတို့ ငါ့ကိုကာပေးထား!"
တိတ်ဆိတ်နေသော ရင်ပြင်ထဲမှာ ထူးဆန်းစွာပျံ့လွင့်နေသော အနက်ရောင်မြူခိုးများထဲ၌ ဖေးအောင်၏ ဂါထာများ ရွတ်ဆိုနေသံကို ကြားနေရ၏။ နောက်အခိုက်အတန့်တွင် သူက ခေါင်းကိုမော့ကာ နတ်ဆိုးနှင်သူများကိုကြည့်၍ တိုးတိုးလေး ပြောလာခဲ့သည်။
"ငါ သေရရင်တောင်..."
ထိုစဥ် ဟုန်ကျွင့်က နတ်အလင်းငါးရောင်အကာအကွယ်အဖြစ် ဖန်တီးပြီး လူတိုင်း၏ရှေ့တွင် ကာရပ်လိုက်သည်။
တစ်ခဏချင်းမှာပင် ဖေးအောင်ဘက်က အနက်ရောင် မြူမှုန်အလုံးကြီးသည် “ဝုန်းခနဲ” ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်က မြူမှုန်မည်းတို့မှာ ထောင်ပေါင်းများစွာသော အနက်ရောင် မီးတောက်များအဖြစ် ပြောင်းလဲ၍ ရင်ပြင်တစ်ခုလုံးအနှံ့ ပျံ့သွား၏။ မီးတောက်ကို ထိမိသူတိုင်း မြေပြင်ပေါ် လူးလိမ့်လဲကျကုန်သည်။ အော်ဟစ်သံများ ရပ်သွားသောအခိုက်ဝယ် သာမန်လူများအားလုံးက ပုပ်ပွနေသော အနက်ရောင် ငါးမိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားပြီး ဟုန်ကျွင့်တို့ဆီ ပြေးဝင်လာကြတော့၏။
အရပ်လေးမျက်နှာစလုံး ငါးမိစ္ဆာများဖြင့် ပြည့်နေလေပြီ။ ၎င်းတို့က ချွန်ထက်သောသွားများကို ဖြဲပြလျက် လူငါးယောက်ဆီသို့ အသည်းအသန် ပြေးလာကြသည်။ ဟုန်ကျွင့်လည်း သူတို့ကို တားဆီးရန် နတ်အလင်းငါးရောင်ကို ထုတ်လွှတ်နေရ၏။
တစ်စုံတစ်ဦးကို ပြင်းပြင်းထန်ထန် ထိခိုက်မိသွားပါက မကယ်တင်နိုင်တော့မည် စိုးသည့်အတွက် အဆိုပါ အသွင်ပြောင်းမိစ္ဆာများကို မသတ်ဝံ့ပေ။ ထိုစဥ် လီကျင်လုံက ရင်ပြင်၏အလယ်ဗဟိုက အနက်ရောင် မီးတောက်များဆီ ပြေးဝင်သွားခဲ့သည်။
"သူ့ကိုဖမ်း!"
ဟုန်ကျွင့်လည်း နတ်အလင်းငါးရောင်အား နံစော်နေသော အနက်ရောင်ငါးများ ရှိရာဘက်သို့ ပစ်လွှတ်ရင်း လမ်းဖွင့်ပေးလိုက်သည်။ အားထိုက်က လေပွေလှိုင်းများ တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်ပြီး မော့ရစ်ကန်းက မြားခုနစ်စင်းကို ပစ်လွှတ်နေသော်ငြား ၎င်းတို့အားလုံးမှာ အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။
ဤအခိုက်တွင် ချိုယုံစစ်တစ်ယောက်သာ ဘေးဘက်ကို လှည့်ကြည့်လိုက်ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် အော်ဟစ်နေ၏။
"မလာနဲ့၊ မလာနဲ့၊ မင်းက ဘယ်လာမလို့လဲ။"
လူတိုင်း: "..."
ငါးမိစ္ဆာများက သူတို့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာနေပြီဖြစ်ရာ အားထိုက်နှင့် မော့ရစ်ကန်းတို့ခမျာ တစ်ပြိုက်နက်တည်း လှမ်းအော်လိုက်ကြ၏။
"ချိုယုံစစ်!"
မော့ရစ်ကန်းကလည်း နောက်ဆုံးတော့ သည်းမခံနိုင်တော့ပေ။
"မင်းလုပ်တတ်တာတစ်ခုခု လုပ်စမ်း!"
ချိုယုံစစ်က ခါးသက်စွာ ပြုံးပြီးပြောလိုက်သည်။
"ငါ၊ ငါ မင်းတို့ကို အားပေးနိုင်တယ်။"
သူစကားမဆုံးမီ မော့ရစ်ကန်းက ငါးမိစ္ဆာတစ်ကောင်ကို တမင်တကာ လွှတ်ပေးလိုက်ရာ ၎င်းက ချိုယုံစစ်ကို ဝင်တိုက်သွားခဲ့သည်။ ထိုအချိန်၌ ချိုယုံစစ်တစ်ယောက် ပုံမှန်တည်ငြိမ်သောအမူအရာမှာ ရုတ်ခြည်းပျောက်ကွယ်သွားကာ သူ့အင်္ကျီထဲဝင်သွားသော ငါးမိစ္ဆာကို အသည်းအသန် ခါချနေတော့၏။
"ထွက်သွား!"
ချိုးယုံစစ်က ကလေးတစ်ဦးကဲ့သို့ ကြောက်အားလန့်အားဖြင့် အော်နေ၏။
ငါးမိစ္ဆာက ၎င်း၏ပါးစပ်ကြီးကို ဖွင့်ဟကာ ချိုယုံစစ်၏ လည်ပင်းတစ်ဝိုက်ကို ရစ်ပတ်ရန် ၎င်း၏လျှာကို ဆန့်ထုတ်လိုက်လေသည်။ ထိုစဥ် ချိုယုံစစ်၏ခံနိုင်ရည်အားမှာ နောက်ဆုံးတော့ လုံးဝ ပျက်စီးသွားပြီး အသံကုန်အော်ဟစ်ပစ်တော့သည်။
"ဒီကနေ ထွက်သွားစမ်း!"
ချိုယုံစစ်တစ်ယောက် စုတ်တံကို ခပ်ကြမ်းကြမ်းဝှေ့ယမ်းပစ်လိုက်သည်။
အားထိုက်နှင့် မော့ရစ်ကန်းတို့က သူ့အရှေ့မှာ ဆက်လက်တိုက်ခိုက်နေခဲ့ကြသည်။ ထိုစဥ် သူတို့ဆီ ငါးမိစ္ဆာများက မြစ်ကိုဖြတ်ကူးနေသည့် ငါးကြင်းများကဲ့သို့ ၎င်းတို့ဆီ သည်းကြီးမည်းကြီး ချီတက်လာနေကြောင်း တွေ့လိုက်ရလေ၏။
ချိုးယုံစစ်: "အား! ထွက်သွား! ထွက်သွား!"
လူတိုင်း: "..."
စုတ်တံက လေထဲ တဖျပ်ဖျပ်ဝှေ့ယမ်းနေခိုက် အရှေ့ဆုံးကနေ ပြေးဝင်လာသော ငါးမိစ္ဆာမှာ ကြီးမားလှသော အင်အားတစ်ခုဖြင့် ဆွဲတင်ခံလိုက်ရသလို မင်ရည်အိုင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်တွင် အားထိုက်နှင့် မော့ရစ်ကန်းက ချိုယုံစစ်ကို ပြန်လှည့်ကြည့်လိုက်ကြသည်။ တုန်တုန်ယင်ယင် ဖြစ်နေသေးသော ချိုယုံစစ်က အဖြူရောင်စကျင်ကျောက်ဖြင့် လုပ်ထားသော စုတ်တံကို ကိုင်လျက် မရပ်မနား ပတ်ယမ်းနေရာ မင်တံထိပ်မှ တောက်ပနေသည့် မရေမတွက်နိုင်သော မင်စက်ကလေးများက ဥက္ကာပျံလေးများကဲ့သို့ ပျံ့လွင့်နေလေ၏။
"မိစ္ဆာကြီး!"
ချိုယုံစစ်က ပြင်းပြင်းထန်ထန် အော်လိုက်ပြီးနောက် သူ့စုတ်တံကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။
မော့ရစ်ကန်းနှင့် အားထိုက်တို့မှာ တစ်ပြိုင်တည်း ရပ်သွားကြသည်။ ချိုယုံစစ်၏ ကြီးမားသော စုတ်ချက်များကြောင့် ရင်ပြင်တစ်ခုလုံး တစ်ခဏအတွင်း ရှုခင်းပန်းချီကားတစ်ချပ်ပမာ ပြောင်းလဲသွားပြီး ငါးမိစ္ဆာများအားလုံးကလည်း လေထဲမှာ ကူးလူးနေသော မင်စက်ကလေးများအဖြစ် လွင့်စဥ်သွားကြသည်။
ကောင်းကင်နှင့်မြေကြီးက မင်စက်များဖြင့် လှပနေပြီး ချိုယုံစစ်၏ရှေ့တွင်လည်း မင်လှိုင်းလုံးများ ပျံ့နှံ့သွားသည်။ ယင်းကြောင့် ယွန်းထည်တိုင်များ၊ နန်းတော်နံရံများနှင့် သာ့မင်နန်းတော်၏ပတ်ဝန်းကျင်ရှိ အရာအားလုံးက မင်ပန်းချီကားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သလိုပင်။
တစ်ချိန်တည်းမှာပင် ငါးမိစ္ဆာများက ထူးဆန်းသော စွမ်းအားများကြောင့် ရင်ပြင်တစ်ဝိုက်တွင် စုပြုံလာခဲ့၏။ မကြာသေးမီကအထိ အန္တရာယ်များခဲ့သောနေရာသည် ချိုးယုံစစ်၏လက်ထဲ၌ နွေဦးရာသီတွင် ရေကစားနေတတ်သည့် ငါးတစ်ရာ၏ပန်းချီကားအလား ပြောင်းလဲသွားခဲ့သည်။
မော့ရစ်ကန်းက ဒေါသတကြီးဖြင့် စအော်လိုက်သည်။
"မင်း အစကတည်းက လှုပ်ရှားခဲ့သင့်တာ!"
အားထိုက်ကလည်း ချိုယုံစစ်ကြောင့် သေလုမတတ် ဒေါသထွက်နေ၏။
"မင်းဘာလို့ မှော်လက်နက်ကို စောစောကတည်းက မထုတ်တာလဲ!"
ချိုးယုံစစ်မှာ အသက်ရှူမဝ ဖြစ်နေဆဲဖြစ်ကာ စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ပြန်ကြည့်လာသည်။
"ဝိုး၊ သူ လှုပ်ရှားနေပြီ။ လှုပ်ရှားနေပြီ။ ကြည့်စမ်း! ဘာတွေဖြစ်သွားတာလဲ။"
ဟုန်ကျွင့်မှာ ကမ္ဘာကြီးတစ်ခုလုံး ကွဲပြားသွားသယောင် ခံစားမိသော်လည်း ထူးဆန်းသည့်အရာတစ်ခုကိုတော့ သူ ချက်ချင်း မပြောနိုင်သေးပေ။ ထိုစဥ် ပတ်ဝန်းကျင်ရှိ ရှုခင်းများအားလုံး ပျက်ယွင်းစပြုလာ၏။
လီကျင်လုံ: "ရပ်ကြည့်မနေနဲ့။ အခုမြန်မြန် အခွင့်ကောင်းယူလိုက်တော့!"
"ခဏ၊ ခဏ၊ ခဏ!"
ဟုန်ကျွင့်တစ်ယောက် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး သူ့ခြေထောက်နှင့် မြေကြီးက မထိတော့ပေ။
တစ်ဖက်၌ လီကျင်လုံတစ်ယောက် အနက်ရောင်မြူမှုန်ကို ဓားဖြင့် ထိုးခါနီးဆဲဆဲမှာ သူလည်း လွင့်စဉ်သွား၏။ မင်ဆေးရှုခင်းက သာမန်မျက်စိဖြင့် မြင်နိုင်လုနီးပါး အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာ၍ အနက်ရောင်စွမ်းအင်များလည်း တသိမ့်သိမ့် တုန်လှုပ်လာခဲ့သည်။ ၎င်းခမျာ အသည်းအသန် လွတ်မြောက်ချင်သော်လည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။
"မင်းရဲ့စွမ်းအင်တွေကို သိမ်းလိုက်တော့!!"
လီကျင်လုံ လှည့်ပြီး အော်လိုက်သည်။
"ကစားနေတာကို ရပ်လိုက်!"
အားထိုက်နှင့် မော့ရစ်ကန်းကလည်း ချိုယုံစစ်ဘက်ကို ထပ်ပြီး အော်လိုက်ကြ၏။
"အစောတုန်းကကျ ငါ့ကို လှုပ်ရှားခိုင်းတယ်! အခုကျ ရပ်ခိုင်းပြန်ပြီ။ မင်းတို့က ဘာလုပ်ချင်နေတာလဲ!"
ယခုအခိုက်တွင် ရင်ပြင်အပါအဝင် ပတ်ဝန်းကျင်ရှုခင်းများက ကြီးမားသော ပြားပြားချပ်ချပ် မင်ပန်းချီကားတစ်ချပ် ဖြစ်လာနေ၏။ ပန်းချီကားထဲရှိ အနက်ရောင်မီးတောက်များမှာ ဘယ်ညာပြေးလွှားရင်း ထွက်ပြေးချင်နေကြသည်။ ချိုးယုံစစ်က နောက်ဖေးခန်းမထဲမှာ စုတ်တံကို ကိုင်ကာ တုန်တုန်ယင်ယင်ဖြင့် အော်ပြောလာ၏။
"ငါ မထိန်းနိုင်တော့ဘူး။ စွမ်းအင်တွေ ရုပ်သိမ်းလိုက်တော့မယ်။ မင်းတို့ သတိထားကြဦး!"
လီကျင်လုံ: "ဆုတ်!"
ထိုအချိန်တွင် အနက်ရောင်မီးတောက်များ ဖုံးလွှမ်းနေသော ဖေးအောင်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။ သူက သူ၏အကြေးခွံများကို ပစ်လွှတ်ရန် နောက်ဆုံးခွန်အားကို အသုံးပြုနေပြီး ပန်းချီကားကို စုတ်ဖြဲပစ်ရန် မိစ္ဆာစွမ်းအင်များအား ပေါက်ကွဲထွက်လာစေသည်။
မိစ္ဆာစွမ်းအင်များက ပန်းချီကားကို အရှိန်ပြင်းပြင်းဖြင့် ပေါက်ကွဲပြီး အပိုင်းပိုင်း ကွဲထွက်သွားစေခဲ့၏။ ချိုယုံစစ်မှာ အနောက်သို့ယိုင်သွားပြီး နှုတ်ခမ်းထောင့်ကနေ သွေးများ စီးကျလာသည်။ ဟုန်ကျွင့်နှင့် လီကျင်လုံတို့နှစ်ယောက် မြေပြင်ပေါ် လဲကျသွားသည့်နှင့် တစ်ပြိုင်နက် ဟုန်ကျွင့်က သူ့လက်ကိုမြှောက်ကာ အနက်ရောင်စွမ်းအင်များအား နတ်အလင်းငါးရောင်ဖြင့် ချက်ချင်းပိတ်ဆို့ထားလိုက်သည်။
"ဓားထုတ်လိုက်!"
ဟုန်ကျွင့်က အော်လိုက်သည်။
လီကျင်လုံကလည်း ပြုတ်ကျနေသည့် အခြေအနေကို အခွင့်ကောင်းယူကာ ဟုန်ကျွင့်၏ခါးကို ဘယ်လက်ဖြင့် လှမ်းပွေ့ကိုင်လိုက်သည်။ လီကျင်လုံတစ်ယောက် သူ၏ဓားရှည်ကို နတ်အလင်းငါးရောင်အတွင်း ထိုးဖောက်ကာ အလင်းရောင်များကြားမှ ဖောက်ထွက်လိုက်ပြီး ဖေးအောင်၏ မာကျောသောရင်ဘတ်ကို ထုတ်ချင်းပေါက် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ဖေးအောင်၏ ဂါထာရွတ်ဖတ်သံများ ရုတ်ခြည်းရပ်တန့်သွား၏။ လေထုကြီးတစ်ခုလုံး ချက်ချင်း ငြိမ်သက်သွားကာ မင်ပန်းချီများလည်း ပျက်ပြယ်သွားခဲ့သည်။ မင်ပန်းချီကား ပျက်စီးသွားသည်နှင့် အနက်ရောင် စွမ်းအင်များလည်း ပျောက်ကွယ်သွားရာ လေထုထဲကူးခတ်နေသော မင်ငါးမိစ္ဆာများနှင့် ထိန်းချုပ်ခံထားရသော လူများကလည်း ၎င်းတို့၏ခန္ဓာကိုယ်ကို ပြန်လည် ပိုင်ဆိုင်သွားခဲ့သည်။
ဖေးအောင် သေဆုံးသွားသည့်စက္ကန့်ပိုင်းအတွင်း ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကနေ မိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။
အောက်သို့ အတူတူပြုတ်ကျနေရင်း ဟုန်ကျွင့်နှင့် မျက်နှာချင်းဆိုင်အနေအထား၌ လီကျင်လုံက လေထဲ၌ တစ်ပတ်လှည့်လိုက်ပြီး ဟုန်ကျွင့် အကျမနာစေရန်အတွက် ၎င်းတို့နှစ်ယောက်၏အနေအထားကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
ကျောပြင်ဖြင့် ဘုန်းခနဲ ပြုတ်ကျလာသည့်အခိုက် လီကျင်လုံခမျာ နာကျင်လွန်းသဖြင့် ညည်းတွားသံထွက်သွားခဲ့သည်။ ထိုသို့ကျပြီးနောက် စက္ကန့်ပိုင်းမျှအကြာ၌ ဟုန်ကျွင့်ကလည်း သူ့အပေါ် ထပ်လျက်သားပြုတ်ကျလာခဲ့ပြီး သူ၏ဒူးနှင့် လီကျင်လုံ၏ဗိုက်ကို တည့်တည့်ဆောင့်မိသွားခခဲ့သည်။
လီကျင်လုံမှာ ကုန်းပေါ်သို့ရောက်နေသော ကျောက်ကျစ်လုံကဲ့သို့ တဖျပ်ဖျပ်နှင့် လူးလွန့်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးမှာလည်း ချီစွမ်းအင်နှင့် သွေးများက ထိုးတက်လာကာ စကျင်ကျောက်ပြားကြမ်းပြင်ပေါ်၌ တစ်ကိုယ်လုံး ပျော့ခွေသွားတော့သည်။
နံနက်ခင်း၏ သူရိန်နေမင်းကြီးက အရှေ့အရပ်မှထွက်၍ တောင်တန်းကိုဖြတ်ကာ ရွှေရောင်အလင်းတန်းများဖြင့် လင်းလက် တောက်ပလာနေလေပြီ။ အနှီအလင်းရောင်တို့က သာ့မင်နန်းတော်ထဲ ဖြာကျလာ၏။ ဟုန်ကျွင့်တစ်ယောက် လီကျင်လုံ၏ရင်ခွင်ထဲကနေ သူ့လက်တစ်ဖက်ကို ထောက်ရင်း ထထိုင်လိုက်ကာ တစ်ဖက်လူကို ဆွဲထူလိုက်သည်။
ဟုန်ကျွင့်: "ခေါင်းဆောင်! ခေါင်းဆောင်! အဆင်ပြေရဲ့လား။"
လီကျင်လုံမှာ သူ့တစ်ကိုယ်လုံးကို မရေမတွက်နိုင်သော ဆင်များ တက်နင်းသွားသကဲ့သို့ ခံစားနေရ၏။
"ငါ့နံရိုးတွေများ ကျိုးသွားတာလား။ အတွင်းဒဏ်ရာတွေ ရသွားပြီထင်တယ်။"
"ကျွန်တော့်မှာ ဆေးရှိတယ်!"
ဟုန်ကျွင့် ကမန်းကတန်း ပြောလိုက်သည်။
"ခင်ဗျား ဆေးသောက်ပြီးတာနဲ့ ချက်ချင်း ပြန်ကောင်းလာစေရမယ်လို့ အာမခံပါတယ်။"
လီကျင်လုံ: "..."
အားထိုက်၊ မော့ရစ်ကန်းနှင့် ချိုယုံစစ်တို့လည်း ပြေးလာကြသည်။ ဟုန်ကျွင့်က လီကျင်လုံ၏လက်ကိုဆွဲကာ မတ်တတ်ထရပ်နိုင်ရန် ကူညီပေးလိုက်ပြီး တည့်တည့်ရပ်နိုင်အောင်လည်း သူ့ပခုံးပေါ် မှီခိုင်းထားလိုက်သည်။
ရင်ပြင်ထဲတွင် သတိလစ်နေသော အစေခံများနှင့် အစောင့်များဖြင့် ပြည့်နေသည်။ သာ့မင်နန်းတော်ကြီး ပျက်စီးသွားကာ နံဘေးခန်းမနှင့် နောက်ဘက်ခန်းမအပါအဝင် လသာဆောင်တို့လည်း ပျက်စီးသွားပြီး နေရာအနှံ့ အပျက်အစီးများ ပြန့်ကျဲနေ၏။ တိုင်ခုနှစ်တိုင် ကျိုးကျပြီး နံရံသုံးခု ပြိုကျသွားခဲ့သလို ပြတင်းပေါက်များ၊ တံခါးများနှင့် မရေမတွက်နိုင်သော ပစ္စည်းများပါ ပျက်စီးသွားခဲ့သည်။
နေရောင်ခြည်များ လူတိုင်းအပေါ် ထွန်းလင်းလာသောအခါ မြေကြီးပေါ်မှ အရာများကလည်း ရွှေပင်လယ်ကဲ့သို့ တောက်ပနေခဲ့၏။
"ခေါင်းဆောင်၊ ခင်ဗျား ဘာပြောချင်လို့လဲ။"
ဟုန်ကျွင့်က လီကျင်လုံကို ကြည့်ရင်း တစ်ဖက်လူ၏အမူအရာမှာ တစ်ခုခုလွဲနေကြောင်း ခံစားလိုက်ရလေသည်။
"ငါပြောချင်တာက..."
လီကျင်လုံ အသက်ပြင်းပြင်း ရှူလိုက်ပြီး: "ငါတို့ ပိုက်ဆံဘယ်လောက် လျော်ပေးရမှာလဲ။"
"ဘယ်လောက်ပေးရမှာလဲ။"
"ပိုက်ဆံ ဘယ်လောက်...."
"ပိုက်ဆံ..."
"အား....အား....အား....."
ထိုအော်သံက မြင့်တက်လာသော နေမင်းကြီးနှင့်အတူ တောင်တန်းများတစ်လျှောက် အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်သွားခဲ့သည်။
***
Aurora Novel Translation Team